အပိုင်း၃၇၈
Viewers 67k

🍵Chapter 378 [Ending-3]



စားသောက်ပျော်ပါးပြီးနောက်တွင် ထုံရွှယ်လူက ဘော့စ်ကျန်းနှင့်နောက်ထပ်အော်ဒါကြီးနှစ်ခုကို စာချုပ်ချုပ်နိုင်ခဲ့သည်။ပျော်လည်းပျော်ခဲ့ရသလို တစ်ချိန်တည်းတွင် ပိုက်ဆံလည်းရှာနိုင်ခဲ့၏။


သူမက ပြည်မကြီး‌ကိုပြန်တော့မည့်အချိန်၌ လူတစ်ယောက်ကိုတွေ့လိုက်ရသည်။


ထိုနေ့တွင် သူမက မောလ်ထဲမှထွက်လာပြီး‌နောက် ကားထဲဝင်တော့မည့်အချိန်တွင် မိန်းမတစ်ယောက်က သူမကိုတားလာ၏။

“ရွှယ်လူနင်လား ရွှယ်လူဟုတ်တယ်မလား”


ထုံရွှယ်လူလှည့်ကြည့်လိုက်သောအခါ အလွန်ခေတ်ဆန်ဆန်ဝတ်စားထားသည့် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။သူမက အနီရောင်ပုခုံးသိုင်းကြိုးဝတ်စုံ(ဘွိုင်လာလိုမျိုးကိုမှ ဆက်ဆီကျတာမျိုးပါ)ကိုဝတ်ထားကာ ခြေတံသွယ်များကိုဖော်ပြထားပြီး နေကာမျက်မှန်တပ်ထား၏။


သူမက တစ်ဖက်လူကို ချက်ချင်းမမှတ်မိပေ။

“ဘယ်သူများလဲ”


တစ်ဖက်လူက ဖော်မပြနိုင်လောက်အောင် ရင်းနှီးနေကာ ဟောင်ကောင်တွင် မန်ဒရင်းစကားပြောပြီး သူမနာမည်သိသောသူကိုတွေ့ရသည်မှာ ထူးဆန်းလှသည်။


တစ်ဖက်အမျိုးသမီးက မျက်မှန်ချွတ်ကာ ပြုံးပြလာသည်။

“ငါပါ”


ချွေ့ရုန်ရုန်။


ထုံရွှယ်လူက နည်းနည်းအံ့ဩသွားသည်။


ဘွဲ့ရပြီးနောက်တွင် ထုံရွှယ်လူမင်္ဂလာပွဲလာတက်ပြီးကတည်းက ချွေ့ရုန်ရုန်၏သတင်းကိုလုံးဝမကြားရတော့ပေ။သူမက လူတိုင်းနှင့် အဆက်အသွယ်ပြတ်သွားကာ ဤလောကကြီးမှပျောက်ကွယ်သွားသည်ဟုတောင်ထင်ရ၏။


မေဂျာခေါင်းဆောင်နှင့် ထုံရွှယ်လူတို့က ဘာသတင်းမှမသိခဲ့ရပေ။တစ်ခေါက်တွင် သူမသေသွားသည်ဟုလည်း သတင်းထွက်လာသေးသည်။ချွေ့ရုန်ရုန်ကို ဟောင်ကောင်တွင်တွေ့လိုက်ရမည်ဟု မထင်ထားခဲ့ပေ။


“နင်က ဘယ်လိုဖြစ်လို့ဟောင်ကောင်ရောက်နေတာလဲ”


ချွေ့ရုန်ရုန်က နှစ်လိုဖွယ်ကောင်းစွာပြုံးပြလာသည်။

“ငါက ဒီမှာအခြေချလိုက်ပြီလေ နင်ကရော ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ”


ထုံရွှယ်လူ :“ ငါက ငါ့ကလေးနှစ်ယောက်နဲ့ အပျော်ခရီးထွက်လာတာ”


ချွေ့ရုန်ရုန်က သူမနောက်ကိုလှမ်းကြည့်လိုက်ကာ သူမမျက်လုံးထဲတွင် အားကျစိတ်များ ဖြတ်ပြေးသွားသည်။

“နင့်ကလေးတွေက ဒီအရွယ်တောင်ရောက်နေမယ်လို့ ငါမထင်ထားဘူး”


ထိုသို့ပြောပြီးနောက် သူမကပိုက်ဆံအိတ်ထဲနှိုက်လိုက်သည်။

“အိုးးနင်နဲ့ဆုံမယ်ဆိုတာကို ငါမသိလို့ ဘာစာအိတ်နီမှ မယူခဲ့ရဘူး ကလေးတွေရေ ဒါကိုယူပြီး တစ်ခုခုဝယ်စားလိုက်နော်”


သူမက ဟောင်ကောင်ဒေါ်လာတစ်လိပ်ကိုထုတ်ကာ အတင်းထိုးထည့်ပေးလာသော်လည်း ထုံရွှယ်လူက ငြင်းဆန်လိုက်သည်။

“မဟုတ်တာ သူတို့က ကလေးမဟုတ်တော့ဘူးလေ မပေးပါနဲ့တော့”


ထုံယန်းယန်က ပြုံးကာဝင်ပြောလာ၏။

“အန်တီ အမေပြောတာမှန်ပါတယ် သားတို့ကိုစာအိတ်နီပေးစရာမလိုပါဘူး ဒါနဲ့ အန်တီက အရမ်းလှတာဘဲ အမေ့ဆီမှာ ဒီလောက်လှတဲ့သူငယ်ချင်းရှိမယ်လို့ သားမထင်ထားဘူး”


“နင့်သားက စကားပြောတတ်လိုက်တာဟယ်၊ ဒါနဲ့နင်အခုအားလား ငါတို့တွေကော်ဖီတစ်ခွက်လောက်သွားသောက်ကြမယ်လေ”


ထုံရွှယ်လူက ခနလောက်တွေးကာခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီလေ”


သူတို့က သိပ်မဝေးသည့်နေရာမှ ကော်ဖီဆိုင်သို့သွားလိုက်ကြသည်။ကလေးနှစ်ယောက်က ငြိမ်ငြိမ်မထိုင်နိုင်သဖြင့် ဂိမ်းကစားရန်ထွက်သွားကြသည်။


ချွေ့ရုန်ရုန်က ကော်ဖီခွက်ကိုကျက်သရေရှိစွာကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။

“ငါက ဟောင်ကောင်မှာ အခြေချနေတာကို နင်အံ့ဩသွားတယ်မလား”


ထုံရွှယ်လူက ခေါင်းငြိမ့်လိုက်သည်။

“အင်း ဒီနှစ်တွေမှာ နင်နဲ့ပတ်သက်ပြီးဘာသတင်းမှမကြားခဲ့ရဘူးလေ အတန်းဖော်တွေအားလုံးက နင်ဘယ်ရောက်နေလဲဆိုတာကို သိချင်နေကြတာ”


ချွေ့ရုန်ရုန်က ကော်ဖီခွက်ကိုချပြီး နူးညံ့စွာပြုံးလိုက်သည်။

“ငါပေကျင်းကိုရောက်လာသေးတယ် ငါနင့်ကိုတွေ့ခဲ့တယ်”


ထုံရွှယ်လူ:? ?


ချွေ့ရုန်ရုန် :“ ဘွဲ့ရပြီးတဲ့နောက်မှာ ငါက အမျိုးသားလုံခြုံရေးဗျူရိုမှာအလုပ်ဝင်ခဲ့တယ်၊ ပွင့်ပွင့်လင်းလင်းတော့မဟုတ်ဘူး.....အသွင်ယူတဲ့သဘောမျိုးပေါ့”


အသွင်ယူတာလား။


ထုံရွှယ်လူက တကယ်လန့်သွားသည်။


ချွေ့ရုန်ရုန်က အလွန်ဆွဲဆောင်မှုရှိကာ သူမလမ်းလျှောက်လိုက်တိုင်း သူမခါးလေးက ရေမြွေလေးလိုလှုပ်ခါနေ၏။သို့သော် သူမအတန်းဖော်များက သူမကို သိပ်သဘောမကျကြပေ။အထူးသဖြင့် မိန်းကလေးအတန်းဖော်များဖြစ်သည်။


သူမ၏ပုံပန်းသွင်ပြင်က ဤခေတ်ကာလတွင် အနည်းငယ်ဆိုးကျိုးရှိသည်ဟုပြောရမည်။သူမက မြေခွေးမနှင့်တူကာ သူမလုပ်ဆောင်မှုများက လေးနက်မှုသိပ်မရှိပေ။


မည်သို့ပင်ဖြစ်စေ ၎င်းကသူမ‌အတွေးများသာဖြစ်ကာ တကယ်တမ်း၌ သူမကချွေ့ရုန်ရုန်နှင့်မရင်းနှီးပေ။သို့သော် တစ်ဖက်လူက အခြားသူများကို မထိခိုက်စေသရွေ့ သူမကအာရုံလာစိုက်နေမည်မဟုတ်ပေ။


သို့သော်ချွေ့ရုန်ရုန်က အသွင်ယူအေးဂျင့်ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။၎င်းက တကယ်မမျှော်လင့်ထားသောအရာဖြစ်သည်။


ချွေ့ရုန်ရုန်က ပြုံးပြလာသည်။

“နင်က အမြဲလိုလိုအရမ်းတည်ငြိမ်နေခဲ့တာ နင့်မျက်နှာပေါ်မှာ ဒီလိုအမူအရာမျိုးတွေ့ရတာက တကယ်ရှားတယ်”


 “ငါဘွဲ့ရပြီးတဲ့နောက်မှာ အမျိုးသားလုံခြုံရေးဗျူရိုက ငါ့ကိုအလုပ်ခန့်လာခဲ့တယ် အဲ့ဒီအချိန်ကစပြီးငါက‌နယ်ပယ်မျိုးစုံကို ရွှေ့ပြောင်းပြီး နေရာမျိုးစုံကနေ လျှို့ဝှက်ချက်တွေကိုရှာဖို့ကြိုးစားနေခဲ့လို့ မဆက်သွယ်ဖြစ်ခဲ့တာ”


ထုံရွှယ်လူ :“ဒါဆိုငါ့ကိုဘယ်လိုတွေ့ခဲ့တာလဲ”


ချွေ့ရုန်ရုန် :“ ‌လွန်ခဲ့တဲ့လေးနှစ်တုန်းက ကျန်းပိုင်ဟွေ့နဲ့ချမ်ချိုက်ရှင်းတို့အဖမ်းခံလိုက်ရတဲ့အချိန်မှာ၊ အဲ့ဒီတုန်းကလည်း စုံစမ်းရေးမှာငါလည်းပါခဲ့တယ် ဒါပေမယ့် ငါ့အထောက်အထားကို ဖော်ပြလို့မရခဲ့ဘူး”


“ဒါဆို နင်အခုဟောင်ကောင်မှာအခြေချလိုက်ပြီဆိုတော့ အသွင်ယူအေးဂျင့်ဆက်မလုပ်တော့ဘူးပေါ့”


ချွေ့ရုန်ရုန်က ခေါင်းငြိမ့်ပြလိုက်သည်။

“တကယ်တော့ ငါသိချင်တာ နှစ်ခုရှိတယ်”


“ပြောကြည့်လေ”


“တစ်ခုက ပါမောက္ခဝမ်အကြောင်း၊ သူ့မှာအဲ့လိုရောဂါမျိုးရှိနေတာကို နင်စိတ်ထဲတကယ်မထားတာလား”


ထုံရွှယ်လူ :“ ငါစိတ်မရှိဘူး၊ လူတစ်ယောက်ကိုချစ်တာက သူတို့ကတစ်သက်လုံးကောင်းမွန်နေမယ်လို့ မဆိုလိုဘူးလေ တစ်နေ့နေ့ကျရင်သူတို့နေမကောင်းဖြစ်လာရင်တောင် အရင်အတိုင်းဆက်ချစ်နေဦးမှာဘဲ”


ချွေ့ရုန်ရုန်က ခနလောက်တွေးကြည့်လိုက်သည်။

“နင်အရမ်းပျော်နေရတာ မအံ့ဩတော့ပါဘူး လူတိုင်းကအဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး”


“ဒုတိယတစ်ခုကတော့ နင်ကျန်းပိုင်ဟွေ့ကို ဘာလို့သွားမတွေ့ခဲ့တာလဲ သူကနင့်ကိုတွေ့ချင်တယ်လို့ အကြိမ်ကြိမ်တောင်းဆိုနေခဲ့တာ ဒါပေမယ့်နင်ငြင်းလိုက်တယ် ကျန်းပိုင်ဟွေ့က ဒေါသထွက်လွန်းလို့ ရူးမလိုတောင်ဖြစ်သွားတယ်”


ထုံရွှယ်လူက မျက်တောင်ခတ်လိုက်သည်။

“ငါသူ့ကို တမင်သွားမတွေ့ခဲ့တာ”


ကျန်းပိုင်ဟွေ့က သူမကိုပြသနာထဲဆွဲထည့်ချင်ခဲ့၏။သူမကဘာလို့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာလဲ။


သူမက ကျန်းပိုင်ဟွေ့ကို အလိုမရှိမှု၊ နောင်တများနှင့်အတူ ငရဲသို့ကျသွားစေချင်သည်။


သူမသွားတွေ့ရင်ရော ဘာဖြစ်သွားမှာလဲ။သူ့ကိုယ်သူ ညည်းညူနေတာတွေဘဲကြားရမှာ။ဘာလို့ကိုယ့်ဒုက္ခကိုယ်သွားရှာရမှာလဲ။


စားစရာကအရသာမရှိသေးလို့လား၊ သူမပိုက်ဆံရှာတာမလုံလောက်သေးလို့လား။


ချွေ့ရုန်ရုန်က သူမကိုသဘောကျစွာကြည့်လာသည်။

“ငါထင်ထားသလိုဘဲ နင်ကအရမ်းရက်စက်လိုက်တာ ကျန်းပိုင်ဟွေ့ကနင့်ကိုမျှော်ရင်းသေသွားတယ်”


“ခစ်ခစ်-”


ထုံရွှယ်လူက အော်ရယ်မိမတက်ဖြစ်သွားကာ မေးခွန်းတစ်ခုမေးလိုက်သည်။

“ဒါနဲ့ ချမ်ချိုက်ရှင်းကငါ့ကိုဘာလို့အငြိုးထားနေလဲဆိုတာကိုသိလား”


ချွေ့ရုန်ရုန်က သူမကိုထူးဆန်းသလိုကြည့်လာသည်။

“နင်ချမ်ချိုက်ရှင်းကိုသွားတွေ့တယ်မဟုတ်ဘူးလား သူနင့်ကိုမပြောပြဖူးလား”


ထုံရွှယ်လူက ပုခုံးတွန့်လိုက်သည်။

“ငါမေးကြည့်သေးတယ် သူ မပြောပြတာနဲ့ ငါလည်းအဲ့ဒီလျှို့ဝှက်ချက််ကို ငရဲအထိသယ်သွားခိုင်းလိုက်တယ်”


“ဟားဟား---”

ချွေ့ရုန်ရုန်က ဒီတစ်ကြိမ်တွင်အော်ရယ်လိုက်တော့သည်။


“နင်ကတော့တကယ်ပါဘဲ၊ အဲ့ဒီတုန်းကချမ်ချိုက်ရှင်းဒေါသထွက်နေတာကို မအံ့ဩတော့ဘူး နင်ချမ်ချိုက်ရှင်းရဲ့မောင်ကိုမှတ်မိသေးလား”



ထုံရွှယ်လူက ခေါင်းရှုပ်သွားသည်။

“ချမ်ချိုက်ရှင်းရဲ့မောင်လား ငါသိလို့လား”


ချွေ့ရုန်ရုန်က သူမပုံစံကိုမြင်သောအခါ သက်ပြင်းချလိုက်သည်။

“ချမ်ချိုက်ရှင်းက နင့်ကိုအရမ်းမုန်းနေတာကို မအံ့ဩတော့ဘူး နင်က သူ့မောင်ကိုမှတ်တောင်မမှတ်မိဘူးလေ”


“ချမ်ချိုက်ရှင်းရဲ့မောင်လေးက  ချို့ယွင်းချက်နဲ့‌မွေးဖွားလာပြီး စိတ်ကျရောဂါကိုခံစားနေရတာ၊ သူက နင်အလယ်တန်း‌တုန်းအတန်းဖော်ဘဲ၊ ချမ်ချိုက်ရှင်းပြောသလိုဆိုရင် သူ့မောင်က နင့်ကိုအရမ်းကြိုက်တာတဲ့၊ သူကနင့်ကိုဝန်ခံခဲ့ပေးမယ့် နင်ငြင်းလိုက်တယ်တဲ့ အဲ့ဒီနောက်နှစ်ဝက်အကြာမှာ သူ့မောင်ကကိုယ့်ကိုကိုယ်သတ်သေသွားတယ်”


ထုံရွှယ်လူက ထပ်လန့်သွားသည်။

“ငါတကယ်မမှတ်မိဘူးဟ”


ရုတ်တရက်ပင် မှုန်ဝါးဝါးပုံရိပ်တစ်ခုက သူမစိတ်ထဲတွင်ပေါ်လာ၏။ထိုကောင်လေး၏မျက်နှာက ဖြူဖျော့နေကာ ခန့်ညားသောအသွင်အပြင်ရှိပြီး မူလပိုင်ရှင်ကိုရည်းစားစာပေးလာခဲ့ကာ မူလပိုင်ရှင်က ငြင်းဆန်ခဲ့သည်။


မူလပိုင်ရှင်က သူ့ကိုဒုက္ခိတဟုခေါ်ကာ ငန်းသားစားချင်နေသည့် ဖားပြုပ်ဟုခေါ်ဝေါ်ခဲ့သည်။


ထိုအကြောင်းကိုတွေးမိသွားသောအခါ ထုံရွှယ်လူက သူမနဖူးကိုကိုင်လိုက်မိသည်။လက်စသတ်တော့ မူလကိုယ်ရှာခဲ့တဲ့ ရန်ငြိုးဖြစ်နေတာဘဲ။


သူတို့ကြားတွင် အသက်တစ်ခုဆုံးရှူံးသွားသဖြင့် ချမ်ချိုက်ရှင်းက သူမကိုမုန်းနေသည်မှာမထူးဆန်းတော့ပေ။


မည်သို့ပင်‌ဖြစ်စေ လက်ရှိ၌မူလကိုယ်နှင့် ထိုကောင်လေးမရှိတော့သလို ချမ်ချိုက်ရှင်းလည်းမရှိတော့ရာ ဒီကိစ္စကိုရှင်းပြလျှင်လည်း အသုံးမဝင်တော့ပေ။



ချွေ့ရုန်ရုန်က ပြုံးလိုက်မိသည်။

“နင်မမှတ်မိလို့ဘဲ သူကနင့်ကိုပိုမုန်းသွားတာ သူ့မောင်လေးကနင့်ကြောင့်ထိခိုက်ခဲ့ပေမယ့် နင်ကျအရမ်းကိုလွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေရလို့လေ”


ထုံရွှယ်လူက ဆွံ့အသွားသည်။

“ဒါပေမယ့်ထူးဆန်းတာတစ်ခုရှိတယ် တကယ်လို့သူ့မောင်ကငါ့ကိုကြိုက်ခဲ့တယ်ဆိုရင်ချမ်ချိုက်ရှင်းရဲ့မိဘတွေ ငါ့ကိုမြင်တုန်းကကျ ဘာလို့ ငါ့ကိုမသိတဲ့ပုံဖြစ်နေတာလဲ”


ချွေ့ရုန်ရုန်:“ချမ်ချိုက်ရှင်းမိဘတွေနဲ့ ဆွေမျိုးတွေအားလုံးမသိဘူး၊ချမ်ချိုက်ရှင်းတစ်ယောက်းတည်းဘဲ ဒီအကြောင်းကို သူ့မောင်လေးရဲ့ဒိုင်ယာရီထဲကနေသိခဲ့တာ၊ အဲ့ဒါကြောင့်နင့်ကိုမုန်းပြီး သူ့မောင်အတွက်လက်တုံ့ပြန်မလို့ နေရာတိုင်းမှာပစ်မှတ်လိုက်ထားနေတာ”


ထုံရွှယ်လူ: "..."


မူလကိုယ်ကမှားခဲ့၏။သို့သော်၎င်းက ချမ်ချိုက်ရှင်းမောင်၏ သတ်သေမှုကိုဖြစ်စေသည့် အဓိကအကြောင်းရင်းမဟုတ်ပေ။


ထို့နောက် သူမကမူလကိုယ်နေရာတွင်ဝင်လာကာ ဤကျိုးကြောင်းမဆီလျော်သည့် ကပ်ဆိုးကိုခံစားခဲ့ရသည်။


 *