🍵Chapter 377 [Ending -2]
ကွမ်ကျိုးတွင် ရက်အနည်းငယ်လောက်နေပြီးသောအခါ ထုံရွှယ်လူက ကလေးနှစ်ယောက်အား ဈေးဆိုင်တန်းများဆီခေါ်သွားကာ ရှေးလင်းနန်ထုံးတမ်းစဥ်လာများကို ခံစားခဲ့ကြသည်။သူမက ရှီလောင်လမ်းကိုလဲ ခေါ်သွားကာ မနက်ခင်းလက်ဖက်ရည်ကြမ်းကိုမြည်းစမ်းကြည့်ခဲ့ပြီး ကွမ်ကျိုးလက်ရာအစစ်ပေါက်စီနှင့် ကြက်ခြေထောက်များကိုပါ စမ်းစားခဲ့ကြသည်။
ကွမ်ကျိုးသို့အလည်လာပါက ဒေသထွက်ထင်းဇီဆန်ပြုတ်ကိုမဖြစ်မနေမြည်းစမ်းသင့်သည်။
ထင်းဇီဆန်ပြုတ်သည် လတ်လတ်ဆတ်ဆတ်ငါးများဖြင့်ပြုလုပ်ထား၏။
ဆန်ပြုတ်ကျက်လာသောအခါ မကျက်တကျက်ကင်ထားသည့် ဝက်သားလွှာ၊ ဆာရှိမီ၊ ပြည်ကြီးငါး၊ ကြက်ဥနုတ်နုတ်စင်းနှင့် အရေခွံတို့ကို ပန်းကန်အောက်ခြေတွင်ထည့်လိုက်၏။ဆန်ပြုတ်လောင်းထည့်လိုက်သောအခါ အနံ့ကချက်ချင်းထွက်လာပြီး စားသုံးသူတိုင်း၏ စိတ်ဝိဉာဉ်အထိထိုးဖောက်သွားသည်။
နောက်ဆုံးတွင် မြေပဲလှော်နှင့် ကြက်သွန်မြိတ်တို့ကို လက်တစ်ဆုပ်စာဖြူးလိုက်ကာ အီကြာကွေးတစ်ချောင်းတင်လိုက်သောအခါ ထင်းဇီဆန်ပြုတ်ရလာပြီဖြစ်သည်။
အမြွှာနှစ်ယောက်သည် သူတို့အမေလုပ်ပေးသည့် ထင်းဇီဆန်ပြုတ်ကိုစားဖူးသော်လည်း တကယ့်အရသာစစ်ကို မြည်းစမ်းလိုက်သောအခါ မတူညီသောအရသာကိုခံစားမိသွားသည်။
ငါးအသားက နူးအိနေကာ ပါးစပ်ထဲတွင်ပျော်ဝင်သွား၏။ဆန်ပြုတ်က နူးညံ့ကာ အီစိမ့်နေပြီး ဆန်ပြုတ်ရည်ကို အခြားအရာများနှင့်တွဲစားလိုက်သောအခါ အရသာရှိလှသည်။ ဆန်ပြုတ်လေးသာဖြစ်သော်လည်း လူများကိုမရပ်မနားစားချင်လာစေ၏။
ထုံယန်းယန် :“ အမေ အမေလုပ်ပေးတဲ့ဆန်ပြုတ်ကိုအရမ်းကြိုက်ပေမယ့် ဒီကဟာနဲ့ယှဉ်ကြည့်ရင် အရသာတစ်ခုခုကွဲနေသေးတယ်”
ဝမ်ကျင်းရန်ကလည်း ခေါင်းငြိမ့်ပြသည်။
“ဘယ်လိုမတူတာလဲဆိုတာကို မပြောတတ်ဘူး ဒါကပိုအရသာရှိသလိုဘဲ ဒါပေမယ့် သမီးတို့က အမေ့ကိုအချစ်ဆုံးပါ”
ထုံရွှယ်လူက ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။
“ဟုတ်တာပေါ့ ဒေသထွက်လက်ရာအစစ်ဆိုတာဒါဘဲလေ၊ ဒီစားစရာက ပါဝင်ပစ္စည်းနဲ့ယဉ်ကျေးမှုပေါ်မူတည်ပြီး အရသာကွဲပြားနေလိမ့်မယ်၊ အမေချက်တာက ကောင်းတယ်ဆိုပေမယ့် တကယ့်လူတွေချက်တာက ပိုအရသာရှိတာ ပုံမှန်ပါဘဲ”
အမြွှာနှစ်ယောက်က ခေါင်းငြိမ့်လိုက်ကာ စားပြီးသည့်နောက် နောက်တစ်ပွဲထပ်မှာလိုက်ကြသည်။
ထို့နောက်သူတို့က ကွမ်ကျိုးဒေသထွက်ပစ္စည်းများကို ဝယ်ပြီးနောက်တွင် ရှန်းကျန့်ဈေးကိုရောက်လာပြီး ပစ္စည်းတစ်ချို့ကို ပေကျင်းသို့ပို့ကာ တစ်ချို့ကိုစုမိသားစုအားလက်ဆောင်ပေးလိုက်သည်။
သူတို့ရောက်လာသည်ကိုတွေ့သောအခါ စုမိသားစုက အလွန်ဝမ်းမြောက်ဝမ်းသာကြိုဆို၏။
“အစ်မရွှယ်လူ အစ်မလာမယ်ဆိုတာကို ဘာလို့ကြိုမပြောတာလဲ အဲ့လိုဆိုကျွန်တော်လာကြိုပေးလို့ရတယ်”
အသက်၁၇နှစ်အရွယ် ရှောင်ကျိုးလေးက အရပ်ရှည်ကာ မျက်ခုံးခန့်ခန့်ကြီးများနှင့် မျက်လုံးတောက်တောက်များရှိသည်။သူ့ပုံစံက ခန့်ညားသည့်လူငယ်လေးဟူသောစကားလုံးကို အပြည့်အဝဖော်ပြနေပေသည်။
ရှောင်ကျိုးငယ်ငယ်တုန်းက ရှက်တတ်သော်လည်း အခုဆိုလျှင် အရင်လိုမရှက်တော့ဘဲ သူ့မျက်လုံးများက ယုံကြည်ချက်အပြည့်ဖြင့်တောက်ပနေ၏။သူကယဉ်ကျေးလိမ်မာကာ လူအများကိုဆက်ဆံရာတွင်လည်း ပါးနပ်ပျူငှာသဖြင့် တစ်ဖက်လူများကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။
ထုံရွှယ်လူက စာအုပ်ထဲမှ ဥက္ကဠငယ်လေး၏ပုံစံကိုမြင်ယောင်သွားသည်။
သူမကပြုံးကာပြန်ပြောလိုက်သည်။
“ဒုက္ခခံနေစရာမလိုပါဘူးဟယ် ငါကကွမ်တုံးကိုလာတာ ခနခနရှိနေပြီဆိုတော့ တော်တော်လေးရင်းနှီးနေပါပြီ”
သူမစကားပြောနေချိန်တွင် အိမ်ထဲမှအရပ်ရှည်ရှည်ပုံရိပ်တစ်ခုထွက်လာကာ စိတ်လှုပ်ရှားတကြီးအော်ခေါ်လာ၏။
“ရဲဘော်ထုံ”
ဤနှစ်နှစ်အတွင်းတွင် လူအချင်းချင်းရဲဘော်ဟူ၍ သိပ်မခေါ်ကြတော့ပေ။ထို့ကြောင့် သူကရဲဘော်ဟုလှမ်းခေါ်လိုက်သောအခါ လူအများကသိချင်စိတ်ဖြင့်လှမ်းကြည့်လာကြသည်။
သူတို့က တံခါးဝတွင်ရပ်နေသည့် အသက်သုံးဆယ်ကျော်အမျိုးသမီးတစ်ယောက်ကိုမြင်လိုက်ရသည်။သူမက ထင်ရှားပေါ်လွင်သောမျက်နှာအသွင်အပြင်နှင့် နူးညံ့သောမျက်ခုံးရှိ၏။ သူမအသားက အလွန်ဖြူနေသောကြောင့်မဟုတ်လျှင် သူမကပန်းချီကားထဲမှထွက်လာသည့် မဟာဆန်သည့်အလှလေးပင်ဖြစ်သည်။
ထုံရွှယ်လူ၏မျက်လုံးများက တောက်ပသွားသည်။
“ရဲဘော်ကု ရှင်ထွက်လာပြီပေါ့”
ထုံရွှယ်လူကိုခေါ်လိုက်သောသူမှာ ရှောင်ကျိုးအမေ ကုရိလန်ဖြစ်ပြီး သူမလွတ်လာသည်ကို ထုံရွှယ်လူမသိခဲ့ပေ။
ကုရိလန်က သူမဆီလျှောက်လာကာ အလွန်စိတ်လှုပ်ရှားနေ၏။
“အင်း ဒီတလောမှထွက်လာတာ နင့်ကိုပြောပြဖို့အချိန်မရနိုင်ဘူး”
ဒီနှစ်များတွင် သူမကအလွန်ပင်ပန်းခဲ့ရကာ ၎င်းကအတိတ်တွင် သူမကဘယ်လောက်တောင်တုံးအပြီး ကံကောင်းခဲ့သည်ကို နက်နက်ရှိုင်းရှိုင်းသဘောပေါက်သွားစေသည်။
သူမက သူမသားကိုပြန်ပေးဆွဲခံရလုနီးပါးဖြစ်စေခဲ့ကာ စုယွဲ့ရှန်း၏နိုင်ငံရေးလမ်းကြောင်းမှာလည်း သူမကြောင့် ပျက်စီးခဲ့ရသည်။
အခြားယောက်ျားတစ်ယောက်ဆိုပါက သူမကိုကွာရှင်းလိုက်လောက်ပြီဖြစ်သည်။သို့သော် စုယွဲ့ရှန်းကမူ သူမအပေါ်လက်မလျှော့ဘဲ အကျဉ်းထောင်ထဲတွင် သူမအနိုင်ကျင့်မခံရစေရန် အကူအညီများရှာပေးခဲ့သည်။
သူက သူမလွတ်လာနိုင်ရန်အတွက် ပိုင်ဆိုင်မှုအမြောက်အမြားကို လှူဒါန်းခဲ့၏။
ဒီလိုယောက်ျားမျိုးကိုရတာ သူမဘယ်လောက်ကံကောင်းသလဲ။
အတူတူပင် ထုံရွှယ်လူလိုလူမျိုးကိုတွေ့ရတာ သူမဘယ်လောက်တောင်ကံကောင်းလိုက်သလဲ။
သူမကြောင့်သာမဟုတ်ပါက သူတို့ကကွဲသွားမှာဖြစ်သည်။သူမကြောင့်သာမဟုတ်ပါက သူမ(ကုရိလန်)က ကိုယ့်ကိုကိုယ်သတ်သေသွားလောက်ပြီဖြစ်သည်။ သူမယောက်ျားပြီးလျှင် ကျေးဇူးတင်စရာအကောင်းဆုံးသူမှာ ထုံရွှယ်လူဖြစ်သည်။
“အစ်မထွက်လာနိုင်တာ ကောင်းတယ်”
ထုံရွှယ်လူက ကုရိလန်ကိုကြည့်ကာ ‘ထာဝရတည်မြဲသည့် အလှတရား’ဟူသောစကားလုံးကို အမှတ်ရသွားသည်။ ဒီနှစ်များတွင် သူမပင်ပန်းခဲ့သော်လည်း ထိပ်တန်းအလှပဂေးလေးဖြစ်နေဆဲပင်။
ကုရိလန်က မျက်ရည်ဝဲနေ၏။
“ဒီနှစ်တွေမှာ အစ်မနင့်အပေါ် ကျေးဇူးတင်ဖို့အကြွေးတင်နေခဲ့တာ ကျေးဇူးပါဘဲ ရဲဘော်ထုံ”
ထိုသို့ပြောပြီးနောက် သူမကထုံရွှယ်လူကို ၉၀ဒီဂရီအရိုအသေပေးလာ၏။
ထုံရွှယ်လူက သူမကိုအမြန်ထူပေးလိုက်သည်။
“အစ်မနဲ့ ကျွန်မကြားမှာ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး”
သူမက စုမိသားစုကိုကူညီပေးဖူးသော်လည်း စုမိသားစုက သူမကိုနည်းမျိုးစုံဖြင့် ပြန်ကူညီပေးပြီးပြီဖြစ်ကာ သူတို့အချင်းချင်းကြေသွားပြီဟုဆိုနိုင်၏။
ကုရိလန်က ခေါင်းငြိမ့်လိုက်သည်။
“လာလေ အထဲဝင်ထိုင်ကြ အပြင်မှာနေပူတယ်”
နှစ်တွေအများကြီးကြာပြီးနောက်တွင် အပြစ်ကင်းစင်သည့်အလှလေးက လူသားဆန်တတ်လာပြီဖြစ်သည်။
ထုံရွှယ်လူကပြုံးကာ သူမနှင့်အတူ အထဲဝင်သွားလိုက်သည်။
ဒီနှစ်များအတွင်းတွင် စုယွဲ့ရှန်း၏စီးပွားရေးက အလွန်ကြီးမားလာခဲ့သည်။ ထုံရွှယ်လူနှင့် လျှပ်စစ်မီးဖို ပူးပေါင်းမှုများအပြင် အိမ်ခြေမြံလုပ်ငန်းကိုလည်း စတင်လုပ်ကိုင်လာခဲ့၏။
1990ခုနှစ်များတွင် လျှပ်စစ်မီးဖိုလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းတို့သည် အကျိုးအမြတ်အရဆုံးဖြစ်ကာ စုယွဲ့ရှန်း၏အမြင်ကောင်းမှုကို ချီးကျူးရမည်။
စုမိသားစုအိမ်သည် စုယွဲ့ရှန်းကိုယ်တိုင်ဆောက်ထားသည့် ဗီလာတစ်လုံးဖြစ်သည်။အိမ်ပုံစံကို နိုင်ငံခြားဒီဇိုင်းများအား အတုယူထားရာ အလွန်ခေတ်မှီလှသည်။
အိမ်စေတစ်ယောက်က အသီးနှင့် မုန့်များချပေးလာသည်။
ခနလောက်စကားပြောပြီးနောက်တွင် ထုံရွှယ်လူက မေးကြည့်လိုက်သည်။
“ရှောင်ကျိုးက ဒီနှစ်ဆို ကောလိပ်ဝင်ခွင့်ဖြေတော့မှာမလား ဘယ်ကျောင်းတက်ချင်လဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား”
ရှောင်ကျိုးက ခေါင်းငြိမ့်ပြသည်။
“ကျွန်တော်က ချင်းဟွာတက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားတယ်”
ထုံယန်းယန်က ပြုံးကာဝင်ပြောလာ၏။
“ဦးလေးရှောင်ကျိုးက ချင်းဟွာတက္ကသိုလ်ကိုရွေးမှာ သားသိသားဘဲ”
ရှောင်ကျိုးကပြုံးကာ ဘာမှမပြောလိုက်သည်။ သိမ်မွေ့သည့်မျက်နှာလေးက သူ့စိတ်ထဲတွင်ပေါ်လာသောအခါ ချက်ချင်းပင်သူ့နှလုံးသားကနူးညံ့သွားလေသည်။
ပေကျင်းတွင် သူဂရုစိုက်ရသောသူရှိသဖြင့် အခြားဘယ်ကိုမှမသွားဘဲ ပေကျင်းကိုသာသွားရလိမ့်မည်။
ရှန်းကျန့်တွင်နေသည့် ရက်များအတွင်းတွင် စုမိသားစုက သူတို့အပေါ် အလွန်နွေးထွေးကာ စားစရာ၊သောက်စရာ၊ ဖျော်ဖြေရေးစသဖြင့် အလွန်ဧည့်ဝတ်ကျေခဲ့ကြသည်။
ရှောင်းကျားမင်က နိုင်ငံခြားသို့ စီးပွားရေးခရီးထွက်နေသဖြင့် ထုံရွှယ်လူနှင့်မတွေ့လိုက်ရသည်မှာတော့ နှမြောစရာကောင်းသည်။
ရှန်းကျန့်မြို့တွင် ရက်အနည်းငယ်လောက်နေပြီးသောအခါ ထုံရွှယ်လူက ကလေးနှစ်ယောက်နှင့်အတူ ဟောင်ကောင်သို့ဦးတည်လိုက်သည်။
**
စုယွဲ့ရှန်းက ဟောင်ကောင်မြို့ကိုအလွန်ကျွမ်း၏။ထုံရွှယ်လူက သူတို့ကိုဘော့စ်ကျန်းကကူညီပေးမည်ကို ပြောပြသော်လည်း သူ၏ညာလက်ရုံးလက်ထောက်ကို ဟောင်ကောင်သို့အဖော်ထည့်ပေးလိုက်လေသည်။
ဘော့စ်ကျန်းက ထုံရွှယ်လူတို့ကို ဟောင်ကောင်မြို့ထဲမှ အကြီးကျယ်ဆုံးဟိုတယ်တွင် နေရန်စီစဉ်ပေးထားကာ တစ်ညတွင်ဒေါ်လာရာနှင့်ချီကုန်၏။
1989ခုနှစ်က ဒေါ်လာရာကျော်။
အမြွှာနှစ်ယောက်သည် ကောင်းမွန်သောအရာများကိုမြင်ဖူးသော်လည်း အံ့ဩမိသွားရဆဲဖြစ်သည်။
သို့သော်သူတို့အမေမျက်နှာပေါ်မှ တည်ငြိမ်မှုကိုတွေ့သောအခါ သူတို့လည်းစိတ်ငြိမ်ငြိမ်ထားရန် သင်ယူလိုက်ကြသည်။
ဘော့စ်ကျန်းက ထုံရွှယ်လူလိုမိန်းမလှများကို တကယ်အသိအမှတ်ပြု၏။သို့သော်၎င်းက အသိအမှတ်ပြုရုံလောက်သာဖြစ်သည်။
ထုံရွှယ်လူ၏ယောက်ျား ဝမ်ရူကွေ့ကိုမတွေ့ဖူးခင်က အနည်းငယ်စိတ်ကူးယဉ်ဖူးသော်လည်း ဝမ်ရူကွေ့ကိုတွေ့လိုက်ရပြီးနောက်တွင် သူ့ယုံကြည်ချက်များက နင်းချေခံလိုက်ရသည်။
သူတို့နှစ်ယောက်က လိုက်ဖက်လွန်းသည့်စုံတွဲဖြစ်သည်။သူတို့အချင်းချင်းပြီးပြည့်စုံနေ၏။ သူတို့သာ ရုပ်ရှင်လောကတွင်ဆိုပါက သေချာပေါက်ဧက္ကရာဇ်နှင့် ဧကရီဖြစ်နေလိမ့်မည်။
ဘော့စ်ကျန်းက သူတို့ကိုရှူခင်းမျိုးစုံကြည့်ရန်အတွက် အထူးကားတစ်စီးစီစဉ်ပေးထားကာ အရသာရှိသည့်စားစရာများလည်း ပြင်ဆင်ပေး၏။
ဟောင်ကောင်ကအမှန်ပင် စားစရာများ၏နိဗ္ဗာန်ဖြစ်သည်။ ဝမ်ထုံခေါက်ဆွဲနှင့် လက်လုပ်ခေါက်ဆွဲတစ်ပွဲကပင် သူတို့ကိုစားပြီးရင်းစားချင်စေလာ၏။
ဗစ်တိုရီးယားလှေဆိပ်၏ဘေးတွင်ထိုင်ကာ ပင်လယ်စာမျိုးစုံကို ပွဲတော်တည်လို့ရသည်။
ကျောက်ပုစွန်ကြီးနှစ်ကောင်က ပုလဲနှင့်ကစားနေသည့် နဂါးနှစ်ကောင်ပုံပေါက်နေ၏။ ပုစွန်အခွံက တစ်ချက်တည်းနှင့် ခွာလို့ရကာ အသားကနူးအိနေပြီး လျှာကိုတောင် မြိုချချင်စိတ်ပေါက်လာလိမ့်မည်။
ပင်လယ်ပုစွန်နှင့် လုပ်ထားသည့်ဖက်ထုပ်များသည် ဝါးလိုက်လျှင် တထုတ်ထုတ်ဖြင့်အရသာရှိလှသည်။ပင်လယ်ခရုနှင့် ငါးမန်းတောင်ပံတို့ကလည်း မပါမဖြစ်ပင်။
ဆူရှီမစားဖူးသည့် ကလေးနှစ်ယောက်သည် ပထမဆုံးအကြိမ်အဖြစ် ဆူရှီစားလိုက်ကြသည်။အစားပုတ်ထုံယန်းယန်က လျင်မြန်စွာပင်လက်ခံနိုင်သွားကာ မျက်လုံးများမှေးသည်အထိ ပျော်ပျော်ကြီးစားနေ၏။
သို့သော်ဝမ်ကျင်းရန်ကမူ ဤကဲ့သို့ မကျက်တကျက်စားစရာများကို လက်မခံနိုင်ပေ။သူမက တစ်ခုကိုဘဲမြည်းကြည့်ကာ ဆက်မစားတော့ပေ။သူမက ၎င်းကို အလွန်ညှီလွန်းသည်ဟုလည်း ထုံရွှယ်လူကိုတိုင်တောလာ၏။
ထုံရွှယ်လူသည် သူ့သမီးက အရသာရှိသောဆူရှီကိုမကြိုက်သဖြင့် ဝမ်းနည်းသွားသည်။
အရသာရှိသည်များကို စားရင်းဖြင့် ဗစ်တိုးရီးယားလှေဆိပ်၏အလှကိုကြည့်နေရသောဘဝမျိုးသည် လှပလွန်းသဖြင့် နတ်ဘုရားများကိုတောင် သက်ပြင်းချသွားစေနိုင်ပေသည်။
ပင်လယ်စာစားပြီးသည့်နောက်တွင် ဟောင်ကောင်ဒေသခံစားစရာများကိုလည်း လွတ်သွား၍မဖြစ်ပေ။
ဟောင်ကောင်စတိုင်နို့လက်ဖက်ရည်တစ်ခွက်၊ မဖြစ်မနေစားကြည့်သင့်သည့် ငါးဥဟင်းလျာ၊ ကြက်တောင်ပံတစ်ပွဲ၊ ဘဲကင်နှင့် ဟောင်ကောင်စတိုင် ဝက်သားကင်တို့သည် မဖြစ်မနေစားသင့်သည်များဖြစ်သည်။
ရက်အနည်းငယ်သာနေရသေးသော်လည်း ထုံရွှယ်လူက သူမဗိုက်တွင်အဆီတစ်လွှာစုလာသည်ကို ခံစားမိသွားသည်။
အစားအသောက်များစားသည့်အပြင် ထုံရွှယ်လူက ကလေးနှစ်ယောက်ကိုခေါ်ကာ ဟောင်ကောင်အားကစားကွင်း၌ Leslie Cheung၏ နောက်ဆုံးဖျော်ဖြေပွဲကိုသွားကြည့်ခဲ့ကြသည်။
1989ခုနှစ်တွင် Leslie Cheung၏အနုပညာလမ်းကြောင်းက အထွတ်အထိပ်၌ရှိနေချိန်တွင် သူကဂီတလောကကိုနှုတ်ဆက်ကြောင်း ရုတ်တရက်ကြေညာခဲ့ပြီး ဟောင်ကောင်အားကစားကွင်းတွင် နှုတ်ဆက်ဖျော်ဖြေပွဲ33ခုကို လုပ်ပေးခဲ့သည်။
ထုံရွှယ်လူက Leslie Cheung၏ပွဲကိုမမှီခဲ့သဖြင့် အမြဲနောင်တရနေခဲ့ကာ ဒီဘဝတွင်သူမအိပ်မက်ကိုဖြည့်ဆည်းနိုင်သွားမည်ဟု မထင်ထားခဲ့ပေ။
သူမက ကြယ်ပွင့်နောက်လိုက်သည့်ကောင်မလေးအသွင်ပြောင်းသွားကာ ဟောင်ကောင်မှပရိသတ်များနှင့်အတူ အော်လိုက်ငိုလိုက်ဖြင့် အတူတူပျော်ကာ အမြွှာလေးနှစ်ယောက်ကို လုံးဝကြောင်အစေခဲ့သည်။
ထိတ်လန့်နေသော အီမိုဂျီ။။
သူတို့အမေမှာလည်း ဒီလိုစိတ်လှုပ်ရှားပြီး အရိုင်းဆန်တဲ့တစ်ဖက်ခြမ်းရှိနေသေးတာဘဲ။
တရုတ်ပြည်၏ဤအချိန်များတွင် ကြယ်ပွင့်နောက်လိုက်တာမျိုးမရှိသေးပေ။ ကြယ်ပွင့်နောက်လိုက်သူအများစုမှာ အတော်လေးထိန်းထိန်းသိမ်းသိမ်းရှိပြီး စာရေးတာ၊သို့မဟုတ် လက်ဆောင်ပို့ပေးတာလောက်သာလုပ်ကြကာ သူတို့အိုင်ဒေါကိုမြင်ပါက ရှက်သွေးဖြာတတ်ကြသည်။အရိုင်းဆန်သောပရိသတ်များကိုမူ သိပ်မတွေ့ဖူးပေ။
ပွဲပြီးသွားသောအခါ ထုံရွှယ်လူ၏အသံက အော်လွန်းသဖြင့် အသံဝင်သွားပြီး သူမမျက်လုံးများကလည်း ငိုရလွန်း၍ ယောင်ကိုင်းနေပြီဖြစ်သည်။
ဟိုတယ်သို့ပြန်ရောက်သောအခါ ထုံယန်းယန်က ဝမ်ရူကွေ့ကို ဖုန်းခိုးခေါ်လိုက်သည်။
“ အဖေရေ တစ်ခုခုဆိုးရွားတာဖြစ်သွားပြီ”
ဝမ်ရူကွေ့ :“ပြော”
ထုံယန်းယန် :“ အဖေတော့ အချစ်ပြိုင်ဘက်ရှိနေပြီသိလား အမေလေ ယောက်ျားတစ်ယောက်ကြောင့် မျက်လုံးတွေဖောင်းလာတဲ့အထိအော်ငိုပြီး သူ့နာမည်ကို နှစ်နာရီတိတိအော်နေခဲ့တာ သားဖြင့်ဘာပြောရမှန်းကိုမသိတော့ဘူး”
ဝမ်ရူကွေ့: "..."
“ အဖေ သားပြောတာကိုနားထောင်နေရဲ့လား”
ဖုန်းတစ်ဖက်မှ ဘာအသံမှမကြားရသောအခါ ထုံယန်းယန်ကနှစ်ခါလောက်အော်ခေါ်လိုက်သည်။
“အဖေ အဲ့ဒီယောက်ျားကလေ အရမ်းခန့်ညားပြီး သီချင်းလည်းဆိုတတ်သလို ကလည်းကနိုင်တယ်သိလား၊ သားကတော့ စိတ်မရှိပါဘူး.....” အဖေပြောင်းဖို့ကိုပေါ့
သူဆုံးတောင်မပြောရသေးခင်မှာဘဲ သူ့ခေါင်းကို သစ်ချသီးဖြင့်အပေါက်ခံလိုက်ရ၍ မော့ကြည့်လိုက်ရာ သူ့ညီမက သူ့နောက်တွင်ရပ်နေသည်ကိုမြင်လိုက်ရသည်။
ဝမ်ကျင်းရန်က သူ့လက်ထဲမှဖုန်းကိုယူကာ သူတို့အဖေကို နှစ်သိမ့်လိုက်သည်။
“အဖေ အကိုပြောတာကိုနားမထောင်နဲ့ အဲ့ဒီယောက်ျားက နာမည်ကြီးလေ၊ အမေက သမီးတို့ကို သူ့ဖျော်ဖြေပွဲခေါ်သွားတာ”
ဝမ်ရူကွေ့ :“ သမီးအမေက ငိုခဲ့တာလား”
ဝမ်ကျင်းရန် :“ အင်း အမေက နည်းနည်းစိတ်လှုပ်ရှားသွားလို့ပါ အဲ့ဒီနာမည်ကြီးက ဂီတလောကကနေထွက်ခွာတော့မှာလေ၊ ဒါပေမယ့် အဖေစိုးရိမ်နေစရာမလိုပါဘူး အဲ့ဒီလူက ဒီအတိုင်းနာမည်ကြီးအနုပညာရှင်တစ်ယောက်ပါ၊ သမီးကတော့အဖေက သူ့ထက်ပိုချောတယ်လို့ထင်တယ်”
ဝမ်ရူကွေ့ :လုံးဝကို စိတ်မသက်သာသွားပါဘူးနော်: )
သူ့မိန်းမက အခြားယောက်ျားတစ်ယောက်အတွက်ငိုပြီး အဲ့ဒီလူရဲ့နာမည်ကို နှစ်နာရီကျော်အောင်အော်ခေါ်နေခဲ့တယ်တဲ့။သူအရမ်းမနာလိုဘူး။
ထုံရွှယ်လူက အိပ်ပျော်သွားပြီဖြစ်သဖြင့် သူ မနှိုးရက်တော့ပေ။ဖုန်းချပြီးသောအခါ သူကအသံတိတ်သဝန်ဆက်တိုနေမိ၏။
အဆောင်သို့ပြန်ရောက်သောအခါ သူကအချိန်အကြာကြီးဖုန်တက်နေသည့် တရုတ်ရိုးရာနှဲကိုပြန်ရှာတွေ့သွားသည်။
သီချင်းဆိုနိုင်သလို ကလည်းကတတ်တဲ့ ခန့်ညားတဲ့ယောက်ျား ဘယ်သူမဟုတ်လို့လဲ။
**