အပိုင်း၃၇၃
Viewers 67k

🍵Chapter 373



ထုံရွှယ်လူက သူမကလေးများ၏ ချစ်စရာကောင်းမှုကြောင့် အရည်ပျော်သွားကာ ဒီနေ့စောစောပြန်လာမည်ဟု ကတိပေးလိုက်ပြီး အလုပ်သွားရန်ထွက်လာခဲ့သည်။


သူမအိမ်နှင့်သိပ်မဝေးခင်မှာဘဲ ယောက်ျားနှစ်ယောက်က သူမကိုတားလာ၏။


“မင်္ဂလာပါ ရဲဘော်ထုံ ကျွန်တော်တို့ကအမျိုးသား လုံခြုံရေးဗျူရိုကပါ ကိစ္စတစ်ချို့မှာ မင်းရဲ့ပူးပေါင်းမှုကိုလိုအပ်နေလို့ပါ”


သူတို့နှစ်ယောက်ကပြောရင်းဖြင့် အလုပ်သက်သေခံကတ်များကို ထုတ်ပြလာသည်။


ယနေ့ခေတ်တွင် သက်သေခံကတ်အတုလုပ်တာမျိုးသိပ်မရှိပေ။ အတုလုပ်လျှင်တောင်မှ ဘယ်သူကမှ နိုင်ငံ့အစိုးရဌာနမှ သူများလို ဟန်မဆောင်ရဲပေ။


ထုံရွှယ်လူက ခေါင်းညိတ်ပြကာ သူတို့နှင့်အတူ အမျိုးသားလုံခြုံရေးဗျူရိုသို့လိုက်လာခဲ့သည်။


သူမက အမျိုးသားလုံခြုံရေးဗျူရိုသို့ရောက်သောအခါ ကျန်းပိုင်ဟွေ့အဖမ်းခံထားရသည်ကို သိလိုက်ရသည်။


သူမခံစားချက်များက အလွန်ရှုပ်‌ထွေးနေ၏။


“ရဲဘော်ထုံ ကျွန်တော်တို့အနေနဲ့ သူလျှိုနဲ့ဆက်သွယ်နေတဲ့သူကို ချမ်ချိုက်ရှင်းလို့သံသယရှိတယ် ဒါပေမယ့် အခုချိန်မှာဘာသက်သေမှမရှိသေးလို့ မြွေကိုခြောက်မိသလိုဖြစ်သွားမှာကို စိုးရိမ်နေရတယ်၊ မင်းကိုဒီလာခိုင်းရတဲ့ အကြောင်းရင်းက မင်းကိုကျန်းပိုင်ဟွေ့ရဲ့ စကားပြောပုံနဲ့ ပုံမှန်ပြောတတ်တဲ့စကားတွေကို ပြောပြစေချင်လို့ပါ၊ ကျွန်တော်တို့က ချမ်ချိုက်ရှင်းကို ငြိမ်သွားစေချင်တယ်”


အမျိုးသားလုံခြုံရေးဗျူရိုက သက်သေတစ်ချို့ကိုရှာတွေ့ထားပြီဖြစ်သည်။


ချမ်ချိုက်ရှင်းက အလှကုန်ပို့ရန်အတွက် တော်တော်ကြာလျှင်တစ်ခါ စာတိုက်သို့သွားတတ်၏။၎င်းက သူမ သူလျှိုနှင့်ဆက်သွယ်သောနည်းလမ်းဖြစ်သည်ဟု သူတို့ယူဆမိသည်။


သူတို့က သူမအရင်ပြဖူးသည့်လိပ်စာ၌သွားရှာသော်လည်း သူမအိမ်ပြောင်းသွားတာက အတော်ကြာပြီကိုသိလိုက်ရသည်။


ရန်သူက အလွန်သတိကြီးလေသည်။


သူတို့သက်သေလိုချင်ပါက ချမ်ချိုက်ရှင်းနှင့် တစ်ဖက်ရန်သူနောက်တစ်ခေါက်ပူးပေါင်းမည့်အချိန်ကိုစောင့်ရမှာဖြစ်သည်။သို့သော်အခုတွင်ကျန်းပိုင်ဟွေ့ကို ဖမ်းထားသဖြင့် ဒီနေ့သူမအလုပ်မလာသည်ကိုသိသွားပါက ချမ်ချိုက်ရှင်းက တစ်ခုခုမှားနေသည်ကို သေချာပေါက်သတိထားမိသွားလိမ့်မည်။


ထို့နောက်သူမက ထွက်ပြေးသွားနိုင်၏။သူတို့ကချမ်ချိုက်ရှင်းကို ဖမ်းနိုင်သော်လည်း သက်သေမရှိသဖြင့် အဆုံးတွင်တစ်ဖက်သူလျှိုကလွတ်သွားလိမ့်မည်။


သူတို့က သူလျှိုတစ်ယောက်ကိုမှ အလွှတ်မပေးနိုင်ပေ။


ထို့ကြောင့်သူတို့က ကျန်းပိုင်ဟွေ့နှင့်သူငယ်ချင်းဖြစ်သည့် ထုံရွှယ်လူကိုတွေးမိသွားကာ ကျန်းပိုင်ဟွေ့၏ပုံမှန်အပြုအမူကို ထုံရွှယ်လူဆီမှမေးပြီး ချမ်ချိုက်ရှင်းကိုလှည့်စားနိုင်မလားဆိုတာကိုစောင့်ကြည့်ရပေမည်။


ထိုအကြောင်းများကိုကြားပြီးသောအခါ ထုံရွှယ်လူက ခနငြိမ်သွားပြီး ပြောလိုက်သည်။

“တကယ်တော့ ကျွန်မမှာ စွမ်းရည်တစ်ခုရှိတယ်”


လက်ထောက်ညွှန်ကြားရေးမှုးကျန်းက မျက်ခုံးပင့်လိုက်သည်။

“ဘာများလဲ”


“ကျွန်မက အခြားသူတွေရဲ့အသံကိုတုပြီးပြောနိုင်တယ်”


ထိုသို့ပြောပြီးနောက် သူမကကျန်းပိုင်ဟွေ့အသံကိုသုံးကာ တစ်ခုခုပြောပြလိုက်သည်။


အခန်းထဲမှလူများ :! !


ထုံရွှယ်လူအခုပြောလိုက်သောအသံသည် ကျန်းပိုင်ဟွေ့နှင့်မတူဟုမပြောနိုင်ပေ။ချွတ်စွပ်နီးပါးတူနေသည်ဟုဆိုရမည်။


လက်ထောက်ညွှန်ကြားရေးမှုးကျန်းက စိတ်လှုပ်ရှားသွားသည်။

“ရဲဘော်ထုံ မင်းမှာဒီလိုအရည်အချင်းမျိုးရှိနေမယ်လို့မထင်ထားဘူး”


ထုံရွှယ်လူက ပေါ့ပေါ့ပါးပါးသာပြုံးပြလိုက်သည်။

“ကျွန်မက ဘာမှလုပ်စရာမရှိတဲ့အချိန်မှာ ဒီတိုင်းလျှောက်လေ့လာထားတာပါ”


လူတိုင်း : "..."


အမှန်တွင် အသံတုလုပ်ခြင်းကို အရင်ဘဝတွင်သင်ခဲ့ခြင်းဖြစ်သည်။သူမကအသံတုလုပ်ရသည်ကို အလွန်စိတ်ဝင်စားသဖြင့် ပိုက်‌ဆံအများကြီးအကုန်ခံကာ ကျွမ်းကျင်သူများဆီမှ လေ့လာခဲ့၏။


ထို့အပြင်ကျန်းပိုင်ဟွေ့၏အသံက သိပ်မထူးခြားကာ တုရတာလည်းလွယ်သဖြင့် လူတိုင်းကအံ့ဩသွားကြသည်။


အမျိုးသားလုံခြုံရေးဗျူရိုမှလူများသည် အစကကျန်းပိုင်ဟွေ့နှင့်အသံတူသည့် အမျိုးသမီးကိုရှာကာ ချမ်ချိုက်ရှင်းကိုဖုန်းဆက်ဖို့စီစဉ်ထားခြင်းဖြစ်သည်။


အခုချိန်တွင် သူတို့ဆီ၌ ထုံရွှယ်လူ၏စွမ်းရည်ရှိလာသဖြင့် ကိုင်တွယ်ရလွယ်သွားပြီဖြစ်သည်။


ချမ်ချိုက်ရှင်းက ရုံးသို့ရောက်လာချိန်တွင် ကျန်းပိုင်ဟွေ့ကမရောက်လာသေးပေ။


သူတို့နှစ်ယောက်က ပူးပေါင်းထားသော်လည်း သူမရှယ်ယာများကကျန်းပိုင်ဟွေ့၏နှစ်ဆရှိသဖြင့် သူမကအထက်လူကြီးဖြစ်သည်။


ထို့ကြောင့်ကျန်းပိုင်ဟွေ့က ပုံမှန်ဆိုလျှင် ရုံးကိုစောစောလာကာ ဝန်ထမ်းများကိုစီမံခန့်ခွဲပြီး စာရွက်စာတမ်းများကိုကိုင်တွယ်လေ့ရှိသည်။ချမ်ချိုက်ရှင်းက မနက်ဆယ်နာရီအထိအိပ်ကာ ဖြေးဖြေးချင်း အလုပ်လာလေသည်။


သို့သော်ဒီနေ့တွင်ကျန်းပိုင်ဟွေ့မရောက်သေးရာ အတော်လေးထူးဆန်းနေသည်။


ချမ်ချိုက်ရှင်းက အထဲဝင်ကာ အရှေ့စားပွဲမှဝန်ထမ်းကိုမေးလိုက်သည်။

“မန်နေဂျာကျန်းက ဒီနေ့အလုပ်မလားဘူးလား”


ဝန်ထမ်းကခေါင်းခါပြသည်။

“မလာသေးဘူးရှင့်၊တကယ်ကိုထူးဆန်းလိုက်တာ ပုံမှန်ဆိုရင် မန်နေဂျာကျန်းက မနက်စောစောလာနေကျ ဒီနေ့ကျမှဘာဖြစ်လို့ပါလိမ့်”


“ဒါဆိုရင် သူ မလာတာကို ခွင့်မတိုင်ထားဘူးလား”


“မတိုင်ထားဘူး”


ဝန်ထမ်းပြောသည်ကိုနားထောင်ပြီးသောအခါက ချမ်ချိုက်ရှင်းကရင်တုန်လာပြီး တစ်ခုခုမှားနေသလိုခံစားမိလာသည်။


သူတို့လိုသူလျှိုများသည် သတိအကြီးဆုံးဖြစ်သည်။တစ်ခုခုပြောင်းလဲသွားသည်နှင့် မကောင်းသည်များကိုသာ တွေးမိတတ်၏။


ချမ်ချိုက်ရှင်းက ‌အရှေ့စားပွဲမှဝန်ထမ်းအား ကျန်းပိုင်ဟွေ့၏အိမ်ကိုသွားကြည့်ဖို့ပြောတော့မည့်အချိန်တွင် ဖုန်းမြည်လာ၏။


‌အရှေ့စားပွဲမှဝန်ထမ်းက ဖုန်းကိုင်လိုက်ပြီးနောက်တွင် သူမမျက်နှာကတောက်ပလာ၏။

“မန်နေဂျာကျန်းလား အခုဘဲဒါရိုက်တာချမ်က ရှင့်အကြောင်းပြောနေတာ ဒါရိုက်တာချမ်ကိုဖုန်းလွှဲပေးလိုက်မယ်နော်”


ချမ်ချိုက်ရှင်းက ကျန်းပိုင်ဟွေ့ဖုန်းခေါ်လာသည်ကို ကြားလိုက်ရသောအခါ သံသယမဝင်တော့ပေ။


သူမဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှကျန်းပိုင်ဟွေ့ပြောလာသည်ကို ကြားလိုက်ရသည်။


“ရှင်းရှင်း ငါ့ရဲ့ထျန်းယိက လက်ထောက်ခေါင်းဆောင်ရာထူးတိုးခံလိုက်ရပြီ ဌာနကသူ့ကိုပရောဂျက်အသစ်ကိုင်ဖို့ တာဝန်ချပေးလာတယ်၊ မနေ့ကမှသူဖုန်းခေါ်‌လာတာ ငါတို့ကဒီနေ့ဌာနမှာ ဂုဏ်ပြုပွဲသွားလုပ်ကြမလို့”


ချမ်ချိုက်ရှင်းက မျက်ခုံးပင့်လိုက်သည်။

“တကယ်လား ရဲဘော်လျန်ကရာထူးတိုးသွားပြီလား”


“တကယ်ပေါ့ဟ” 

ကျန်းပိုင်ဟွေ့က ဂုဏ်ယူစွာပြောလာ၏။

“တကယ်တော့ ထျန်းယိပြန်လာကတည်းက ဌာနခေါင်းဆောင်တွေက ရာထူးတိုးပေးချင်နေတာ၊ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ထျန်းယိကိုစမ်းသပ်ချင်လို့ဆိုပြီး သာမာန်သုတေသီရာထူးဘဲပေးလိုက်တာတဲ့”


“လက်စသတ်တော့ အဲ့လိုကိုး”


“ငါဌာနချုပ်မှာ နှစ်ရက်လောက်နေဖြစ်မယ်ထင်တယ် အဲ့ဒီကကိစ္စတွေကို နင်ဘဲစီစဉ်ထားလိုက်နော် ကုမ္ပဏီမှာ ပြသနာတစ်ခုခုဖြစ်သေးလား”


“ဘာပြသနာမှမဖြစ်ပါဘူး ဒါနဲ့ ရဲဘော်လျန်ကိုဂုဏ်ပြုပါတယ် အရမ်းပျော်စရာကောင်းတဲ့ကိစ္စဘဲ၊ နင့်အဲ့ဒီမှာရက်နည်းနည်းလောက် ဆက်နေလိုက်လေ”


ကြာကြာနေလေ အချက်အလက်တွေပိုရလေဘဲ၊ အဲ့လိုဆို သတင်းလဲလို့ရတဲ့တန်ဖိုးကလည်းမြင့်လာလိမ့်မယ်။


ကျန်းပိုင်ဟွေ့က ရယ်သာရယ်လိုက်‌သည်။

“ဟုတ်ပြီလေ ဒါဆိုငါဖုန်းချလိုက်တော့မယ် ငါပြန်လာတာကိုစောင့်နေနော်”


ချမ်ချိုက်ရှင်းက နားလည်ကာ ခေါင်းညိတ်လိုက်သည်။

“အင်းပါ နောက်မှပြောကြတာပေါ့”


ဖုန်းခေါ်ဆိုမှုများကို မှတ်တမ်းတင်ထားသဖြင့် သူတို့ကအရေးကြီးသည့်ကိစ္စများကို ဖုန်းဖြင့်မပြောကြပေ။


ဖုန်းချပြီးသောအခါ အမျိုးသားလုံခြုံရေးဗျူရိုမှသူများက ထုံရွှယ်လူကိုလက်မထောင်ပြလာသည်။

 “ရဲဘော်ထုံ မင်းရဲ့အသံတုတဲ့စွမ်းရည်က တကယ်အံ့ဩဖို့ကောင်းတာဘဲ”


အသံတူရုံတင်က လေသံကပါအလွန်တူ၏။တစ်ဖက်လူက လုံးဝသံသယမဝင်သွားပေ။


ထုံရွှယ်လူက နှိမ့်နှိမ့်ချချသာနေသည်။

“နိုင်ငံအတွက်လုပ်ပေးရတာ ကျွန်မရဲ့ဂုဏ်ပါဘဲ”


ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိတို့သူလျှိုဖြစ်နေသည့်ကိစ္စကို သူမကိုခံစားချက်မကောင်းဖြစ်စေ၏။


“ရဲဘော်ထုံက အရမ်းအမြင်မှန်ရှိတာဘဲ လူတိုင်းသာမင်းလိုဆိုရင် ပြသနာတွေအတော်ရှင်းသွားမှာ”


သူမက ဟိုကျေးဇူးကန်းသည့် လူယုတ်မာလင်မယားလိုမဟုတ်ပေ။


အထူးသဖြင့် လျန်ထျန်းယိပင်။နိုင်ငံတော်က သူပြည်ပတွင်ပညာသင်နိုင်အောင်ထောက်ပံ့ပေးခဲ့၏။ဒီလိုနည်းနဲ့ အမိမြေကိုကျေးဇူးဆပ်တာလား။ တကယ်ကိုကျေးဇူးမသိတတ်တဲ့သူတွေ။


ချမ်ချိုက်ရှင်းက ဖုန်းချလိုက်ကာ အလွန်ပျော်သွား၏။


လျန်ထျန်းယိကရာထူးတိုးသွားပြီး ပရောဂျက်အသစ်များကိုကိုင်ရမည့် အဓိပ္ပါယ်မှာ သူမကပိုက်ဆံအများကြီးထပ်ရှာနိုင်တော့မည်ဟု ဆိုလိုနေ၏။


ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် သူမက သိုလှောင်ခန်းထဲသွားကာ အလှကုန်တစ်စုံကို ထုတ်ပိုးပြီး စာတိုက်ဆီသို့လျှောက်လာခဲ့သည်။


သို့သော်သူမစာတိုက်ထဲမှ ထွက်လာလာချင်းမှာပင် အဖမ်းခံလိုက်ရ၏။


ချမ်ချိုက်ရှင်းက အော်ဟစ်လိုက်ပြီးနောက် သူမရှေ့မှလူကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် သူမခြေထောက်များကပျော့ခွေသွားသည်။


သူမတော့ သွား ပြီ ဘဲ။


ချမ်ချိုက်ရှင်း အဖမ်းခံလိုက်ရပြီးနောက် အမျိုးသားလုံခြုံရေးဗျူရိုမှ လူများကသူမပစ္စည်းပို့လိုက်သည့်လမ်းကြောင်းအတိုင်းလိုက်သွားကြသည်။


သို့သော်သူလျှိုက အလွန်သတိကြီး၏။မြွေကိုမလှန့်မိစေရန်အတွက် သူတို့ကအလွတ်စုံထောက်တစ်ဦးကို စာပို့သမားဟန်ဆောင်ခိုင်းကာ တံခါးဖွင့်လာသည်နှင့် ချက်ချင်းဖမ်းချုပ်လိုက်သည်။


သူလျှိုက အသက်သုံးဆယ်ကျော်ယောက်ျားတစ်ယောက်ဖြစ်ကာ သာမာန်ရုပ်ရည်ရှိပြီး ရုပ်မဆိုးသလို ချောလည်းမချောပေ။သူ့ပုံစံက လူကြားထဲတွင် အလွယ်တကူပျောက်သွားနိုင်သည့် ရုပ်မျိုးဖြစ်သည်။


စစ်မေးပြီးသောအခါ ထိုလူကနယ်ဘက်ရောက်သွားသည့် ပညာတတ်လူငယ်ဖြစ်သည်ကိုသိလိုက်ရသည်။သူကကျေးလက်ဘက်တွင် ဆယ့်ငါးနှစ်ကျော်နေခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်ကျင်းပလာသောအခါ ဝင်ဖြေခဲ့သော်လည်း ကျရှူံးသွားသည်။


ထို့နောက်တွင် နိုင်ငံခြားထွက်ကာ သုံးနှစ်လောက်အလုပ်လုပ်ခဲ့သည်။မနှစ်ကမှတရုတ်ပြည်ကိုပြန်ရောက်လာခြင်းဖြစ်ကာ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာပြီး ကင်မရာတစ်လုံးသယ်ကာ နေရာအနှံ့ဓာတ်ပုံလိုက်ရိုက်လေ့ရှိသည်။


ချမ်ချိုက်ရှင်းက ရလာသောအချက်အလက်များကို စုစည်းပေးပြီးနောက် ထိုလူကပြည်ပမှသူလျှိုများကို ဆက်သွယ်ပေးသည်။


စုံစမ်းရေးအဖွဲ့က ထိုလူ၏အိမ်တွင် ဝင်စစ်ဆေးသောအခါ သက်သေအများအပြားတွေ့ရှိခဲ့ပြီး အခိုးခံရသောပစ္စည်းများလည်းပါ၏။


ထို့နောက် အမှုကိစ္စကချောမွေ့သွားသည်။


အစပိုင်းတွင် ချမ်ချိုက်ရှင်းကဝန်မခံဘဲ ငြင်းသော်ငြား သက်သေအခိုင်အမာများကိုတွေ့လိုက်ရသောအခါ သည်းမခံနိုင်တော့ဘဲ ဝန်ခံလာသည်။


ချမ်ချိုက်ရှင်းငယ်ငယ်ကတည်းက အကြီးမားဆုံးရည်မှန်းချက်မှာ သူမအဖေလိုသံတမန်တစ်ယောက်ဖြစ်လာရန်ဖြစ်သည်။ထို့ကြောင့် သူမက ကောလိပ်ဝင်ခွင့်တွင် တွေဝေမှုမရှိဘဲ နိုင်ငံခြားဘာသာစကားဌာနကိုရွေးချယ်ခဲ့သည်။သို့သော် ဤဆန္ဒက ထုံရွှယ်လူကြောင့်ပျက်စီးသွားသည်။


ထိုအချိန်တုန်းက ထုံရွှယ်လူကိုပစ်မှတ်ထားနိုင်ရန်အတွက် သူမကတမင်တကာပင် သူမ၏သွေးဝေးဆွေမျိုးချမ်ရုန်ရုန်အား ဝမ်ရူကွေ့ကိုဆွဲဆောင်စေခဲ့သည်။ အဆုံးတွင်သူမလုပ်ဆောင်မှုများကြောင့် နိုင်ငံခြားရေးရာဝန်ကြီးဌာနတွင် အလုပ်သင်ဆင်းမည့် အခွင့်အရေးကိုဆုံးရှူံးလိုက်ရသည်။


နောက်ပိုင်းတွင် သူမဘယ်လိုဘဲကြိုးစားပါစေ၊ သူမမိသားစုကအဆက်အသွယ်ဘယ်လောက်သုံးနေပါစေ နိုင်ငံခြားရေးရာဝန်ကြီးဌာနကို မဝင်နိုင်တော့ပေ။


သူမ၏စိတ်သဘောထားနှင့် ကိုယ်ကျင့်စရိုက်များသည် စံနှုန်းမမှီခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုအပိုင်းတွင် အတော်လေးတင်းကြပ်သည့် လိုအပ်ချက်များရှိ၏။


သူမက ရွေးစရာမရှိတော့ဘဲ နိုင်ငံခြား၌ ကိုယ့်စားရိတ်နှင့်ကိုယ် စာသင်ခဲ့ရသည်။ ပြည်ပ၌စာလေ့လာနေချိန်တွင် သူလျှိုများနှင့် အဆက်အသွယ်ရလာခဲ့၏။နောက်ပိုင်းတွင် သူမကပိုက်ဆံ၏ဆွဲဆောင်မှုကို တောင့်မခံနိုင်တော့ဘဲ သူလျှိုဖြစ်လာခဲ့သည်။


စိတ်အေးအေးဖြင့် သူလျှိုလုပ်နိုင်ရန်အတွက် သူမက ပင်စင်ယူထားသည့် သူမမိဘများကို မစိုးရိမ်ရအောင် ပြည်ပသို့ရွှေ့ပြောင်းစေခဲ့သည်။


သူမက စုစုပေါင်းအချက်အလက်ငါးဆယ်ကျော်ကို ရောင်းချခဲ့ကာ တုန်းဖန်း-5ကအကြီးဆုံးဖြစ်သည်။သူမက ထိုအချက်အလက်များကို ကျန်းပိုင်ဟွေ့ဆီမှရခဲ့၏။


ကျန်းပိုင်ဟွေ့က ထိုအချက်အလက်များကို သူ့ယောက်ျားဆီမှသိလာခြင်းဖြစ်သည်။လျန်ထျန်းယိက ထိုအချက်အလက်တွေကိုဘယ်သူ့ဆီကရလာသလဲဆိုတာကိုတော့ သူမလည်းမသိပေ။


ချမ်ချိုက်ရှင်းက ဝန်ခံလိုက်ရာ ကျန်းပိုင်ဟွေ့ဝန်မခံလည်းဘာမှမထူးတော့ပေ။သက်သေအားလုံးက ရှင်းနေပြီဖြစ်သဖြင့် သူမငြင်း၍မရတော့ပေ။


သို့သော် မမျှော်လင့်ထားမိသည်မှာ စုံစမ်းရေးအဖွဲ့က လျန်ထျန်းယိကိုဘယ်သူသတင်းပေးတာလဲဟု မေးလိုက်သည့်အချိန်၌ အံ့ဩစရာကောင်းစွာပင် သူမက ဝမ်ရူကွေ့ဟုဖြေလာခဲ့သည်။


ထုံရွှယ်လူက ဤကိစ္စကိုကြားလိုက်ရသောအခါ ကျန်းပိုင်ဟွေ့အပေါ်တွင်ရှိသည့် ခင်မင်မှုလေးက လုံးဝလောင်ကျွမ်းသွားသည်။


“လက်ထောက်ညွှန်ကြားရေးမှုးကျန်း ကျွန်မခင်ပွန်းက တိုင်းပြည်ကိုသစ္စာဖောက်တဲ့ ဘာကိစ္စကိုမှမလုပ်ဘူးဆိုတာကို ကျွန်မအာမခံပါတယ်”


လက်ထောက်ညွှန်ကြားရေးမှုးကျန်းက သူမကိုကြည့်လာသည်။

“ရဲဘော်ထုံ စိတ်ရှည်ရှည်ထားပါ၊ ကျွန်တော်တို့က သူလျှိုတွေမဆိုင်တဲ့ဆွဲထည့်တာမျိုးကို အများကြီးကြုံဖူးပါတယ်၊ သူလျှိုတစ်ယောက်မှ လွယ်လွယ်လေးအလွှတ်ပေးမှာမဟုတ်သလို မဆိုင်တဲ့လူကောင်းကိုလည်း မှားစွပ်စွဲမှာမဟုတ်ပါဘူး”


သူတို့က ဝမ်ရူကွေ့နှင့်အခြားသုတေသီများကို စစ်ဆေးပြီးပြီဖြစ်ကာ ဘာသံသယဝင်စရာမှမတွေ့ရပေ။


အခုတွင်ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့အမည်ကိုပြောလာသဖြင့် သူတို့ကမယုံသော်လည်း လုပ်သင့်သည့်ကိစ္စများကိုတော့ လုပ်ရဦးမှာဖြစ်သည်။


“ကျွန်မနားလည်ပါပြီ ရှင်တို့တွေကလူကောင်းကိုမှားပြီး မစွပ်စွဲဖို့မျှော်လင့်ပါတယ်”


ကျန်းပိုင်ဟွေ့က သူမကိုအလွန်မုန်းနေသဖြင့် သူမတို့ကိုပါပြသနာထဲဆွဲထည့်သွားမည်ဟု မမျှော်လင့်ထားမိပေ။