အပိုင်း ၁၇၂
Viewers 16k

Chapter 172

အေ အပေါင်း တစ်


သုံးနာရီခန့် လက်ချာပေးပြီးနောက် ကွန်ပျူတာလက်ပတ်ထဲတွင် ပစ္စည်းအပြည့်အစုံကို ထည့်ပြီးသောအခါမှ မူရွှမ် သံသယကင်းသွားသည်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အလုပ်များ ပြီးစီးသွားချိန်တွင် ယောင်စစ်က တစ်ခဏတွင်း အာကာသစခန်း၏ အပြင်ဘက်သို့ ရောက်နေပြီဖြစ်သည်။ သူမက အရွယ်ရောက်ခြင်းအခမ်းအနားကို အောင်မြင်ရန် ဆုံးဖြတ်ထားသည်။ 


ဒါက အခြားဂြိုလ်တစ်ခုပဲလေ ... သူမ တစ်ယောက်တည်း ဆိုရင်တောင် ခရီးစဉ်တစ်ခုလို့ပဲ ယူဆလို့ရတယ် ...


" သေစမ်း ... ရှင်တို့ကရော ဒီကို ဘာလာလုပ်တာလဲ ..."

ယောင်စစ် သူမနှင့် တစ်ချိန်တည်း ရောက်လာသူနှစ်ယောက်ကို ကြည့်လိုက်သည်။


"သခင်မလေး ... တော်ပါသေးရဲ့ဗျာ... နောက်ဆုံးတော့ ကျွန်တော်တို့ လိုက်မှီနိုင်ခဲ့ပြီ ..."

ပိုင်ရိက ပြုံးပြလိုက်သည်။


" သခင်မလေးလည်း အရွယ်ရောက်ခြင်း အခမ်းအနား စစ်ဆေးချက်ကို တက်ရောက်မယ် မထင်ထားမိဘူး ... တိုက်ဆိုင်လိုက်တာ ..."


" တိုက်ဆိုင်တယ်ဆိုတာ ဘာသဘောလဲ ... ငါ့နောက်က လိုက်လာကြတာ မဟုတ်ဖူးလား ..."


" ဒါ ... ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ဖူး ..."

သူ အလိမ်ပေါ်သွားသဖြင့် ‌သနားစဖွယ် ‌ညည်းညူလိုက်သည်။


"သခင်မလေး ... ကျွန်တော့်ရဲ့စွမ်းရည်က တိုက်ခိုက်နိုင်စွမ်းအား မရှိတာ သိတယ်မလား ... ကျွန်တော်တစ်ယောက်တည်းဆို  အောင်မှာမဟုတ်ဘူး ...ဒါ ကျွန်တော့်ရဲ့ တတိယမြောက် ကြိုးပမ်းမှုပဲ ... ကျွန်တော်တစ်ယောက်တည်း နေခဲ့ရတာကြာပြီ ... အရင်တုန်းက အတန်းဖော် ဖြစ်ခဲ့ဖူးတာတွေကို ထောက်ထားပေးပါလား ... ကျွန်တော်တစ်ယောက်တည်း ဆက်ခံသူမရှိပဲ ထာဝရနေရမှာ ရက်စက်လွန်းပါတယ် ..."


အရွယ်ရောက်ခြင်း အခမ်းအနားစစ်ဆေးချက်ကို ပိုင်ရိ ပြောပြခဲ့သည့် ရည်ရွယ်ချက်ကို ယောင်စစ် နောက်ဆုံးတွင် နားလည်သွားသည်။ 


ကြည့်ရတာ သူ ကြံစည်နေတာ ကြာပြီထင်တယ် ...


" သူကရော ..."

ပိုင်ရိ၏ အကြောင်းပြချက်ကို သူမ နားလည်နိုင်သည်။ 

ဒါပေမဲ့ လီကျန်းကိုပါ ဘာလို့ ဆွဲခေါ်လာတာလဲ ... သူမနဲ့ ယှဉ်မယ်ဆိုရင် သူကတောင် ပိုငယ်တဲ့ ဆက်ခံသူလို့ ပြောရမယ် ...


ပိုင်ရိ ဘာမှ မရှင်းပြနိုင်မီမှာပင် လီကျန်းက အော်ပြောလိုက်သည်။

"  သားလေးက  အဖေ့ကိုတွေ့ဖို့ ရောက်လာတာလေ ..."


" ထွက်သွားစမ်း ဘယ်သူက နင့်အဖေလဲ ... နင့်ကို အရင်တည်းက ခဏခဏ အမှန်ပြင်ပေး‌တယ်နော် ... ဘာလို့ မှတ်မထားတာလဲ ..."


" လောင်လီက ကမ္ဘာကြီးကို မြင်တွေ့ချင်နေတာ ... မဟုတ်ရင်လည်း တစ်နေ့နေ့မှာ သူဒီကို လာရမှာပဲ ... သူက ခုမှ ဂလက်ဆီ ဘာသာစကားကို နားလည်တာလေ သာမန်ဘာသာစကားကို လေ့လာဖို့ လိုသေးတယ် ... အဲ့တာကြောင့် သူ့ကိုထားခဲ့ရင် စိတ်မကောင်းဖြစ်နေရမှာ ..."

ပိုင်ရိ ရှင်းပြလိုက်သည်။


ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ 

အဲ့တာ နင့်အပြစ် မဟုတ်ဘူးလား ... သူက သာမန် အသိပညာတွေ သင်နေရမယ့်အချိန်မှာ အချိန်ဖြုန်းပြီး နင်နဲ့ ဂိမ်းဆော့နေရတာလေ ...


" အင်းလေ ကောင်းပါပြီ ..."

သူမ တစ်စုံတစ်ခုကို အမှတ်ရသွားသည်။


" သူ့ရဲ့ စွမ်းရည်တွေရော နိုးထလာပြီလား ..."

သူက အစောပိုင်း သွေးစုပ်ဖုတ်ကောင် ဖြစ်သည့်အတွက် သူ၏စွမ်းရည်မှာ စံချိန်စံနှုန်းမြင့်နေနိုင်သည်။


" ဟင့်အင်း ..".

သူတို့နှစ်ယောက် ပြိုင်တူ ခေါင်းငြိမ့်လိုက်ကြသည်။ 


ဒါဆိုရင် ယောင်စစ်မှာ အရှုပ်ထုပ်နှစ်ခု တိုးလာတာပေါ့ ... ဒါပေမဲ့ သူတို့ကို ပြန်ခိုင်းဖို့ကလည်း နောက်ကျသွားပြီ ...


သူမ ဤနေရာတွင် တစ်လခန့်နေရမည်ဖြစ်၍ ရွက်ဖျင်တဲဆောက်ရန် ရှေ့မှ တောအုပ်ထူထူကိုသာ ကြည့်လိုက်သည်။


ပိုင်ရိ သူမထက်အရင် မြေပုံကိုဖွင့်ပြီး သူမကို ကပ်ဖားလိုက်သည်။

" သခင်မလေး ကျွန်တော်တို့ ဘယ်စစ်ဆေးရေးဂိတ်ကို အရင်ဆုံးဦးတည်ကြမလဲ ... ကျွန်တော်တို့ အမိန့်အားလုံးကို နာခံပါ့မယ် ..."


" စစ်ဆေးရေးဂိတ်တဲ့လား ... အဲ့ဒါဘာတုန်း ..."

ယောင်စစ် ကြောင်အသွားသည်။ 

သူ ဘာပြောနေပါလိမ့် ...


" အယ် သခင်မလေး ... စစ်ဆေးချက်ရဲ့ လက်စွဲစာအုပ်ကို အာကာသဝင်ပေါက်ထဲမှာ မဖတ်ခဲ့ဘူးလား ..."

ပ်ိုင်ရိ အေးခဲပြီး လန့်သွားသည်။


ပိုင်ရိ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ သူမ အာကာသဝင်ပေါက်ထဲတွင် ရှိစဉ်က မူရွှမ် သူမ၏ကွန်ပျူတာထဲသို့ တစ်အိမ်လုံးကို မထိုးထည့်ပေးရန် တားမြစ်နေရသောကြောင့် လက်စွဲစာအုပ်ရှာရန်ပင် အချိန်မရှိပေ။


ပိုင်ရိ မြေပုံကိုထိ၍ ရှင်းပြလိုက်သည်။

"  အရွယ်ရောက်ခြင်းအခမ်းအနားရဲ့ အဓိကရည်ရွယ်ချက်က ငယ်ရွယ်တဲ့ သွေးစုပ်ဖုတ်ကောင်လေးတွေရဲ့ တစ်ဦးချင်းစွမ်းရည်ကို အကဲဖြတ်ဖို့ပဲ ... စွမ်းရည်ဂြိုဟ်က အန္တရာယ်များတယ်ဆိုပေမဲ့ နေရာတစ်ခုလုံးမှာ လုံခြုံတဲ့ဇုန်တွေ ရှိမနေတာမဟုတ်ဖူး ... ‌စစ်ဆေးချက်ကို ပေါ့ပေါ့တန်တန် သဘောမထားအောင် သွေးစုပ်ဖုတ်ကောင်တွေအတွက် အဆင့်မြင့် စစ်ဆေးရေးဂိတ်တွေကို ဂြိုလ်အနှံ့မှာ ဖြန့်ကျက်ထားပေးတယ် ... အောင်မြင်ဖို့ဆိုရင် စစ်ဆေးရေးဂိတ်ဆယ်ခုကို တစ်လအတွင်း ရောက်ရမယ် ..."


ဒါက သူတို့လုပ်ဖို့ လိုတာပေါ့ ... 

ယောင်စစ်က တစ်လလုံး ဘာမှမလုပ်ပဲ စခန်းချနေထိုင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။


" အနီးဆုံး စစ်ဆေးရေးဂိတ်က ဘယ်မှာလဲ ..."


" ကျွန်တော် ကြည့်ပေးမယ် ..."

ပိုင်ရိ မြေပုံကို အကျယ်ချဲ့၍ သေချာကြည့်ရှု့နေပြီး ခဏအကြာတွင် အနီရောင်အစက်တစ်ခုကို ထိလိုက်သည်။ 


" စစ်ဆေးရေးဂိတ်တွေက ပြန့်ကျဲနေတာ များပေမယ့် ကျွန်တော်တို့နဲ့ အနီးဆုံးမှာ နှစ်ခုရှိတယ် ... ပထမတစ်ခုက တောင်ဘက်က နံပါတ် ၂၃နဲ့ မြောက်ဘက်က နံပါတ် ၇၇ ... သူတို့က ဆန့်ကျင်ဘက် အရပ်မျက်နှာတွေမှာ ရှိနေတာ ..."


ယောင်စစ်  မြေပုံကိုထောက်၍ ဂြိုဟ်တစ်ခုလုံးပုံကို ချုံ့ကြည့်လိုက်ပြီးနောက် ဆုံးဖြတ်ချက်ချကာ တောင်ဘက်မှ စစ်ဆေးရေးဂိတ်ကို ညွှန်ပြလိုက်သည်။


" ဒီတစ်ခုကို သွားရအောင် ... သူ့ရဲ့ အနီးပတ်ဝန်းကျင်မှာ တခြားစစ်ဆေးရေးဂိတ်တွေ ရှိနေသေးတယ် ... ငါတို့ စက်ဝိုင်းပုံအတိုင်းသွားရင် ဆယ်ခုပြည့်သွားနိုင်တယ် ..." 


" ဒါပေမဲ့ ..."

ပိုင်ရိ ပြဿနာတက်နေပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။


" တောင်ဘက်မှာ စစ်ဆေးရေးရိတ်တွေ အများကြီးရှိပေမယ့် မြေပြင်အနေအထားက ကြမ်းတမ်းတယ် ... ‌အတောင်ပံစွမ်းရည်ရှိတဲ့လူတောင် ဆယ်ရက်လောက်သွားရမှာ ကျွန်တော်တို့သာ လမ်းလျှောက်သွားရင် ..." 


" မပူပါနဲ့ ... ငါ့မှာ ဒီဟာ ပါလာတယ် ..."

စက်ပိုင်းပုံ ပန်းကန်ပြားအရွယ် ပျံသန်းရေးကိရိယာသုံးခုကို ယောင်စစ်၏ ကွန်ပျူတာထဲမှ ထုတ်ယူလိုက်သည်။


" ပျံ ... ပျံသန်းရေး ကိရိယာလား ..."

ပိုင်ရိ မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။


" သခင်မလေး ပျံသန်းရေး ကိရိယာကို တကယ်ယူလာတာလား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဘယ် စကြဝဠာနည်းပညာ ပစ္စည်းကိရိယာကိုမှ ယူမလာရဘူးလို့ တားမြစ်ထားတယ်လေ ... ဒါက လှည့်စားတာမလား ... ညစ်တယ်လို့တောင် ပြောလို့ရတယ် ..."


" ဘာလို့လဲ ဒါက မလောက်ဖူးလား ..."

ယောင်စစ် မေးလိုက်သည်။


“…” ပိုင်ရိနှင့် လီကျန်း ...


" အရှင်မ ဝင်လာတဲ့အချိန်က အာကာသစခန်းမှာ ဝန်ထမ်းတစ်ယောက်မှ မရှိဘူးလား ..."


သူတို့ဝင်လာသည့်အချိန်ကဆိုလျှင် အတွင်းခံများပင် ထားခဲ့ရသည်။ ပြိုင်ပွဲကို တရားမျှတမှုရှိစေရန် ကွန်ပျူတာထဲမှ မြေပုံတစ်ခုတည်းကိုပင် ယူဆောင်လာရသည်။


" ငါ သူတို့ကို တွေ့တယ်လေ ...အင်း သူတို့က ခင်ဖို့ကောင်းတဲ့ သွေးစုပ်ဖုတ်ကောင်တွေပါ ..."

ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။


" ခင် ... ခင်ဖို့ကောင်းတယ်လား ..."

သူတို့အတွင်းခံတွေကို ချွတ်ခိုင်းတဲ့ လူတွေပဲလားမသိဘူး ...


" အိတ်က မကြီးလွန်းဘူးလား ..."


" အိုး ... အစကတော့ ငါဘာမှမယူလာခဲ့မလို့ပဲ ဒါပေမဲ့ မူရွှမ်က ပစ္စည်းတွေ အကုန်လုံး ထည့်ပေးလိုက်တာ ..."

သူက ဖြစ်နိုင်ရင် သင်္ဘောတစ်စင်းပါ ထည့်ပေးချင်နေတာ ...


" အ ... အရှင်မင်းကြီးကလား ..."

ပိုင်ရိသည်လည်း ဝန်ထမ်းများထဲမှ တစ်ယောက်ဖြစ်ပါက တစ်ခွန်းမှ ပြောရဲမည်မဟုတ်ပေ။


" ဘာလို့လဲ ပျံသန်းရေးကိရိယာတွေ သုံးလို့မရဘူးလား ...စက်ကိုပဲ သုံးကြမလား ... ကာကွယ်တတ်တဲ့စက် ကြမ်းတမ်းတဲ့စက် သက်တောင့်သက်သာရှိတဲ့စက် ဘယ်ဟာယူမလဲ ..."

သူမက စက်သုံးလုံး၏ ခလုတ်များကို နှိပ်လိုက်သည်။


“…” ပိုင်ရိ 


“…” လီကျန်း


နေစမ်းပါဦး...


" သခင်မလေး ..."


" ဟမ် ..."


" ဘာတွေ ယူလာတယ်ဆိုတာ ကျွန်တော်တို့ကို တစ်ခါတည်း ပြောပြပါလား ..."


" အဲ အရမ်းများလွန်းတော့ အကုန်လုံးကို ပြောပြဖို့ ခက်နေတယ် ... ပြောရမယ်ဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေတောင် သယ်လာမိသေးတယ် ယူကြဦးမလား .."


“…”


ယောင်စစ်က အမြတ်ထုတ်လို့လွယ်တဲ့ လူမျိုးနှင့် တူနေသည်။ 


ဆန့်ကျင်ဘက်အနေနှင့် လီကျန်းက အနည်းနှင့်အများ ချုပ်ထိန်းထားခြင်းမရှိပေ။  ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး သူ၏စိတ်ထဲ ပေါ်လာသော ပထမဆုံးအရာကို ပြောချလိုက်သည်။


" အဖေ့မှာ ယောက်ကျားဝတ် အတွင်းခံတွေရော ပါလာတာလား ..."


“…” ယောင်စစ် 


“…” ပိုင်ရိ 



အဆုံးတွင် ယောင်စစ်တို့ ပျံသန်းရေး ကိရိယာများသာ အသုံးပြုခဲ့သည်။ ခရီးစဉ်စပြီးမှ ဤဂြိုဟ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သူမ သဘောပေါက်သွားသည်။ သစ်တောတွင်းမှ ထွက်ရန်ပင် နေ့လယ်ခင်းတစ်ချိန်လုံး ကြာခဲ့ပြီး မြေပုံအရဆိုလျှင် အကွာအဝေး၏ ဆယ်ပုံတစ်ပုံသာ ‌ဖုံးလွှမ်းနိုင်ခဲ့သည်။


အနားယူလိုက်ကြပြီး နောက်‌တစ်နေ့မှ ခရီးဆက်ကြသည်။ ထိုအချိန်မှ ဤဂြိုလ်၏ အန္တရာယ်များကို သူမ နားလည်သွားသည်။ ခရီးစဉ်တစ်လျှောက်တွင် ကွဲပြားသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင် မီးတောင်ပေါက်ကွဲခြင်း မုန်တိုင်း စသည်တို့ကို မျက်မြင်တွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးက တစ်ခုပြီးလျှင် တစ်ခု ဆက်တိုက်လာပြီး အသက်ရှူချိန်ပင် မရပေ။ 


ငါးရက်ခန့်သာ သွားရမည့်အကွာအဝေးကို သူတို့ ဆယ်ရက်ခန့် သွားလိုက်ရသည်။


ဤဂြိုဟ်တွင် ရာသီဥတုက မိနစ်အလိုက် ပြောင်းလဲနေပြီး သူတို့စခန်းချရန် လုံခြုံသည့်နေရာမရှိပေ။ အကာ်၍ သူတို့ မပျံသန်းနေပါက ရေလှိုင်းကြီးများ သို့မဟုတ် မြေပြင်ပေါ်မှ အက်ကွဲကြောင်းကြီးများအောက်တွင် မြှုပ်နှံခံရလိမ့်မည်။ အပြောင်းအလဲမြန်သောပတ်ဝန်းကျင်ကြောင့် လေ မိုး  အလင်းရောင် လျှပ်စစ် ရွှေ  ထင်း ရေနှင့် မီးတို့မှ စွမ်းအင်များ တစ်ပြိုင်နက်  ထွက်ပေါ်လာသည်။


သူမ၏ စွမ်းရည်က အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တိုင်းတွင် တစ်ကြိမ်သာ ယုံကြည်စိတ်ချနိုင်သည်။


သူတို့ နောက်ဆုံးတွင် ရှုပ်ထွေးလှသော အခြေအနေများကို ဖြတ်ကျော်ကာ လုံခြုံစွာနေနိုင်ခဲ့ပြီး ဆယ့်နှစ်ရက်မြောက်နေ့တွင် ပထမဆုံး စစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ကြသည်။


၎င်းက ယောင်စစ်ကို အံ့အားသင့်သွားစေခဲ့သည်။