အပိုင်း၃၇၄
Viewers 67k

🍵Chapter 374



ထုံရွှယ်လူက ရင်ထဲတွင်တနုံ့နုံ့ဒေါသထွက်ကာ အိမ်ပြန်ရောက်လာခဲ့သည်။ သူမအထဲဝင်ဝင်ချင်းမှာပင် အမြွှာနှစ်ယောက်က သူမဆီပြေးလာ၏။


“မေမေ သားဒီနေ့ စကားလုံးအသစ်ငါးဆယ်တောင် ထပ်လေ့လာခဲ့တယ် သားကိုဘာဆုချမှာလဲဟင်”


ရှောင်ယန်းယန်က သူ့အမေ၏ခြေထောက်ကိုဖက်ကာ မော့ကြည့်နေ၏။သူ့မျက်နှာပေါ်တွင် ‘မေမေသားကိုချီးကျူးပါ ၊ သားကြက်ခြေထောက်နဲ့ပေါက်စီစားချင်တယ်’ ဟုရေးထားလေသည်။


ရှောင်ရန်ရန် သူတို့ဒီနေ့လုပ်ခဲ့သည့် အိမ်စာစာရွက်ကိုထုတ်ကာ အပေါ်မှအမှတ်များကို လက်ညှိုးထိုးပြလိုက်သည်။

“မေမေ သမီးကဒီနေ့အဘိုးနဲ့စာအတူလုပ်ခဲ့တယ်၊ သမီးက တရုတ်စာမှာ ၁၀၀၊သင်္ချာ၁၀၀ရတယ် အစ်ကို့ထက်တစ်မှတ်ပိုများတယ်....”


ယနေ့တွင် ရှောင်ရန်ရန်က စကပ်ပန်းရောင်ဝတ်ထားကာ သူမပုံစံလေးက ပိုနူးညံ့ပြီးချစ်စရာကောင်းနေ၏။ခေါင်းတွင် ကလစ်လေးနှစ်ခုကိုပန်ထားကာ ကြွေရုပ်လေးလိုလှပနေသည်။


ရှောင်ယန်းယန်က သူ့ညီမတစ်ယောက် အမှတ်များပြမည်ဟုမထင်ထားခဲ့ပေ။သူက မျက်မှောင်ကြုတ်ကာ ဒေါသဖြင့်ပြောလိုက်သည်။

“ရန်ရန် နင်ကမကောင်းဘူး အမေ့ကိုမပြောပြဘူးဆိုပြီးတော့ နင်ငါ့ကိုကတိပေးထားတယ်လေ”


သူကမေးခွန်းတိုင်းကိုသိသော်လည်း သေချာဂရုစိုက်ပြီး မဖြေသဖြင့် တစ်မှတ်လျော့သွားသည်။သူ့အမေမသိစေရန်အတွက် သူ့ညီမကို ဆယ်ယွမ်ပေးကာလာဘ်ထိုးခဲ့ရသည်။


သူ့ညီမက လာဘ်ထိုးငွေကိုလက်ခံပြီးမှ တိုင်ပြောလာမည်ဟုမထင်ထားခဲ့ပေ။ တကယ်‌ဆိုးတာဘဲ။


ရှောင်ရန်ရန်က မျက်လုံးဝိုင်းကြီးများဖြင့် မျက်စောင်းထိုးလာသည်။

“ကိုကို ဒါကမလှည့်စားတတ်တာလို့ခေါ်တယ်”


ရှောင်ယန်းယန်: ဝူး ဝူးး


ထုံရွှယ်လူက အစတွင်ဒေါသထွက်နေပြီး ကျန်းပိုင်ဟွေ့ကိုဘယ်လိုသင်ခန်းစာပေးရမည်ကိုစဉ်းစားနေခဲ့၏။အခုချိန်တွင်မူ သူမဒေါသများက နေရောင်အောက်မှ နှင်းစက်များလို အငွေ့ပျံ့သွားလေသည်။


ကျန်းပိုင်ဟွေ့က လမ်းဆုံးရောက်နေပြီဖြစ်ကာ မနက်ဖြန်မရှိတော့သည့်သူဖြစ်သည်။အဲ့လိုလူမျိုးပေါ်မှာ ဘာလို့အချိန်ကုန်ခံ‌မှာလဲ။


သူမက သူမမိသားစု၊သူမသားသမီးများနှင့်သာ အချိန်ဖြုန်းသင့်ပေသည်။


ထိုသို့တွေးပြီးနောက် သူမကပြုံးလိုက်သည်။

“ယန်းယန်က ဂရုမစိုက်ဘဲလုပ်ပြန်ပြီလား သား အမေ့ကိုဘယ်လိုကတိပေးထားလဲ”


ရှောင်ယန်းယန်က သူ့ကိုယ်လုံးလေးကို တွန့်လိမ်လာသည်။

“သားက မေးခွန်းဖြေနေရင်း အမေ့ကိုသတိရသွားလို့ အာရုံလွင့်သွားတာပါ”


ထုံရွှယ်လူက သူမသားသည် အသက်ငယ်ငယ်လေးနှင့်ဉာဏ်များတတ်နေပြီဖြစ်သောကြောင့် ရယ်ရမလား၊ငိုရမလားတောင်မသိတော့ပေ။


သူမက သူမသား၏ခေါင်းကိုပွတ်ပေးလိုက်သည်။

“သားက အမေ့ကိုသတိရလို့ဆိုရင်တောင် သားအမှားဘဲလေ၊ အဲ့ဒါကြောင့်ဒီနေ့အတွက် သားဆီကကြက်ပေါင်တစ်ချောင်းနှုတ်လိုက်မယ်၊ ကန့်ကွက်စရာရှိလား’


ရှောင်ယန်းယန်က နှုတ်ခမ်းများကိုစေ့ကာ လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြလေသည်။

“သားမှာ ကန့်ကွက်စရာမရှိပါဘူး”


ထုံရွှယ်လူက စိတ်ကျေနပ်မှုအပြည့်နှင့်ခေါင်းညိတ်လိုက်ကာ သူမသမီးမျက်နှာလေးကိုလှည့်နမ်းလိုက်သည်။

“ရန်ရန်က ဒီနေ့ကောင်းကောင်းလုပ်ခဲ့တယ် အမေကိုတစ်ခု‌ခုတောင်းဆိုလို့ရတယ်”


ရုတ်တရက်ပင် ရှောင်ရန်ရန်၏အေးစက်နေသည့်မျက်နှာလေးက နီရဲလာကာ ချစ်စရာကောင်းသည့်ဝါဂွမ်းအင်္ကျီလေးအသွင်ပြောင်းသွားသည်။သူမကထုံရွှယ်လူမျက်နှာကိုပွတ်သီးပွတ်သပ်လုပ်ကာ ပြောလာ၏။

“မေမေ သမီးဒီနေ့ညကျရင် မေမေနဲ့အတူအိပ်ချင်တယ်”


ထုံရွှယ်လူက သူမသမီးကြောင့်အရည်ပျော်သွားသည်။

“ဟုတ်ပါပြီ ရန်ရန်က ညကျရင်မေမေနဲ့ အတူအိပ်လို့ရတယ်”


ရှောင်ယန်းယန်က အလောတကြီးဖြစ်လာကာ သူရှိကြောင်းပြရန်အတွက် ခြေဖျားလေးထောက်ကာ မတ်တပ်ရပ်လာသည်။

“မေမေ သားလည်း မေမေနဲ့အတူအိပ်ချင်တယ်”


ထုံရွှယ်လူပြန်မဖြေရသေးခင်မှာပင် ရှောင်ရန်ရန်ကဝင်ပြောလာ၏။

“မရဘူး ကိုကိုကယောက်ျားလေးလေ မေမေနဲ့အတူအိပ်လို့မရဘူး”


ရှောင်ယန်းယန်က လက်မခံဖြင့် အကျိုးအကြောင်းပြကာ ပြန်ငြင်းသည်။

“ယောက်ျားလေးနဲ့မိန်းကလေးက အသက်ခုနစ်နှစ်ကျော်သွားမှ အတူမအိပ်သင့်တော့တာ ငါကအခုမှလေးနှစ်ဘဲရှိသေးတယ်လေ မေမေနဲ့အတူအိပ်လို့ရတယ်”


ရှောင်ရန်ရန်:“ ‌အဖေပြောတာ မရဘူးတဲ့၊ အဖေက ဒီအိမ်ရဲ့အိမ်ထောင်ဦးစီး ကိုကိုက အဖေ့စကားကိုနားထောင်ရမယ်”


ထုံရွှယ်လူက နှစ်ယောက်လုံးကို လက်တစ်ဖက်စီတွင်ကိုင်ထားလိုက်သည်။

“ဟုတ်ပါပြီ မငြင်းနေနဲ့တော့ အမေဟင်းချက်တော့မှာ ဘယ်သူတွေကကူလုပ်ပေးမှာလဲ”


“မေမေ သားကအရွက်တွေကိုဆေးပေးမယ်”


“မေမေ သမီးက ကြက်သွန်ဖြူခွာတတ်တယ်”


“နှစ်ယောက်လုံးက အရမ်းတော်တာဘဲ”


ညနေခင်းနေရောင်က သူတို့အပေါ်ဖြာကျနေပြီး လေတိုက်လာသောအခါ ထုံရွှယ်လူ၏ခံစားချက်များကလည်း လုံးဝတည်ငြိမ်သွားသည်။


**

လျန်ထျန်းယိက ချမ်ချိုက်ရှင်းအဖမ်းခံလိုက်ရပြီး သူ့မိန်းမကလည်းဝန်ခံပြီးသည်ကိုကြားသောအခါ လန့်သွားသော်လည်း ဘာမှမပြောလာပေ။


သူက အသနားခံရန်ငြင်းဆန်ကာ သူ့ကိုသတင်းပေးသည့် သုတေသီကဘယ်သူဆိုတာကိုတောင် မပြောပြဘဲ အသံတိတ်သာခုခံနေ၏။


စုံစမ်းရေးအဖွဲ့ဌာနတွင် ပူးတွဲစစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့ကပစ်မှတ်ကိုရှာတွေ့သွားကာ တစ်ဖက်လူကိုတိတ်တဆိတ်ဖမ်းချုပ်ထားသည်။သို့သော် လျန်ထျန်းယိ၏ဝန်ခံချက်မရှိပါက တစ်ဖက်လူကိုအပြစ်မပေးနိုင်ပေ။


ဌာနခေါင်းဆောင်များက လျန်ထျန်းယိကိုလာဖြောင်းဖြကြသော်လည်း သူကမလှုပ်မရှားငြိမ်နေဆဲသာဖြစ်သည်။


အဆုံးတွင် ဝမ်ရူကွေ့ဘက်မှအရင် လျန်ထျန်းယိနှင့်စကားပြောကြည့်ရန် တောင်းဆိုလိုက်သည်။


စစ်ဆေးရေးအခန်းထဲသို့ရောက်‌ပြီးနောက် ဝမ်ရူကွေ့က မမြင်ရတာကြာပြီဖြစ်သည့် လျန်ထျန်းယိကိုမြင်လိုက်ရသည်။


လေးငါးရက်လောက်သာရှိသေးသော်လည်း သူ့ပုံစံကအလွန်မျက်တွင်းကျနေ၏။


ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးကာ အင်္ကျီကို တွန့်ရာတစ်ခုမှမရှိအောင်ဝတ်ထားသော်လည်း သူ့မျက်လုံးများက သွေးလိုနီရဲနေကာ မျက်ကွင်းညိုနေ၏။ပိုလန့်စရာကောင်းသည်မှာ သူ့ခေါင်း၌ ဆံပင်ဖြူများထွက်လာခြင်းပင်။


ဝမ်ရူကွေ့က အထဲဝင်လာကာ သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။


လျန်ထျန်းယိက သူ့ကိုမြင်သောအခါ မျက်တောင်ခတ်လိုက်သော်လည်း ထို့နောက်အလျင်အမြန်ခေါင်းငုံ့သွားကာ ဘာမှမပြောဘဲ ကြမ်းပြင်ကိုသာငုံ့ကြည့်နေ၏။


ဝမ်ရူကွေ့၏ အသံဩဩက စစ်ဆေးရေးခန်းထဲတွင် ထွက်လာသည်။

“ငါမင်းကို ကောလိပ်မှာတုန်းက ပထမဆုံးတွေ့ခဲ့တာကိုမှတ်မိသေးတယ်၊ ငါမေးတဲ့မေးခွန်းတွေကို ဘယ်သူမှမ‌သိဘူး မင်းတစ်ယောက်ဘဲဖြေနိုင်ခဲ့တာ၊ အဲ့ဒီအချိန်‌မှာ ငါတွေးလိုက်တာက မင်းကိုသာကောင်းကောင်းလေ့ကျင့်ပေးနိုင်သရွေ့ အနာဂတ်မှာသေချာပေါက်ဖြစ်မြောက်လာပြီး နိုင်ငံအကျိုးပြုနိုင်မယ့်သူဖြစ်လာမယ်ဆိုပြီးတော့ပေါ့”


“မင်းက ဆရာတွေမျှော်လင့်ထားသလို တကယ်ဖြစ်လာခဲ့တယ်၊ ထူးချွန်တဲ့ရလဒ်တွေနဲ့ နိုင်ငံတော်ထောက်ပံ့ကြေးကိုရယူနိုင်ခဲ့တယ်၊ ပြီးတော့ ပြည်ပကနေပြန်လာခဲ့တယ်၊ မင်းတရုတ်ပြည်ကိုပြန်လာချင်တယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာ ခေါင်းဆောင်ကဘယ်လောက်တောင်ပျော်နေလဲသိလား၊ သူက ငါတို့တိုင်းပြည်မှာ မင်းလိုကျေးဇူးသိတတ်ပြီး ကျေးဇူးပြန်ဆပ်တဲ့လူထူးချွန်မျိုးတွေလိုအပ်နေတာလို့ ပြောလာတယ်”


နိုင်ငံတော်က လူအများအပြားက ‌ပညာသင်ရန်ထောက်ပံ့ပေး၏။သို့သော်ထိုလူများထဲမှတစ်ချို့သည် ပြည်ပထွက်ပြီးနောက်တွင် အပြင်ဘက်မှအရောင်အသွေးစုံလောကကြီး၏ဆွဲဆောင်မှုကိုခံလိုက်ရသည်။ ပြည်ပတွင်ကောင်းကောင်းမွန်မွန်ဆုလဒ်များရသဖြင့် အမိနိုင်ငံကိုပြန်မလာကြတော့ပေ။


သို့သော်လျန်ထျန်းယိကပြန်လာခဲ့သဖြင့် ဌာနခေါင်းဆောင်နှင့်အကြီးအကဲများက အလွန်ပျော်ခဲ့ရသည်။


လျန်ထျန်းယိက ကြမ်းပြင်ပေါ်သာငုံ့ကြည့်နေကာ အသံတိတ်နေဆဲဖြစ်သည်။


“ယောက်ျားကောင်းတစ်ယောက်က လုပ်သင့်တာ၊မလုပ်သင့်တာကိုသိရတယ်၊ မင်းဘာလို့ဒီလမ်းကိုရွေးချယ်ခဲ့တာလဲ ဒါကပြန်လမ်းမရှိတဲ့လမ်းဆိုတာကို မင်းသိလား၊ မင်းဒီကိုပြန်မလာဖို့ရွေးချယ်လိုက်ရင်တောင် သူလျှိုလုပ်ပြီးနိုင်ငံလျှို့ဝှက်ချက်တွေကိုပေါက်ကြားစေမှာထက် ပိုကောင်းလိမ့်မှာ”


“တုန်းဖန်း-5က ငါတို့တွေဆယ်နှစ်ကျော်ရှာဖွေလေ့လာခဲ့ရတဲ့ ပရောဂျက်ကြီး၊ ဒါပေမယ့် မင်းကြောင့်ပျက်စီးသွားပြီ မင်းက ကြိုးကြိုးစားစားလုပ်ပြီး နိုင်ငံတော်ကိုအကျိုးပြုနေတဲ့ သုတေသီတစ်ယောက်ဖြစ်‌သင့်သေးရဲ့လား ထျန်းယိ မင်းတကယ်ဘဲငါ့ကိုစိတ်ပျက်စေတယ်”


လျန်ထျန်းယိက ရုတ်တရက်ခေါင်းမော့လာပြီး ခြောက်သွေ့စွာပြုံးပြလာသည်။

“ကျွန်တော်ကရောဒါကိုလုပ်ချင်နေတယ်လို့ ထင်လို့လား၊ ကျွန်တော်မလုပ်ချင်ဘူး ဒါပေမယ့် ရွေးချယ်စရာမရှိတော့ဘူး”


“ကျွန်တော်နိုင်ငံခြားမှာ လေးနှစ်စာသွားသင်ခဲ့တယ်၊ ပြည်ပကုမ္ပဏီတွေကပေးတဲ့ အကျိုးအမြတ်ကြီးတွေကိုငြင်းပြီး အမိမြေကိုပြန်အကျိုးပြုချင်ခဲ့တာ၊ ဒါပေမယ့် အမိမြေကတော့ ကျွန်တော့်ပေါ်ကိုရေအေးတွေဘဲလောင်းချလာတယ်”


ဌာနတွင် သာမာန်သုတေသီနေရာမှသာစတင်ရ၏။သို့သော် သူတို့ပြန်လာပြီးသည့်နောက်တွင် သူ့အမေနှင့်မိန်းမက သူ့ကိုခေါင်းဆောင်များကတန်ဖိုးထားကာ သေချာလေ့ကျင့်ပေးမည်ဟု လိုက်ပြောခဲ့ကြသည်။အမှန်တရားက သူ့ကိုရိုက်ခတ်လာသောအခါ မျက်နှာပျက်ခဲ့ရ၏။


သူက မျှော်လင့်ထားသလိုမဖြစ်ခဲ့သဖြင့် ကျန်းပိုင်ဟွေ့က သူ့ကိုအသုံးမကျသောသူဟု အချိန်ပြည့် အပြစ်တင်နေခဲ့သည်။

 

သူ့ကိုယ်သူလည်း ဝမ်ရူကွေ့နှင့်ယှဉ်ကြည့်မိနေကာ ယောက်ျားမာနက နင်းချေပြီးရင်းနင်းချေခံခဲ့ရလေသည်။


ဝမ်ရူကွေ့၏မျက်နှာက ရေခဲတမျှအေးစက်နေ၏။

“ဘာဆင်ခြေကမှ မင်းတိုင်းပြည်ကိုသစ္စာဖောက်သင့်တဲ့ အကြောင်းရင်းမဟုတ်ဘူး တိုင်းပြည်ကမင်းကိုအကြွေးမတင်ထားဘူး မင်းကသာတိုင်းပြည်အပေါ်အကြွေးတင်နေတာ”


“မင်းကဘာလို့ အရေးကြီးတဲ့ပရောဂျက်မှာတာဝန်မပေးခံရတာလဲသိလား၊ ဘာလို့လဲဆိုတော့ မင်းကအရမ်းစိတ်မြန်လက်မြန်ရှိလွန်းလို့ဘဲ၊ ငါတို့နယ်ပယ်မှာ အတားမြစ်ဆုံးအရာက စိတ်လောတာမျိုးမဖြစ်ဖို့ဘဲ၊ ခေါင်းဆောင်က မင်းရဲ့စိတ်ကိုလေ့ကျင့်ပေးပြီး တစ်ချိန်တည်းမှာစမ်းသပ်ဖို့လုပ်ထားတာ မင်းသာစမ်းသပ်မှုကိုအောင်သွားရင် ဌာနကမင်းကို ထိပ်တန်းသုတေသီဖြစ်အောင်လေ့ကျင့်ပေးမှာ၊ ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ စိတ်မကျေနပ်လို့နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တယ်လေ”


လျန်ထျန်းယိက အရည်အချင်းရှိသော်လည်း ဘယ်သူဘဲဖြစ်နေပါစေ ဌာနက ပြည်ပမှအခုတင်ပြန်ရောက်လာသောသူများကို အရေးကြီးသည့်ပရောဂျက်များ၌ ဝင်ပါခိုင်းမည်မဟုတ်ပေ။


လျန်ထျန်းယိက မျက်လုံးပိတ်လိုက်ကာ မျက်ရည်များက သူ့မျက်လုံးထောင့်မှစီးကျလာသည်။ ဘေးတွင်ချထားသည့်လက်များက တင်းတင်းဆုပ်ထားရာ သွေးကြောများတောင် ထင်းနေ၏။


အမှားတစ်ခုလုပ်မိလျှင် လုပ်ပြီးမှသာနောင်တရတတ်ကြသည်။


သို့သော်နောင်တရရန်သိပ်နောက်ကျသွားပြီဖြစ်သည်။


အချိန်တစ်ချို့ကြာပြီးနောက် သူကမျက်လုံးပြန်ဖွင့်ကာ ဝမ်ရူကွေ့ကိုကြည့်လာ၏။


“ပါမောက္ခဝမ် ကျွန်တော်သိချင်တာတစ်ခုရှိတယ်၊ ကျွန်တော်သာအရာအားလုံးကိုပြောပြရင် ကျွန်တော့်သားနဲ့အမေကိုအလွှတ်ပေးနိုင်မလား”


ဝမ်ရူကွေ့ :“ငါမလုပ်နိုင်ဘူး ဒါပေမယ့်မင်း သားနဲ့အမေက ဘာမှမလုပ်ထားရင် နိုင်ငံတော်က အပြစ်မရှိတဲ့လူကို အပြစ်ပေးမှာမဟုတ်ဘူး”


လျန်ထျန်းယိ၏မျက်လုံးများက နီရဲနေကာ လည်ချောင်းကလှုပ်ရှားလာသည်။

“ကောင်းပါပြီ သူတို့ကိုဝင်လာခိုင်းလိုက်ပါ ကျွန်တော်ဝန်ခံပါ့မယ်”


ဝမ်ရူကွေ့က သူ့ကိုနောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်ကာ ထွက်သွားလိုက်သည်။သူအပြင်သို့ရောက်သောအခါ အထဲမှ အသံတစ်ခုထွက်လာ၏။


“ကျွန်တော်တောင်းပန်ပါတယ်”


ဝမ်ရူကွေ့က မရပ်ဘဲထွက်သွားကာ စုံစမ်းရေးဌာနမှသူများကို အထဲဝင်လို့ရပြီဖြစ်ကြောင်း ပြောပြလိုက်သည်။


စုံစမ်းရေးဌာနဝင်များက လျန်ထျန်းယိဝန်ခံမည်ကို သိလိုက်ရသောအခါ မျက်လုံးအရောင်တောက်လာပြီး အထဲသို့အမြန်ဝင်သွားကြသည်။


လျန်ထျန်းယိက အကုန်လုံးကိုဝန်ခံလာခဲ့သည်။


သူတို့တရုတ်ကိုပြန်လာသည့်အချိန်၌ တစ်ရက်နောက်ကျခဲ့သည်မှာ လေဆိပ်သွားသည့်လမ်းတွင်နိုင်ငံခြားသူလျှိုနှင့် ဆုံခဲ့ရသောကြောင့်ဖြစ်သည်။


ထိုလူက သူတို့ကိုသူလျှိုလုပ်ရန် ဆွဲဆောင်လာကြသည်။တစ်ချိန်တည်းတွင် ရက်ရောလှသည့်ဆုလဒ်များကမ်းလှမ်းကာ သူတို့မိသားစုပြောင်းလာနိုင်အောင် ကူညီပေပြီး အစိမ်းကဒ်ရအောင်လုပ်ပေးမည်ဟုပါပြောလာကြသည်။


ကျန်းပိုင်ဟွေ့က အလွန်စိတ်လှုပ်ရှားသွားသော်လည်း သူကငြင်းဆန်ပြီး အမိမြေကိုအကျိုးပြုရန်ပြန်လာချင်ခဲ့သည်။သို့သော်ပြန်ရောက်လာပြီးနောက်တွင် သူ့အစီအစဉ်များက တစ်ခုပြီးတစ်ခုကျရှူံးနေကာ အရာအားလုံးက မချောမွေ့နေပေ။


အေးဂျင့်က ကျန်းပိုင်ဟွေ့ကသူတို့ဘက်ယိုင်နေသည်ကိုသိသဖြင့် သူတို့ကိုဆက်ဆွဲဆောင်လျှင် ရနိုင်ကြောင်းခံစားမိသွားသည်။ထို့နောက်တွင် သူတို့ပြန်ရောက်လာသောအခါ ပြည်တွင်းမှအသွင်ယူသူလျှိုများက သူတို့ဆီချဉ်းကပ်လာကြသည်။


ဒီတစ်ကြိမ်တွင် သူ၏စိတ်ကိုမထိန်းနိုင်ခဲ့ပေ။


သူက သာမာန်သုတေသီတစ်ယောက်သာဖြစ်သော်လည်း အရည်အချင်းရှိရာ သူ၏အမည်ကောင်းကို ဒုံးကျည်နယ်ပယ်မှ ထူးချွန်သူများနှင့် ဆက်ဆံရာတွင် အသုံးချနိုင်ခဲ့သည်။သူက အချိန်နှင့်အမျှ ဒုံးကျည်နှင့်ပတ်သက်သည့် ဗဟုသုတများကို သွားမေး‌ခဲ့သည်။


ထိုသို့အဆက်အသွယ်ရအောင်လုပ်နေချိန်တွင် သူက ဘယ်သူကိုတော့ ဆွဲဆောင်လို့မရကာ ဘယ်သူကတော့ ဆွဲဆောင်လို့ရနိုင်သည့် အားနည်းချက်ရှိနေသည်ကို သိလာခဲ့သည်။ အဆုံးတွင် ဝမ်ရုန်သယ်ဆိုသည့်တစ်ယောက်ကို အောင်အောင်မြင်မြင်စည်းရုံးနိုင်သွားသည်။


ဝမ်ရုန်သယ်က ဒုံးကျည်နည်းပညာထူးချွန်သူများထဲမှ တစ်ယောက်ဖြစ်ကာ အဓိကကျသည့်သုတေသီတစ်ဦးဖြစ်ပြီး ရာထူးမတိုးခံရတာအတော်ကြာနေပြီဖြစ်သည်။


သုတေသီများ၏လစာက မနည်းသော်လည်း သူ့သမီးကိုပြည်ပ‌တွင်စာသွားသင်စေရန်အတွက် မလုံလောက်ပေ။


ဝမ်ရုန်သယ်၏သမီးက သူ့စားရိတ်သူရှာကာ ပြည်ပထွက်‌ချင်သော်လည်း ဝမ်မိသားစုက သူမကိုထောက်ပံ့ပေးရန်ပိုက်ဆံမရှိပေ။ဝမ်ရုန်သယ်က သူ့သမီးကိုအလွန်ချစ်ရာ ထိုကိစ္စကြောင့်အအိပ်ပျက်၊အစားပျက်ခဲ့ရသည်။ထို့ကြောင့် လျန်ထျန်းယိက သူ့ကိုပူးပေါင်းရန်ဖိတ်ခေါ်လိုက်ရာ ဝမ်ရုန်သယ်က ခန‌လောက်သာစဉ်းစားပြီး သဘောတူခဲ့သည်။


အခြားသူများမသိစေရန်အတွက် သူတို့ကအချင်းချင်းမတွေ့ကြသလို စကားတောင်မပြောကြပေ။


ဝမ်ရုန်သယ်က အချက်အလက်များကို ရုံးသုံးကားပေါ်တွင် ရေးပြ၏။သူတို့ကအလွန်လျှို့ဝှက်သဖြင့် စုံစမ်းရေးကသူတို့ကို သံသယမဝင်ခဲ့ပေ။


**

သူလျှိုကိစ္စက ဖြေရှင်းနိုင်သွားလေသည်။


ပါဝင်နေသည့်လူငါးယောက်လုံးသည် သေဒဏ်ပေးခံလိုက်ရသည်။


အမေလျန်က ရွှေပုတ်သင်များကိုခိုးခဲ့သော်လည်း သတင်းပေါက်ကြားသည့်ကိစ္စကိုမသိသလို နိုင်ငံတော်သစ္စာဖောက်ရာတွင် မပါဝင်သဖြင့် သူမကိုလွှတ်ပေးလိုက်သည်။


သို့သော်သူမသားက သေဒဏ်ပေးခံရတော့မည်ဖြစ်သဖြင့် အမေလျန်က မျက်စိကန်းမတတ်ငိုခဲ့လေသည်။သူမတွင် စောင့်ရှောက်စရာမြေးလေးမရှိနေပါက သူမသားနောက်ကို တစ်ခါ‌တည်းလိုက်သွားမိပေပြီ။