🍵Chapter 376(Ending -1)
အချိန်က ဒီရေလို စီးဆင်းသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် လေးနှစ်ကျော်လာခဲ့သည်။
ပြီးခဲ့သည့်လေးနှစ်အတွင်းတွင် ထုံရွှယ်လူလက်အောက်မှ လက်ဖက်စိမ်းစားသောက်ဆိုင်သည် ပေကျင်းနှင့်အခြားနေရာများ၌ ဆိုင်ခွဲဆယ်ခုအထိဖွင့်နိုင်ခဲ့သည်။
လန်ထင်းကုမ္ပဏီကလည်း ရှန်းကျန့်မြို့တွင် ရုံးခွဲတစ်ခုဖွင့်နိုင်ခဲ့၏။ယခုဆိုလျှင် ကုမ္ပဏီ၌ ဝန်ထမ်းအင်အားနှစ်ရာကျော်ပြီဖြစ်သည်။ လန်ထင်း၏ ဆေးဖက်ဝင်ဝိုင်နှင့် အခြားထုတ်ကုန်များသည် ဟောင်ကောင်နှင့်ပြည်ပသို့တင်ပို့ရကာ အလွန်လူကြိုက်များလာခဲ့သည်။
အထူးသဖြင့် နောက်ပိုင်းမှထုတ်လုပ်လာသည့် ဝိုင်သည် ပြည်တွင်းသာမက ပြည်ပတွင်ပါ နာမည်ကြီးဝိုင်တံဆိပ်ဖြစ်လာခဲ့သည်။ ဝိုင်မှအမြတ်က အခြားဆေးဖက်ဝင်ဝိုင်များထက် အများကြီးမြင့်ကာ ထုံရွှယ်လူကို ပိုက်ဆံများများရှာနိုင်စေခဲ့သည်။
ပိုက်ဆံရှာပြီးသောအခါ ထုံရွှယ်လူက အိမ်တစ်လုံးနှင့်ဆိုင်တစ်ဆိုင်ကိုဝယ်ခဲ့၏။အခုဆိုလျှင် သူမကကုမ္ပဏီတစ်ခုလည်းအပိုင်ရှိရာ ငှားခတောင်းရင်းဖြင့်ပင် ဘဝကိုသက်တောင့်သက်သာနေနိုင်ပြီဖြစ်သည်။
ထုံရွှယ်လူက ဆောင်းရာသီကုန်စည်ဖလှယ်ပွဲတက်ဖို့ဆုံးဖြတ်ထားကာ ကွမ်တုန်းစီရင်စုမှတစ်ဆင့် ဟောင်ကောင်သို့သွားမှာဖြစ်သည်။
သူမ ဟောင်ကောင်သွားချင်သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သည်။သို့သော်အခွင့်မသာသလို အမြွှာနှစ်ယောက်ကလည်း ငယ်သေးသဖြင့် သူမဆန္ဒကိုအခုချိန်ထိရပ်ဆိုင်းခဲ့ရသည်။
ကလေးနှစ်ယောက်က သူမဟောင်ကောင်သွားမည်ကိုသိသွားသောအခါ သူတို့အချင်းချင်းတိုင်ပင်လိုက်ပြီးနောက် သူတို့ပါလိုက်ခွင့်ရန် သူတို့အမေကိုချွဲဖို့ဆုံးဖြတ်လိုက်ကြသည်။
ထုံယန်းယန်က သူမပြန်လာသည်ကိုမြင်သောအခါ ချက်ချင်းဂရုစိုက်ပေးလာ၏။
“အမေ အလုပ်ပင်ပန်းနေမှာဘဲ သားအမေ့နောက်ကျောကိုနှိပ်ပေးမယ်”
ပြီးခဲ့သည့်နှစ်နှစ်တွင် ဝမ်ရူကွေ့က သူမသား၏မျိုးရိုးကို ထုံအဖြစ်ပြောင်းလဲခဲ့သည်။ထုံရွှယ်လူက ကလေးမျိုးရိုးကိုဂရုမစိုက်သော်လည်း ဝမ်ရူကွေ့က ဂရုစိုက်လေသည်။
ဤသို့ဖြင့် ဝမ်ယန်းယန်က ထုံယန်းယန်ဖြစ်လာခဲ့သည်။
ဝမ်ကျင်းရန်က အနောက်မှလိုက်လာကာ သူမတစ်နေ့လယ်လုံးအားစိုက်ထားရသည့် ကြက်သားဂျင်ဆင်းစွပ်ပြုတ်ကိုယူလာခဲ့သည်။
“အမေ ဒါက သမီးအမေ့အတွက်လုပ်ထားပေးတာ မြည်းကြည့်ပါဦး”
ထုံရွှယ်လူက ကလေးနှစ်ယောက်ကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက်သူမက ခေါင်းငုံ့ကာတစ်ဇွန်းခပ်မြည်းလိုက်၏။
“အရသာကအတော်ပါဘဲ အပူချိန်လေးဘဲ နည်းနည်းလိုသွားတာ”
ဝမ်ကျင်းရန်က အနားကပ်ကာ သူမလက်မောင်းကိုဖက်လာ၏။
“အမေက ထိပ်တန်းစားဖိုမှူးလေ သမီးကအမေနဲ့ဘယ်လိုယှဉ်နိုင်မှာလဲ၊ ဒါပေမယ့်သမီးရဲ့ရည်ရွယ်ချက်ကသာ အရမ်းအရေးကြီးတာလေ အမေ သမီးလက်တွေကိုကြည့်ပါဦး အကုန်နီရဲနေပြီ”
ထုံရွှယ်လူက သူမသမီး၏လက်များကိုငုံ့ကြည့်လိုက်ရာ လက်ညှိုးတစ်ချောင်းကနီရဲနေသည်ကိုမြင်လိုက်ရသည်။
“တရိုတသေတွေလုပ်မနေနဲ့တော့ ပြောလေ ဘာလိုချင်လို့လဲ နင်တို့တွေတစ်ခုခုအမှားလုပ်ထားပြန်ပြီလား”
ထုံယန်းယန်က အစွပ်စွဲခံလိုက်ရသလိုပြန်ပြောလာ၏။
“အမေကလည်း သားတို့ကအဲ့လိုပုံပေါက်နေလို့လား အမေကိုသားသမီးတာဝန် တကယ်ကျေပွန်ချင်တာရောမဖြစ်နိုင်ဘူးလား”
ထုံယန်းယန်က ကြည့်ကောင်းကာ ခန့်ညားသည့်မျက်ခုံးနှင့် သောက်ရူးကြယ်ပမာမျက်လုံးများရှိ၏။သူက အစွပ်စွဲခံရသလိုပုံစံမျိုးလုပ်ပါက လူအများ၏နှလုံးသားကို အပိုင်သိမ်းနိုင်ပေသည်။သူ့ကိုယ်သူသိသဖြင့် အခြားလူများကိုလှည့်ဖျားရာ၌ ဤလှည့်ကွက်ကိုအသုံးချလေ့ရှိသည်။
ဝမ်ကျင်းရန်၏အမူအရာကမူ သူ့အစ်ကိုလောက်အသက်မဝင်ပေ။
“အမေ သမီးတို့က အမေ့ကလေးတွေပါ၊ သမီးကဘာလို့အဲ့လိုလုပ်ရမှာလဲ”
ကောင်းပြီလေ။
ထုံရွှယ်လူက မျက်ဖြူလှန်ချင်စိတ်ကို ထိန်းချုပ်လိုက်သည်။
“ဒီလိုဆိုမှတော့ နင်တို့ကငါ့ကို ဘာဆန္ဒမှမရှိဘဲ သားသမီးဝတ္တရားလုပ်တယ်လို့သတ်မှတ်လိုက်မယ် ဟုတ်ပြီလား အမေရေသွားချိုးပြီး အနားယူတော့မယ်”
သူမထရပ်ပြီး ထွက်သွားတော့မလိုလုပ်လိုက်သောအခါ ကလေးနှစ်ယောက်က မနေနိုင်တော့ပေ။
ထုံယန်းယန်က အလျင်အမြန်ပင် သူ့အမေကိုတားလိုက်သည်။
“အမေ သားသမီးဝတ္တရားကျေပွန်အောင်လုပ်တာက တကယ်ပါ၊ ဒါပေမယ့်သားတို့ အမေနဲ့ဆွေးနွေးချင်တာလေးလည်းရှိတယ်”
ဝမ်ကျင်းရန်က သူ့အကိုနောက်မှလိုက်ပြောသည်။
“သမီးတို့ကြားတာတော့ အမေက မြေထဲပင်လယ်ရဲ့ပုလဲလို့လူသိများတဲ့ ဟောင်ကောင်ကိုသွားလည်မလို့ဆို၊ သမီးတို့လည်း အဲ့ဒီအစားအသောက်နိဗ္ဗာန်ဘုံနဲ့ ဈေးဝယ်ကမ္ဘာကြီးကို တကယ်တောင့်တနေတာ အဲ့ဒါကြောင့်သမီးတို့လည်း အမေနဲ့အတူလိုက်ချင်တယ်”
ထုံယန်းယန်က သူ့အမေကိုလက်မောင်းတစ်ဖက်ကိုဆွဲကာ လှုပ်ရမ်းလာ၏။
“ပြီးတော့ အမေက ပန်းပွင့်လေးလိုလှနေတာလေ ဟောင်ကောင်ကိုတစ်ယောက်တည်းပေးမသွားနိုင်ပါဘူး အဖေဆိုလည်းစိတ်ချမှာမဟုတ်ဘူး သားတို့ပါလာရင်တော့မတူတော့ဘူး သားတို့ကအမေ့ဘော်ဒီဂတ်လေးတွေဖြစ်ပေးနိုင်တယ်”
ဝမ်ကျင်းရန်က ခေါင်းငြိမ့်ပြကာ လှပသည့်လေဝဲကန်ချက်ကို ထုတ်ပြပြီး သူ့အစ်ကိုကိုစိန်ခေါ်လိုက်သည်။
“လာလေ အကို ငါနဲ့ပြိုင်ကြည့်ရအောင်”
“လုပ်လိုက်လေ”
ထုံယန်းယန်က မနေနိုင်တော့ရာ ချက်ချင်းဝင်ပါသွားပြီး မောင်နှမနှစ်ယောက်က သူတစ်ခါ၊ငါတစ်လှည့်ကန်နေကြ၏။သူတို့နှစ်ယောက်ကအချင်းချင်း ရူးမတတ်ရိုက်နှက်နေကြသည်။
နှစ်ယောက်လုံးသည် ငယ်ငယ်ကတည်းက သူတို့အဘိုးဆီမှ ကိုယ်ခံပညာသင်ခဲ့ရ၏။သာမာန်ကလေးများနှင့်ယှဉ်လျှင် သူတို့လက်များက ပိုသန်မာကာ ပျော့ပျောင်းလွယ်၏။
အဖိုးဝမ်က အပြင်ဘက်မှတောင်ဝှေးတစ်ချောင်းနှင့် ဝင်လာပြီးနောက် မောင်နှမနှစ်ယောက်ရန်ဖြစ်နေသည်ကိုမြင်သောအခါ ကမန်းကတန်းပြောလာ၏။
“ရန်မဖြစ်နဲ့တော့ ရပ်လိုက်ကြ”
“အဖိုး သားတို့က ကိုယ်ဟန်ပြရုံလေးပါ ရန်မဖြစ်ပါဘူး”
သူထိုသို့ပြောနေချိန်တွင် ဝမ်ကျင်းရန်က သူ့တင်ပါးကို တစ်ပတ်လည်ကန်ချက်ပေးလာရာ ထုံယန်းယန်က နာကျင်မှုကြောင့် အံကြိတ်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ထုံယန်းယန်က အကိုကြီးဖြစ်သဖြင့် လှုပ်ရှားမှုတိုင်းတွင် သူ့ခွန်အား၏ ၅၀ရာခိုင်နှုန်းလောက်သာထည့်ထားကာ သူ့ညီမကိုအလျှော့ပေးနေ၏။
ထုံရွှယ်လူက အဖိုးဝမ်ကိုကူတွဲပေးလိုက်သည်။
“အဖိုး သူတို့ကိုစိတ်မပူပါနဲ့ အဖိုးဒီနေ့ရော နေရအဆင်ပြေလား”
အဖိုးဝမ်က ဒီနှစ်ဆိုလျှင် အသက်၈၃နှစ်ပြည့်ပြီဖြစ်သည်။သူက အရင်ဘဝကလို အယ်ဇိုင်းမားရောဂါမခံစားရတော့သော်လည်း မနှစ်ကစ၍ သူ့မှတ်ဉာဏ်များက အလွန်ယိုယွင်းလာခဲ့သည်။
အဖိုးဝမ်က လက်ကာပြလိုက်သည်။
“ငါကဒေါင်ဒေါင်မြည်ဘဲ မစိုးရိမ်ပါနဲ့ ကလေးနှစ်ယောက်ကိုသာ ရပ်ခိုင်းလိုက် ဒဏ်ရာရသွားရင်မကောင်းဘူး”
မောင်နှမနှစ်ယောက်က သူတို့အဘိုးစကားကိုနားထောင်ကာ ထုံရွှယ်လူပြောစရာမလိုဘဲရပ်သွားကြသည်။
“အဘိုး သားတို့က အမေနဲ့အတူ ဟောင်ကောင်သွားချင်တယ် အဲ့ဒါအဘိုးကူပြောပေးပါလား”
ထုံယန်းယန်က ဟက်စကီးခွေးကြီးလို တအီအီဖြင့်ပူဆာလာလေသည်။
အဖိုးဝမ်က ဒီလိုချွဲနေတာကို ဘယ်လိုများတောင့်ခံနိုင်မှာလဲ။သူက အင်းဟုတုံ့ပြန်ကာ ကူညီပေးဖို့လုပ်လာ၏။
“နင်တို့အဘိုးကြောင့် အမေသဘောတူလိုက်မယ်၊ ဒါပေမယ့် အပြင်သွားတဲ့အခါ အမေစီစဉ်ထားသလိုနေရမယ်နော်၊ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချလို့မရဘူး အဲ့လိုလုပ်နိုင်မှာလား’
ထုံရွှယ်လူက ခရီးတစ်ထောင်သွားခြင်းသည် စာအုပ်တစ်ထောင်ဖတ်ခြင်းထက်ပိုကောင်းသည်ဟုမြင်၏။ သူမ၏ကလေးနှစ်ယောက်သည် ငယ်ရွယ်ချိန်လေးတွင် အပြင်ဘက်လောကကြီးကိုမြင်တွေ့နိုင်ရန် မျှော်လင့်မိသည်။
အမြွှာနှစ်ယောက် တစ်သံတည်းပြန်ဖြေလာသည်။
“လုပ်နိုင်ပါတယ်”
ထုံယန်းယန်က သူ့အဘိုးကိုနမ်းလိုက်သည်။
“ထင်ထားသလိုဘဲ အဘိုးမလုပ်နိုင်တာဘာမှမရှိဘူး အဘိုးကတကယ်ကိုသားတို့ရဲ့ ရတနာဘဲ”
ဝမ်ကျင်းရန်ကလည်း ထောက်ခံသည်။
“အဘိုးက သမီးတို့ထဲမှာအစွမ်းဆုံးဘဲ၊ အဘိုးစကားတွေက သက်ရောက်မှုအရှိဆုံး”
“ဟားဟားး....”
အဖိုးဝမ်က ပျော်လွန်းသဖြင့် အရေပြားများတွန့်သည်အထိပြုံးလိုက်ကာ သူ့မျက်နှာပေါ်မှအရေးကြောင်းများက ခရေပန်းလှလှလေးလိုဖြစ်သွားသည်။
လူတွေကအသက်ကြီးလာသောအခါ အသုံးမဝင်မည်ကိုအကြောက်ဆုံးဖြစ်ကာ သူတို့၏နောက်မျိုးဆက်များ၏လျစ်လျူရှုခံရမည်ကိုလည်း စိုးရိမ်ကြသည်။ ထုံရွှယ်လူက သူမကလေးများကို ငယ်ငယ်လေးကတည်း သူတို့အဘိုးနှစ်ယောက်ကို ဂရုစိုက်ရန် သင်ထားခဲ့သည်။
အခုကြည့်ရလျှင် သူတို့ကကောင်းကောင်းလုပ်နိုင်သည့်ပုံပင်။
ဤသို့ဖြင့်ဟောင်ကောင်သို့သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော်ဤအကြောင်းကို ဝမ်ရူကွေ့သိသွားသောအခါ ရှာလကာရည်အိုးမှောက်ကျသွားလေသည်။
သူ့မိန်းမနှင့် ကလေးများက ဟောင်ကောင်သွားတော့မည်ဖြစ်သော်လည်း သူကမူ အလုပ်ကြောင့်မသွားနိုင်သဖြင့် သူကပြောမဆုံးတော့ပေ။
“ကိုယ်ကြားတာတော့ အဲ့ဒီမှာ တော်တော်လေး ကသောင်းကနင်းဖြစ်နေတယ်ဆိုဘဲ မင်းအဲ့ဒီကိုရောက်ရင် အသိတစ်ယောက်ကိုရှာလိုက်နော် ညဘက်တွေမှာအပြင်မထွက်နဲ့”
“ကလေးနှစ်ယောက်က သူတို့ကိုယ်သူတို့ ဂရုစိုက်တတ်နေပြီ မင်း သူတို့အတွက်ကြောင့်အပင်ပန်းမခံနဲ့နော်”
“ပြီးတော့ ဘော့စ်ကျန်းနဲ့ နှစ်တွေအများကြီး ပူးပေါင်းထားတယ်ဆိုရင်တောင်မှ အချင်းချင်းသတိထားရမှာလုပ်သင့်တဲ့ကိစ္စဘဲ......”
သူပြော၍မပြီးသေးခင်မှာဘဲ ထုံရွှယ်လူက သူ့ပါးစပ်ထဲသို့ ချိုချဉ်တစ်လုံးထိုးထည့်လိုက်သည်။
ဝမ်ရူကွေ့က သူမကိုမျက်ဝန်းနက်ကြီးများဖြင့်ကြည့်လာကာ သူမပုံရိပ်က သူ့မျက်လုံးထဲတွင် ပေါ်နေ၏ အမြဲတမ်းလိုပင် သူ့အကြည့်များက နူးညံ့မှုများနှင့် အချစ်အပြည့်ရှိနေဆဲဖြစ်သည်။
ထုံရွှယ်လူက သူ့မျက်နှာကိုကိုင်ကာ ရှေ့တိုးလာပြီး နမ်းလိုက်သည်။
“ကျွန်မတို့က အိမ်ကိုမြန်မြန်ပြန်လာမှာပါ မစိုးရိမ်နဲ့”
သူမ မသိသည်မှာ သူက ဘော့စ်ကျန်းကို အမြဲအာရုံစိုက်ထားခဲ့ကာ ဘော့စ်ကျန်းကလည်းထုံရွှယ်လူအပေါ် သူ့အချစ်များကိုလုံးဝမဖုံးကွယ်ထားပေ။ ဤစောင့်ထိန်းတတ်ကာ ကန့်သတ်ထားသည့်ခေတ်ကာလ၌ ဘော့စ်ကျန်း၏အပြုအမူများက အလွန်မျက်စိဖမ်းစားနေခဲ့သည်။
သို့သော် သူဘယ်လောက်ဘဲသဝန်တိုနေပါစေ သူမ ဘော့စ်ကျန်းနှင့်ပူးပေါင်းသည်ကို တစ်ခါမှမကန့်ကွက်ခဲ့သလို မကောင်းသည့်စကားများကိုလဲ မပြောဖူးပေ။ဒါက သူမ သူ့ကိုအရမ်းချစ်ရသည့်အကြောင်းရင်းလဲဖြစ်သည်။
အချစ်ကယုံကြည်မှုပင်။လူတစ်ယောက်ကိုနက်နက်ရှိုင်းရှိုင်းချစ်ခြင်းသည် သူတို့၏အတောင်များကိုချိုးကာ အတူရှိနေခြင်းမျိုးမဟုတ်ပေ။ သူတို့ကို တောင်ပံဖြန့်ပျံသန်းစေခြင်းကသာ အချစ်ဖြစ်သည်။
သူမကျွေးလိုက်သည့် ချိုချဉ်က ချိုအီနေကာ အချိုဓာတ်က သူ့ပါးစပ်အထဲတွင် ပျံ့နှံ့နေသဖြင့် သူမပါးစပ်ပါချိုသွားလေသည်။
ဝမ်ရူကွေ့က သူမ၏ခါးသိမ်သိမ်လေးကိုဖက်ပြီး သူမ၏မျက်ဝန်းဝိုင်းကြီးများကို စိုက်ကြည့်နေကာ သူ့လည်စိကအပေါ်အောက်လှုပ်ရှားသွားသည်။
“ဒါဆိုရင် နောက်ကျရင် ရှန်းကျန့်ဈေးမှာ ကိုယ်လာကြိုမယ်”
“ဟုတ်ပါပြီ”
ထုံရွှယ်လူက ဝမ်ရူကွေ့၏နှုတ်ခမ်းသားနီနီများကို လျက်လိုက်သည်။
“ရုတ်တရက်ကြီး ကျွန်မချိုချဉ်စားချင်လာပြီ”
ဝမ်ရူကွေ့က သူမနှုတ်ခမ်းကိုစိုက်ကြည့်ကာ ပြန်ဖြေလာသည်။
“ကိုယ်မင်းအတွက် သွားယူပေးမယ်”
“မဟုတ်ဘူး ကျွန်မက ရှင့်ပါးစပ်ထဲကတစ်ခုကိုစားချင်တာ.....”
သူမထိုသို့ပြောလိုက်သောအခါ ဝမ်ရူကွေ့၏မျက်လုံးများက နက်မှောင်လာပြီး သူမနှုတ်ခမ်းကိုဖိကပ်လာသည်။
သူ့လှုပ်ရှားမှုများက နူးညံ့သလို ကြမ်းလည်းကြမ်းတမ်း၏။သူ့လျှာဖျားက သူမသွားများကိုထိုးကလော်ကာ အတွင်းသို့တိုးဝင်လာသည်။လိမ္မော်အရသာချိုချဉ်က သူမပါးစပ်ထဲရောက်လာကာ ချိုလွန်းသဖြင့် သွားများကိုတောင်ချိုအီသွားစေသည်။
အခန်းထဲရှိအပူချိန်က တဖြေးဖြေးမြင့်တက်လာခဲ့သည်။
သူ၏လက်ချောင်းရှည်များက လျှပ်စစ်ဓာတ်ရှိနေသလိုပင် သူထိလိုက်သောနေရာတိုင်း၌ တုန်ယင်သွားစေ၏။
သူတို့လက်ထပ်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သော်လည်း အချင်းချင်းအချစ်များက လုံးဝမပျောက်ကွယ်သွားပေ။သူတို့အချင်းချင်းထိတွေ့ချိန်တိုင်းက ပထမဆုံးအကြိမ်လိုပင် စိတ်လှုပ်ရှားစရာကောင်းလှသည်။
သို့သော် တကယ့်ပထမအကြိမ်နှင့်ယှဉ်ကြည့်လျှင် ဝမ်ရူကွေ့၏လှုပ်ရှားမှုများက ပိုမိုကျွမ်းကျင်လာကာ ရှက်တာမျိုးမရှိတော့ပေ။
ခန္ဓာကိုယ်နှစ်ခုက ဆက်နွယ်နေကြကာ လေထုထဲ၌ အချစ်ရနံ့များပျံ့နှံ့နေ၏။
ရုတ်တရက်ပင် အပြင်ဘက်မှ တံခါးခေါက်သံနှစ်ချက်ထွက်လာရာ အထဲမှသူများကိုထိတ်လန့်သွားစေသည်။
ဝမ်ရူကွေ့က ရပ်သွားကာ အသံဩဩဖြင့်လှမ်းပြောလိုက်သည်။
“ဘယ်သူလဲ ”
ထုံယန်းယန်၏အကြောက်လန့်မရှိသည့်အသံက အပြင်ဘက်မှထွက်လာလေသည်။
“အဖေ အဘိုးက အဖေ့ကို စိတ်အေးအေးထားပါတဲ့ ကလေးတွေထပ်မထုတ်လာနဲ့တော့တဲ့’
ထုံရွှယ်လူ: "..."
ဝမ်ရူကွေ့: "..."
အဖိုးဝမ်က အသက်ကြီးနေပြီဖြစ်ကာ မှတ်ဉာဏ်များရှုပ်ထွေးနေ၏။အခုလိုစကားမျိုးပြောလိုက်ရာ ဝမ်ရူကွေ့ကသားကြောဖြတ်ထားသည်ကို မေ့သွား၍ဖြစ်လိမ့်မည်။
ဝမ်ရူကွေ့၏မျက်နှာက ရေညှစ်လို့ရသည်အထိ အုံ့မှိုင်းလာကာ အံကြိတ်ပြီးအော်ပြောလိုက်သည်။
“ထွက်သွားစမ်း”
ထုံယန်းယန်က တံခါးအပြင်ဘက်တွင်ကြက်သီးထသွားသည်။
“သိပါပြီ ဒီသားက အခုဘဲသွားပါတော့မယ် သားက ညီလေးဖြစ်ဖြစ်၊ညီမလေးဖြစ်ဖြစ်ရမှာကို စိတ်ထဲမထားပါဘူး ဒါပေမယ့် အဖေက ကလေးရအောင်မလုပ်နိုင်တော့တာ နှမြောစရာဘဲ......”
ထုံရွှယ်လူ: "..."
ဝမ်ရူကွေ့: "..."
ဝမ်ရူကွေ့မျက်နှာက ပိုလို့တောင်အကျည်းတန်လာသည်။
ညစာစားပြီးနောက်တွင် ဝမ်ရူကွေ့က ထုံယန်းယန်ကိုစာကြည့်ခန်းထဲသို့ခေါ်သွားကာ ရူပမေးခွန်းများကို တစ်ခုပြီးတစ်ခုဖြေခိုင်းလာ၏။
ထိုနေ့ညတွင် ထုံယန်းယန်က နောက်ကျမှအိပ်ရကာ သူ့ကိုယ်ပိုင်ငွေတစ်ဝက်လောက်ကိုလည်း ဆုံးရှူံးသွားလေသည်။
ထုံရွှယ်လူက သူ့ကို မသနားပေ။ဘယ်သူက သူ့ကို ဝမ်ရူကွေ့ရဲ့သည်းခံနိုင်စွမ်းကို ခနခနလာစခိုင်းလို့လဲ။
**
အဆင်သင့်ပြင်ပြီးသောအခါ ထုံရွှယ်လူက အမြွှာနှစ်ယောက်ကိုခေါ်ကာ ကွမ်တုန်းစီရင်စုသို့ထွက်လာခဲ့သည်။
သူမက အရင်ဆုံးကွမ်ကျိုးကိုသွားကာ အမြွှာနှစ်ယောက်ကို အတွေ့အကြုံရစေရန်အတွက် ဆောင်းရာသီကုန်စည်ဖလှယ်ပွဲသို့ခေါ်လာခဲ့သည်။
အမြွှာနှစ်ယောက်က ဒီနှစ်ဆိုလျှင်အသက်ကိုးနှစ်သာရှိသေးသော်လည်း သူတို့၏အင်္ဂလိပ်စာစွမ်းရည်က အလွန်ကောင်း၏။သူတို့နှစ်ယောက်က ဘာသာပြန်များအဖြစ် ကုန်စည်ဖလှယ်ပွဲတွင်အရောင်းဝန်ထမ်းဝင်လုပ်နေရာ နိုင်ငံခြားသားများကို မျက်လုံးကျွတ်ကျသည်အထိ အံ့ဩသွားစေသည်။
“ဘုရားရေ အင်္ဂလိပ်စကားက တရုတ်ပြည်မှာအရမ်းနာမည်ကြီးနေပြီလား ကလေးတွေတောင်မှ မွတ်နေအောင်ပြောနိုင်ကြတယ်”
ထုံယန်းယန်က ကျောကိုမတ်မတ်ထားကာ ယုံကြည်ချက်ရှိရှိပြောလာ၏။
“ဟုတ်ပါတယ် လူကြီးမင်း ကျွန်တော်တို့တိုင်းပြည်က ပညာရေးကိုအရမ်းအလေးထားပါတယ်၊ကျွန်တော်တို့က ပညာရေးကောင်းတဲ့တိုင်းပြည်ပါဗျ နောင်ကျရင် ကျွန်တော်တို့တရုတ်က နဂါးတစ်ကောင်လို ကမ္ဘာအပြည့်ကြီးစိုးလာတာကို မြင်ရလိမ့်မယ်”
နိုင်ငံခြားသား စီးပွားရေးသမား:“ ဟုတ်ပါတယ် တရုတ်ကတကယ်ကိုအံ့ဩစရာဘဲ ဒီလိုနှစ်အနည်းငယ်အတွင်းမှာ ဒီလိုအရှိန်အဟုန်မျိုးနဲ့ တိုးတက်လာခဲ့တယ် ဒါပေမယ့် မင်းကအရွယ်မရောက်သေးဘူးလေ တရုတ်မှာက ကလေးလုပ်သားတွေကို ခွင့်ပြုထားတာလား”
ဝမ်ကျင်းရန် :“ လုံးဝခွင့်မပြုထားပါဘူး လန်ထင်းကုမ္ပဏီက ကျွန်မတို့အမေထောင်ထားတာလေ ကျွန်မတို့က ဒီနေ့လာကူညီပေးရုံပါဘဲ”
နိုင်ငံခြားသား :“ အဲ့လိုလား၊ မင်းတို့အမေကို သူ့ရဲ့ဝိုင်တွေက အရမ်းကောင်းတယ်ဆိုတာကို ပြောပြလိုက်ပါ Raphaelလိုတံဆိပ်တွေထက်တောင် မနိမ့်ဘူးလို့”
ဝမ်ကျင်းရန်:“ ကျေးဇူးတင်ပါတယ် ကျွန်မလည်း လူကြီးမင်းပြောတာကို သဘောတူပါတယ် ကျွန်မအမေရဲ့ဝိုင်တွေက အရမ်းကောင်းတယ်လို့ ကျွန်မယုံတယ်”
ထုံရွှယ်လူက သူမကလေးနှစ်ယောက်က သူမကိုချီးကျူးနေသည်ကို ဘေးမှကြည့်နေကာ ပြုံးလိုက်မိသည်။
သူမက သူမသားသမီးများ၏ ဂုဏ်ယူစရာဖြစ်သလို သူတို့ကလည်း သူမဂုဏ်ယူရသောသူများဖြစ်သည်။