🦊Chapter 17
Arc 2 - လူမှားလက်ထပ်မိခြင်း
2.8
ဤအကြိမ်မှာ ရွှယ်လင်နှင့် မစ္စတာ ကိုးလ်အိုဝင် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းမဟုတ်ပေ။
သူ H နိုင်ငံမှ မထွက်သွားမှီ လွန်ခဲ့သော ၂နှစ်ခန့်ကပင် သူ့ လိပ်စာကဒ်ကိုရရှိဖူးသည်။ ပြီးခဲ့သော ၂နှစ်တာကာလအတွင်း သူတို့နှစ်ဦးသားတူညီသော အလုပ်ကိစ္စများနှင့် ပတ်သက်၍ အကြိမ်ပေါင်းများစွာတွေ့ဆုံဖူးသည်။ သူတို့ မည်မည်ရရ စကားပြောဆိုမှုမျိုး မရှိသော်လည်း ရွှယ်လင် ထိုလူ့အပေါ် အလွန်အထင်အမြင်ကြီးသည်။
ဤမနက် ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာလည်း ထိုလူနှင့်ပင်ဖြစ်သည်။
ဤလူကြီးလူကောင်းက နိုင်ငံတကာစီးပွါးရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းကြီး၏ နောက်ကွယ်မှ ဥက္ကဌဖြစ်သည်။ အတိအကျပြောရပါလျှင် ထိုလူမှာ ကျိကျိတက် ချမ်းသာသည့် Eနိုင်ငံ မှအထက်တန်းစား စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတစ်ဦးဖြစ်ပြီး တိုင်းပြည်စီးပွါးရေးကိုပင် လက်ဝါးကြီးအုပ်ထားနိုင်သော အနေအထားရှိသည်။
ဤသို့သောတည်ရှိမှုက ခေတ်သစ်လူ့အဖွဲ့အစည်း၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အလွယ်တကူလွှမ်းမိုးနိုင်သည်။ သို့သော် သူ့တွင်ရည်မှန်းချက်အတည်တကျ ရှိပုံမရပဲ တဖြည်းဖြည်းသာတိုးချဲ့နေသည်။ မကြာသေးမီနှစ်များအတွင်းကပင် သူ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို M နိုင်ငံ သို့လွှဲပြောင်းပေးခဲ့ပြီး ကုမ္ပဏီ၏ ထိပ်တန်းစီမံခန့်ခွဲမှုလည်း မတည်မငြိမ်ဖြစ်ခဲ့သေးသည်။
ထိုလူက အန္တရာယ်ရှိသည်ဟု ရွှယ်လင် အမြဲခံစားခဲ့ရပြီး ဝေးဝေးနေခြင်းကသာ ပိုကောင်းလိမ့်မည်။
ထို့ကြောင့် သူတို့ တစ်ယောက်နှင့်တစ်ယောက် မကြာခဏတွေ့ဖြစ်ကြသော်လည်း တစ်ခါတစ်ရံ ရွှယ်လင်က စကားစမြည်စပြောရန်ပင် အချိန်ယူရသည်။
သိုသော်လည်း ထိုပုဂ္ဂိုလ်နှင့် ပတ်သက်သော သတင်းနှင့်ကောလာဟလများကို သူအမြဲတမ်းကြားနေရသည်။ ဇူကောချီ ဂီတသင်တန်းကျောင်းအဖွဲ့၏ဒါရိုက်တာဖြစ်ခြင်းနှင့် ပတ်သက်၍ ဇာတ်ကြောင်းအစပိုင်းကိုပြောခဲ့ရာတွင် သူ လိမ်နေခဲ့ခြင်းမဟုတ်ပေ။ သူ့မိသားစုကကောလိပ်၏လူထက်ဝက်ကျော်ကို ငွေကြေးထောက်ပံ့ခဲ့သည်။ ထို့ပြင် ရွှယ်လင်ပါဝင်ခဲ့သော ပြိုင်ပွဲ၏အဓိကစပွန်ဆာများထဲမှတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့်သူ့သတင်းအချက်အလက်ကိုရရန် မခက်ခဲပေ။
အခု သေချာဂရုတစိုက်စဉ်းစားကြည့်မယ်ဆိုရင် သူကဘာလို့ နေရာတိုင်းမှာ ရှိနေရတာလဲ…
အဲ့ဒီကောင်မလေး….
ဝမ်မော့က သူ့ခေါင်းကိုလှည့်ကြည့်လိုက်ပြီး ရွှယ်လင် ကိုတွေ့သောအခါ သိသိသာသာစိတ်အေးသွားသည်။ သူကမတ်တပ်ရပ်ကာ ထိုကောင်မလေးကိုပြုံးပြလိုက်သည်။
“ ငါ့ဦးလေးကငါ့ကိုလာခေါ်နေပြီမို့ မင်းနဲ့မကစားနိုင်တော့ဘူး… တောင်းပန်ပါတယ်…"
အယ်လ်လိန်းက သူမခေါင်းကိုခါလိုက်သည်။ ပါးများက ရဲတွတ်နေသည်။
“အဲ့ဒီအရမ်းချောတဲ့အစ်ကိုကြီးက အစ်ကို့ရဲ့ ဦးလေးလား… သူကတကယ်ကြည့်ကောင်းတယ်… သမီးသူနဲ့သူငယ်ချင်းဖြစ်လို့ရလားဟင် …”
ဝမ်မော့က ရွှယ်လင်ကို ကြည့်လိုက်သည်။
ရွှယ်လင်က သူ့နှုတ်ခမ်းများကိုကွေးကာ ပြုံး၍ ဆောင့်ကြောင့်ထိုင်ချပြီး ထိုမိန်းကလေးငယ်ကိုကြည့်လိုက်သည်။ သူ့ထံ ဆန့်ထုတ်ထားသော သူမ လက်သေးသေးလေးအား ယူလိုက်ကာ နှုတ်ဆက်သော သဘောဖြင့်နမ်းလိုက်သည်။
“ ဒီလိုလှပတဲ့အမျိုးသမီးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရတာ၀မ်းသာပါတယ်ခင်ဗျာ…"
ကောင်မလေး မျက်လုံးများမှာ တောက်ပနေပြီး သူမက ထိုအနမ်းကြောင့် အနည်းငယ် ရွှင်မြူးနေပုံရသည်။သူမက မစ္စတာကိုးလ်အိုဝင်ထံသို့ လှည့်ကြည့်လိုက်သော်လည်း မမျော်လင့်ပဲနှင့် စိတ်မကြည်နေသော ကိုးလ် ကို တွေ့လိုက်ရသည်။
ဘာပဲဖြစ်ဖြစ်လေ…
“ သမီးနာမည် အယ်လ်လိန်း ပါ…”
သူမက သုံးနှစ်သာရှိသေးသော်လည်း သူမပြောဆိုပုံမှာကြည်လင်ပြတ်သားသည်။ ရွှင်မြူးနေသောအသံနှင့်အယ်လ်လိန်း က သူမ၏စိတ်လှုပ်ရှားမှု အလွန်မသိသာစေရန် သူမမျက်နှာပေါ်မှ ပျော်ရွှင်နေလွန်းသောအမူအရာကိုပြန်လည်ချုပ်တည်းဖို့ကြိုးစားလိုက်သည်။
“ အစ်ကိုကြီးက သမီးနဲ့ရုပ်တူတယ်နော်…"
ရွှယ်လင်က ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်တယ်…အစ်ကို့နာမည်က ဝမ်ရှို့ယွမ်ပါ…မစ္စအယ်လ်လိန်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ….”
ဆရာဝန်ဝေါလ်တာက မီးဖိုချောင်မှထွက်လာပြီး ထိုမြင်ကွင်းကိုတွေ့ရသည့်အတွက် အံ့အားသင့်သွားသည်။
“ မစ္စတာ ဝမ်လည်းဒီမှာရှိနေတာပဲ…. ဒီအချိန် မျိုးမှာ ဒီလိုလူစုံတက်စုံ ရှိဖို့က အတော်ခက်သား…"
“ မင်္ဂလာပါ ဒေါက်တာဝမ်…”
ရွှယ်လင်က ဝမ်မော့ခေါင်းကိုခပ်ဖြေးဖြေး ပုတ်လိုက်သည်။ သူက သူ့အဝတ်အစားများရွေးရန်ကူညီပေးခဲ့ပြီး သူ့ကျောပိုးအိတ်ငယ်ကိုကောက်ကိုင်လိုက်ကာ ထွက်ခွါရန်အဆင်သင့်ဖြစ်နေသည်။
“ ကျွန်တော် မော့မော့ကိုပြန်ခေါ်သွားဖို့ဒီမှာရှိနေတာ…”
ဒေါက်တာဝေါလ်တာက ခေါင်းညိတ်ပြသည်။
“ ဝမ်မော့ရဲ့ အခြေအနေက အခု ပိုပြီးကောင်းလာပါပြီ… ငါသူ့ကို အယ်လ်လိန်း နှင့်အတူဆော့မယ်လို့တောင် မမျှော်လင့်ထားဘူး….”
ရွှယ်လင်က အသံတိတ်နေသော ဝမ်မော့အား ကြည့်ရင်း ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။
“ အယ်လ်လိန်းက အရမ်းလှပြီး ဘယ်သူမဆို သူမကိုသဘောကျကြမှာပဲ…ဝမ်မော့ကတော့ ခြွင်းချက်မရှိပေါ့လေ…"
အယ်လ်လိန်းက ကိုးလ်ထံသို့ပြေးသွားပြီး သူ့အဝတ်အစားများကိုဆွဲကာ တွယ်တက်လာသည်။ သူမ ပုံမှန်ပြုမူပုံများနှင့် ယှဉ်လျှင် ယနေ့အံ့ဩစရာကောင်းလောက်အောင် အဆော့သန်နေသည်။
“ ကိုးလ် ကိုးလ်… အစ်ကိုကြီးဝမ်က သမီးကိုလှတယ်လို့ပြောတယ်…”
မစ္စတာကိုးလ်က သူမနဖူးကိုနမ်းကာ တိုးတိုးလေးပြန်ဖြပြောလိုက်သည်။
“ သူ့ကိုအစ်ကိုလို့ မခေါ်နဲ့… ဦးလေးလို့ခေါ်လိုက်… ”
“ အယ်….”
ကောင်မလေးက ခဏမျှတွန့်ဆုတ်နေသည်။
“ ဒါပေမယ့်အစ်ကိုက သမီးဦးလေးထက်ငယ်တယ်လေ…”
မစ္စတာကိုးလ်က မိန်းကလေး၏ ခေါင်းကိုထိလိုက်ပြီးသူ့မျက်လုံးများတွင် ပြုံးယောင်သမ်းသွားခဲ့သည်။ သူက သူ့လက်ထဲတွင် သူမကိုချီထားလျက် မတ်တပ်ထရပ်လိုက်သည်။
“ ဒေါက်တာဝေါလ်တာ…ကျနော်တို့အခုသွားသင့်ပြီထင်တယ် …”
“ ဟွန်… ”
ဒေါက်တာဝေါလ်တာ ခဏမျှကြောင်အမ်းအမ်းဖြစ်သွားသည်။
“ အစောကြီးလား…”
“ ကျနော်ဒီည အယ်လ်လိန်းနဲ့နောက်ထပ် ချိန်းထားတာ ရှိသေးတယ်….ကျနော်တို့ပြန်သွားပြီး အဆင်သင့်ပြင်ထားဖို့ လိုတယ် …”
“ ကောင်းပြီလေ…မင်းရဲ့ချိန်းထားတာ ကောင်းကောင်းအဆင်ပြေလိမ့်မယ်လို့ငါမျှော်လင့်တယ်… ”
ဒေါက်တာဝေါလ်က အခြေအနေတင်ပြမှုတချို့ကို ရွှယ်လင်ထံသို့ လွှဲပေးလိုက်သည်။
“ဒါတွေက ဝမ်မော့ရဲ့ ရဲ့မှတ်စုတွေလေ…သူက လူ့အဖွဲ့အစည်းနဲ့ ကောင်းကောင်းသဟဇာတဖြစ်နိုင်လာပြီ.. သူ ပြန်လာဖို့တောင်မလိုအပ်တော့ဘူး…. အခုကစပြီး မင်းက သူ့ရဲ့စိတ်အခြေအနေကို နေ့တိုင်းအာရုံစိုက်ရုံပဲ…အရမ်းလောစရာလည်း မလိုဘူး…"
“ ကောင်းပြီ”
ကိုးလ်က အယ်လ်လိန်း ကိုချီလျက် သူတို့ကို ကျော်ကာ လမ်းလျှောက်သွားသော်လည်း သူ့ခြေလှမ်းများက အယ်လ်လိန်း၏ အပူကပ်နေမှုကြောင့်နှေးသွားသည်။
ရွှယ်လင်က သူ့ကို တစ်စုံတစ်ယောက်က နောက်တဖန်စူးစိုက်ကြည့်နေပြန်သည်ဟု ခံစားလိုက်ရသည်။
“ အရမ်းချောတဲ့ အစ်ကိုကြီး… အစ်ကိုငယ်လေးက ဒီကိုထပ်မလာတော့ရင် သမီးက အစ်ကိုကြီးကိုထပ်တွေ့လို့ရပါ့မလား…"
ရွှယ်လင် သူ့လက်ထဲရှိ ချစ်စရာကောင်းသောမိန်းကလေးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူ့လိပ်စာကဒ်များထဲမှ တစ်ကဒ်ကိုထုတ်ယူလိုက်သည်။ သူက တယ်လီဖုန်းနံပါတ်တစ်ခုကိုရေးကာ ထိုမိန်းကလေးကို ကမ်းပေးလိုက်သည်။
“ ဒါက အစ်ကို့လိပ်စာကဒ်နဲ့ အစ်ကို့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်… အချိန်မရွေးအစ်ကို့ကိုခေါ်လို့ရတယ်…”
အယ်လ်လိန်းက လိပ်စာကဒ်ကို ပျော်ရွှင်စွာယူလိုက်ပြီး ရွှယ်လင်အနားသို့တိုးကာ နမ်းလိုက်သည်။
အာ….ကိုးလ်က နောက်ထပ် ဒေါသထွက်နေပုံပဲ….
ကိုးလ်က အယ်လ်လိန်း ကိုခေါ်သွားပြီး ရွှယ်လင်က နောက်မှလိုက်သွားသည်။ သူတို့ကားထဲသို့ မ၀င်သွားကြခင် သူက ထိုကားကိုအကျွမ်းတဝင်ရှိနေသည်ဟုခံစားလိုက်ရသည်။
သူက ထိုကားကို တစ်နေရာရာတွင် မြင်တွေ့ဖူးသလိုပင်။ သို့မဟုတ် နေရာ အတော်အများတွင် မြင်ဖူးခြင်းဖြစ်မည်။
ကားထဲသို့ သူ၀င်သွားသည်နှင့် အဘယ်ကြောင့် အေးတိအေးစက်ဖြစ်နေသည်ကို ကားမောင်းသမားက နားမလည်ပေ။ သူ ကျောချမ်းနေပုံရကာ ကားကိုအရင်မောင်းထွက်လိုက်ပြီးမှ မေးလိုက်သည်။
“ ဆရာ… ကျွန်တော်တို့ဘယ်ကိုသွားရမလဲ …”
“ အရင်ဦးဆုံး ဗီလာ ဆီကိုပြန်သွား …”
ချမ်းသာကြွယ်ဝသူတစ်ဦး အနေဖြင့် မစ္စတာကိုးလ်က ကမ္ဘာတစ်ဝှမ်းလုံးတွင် နေစရာအဆောက်အအုံများစွာရှိသည်။ ထို့အပြင် လွန်ခဲ့သော၂ နှစ်အတွင်း သူက M နိုင်ငံသို့ မကြာခဏသွားခဲ့ပြီး ထိုနေရာတွင်လည်း သူ့အပိုင် အိမ်ရာတစ်ခုရှိသည်။
အယ်လ်လိန်းက သူမလက်ထဲရှိ လိပ်စာကဒ်ကို ထိလိုက်ပြီး သူမနှုတ်ခမ်းထောင့်များကွေးတက်သွားကာ အနည်းငယ်ပြုံးနေသည်။ သူမအလွန်ပျော်ရွှင်နေပုံရသည်။
ကိုးလ်က သူမခေါင်းကိုပုတ်လိုက်သည်။
“ သမီးက သူ့ကိုအဲ့လောက်တောင် သိပ်သဘောကျသလား …”
အယ်လ်လိန်းက ခေါင်းညိတ်ပြသာ်။
“ ဟုတ်ကဲ့ …”
“ ဘာလို့လဲ …”
“ ဘာလို့လဲဆိုတော့ ... သူကချောတယ်လေ …”
အယ်လ်လိန်းက သူမခေါင်းကို အနည်းငယ်စောင်းလှည့်ရင်ပြောသည်။
“ ပြီးတော့သမီးနဲ့လည်းတူတယ် …”
ကိုးလ်က သူမမျက်နှာကိုထိကာ တိတ်တဆိတ်ရေရွတ်လိုက်သည်။
"ဒါပေါ့ ... အရမ်းဆင်တာပေါ့ ... ”
ကိုးလ်က သူမမျက်နှာကို ရွှယ်လင်နှင့် ပို၍ တူလာသည်အထိ ကြည့်နေခဲ့သည်။ ယခင်က သူ ဤကလေးကို ပြန်ပေးရန် မပေးရန်နှင့်ပတ်သက်၍ မိမိကိုယ်ကို ရုန်းကန်နေခဲ့ရသည်။ ထိုပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းတစ်ခုစတင်နေစဉ် သူ့အစ်မနှင့်တူဖြစ်သူကို ဂရုစိုက်ရသော်လည်း ထိုကလေးသတင်းကိုအမြဲရှာဖွေနားစွင့်နေခဲ့သည်။သူ့နှလုံးသားက သူနှင့်ပတ်သက်၍ ဆို့နင့်စွာခံစားနေရသော်လည်း သူနောက်ဆုံးတွင် အနည်းငယ်တစ်ကိုယ်ကောင်းဆန်မိသည်။
အရင်က သူဂီတကိုသာ သိသိသာသာဂရုစိုက်ခဲ့သည်။
အခုကျဘာဖြစ်သွားတာလဲ…
ရွှယ်လင်ကလည်း စိုးရိမ်စရာများစွာ ရှိပုံရသည်။ သူ ကားမောင်းသူနေရာတွင် ထိုင်နေသော်လည်း ကားကိုစက်မနှိုးခဲ့သေးပေ။
ဝမ်မော့က နောက်ထိုင်ခုံတွင်ထိုင်နေကာ ထိုင်ခုံခါးပတ်ကိုပတ်ထားပြီး အချိန်ကြာမြင့်စွာတိတ်ဆိတ်စွာနေခဲ့သည်။ နောက်ဆုံးတွင် သူကမေးလိုက်သည်။
“ အဲ့ဒါကကျွန်တော့်ညီမလေးလား…"
ရွှယ်လင် ရုတ်တရက် အံ့ဩသံ ရေရွတ်မိသွားပြီး အသိစိတ်ပြန်ကပ်လိုက်သည်။ သူ့ဦးခေါင်းကိုလှည့်ကာ နောက်ထိုင်ခုံရှိ တူဖြစ်သူကိုကြည့်ပြီး အင်တင်တင်နှင့်ပြုံးပြလိုက်သည်။
“သူမ... အဲ့လိုဖြစ်မယ်လို့ပဲမျှော်လင့်ပါတယ် ... ”
သူက နှစ်ပေါင်းများစွာတစ်လျှောက် ငွေအမြောက်အမြားသုံးစွဲခဲ့ကာ H နိုင်ငံတွင် အချိန်ကြာမြင့်စွာရှာဖွေခဲ့ပြီး မည်သည့်သဲလွန်စအတွက်မဆို မူလဇာတ်ကြောင်းများမှတဆင့်ရှာဖွေခဲ့သည်။ သူက သူမကိုရှာတွေ့ပြီဟု ထင်သည့်အခါတိုင်း ထိုမွေးစားခံရသောသောမိန်းကလေးများက သူ့တူမများ မဟုတ်ကြောင်းသာပြောခဲ့ကြသည်။ ယခုအခါ ထိုမိန်းကလေးသာလျှင် သူနှင့် မျက်လုံးများအရမ်းဆင်တူသည့် တစ်ဦးတည်းသောမိန်းကလေးဖြစ်သည်။
သို့သော် သူ့ပုံပန်းသဏ္ဌာန်က ဝမ်ရှို့ထင်နှင့်အလွန်ကွာခြားသည်။
ဒါပေမယ့် မျိုးရိုးဗီဇနှင့်ပတ်သက်လာရင် ဘယ်သူသိနိုင်မှာလဲ…
သူ့ တူမက သူနှင့်ဆင်နေခြင်း ဖြစ်နိုင်သည်။
ရှေ့ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော အကူစနစ်လေးက သူ့အရှင်ကို မထီမဲ့မြင်ပြုရန်ပင် အလွန်ပျင်းရိနေသည်။
သူက သူမအားမြင်မြင်ချင်းပင် သူ့တူမငယ်ဖြစ်ကြောင်းသေချာပြီးသားဖြစ်သော်လည်း အဓိပ္ပာယ်မရှိသောအရာများနှင့်ရုန်းကန်နေရသည်။
သူပဲ အဲ့လူကို မလွန်ဆန်နိုင်တာမဟုတ်လား…
….သူကသာမန်လူတစ်ယောက်ပဲဟာ…
ဘာ စိုးရိမ်စရာရှိရမှာလဲ….
သူ့စိတ်အတွင်းပိုင်းထဲမှ ရေရွတ်သံသည် ရွှယ်လင့်အကြည့်တစ်ချက်ကြောင့်ပြတ်တောက်သွားပြီး ပျောက်ကွယ်သွားသည်။
“သူမက ကျွန်တော့်ကို ထူးဆန်းပြီး မတူတဲ့ခံစားချက်တစ်ခုမျိုးရစေတယ်… ”
ဝမ်မော့ ခဏတစ်ဖြုတ်အသံတိတ်နေသည်။
“ ကျွန်တော်တကယ် သူနဲ့ရင်းနှီးချင်တယ် …”
ဝမ်မော့ ထိုသို့သောစကားလုံးများပြောသည်မှာ သူမအားဆွေမျိုးတစ်ယောက်ဟု အမှန်တကယ်တွေးနေသောကြောင့်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူက သူ့ဆွေမျိုးများမှလွဲ၍ မည်သူ့ကိုမှ ရင်းနှီးသည်ဟု မခံစားရပေ။
“ ဟုတ်တယ် …”
ရွှယ်လင်က ကားကိုစက်နှိုးခဲ့ပြီး ရုတ်တရက်အခြားအရာတစ်ခုကို သတိရသွားခဲ့သည်။ သူ အရင်ပြောပြထားမှသာလျှင် ဝမ်မော့အနေဖြင့်အနည်းငယ်ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။
“ မင်းအမေကမင်းအတွက် အဖေအသစ်ကိုတွေ့ပြီးပြီမို့ ငါတို့ပြန်သွားတဲ့အခါသူ့ကိုတွေ့ရလိမ့်မယ်…မင်းစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပေါ့…”
ဝမ်မော့က ကားမောင်းရန်အာရုံစိုက်နေသော သူ့ဆရာလည်းဖြစ် သူ့ဦးလေးလည်းဖြစ်သူကို တိတ်ဆိတ်စွာကြည့်လိုက်သည်။
“ ဦးလေးပြောတာကလည်း အမေကကြောင်တစ်ကောင်ခေါ်လာတယ်ဆိုတာ ကျတော့်ကို အသိပေးနေတာမျိုးနဲ့တူ နေတယ် …”
“ အဲ့ဒါက မင်းအတွက် သိပ်ပြီး ကွာခြားချက်တွေအများကြီးရှိတယ်လို့မထင်ဘူး …”
ရွှယ်လင်ကပုခုံးတွန့်ပြသည်။ သူက သူ့တူလေးကို ကောင်းကောင်းသိသည်။ သူ့တူက လူကြီးပေါက်စလေးတစ်ယောက်လိုပင်ဖြစ်သည်။သူ့ကို ဘာမျှနားမလည်သာကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံမည့်အစား တန်းတူဆက်ဆံသည်ကပိုကောင်းသည်။
သို့သော်လည်း သူက စကားအနည်းငယ်ကြားပြီး ပြန်လည်ချေပပြောဆိုရန် ပြင်လိုက်သည်။
တစ်ခါတစ်ရံ ထိုအချင်းအရာမျိုးက ရွှယ်လင့်ကို ပြောစရာစကားမဲ့စေသည်။ ထိုကလေးအား တစ်ခါမျှ သေချာမသင်ကြားပေးခဲ့သလိုပင်တွေးထင်ရစေသည်။
🦊
ဝင်ပေါက်တွင် ယောက်ျားဖိနပ်တစ်စုံရှိနေသည်။ စျေးကြီးသောအမှတ်တံဆိပ်ဖြစ်သည်။ ဝမ်မော့က ၀င်ပေါက်နားတွင် ခဏရပ်နေကာ သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာပြင်ဆင်နေသည်။
ရွှယ်လင်က သူ့အားစောင့်နေခဲ့ပြီး သူတို့နှစ်ယောက်အိမ်ထဲသို့အတူတူ ၀င်လာခဲ့ကြသည်။
မီးဖိုချောင်မှာ ဆူညံပျာယာခတ်နေသည်။ ဝမ်ရှို့ထင် က သူမ အေပရွန်ခါးစည်းနှင့်အတူထွက်လာပြီး သူတို့ကိုမြင်သောအခါ မျက်လုံးများဝင်းလက်သွားသည်။
“ မင်းပြန်လာပြီပဲ…မြန်မြန် အထုတ်တွေချထား…အစားအသောက်တွေက အဆင်သင့်ဖြစ်ခါနီးပြီ…ငါတရုတ်အစားအစာလုပ်ထားတယ် ..ဒွိုင်းက အနောက်တိုင်းအစားအစာလုပ်ထားတယ်…ဒီည ညစာအတွက် ဟင်းပွဲတွေအများကြီးရှိတယ် …”
ရွှယ်လင့် ခြေလှမ်းများတုံ့ဆိုင်းနေသည်။ သူက သူ့အစ်မရည်းစား မည်သူဖြစ်ကြောင်းသိသော်လည်း ရုတ်တရက် သူ့ခေါင်းထဲသို့ရောက်လာသော အရာအားလုံးကို လက်ခံရန်အဆင်သင့်မဖြစ်သေးပေ။
***
ဝမ်မော့ ဗိုက်ဆာနေခြင်းမျိုးမဖြစ်စေရန် ရွှယ်လင် ကသူ့အစာအိမ်ကို ဖြည့်တင်းစေဖို့ အစားအစာတချို့ ကမ်းပေးလိုက်သည်။
ဝမ်မော့ကလည်း သူ့ဦးလေးတွင် အကြောင်းပြချက်များရှိလောက်မည်ဟုတွေးမိသည်။ ထို့ကြောင့် သူ့ဦးလေး အပြုအမူမှာ ထူးဆန်းသည်ကို တွေ့နေရသော်လည်း သူက ဘီစကစ်ထုတ်ကို အေးအေးလူလူပင် စားနေခဲ့သည်။ ယနေ့အိမ်စာများကိုစတင်လုပ်ရန် သူ့ကျောင်းလွယ်အိတ်သေးသေးလေးကို အခန်းထဲယူလာခဲ့သည်။
မီးဖိုချောင်ထဲမှလူက နောက်ဆုံးတွင် ထွက်လာသည်။
သူက အရပ်ရှည်၍ ရွှေရောင်ဆံပင်ရှိသော နိုင်ငံခြားသားဖြစ်ပြီး သူပြုံးလိုက်သောအခါ ဖြူဖွေးနေသောသွားများကိုမြင်နေရသည်။ အနည်းငယ်ရူးကြောင်ကြောင်ပုံစံ ပေါက်နေသော်လည်း ယုံကြည်စိတ်ချရပုံ ရနေဆဲဖြစ်သည်။ ဝမ်ရှို့ထင် သူ့အနားတွင် ရပ်နေစဉ် သူတို့နှစ်ဦးသား အံ့သဩစရာကောင်းလောက်အောင်ပင် လိုက်ဖက်နေပုံရသည်။
ရွှယ်လင်က သူ့အားပြုံးပြလိုက်သောအခါ သူက လက်ကိုသုတ်ပြီး သူ့ကိုယ်သူမိတ်ဆက်ခဲ့သည်။
"ကျွန်တော်က ဒွိုင်းလ်အိုဝင်ပါ…ကျွန်တော်ဒီနေ့မနက်တင် မစ္စတာဝမ် နဲ့တွေ့ခဲ့သေးတယ်…”
ဝမ်ရှို့ထင်က အတော်လေးအံ့အားသင့်သွားသော်လည်း ဒွိုင်းလ်က သူမနဖူးကိုနမ်းကာ နောက်မှရှင်းပြမည်ဟု ရိုးတိုးရိပ်တိတ်ပြောလိုက်သည်။
ရွှယ်လင် ထိုလူ့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ကျွန်တော်တို့ အတူတူပူးပေါင်းပြီးအလုပ်လုပ်တာကလွဲပြီး မစ္စတာဒွိုင်းလ်နဲ့ ဒီလောက် ဆက်ဆံရေးမျိုးထိရှိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…”
ဒွိုင်းလ်က သူ့ဦး ခေါင်းကိုအနည်းငယ်ကုတ်ခြစ်ပြီးရယ်မောနေသည်။
“အဲ့ဒါက ကံကြမ္မာပဲနေမှာပေါ့ …”
အမှန်တကယ်မှာ သူက ဝမ်ရှို့ယွမ် နှင့် အဆက်အသွယ်လုပ်ချင်သောကြောင့် ဝမ်ရှို့ထင်နားသို့ ချဉ်းကပ်လိုက်ခြင်းပင်။ သို့သော် သူက သူမကိုသဘောကျပြီး နောက်ဆုံးတွင်ချစ်မိသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ မိမိကိုယ်ကို မကယ်တင်နိုင်ခဲ့ပေ။ သူ့အစ်ကိုက သူ့လမ်းကြောင်းတွင် အပြုသဘောမဆောင်စွာ အေးတိအေးစက်ဖြစ်နေသော်လည်း သူ မတတ်နိုင်ပေ။ သူက ဝမ်ရှို့ထင်ကို လက်ထပ်ချင်မိသည်။
တစ်နှစ်အကြာတွင် သူက မူလရည်မှန်းချက်အောင်မြင်ရန် ထိုသူနှင့်တွေ့ဆုံနိုင်ခဲ့သည်ဟု ယူဆနိုင်သည်။
သို့သော်
အမြဲတမ်း အဆင်မပြေပဲကိုးရိုးကားယား အခြေနေများရှိနေဆဲပင်။
တိုက်ဆိုင်စွာပင် ဒီအချိန်တွင် တံခါးဘဲလ်မြည်လာခဲ့သည်။
ဝမ်ရှို့ထင်က တံခါးဖွင့်ရန်သွားလိုက်သည်။
ရွှယ်လင်က သူ့မျက်ခုံးများကိုပင့်ကာ မစ္စတာ ဒွိုင်းအိုဝင်အား အဓိပ္ပာယ်အပြည့်နှင့်ပြုံးပြလိုက်လေသည်။