အပိုင်း၃၇၁
Viewers 67k

🍵Chapter 371



လူတိုင်းကအာရုံပြောင်းသွားသောအခါ ထုံရွှယ်လူကစိတ်အေးသွားပြီး သက်ပြင်းချလိုက်မိသည်။ထို့နောက် သူမက တန့်ဟုန်ကိုရုံးခန်းထဲလာခိုင်းလိုက်သည်။


“မန်နေဂျာတန့် ကျွန်မရှင့်ကို ဒီတလောအတွင်းမှာ ကုမ္ပဏီရဲ့ကိစ္စတွေကို မျက်စိဒေါက်ထောက်ကြည့်ထားစေချင်တယ်၊ တစ်ယောက်ယောက်ကစုံစမ်းတာမျိုးရှိလာရင် ကျွန်မကိုချက်ချင်းသတင်းပို့ပါ”


တန့်ဟုန်က အံ့ဩသွားကာ သိချင်စိတ်ဖြင့်မေးလာသည်။

“ဒါရိုက်တာထုံ တစ်ခုခုများဖြစ်သွားလို့လား”


ထုံရွှယ်လူကသူ့ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“ရှင်က ကျွန်မပြောသလိုလိုက်လုပ်ဖို့ဘဲလိုတယ်၊ ဘာမှမမေးနဲ့၊ မလန့်သွားနဲ့ အရာရာတိုင်းကိုပုံမှန်လိုဘဲဆက်လုပ်ပါ”



တန့်ဟုန်က လူ့အသိုင်းအဝိုင်းထဲအခုမှဝင်လာသည့် ကြောင်တောင်တောင်ကောင်လေးမဟုတ်ပေ။အထူးသဖြင့် ပြီးခဲ့သည့်ဆယ်နှစ်အတွင်းတွင် ကိစ္စမျိုးစုံကိုကြုံတွေ့ခဲ့ရသဖြင့် ဒက်ခနဲသ‌ဘောပေါက်သွားသည်။

“ကျွန်တော်နားလည်ပါပြီ ကုမ္ပဏီကိုကောင်းကောင်းစီမံထားလိုက်ပါ့မယ်”


“ကြိုးစားပေးလို့ ကျေးဇူးပါဘဲ”


“ဒါကကျွန်တော်လုပ်သင့်တာပါ ဘာကိစ္စမှမရှိတော့ရင် ကျွန်တော်သွားနှင့်ပါမယ်”


ထုံရွှယ်လူ ခေါင်းညိတ်ပြလိုက်သောအခါ တန့်ဟုန်က အပြင်ထွက်သွားပြီး တံခါးပြန်ပိတ်ပေးသွားသည်။


ထုံရွှယ်လူက တန့်ဟုန်ကိုမန်နေဂျာခန့်ခဲ့သည့်အပေါ် အလွန်ကျေနပ်မှုရှိသည်။


တန့်ဟုန်ကလည်း ကုမ္ပဏီကိုအလွန်စိတ်ကျေနပ်နေ၏ 


မနှစ်ကတည်းက ထုံရွှယ်လူသည် သူ့ကိုရှယ်ယာသုံးရာခိုင်နှုန်းခွဲပေးခဲ့ရာ အခုဆိုလျှင် သူ့ဝင်ငွေက သူ့ပတ်ဝန်းကျင်မှလူအများစုထက် ပိုများသည်။


မိန်းမတစ်ယောက်အတွက်အလုပ်လုပ်ပေး၍ လှောင်ရယ်ခဲ့ကြသောသူများသည် အခုဆိုသူ့ကိုမနာလိုဖြစ်နေရပြီဖြစ်သည်။


နှစ်ရက်အကြာတွင် စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနမှလူများသည် ကုမ္ပဏီ၏ငွေကြေးဆိုင်ရာကို လာစစ်ဆေး၏။မည်သို့ပင်ဖြစ်စေ ထုံရွှယ်လူက ကြိုဆိုကာ အရင်အာမခံထားသဖြင့် ဝန်ထမ်းများက သိပ်မလန့်သွားပေ။


အဆင်မပြေဖြစ်နေသည့် လူတစ်ချို့ရှိသော်လည်း နှစ်ရက်ကြာပြီးနောက် ကုမ္ပဏီကပုံမှန်အတိုင်းလည်ပတ်နေသည်ကိုမြင်သောအခါ စိတ်အေးသွားကြသည်။


**

တိုက်ဆိုင်စွာပင် ကျန်းပိုင်ဟွေ့နှင့် ချမ်ချိုက်ရှင်းတို့၏ကုမ္ပဏီလည်း စစ်ဆေးခံရ၏။


သူတို့နှစ်ယောက်က အလန့်တကြားဖြစ်သွားကြသော်လည်း စစ်ဆေးမှုအပြီးတွင် စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနက ဘာပြစ်ဒဏ်မှမပေးသလို ကန့်သတ်မှုများလည်း မလုပ်လာပေ။


သို့သော် ချမ်ချိုက်ရှင်းက မသက်မသာခံစားနေရဆဲဖြစ်သည်။

“နင်ထုံရွှယ်လူဆီသွားပြီး သူလည်းစစ်ဆေးခံရလားဆိုတာကို မေးကြည့်လိုက်ပါလား”


ကျန်းပိုင်ဟွေ့၏မျက်နှာက ဖြူဖျော့နေ၏။

“ဖြစ်နိုင်ပါ့မလား၊ ငါတို့တွေအဖော်ခံလိုက်ရပြီလား ငါမသွားဘူး နင်ဘဲသွား”


ချမ်ချိုက်ရှင်းက သူမကိုစိုက်ကြည့်လိုက်သည်။

“စိတ်ကိုငြိမ်ငြိမ်ထားစမ်းပါ၊ ငါတို့တွေအကြောင်းကိုသိသွားပြီဆိုရင် နင်နဲ့ငါကဒီလိုကောင်း‌ကောင်းရပ်နေနိုင်ဦးမှာတဲ့လား ငါသာထုံရွှယ်လူရဲ့ကုမ္ပဏီကိုသွားလိုက်ရင် သတိပေးသလိုမဖြစ်သွားဘူးလား”


ကြွေကရားကိုကိုင်ထားသည့် ကျန်းပိုင်ဟွေ့၏လက်များက သိမ့်သိမ့်တုန်နေ၏။

“ဒါဆိုရင် အခုငါတို့ဘယ်လိုလုပ်ကြမှာလဲ ငါကအမြဲတမ်းကြောက်လန့်နေရတာ၊ ငါတို့ကိုသာရှာ‌တွေ့သွားရင် သေဒဏ်ပေးခံရမှာလား”


ချမ်ချိုက်ရှင်းက သူမကိုပြင်းပြင်းဆွဲကာ အသံတိုးတိုးဖြင့်ငေါက်လိုက်သည်။

“သေတော့မှာဘဲ ဒီနေရာကဘယ်မှာလဲဆိုတာကိုကြည့်ဦးလေ တစ်ယောက်ယောက်သာကြားသွားရင် နင်ရောငါရောသေမှာ”


ကျန်းပိုင်ဟွေ့က ပြင်းပြင်း‌ဆွဲခံလိုက်ရကာ ဘေးမှဗီရိုနှင့်တိုက်မိသွားသည်။သူမကနာသွားသဖြင့် ပင့်သက်ရှိုက်လိုက်မိသည်။


“ငါကြောက်တယ် ရှင်းရှင်း၊ ငါမလုပ်တော့ဘူး၊ ဒီနေ့ကစပြီး ဘာသတင်းမှမပေးတော့ဘူး”


ချမ်ချိုက်ရှင်းက အပြင်ဘက်ကိုတစ်ချက်ကြည့်လိုက်ကာ ဘယ်သူမှမရှိသဖြင့် ကျန်းပိုင်ဟွေ့ကိုကြည့်ကာ တစ်ဖက်လှည့်သွားသည်။

“နင့်သဘောဘဲ၊ ဒီလိုအခွင့်ကောင်းမျိုးကိုလက်လွှတ်ချင်တယ်ဆိုရင်လဲ ငါဖိအားမပေးဘူး နောက်မှနောင်တမရနဲ့နော်”


ထိုသို့ပြောပြီးနောက် သူမအံဆွဲထဲမှ သတင်းစာဖြင့်ပတ်ထားသည့် ပစ္စည်းကိုယူကာ ဖွင့်ပြပြီးဆက်ပြောလာသည်။

“ဒါက ဒီတစ်ခေါက်အတွက် နင့်ရဲ့ဆုလာဒ်”


သတင်းစာထဲတွင် ရွှေပုတ်သင်‌သေးသေးလေး ဆယ်ကောင်ရှိနေ၏။


ကျန်းပိုင်ဟွေ့က ရွှေသားပုတ်သင်များကိုကြည့်ကာ မျက်လုံးပြူးသွားသည်။


ရွှေပုတ်သင်လေးတစ်ခုသည် ၃၁ဂရမ်လောက်ရှိကာ ဆယ်ခုဆိုပါက ဂရမ်၃၀၀ကျော်၏။လက်ရှိရွှေဈေးက ၁ဂရမ်ကို ၆၈ယွမ်ရှိသည်။အားလုံးပေါင်းလိုက်လျှင် ယွမ်နှစ်သောင်းကျော်၏။


သို့သော်ရွှေပုတ်သင်လေးများသည် စုဆောင်းတန်ဖိုးရှိ၏။သင့်တော်သည့်ဝယ်သူကိုရှာနိုင်ပါက ပိုက်ဆံနှစ်ဆဖြင့်ပြန်ရောင်းလို့ရသည်။


ကျန်းပိုင်ဟွေ့က ရင်ခုန်နေကာ သူမမျက်လုံးများက ရွှေပုတ်သင်များပေါ်တွင်သာမြဲနေပြီး တံတွေးမြိုချလိုက်သည်။

“ဒါတွေအားလုံးက......ငါပိုင်တာလား”


ချမ်ချိုက်ရှင်းက ရွှေပုတ်သင်များကို သူမလက်ထဲထိုးထည့်လိုက်သည်။

“အင်းလေ ငါပြောဖူးပါတယ် ငါ့နောက်လိုက်ရင် ဆုကလက်ငါးချောင်းအောင်မနိမ့်စေရဘူးလို့၊ ဒီတစ်ခေါက်နင်ပေးတဲ့သတင်းက အရမ်းကောင်းတယ်၊ ငါ့မိတ်ဆွေကအရမ်းပျော်သွားလို့ အပိုဆုကနင့်အတွက်ဘဲ”


ကျန်းပိုင်ဟွေ့က သူမလက်ထဲမှရွှေပုတ်သင်များကိုပိုက်ကာ ရင်ခုန်သံများကဒုန်းစိုင်းနေ၏။

“ဒါပေမယ့် ရွှေကထုတ်ဖို့ခက်တယ်လေ တစ်ယောက်ယောက်သိသွားရင် မကောင်းဘူးမလား”


ချမ်ချိုက်ရှင်း :“ ရွှေကထုတ်ဖို့လွယ်တာပါ ငါသာနင့်ကိုယွမ်နှစ်သောင်းကျော်ပေးလိုက်ရင် နင်ဘယ်လိုပြန်ယူသွားမှာလဲ ၊ ဒီရွှေတွေကိုပိုက်ဆံပြောင်းဖို့ လူရှာမတွေ့ရင် နောက်မှနင့်ကိုမိတ်ဆက်ပေးမယ်”


ကျန်းပိုင်ဟွေ့ကလည်း ငွေစက္ကူများကိုသုံးခြင်းက လူအများအာရုံစိုက်လာသည်ကိုတွေးမိသဖြင့် ခေါင်းညိတ်လိုက်သည်။


အခုချိန်တွင် အမြင့်ဆုံးငွေစက္ကူက ဆယ်ယွမ်တန်သာရှိရာ ယွမ်နှစ်သောင်းကျော်ဆိုရင် ဘယ်လောက်တောင်များနေမှာလဲ။


ချမ်ချိုက်ရှင်းက နှုတ်ခမ်းမဲ့လိုက်သည်။

“နင်မလုပ်ချင်တော့ဘူးလို့ တွေးနေတုန်းဘဲလား”


ကျန်းပိုင်ဟွေ့က ဘာမှမပြောဘဲ လက်ထဲမှရွှေပုတ်သင်များကိုသာပိုက်ထား၏။


ပိုက်ဆံကိုလွယ်လွယ်ရကာ ပါးစပ်လေးလှုပ်လိုက်ရုံဖြင့် သူများတွေတစ်သက်မရှာနိုင်သည့် ပမာဏကိုရနိုင်ပေသည်။ဘယ်သူကမှ ဤဆွဲဆောင်မှုကိုတောင့်ခံနိုင်မည်မဟုတ်ပေ။


ဒီအတိုင်း.........


“ငါတို့ကိုရှာမတွေ့ဘူးဆိုတာ သေချာရဲ့လား”


ချမ်ချိုက်ရှင်း :“အဲ့ဒါကြောင့် ငါနင့်ကိုထုံရွှယ်လူဆီသွားပြီး သတင်းနှိုက်ခိုင်းနေတာပေါ့၊ ငါလည်းအခြားကုမ္ပဏီတွေကိုသွားကြည့်မယ်၊ ပြသနာတစ်ခုခုရှိရင် ငါတို့တွေဘယ်လိုသင့်တော်အောင် တုံ့ပြန်မလဲဆိုတာကို စဉ်းစားထားလို့ရတယ်”


ကျန်းပိုင်ဟွေ့က ချမ်ချိုက်ရှင်းကိုကြည့်ကာ သူမလက်ထဲမှရွှေပုတ်သင်များကို ငုံ့ကြည့်လိုက်သည်။


ခနလောက်ကြာပြီးနောက်တွင် သူမကဆုံးဖြတ်ချက်ချကာ ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန်ကျရင် ထုံရွှယ်လူဆီကိုသွားစုံစမ်းကြည့်လိုက်မယ်”


ချမ်ချိုက်ရှင်းက သတိပေးသည်။

“စကားပြောတဲ့အခါသတိထားနော် ဘာအမှားမှမပါစေနဲ့”


“ငါသိပါတယ်”


ထိုနေ့ညတွင် ကျန်းပိုင်ဟွေ့က ရွှေပုတ်သင်များကိုအိမ်ပြန်ယူလာကာ ဖွက်ရန်နေရာရှာလိုက်သည်။


နောက်တစ်နေ့တွင် သူမကလေးကိုချီကာ ထုံရွှယ်လူ၏ကုမ္ပဏီသို့ဦးတည်လိုက်သည်။


ကျန်းပိုင်ဟွေ့တို့သားအမိကိုတွေ့လိုက်ရသောအခါ ထုံရွှယ်လူက အံ့ဩသွားသည်။

“‌ဒီကိုဘယ်လိုဖြစ်လို့ရောက်လာတာလဲ ဒီနေ့အလုပ်သွားစရာမလိုဘူးလား”


ကျန်းပိုင်ဟွေ့က မျက်မှောင်ကြုတ်ပြလာသည်။

“မျိုးချစ်လေးက အဖုအပိမ့်တွေထွက်နေလို့လေ ငါ့ယောက္ခမကလည်း ဒီနေ့နေလို့သိပ်မကောင်းဘူး အဲ့ဒါကြောင့်ငါဘဲသူ့ကိုဆေးရုံခေါ်သွားပြီး နင့်ကိုအကြံဉာဏ်လေးလာမေးတာ”


ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိတို့၏သားကို လျန်အိုက်ကော်ဟုခေါ်ကာ ထုံရွှယ်လူက ထိုနာမည်ကိုကြားသောအချိန်တိုင်း ဆွံ့အမိသည်။

(Tn: အိုက်ကော်-တိုင်းပြည်ကိုချစ်သည်)


1950/1960ခုနှစ်များအတွင်းတွင် လူအများစုက သူတို့နာမည်ကို မျိုးချစ်ပုဂ္ဂိုလ်ဟုအမည်ပေးတတ်ကြသည်။ဒါကထိုခေတ်၏သင်္ကေတဖြစ်သော်လည်း အခုချိန်တွင် ထိုနာမည်မျိုးမပေးကြတော့ပေ။


လျန်ထျန်းယိကိုပြည်ပတွင်ပညာသင်‌နိုင်ရန် နိုင်ငံတော်ကထောက်ပံ့ပေးခဲ့သောကြောင့် ကျန်းပိုင်ဟွေ့တို့က ကလေးကိုဤနာမည်ပေးထားခြင်းဖြစ်သည်။ရည်ရွယ်လိုသည်က ကောင်းသော်လည်း နာမည်ကအတော်လေး ဖက်ရှင်မကျပေ။


ဝေဖန်မှုက ဝေဖန်မှုသာဖြစ်ကာ ထုံရွှယ်လူက သူမ၏ကလေးထိန်းအတွေ့အကြုံများကို ဝေမျှပေးလိုက်ဆဲဖြစ်သည်။

“ကလေးတွေရဲ့ချွေးပေါက်တွေက မဖွံ့ဖြိုးသေးတော့ အဝတ်ထူထူတွေမဝတ်ပေးနဲ့ အဲ့လိုအဖုထလွယ်တယ်”


“ပြီးတော့ တစ်ကိုယ်ရည်သန့်ရှင်းရေနဲ့ ရှူးပေါက်တာကိုလဲ သေချာဂရုစိုက်ရမယ်၊ ကလေးအီးပါလိုက်တာနဲ့ ချက်ချင်းသန့်ရှင်းပေးပြီး နူးညံ့တဲ့ချည်သားတွေကိုဘဲ သုံးဖို့ကြိုးစားကြည့်”


ကျန်းပိုင်ဟွေ့က ထိုအချက်များကိုချရေးလိုက်ကာ ပြုံးပြလာသည်။

“ကျေးဇူးဘဲ‌နော်၊ ပထမဆုံးအကြိမ်အမေဖြစ်တာဆိုတော့ ဘာမှမသိဘူးဖြစ်နေတာ ကုမ္ပဏီမှာလည်းအလုပ်လုပ်ရဦးမယ်၊ တကယ်ပါဘဲ ကိစ္စတိုင်းကိုငါစိုးရိမ်နေရတယ်”


ထုံရွှယ်လူ:“ အကုန်လုံးကဒီလိုပါဘဲ အဲ့ဒါကြောင့်မိခင်ဆိုတာက ကြီးမြတ်တယ်လို့ငါပြောတာပေါ့”


ကျန်းပိုင်ဟွေ့ကလည်း အတူတူဟုခံစားမိသည်။ထို့နောက်သူမက ကုမ္ပဏီဘက်ကိုစကားစလာသည်။

“ဒီတလောအတွင်းမှာ ကုမ္ပဏီကိစ္စတွေကြောင့် တကယ်ပင်ပန်းနေတာ၊ ရှက်ဖို့ကောင်းလိုက်တာ ဘာဖြစ်လို့လဲမသိဘူး စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနကလူတွေက ငါတို့ထုတ်ကုန်တွေကိုလာစစ်သွားတယ်၊ အထောက်အထားမျိုးစုံပြနေရ‌တာနဲ့ စားဖို့ကိုအချိန်မရဘူး”


ထုံရွှယ်လူက သူမကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

“စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနက ငါ့ကုမ္ပဏီရဲ့ငွေစာရင်းနဲ့ ဆေးဖက်ဝင်ဝိုင်ကိုလည်းလာစစ်သွားတယ်”

 

ကျန်းပိုင်ဟွေ့က လန့်သွားသလိုလုပ်ပြလိုက်သည်။

“ဘယ်လိုဖြစ်တာလဲ၊ငါက ငါတို့ကိုဘဲလာစစ်တာကိုထင်နေတာ နင့်ကုမ္ပဏီကပါဘယ်လိုအစစ်ခံရတာလဲ ၊ နင့်အဖိုးတွေ‌က ဗိုလ်မှူးတွေဆိုတော့ သူတို့ရောတစ်ခုခုမသိဘူးလား”


ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။

“ကုမ္ပဏီက ငါ့နာမည်နဲ့ဖွင့်ထားတာလေ ငါ့အဖိုးတွေနဲ့ ဘာမှမဆိုင်ဘူး စက်မှုလုပ်ငန်းစီမံရေးရာနဲ့ ကုန်သွယ်ရေးဌာနက စစ်ဆေးတာပုံမှန်ပါဘဲ”


“နိုင်ငံက အရင်တုန်းက ချုံးချုံးကျသွားပြီး ဒီနှစ်နှစ်အတွင်းမှာ စီးပွားရေးကတဟုန်ထိုး တိုးတက်လာတယ်၊ တစ်ချို့လူတွေက အပြင်ဘက်မှာစီးပွားရေးဘန်းပြပြီး အထဲမှဗလာဖြစ်နေကြတာ၊ ပြီးတော့ တရားမဝင်တဲ့ဟာတွေ အရည်အသွေးမမှီတဲ့ပစ္စည်းတွေကိုထုတ်လာကြတယ်၊ စီးပွားရေးကိုကောင်းကောင်းမွန်မွန်တိုးတက်ချင်ရင် နိုင်ငံတော်က အဲ့ဒီမှုခင်းတွေဖြေရှင်းမှရမယ်၊ ငါတို့လိုသာမာန်ကုမ္ပဏီတွေက စုံစမ်းတာကို ပူးပေါင်းပေးရုံဘဲ”


ကျန်းပိုင်ဟွေ့က သူမလေသံထဲမှမကျေနပ်မှုကို သတိမပြုမိဘဲ မျက်လုံးပြူးကာဆက်မေး၏။

“ဒါဆို စက်မှုလုပ်ငန်းစီမံရေးရာနဲ့ ကုန်သွယ်ရေးဌာနက ရှောင်တခင်စစ်ဆေးတာလား၊ အခြားကုမ္ပဏီတွေလည်း စစ်ဆေးခံရမှာပေါ့နော် ဟုတ်တယ်မလား”


ထုံရွှယ်လူက ခေါင်းညိတ်သည်။

“ဟုတ်တယ် ငါသိသလောက်ကုမ္ပဏီတွေလည်း စစ်ဆေးခံရတယ် လူတိုင်းကဘာပြသနာမှမရှိဘူး”


ကျန်းပိုင်ဟွေ့က စိတ်အေးသွားသည်။

“ငါတို့ကုမ္ပဏီက ဘာပြသနာမှမရှိတာ တော်သေးတာပေါ့ မဟုတ်ရင် တစ်ယောက်ယောက်ကငါတို့ကိုပစ်မှတ်ထားနေတယ်လို့ ထင်မိတော့မလို့ အခုကြည့်ရတာ ငါတို့အတွေးလွန်သွားတဲ့ပုံဘဲ”


ထုံရွှယ်လူက မယုတ်မလွန်သာပြုံးပြလိုက်သည်။


ကျန်းပိုင်ဟွေ့က ခနလောက်ထိုင်ပြီးနောက် သူ့သားကိုချီကာ ပြန်သွားလေသည်။


ထုံရွှယ်လူက သူမကိုတံခါးဝထိလိုက်ပို့ပြီးနောက် ထွက်သွားနေသည့်နောက်ကျောကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


ဤကိစ္စမတိုင်ခင်တွင် သူမက ကျန်းပိုင်ဟွေ့တို့လင်မယားကိုသံသယမဝင်ခဲ့ဖူးပေ။အကြောင်းမှာ သူလျှိုလုပ်သည့်ပြစ်မှုက အလွန်ကြီးကာ မိသွားပါက အသက်ပါဆုံးနိုင်သောကြောင့်ဖြစ်သည်။


ထို့ကြောင့် ဘာသက်သေမှမရှိဘဲနှင့် သူမအနားမှသူများ၊ အထူးသဖြင့် သူမသူငယ်ချင်းများကို သံသယမဝင်ချင်ပေ။


ဒီတစ်ခေါက် နိုင်ငံတော်လျှို့ဝှက်ချက်များပေါက်ကြားမှုကြောင့် သူမအနေဖြင့် ကျန်းပိုင်ဟွေ့နှင့်လျန်ထျန်းယိတို့အား ပြန်စစ်ဆေးကြည့်ရန် လိုလာခဲ့သည်။


ပြည်ပတိုင်းပြည်များ၏ချမ်းသာကြွယ်ဝမှုကို ‌မြင်တွေ့လိုက်ရသည့်နောက်တွင် လူအနည်းစုကသာ သူတို့၏မူလရည်မှန်းချက်ကို ထိန်းသိမ်းနိုင်၏။ သူတို့နှစ်ယောက်က ပြည်ပကုမ္ပဏီများမှ ရက်ရောသောဆုလဒ်များကိုလက်‌လွှတ်ကာ တရုတ်ကိုပြန်လာပါက အစမှပြန်စရမှာဖြစ်သည်။သူတို့တကယ်ဘဲ အဲ့လိုလုပ်ချင်ပါ့မလား။


ထုံရွှယ်လူက အစပိုင်းတွင် ကျန်းပိုင်ဟွေ့ပြောခဲ့သည့် မောက်မာသောစကားများနှင့် အခုတွင် သူမကိုစိတ်ကျေနပ်အောင်လုပ်ချင်နေပုံများကို ယှဉ်ကြည့်လိုက်သောအခါ သူမရင်ထဲမှ ထင်မြင်ချက်က ပို၍‌အားကောင်းလာခဲ့သည်။


သူတို့လင်မယားမှာ တကယ်ဘဲပြသနာရှိနေတယ်ဆိုရင် ချမ်ချိုက်ရှင်းလည်းပြသနာရှိနေတာလား 


“ဒါရိုက်တာထုံ ဘာတွေကြည့်နေတာလဲ”


ဧည့်ကြိုလေးက သူမတံခါးကိုအကြာကြီးစိုက်ကြည့်နေသည်မြင်သောအခါ သိချင်စိတ်ဖြင့်လှမ်းမေးလာ၏။


ထုံရွှယ်လူက အသိပြန်ဝင်လာကာ အကြည့်လွှဲပြီး ပြုံးပြလိုက်သည်။

“ဘာမှမကြည့်ပါဘူး ဒီအတိုင်း စီးပွားရေးကပိုပိုပြီးကောင်းလာတယ်လို့ ခံစားမိလို့ပါ၊ လူတိုင်းရဲ့ဘဝကလည်း ပိုကောင်းလာတယ်၊ ဒါတွေအားလုံးက နိုင်ငံတော်ရဲ့လုပ်ဆောင်ပေးမှုတွေဘဲ”


ဧည့်ကြိုလေးသည် သူတို့ဘော့စ်က ရုတ်တရက်ကြီး ခံစားချက်ထုတ်ပြလာသည်ကို နားမလည်သော်လည်း ၎င်းကအမှန်ဖြစ်သည်။


“ဟုတ်ပါ့ ကျွန်မငယ်ငယ်တုန်းက သကြားလုံးတစ်လုံးကို မဝယ်စားနိုင်ခဲ့တာကို မှတ်မိသေးတယ်၊ အခုဆိုနေ့တိုင်း သကြားလုံးစားနေနိုင်ပြီ လူတိုင်းရဲ့ဘဝက တကယ်ကို တစ်နေ့ထက်တစ်နေ့ပိုကောင်းလာတယ်”


ထုံရွှယ်လူကပြုံးလိုက်ကာ သူမရုံးခန်းထဲသို့ပြန်ဝင်သွားသည်။


သူမက ဘာမှလုပ်ဖို့မစီစဉ်ထားပေ။ ဒီလိုကိစ္စများသည် သာမာန်လူဖြစ်သည့်သူမ ဝင်ပါနိုင်သောအရာမဟုတ်ပေ။


ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိတို့တွင် ပြသနာရှိနေလျှင် အမျိုးသားလုံခြုံရေးဗျူရိုက မကြာခင်ရှာတွေ့နိုင်လိမ့်မည်။သူတို့က သူမထက်ကျွမ်းကျင်ပေသည်။


သို့သော်သူမရင်ထဲတွင် ထိုနှစ်ယောက်ကိုပြသနာမရှိစေချင်ပေ။

**