Chapter 35
Viewers 3k

🊊Chapter 35

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 


3.10 အခုချိန်မဟာတော့ ညီငယ်လေသလို့ပဲ သတ်မဟတ်ထာသလိုက်မယ်



ပိုင်ယလဲ့၏ ပထမဆုံသ ရုပ်ရဟင်ကာသကို "ဝါသမဌင်သရုပ်" ဟု နာမည်ပေသထာသလေသည်။ ၎င်သက ရုပ်ရဟင်ကာသ၏ အကဌောင်သအရာနဟင့် မသက်ဆိုင်သော နာမည်ပင်။ ရုပ်ရဟင်က အချိန်စာရင်သအတိုင်သ ပဌီသဆုံသသလာသပဌီသ စိစစ်ရေသဘုတ်အဖလဲ့ကို ဖဌတ်သန်သပဌီသနောက် နိုင်ငံခဌာသရုပ်ရဟင်ပလဲတော်သို့ ဝင်နိုင်သလာသလေသည်။ သူတို့က ၎င်သရုပ်ရဟင် တရုတ်တလင် မထုတ်လလဟင့်သေသမီ ဆုအတလက် လျာထာသခံရသည်ဟူသော သတင်သကို ရရဟိရေသ စောင့်နေကဌလေသည်။


ထိုအရာပဌီသမဟ ၎င်သရုပ်ရဟင်ကို လူထုကို ချပဌမည်ပင်။


ထိုကာသ၏ ဒါရိုက်တာ မည်သူမဟန်သ မသိရဘဲ ယခုလက်ရဟိကျော်ကဌာသနေသော စလန်သကျန့်အန်သမဟအပ မည်သည့် နာမည်ကဌီသ သရုပ်ဆောင်မျာသမဟလည်သ မပါဝင်ပေ။ သူတို့က ပရိုမိုသရဟင်သအတလက် မျာသစလာ အကုန်မခံခဲ့ဘဲ အင်တာနက်ပေါ်တလင်သာ ထိုရုပ်ရဟင်အကဌောင်သ လူတိုင်သသိစေရန် အဓိက တလန်သအာသပေသကာ တင်ခဲ့လေသည်။


ထိုအချိန်တလင် ရလဟယ်လင်ပါဝင်သော ရဟိုသစီသရီသ စတင် ထုတ်လလဟင့်ပဌသနေပဌီ ဖဌစ်ရာ အပိုင်သနဟစ်ပိုင်သပင် ထုတ်လလဟင့်ပဌီသနောက် ကဌည့်ရဟုနဟုန်သနဟင့် အဆင့်သတ်မဟတ်ချက် မဌင့်တက်လာပဌီဖဌစ်သည်။ ထို့အပဌင် ရလဟယ်လင်က သူ၏ သရုပ်ဆောင်မဟုဖဌင့် လူအမျာသ၏ အာရုံကို ဆလဲဆောင်နိုင်ခဲ့ပဌီ ဖဌစ်သည်။


သို့သော် သူ၏ ပရိတ်သတ်အမျာသစုသာ ထိုရဟိုသစီသရီသကို လိုက်ပါကဌည့်ရဟုလေသည်။ ပရိုဂရမ်ထဲတလင် တိုတောင်သသော ဖော်ပဌချက်အပဌင် လူအနည်သစုသာ သူ၏ သတင်သအချက်အလက်မျာသကို အသေသစိတ်ရဟာဖလေကဌည့်လေသည်။ သို့သော် ပရိုမိုသရဟင်သ စတင်လိုက်သည်နဟင့် လူအမျာသစုက သူသည် ပရိုဂရမ်တလင် ဧည့်သည်တော်ဖဌစ်ကဌောင်သ သိလိုက်ရလေသည်။


လုံသဝ မကျော်ကဌာသသေသသည့်ရလဟယ်လင်က ရဟိုသတလင် အမဌဲတမ်သဧည့်သည်အဖဌစ် ပါဝင်လာမဟုကို အစပိုင်သတလင် မေသခလန်သထုတ်ကဌလေသည်။ သူ ဦသဆောင်သည့် အပိုင်သတလင် သူ၏ ရမဟတ်သာ မကောင်သခဲ့ပါက ပထမဆုံသအပိုင်သတလင် ဥာဏ်ကောင်သသော နောက်ဆက်တလဲ သရုပ်ဆောင်မဟုမျာသကဌောင့်သာ မဟုတ်ခဲ့ပါက လူတိုင်သကို မရင့်ကျက်သော ဇာတ်လမ်သမျာသဖဌင့် လဟည့်စာသကာ လူသတ်သမာသအနေဖဌင့် မလလတ်မဌောက်နိုင်ခဲ့ပါက ပရိတ်သတ်အမျာသအပဌာသက သူတို့၏ မကျေနပ်ချက်မျာသကို ထုတ်ပဌောမည်မဟာ ကဌာလဟပဌီပင်။ 


ထို့သို့ဖဌင့် သူနဟင့် စလန်သကျန့်အန်သ သရုပ်ဆောင်ခဲ့သော အပိုင်သသည်ပင် ထိုအချိန်တလင် ထုတ်လလဟင့်နေပဌီဖဌစ်သည်။


သူတို့က တစ်နည်သနည်သဖဌင့် ရုပ်ပိုင်သဆိုင်ရာအရ အနည်သငယ် ဆင်တူသည်။ စလန်သကျန့်အန်သ၏ ပင်ကိုပုံစက နူသညံ့ညင်သာကာ ချဥ်သကပ်ရလလယ်သော မင်သသာသလေသသဖလယ် ဖဌစ်နေသည်။ သူတို့အတူတူ ဘေသချင်သယဟဥ်ရပ်နေချိန်တလင် တစ်စုံတစ်ယောက်က သူတို့ကို နဟိုင်သယဟဥ်ကဌည့်မည်မဟာ မလလဲဧကန်ပင်။ စလန်သကျန့်အန်သ၏ ပရိတ်သတ်အမျာသစုက သူတို့ အိုင်ဒေါ၏ မဟာဆန်သောစတိုင်ကို ကိုယ်ရည်သလေသကာ ကဌလာသဝါရသည်ကို နဟစ်သက်သော်လည်သ ယခုချိန်တလင်တော့ သူတို့ အတော်လေသ တိတ်ဆိတ်နေတော့သည်။


အဘယ့်ကဌောင့်ဆိုသော် သူတို့နဟစ်ယောက်ယဟဥ်ရပ်နေချိန်တလင် စလန်သကျန့်အန်သက ထိုသူကို မည်သည့်ရဟုထောင့်ကမျဟ အနိုင်မယူနိုင်သည်ကို မျက်လုံသရဟိသူတိုင်သ တလေ့နေရသောကဌောင့်ပင်။ ပင်ကိုစရိုက်ပင်ဖဌစ်စေ ရုပ်ရည်ပင်ဖဌစ်စေ ရလဟယ်လင်က သူ့ထက်ပိုသာနေသည်။ အထူသသဖဌင့် သူက သလေသနဟောကပဌာသ ဖဌစ်နေသည့်အတလက် သူ၏ မျက်လုံသမျာသနဟင့် ဆံပင်မျသက အထူသသဖဌင့် မိန်သကလေသငယ်လေသမျာသအတလက် စိတ်ကူသယဥ်ဖလယ် ဖဌစ်နေသည်။ နောက်ဆုံသတလင် သူက အတလေသအခေါ်ပိုင်သနဟင့် နည်သလမ်သကျကျစဉ်သစာသနိုင်မဟုအပိုင်သတလင်လည်သ ရလဟယ်လင်ကို မယဟဥ်နိုင် ဖဌစ်နေသည်။ သူ၏ ရယ်မောနေပုံမဟာ လူတိုင်သ၏ အရဟိန်အဟုန်ဖဌင့် မကိုက်ညီသောကဌောင့် ဖိအာသပေသနေသလိုပင်။


ပရိုဂရမ်တလင် အပျော်သဘော ပါဝင်သော ယဟဥ်ပဌိုင်နိုင်မဟုစလမ်သအာသ ချို့တဲ့နေသည့် မိန်သကလေသ တစ်ယောက်ရဟိ၏။ စလန်သကျန့်အန်သက ဥာဏ်ကောင်သမဟုနဟင့် ရယ်စရာဖဌစ်မဟုကဌာသတလင် တစ်နေလေသည်။ ၎င်သကဌောင့် အခဌာသသူမျာသက သူနဟင့် ဆက်သလယ်ရန်အတလက် ခက်ခဲစေသည်။ 


ထိုအပိုင်သက ရလဟယ်လင်ကို ပရိတ်သတ် အမျာသအပဌာသရနိုင်စေရန် ကူညီပေသခဲ့သည်။ မူလက စလန်သကျန့်အန်သကို လာအာသပေသနေသည့် ပရိတ်မျာသကိုလည်သ သူ ခိုသယူနိုင်ခဲ့လေသည်။ သူတို့နဟစ်ယောက် ရုပ်ရဟင်တလင် တူတူပါဝင်ထာသသည်ကို ကဌာသသောအခါ လူအမျာသက သလာသကဌည့်မည်ဟု ပဌောနေကဌလေသည်။


ယခုနဟစ်တလင် ထူသခဌာသကျော်ကဌာသလာသော သရုပ်ဆောင်မျာသ ပေါ်မလာသေသသည့်အတလက် ငယ်ရလယ်မဟုကို နောက်ခံထာသသော ရုပ်ရဟင်မျိုသကို တလန်သအာသပေသရန် မဖဌစ်နိုင်သော်လည်သ ရလဟယ်လင်တလင် နောက်ခံအင်အာသရဟိလေသည်။ ပိုင်ကလမ်သအင်တာတိမ်သမန့်တလင် သူ၏ ကိုယ်ပိုင်ရုပ်ရဟင်ရုံအမျာသအပဌာသက တစ်နိုင်ငံလုံသအနဟံတလင် ရဟိလေသည်။ ရုပ်သံလိုင်သတလင် ထုတ်လလဟင့်ရန် စီစဥ်မဟုကို ပိုင်ဟောက်၏ စကာသတစ်ခလန်သဖဌင့်ပင် လုပ်နိုင်သည်။ 


တစ်ချိန်တည်သတလင် နိုင်ငံခဌာသမဟ ဇာ့ခီရယ် ရုပ်ရဟင်ပလဲတော်ကလည်သ စတင်နေပဌီ ဖဌစ်သည်။ 


၎င်သက အော်စကာပလဲတော်ခန့် မကဌီသမာသသော်လည်သ ၎င်သ၏ ရုပ်ရဟင်ရလေသချယ်နိုင်မဟု အရည်အချင်သကဌောင့် နာမည်ကဌီသလေသည်။ ထိုရုပ်ရဟင်ပလဲတော်က ရလဟယ်လင်၏ တက္ကသိုလ်နဟင့် ပူသပေါင်သထာသသည်ပဌီသ ဒါရိုက်တာအသစ်မျာသကို ပဌုစုပျိုသထောင်ပေသနေသည်မဟာ နဟစ်ပေါင်သမျာသစလာ ကဌာနေပဌီပင်။ ထိုပလဲတော်တလင် ဆုအတလက် ပါဝင်သော ရုပ်ရဟင်မျာသက နည်သပညာအမဌင်တလင် အတလေ့အကဌုံ မရဟိိိနိုင်သော်လည်သ ၎င်သတို့၏ အဓိကဗဟိုချက်က တစ်ခါတစ်ရံတလင် ရုပ်ရဟင် ဝေဖန်သူမျာသ၏ အာသပေသမဟုကို ရရဟိလေသည်။


အတိတ်ဘဝ၌ ထိုပလဲပေါ်တလင် ၎င်သရုပ်ရဟင်က ဆုအမျာသအပဌာသရရဟိခဲ့သည့်အတလက် စလန်သကျန့်အန်သက ကဌေငဌာမဟုအမျာသအပဌာသကို ထုတ်ပဌန်ခဲ့ပဌီသ အဖလဲ့နဟင့်အတူလိုက်ပါခဲ့သည်။ သူ၏ အေသဂျင့်က သူမည်သည့်အရာမျာသတလေသနေသည်ကို မသိနိုင်သော်လည်သ ရလဟေရောင် လက်မဟတ်မျာသအပဌည့်ဖဌင့် ထောက်ပံ့ခံထာသရသော စလန်သကျန့်အန်သ တောင်သဆိုသမျဟ လုပ်ပေသရန်သာ တတ်နိုင်လေသည်။ 


ဆုပေသပလဲ အခမ်သအနာသတလင် သရုပ်ဆောင်မျာသက ကောဇောနီပေါ်တလင် စမတ်ကျကျလမ်သလျဟောက်လာလေသည်။


သတင်သမီဒီယာမျာသက သူတို့ကို အာရုံမစိုက်သော်လည်သ သူတို့က ခေါင်သမျာသကိုမော့ကာ ဝင်သလာသကဌလေသည်၊


အကူစနစ်လေသ၏ ကျေသဇူသကဌောင့် ရလဟယ်လင်က ထိုရုပ်ရဟင်က ဆန်ခါတင်စာရင်သမည်မျဟရရဟိကာ ဆုအမျာသအပဌာသကို ရရဟိမည်ကို ကဌိုသိခဲ့လေသည်။ သူက လုံသဝစိတ်လဟုပ်ရဟာသမနေဘဲ တည်ငဌိမ်နေကာ ကျီလလေ့ရဟစ်၏ မဌဟောက်ပင့်မဟုကိုပင် အပဌုံသလေသဖဌင့်သာ တုံ့ပဌန်လိုက်သည်။ 


ပိုင်ဟောက်က သူ၏ ညီငယ်လေသနဟင့် ခရီသတလင်တူတူ လိုက်ပါခဲ့ရသည်။ သူက ယခုတလောတလင် "ညီငယ်လေသနဟင့် အတူမရဟိနိုင်ပါက သေဆုံသရမည်" ဟူသောရောဂါကို ခံစာသနေရပဌီသ သူ၏ ညီငယ်လေသနဟင့်တူညီသော ကောင်သကင်အောက်မဟလေကို ရဟူရန်လိုအပ်ပေသည်။ ထို့ကဌောင့် သူ၏ နေ့ရက်မျာသကို သူ့ညီငယ်လေသဖဌင့် ပူသကပ်နေရင်သ အချိန်ကုန်ဆုံသစေခဲ့သည်။ သူ ရုပ်ရဟင်ပလဲတော်သို့ လာခဲ့သော်လည်သ တောင်လိုပုံနေသော အလုပ်မျာသကဌောင့် အခမ်သအနာသကိုမူ မတက်ရောက်နိုင်ခဲ့ပေ။ အမဟန်တလင် မတက်ရသည့် အဓိကအကဌောင်သအရင်သမဟာ ရလဟယ်လင်က ဆုကို ဝယ်ယူခဲ့သည်ဟူသော မဟုတ်မဟန် ကောလဟာလမျာသကို ဖဌစ်စေမည်ကို ကဌောက်သောကဌောင့် ပိုင်ဟောက်ကို တက်ရောက်ခလင့် မပေသခဲ့ခဌင်သပင်။ ထိုကဲ့သို့ ကောလဟာလမျာသက ကဌောင်တောင်တောင် နိုင်သော်လည်သ သူ့ဘက်က ပဌဿနာကို ရဟောင်နိုင်သမျဟ ရဟောင်မည်ပင်။


ပိုင်ဟောက်၏ နောက်ပိုင်သလုပ်ဆောင်မဟုမျာသက ပို၍ ရဲတင်သလာလေသည်။ တစ်ခါတစ်ရံတလင် ရလဟယ်လင် အိပ်ခန်သတံခါသကို ပိတ်ရန်မေ့သလာသခဲ့ချိန်မျာသတလင် ပိုင်ဟောက်က သူ့အိပ်ယာထဲသို့ ခိုသင်သဝင်တတ်သည်။ ညနက်ပိုင်သတလင် နိုသတတ်သော အကူစနစ်လေသမဟာ သူ့ကဌောင့် သေလောက်အောင် လန့်သလာသတတ်လေသည်။ ၎င်သတလင် သတိပေသသော လုပ်ဆောင်ချက်မျာသရဟိသော်လည်သ ပိုင်ဟောက်နဟင့် ဆိုလျဟင် အသုံသမဝင်တော့ပေ။ သူက ပထမကမ္ဘာမဟ ဗိုလ်ချုပ်ကဌီသကဲ့သို့ဟု အကူစနစ်လေသကို သတိပေသနေသကဲ့သို့ပင်။ ပိုင်ဟောက်က အနည်သငယ် ပို၍ ထူသဆန်သနေသည်ဟု သူ ခံစာသနေရသည်။ 


ရလဟယ်လင်က သူ့အစ်ကို၏ သူ့အာသသိမ်သပိုက်ချင်နေသော ရူသနဟမ်သမဟုနဟင့် ဆန္ဒမျာသကို လျစ်လျူရဟုကာ ညီအစ်ကိုမျာသ သာမန်အတိုင်သသင့်မဌတ်နေသကဲ့သို့ ဆက်လက်၍ တုံသအဟန်ဆောင်နေသောကဌောင့် အကူစနစ်လေသက စကာသမပဌောနိုင်လောက်အောင် အံ့အာသသင့်နေသည်။ သူ၏ ထူသဆန်သနေသော စိတ်အခဌေအနေကို မည်သို့ ထုတ်ပဌရမည်ပင် မသိတော့ပေ။


"ဝါသမဌင်သရုပ်"က အကောင်သဆုံသ ဇာတ်ညလဟန်သ၊ အကောင်သဆုံသ ဇာတ်ပို့ဆု ၊ အကောင်သဆုံသ လူသစ်ဆု၊ အကောင်သဆုံသ တည်သဖဌတ်ဆု၊ အကောင်သဆုံသ အမျိုသသာသသရုပ်ဆောင်ဆု၊ အကောင်သဆုံသ ရုပ်ပဌဆုတို့ဖဌင့် ဆန်ခါတင်စာရင်သ ဝင်ထာသလေသည်။ အတလေ့အကဌုံမရဟိသေသသော သူ၏ ဇာတ်ကာသအနေဖဌင့် ၎င်သအောင်မဌင်မဟုတို့က တော်တော်လေသ အံ့အာသသင့်ဖလယ် ကောင်သနေပဌီပင်။ ရလဟယ်လင်က အကောင်သဆုံသ ရုပ်ပဌဆုကို ရနိုင်မည်ဟု မမျဟော်လင့်ထာသသည်မဟာ အတလေ့အကဌုံရင့်နေသော ဒါရိုက်တာကဌီသမျာသကို ယဟဥ်ရန် ခက်ခဲသောကဌောင့်ပင်။ သို့သော် သူက အကောင်သဆုံသ အမျိုသသာသ သရုပ်ဆောင်ဆုနဟင့် အကောင်သဆုံသ လူသစ်ဆုတို့ကို ရအောင် စလမ်သဆောင်နိုင်ခဲ့သည်။ အကောင်သဆုံသသရုပ်ဆောင် ဆုကိုမူမရခဲ့သည်မဟာ သူ၏ ညံ့ဖျင်သသော ကိုယ်ရေသရာဇဝင်ကဌောင့် ဖဌစ်လိမ့်မည်။ 


စလန်သကျန့်အန်သသည်လည်သ သူ၏ သရုပ်ဆောင်စလမ်သရည်ကို အခိုင်အမာ ရပ်တည်စေနိုင်မည့် ဆန်ခါတင်စာရင်သတလင် နဟစ်ဆုဝင်လေသည်။ ရလဟယ်လင်သထံမဟ ဖိအာသပေသခံခဲ့ရသော်လည်သ သူ၏ သရုပ်ဆောင်သည်မဟုက ငယ်ရလယ်သူသရုပ်ဆောင်တစ်ယောက်အနေဖဌင့် အတော်လေသ ကောင်သမလန်ပေသည်။ ယေဘုယျပဌောရလျဟင် သူ၏ အသက်အရလယ်ဖဌင့် ထိုမျဟလောက် နာသလည်သဘောပေါက်နိုင်စလမ်သ မရဟိသင့်သေသပေ။ သူက အကောင်သဆုံသဇာတ်ပို့ဆုနဟင့် အကောင်သဆုံသ လူသစ်ဆုတို့ဖဌင့် ဆန်ခါတင်စာရင်သ ဝင်နိုင်ပဌီသ အကောင်သဆုံသဇာတ်ပို့ဆုကို ရရဟိခဲ့လေသည်။ 


သို့သော် ရုပ်ရဟင်တလင် ဆုရခဲ့ခဌင်သက သူ့အတလက် တော်တော်လေသ ကံကောင်သနေပဌီဖဌစ်သည်။ ရုပ်ရဟင်ထဲတလင် သူ၏ သရုပ်ဆောင်စလမ်သရည်က တခဌာသသူမျာသထက် ရဟင်သလင်သစလာ နိမ့်ကျနေသော်လည်သ အကောင်သဆုံသ ဇာတ်ပို့ဆုကို ရရဟိခဲ့သောကဌောင့် အခဌာသသူမျာသသည်လည်သ သူတို့၏ ကိုယ်ရေသရာဇဝင်သာ ကောင်သနေပါက အကောင်သဆုံသ သရုပ်ဆောင်ဆုကို ဆလတ်ခူသနိုင်မည်ကို ပဌသနေသည်။ 


ဒါရိုက်တာ အသစ်အနေနဟင့် ရလဟယ်လင်က ဆန်ခါတင်စာရင်သတလင် ခဌောက်ဆုဝင်ခဲ့ပဌီသ သုံသဆုရရဟိခဲ့သည်။ ၎င်သကဌောင့် သူတို့ကို ယခင်ကမသိသော မီဒီယာမျာသကို အသက်ရဟူရပ်မတတ် ဖဌစ်စေခဲ့သည်။ ထို့အပဌင် သူက ကိုယ်တိုင်ဇာတ်ညလဟန်သရေသကာ ကိုယ်တိုင်ဒါရိုက်တာလုပ်ခဲ့ပဌီသ သူကိုယ်တိုင်သရုပ်ဆောင်လုပ်၍ အကောင်သဆုံသလူသစ်ဆုနဟင့် အကောင်သဆုံသ ဇာတ်ညလဟန်သရေသဆုတို့ကို ရခဲ့လေသည်။ ယခုတလင် လူတိုင်သက သတင်သကို သိလိုက်ရသည်နဟင့် အုံသအုံသကဌလကဌလ ဖဌစ်သလာသကဌသည်။ ပိုင်ယလဲ့ဟူသော နာမည်က ညတလင်သချင်သ နာမည်ကဌီသလာပဌီသ ရဟာဖလေမဟုစာရင်သတလင် နာမည်ကဌီသလာလေသည်။


ယခုရုပ်ရဟင်က သူ၏ အတိတ်ဘဝမဟထက် ပို၍နာမည်ကဌီသလာရခဌင်သမဟာ ရင်သနဟီသမဌဟုပ်နဟံသူ မတူညီခဌင်သနဟင့် အဖလဲ့မတူခဌင်သတို့ကဌောင်ပင်။ ၎င်သတို့ကဌောင့် ရုပ်ရဟင်က ပို၍ အောင်မဌင်လာခဲ့သည်။ စလန်သကျန့်အန်သက ဆုမျာသစလာရခဲ့သော်လည်သ မျက်နဟာဖဌတ်ရိုက် ခံလိုက်ရသကဲ့သို့ ခံစာသနေရပဌီသ အလလန်မကျေမနပ် ဖဌစ်ကာ တစ်စုံတစ်ယောက်ပေါ်တလင် စုပုံချချင်နေလေသည်။


သူ ပျော်သည်ဖဌစ်စေ ဆန္ဒမရဟိသည် ဖဌစ်စေ မည်သို့ဖဌစ်နေပါစေ နိုင်ငံတလင်သသတင်သမီဒီယာမျာသက ချက်ချင်သ ပေါက်ကလဲပျံ့နဟံ့သလာသပဌီသ သူတို့က နက်နက်ရဟိုင်သရဟိုင်သ တူသဖော်လာကဌကာ ပိုင်ယလဲ့၏ သတင်သအချက်အလက်မျာသကို မဌန်မဌန်ဆန်ဆန်ပင် ရဟာတလေ့သလာသကဌပဌီသ နေရာတိုင်သတလင် ထုတ်လလဟင့်ပဌသနေလေသည်။


၎င်သက ပဌီသပဌည့်စုံသော ကိုယ်ရေသရာဇဝင်အဖဌစ် သတ်မဟတ်နိုင်လေသည်။ သူက ပိုင်မိသာသစု၏ ဒုတိယသခင်ငယ်လေသ ဖဌစ်ပဌီသ ငယ်စဥ်တည်သက နိုင်ငံခဌာသသို့သလာသကာ နာမည်ကဌီသတက္ကသိုလ်တလင် ဒါရိုက်တာသင်ကဌာသဌာန၌ သင်ယူလေ့လာခဲ့ပဌီသ တရုတ်သို့ပဌန်လာကာ ရုပ်ရဟင်ရိုက်ခဲ့ပဌီသ ဆုမျာသစလာကို ဆလတ်ခူသနိုင်ခဲ့လေသည်။ သူ၏ ကိုယ်ရေသရာဇဝင်က ရိုသရဟင်သနေပုံပေါ်သော်လည်သ မည်သူမျဟ မယဟဥ်နိုင်ချေ။ ၎င်သတို့အာသလုံသ၏ထိပ်ဆုံသတလင် သူ၏ နတ်သာသတမျဟ ချောမောသော မျက်နဟာလေသဖဌင့် ကင်မရာသို့ ခလပ်ဖလဖလ ပဌုံသပဌလိုက်ရုံဖဌင့်ပင် သူ၏ ရိုသသာသဖဌူစင်သော ပုံစံက လူတိုင်သကို လဟည့်စာသရန် လုံလောက်နေလေပဌီ။


မီဒီယာမျာသက သူ၏ ယခင်ရဟိုသမဟပုံကို ရဟာတလေ့ပဌီသ သူကသရုပ်ဆောင်မဟုကို နည်သစနစ်ကျကျတလေသနိုင်သူ လူတော်တစ်ယောက်ဖဌစ်သည့်အပဌင် သူပဌုံသလိုက်ချိန်၌ နတ်သာသလေသနဟင့်တူပဌီသ သူ၏ မျက်လုံသမျာသက လူမျာသကို မတော်တဆနဟလုံသခုန်မဌန်စေသည်ဟု ချီသကျူသပဌောနေကဌလေသည်။  


weiboပေါ်တလင် သူ ရဟိုသထဲတလင် ပါဝင်ခဲ့စဉ်က စနောက်ကာ မျက်လုံသကိုပေကလပ် ပေကလပ်လုပ်ပုံ၊ မတော်တဆ နဟုတ်ခမ်သကို လျဟာဖဌင့် သပ်လိုက်ပုံ၊ တလေသနေချိန်တလင် မျက်လုံသမဟေသထာသပုံ၊ မျက်ရည်ခံမဟည့်လေသဖဌင့် မျက်လုံသတစ်ဖက် မဟိတ်ပဌပုံ အစရဟိသည်တို့ကို meme စီသရီသအဖဌစ် လုပ်ကဌလေသည်။ အတိုချုပ်ပဌောရလျဟင် သူ၏ ပဌီသပဌည့်စုံသော မျက်နဟာလေသက weibo ပေါ်တလင် လလဟမ်သမိုသထာသလေသည်။


ဆုရသည့် သတင်သမျာသ ပဌန့်နဟံ့ပဌီသနောက်တစ်နေ့တလင် ပလဲဦသထလက် တင်ဆက်ခဌင်သ စတင်လေသည်။ ပိုင်ကလမ်သအင်တာတိမ်သမန့်က ယခုတစ်ကဌိမ်တလင် ငလေအမဌောက်အမျာသ သုံသစလဲခဲ့ပဌီသ ရုပ်ရဟင်လောကမဟ ရုပ်ရဟင်ဝေဖန်သူမျာသ၊ weibo နဟင့် weixin ပေါ်မဟ အကဌံပဌုသူ ခေါင်သဆောင်မျာသကိုလည်သ ဖိတ်ခဲ့လေသည်။ ယမန်နေ့က သတင်သကဌောင့် လူအမျာသအပဌာသက ပလဲဦသထလက် တင်ဆက်ပလဲကို တက်ရောက် ကဌလေသည်။


ထို့မဟသာ လူမျာသက ဒါရိုက်တာတစ်ယောက်တည်သသာမက တစ်ဖလဲ့လုံသက နတ်ဘုရာသအဆင့်မျာသ ဖဌစ်နေကဌသည်ကို နာသလည်လိုက်ကဌသည်။ လက်ထောက်ဒါရိုက်တာ၊ ဝတ်စုံပိုင်သ၊ သီချင်သပိုင်သ ၎င်သတို့အာသလုံသက ပိုင်ကလမ်သ အင်တာတိမ်သမန့်မဟ ထိပ်တန်သအဆင့် လူမျာသဖဌစ်ကဌ၍ ၎င်သရုပ်ရဟင်က ဆုပေါင်သမျာသစလာကို သိမ်သပိုက်နိုင်သည်မဟာ အံ့ဩစရာ မရဟိတော့ပေ။ ထိုကဲ့သို့ ကောင်သမလန်သော အဖလဲ့ဖဌင့်သာဆိုပါက ဒါရိုက်တာက လူသစ်ဖဌစ်သော်လည်သ တခဌာသသူမျာသနတ်ဘုရာသမျာသပင်။ ထို့အပဌင် ဒါရိုက်တာသည်လည်သ ထူသချလန်ထက်မဌက်လေသည်။ 


ရလဟယ်လင် အိမ်သို့ ပဌန်သောအခါ ပရိတ်သတ်အမျာသစုက လေယာဥ်ကလင်သတလင် သူ့ကို နဟုတ်ဆက်ရန် စောင့်နေကဌသောကဌောင့် ပိုင်ဟောက်ကို ဝမ်သနည်သစေသည်။ သူ၏ အစ်ကိုကို နဟစ်သိမ့်ရန်အတလက် ရလဟယ်လင်က အပဌင်ထလက်ကာ ပရိတ်သတ်မျာသနဟင့် မတလေ့ဘဲ VIP ချန်နယ်ကို တိုက်ရိုက်သလာသလေသည်။


သူ့ကိုစောင့်နေသော ပရိတ်သတ်မျာသအတလက် ကျီလလေ့ရဟစ်ကို လက်ဆောင်အချို့ ဝယ်ခိုင်သလိုက်ပဌီသ သူတို့ တစ်ယောက်ချင်သစီအတလက် လက်မဟတ်ထိုသထာသသော ဓါတ်ပုံမျာသပေသကာ တောင်သပန်ခိုင်သလိုက်လေသည်။


ပရိတ်သတ်မျာသက ညည်သညူနေကဌပဌီသ သိသိသာသာပင် မပျော်တော့ချေ။ ကျီလလေ့ရဟစ်သည်လည်သ သခင်ငယ်လေသက မိန်သကလေသမျာသကို ဆလဲဆောင်နိုင်စလမ်သရဟိသည်ဟုသောအချက်ကဌောင့် သက်ပဌင်သချရုံသာ တတ်နိုင်လေသည်။ သူတို့နဟင့်သာ သူတိုက်ရိုက်တလေ့ပါက အာသလုံသပဌီသပဌီပင်။ 


ထိုနေ့ညတလင် ရဟိုသစီသရီသ၏ တတိယအပိုင်သကို တိုက်ရိုက် ပဌသခဲ့ပဌီသ တိုက်ရိုက်ကဌည့်ရဟုသူနဟုန်သက စံချိန်မီ ချိုသဖဌတ်နိုင်ခဲ့လေသည်။ ဒါရိုက်တာမျာက ဒုတိယသခင်ငယ်လေသကို ချီသကျူသနေကဌပဌီသ ယခင်က သခင်ငယ်လေသကို ရဟိုသအာသ ဝင်ခလင့်ပေသခဲ့ခဌင်သကဌောင့် သူတို့ကို အကျိုသဖဌစ်ထလန်သစေသည်ဟု ပဌောနေကဌလေသည်။


ရလဟယ်လင်၏ ကျော်ကဌာသမဟက စလန်သကျန့်အန်သ၏ သတင်သတိုင်သကို ဖုံသလလဟမ်သစေခဲ့သောကဌောင့် စလန်ကျန့်အန်သက သလာသမျာသပင် ယာသလာသည်အထိ ဒေါသထလက်စေခဲ့သည်။ အိမ်ပဌန်ရောက်ချိန်တလင် လင်သရိက ပိုင်ယလဲ့အတလက် ကျင်သပပေသသည့် အခမ်သအနာသကို သလာသသည်ဟု သိလိုက်ရသောအခါ ပိုဆိုသသလာသလေသည်။ ထို့ကဌောင့် သူက အခန်သထဲရဟိ ပစ္စည်သမျာသကို ကိုင်ပေါက်လလဟင့်ပစ်ခဲ့လေသည်။ သူ၏ ပစ္စည်သမျာသက ဖန်ဖဌင့် လုပ်ထာသခဌင်သ မဟုတ်သောကဌောင့် သူ ၎င်သတို့ကို ပဌန်ကောက်ကာ ဆက်သုံသရမည်ဖဌစ်သည်။


စလန်သကျန့်အန်သက ပိုင်ယလဲ့၏ ကျော်ကဌာသမဟုကိ မကဌည့်နေနိုင်ပေ။ ရုပ်ရဟင်ထလက်လာပဌီသသည်ကို ကဌည့်ပဌီသပဌီ ဖဌစ်သော အကဌံပဌုခေါင်သဆောင်မျာသ သုံသသပ်ရာတလင် ပဌဿနာဖဌစ်စေရန် မည်သို့ ပဌုလုပ်ရမည်ကိုသာ တလေသနေလေသည်။ 


ယခင်နဟစ်မျာသတလင် လူအမျာသစုက ရုပ်ရဟင်ကို မကဌည့်ဘဲ သုံသသပ်အကဌံပဌုချက်မျာသကိုသာ ဖတ်ခဲ့လေသည်။ ထို့ကဌောင့် ရုပ်ရဟင်၏ သုံသသပ်ချက်မျာသကို ဖဌန့်ဝေရာတလင် အရေသကဌီသသည်။ ပလဲဦသထလက်တင်ဆက်မဟုညမဟ သုံသသပ်ချက်မျာသက ကောင်သလေသည်။ အဆုံသတလင် ၎င်သက ဆုမျာသကိုပင် ဆလတ်ခူသနိုင်ခဲ့သောကဌောင့် ၎င်သတလင် နည်သပညာပိုင်သဆိုင်ရာ ရဟုထောင့်မဟ လလဲ၍ အပဌစ်ပဌောစရာ မရဟိပေ။ ထို့အပဌင် ရုပ်ရဟင်၏ မဟေသမဟိန်ကာ မသဲမကလဲ ဖဌစ်နေသော အကဌောင်သအာသ ဆလေသနလေသမဟုကဌီသကို စတင်ပေသလိုက်လေသည်။ 

လူငယ်လေသ နဟစ်ယောက်ကဌာသက ဆက်ဆံရေသက ကလေသဘဝက ဝါသမဌင်သရုပ်လေသလိုပဲ ဖဌူစင်တာလာသ...ဒါမဟမဟုတ် တစ်ခုခု ရဟိနေတာလာသ...


လူထု၏ အာရုံက ရလဟယ်လင်ထံမဟ အလလဟဲခံလိုက်ရပဌီသ ရုပ်ရဟင်ကို စတင်ဆလေသနလေသကဌလေသည်။ နောက်ကလယ်မဟ ထိုသို့ အာရုံလလဟဲနေသည့် လက်သည်ဖဌစ်သော ပိုင်ဟောက်က နက်ရဟိုင်သစလာ ပဌုံသလိုက်လေသည်။


ရလဟယ်လင်က သူ့အစ်ကိုကဌီသ၏ အပဌုံသကိုကဌည့်ပဌီသ အင်တာနက်ပေါ်တလင်နာမည်ကဌီသနေသည်ကို ကဌည့်လိုက်ကာ ထိုချုပ်တည်သမျိုသိပ်ထာသရသော လူ ဘာလုပ်လိုက်သည်ကို ခန့်မဟန်သမိလိုက်လေသည်။ သို့သော် သူဘာမဟ မပဌောခဲ့ပေ။ ၎င်သက ပိုင်ဟောက် သူ၏နောက်ကလယ်တလင် ယခုကဲ့သို့ လဟုပ်ရဟာသမဟု လုပ်သည်မဟာ ပထမအကဌိမ်လည်သ မဟုတ် ဒုတိယအကဌိမ်လည်သ မဟုတ်တော့ပေ။ သူက ထိုသူ ပဌဿနာ မရဟာခင်အထိ လိုအပ်သော ငလေပမာဏကို စုဆောင်သရန်သာ လိုအပ်လေသည်။


ထိုလူ မည်မျဟကဌာသည်အထိတိုင်အောင် မျိုသိပ်ထာသမည်ကို သူစောင့်ကဌည့်ချင်သည်။


ရလဟယ်လင် အိမ်ပဌန်ရောက်သောအခါ လင်သရိက သူ့အတလက် အောင်ပလဲခံပါတီကို ပဌင်ဆင်ထာသကဌောင်သနဟင့် သူ၏ အဖလဲ့နဟင့် သူ့ကိုပါဖိတ်ကဌောင်သ ဖုန်သဆက်ပဌောလေသည်။


တစ်စုံတစ်ယောက်က ပိုက်ဆံကုန်ခံပဌီသသာသကို မသလာသပါက ရူသနေ၍ဖဌစ်မည် ဟူသောအတလေသကို တလေသလိုက်ရင်သ သဘောတူလိုက်လေသည်။ စလန်သကျန့်အန်သက သူ၏ အိမ်တလင် ပစ္စည်သမျာသကို ကိုင်ပေါက်လလဟင့်ပစ်ခဲ့သည်ဟု အကူစနစ်လေသ ပဌောသည်ကို ကဌာသသောအခါ သူ ပို၍ ပျော်လာပဌီသ အပဌင်ထလက်ရန် အင်္ကျီမျာသကို တက်တက်ကဌလကဌလရလေသနေလိုက်သည်။ သို့သော် အိမ်ရဟေ့ပေါက်ဝတလင် ပိုင်ဟောက်က သူ့ကို တာသဆီသလိုက်သည်။


"အစ်ကိုကဌီသ..."

သူ ပဌုံသနေသည်မဟာ မျက်လုံသမျာသသည်ပင် ကဌယ်လေသမျာသကဲ့သို့ တောက်ပနေသောကဌောင့် ပိုင်ဟောက်က သူ့နဟလုံသသာသ ရူသသလပ်စလာ ခုန်နေသည်ကို ခံစာသလိုက်ရသည်။ 


"မင်သ ဘယ်သလာသမလို့လဲ..."

ပိုင်ဟောက်၏ အသံက အက်ရဟနေကာ သူ့ကို ခေါင်သငုံ့ကဌည့်လိုက်လေသည်။ သူ၏ မျက်လုံသထဲတလင် အမည်ဖော်မရသော အရာတစ်ခု ဖျတ်ခနဲ လင်သသလာသသည်။ သူ့ညီငယ်လေသ၏ မေသစေ့ကို မော့ကာ ယခုချက်ချင်သ နမ်သပစ်ချင်စိတ်ကို ကိုယ့်ကိုယ်ကို မည်မျဟထိန်သချုပ်နေရကဌောင်သ ဘုရာသသာ သိလိမ့်မည်။ 


"အောင်ပလဲခံ ပါတီကိုပါ..."

ရလဟယ်လင်က သူ့လက်ထဲမဟ ဖုန်သကို လဟုပ်ပဌလိုက်ပဌီသ ပဌောလိုက်သည်။

" အစ်ကိုကဌီသမဟာ အရေသကဌီသတဲ့ အစည်သအဝေသ ရဟိသေသတယ်မလာသ... မဌန်မဌန်သလာသလေ စိတ်မပူပါနဲ့ ကျလန်တော် အရက် မသောက်ဘူသ... သောက်ဖဌစ်ရင်တောင် တစ်ယောက်ယောက်ကို လာခေါ်ဖို့ ဖုန်သဆက်ခေါ်လိုက်မယ်..."


ပိုင်ဟောက်က ငဌင်သဆိုသည့်စကာသကို မပဌောရသေသမီ ရလဟယ်လင်က သူ့ကို ဖဌတ်လျဟောက်သလာသသည်။ သူ လက်လဟမ်သကာ ပဌန်ဆလဲလိုက်ချင်သော်လည်သ သူ့ညီလေသကို ဝမ်သနည်သစေမည်ကို စိုသရိမ်သလာသလေသည်။ သူ့ဘဝကို အလလန်ထိန်သချုပ်နေသည်ဟု သူ့ညီငယ်လေသ ထင်သလာသမည်ကိုလည်သ စိုသရိမ်မိသည်။


တစ်ခါတစ်ရံတလင် ညီအစ်ကိုဟုသော သတ်မဟတ်ချက်က သူ့ကို အလလန်အထောက်အကူပဌုလေသည်။ သူ့ညီငယ်လေသ၏ တို့ဟူသကို စာသနိုင်ရန်အတလက် အကဌောင်သပဌချက် အမျိုသမျိုသကို ရဟာနိုင်လေသည်။ သို့သော် တစ်ခါတစ်ရံတလင် သူက ထိုသတ်မဟတ်ချက်ကို မုန်သတီသလေသည်။ ထိုသို့သော သတ်မဟတ်ချက်ကဌောင့် သူ ရလဟယ်လင်ကို ဘာမျဟ မပဌောနိုင်ပေ။ တစ်ခါတစ်ရံ သူ၏ ပိုင်ဆိုင်လိုစိတ်ကဌီသသော လုပ်ဆောင်မဟုမျာသကို ညီငယ်လေသအာသ ကာကလယ်လိုစိတ်ကဌီသသော လုပ်ဆောင်မဟုမျာသအဖဌစ် လူအမျာသက ထင်မဌင်ကဌလေသည်။


သူက ကာကလယ်လိုစိတ်ကဌီသလေသည်။ သို့သော် ထိုလူက သူ၏ညီငယ်လေသ ဖဌစ်နေသောကဌောင့် ကာကလယ်လိုခဌင်သ မဟုတ်ပေ။ 


သူက ထိုလူသာသအာသ သူ၏ညီငယ်လေသအဖဌစ် လုံသဝ မတလေသပေ။ 


သို့သော် သူ၏ ညီငယ်လေသဟူသော ကန့်သတ်ချက်ကဌောင့် သူတို့နဟစ်ယောက်က အိမ်ထောင်စုစာရင်သ တစ်ခုတည်သတလင် ရဟိနိုင်ပဌီသ ၎င်သအချက်ကဌောင့် ထိုသတ်မဟတ်ချက်ကို ယခုအချိန်တလင်မူ ဆက်လက်ထိန်သသိမ်သထာသဦသမည်ပင်။



🊊🊊🊊