🍵Chapter 375
သေဒဏ်ပေးခံနီးတွင် ကျန်းပိုင်ဟွေ့နှင့် ချမ်ချိုက်ရှင်းတို့နှစ်ယောက်လုံးက ထုံရွှယ်လူကိုတွေ့ချင်ကြောင်းတောင်းဆိုလာကြသည်။
ထုံရွှယ်လူကသေချာတွေးကြည့်ပြီးနောက်တွင် ချမ်ချိုက်ရှင်းကိုတွေ့ရန်ရွေးချယ်လိုက်သည်။ ချမ်ချိုက်ရှင်းက သူမအပေါ်ဘာလို့အငြိုးထားနေသည်ကို သိချင်သောကြောင့်ဖြစ်သည်။
ချမ်ချိုက်ရှင်းက မက်မောဖွယ်ကောင်းကာ ဖက်ရှင်အကျဆုံးအဝတ်များကိုသာဝတ်ဆင်တတ်ပြီး ဒေါက်ဖိနပ်စီးကာ ဆန်တာနာကားကိုမောင်းသောသူဖြစ်သည်။
အခုတွင်မူ ချမ်ချိုက်ရှင်းက မီးခိုးရောင်ထောင်ဝတ်စုံကိုဝတ်ထားကာ ညှဉ်းသိုးသိုးနိုင်ပြီး သူမ၏စိတ်အားထက်သန်သောပုံစံကိုမတွေ့ရတော့ပေ။
ထုံရွှယ်လူက ဒေါက်ဖိနပ်ဖြင့်ဝင်လာသည်ကို သိလိုက်ရသောအခါ သူမ၏ခြောက်ကပ်နေသောမျက်လုံးများက အသက်ပြန်ဝင်လာသည်။
“နင်ငါ့ကိုတွေ့ချင်စိတ်ရှိနေဦးမယ်လို့ မမျှော်လင့်ထားဘူး”
ထုံရွှယ်လူက သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
“ငါ့ကိုတွေ့ချင်တာ နင်ဘဲမဟုတ်ဘူးလား”
“ထုံရွှယ်လူ ငါနင်နဲ့ပတ်သက်ပြီး ဘာကိုအမုန်းဆုံးလဲသိလား”
ထုံရွှယ်လူပြန်မဖြေနိုင်ခင်မှာပင် သူမဘာသာပြောလာ၏။
“အဲ့ဒါကနင့်ရဲ့ မတူသလိုမတန်သလိုသဘောထားဘဲ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“အဲ့ဒါဘဲလား ၊ အဲ့ဒါကြောင့်နင်ငါ့ကိုတစ်ချိန်လုံး ဒုက္ခလိုက်ပေးနေခဲ့တာလား”
ချမ်ချိုက်ရှင်းက သူ့နှုတ်ခမ်းသူကိုက်လိုက်သည်။
“မဟုတ်ဘူး”
“ဘာကြောင့်လဲ”
ချမ်ချိုက်ရှင်းက သူမကိုကြည့်ကာ ရုတ်တရက်ထူးဆန်းသည့်အပြုံးကြီးပြုံးပြလာသည်။
“နင်အရမ်းသိချင်နေမှာဘဲ ဟုတ်တယ်မလား၊ ဒါပေမယ့်ငါအခုဘဲစိတ်ပြောင်းသွားပြီ နင့်ကိုမပြောပြချင်တော့ဘူး နင့်တစ်ဘဝလုံးက အမှန်တရားကိုမသိဘဲ နားမလည်ဘဲနေသွားစေချင်တယ် ဟားဟားဟား ...”
"..."
ထုံရွှယ်လူက နှုတ်ခမ်းမဲ့လိုက်ကာ ချမ်ချိုက်ရှင်းက တကယ်ကိုရူးနေတာဘဲဟု ခံစားမိသွားသည်။
သူမကသိချင်ရုံသာဖြစ်သည်။ချမ်ချိုက်ရှင်းမပြောပြတာနဲ့ဘဲ သူမတစ်ဘဝလုံးဒါကိုတွေးပြီး တနုံ့နုံ့ဖြစ်နေရမှာလား။
သူ့ကိုယ်သူအရမ်းအထင်ကြီးလွန်းမနေဘူးလား။
ချမ်ချိုက်ရှင်းက ဘာမှမပြောတော့မည်ကိုမြင်သောအခါ ထိုင်ခုံကိုတွန်းပြီးထထွက်သွားရန်လုပ်လိုက်သည်။
ချမ်ချိုက်ရှင်းက ထုံရွှယ်လူလုံးဝဂရုမစိုက်သလိုဖြစ်နေမည်ကို မမျှော်လင့်ထားခဲ့ပေ။သူမက ဒေါသမထွက်သလို မရမကမေးလာတာမျိုးလည်းမရှိပေ။ချမ်ချိုက်ရှင်းက ကြက်သေသေသွားသည်။
“ထုံရွှယ်လူ နင်တကယ်ဘဲမသိချင်ဘူးလား”
ထုံရွှယ်လူက အေးစက်စက်သာပြုံးပြလိုက်သည်။
“နင်မပြောပြချင်ရင်လဲ အဲ့ဒီလျှို့ဝှက်ချက်ကို ငရဲထိယူသွားလိုက်တော့”
ချမ်ချိုက်ရှင်း: "..."
ချမ်ချိုက်ရှင်းက ထိုအချက်ကိုသုံးကာ ထုံရွှယ်လူကိုဒေါသထွက်အောင်လုပ်ချင်ခြင်းဖြစ်သည်။သို့သော်သူမသာ သွေးအန်မတတ်ဒေါသထွက်သွားရမည်ဟု မထင်ထားခဲ့ပေ။
“ထုံရွှယ်လူ နင့်ဘဝကြီးက ပြည့်စုံတယ်များထင်နေလား မဟုတ်ဘူး အမှန်တော့ နင်ကအကြီးမားဆုံးအရှူံးသမားဘဲ ကျန်းပိုင်ဟွေ့က အစကတည်းက နင့်ကိုအသုံးချနေခဲ့တာ သူကနင့်ကိုသူငယ်ချင်းလို့ တစ်ခါမှမသတ်မှတ်ခဲ့ဖူးဘူး......”
“သူအမုန်းဆုံးလူက နင်ဘဲ၊ အဲ့ဒါကိုနင်က သူ့ကိုသူငယ်ချင်းလိုဆက်ဆံခဲ့သေးတယ်၊နင့်ကိုနင် အရူးဖြစ်သွားတယ်လို့မထင်ဘူးလား ထုံရွှယ်လူ အဲ့ဒီမှာရပ်လိုက်စမ်း......”
ထုံရွှယ်လူက ချမ်ချိုက်ရှင်းကို လုံးဝလှည့်မကြည့်ဘဲထွက်လာခဲ့သည်။
ချမ်ချိုက်ရှင်းကဒေါသထွက်လွန်းသဖြင့် အမေနှင့်တောင်ကိုင်ဆဲချင်လာသည်။
တစ်လကြာပြီးနောက်တွင် လျန်ထျန်းယိနှင့် ကျန်းပိုင်ဟွေ့က ရှေ့ဆင့်နောက်ဆင့်သေဒဏ်ပေးခံလိုက်ရသည်။
သစ္စာဖောက်များသည် ထာဝရအမည်ဆိုးတွင်နေလိမ့်မည်။
ဒီလိုကိစ္စမျိုး၌ ဘယ်လိုလူမျိုးဖြစ်နေပါစေ နိုင်ငံတော်က အလွှတ်ပေးမည်မဟုတ်ပေ။
အမေလျန်က လျန်ထျန်းယိ၏အလောင်းကို လာသိမ်းပြီးနောက် သူမမြေးကိုခေါ်ကာ သူမမွေးရပ်မြေမှတူဖြစ်သူဆီသို့ ပြောင်းသွားသည်။
ချမ်ချိုက်ရှင်း၏မိဘများက ပြည်ပသို့ပြောင်းသွားပြီဖြစ်သော်လည်း သူမ၏မောင်နှမများနှင့် အခြားဆွေမျိုးများသည် တရုတ်ပြည်တွင်ရှိနေဆဲဖြစ်သည်။ ချမ်ချိုက်ရှင်းကြောင့် သူတို့၏ဘဝကိုလည်း အကြီးအကျယ်သက်ရောက်ခဲ့လေသည်။
ပုဂ္ဂလိကကုမ္ပဏီတွင်အလုပ်လုပ်သူများမှာ အလုပ်ထုတ်ခံရပြီး အရေးကြီးသည့်အစိုးရဌာနတွင် ရာထူးမြင့်သူများမှာ အလုပ်ပြောင်းရင်ပြောင်း၊ မဟုတ်ပါက ရာထူးချခံရသည်။
သူတို့က ချမ်ချိုက်ရှင်းကိုမုန်းတီးလှသဖြင့် ချမ်ချိုက်ရှင်း၏အကိုက သူမအလောင်းကိုတောင်လာမသိမ်းပေးချင်ကြပေ။ချမ်ချိုက်ရှင်း၏ပြာများကို ကျန်းမိသားစုသုသာန်တွင်သာ မြုပ်နှံလိုက်ကြသည်။
အမေချမ်က သူ့သမီးသစ္စာဖောက်မှုဖြင့် သေဒဏ်ပေးခံလိုက်ရသည်ကို သိသွားသောအခါ ဒေါသထွက်လွန်းသဖြင့် လေဖြတ်သွားပြီး ပြန်မကောင်းနိုင်တော့ပေ။
အဖေချမ်က မျက်ရည်ပေါက်ပေါက်ကျကာ ချမ်ချိုက်ရှင်း၏ပိုက်ဆံများကို ပြည်ပယူလာပြီး အပြစ်ကြေစေရန်အတွက် တောင်ပေါ်ဒေသများတွင် ကျောင်းဆောက်ရန်လှူဒါန်းခဲ့သည်။
ဤသတင်းပေါက်ကြားမှုဖြစ်ပြီးနောက်တွင် ဌာန၌စစ်ဆေးမှုများကို နက်နက်ရှိုင်းရှိုင်းပြုလုပ်ကာ ထိန်းချုပ်မှုများကိုလည်းတင်းကြပ်လာခဲ့သည်။
အချိန်တစ်ခုကြာသည်အထိ ဌာနမှလေထုက အလွန်လေးလံနေခဲ့သည်။
သို့သော်ကျေးဇူးမသိတတ်သည့် သစ္စာဖောက်များရှိသလို သုတေသနလုပ်ရာတွင် သေသည်အထိစိတ်နှစ်သွားမည့် သုတေသီများလည်းရှိပေသည်။
အမှားလုပ်သောသူများအား အပြစ်ပေးသလို ကောင်းမွန်သောသူများကိုလည်း ဆုပေးရလိမ့်မည်။
ဝမ်ရူကွေ့က တစ်လကြာပြီးနောက်တွင် သိပ္ပံအကယ်ဒမီ၏ပညာရှင်တစ်ယောက်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ဌာနတွင် အငယ်ဆုံးအကယ်ဒမီပညာရှင်ဖြစ်လာခဲ့သည်။
အကယ်ဒမီ၏ပညာရှင်ဆိုသည်မှာ အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်ပြီး ဘဝတစ်လျှောက်လုံးဂုဏ်ယူစရာဖြစ်သည်။
ဝမ်ရူကွေ့က ဤအသိအမှတ်ပြုမှုကိုရရှိခဲ့သည့် ပထမအချက်မှာ သုတေသနနယ်ပယ်တွင် သူ၏လုပ်ဆောင်ချက်များကြောင့်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူ၏သစ္စာစောင့်သိမှုနှင့် မျိုးချစ်စိတ်ကြောင့်ဖြစ်သည်။
အဖိုးဝမ်က ထိုအကြောင်းကိုသိသွားသောအခါ မျက်လုံးများနီသည်အထိ စိတ်လှုပ်ရှားသွားသည်။
အမြွှာနှစ်ယောက်က သူတို့အဖေကို အလွန်ဂုဏ်ယူနေကြသည်။
ထုံရွှယ်လူကလည်း ဝမ်ရူကွေ့ကိုမေ့မရနိုင်လောက်သည့် မင်္ဂလာညလေးကိုဆုချခဲ့သည်။
🍵
ရာသီဥတုက ဖြေးဖြေးချင်းပိုပူလာလေသည်။
ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့က ပန်းခြံထဲမှခုံတွင်ထိုင်နေကြကာ အမြွှာနှစ်ယောက်နှင့် ရှောင်ထန်ထန်တို့က သူတို့ဘေးတွင်ကစားနေကြသည်။
ဖန်ကျင်းယွမ်က ထိုင်နေရင်းသက်ပြင်းချလိုက်သည်။
“ဟိုကိစ္စဖြစ်သွားတာ သုံးလကျော်သွားပေမယ့် ငါကတော့မယုံနိုင်စရာဖြစ်နေတုန်းဘဲ ပိုင်ဟွေ့ကဘာလို့သေချာမတွေးနိုင်ခဲ့တာလဲ”
ထုံရွှယ်လူက ပြုံးလိုက်သည်။
“သူဘဲသိမှာပေါ့”
တစ်လှမ်းပြီးတစ်လှမ်း..ကျန်းပိုင်ဟွေ့က လမ်းမှားဆီလျှောက်သွားခဲ့သည်။ဘယ်သူကမှ သူမကိုမကယ်နိုင်ပေ။
ဖန်ကျင်းယွမ်က သူမကိုကြည့်လိုက်သည်။
“သူငါတို့ခံစားချက်တွေအပေါ် အခွင့်ကောင်းယူခဲ့တာကို နင်ဒေါသမထွက်ဘူးလား”
ကျန်းပိုင်ဟွေ့အဖမ်းခံရပြီးနောက်မှသာ သူမက အစကတည်းက သူတို့၏မိသားစုနောက်ခံကြောင့်သာ ပတ်သက်ခဲ့သည်ကို သိလိုက်ရသည်။ နှစ်တွေအများကြီး သူငယ်ချင်းကောင်းဖြစ်လာခဲ့တာ အကုန်အလကားဘဲ။
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဘာလို့ဒေါသထွက်ရမှာလဲ အခြားသူတွေအမှားကြောင့်ဒေါသထွက်ရမှာကို မိုက်မဲတယ်လို့မထင်ဘူးလား”
ကျန်းပိုင်ဟွေ့က ကောလိပ်မှာတည်းက ပတ်ဝန်းကျင်နှင့်ဝင်ဆံ့နေခဲ့သည်။သူမအဆောင်တွင်နေသည်မှာ ရှားကာ မိတ်ဆွေအသစ်ရှာရင်ရှာ မဟုတ်ပါက လူမှုရေးပွဲများတွင် ဝင်ပါနေခဲ့၏။
ထုံရွှယ်လူသိခဲ့ရသည်မှာ ကျန်းပိုင်ဟွေ့ပေါင်းသောလူများသည် မိသားစုနောက်ခံကောင်းကောင်း ဒါမှမဟုတ် အရည်အချင်းရှိသောသူများသာဖြစ်သည်။၎င်းနှင့်ပတ်သက်၍ သူမက ဘာမှားယွင်းမှုမှမခံစားမိပေ။
မာနကြီးခြင်းမှာ အခြားသူများ၏နှလုံးသားကိုမထိခိုက်သရွေ့ အမှားမဟုတ်ပေ။
ထို့အပြင် သူမဆီ၌ စိတ်ကြီးဝင်တတ်သည့်သူငယ်ချင်းများရှိသလို ပလက်စတစ်လိုညီအစ်မများကလည်း မရေတွက်နိုင်အောင်များပြားလှသည်။ ထို့ကြောင့် ကျန်းပိုင်ဟွေ့တွင် ဤပြသနာမရှိလာသ၍ သူငယ်ချင်းအဖြစ်ဆက်ပေါင်းနေခဲ့သည်။
လက်ရှိအခြေအနေက ကျန်းပိုင်ဟွေ့ကိုယ်တိုင်၏လုပ်ရပ်များကြောင့်သာဖြစ်သည်။
ဖန်ကျင်းယွမ်က စိတ်ထဲတွင်တွေးကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
“နင်ပြောတာမှန်တယ် ဒါပေမယ့် ပိုင်ဟွေ့ကိုအဲ့လိုလူမျိုးဖြစ်နေမယ်လို့ ငါမထင်ထားမိဘူး၊ နင့်ကိုနှစ်တွေအကြာကြီးမနာလိုဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး၊ သူ့ရင်ထဲမှာနက်နက်ရှိုင်းရှိုင်းကို ဖုံးကွယ်ထားခဲ့ရမှာဘဲနော်”
“လူအကြောင်းသိတာက သူတို့ရင်ထဲကအတွေးတွေကိုပါသိတာမဟုတ်ဘူးလေ နင်အလုပ်လုပ်တာဖြင့် နှစ်တွေအများကြီးရှိနေပြီ အခုထိနားမလည်သေးဘူးလား”
“ငါသိပါတယ် ဒါပေမယ့်ခံစားရခက်နေတုန်းဘဲ ငါသူ့ကိုသူငယ်ချင်းအရင်းလိုဆက်ဆံခဲ့တာလေ”
ထုံရွှယ်လူက သူမကို နှစ်သိမ့်မနေတော့ပေ။
လောကကြီးတွင် တစ်ချို့ကိစ္စများကို မခန့်မှန်းနိုင်ပေ။ မကောင်းသည့်ခံစားချက်များကို သူမဘာသာချေဖျက်ရလိမ့်မည်။
တစ်ဖက်တွင် ရုတ်တရက် ကောင်လေးနှစ်ယောက်က ဘယ်ကမှန်းမသိပြေးလာပြီး ဘောလုံးကောက်နေသောရှောင်ထန်ထန်ကိုတိုက်လိုက်လေသည်။
ရှောင်ရန်ရန်က သူ့ညီမလေးကို အမြန်ပြေးထူပြီးနောက် ကောင်လေးနှစ်ယောက်ကို လက်ညှိုးထိုးကာပြောလိုက်သည်။
“ငါ့ညီမလေးကိုတောင်းပန်”
ကောင်လေးနှစ်ယောက်က ထိုစကားကိုကြားသောအခါ ပြောင်ပြလာ၏။
“မတောင်းပန်နိုင်ဘူး ငါတို့ကိုဝင်တိုက်တာ သူ့အမှားဘဲလေ”
ထိုသို့ပြောပြီးနောက် နှစ်ယောက်ထဲမှတစ်ယောက်က လက်ထဲမှကျောက်ခဲဖြင့်ပစ်ပေါက်လာသည်။
ကျောက်ခဲက ရှောင်ထန်ထန်၏နဖူးကိုထိသွားရာ ကလေးမလေးက အသံကျယ်ကျယ်ဖြင့်အော်ငိုသွားသည်။
ရှောင်ယန်းယန်က ဒေါသထွက်သွားကာ ရှေ့ထွက်သွားပြီး ကောင်လေးကိုကန်ချလိုက်ကာ နှစ်ယောက်သားဘောလုံးတစ်လုံးလို လုံးထွေးသွားကြသည်။
ရှောင်ယန်းယန်က ကောင်လေးများထက် အသက်နှစ်နှစ်၊သုံးနှစ်လောက်ငယ်သော်လည်း သူကဝတုတ်နေကာ တုတ်တုတ်ခိုင်ခိုင်ရှိသည့်ကလေးဖြစ်သည်။
ကောင်လေးက သူ့အောက်တွင်ဖိခံထားရကာ ရုတ်တရက်အသက်ရှူရခက်လာသည်ကို ခံစားမိသွားသည်။သူကရှောင်ယန်းယန်ကိုတွန်းထုတ်သော်လည်း မရပေ။
ရှောင်ယန်းယန်က အသက်သုံးနှစ်ကတည်းက သူ့အဘိုးကြီးနှင့်အတူ ကိုယ်ခံပညာကိုလေ့ကျင့်ခဲ့ကာ မြင်းထိုင်နည်းကို နေ့တိုင်းလေ့ကျင့်၏။ဤလေ့ကျင့်မှုများက ဟာသမဟုတ်ပေ။
သူကကောင်လေးကို တစ်ချက်ပြီးတစ်ချက်ထိုးနေကာ အော်ငိုသွားစေ၏။
နောက်ထပ်ကောင်လေးက သူ့အဖော်အရိုက်ခံနေရသည်ကိုမြင်သောအခါ ရှောင်ယန်းယန်ကိုရိုက်ရန်ပြေးလာ၏။ရှောင်ရန်ရန်က သူ့အကိုအရိုက်ခံရတော့မည်ကိုမြင်သောအခါ ထိုကောင်လေးကိုခုန်အုပ်ပြီးလက်ကိုလှမ်းကိုက်လိုက်သည်။
ထိုကောင်လေးသည် ဤချစ်စရာကောင်းသည့်မိန်းကလေးက ဒီလောက်တောင်ကြမ်းတမ်းနေမည်ဟု မထင်ထားခဲ့ပေ။
သူ့လက်ကသွေးထွက်လာရာ အော်ကြီးဟစ်ကျယ်ငိုချလိုက်တော့သည်။
ငိုသံများကိုကြားသောအခါ ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့က အမြန်ပြေးလာကာ ကလေးနှစ်ယောက်ကို လူစုခွဲလိုက်ကြသည်။
သိပ်မကြာခင်မှာဘဲ ကောင်လေးနှစ်ယောက်၏မိဘများရောက်လာသည်။
ကံကောင်းစွာဖြင့် တစ်ဖက်လူသည်ကျိုးကြောင်းမစီလျော်သောသူများမဟုတ်ပေ။သူတို့ကလေးကအရင်ပြသနာရှာသည်ကို သိလိုက်ရသောအခါ ချက်ချင်းတောင်းပန်လာကြသည်။
ထုံရွှယ်လူတို့က အချင်းချင်းကြည့်ကာ ဘာမှမဖြစ်ကြောင်းပြောလိုက်ကြသည်။တကယ်တမ်းပြောရလျှင် ကောင်လေးနှစ်ယောက်က အတော်လေးအရိုက်ခံထားရကာ တစ်ယောက်ဆိုလက်တွင်အကိုက်ခံထားရသဖြင့် သူတို့ဒဏ်ရာများက ပိုပြင်းထန်နေသည်။
တစ်ဖက်လူများပြန်သွားသောအခါ ထုံရွှယ်လူက သူမကလေးနှစ်ယောက်ကိုစစ်ဆေးကြည့်လိုက်ပြီး ဘာဒဏ်ရာမှမရသည်ကို တွေ့လိုက်ရမှစိတ်အေးသွားသည်။
ရှောင်ယန်းယန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်ပြောလာ၏။
“မေမေ သားတို့ရန်ဖြစ်ခဲ့လို့ သားတို့မုန့်တွေကိုလျှော့ပစ်မှာလားဟင်”
ထုံရွှယ်လူက သူ့ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
“မလျှော့ပါဘူး သားလုပ်တာကောင်းတယ် ညီမလေးကိုကာကွယ်နိုင်ခဲ့တယ် ဒါပေမယ့်နောင်ကျ ဒီလိုကိစ္စမျိုးကြုံလာရင် လူကြီးတွေကိုလာပြောရမယ်နော် ဒီလိုမျိုးရန်ဖြစ်လိုက်လို့မရဘူး သိပြီလား”
သူတို့အမေအပြစ်မတင်သည်ကို တွေ့သောအခါ ရှောင်ယန်းယန်က မျက်လုံးများပျောက်သည်အထိပြုံးပြလိုက်သည်။
“သားသိပါပြီ မေမေ့ကိုချစ်တယ်နော်”
ရှောင်ရန်ရန်ကလည်း သူ့အမေကိုပြေးဖက်လာသည်။
“ရန်ရန်က မေမေ့ကို ကိုကို့ထက်ပိုချစ်တယ်”
ရှောင်ယန်းယန်က သူ့ညီမကိုရှူံ့မဲ့ပြလိုက်ကာ ရှားရှားပါးပါးမငြင်းခုန်လာပေ။
ထုံရွှယ်လူကလည်း သူတို့နှစ်ယောက်ကိုနမ်းလိုက်သည်။
“မေမေလည်း ချစ်ပါတယ်”
အမြွှာနှစ်ယောက်သည် သူတို့အမေနားကပ်ပြီး ကြောင်ပေါက်လေးများလိုတိုးဝှေ့နေကြကာ အလွန်ချစ်စရာကောင်းနေ၏။
ဖန်ကျင်းယွမ်က ငိုနေသည့်သူမသမီးကိုဖက်ကာ ချော့လိုက်သည်။
“ဘာမှမဖြစ်တော့ဘူး ထန်ထန် မငိုနဲ့တော့ သမီးအကိုနဲ့အမတွေက သမီးကိုဘယ်လောက်ချစ်တယ်ဆိုတာသိသွားပြီပေါ့၊ သူတို့ကသမီးကိုကာကွယ်ဖို့ရန်ဖြစ်ခဲ့ကြတယ်”
ရှောင်ထန်ထန်က ကြို့ထိုးနေကာ ကလေးသံလေးဖြင့်ပြောလာသည်။
“မေမေ သမီး ကိုကိုယန်းယန်နဲ့ မမရန်ရန်ကိုကျေးဇူးတင်ချင်တယ်”
ဖန်ကျင်းယွမ်က သူမသမီးကိုအောက်ချပေးလိုက်သည်။
ရှောင်ထန်ထန်က ဒယိမ်းဒယိုင်ဖြင့် အမြွှာလေးနှစ်ယောက်ဆီလျှောက်လာသည်။
“မမရန်ရန် ထန်ထန်ကိုကာကွယ်ပေးလို့ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါရင် မမကိုသကြားလုံးကျွေးမယ်”
ရှောင်ရန်ရန်က ပျော်သွားကာ သူမညီမလေး၏မျက်နှာလေးကိုထိလိုက်သည်။
“ရပါတယ် ညီမလေးက မငိုနဲ့တော့နော်”
ရှောင်ထန်ထန်က ချစ်စရာကောင်းအောင်ပြုံးပြလိုက်ကာ ရှောင်ယန်းယန်ဘက်လှည့်လာသည်။
“ထန်ထန်ကိုကာကွယ်ပေးလို့ ကိုကို့ကိုကျေးဇူးတင်ပါတယ် ညီမလေးကြီးလာရင် ကိုကိုနဲ့လက်ထပ်မယ်”
ရှောင်ယန်းယန်: (ΩДΩ)
ရှောင်ယန်းယန်သည် သူ့ကိုလည်းသကြားလုံးကျွေးလာမည်ဟုထင်ထားခဲ့ကာ သူ့ညီမလေးက သူ့ကိုလက်ထပ်မည်ဟုအံ့ဩစရာစကားကြီးပြောလာမည်ကို မထင်ထားခဲ့ပေ။
ငိုနေသောကြောင့်မျက်လုံးပျောက်မတတ်ဖြစ်နေသည့် ရှောင်ထန်ထန်၏မျက်နှာကိုကြည့်ကာ ရှောင်ယန်းယန်က မဲ့သွားပြီး ဝူးခနဲအော်ငိုသွားလေသည်။
“သားမလိုချင်......သား ရှောင်ထန်ထန်ကိုလက်မထပ်ချင်ဘူး”
ရှောင်ထန်ထန်သည် သူ့ကိုကိုကဘာလို့ငိုသွားသည်ကိုမသိသော်လည်း သူမပါလိုက်ငိုချင်သဖြင့် ဝူးခနဲအော်ငိုလိုက်လေသည်။
ရုတ်တရက်ပင် အော်ငိုသံများထွက်လာ၏။
ထုံရွှယ်လူ: "..."
ဖန်ကျင်းယွမ်: "..."
**
ဤအချိန်တွင် ဌာန၌ အချစ်ကြက်လေးသုံးကောင်သည် ခြံဝင်းထဲတွင်ထိုင်ကာ လေညှင်းခံနေကြသည်။
ရုတ်တရက်လေတိုက်လာသောအခါ ကျိုးရန်နဖူးပေါ်မှဆံပင်များလွင့်သွားလေသည်။
ဟွမ်ချီမင်က လှမ်းကြည့်လိုက်ကာ ရယ်သေမတတ်ဖြစ်သွားသည်။
“ကျိုးရန် မင်းကအစောကြီးထိပ်ပြောင်နေပြီလား”
ကျိုးရန်က ကမန်းကတန်းသူ့ဆံပင်ကို ပြန်ဖုံးသည်။
“ချီးတဲ့မှ ကျီးကန်းပါးစပ် ငါ့ဆံပင်ကအရမ်းထူတယ်ကွ လာပြီးကျိန်စာတိုက်မနေနဲ့”
ဟွမ်ချီမင်က ခွေးတစ်ကောင်လိုရယ်မောလာသည်။
“မင်းခေါင်းထိပ်မှာပြောင်နေတာကို ရှင်းရှင်းကြီးတွေ့လိုက်ရတာဟ ရူကွေ့မင်းရောမမြင်ဘူးလား”
ဝမ်ရူကွေ့က ပြုံးဘဲပြုံးလိုက်ကာ ဘာမှပြန်မဖြေပေ။
ကျိုးရန်က ဆံပင်ကိုပြန်သပ်လိုက်ပြီးနောက် ရုတ်တရက်သက်ပြင်းချလာသည်။
“ဝမ်ရူကွေ့က သူ့မိန်းမကို လက်စွပ်တစ်ကွင်း၊ပန်းစည်း၊ နာရီတစ်လုံးနဲ့လက်ထပ်ခွင့်တောင်းတာကို ငါ့မိန်းမသိသွားကတည်းက ငါ့ကိုဆိုအေးစက်စက်ဆက်ဆံနေတယ်”
ထိုစကားကိုကြားသောအခါ ဟွမ်ချီမင်ကလည်း အရယ်ရပ်သွားကာ သက်ပြင်းချလာသည်။
“ငါ့မိန်းမတော့ မသိဘူး၊ သူက လူတိုင်းကို ဝက်သားနှစ်ပေါင်နဲ့လက်ထပ်ခွင့်တောင်းတယ်လို့ဘဲ ထင်နေတာ ဒါပေမယ့် သူကငါ့အပေါ်ကိုအတော်လေး အေးစက်လာတယ်”
အချစ်က ပျောက်ကွယ်သွားတော့မှာလား။QaQ
သူတို့နှစ်ယောက်က အချင်းချင်းအကြည့်ဖလှယ်လိုက်ပြီးနောက် ဝမ်ရူကွေ့ကိုမေးလာ၏။
“ရူကွေ့ မင်းငါ့ကိုပြောပြစမ်းပါ မင်းရဲ့အိမ်ထောင်ရေးကို သာယာအောင် ဘယ်လိုထိန်းသိမ်းတာလဲ”
အရင်တုန်းကဆိုလျှင် သူတို့သုံးယောက်ထဲ၌ ဝမ်ရူကွေ့က နောက်ဆုံးစကားပြောရသောသူဖြစ်သည်။ နောက်ဆုံးမှလက်ထပ်ခဲ့ကာ ရေက အရှေ့နှစ်သုံးဆယ် အနောက်နှစ်သုံးဆယ်စီးဆင်းပြီးသွားသော်လည်း သူတို့လင်မယားက အချင်းချင်းအလွန်ချစ်ကြည်နူးနေကြဆဲဖြစ်သည်။
သူတို့နှစ်ယောက်လုံးက အလုပ်များနေကာ ကလေးနှစ်ယောက်ရှိနေပြီဖြစ်သော်လည်း လက်ထပ်ကာစကလို ချစ်ခင်နေဆဲဖြစ်သည်။
ဝမ်ရူကွေ့က အားလပ်ရက်ရတိုင်း အိမ်ပြန်ကာ သူ့မိသားစုနှင့်အချိန်ဖြုန်း၏။
ထုံရွှယ်လူက အချိန်ရှိလျှင် ဌာနသို့လာကာ ဝမ်ရူကွေ့ကိုလာတွေ့တတ်သည်။သူမ မအားပါက အိမ်ချက်စားစရာများကိုပို့ပေးတတ်၏။
အနှစ်ချုံ့ရလျှင် ဝမ်ရူကွေ့ကို လူတိုင်းကမနာလိုဖြစ်နေရသည်။
ဝမ်ရူကွေ့ :“ အရည်အချင်းပြည့်မှီတဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့က သူ့မိန်းမကိုဂရုစိုက်ပေးရမယ့်အပြင် လစာလည်းအကုန်အပ်ရမယ်”
ကျိုးရန်နှင့် ဟွမ်ချီမင် :“ငါတို့အကုန်လုပ်တယ်လေ”
ဝမ်ရူကွေ့ :“ငါပြောလို့မပြီးသေးဘူး အဲ့ဒါအပြင်ကို မင်းရဲ့ပုံပန်းသွင်ပြင်ကိုလည်း ထိန်းသိမ်းရမယ် မင်းတို့ဘဲကြည့်လေ တစ်ယောက်ကထိပ်ပြောင်ပြီး တစ်ယောက်ကဗိုက်ပူနေတယ်၊ မင်းတို့ပုံစံကိုမြင်လိုက်ရရင် မင်းတို့မိန်းမက ချစ်စိတ်ပေါ်လာပါ့မလား”
ကျိုး-ထိပ်ပြောင်-ရန်:"......"
ဟွမ်-ဗိုက်ပူ-ချီမင် : "..."
ဝမ်ရူကွေ့က ထုံရွှယ်လူဆုချခဲ့သည့် မင်္ဂလာညလေးကိုပြန်တွေးမိသွားသောအခါ သူ့နားရွက်များက နီရဲလာလေသည်။
ယောက်ျားတွေက သူတို့ကိုယ်သူတို့ ‘လှပပြီး နှစ်လိုဖွယ်ရှိအောင်’ ထိန်းသိမ်းသင့်တယ်။