🍵Chapter 369
အရောင်းခန်းမထဲမှထွက်လာသောအခါ နေ့လယ်ရောက်နေပြီဖြစ်သည်။ထုံရွှယ်လူက ထိုင်ပြီးစားသောက်ရန် နေရာရှာတော့မည့်အချိန်တွင် ဖန်ကျင်းယွမ်ကတစ်နေရာတည်းအားလှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။
သူမက လိုက်ကြည့်လိုက်ရာ ကျန်းပိုင်ဟွေ့က အနီရောင်ဆန်တာနာကားထဲမှထွက်လာသည်ကိုမြင်လိုက်ရသည်။သူမဗိုက်က ဖရဲသီးလောက်ကြီးနေပြီဖြစ်ကာ သိပ်မကြာခင်မွေးတော့မည့်ပုံစံပေါက်နေ၏။
ကျန်းပိုင်ဟွေ့ကားထဲမှထွက်လာပြီးနောက်တွင် တစ်ဖက်ခြမ်းမှလည်း မိန်းကလေးတစ်ယောက်ထွက်လာသည်။
ထိုအမျိုးသမီးက ကုတ်အင်္ကျီအညိုရောင်နှင့် ဘွတ်ဖိနပ်အနက်ရောင်တို့ကို ဝတ်ဆင်ထားကာ ဆံပင်ကိုလှိုင်းတွန့်ကောက်ထားသဖြင့် အလွန်ခေတ်ဆန်နေ၏။
သူမဒီဖက်လှည့်လာသောအခါ ထုံရွှယ်လူက မျက်ခုံးပင့်လိုက်မိသည်။
ချမ်ချိုက်ရှင်းဘဲ။
ဖန်ကျင်းယွမ်လည်း ချမ်ချိုက်ရှင်းကိုမှတ်မိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ပိုင်ဟွေ့က ဘာလို့အဲ့မိန်းမနဲ့အတူရှိနေတာလဲ”
ထုံရွှယ်လူ၏သူငယ်ချင်းကောင်းတစ်ယောက်အနေဖြင့် ဖန်ကျင်းယွမ်သည် ချမ်ချိုက်ရှင်းတစ်ယောက် ထုံရွှယ်လူအပေါ်လုပ်ခဲ့သည်များကိုသိထား၏။ထို့ကြောင့် သူမကချမ်ချိုက်ရှင်းကို အလွန်သဘောမကျပေ။
ထုံရွှယ်လူက ဘာမှပြန်မပြောဘဲ ကျန်းပိုင်ဟွေ့ကိုထပ်ကြည့်လိုက်သည်။
အရင်တစ်ခေါက်ပြီးသွားကတည်းက သူမနှင့်ကျန်းပိုင်ဟွေ့တို့ အချင်းချင်းမတွေ့ရသည်မှာ လနှင့်ချီ၍အတော်ကြာသွားပြီဖြစ်သည်။
ဒီတစ်ကြိမ်တွင် ကျန်းပိုင်ဟွေ့၏ဗိုက်က ပိုကြီးလာရုံတင်မက သူမ၏ဝတ်စားပုံများကပါ ပြောင်းလဲသွားသည်။
တရုတ်ကိုပထမဆုံးအကြိမ်ပြန်လာခဲ့ချိန်က ကျန်းပိုင်ဟွေ့သည် အလွန်ဖက်ရှင်ကျကျဝတ်ဆင်ခဲ့၏။သို့သော်နောက်ပိုင်းတွင်သူမက ပြည်တွင်းမှထုံးစံများကိုလိုက်နာကာ ချက်ပေါ်အဝတ်များကိုထပ်မဝတ်တော့ပေ။
နောက်ပိုင်းတွင် ဗိုက်ထွက်လာသဖြင့် သူမကပိုသက်တောင့်သက်သာရှိသည်များကိုသာ ဝတ်ဆင်တော့သည်။အခုချိန်တွင် ကျန်းပိုင်ဟွေ့က အလွန်ကြော့ရှင်းစွာဝတ်ထားလေသည်။
သူမက မြွေပါသားမွေးကုတ်ကိုဝတ်ကာ လည်ပင်းတွင် သိုးမွေးမာဖလာပတ်ထားပြီး မြွေပါသားမွေးလက်အိတ်နှင့် သားရေဘွတ်ဖိနပ်အနိမ့်တို့ကိုဝတ်ဆင်ထား၏။ဤဝတ်စုံများက ယွမ်ရာကျော်ရင်ကျော်၊ မဟုတ်လျှင် ယွမ်ထောင်ကျော်လောက်သည်။
သိပ္ပံသုတေသီများ၏လစာက မနိမ့်သော်လည်း ဒီလိုသုံးစွဲပုံနှင့်ဆိုပါက အကြာကြီးအသုံးခံမှာမဟုတ်ပေ။
သူတို့ကြည့်နေမိသည့်အချိန်တွင် ကျန်းပိုင်ဟွေ့ကလည်းလှမ်းကြည့်လာ၏။
သူမက ခနလောက်အံ့ဩသွားပြီးနောက် တောက်ပစွာပြုံးပြလိုက်သည်။
“ရွှယ်လူ ကျင်းယွမ် နင်တို့ဒီကိုဘာလာလုပ်ကြတာလဲ”
ထုံရွှယ်လူက ပြန်ပြုံးပြလိုက်သည်။
“ငါတို့က ဒီမှာအဝတ်အစားတွေဝယ်မလို့ရောက်လာတာလေ ဒါပေမယ့်သဘောကျတာမတွေ့ပါဘူး”
သူမက ပြုံးပြနေသောသူကို မရိုက်နိုင်ပေ။ထို့အပြင်ကျန်းပိုင်ဟွေ့က နှိမ်သောစကားတစ်ချို့ပြောဖူးသည်ကလွဲ၍ ဘာတောင်းပန်စရာမှမလုပ်ထားပေ။
သို့သော် သူမအိမ်နှင့်ဆိုင်ဝယ်သည့်အကြောင်းကို ပြောပြရန်မစီစဉ်ထားပေ။ချမ်းသာမှုကိုမဖော်ပြသင့်သည့်စည်းမျဉ်းက ဘယ်ခေတ်မဆိုအကျုံးဝင်၏။
ဖန်ကျင်းယွမ်က ထိုအဖြေကိုကြားသောအခါ ထုံရွှယ်လူကိုတစ်ချက်ကြည့်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် နှစ်သစ်ကူးကရောက်တော့မှာလေ အဲ့ဒါကြောင့် အင်္ကျီအသစ်လာဝယ်တာ”
ကျန်းပိုင်ဟွေ့က သူမဗိုက်ကိုထိန်းကာ လျှောက်လာ၏။
“နင့်ခန္ဓာကိုယ်နဲ့ဆို ဘာဘဲဝတ်ဝတ်အဆင်ပြေမှာပါ အကုန်ကြည့်ကောင်းတယ်”
အိုးး။
ကျန်းပိုင်ဟွေ့၏လူတိုင်းကိုချီးကျူးစကားပြောတတ်ခြင်းက ထုံရွှယ်လူကိုကောလိပ်တက်သည့်အချိန်များအားသတိရသွားစေ၏။
ကျန်းပိုင်ဟွေ့နှင့် ချမ်ချိုက်ရှင်းလည်းပါလာသည်။
သူတို့ရှေ့သို့ရောက်သောအခါ ချမ်ချိုက်ရှင်းက ထုံရွှယ်လူကိုကြည့်ကာပြောလာ၏။
“အတန်းဖော်ထုံ ငါနင်နဲ့မတွေ့ရတာအတော်ကြာပြီနော်၊ နင်ကအရင်လိုအရမ်းလှနေတုန်းဘဲ”
ထုံရွှယ်လူက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“ကျေးဇူးပါ နင်လည်းအရမ်းဆွဲဆောင်မှုရှိပါတယ်”
“ထုံရွှယ်လူ တကယ်တော့ငါနင့်ကိုတောင်းပန်ချင်နေခဲ့တာ၊ ကျောင်းမှာတုန်းက ငါအမြင်ကျဉ်းလွန်းခဲ့တယ် နင်ကတော်လွန်းလို့ မနာလိုဖြစ်ပြီး ပြောရမှာတောင်ရှက်ဖို့ကောင်းတာတွေကိုလုပ်ခဲ့မိတယ်၊ နင်ခွင့်လွှတ်သည်ဖြစ်စေ၊မလွှတ်သည်ဖြစ်စေ ငါတကယ်အနူးအညွတ်တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမက နောက်တစ်လှမ်းဆုတ်ကာ ထုံရွှယ်လူကိုအလေးအနက်ခေါင်းငုံ့အရိုသေပေးလာ၏။
သူတို့အချင်းချင်းမတွေ့သည်မှာ အတော်ကြာသွားပြီဖြစ်သည်။
ထုံရွှယ်လူက တစ်နေ့တွင်ချမ်ချိုက်ရှင်းကသူမကိုတောင်းပန်လာမည်ဟုမထင်ထားခဲ့ပေ။၎င်းကလူအများရှေ့တွင်လည်းဖြစ်နေသေးသည်။
ချမ်ချိုက်ရှင်းက သူ့မျက်နှာကိုအလွန်တန်ဖိုးထားသောသူဖြစ်သည်။သူမက လူအများရှေ့တွင်တောင်းပန်ဖို့မပြောနှင့် သူမမှားသည်ကိုတောင် ဝန်ခံမည့်သူမျိုးမဟုတ်ပေ။
သို့သော်ထုံရွှယ်လူက သူမရင်ထဲတွင် ဖော်မပြတတ်သည့်ခံစားချက်မျိုးရနေဆဲဖြစ်သည်။
သူမကပေါ့ပေါ့ပါးပါးသာပြုံးပြလိုက်သည်။
“နင်တောင်းပန်တာကို ငါလက်ခံပါတယ်”
သို့သော်ခွင့်လွှတ်၊မလွှတ်ကတော့ အခြားကိစ္စဖြစ်သွားပေသည်။
ချမ်ချိုက်ရှင်းကအရူးမဟုတ်သဖြင့် သူမစကားကိုကြားသောအခါ အဓိပ္ပါယ်ကိုချက်ချင်းသိသွားသည်။
“ကျေးဇူးပါ ငါနင့်ကိုတောင်းပန်ချင်နေတာတော်တော်ကြာပြီ အခွင့်မသာခဲ့ဘူး”
အရင်ကချမ်ချိုက်ရှင်းဆိုပါက သေချာပေါက်ဒေါသထွက်နေလောက်ပြီဖြစ်သည်။သို့သော်အခုတွင်မူ သူမမျက်နှာပေါ်တွင်ဒေါသအရိပ်အယောင်များကို မတွေ့ရပေ။
“အဲ့ဒါက ရှန်ယွဲ့ကို ပိုင်ဟွေ့နဲ့အတူပူးပေါင်းပြီးမလုပ်ခင်အထိဘဲ၊ ပိုင်ဟွေ့ပြောတာကြားပြီးတဲ့နောက်မှာ ငါနင့်ကိုတောင်းပန်ဖို့စိတ်ပိုင်းဖြတ်လိုက်တာ၊ ဒီနေ့တွေ့ဖြစ်မယ်လို့ မထင်ထားမိဘူး၊ ပိုင်ဟွေ့နဲ့နင်တို့ဆက်ဆံရေးက ငါ့ကြောင့်မထိခိုက်စေဖို့ မျှော်လင့်ပါတယ်”
ထုံရွှယ်လူက မယုတ်မလွန်သာတုံ့ပြန်လိုက်သည်။
ချမ်ချိုက်ရှင်းက သူမလက်မှနာရီကိုကြည့်ကာ ပြောလာ၏။
“နောက်ကျနေပြီ ငါ့မှာလုပ်စရာလေးရှိသေးလို့ အရင်သွားနှင့်မယ်နော်”
ထို့နောက်သူမက ဆန်တာနာကားထဲပြန်ဝင်သွားကာ သူတို့ကိုလက်ပြပြီးမောင်းထွက်သွားလေသည်။
ကားထွက်သွားသောအခါ ကျန်းပိုင်ဟွေ့က သူမဗိုက်ကိုကိုင်ပြီးပြောလာ၏။
“အခုမှနေ့လယ်ဘဲရှိသေးတာ ငါဝယ်ကျွေးမယ်လေ၊ ငါဂျာမနီကပြန်လာတာကြာပြီဆိုပေမယ့် နင်တို့ကိုတစ်ခါမကျွေးဖူးသေးဘူး”
တစ်ပုံစံတည်းထပ်ပြောလာပြန်သည်။ ပြုံးပြနေသောသူကိုရိုက်၍မရပေ။
ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့ကခေါင်းညိတ်လိုက်ကာ သူတို့သုံးယောက်က စားသောက်ဆိုင်တစ်ခုကိုရှာတွေ့ပြီးနောက် အထဲဝင်သွားကြသည်။
ဧည့်ခံသူအနေဖြင့် ကျန်းပိုင်ဟွေ့က ထုံရွှယ်လူနှင့်ဖန်ကျင်းယွမ်ကိုဦးစားပေးကာ သူတို့ကိုအရင်မှာခိုင်းလိုက်သည်။ သူတို့မှာပြီးသောအခါ အသားဟင်းနှစ်ပွဲနှင့် အသီးအရွက်ဟင်းလျာတစ်ပွဲထပ်မှာလိုက်သည်။
ဖန်ကျင်းယွမ် :“နင်အများကြီးမှာစရာမလိုပါဘူး၊ ငါတို့သုံးယောက်တည်းနဲ့ ဘယ်လိုကုန်အောင်စားကြမှာလဲ”
ကျန်းပိုင်ဟွေ့က သွားဖြူဖြူများပေါ်အောင်ပြုံးပြလာသည်။
“ဘာမှမဖြစ်ဘူး မကုန်ရင် ပါဆယ်ထုတ်သွားလိုက်မယ်၊ အဓိကက ငါတို့တွေဒီလိုမပျော်ရတာတော်တော်ကြာပြီလေဟယ်၊ ပိုက်ဆံချွေတာနေစရာမလိုပါဘူး”
ကျန်းပိုင်ဟွေ့က အလွန်ဆက်ဆံရအဆင်ပြေနေသည်ကိုမြင်သောအခါ ဖန်ကျင်းယွမ်ကအရင်တုန်းမှအကြောင်းများကိုပြန်တွေ့မိသွားသည်။
သူမသည်လည်း ကျန်းပိုင်ဟွေ့တရုတ်ကိုပြန်လာပြီးနောက်တွင် စရိုက်ပြောင်းသွားသည်ဟုခံစားခဲ့ရ၏။အရင်တစ်ခေါက်ကဆိုလျှင် ကျန်းပိုင်ဟွေ့ကလူတိုင်းရှေ့၌ ထုံရွှယ်လူကိုနှိမ့်ချပြောခဲ့ရာ သူမကိုစိတ်ရှုပ်သွားစေခဲ့သည်။
နောက်ပိုင်းတွင် ရှောင်ချန်ဖျင်က သူမ မသိနိုင်သောကိစ္စမျိုးရှိနေနိုင်သည်ဟုပြောပြလာ၏။လူများ၏အကျင့်စရိုက်သည် ပတ်ဝန်းကျင်အရလိုက်ပြောင်းလဲတတ်သည်။ နေ့ညမရွေးတွေ့နေရသော လူများတောင်ပြောင်းလဲတတ်ရာ၊ နိုင်ငံခြား၌လေးနှစ်နေခဲ့သော ကျန်းပိုင်ဟွေ့ဆိုလျှင် ပြောနေစရာတောင်မလိုတော့ပေ။
နိုင်ငံခြား၌နေထိုင်ရသောဘဝသည် အခက်ခဲဆုံးဖြစ်ကာ ကျန်းပိုင်ဟွေ့က ဤမျှကြီးမားသည့်ပြိုင်ဆိုင်မှုမျိုးကိုရင်ဆိုင်ခဲ့ရ၏။ သူမဘာတွေဖြတ်ကျော်ခဲ့ရသည်ကို ဘယ်သူမှမသိနိုင်ပေ။သူမအကျင့်ပြောင်းလဲသွားသည်မှာ အလွန်ပုံမှန်ကျသည်။
သူမနားမလည်တာမဟုတ်ပေ။ ဒီအတိုင်း..သူတို့သူငယ်ချင်းဆက်ဆံရေးပြောင်းလဲသွားမည်ကို လက်မခံနိုင်ခြင်းဖြစ်သည်။
ဂုဏ်ပြုညစာစားပွဲတွင် ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့အားခနခနခိုးကြည့်သည်ကိုမြင်လိုက်ရရာ သူမကိုပိုပြီးခံစားရခက်သွားစေ၏။ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင်ကျန်းပိုင်ဟွေ့က ဘာမဟုတ်တာမှမလုပ်လာခဲ့ပေ။
ထုံရွှယ်လူရော ဖန်ကျင်းယွမ်ပါစကားမပြောကြသဖြင့် လေထုကအနည်းငယ်ကို့ရိုးကားယားနိုင်လာသည်။
သို့သော်ကျန်းပိုင်ဟွေ့က သတိပြုမိပုံမရဘဲ ဆက်ပြောလာ၏။
“ရွှယ်လူ တကယ်တော့ ရှင်းရှင်းတစ်ယောက်ထဲ နင့်ကိုတောင်းပန်ဖို့အကြွေးတင်တာမဟုတ်ဘူး၊ ငါလည်းနင့်ကိုတောင်းပန်ရမှာပါ”
“နိုင်ငံခြားမှာနေတဲ့လေးနှစ်အတွင်းမှာ ငါမပျော်ခဲ့ရဘူး၊ သံရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်မပြေခဲ့ဘူး ငါ့ကိုယ်ငါအင်အားကြီးတယ်ဆိုပြီး အမြဲထင်ထားခဲ့တာ သံရုံးကိုရောက်ပြီးသွားမှ ငါ့အရည်အချင်းက မပြောပရုံလောက်လေးဘဲရှိတယ်ဆိုတာကို သဘောပေါက်သွားတယ်၊ ငါ့ထက်သာတဲ့သူတွေ အများကြီးရှိတယ်”
“ငါထျန်းယိကိုအဖော်ပြုပေးချင်လို့ ဂျာမနီကိုလိုက်သွားတာ၊ ဒါပေမယ့်ဟိုလည်းရောက်ရော ငါနဲ့ထျန်းယိက တစ်လနေမှတစ်ခါတောင် မတွေ့ရလောက်ဘူးဆိုတာကို သိလိုက်ရတယ်၊ ငါအရမ်းခံစားရသလို စိုးလည်းစိုးရိမ်သွားတာ၊ ငါနင့်ကိုစာရေးပို့ပေမယ့် နှစ်ဝက်လောက်ကြာပြီးမှ နင့်ပြန်စာကိုရတယ်၊ ငါလည်းအရမ်းဒေါသထွက်ပြီး နင့်ကိုအငြိုးထားမိသွားတယ်”
“အခုပြန်တွေးကြည့်လိုက်ရင် ငါကတော်တော်တစ်ကိုယ်ကောင်းဆန်ခဲ့မိတာဘဲ၊ အဲ့ဒီအချိန်မှာပါမောက္ခဝမ်ကနေမကောင်းဖြစ်နေပြီး နင်လည်းအမြွှာနှစ်ယောက်ကိုလွယ်ထားရတာ အရမ်းစိုးရိမ်နေခဲ့မှာဘဲ၊ ပြီးတော့ ပြည်တွင်းပြည်ပဆက်သွယ်ရေးက အဆင်မပြေတာကို ငါထည့်မတွေးခဲ့မိဘူး၊ တရုတ်ကိုပြန်လာပြီးတဲ့နောက်မှာ ပျော်ရွှင်စရာမိသားစုရှိသလို စီးပွားရေးမှာလည်းအောင်မြင်နေတာကိုတွေ့လိုက်ရတယ်၊ ငါ့မှာတော့ဘာမှမရှိဘူး အဲ့ဒါကြောင့် ငါမကောင်းစိတ်ဝင်သွားပြီး နင့်အပေါ်မကောင်းတဲ့စကားတွေကိုပြောခဲ့မိတယ် ငါတကယ်တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူမကခါးကိုထိန်းကာ ဖြေးဖြေးချင်းထရပ်လာပြီး ထုံရွှယ်လူကိုခေါင်းငုံ့တောင်းပန်လာ၏။
သူမရှင်းပြချက်များကိုနားထောင်လိုက်ရသောအခါ ဖန်ကျင်းယွမ်က သူမဘာကြောင့်အဲ့လိုဖြစ်ရသည်ကို နားလည်သွားပြီး မနေနိုင်ဘဲထုံရွှယ်လူအစား ခွင့်လွှတ်ပေးချင်သွားသည်။
ဗိုက်ကြီးဖြင့် ထိုသို့တောင်းပန်နေသည်ကိုမြင်လိုက်ရရာ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သဖြင့် အမြန်ရှေ့တစ်လှမ်းတိုးကာ ထိုင်ခိုင်းလိုက်သည်။
“နင်က အခုဘဲကလေးမွေးတော့မယ့်ပုံစံပေါက်နေတာ၊ သက်သက်သာသာနေပါဟယ်”
ကျန်းပိုင်ဟွေ့က သူမကိုကျေးဇူးတင်စွာပြုံးပြလာသည်။
“ငါအဆင်ပြေပါတယ်၊ ဒီစကားတွေကို ငါ့ရင်ထဲမှာအကြာကြီးသိမ်းထားခဲ့ရတာ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ နင်တို့ကိုမတွေ့ဖြစ်တာရဲ့ ပထမအချက်က ငါ့ကိုယ်ငါရှက်လွန်းလို့ပါ၊ ဒုတိယအချက်ကတော့ ငါ့ကိုယ်ငါပြန်သုံးသပ်နေခဲ့တာ”
“လူတစ်ယောက်ကအရည်အချင်းမရှိလေလေ၊ အခြားသူတွေကိုမနာလိုဖြစ်ဖို့ပိုလွယ်လေလေဘဲတဲ့ တစ်နေ့မှာငါကဒီလောက်တောင်မုန်းဖို့ကောင်းသွားမယ်လို့ မထင်ထားမိဘူး ရွှယ်လူ နင်ငါ့ကိုခွင့်လွှတ်ပေးနိုင်မလား”
ထုံရွှယ်လူက ကျန်းပိုင်ဟွေ့ကိုကြည့်နေကာ ဒီနေ့ကအပြည်ပြည်ဆိုင်ရာတောင်းပန်သည့်နေ့များလားဟု သိချင်သွားသည်။
ချမ်ချိုက်ရှင်းက သူမကိုလာတောင်းပန်ရုံသာမက ကျန်းပိုင်ဟွေ့ကပါတောင်းပန်လာ၏။
သူမ ချမ်ချိုက်ရှင်းကို ခွင့်မလွှတ်ပေးသည်မှာ ချမ်ချိုက်ရှင်းလုပ်ခဲ့သည်များက ခွင့်မလွှတ်နိုင်စရာကောင်းသောကြောင့်ဖြစ်သည်။သို့သော်ကျန်းပိုင်ဟွေ့ကမူ သူမခွင့်မလွှတ်နိုင်စရာဘာမှမလုပ်ထားပေ။
ကျန်းပိုင်ဟွေ့က သူမကိုပြင်းထန်တဲ့စကားတစ်ချို့ပြောဖူးတာနဲ့ တစ်သက်လုံးအဆက်အသွယ်ဖြတ်လိုက်ရမှာလား။
သို့သော်ကျန်းပိုင်ဟွေ့က စကားကောင်းတစ်ချို့ပြောလိုက်တာနှင့် သူမကကျန်းပိုင်ဟွေ့နှင့်အရင်တုန်းကလိုဆက်ဆံရေးကို ချက်ချင်းပြန်သွားမည်မဟုတ်ပေ။
“ဘာကိုခွင့်လွှတ်ရမှာလဲ နင်ကငါ့အပေါ်ဘာအမှားမှမလုပ်ထားဘူးလေ၊ ဒါနဲ့နင် ချမ်ချိုက်ရှင်းနဲ့ အလုပ်အတူလုပ်နေတာလား”
သူမပြန်မဖြေဘဲ စကားလမ်းကြောင်းလွှဲသွားသည်ကိုမြင်သောအခါ ကျန်းပိုင်ဟွေ့၏အပြုံးကတောင့်တင်းသွား၏။သို့သော်အလျင်အမြန်ပင် စိတ်အားပြန်တင်းလိုက်သည်။
“ငါချမ်ချိုက်ရှင်းကို အရင်လတုန်းက မောလ်မှာတွေ့ခဲ့တာ၊ သူ့ဘက်ကအရင်ငါ့ကိုနှုတ်ဆက်လာပြီး နင့်ကိုတောင်းပန်ချင်တယ်လို့ပြောလာတယ်၊ ငါလည်း သူကကျောင်းမှာတုန်းကလောက် စိတ်ရှုပ်စရာမကောင်းတော့ဘူးလို့ ခံစားမိတယ်”
“အဲ့ဒီအချိန်တုန်းက ငါနင့်ကိုမျက်နှာမပြရဲ့ခဲ့ဘူး၊ ထျန်းယိကလည်း နေ့တိုင်းဌာနချုပ်မှာဘဲဆိုတော့ ငါ့မှာစကားပြောစရာအဖော်မရှိဘူးလေ၊ ချမ်ချိုက်ရှင်းနဲ့တွေ့တော့ သူနဲ့ခနလောက်စကားပြောချင်သွားတယ်၊ ငါမထင်ထားမိဘူး ငါတို့စကားပြောပြီးတဲ့နောက်မှာ ချမ်ချိုက်ရှင်းက အတော်လေးပြောင်းလဲသွားတာကို သိလိုက်ရတယ်”
“သူဘွဲ့ရပြီးတော့ ပြည်ပထွက်သွားပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် စာဆက်လေ့လာခဲ့တယ်၊ သူပြောတာတော့ အပြင်လောကကြီးကိုတွေ့လိုက်ရတော့မှ သူဘယ်လောက်တောင်အမြင်ကျဉ်းပြီး ထောင်လွှားခဲ့မိတယ်ဆိုတာကို သဘောပေါက်သွားတယ်တဲ့၊ သူအတောင်းပန်ချင်ဆုံးလူက နင်လို့လဲ ငါ့ကိုပြောပြတယ်”
“နောက်တော့ သူကစီးပွားရေးအကြောင်းပြောလာတယ်၊ နင်ငါပြောပြဖူးတာကိုမှတ်မိသေးလား အလှကုန်နဲ့ပတ်သက်တဲ့စီးပွားရေးလေ ငါတို့စကားပြောကြည့်ပြီးတဲ့နောက် သူနဲ့ငါ့ရဲ့ထင်မြင်ချက်တွေက အတော်လေးကိုက်ညီနေတာကိုသိလိုက်ရတယ်”
“ပြီးတော့ သူကငါ့ကို သူနဲ့ပူးပေါင်းပြီး စီးပွားရေးတစ်ခုလုပ်ချင်လားလို့မေးလာတယ်၊ ငါလည်းနင့်လိုဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုရှိချင်ခဲ့တာ၊ အဲ့ဒါကြောင့် ငါသဘောတူလိုက်တယ် ငါနင့်ကိုမမေးဘဲ ရှင်းရှင်းနဲ့ ပူးပေါင်းမိသွားတယ်၊ ရွှယ်လူ ငါတကယ်တောင်းပန်ပါတယ်”
လာပြန်ပြီ၊ အဲ့ဒီမလုပ်သင့်တာကိုချိုးဖောက်မိသလိုခံစားချက်ကြီးနဲ့ ထပ်ပြောလာပြန်ပြီ။
ကျန်းပိုင်ဟွေ့က သူမကိုတောင်းပန်ကာ သူမ(ကျန်းပိုင်ဟွေ့)၏စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထုတ်ပြလာ၏။သူမက ရလဒ်များကိုမြင်ရရန် ပျော်နေခဲ့သည်။
ကျန်းပိုင်ဟွေ့က ချမ်ချိုက်ရှင်းနှင့်ပူးပေါင်းသွားသည်ကို သူမသိပ်မအံ့ဩပေ။
လောကကြီးတွင် အရာအားလုံးက အကျိုးအမြတ်အတွက်သာဖြစ်သည်။အကုန်လုံးက လူကြီးတွေဖြစ်သဖြင့် လူမှုအသိုင်းအဝိုင်းအပြင်တွင် အကျိုးအမြတ်ကိုပိုအလေးပေးသည်က ပုံမှန်သာဖြစ်သည်။
သူမကို ခံစားရခက်စေသောအရာမှာ ကျန်းပိုင်ဟွေ့က ချမ်ချိုက်ရှင်းနှင့်ပူးပေါင်းမိသည့်အပေါ် သူမအားအလေးအနက်တောင်းပန်လာခြင်းဖြစ်သည်။၎င်းက ပိုလွန်းလှသည်။
ကျန်းပိုင်ဟွေ့က သူမကိုစိတ်ချမ်းသာစေချင်သကဲ့သို့ သူ့ကိုယ်သူအရမ်းနှိမ့်ချထား၏။
ဤတမင်လုပ်မှုကြီးက အရမ်းထူးဆန်းသည်။
သို့သော်ထုံရွှယ်လူက ထုတ်မပြလိုက်ပေ။
“ဘာကိုတောင်းပန်နေတာလဲ၊ စီးပွားရေးလုပ်တာက ကောင်းတဲ့ကိစ္စဘဲလေ ဒါပေမယ့်နင်လက်တွဲမယ့်လုပ်ဖော်ကိုင်ဖက်ကို ဂရုစိုက်ရမယ်နော်၊ နင်က စီးပွားရေးကို နင့်အစ်ကိုတွေနဲ့ပေါင်းလုပ်မယ််ဆိုရင် အငြင်းပွားတာမျိုးရှိလာနိုင်တယ်”
ထိုစကားကိုကြားသောအခါ ကျန်းပိုင်ဟွေ့မျက်နှာပေါ်မှအမူအရာများက ပို၍တောက်ပလာသည်။
“ငါ့အကိုတွေက ငွေကြေးကိစ္စတွေဖြေရှင်းလာနိုင်တာကိုငါနားလည်ပါတယ်၊ ငါဂရုစိုက်လိုက်ပါ့မယ်၊ ဝူးဝူးဝူးးးငါ့ရင်ထဲအရမ်းထိသွားပြီ ရွှယ်လူ နင်ကငါ့ကိုဂရုစိုက်ပေးတုန်းဘဲ.......”
ထုံရွှယ်လူ: "..."
အဆင်မပြေဖြစ်သည့် ခံစားချက်မှလွဲလျှင် ဤတွေ့ဆုံမှုက အတော်လေးချောမွေ့ခဲ့ပေသည်။
ကျန်းပိုင်ဟွေ့က ကောလိပ်ကိုပြန်ရောက်သွားသလိုပင် စိတ်အားထက်သန်ကာ ရယ်ရသဖြင့် စကားလုံးအနည်းငယ်ဖြင့်တင် ဖန်ကျင်းယွမ်ကိုရယ်မောသွားစေ၏။
ထို့နောက်တွင် သူတို့သုံးယောက်၏ဆက်ဆံရေးက အရင်တုန်းကအချိန်များကို ပြန်ရောက်သွားသလိုပင်။
သို့သော်ထုံရွှယ်လူက အလုပ်အရမ်းများသလို ကျန်းပိုင်ဟွေ့ကလည်းမွေးတော့မည်ဖြစ်သဖြင့် သူတို့သုံးယောက်ကသိပ်မဆုံဖြစ်ကြပေ။
**