အပိုင်း၃၇၂
Viewers 67k

🍵Chapter 372




ကျန်းပိုင်ဟွေ့က ထုံရွှယ်လူဆီမှထွက်လာပြီးနောက် အိမ်မပြန်ဘဲ သူမကုမ္ပဏီသို့ပြန်သွားလိုက်သည်။


“ဘယ်လိုလဲ ထုံရွှယ်လူက သတင်းတစ်ခုခုရခဲ့လား”


ချမ်ချိုက်ရှင်းက ကျန်းပိုင်ဟွေ့ကိုမြင်မြင်ချင်းပင် ကမန်းကတန်းတံခါးပြေးပိတ်ပြီး အသံတိုးတိုးဖြင့်မေးလာ၏။


ကျန်းပိုင်ဟွေ့က သူမသားကိုဆိုဖာပေါ်တွင်ချကာ နာနေသောလက်များကို အကြောလျှော့လိုက်သည်။

“ဘာပြသနာမှမရှိဘူး သူ့ကုမ္ပဏီလည်းစစ်ဆေးခံရလို့ နွေဦးကုန်စည်ဖလှယ်ပွဲကိုတောင် မတက်လိုက်ရဘူး”


ချမ်ချိုက်ရှင်းက မျက်လုံးပြူးသွားသည်။

“တကယ်ဘဲလား ထုံရွှယ်လူက နွေဦးကုန်စည်ဖလှယ်ပွဲကို မသွားလိုက်ရဘူးပေါ့”


ကျန်းပိုင်ဟွေ့က ပြုံးကာခေါင်းညိတ်ပြသည်။

“အမှန်ဘဲ ငါသန့်စင်ခန်းသွားတုန်း သူ့ဝန်ထမ်းတစ်ယောက်ကိုမေးခဲ့တာ သူက‌ငါ့ကိုမလိမ်ပါဘူး ပြီးတော့ အခြားကုမ္ပဏီတွေလည်းစစ်ဆေးခံရတယ်လို့ပြောတယ် အဲ့ဒါကြောင့်မလို့ ဒါကပုံမှန်စစ်ဆေး‌ရေးတစ်ခုပါဘဲ ငါတို့ကိုဘာသံသယမှမရှိဘူး”


ထိုအခါမှ ချမ်ချိုက်ရှင်း၏နှလုံးသားက သူ့နေရာသူပြန်ကျသွားသည်။

“ဒါဆိုရင်တော့ ငါစိတ်အေးသွားပြီ”


အမှန်တွင် စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနကသူများရောက်လာကတည်းက သူမက အိမ်မှပစ္စည်းအားလုံးကိုထုတ်ပိုးကာ ထွက်ပြေးမည့်လမ်းကြောင်းကိုဆွဲထားပြီးသားဖြစ်သည်။


ပြသနာတစ်ခုခုရှိလာသည်နှင့် သူမက ကုမ္ပဏီကိုကျန်းပိုင်ဟွေ့နှင့်ထားကာ နိုင်ငံခြားသို့ထွက်ပြေးသွားမှာဖြစ်သည်။


အခုတွင် ဘာမှမဖြစ်သည်ကိုသိလိုက်ရသဖြင့် သူမက ဒီမှာဆက်နေလို့ရပြီဖြစ်သည်။


အမှန်တိုင်းပြောရလျှင် သူမက ဒီလိုပိုက်ဆံအများကြီးရနိုင်သည့်အခွင့်ရေးကို မစွန့်လွှတ်ချင်ပေ။ဒီတစ်ခေါက်တွင် ကျန်းပိုင်ဟွေ့က ရွှေပုတ်သင်ဆယ်ခုနှင့် သူမကရွှေပုတ်သင်အခုနှစ်ဆယ်ရခဲ့ပေသည်။


အရင်တုန်းက ပြည်ပတိုင်းပြည်များကို သူမသတင်းအချက်အလက်ပေးခဲ့သည်များကိုပါ ထပ်ပေါင်းလျှင် သူမ၏နိုင်ငံခြားဘဏ်ထဲ၌ ယွမ်သုံးသိန်းနီးပါးရှိနေပြီဖြစ်သည်။


ယွမ်သုံးသိန်းက တရုတ်ပြည်ထဲတွင် ပိုက်ဆံအများကြီးဖြစ်ကာ တစ်သက်လုံးထိုင်စားနိုင်သော်လည်း ပြည်ပတွင်မူသိပ်များသည်ဟုမဆိုနိုင်ပေ။ထို့ကြောင့် သူမက ဤကိစ္စကိုမရပ်ခင်တွင် ပိုက်ဆံများများထပ်ရှာချင်သေးသည်။


ကျန်းပိုင်ဟွေ့နှင့် ချမ်ချိုက်ရှင်းတို့စိတ်အေးနေသည့်အချိန်တွင် ကျန်းပိုင်ဟွေ့၏ယောက္ခမက အိမ်သန့်ရှင်းရေးလုပ်နေ၏။


ရုတ်တရက်ပင် ဘေးအိမ်မှကြောင်က ငါးခြောက်ချီကာ အိမ်ထဲပြေးဝင်လာသဖြင့် အမေလျန်တစ်ယောက်လန့်သွားသည်။


သူမက သတိပြန်ဝင်လာသောအခါ ကမန်းကတန်းပင် တံမြက်စည်းကိုကောက်ကိုင်ပြီး ကြောင်ကိုလိုက်မောင်းထုတ်လိုက်သည်။


ကြောင်ကအခန်းထဲပတ်ပြေးပြီးနောက် အိပ်ရာအောက်ဝင်ပုန်းနေရာ အမေလျန်ကအလွန်ဒေါသထွက်သွားသည်။


အမေလျန်က အပြင်ပြန်ထွက်ပြီး ဝါးလုံးတစ်လုံးကိုယူလာကာ အိပ်ရာအောက်ကိုထိုးလိုက်သည်။ကြောင်ကမြောင်ခနဲအော်ပြီး ငါးခြောက်ကိုအိပ်ရာအောက်တွင်ပစ်ချကာ ထွက်ပြေးသွားလေသည်။


ငါးခြောက်အနံ့က အလွန်မသတီစရာကောင်းကာ ကြွက်သေအနံ့နှင့်အတူတူပင်ဖြစ်သည်။အမေလျန်က ဝါးလုံးဖြင့် ငါးခြောက်ကိုဆွဲယူရန်လုပ်လိုက်သော်လည်း ဝါးလုံးကနံရံကိုထိုးမိကာ ဒေါင်ခနဲအသံမြည်သွားသည်။


အမေလျန်က ထူးဆန်းသလိုခံစားမိသွားသည်။နံရံရဲ့အသံက ဘာလို့ဟောင်းလောင်းပေါက်အသံလိုဖြစ်နေတာလဲ။


ခြစားခံလိုက်ရလို့ ဟောင်းလောင်းဖြစ်သွားတာလား၊ အဲ့လိုဆို အန္တာရာယ်များတယ်။


အမေလျန်က ငါးခြောက်ကိုဂရုမစိုက်နိုင်တော့ပေ။သူမက ထရပ်ကာ အိပ်ရာကြီးကိုအင်အားရှိသမျှ တွန်းထုတ်လိုက်သည်။ အိပ်ရာရွှေ့ရင်းဖြင့် သူမကခါးကျိုးမတတ်ဖြစ်သွားသည်။


သို့သော်သူမသားနှင့်မြေးလေး၏ လုံခြုံရေးအတွက် ခါးမှနာကျင်မှုကို လျစ်လျူရှုကာ နံရံကိုခေါက်ကြည့်လိုက်သည်။


တကယ်ကိုဟောင်းလောင်းဖြစ်နေတာဘဲ။


သူမက တူတစ်လက်သွားယူပြီးနောက် နံရံကိုထုလိုက်ရာ အပေါက်တစ်ပေါက်ဖြစ်လာပြီး အထဲမှသံသေတ္တာလေးကိုမြင်သွားသည်။


ရုတ်တရက်ပင် အမေလျန်၏ရင်ထဲ၌ ဒိန်းခနဲဖြစ်လာသဖြင့် ထရပ်ကာ တံခါးသွားပိတ်‌လိုက်သည်။ထို့နောက် သံသေတ္တာကို နံရံထဲမှထုတ်လိုက်သည်။


သံသေတ္တာပေါ်တွင် သော့သေးသေးလေးခတ်ထားသော်လည်း အမေလျန်အတွက်ပြသနာမရှိပေ။သူမအဖေက သော့ပြင်ဆရာဖြစ်သဖြင့် သူမငယ်ငယ်ကတည်းက သော့မျိုးစုံကိုဖွင့်တတ်အောင်သင်ပေးခဲ့သည်။


အမေလျန်က မီးဖိုချောင်ထဲသွားကာ ကြေးနန်းကြိုးစတစ်စကိုယူလိုက်ပြီးနောက် သော့ပေါက်ထဲကိုအကြိမ်အနည်းငယ်လောက် ကလိလိုက်သည်။ သော့ခလောက်က ကလစ်ခနဲပွင့်သွားလေသည်။


သူမဖလန်နယ်စတစ်ခုကိုမြင်လိုက်ရကာ အထဲတွင်ပစ္စည်းတစ်ချို့ကိုထုပ်ထား၏။


အမေလျန်က ပိတ်စကိုသေချာဖွင့်ကြည့်လိုက်သောအခါ သူမမျက်လုံးများက နွားရိုင်းမျက်လုံးများလောက်ပြူးသွားသည်။


သူမဘာမြင်လိုက်ရတာလဲ။


သူမက ရွှေသားပုတ်သင်ဆယ်ခုကို‌မြင်လိုက်ရတာ။


အမေလျန်ကရင်တုန်သွားကာ ပျော်လွန်းသဖြင့် ပါးစပ်ကနားရွက်တပ်ချိတ်အောင်ပြုံးလိုက်မိသည်။ မိုးပေါ်မှကျလာတဲ့ ပိုင်မုန့်ကြီးဘဲ၊ ဒီလောက်ရွှေအများကြီးကို နံရံထဲတွင်ဝှက်ထားမည်ဟု သူမမထင်ထားခဲ့ပေ။


အတိတ်တွင် လူများကစစ်ဆေးခံရမည်ကိုကြောက်သဖြင့် နံရံထဲတွင် ဝှက်ခဲ့တာမျိုးဖြစ်လိမ့်မည်။


မဟုတ်သေးဘူး။


ရုတ်တရက်ပင် အမေလျန်၏လှုပ်ရှားမှုများက ရပ်တန့်သွားသည်။သူမက ဖလန်နယ်စကိုယူပြီး သေချာကြည့်လိုက်သောအခါ သူမမျက်နှာက မဲမှောင်လာသည်။


ဒီပိတ်စက သူ့ချွေးမရဲ့ဟာဘဲ၊ ဒါက ကျန်းပိုင်ဟွေ့ နိုင်ငံခြားကယူလာတဲ့ ပိတ်စတွေကနေဖြတ်ထားတာ။


နံရံပေါ်မှဘိလပ်မြေက အခုမှသုတ်ထားခြင်းဖြစ်ကာ မခြောက်သေးပေ။


သူမအထင်မှန်ကြောင်း အတည်ပြုရန်အတွက် အမေလျန်က အဝတ်ဗီရိုဆီသွားကာ ကျန်းပိုင်ဟွေ့အဝတ်များကိုရှာလိုက်သည်။သူမထင်သလိုပင် ဤပိတ်စကိုဖြတ်ထားသည့် အဝတ်ကိုရှာတွေ့သွား၏။


အမေလျန်၏မျက်နှာက မည်းမှောင်နေကာ အအေးဓာတ်များစိမ့်ထွက်လာမည်ဟုတောင် ထင်ရသည်။


ဒါဆို ဒီရွှေတွေကိုကျန်းပိုင်ဟွေ့ဖွက်ထားတာပေါ့၊ ဒါပေမယ့် ဒီလောက်ရွှေအများကြီးကိုဘယ်ကရလာတာလဲ။


သူ့ကုမ္ပဏီက ပိုက်ဆံအများကြီးရှာနိုင်သွားလို့ သူမနဲ့သူမသားသိမှာကြောက်ပြီး ဖွက်ထားတာလား။


အဲ့လိုဘဲဖြစ်မယ်။


အမေလျန်က ထိုမိန်းမယုတ်ကို တိတ်တိတ်လေးကျိန်ဆဲလိုက်ပြီးနောက် ရွှေပုတ်သင်များကို သူမအိတ်ကပ်ထဲထည့်ကာ သံသေတ္တာကိုသော့ခတ်ပြီးပြန်ထည့်ထားပေးလိုက်သည်။


ထို့ကြောင့် ဘိလပ်မြေကိုရေနှင့်ပြန်သိပ်ပြီး ငါးခြောက်ကိုလည်းဖယ်လိုက်သည်။သန့်ရှင်းရေးလုပ်ပြီးသောအခါ အိပ်ရာကြီးကိုတစ်ခါပြန်တွန်းရပြန်သည်။


ဤကိစ္စအားလုံးလုပ်ပြီးသောအခါ အမေလျန်က ပင်ပန်းလွန်းသဖြင့် ခါးကျိုးမတတ်ဖြစ်သွားသည်။သို့သော် သူမကအလွန်စိတ်လှုပ်ရှားက ဂုဏ်ယူနေ၏။


ကျန်းပိုင်ဟွေ့က ရွှေတွေကိုဖွက်ရဲမှတော့ သူမကလည်းတိတ်တိတ်လေးယူထားရမှာပေါ့၊ တစ်ခုမှမချန်ပေးဘူး။


သူမသိသွားမှ ဘယ်လိုတောင်ငိုမလဲ‌ဆိုတာကို ကြည့်ကြသေးတာပေါ့။


အခုဆို ရွှေပုတ်သင်များက သူမနှင့်သူမသားအပိုင်ဖြစ်သွားပြီဖြစ်သည်။ချွေးမဆိုတာက တကယ်ကိုအပြင်လူဘဲ ယုံလို့ကိုမရဘူး။


ကျန်းပိုင်ဟွေ့အိမ်ပြန်ရောက်လာသောအခါ နောက်ကျနေပြီဖြစ်သည်။သူမအခန်းထဲသို့ရောက်သောအခါ အိပ်ရာကိုကြည့်လိုက်သော်လည်း ဘာမှသိပ်မတွေးလိုက်ပေ။


သူမသန့်ရှင်းရေးလုပ်‌ရင်တောင်မှ အိပ်ရာကြီးကို လွယ်လွယ်မရွှေ့နိုင်ပေ။ နံရံထဲတွင် ရွှေပုတ်သင်များဖွက်ထားသည်ကို ဘယ်သူမှမသိနိုင်ကြောင်း သူမယုံကြည်ချက်ရှိ၏။


နံရံတွင် အပေါက်တစ်ခုရှိသည်ကိုသူမတစ်ယောက်ဘဲသိကာ လျန်ထျန်းယိတောင်မှမသိပေ။


သူမက လျန်ထျန်းယိကိုမပြောပြချင်၍မဟုတ်ပေ။ သူမယောက္ခမကိုမသိစေချင်သောကြောင့်ဖြစ်သည်။


သူမတရုတ်ကိုပြန်လာကတည်းက သူမယောက္ခမသည် ဘဝကိုကောင်းကောင်းမွန်မွန်နေကာ သူကိုယ့်သူ မယ်တော်စီရှီးလိုပြုမူနေသဖြင့် ကျန်းပိုင်ဟွေ့က အလွန်ဒေါသထွက်ခဲ့ရသည်။


ထို့ကြောင့် သူမယောက္ခမကိုပိုက်ဆံအကြောင်းမပြောပြချင်ပေ။ နောက်ပိုင်းတွင်ပိုက်ဆံများများရှာပြီးပါက  ဒီမိန်းမကြီးမပါဘဲ သူမတို့မိသားစုသုံးယောက် နိုင်ငံခြားတွင်အခြေသွားချကြမည်။


**

သုံးရက်ကြာပြီးနောက်တွင်။


ကျန်းပိုင်ဟွေ့က သူမကုမ္ပဏီမှ အိမ်သို့ပြန်လာသည့်လမ်း၌ လမ်းကြားတစ်ခုကိုဖြတ်လာသောအခါ ယောက်ျားတစ်ချို့က လမ်းကြားထဲမှပြေးထွက်လာပြီး သူမပါးစပ်ကိုအုပ်လာ၏။



ကျန်းပိုင်ဟွေ့က ဝိဉာဉ်ထွက်မတတ်လန့်သွားကာ ရုန်းလိုက်သော်လည်း ယောက်ျားကြီးများက သူမကိုဖိချုပ်လာသည်။


မကြာခင်မှာဘဲ ကားတစ်စီးရပ်လာကာ သူတို့ကကျန်းပိုင်ဟွေ့ကိုထိုကားပေါ်သို့ ဆွဲတင်ပြီး မောင်းထွက်သွားလေသည်။


ဤကိစ္စများအားလုံးက တစ်မိနစ်အတွင်းဖြစ်သွားကာ အလွန်နောက်‌ကျနေပြီဖြစ်သဖြင့် တစ်ခုခုဖြစ်သွားသည်ကို ဘယ်သူမှသတိမထားမိကြပေ။


ကျန်းပိုင်ဟွေ့က ကြောက်လွန်း၍‌ဖြူဖျော့လာသည်။သူမက သူတို့ကို ဘယ်သူတွေလဲဟုမေးချင်သော်လည်း သူမပါးစပ်ကိုတိတ်ဖြင့်ကပ်ထားရာ ဘာအသံမှမထွက်နိုင်ပေ။


ကားကနာရီဝက်လောက်ဆက်သွားနေပြီးနောက် ဂိတ်တစ်ခုတွင်ရပ်သွားသည်။သူမက ကားမှန်အပြင်ကိုကြည့်လိုက်သည့်အချိန်မှာလဲ သူမမျက်နှာပေါ်မှသွေးများဆုတ်သွားကာ စာရွက်တစ်ရွက်ဖြူလျော်သွားလေသည်။


အမျိုးသား လုံခြုံရေးဗျူရို။


သူမက အစတွင် ဂိုဏ်းစတားတစ်ချို့က ချမ်ချိုက်ရှင်း၏ကုမ္ပဏီ၌သူမအလုပ်ကောင်းကောင်းလုပ်နေသည်ကိုမြင်သွားသဖြင့် ငွေညှစ်ချင်၍ ပြန်ပေးဆွဲသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။


သူတို့က အမျိုးသားလုံခြုံရေးဗျူရိုမှဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။


သူမတော့သေပြီ။ သူတို့လုပ်ထားတာကို သိသွားတာဖြစ်မယ်။


သူလျှိုလုပ်တာနဲ့ အပြစ်ဒဏ်ကဘာပါလိမ့်။အဲ့ဒါက.....သေဒဏ်ပေးခံရမှာဘဲ။


ကျန်းပိုင်ဟွေ့၏ တစ်ကိုယ်လုံးမှ အားများအကုန်ထွက်သွားသည့်ပုံပင်။သူမက ကားထဲမှဆွဲခေါ်ခံလိုက်ရကာ အမှုစစ်ခန်းသို့ရောက်လာခဲ့သည်။


အရပ်ရှည်ရှည်ယောက်ျားတစ်ချို့က အမှုစစ်ခန်းထဲသို့ဝင်လာကာ အပြင်ဘက်တွင် လူအများကြီးကစောင့်ကြပ်နေ၏။ စစ်‌ဆေးသည့်နေရာအများကြီးရှိနေရာ အားနည်းသောမိန်းမတစ်ယောက်ဖြစ်သည့်သူမက ထွက်ပြေးရန်တွေးတောင်‌မတွေးနိုင်တော့ပေ။


ကျန်းပိုင်ဟွေ့က ငါးသေတစ်ကောင်လိုပင် ကုလားထိုင်‌ေပါ်သို့အချခံလိုက်ရကာ သူမသွားများက အပေါ်အောက် ခိုက်ခိုက်တုန်နေ၏။


အနက်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက် အေးစက်စက်အသံဖြင့်အော်ပြောလာသည်။

“ကျန်းပိုင်ဟွေ့ မင်းနိုင်ငံတော်ရဲ့လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေရင် သေဒဏ်ပေးခံရမယ်”


ကျန်းပိုင်ဟွေ့က ကြောက်လွန်းသဖြင့် သေးပေါက်ချမိတော့မည်ဖြစ်သည်။


သို့သော်သူမက ဘယ်နေရာမှသတ္တိရလာလဲမသိ ရုတ်တရက်မတ်မတ်ထထိုင်ကာ ခေါင်းခါပြလိုက်လေသည်။

“ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မအဲ့ဒီလိုမလုပ်ခဲ့ပါဘူး လူမှားပြီးမစွပ်စွဲပါနဲ့”


“လူမှားပြီးစွပ်စွဲတယ်လား”

လက်ထောက်ညွှန်ကြားရေးမှုးကျန်းက သူမကိုအေးစက်စွာကြည့်လိုက်သည်။

“ဒါဆိုရင်လည်း ရှင်းပြပါဦး မင်းဒီရွှေပုတ်သင်တွေကို ဘယ်ကရခဲ့တာလဲ”


လက်ထောက်ညွှန်ကြားရေးမှုးကျန်းက ရွှေပုတ်သင်ထည့်ထားသည့်သေတ္တာကို သူမရှေ့သို့တွန်းပေးလာသည်။


ကျန်းပိုင်ဟွေ့က ရွှေပုတ်သင်များကိုမြင်သောအခါ မျက်လုံးပြူးသွားသော်လည်း ဝန်မခံဘဲ ဆက်ငြင်းနေ၏။

“ရှင်တို့ပြော‌တာကို ကျွန်မဘာမှမသိဘူး ဘာလဲဖြစ်ဖြစ် ကျွန်မက နိုင်ငံတော်ကိုသစ္စာဖောက်တာမျိုးမလုပ်ဘူး”


“မင်းရဲ့ယောက္ခမက ဒီရွှေတွေကို မင်းအိပ်ရာနောက်က နံရံထဲမှာတွေ့ခဲ့တာ ပြီးတော့ ဒါတွေကို မင်းနိုင်ငံခြားကဝယ်လာတဲ့ ဖလန်နယ်နဲ့ထုပ်ထားတာ မင်းဘာဆက်ငြင်းဦးမလဲ ”


ရုပ်ဝတ္ထုသက်သေများကို တစ်ခုပြီးတစ်ခုထုတ်ပြလာသော်လည်း ကျန်းပိုင်ဟွေ့က ငြင်းဆန်နေဆဲဖြစ်သည်။


တစ်ချိန်တည်းတွင် လျန်ထျန်းယိသည်လည်း ဌာန၌ ထိန်းသိမ်းခံလိုက်ရသည်။


သူကလည်း ကျန်းပိုင်ဟွေ့လိုပင် နိုင်ငံတော်ကိုသစ္စာဖောက်သည့် ဘာကိစ္စကိုမှမလုပ်ထားကြောင်း ငြင်းဆန်၏။


သို့သော် ကျန်းပိုင်ဟွေ့နှင့်မတူစွာပင် သူ့မျက်နှာက အလွန်တည်ငြိမ်နေသည်။


“ကျွန်တော်က သာမာန်သုတေသီတစ်ယောက်ပါဘဲ တုန်းဖန်း-5 ပရောဂျက်ကို လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက လုပ်ထားတာ၊ ကျွန်တော်တရုတ်ကိုပြန်လာပြီးတဲ့နောက်မှာလည်း ဒီပရောဂျက်မှာမပါခဲ့ဘူး ကျွန်တော်က ဘယ်လိုလုပ်ပြီးလျှို့ဝှက်ချက်တွေကိုပေါက်ကြားစေနိုင်မှာလဲ”


“ဒါဆိုရင်လည်း မင်းအမေဆီမှာ ဒီရွှေပုတ်သင်တွေရှိနေတာကို ဘယ်လိုရှင်းပြမလဲ၊ မင်းအမေပြောတာတော့ ဒါတွေကိုမင်းမိန်းမကျန်းပိုင်ဟွေ့ဖွက်ထားတာတဲ့”


“ကျွန်တော်မသိဘူး ကျွန်တော်က အချိန်အများစုမှာ ဌာနမှာဘဲနေတယ်၊ အိမ်မှာဘာဖြစ်လဲ‌ဆိုတာကို ကျွန်တော်မသိဘူး”


လျန်ထျန်းယိက တွေးတောတတ်ကာ ကျိုးကြောင်းကျသဖြင့် ဘာအပြစ်မှရှာမရပေ။


သူပြောသလိုပင် သူကတုန်းဖန်း-5တွင် အဓိကပါဝင်သူမဟုတ်သဖြင့် သူ့ဆီတွင်ထိပ်တန်းလျှို့ဝှက်ချက်မျိုးမရှိနိုင်ပေ။


ဤအဓိပ္ပါယ်မှာ သူကတရားခံမဟုတ်လဲဖြစ်နိုင်သလို သူ့အထက်တွင်တစ်ယောက်ယောက်ရှိနေတာမျိုးလဲဖြစ်နိုင်၏။


အမျိုးသားလုံခြုံရေးဗျူရို၏ စုံစမ်းစစ်ဆေးရေးအသင်းသည် အနောက်တစ်ခုကပိုဖြစ်နိုင်သည်ဟုယုံကြည်သော်လည်း လျန်ထျန်းယိရောကျန်းပိုင်ဟွေ့ကပါ ဝန်မခံကြပေ။ သူတို့ဆီတွင် အခြားသက်သေလည်းမရှိပေ။


ပိုအရေးကြီး‌သောအချက်မှာ မတိုးသာမဆုတ်သာအခြေအနေတွင် ကျန်သူလျှိုများက သူတို့ကိုဆက်သွယ်နေကျသူများပျောက်သွားသည်ကိုသိသွားပါက သေချာပေါက်ထွက်ပြေးသွားလိမ့်မည်။


စုံစမ်းရေးက ကျန်းပိုင်ဟွေ့၏ဘဏ်အကောင့်ကိုစစ်ဆေးလိုက်သည်။ကျန်းပိုင်ဟွေ့‌ဆီ၌ ယွမ်ငါးထောင်ကျော်ရှိကာ သာမာန်လူများထက်များ၏။


သို့သော်ဤဘဏ်အကောင့်သည် သူတို့ကုမ္ပဏီ၏ဝင်ငွေနှင့်ချိတ်ဆက်ထား၏။


ကျန်းပိုင်ဟွေ့နှင့် ချမ်ချိုက်ရှင်းတို့ပူးပေါင်းထားသောကုမ္ပဏီသည် အလှကုန်များကို လက်ကားရောင်းကာ သူတို့ကိုယ်ပိုင်တံဆိပ် ‘အဖြူရောင်ကြာပန်းခရင်မ်’ကိုလည်းတီထွင်ထား၏။


အဖြူရောင်ကြာပန်းခရင်မ်အတွက်လုပ်နည်းသည် ပြင်သစ်ကုမ္ပဏီတစ်ခုမှဝယ်ထားသည်ဟုဆို၏။၎င်းကို အဝါရောင်ဖန်ပုလင်းဖြင့်ထုတ်ပိုးထားကာ ထုတ်ကုန်အညွှန်းနှင့် ညွှန်ကြားချက်အကုန်လုံးသည် ပြင်သစ်စာနှင့်သာဖြစ်သည်။၎င်းက နိုင်ငံခြားဖြစ်အလွန်ဆန်ကာ တရုတ်ပြည်ထဲတွင် တော်တော်လေးရောင်းရသည်။


စက်မှုလုပ်ငန်းစီမံရေးရာနှင့် ကုန်သွယ်ရေးဌာနသည် သူတို့ကုမ္ပဏီ၏ငွေစာရင်းကို စစ်ဆေးဖူးကာ ကိုယ်ပိုင်အကောင့်များကိုပါ စစ်ဆေးခဲ့သော်လည်း ဘာပြသနာမှ မတွေ့ခဲ့ပေ။လျန်ထျန်းယိ၏အမေသာ ရွှေပုတ်သင်နှစ်ခုကို ငွေသားလဲဖို့ ယူမထုတ်လာပါက သူတို့ကဘာမှဖမ်းမိမည်မဟုတ်ပေ။


သို့သော်အခုချိန်တွင် ထိုလင်မယားက အပြစ်ရှိကြောင်း မဝန်ခံသဖြင့် အမှုကတန့်သွားလေသည်။


**

ထုံရွှယ်လူက ကျန်းပိုင်ဟွေ့တို့လင်မယား အဖမ်းခံရသည်ကို မသိပေ။


ဒီနေ့မနက်တွင် သူမအိပ်ရာထလာပြီးနောက် အမြွှာလေးနှစ်ယောက်အတွက် မနက်စာလုပ်ပေးလိုက်ကာ သူတို့ကို အဘိုးနှစ်ယောက်အား ပင်ပန်းအောင်မလုပ်ရန် သတိပေးလိုက်သည်။


ရှောင်ယန်းယန်က သူ့အမေခြေထောက်ကိုဖက်ကာ ခေါင်းမော့လာ၏။

“မေမေ အဘိုးကပြောတယ် သားတို့ကသူတို့ရဲ့ အသည်းတုံးလေးတွေတဲ့ သူတို့ကိုဘယ်လိုဘဲပင်ပန်းအောင်လုပ်ပါစေ ဘာမှမဖြစ်ဘူးတဲ့”


ရှောင်ရန်ရန်က အေးတိအေးစက်ပုံစံလေးဖြင့် လက်တုတ်တုတ်လေးများကိုပိုက်ကာ ခေါင်းညိတ်ပြသည်။

“အဲ့ဒါကို ချိုမြိန်တဲ့ဝန်ထုပ်ဝန်ပိုးလို့ခေါ်တယ်”


ထုံရွှယ်လူက ကလေးနှစ်ယောက်၏ပုံစံကြောင့် အူတက်လုနီးပါးရယ်မိသွားသည်။သူမက သူတို့၏ပါးဖောင်းဖောင်းများကို ညှစ်ပစ်လိုက်သည်။


“ချိုမြိန်တဲ့ ဝန်ထုပ်ဝန်ပိုးဆိုရင်တောင်မှ ဝန်ထုပ်ဝန်ပိုးဖြစ်နေတုန်းဘဲ၊ အဘိုးတွေက အသက်ကြီးနေပြီ သားနဲ့သမီးက သူတို့အတွက်စဉ်းစားပြီး ဂရုစိုက်ပေးရမယ်နော်၊ သားတို့ကလူလိမ္မာလေး‌တွေဆိုတာ မေမေသိပါတယ်၊ အဘိုးနှစ်ယောက်ကို ဂရုစိုက်ပေးနိုင်မှာပါ ဟုတ်တယ်မလား”


ရှောင်ယန်းယန်က ခေါင်းညိတ်ကာ ကလေးအသံလေးဖြင့်ပြောလာ၏။

“ဟုတ် သားတို့လုပ်နိုင်ပါတယ်၊ မေမေစိတ်မပူနဲ့ အလုပ်သွားတော့လေ ပိုက်ဆံများကြီးရှာပြီး သားအတွက်မုန့်တွေဝယ်ခဲ့နော်”


ထုံရွှယ်လူ: "..."


ရှောင်ရန်ရန် :“မေမေစိတ်မပူနဲ့ သမီး သူ့ကိုစောင့်ကြည့်ထားလိုက်မယ် မုန့်ခိုးမစားစေရဘူး”


ရှောင်ယန်းယန်: QAQ