Chapter 37
Viewers 3k

🦊Chapter 37

Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး 



3.12



ဆုရသည့်အချိန်မှစ၍ weibo ပေါ်တွင် သူ၏ ပရိတ်သတ်များက တစ်ဟုန်ထိုးမြင့်တက်လာ၍ ညတွင်းချင်း ကျော်ကြားသွားသည်ဟု သတ်မှတ်နိုင်သည်ပင်။ သူ့ weiboတွင် ပို့စ်အနည်းငယ်သာ တင်ခဲ့သော်လည်း ၎င်းတို့က အခြေခံအားဖြင့် ရပ်တန့်နေသည်ပင်။ သူ ထိုသို့ တွေးလိုက်ပြီးနောက် selfie ပုံတစ်ပုံကို တင်လိုက်လေသည်။ သူ၏ ပို့စ်အောက်တွင် သူအား followထားသော မိန်းကလေးများက သူတို့ကို လက်ထပ်ရန် ပြောထားသည်များကို တွေ့လိုက်ရပြီးနောက် သူ၏ စိတ်အခြေအနေကအတော်လေး တိုးတက်ကောင်းမွန်သွားလေသည်။


မင်း မြင်လား... ဒါက လူတွေ တစ်စုံတစ်ယောက်ကို ကြိုက်နှစ်သက်ရင် ပြုမူတဲ့ ပုံစံလေ... ကျယ်ကျယ်ထုတ်ပြောလိုက်စမ်းပါ... သူက ကောင်းကောင်းကြီးကို ပြန်တုံ့ပြန်နိုင်တယ်လေ အခု ပိုင်ဟောက် အရာအားလုံးကို မျိုသိပ်ထားတဲ့အတွက် ဘယ်လောက်တောင် အဆင်မပြေဖြစ်နေလဲ ကြည့်လိုက်စမ်းပါ....


ထိုအကြောင်းကို တွေးရင်း သူက အခြားသူအား မည်သည့်နေရာတွင် အနှောင့်အယှက် ဖြစ်စေကြောင်းကို မသိဘဲ နားမလည်နိုင်ဖြစ်နေသည့် ပိုင်ဟောက်ကို စိုက်ကြည့်နေလိုက်သည်။ 


ရွှယ်လငက သူအဘယ့်ကြောင့် အမြဲကံဆိုးနေသည်ကို နားမလည်နိုင်ပေ။ သူက ထိုကဲ့သို့သော ထိန်းချုပ် မြိုသိပ်ထားတတ်သည့် ယောင်္ကျားများနှင့်သာ တွေ့ဆုံခဲ့ရသည်။ သူ စုန့်ဟွေ့နှင့် အတူရှိခဲ့စဥ်တွင်လည်း နီးစပ်ရန် စိတ်ကူးမရှိခဲ့သောကြောင့် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ရလေသည်။ ထို့နောက် ကိုးလ်ကလည်း တနည်းနည်းဖြင့် လှုပ်ရှားခဲ့သော်လည်း သူမ ချစ်မိခဲ့သေးပေ။ နောက်ဆုံးတွင် သူ ခေါင်းမာနေရခြင်းက ဘာအကျိုးမှမရှိသည်ကို နားလည်လိုက်ရသည်။ ယခုတွင် သူက အမှန်တကယ် မြူဆွယ်ကာ ပိုင်ဟောက်ကို သဲလွန်စပေးနေသော်လည်း အချို့သော အကြောင်းများကြောင့် ထိုလူက အချိန်အတော်ကြာသည်အထိ သူ့ကိုယ်သူထိန်းချုပ်နေသည်။ 


သူ့မှာ ညနက်ချိန်ကျ အိပ်ယာထဲ ဝင်လာရဲတဲ့ သတ္တိရှိရင် မနက်ဘက်ကျရင် သူထွက်သွားတိုင်း အဲ့ဒါကြီးနဲ့ မထိခဲ့နဲ့လေ... ငါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သတိမထားမိဘူးလို့ ထင်လို့လား...


ရွှယ်လင်က ပါတီတွင် သူ့ကို စော်ကားပြောရန်အတွက် စွန်းကျန့်အန်းကို အထင်သေးကြောင်းကို လင်းရိအား တမင်တကာ ကြားစေခဲ့ခြင်း ဖြစ်သည်။ လင်းရိအား ထိုသူမှာ အစားထိုးလူမျှသာ ဖြစ်ကြောင်း သိစေချင်ခဲ့ပြီး လင်းရိ၏ သူ့အပေါ် အတွေးများကိုလည်း နားလည်သည်ပင်။


၎င်းက လင်းရိကို အစွန်သို့ တွန်းပို့လိုက်သလို ဖြစ်သွားသည်။ သူ ထိုနှစ်ယောက်ကြားတွင် ရွေးချယ်မှု ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့မလုပ်ပါက သူ့လရောင်ဖြူလေးကို ဆုံးရှုံးသွားမည်ပင်။


ရွှယ်လင်က ထက်မြက်သောကြောင့် စွန်းကျန့်အန်းမှာ လင်းရိ၏ နှလုံးသားထဲတွင် ပိုင်ယွဲ့လောက် အရေးမကြီးပေ။ ထိုအကြောင်းကို တွေးပြီးသောအခါ လင်းရိက သူမှားနေခဲ့ကြောင်း ခံစားလိုက်ရသည်။ အစပိုင်းတွင် သူ စွန်းကျန့်အန်းကို ရှာတွေ့ခဲ့ကာ သဘောကျမိခြင်းမှာ ပိုင်ယွဲ့ကို မပိုးပန်းနိုင်သောကြောင့်ပင်။ သို့သော် ယခုတွင် ပိုင်ယွဲပြန်လာပြီဖြစ်သောကြောင့် စွန်းကျန့်အန်းက ထပ်မံ၍ အရေးမပါတော့ပေ။ မည်သည့် ကိစ္စရပ် ဖြစ်နေပါစေ စွန်းကျန့်အန်းအား သူတို့ကြားတွင် ထားခြင်းက မကောင်းပေ။ 


ပိုင်ယွဲ့လို မာနကြီးပြီး ထက်မြက်တဲ့လူက ဘယ်လိုလုပ် အစားထိုးခံရတာကို သည်းခံနိုင်ပါ့မလဲ...

လက်ရှိအခြေအနေ၏ အဓိကအချက်ကို နားလည်ပြီးနောက် လင်းရိက အချိန်အနည်းငယ် ကုန်ဆုံးစေလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်လေသည်။ 


သူက ဒီမှာ ရှိနေတာပဲလေ ဘာလို့ အနီးမှာရှိနေတာကို လျစ်လျူရှုပြီး အတုကို ယူထားရမှာလဲ... 


ငါ အချစ်ဆုံးလူက ပိုင်ယွဲ့ဆိုတာ ရှင်းလင်းနေတာပဲလေ...


အကယ်၍ ရွှယ်လင်သာ သူ၏ အတွေးများကို ကြားပါက ထိုဆန်ကုန်မြေလေး gong ကို သေလုမျောပါးဖြစ်သည်အထိ ဆောင့်ကန်မည်ပင်။ ထိုဆန်ကုန်မြေလေးကောင် သေသွားပြီး ကိစ္စများရှင်းလင်းသွားပါက စိတ်ရှုပ်စရာ မရှိတော့ဘဲ လူများကို ပို၍ ခံစားရကောင်းသွားစေနိုင်သည်။


ရွှယ်လင်က ဆန်ကုန်မြေလေး gongနှင့် စျေးပေါသော shouကို သူ့ခေါင်းထဲမှ တောက်ထုတ်လိုက်သည်။ ပိုင်ဟောက်ကို စနောက်သည့် သူ၏ ညပိုင်းလုပ်ငန်းစဥ်ကို ပြီးမြောက်အောင် လုပ်လိုက်ပြီးနောက် ကောင်းကောင်းအိပ်လိုက်လေသည်။ သူ အိပ်ပျော်ပြီး နောက်တစ်နေ့ နိုးလာချိန်တွင် စွန်းကျန့်အန်းနှင့်လင်းရိ ပြတ်သွားပြီဖြစ်ကြောင်း အကူစနစ်လေးက သူ့ကို ပြောပြလာသည်။


ရွှယ်လင် အနည်းငယ် အံ့အားသင့်သွားသည်။ လင်းရိက သူ၏ စကားအနည်းငယ်ကြောင့် နည်းလမ်းတကျ ဆောင်ရွက်ပြီး စွန်းကျန့်အန်းနှင့် ချက်ချင်း လမ်းခွဲလိုက်မည်ကို မမျှော်လင့်ထားပေ။ သူက အမှန်တကယ်ပင် လက်လွတ်စပယ်နိုင်သော လူတစ်ဦး ဖြစ်လေသည်။ သူ စွန်းကျန့်အန်းနှင့် လမ်းခွဲခဲ့ပြီး ပိုင်ယွဲ့နှင့်တွဲလျှင်ပင် အဆုံးတွင် ပိုင်ယွဲ့က စွန်းကျန့်အန်းနှင့်လောက် သူနှင့်မရင်းနှီးသည့်အတွက် ကျိန်းသေဖောက်ပြန်မည်ပင်။

( အကြာကြီးဘေးနားထားခဲ့တဲ့ စွန်းကျန့်အန်းကိုတောင် စွန့်ပစ်လိုက်တာမို့ အနေမနီးတဲ့ပိုင်ယွဲ့နဲ့တွဲရင်လည်း ဖောက်ပြန်မှာပဲလို့ ပြောချင်တာပါ )


ထိုကဲ့သို့သော ဆန်ကုန်မြေလေးကောင်မျိုးက နှလုံးသား ပြောင်းလဲသွားလျှင်ပင် ဆက်လက်၍ ဆန်ကုန်မြေလေး ဖြစ်နေဦးမည်ပင်။ 


စွန်းကျန့်အန်းက လင်းရိနှင့် အကြီးအကျယ် ရန်ဖြစ်ကာ သူ့အတွက် ဝယ်ပေးထားသော အိမ်မှ ပြောင်းရွေ့သွားသည်ကို သိလိုက်ရသောအခါ ရွှယ်လင် ထိုစုံတွဲကို စိတ်မဝင်စားတော့ပေ။ ထိုဆန်ကုန်မြေလေးနှစ်ကောင် အဆုံးတွင် ပြန်လည် အတူမရှိစေခြင်းမှ ကာကွယ်ရန်အတွက် သူ့၏ လက်ထဲတွင် ထုတ်ကစားရန် ကတ်များ ရှိသေးသည်။ ဥပမာအနေဖြင့် သူ၏ အစ်ကိုကြီးက လင်းမိသားစု၏ စီးပွားရေးများကို စတင်ကိုင်တွယ်ဖြေရှင်းနေပြီ ဖြစ်သောကြောင့် မကြာမီအချိန်တွင် လင်းရိက သူ့မိသားစု စီးပွားရေးက သူ့လက်ထဲတွင် အားလျော့လာသည်ကို သိရတော့မည်ပင်။


ထို့နောက်တွင် ရွှယ်လင်က စွန်းကျန့်အန်း သူ၏ ရွှေလက်မှတ်ကြီး ပိုက်ဆံ မရှိတော့ပါက ဆက်ချစ်ဦးမည်လားကို စောင့်ကြည့်နေမည်ပင်။


ဒါရိုက်တာအန်းက ရုပ်ရှင်အကြောင်းကို သူ့အား မိတ်ဆက်ပြောဆိုခဲ့ပြီး နောက်တစ်နေ့တွင် ရွှယ်လင်ကို တွေ့ရန် ရောက်လာလေသည်။ ရွှယ်လင်က ပိုင်ဟောက်နှင့် ညစာအတူမစားနိုင်တော့ဘဲ ဒါရိုက်တာအန်းနှင့် အမြန်ထွက်သွားကြလေသည်။ သို့ဖြစ်၍ သူ့ညီငယ်လေး ပြန်ရောက်လာစဥ်တည်းက ညစာ အတူတူစားနေကျဖြစ်သော ပိုင်ဟောက်ကို အလွန်ဝမ်းနည်းစေသည်။ သူ့မျက်နှာက မှောင်မဲနေသောကြောင့် လူအိုကြီးပိုင်က သူ ကုမ္ပဏီတွင် ပြသနာ တစ်ခုခု ဖြစ်လာသည်ဟု သံသယဝင်သွားလေသည်။


"မင်း ဘာဖြစ်နေတာလဲ..."

ညစာစားပြီးချိန်တွင် လူအိုကြီးပိုင်က သူ့မြေး၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို မေးမြန်းရန် လိုအပ်သည်ဟု ခံစားလိုက်ရသောကြောင့် ထုတ်မေးလိုက်သည်။


ပိုင်ဟောက််ကသူ့ကို ပြန်မဖြေဘဲ သုန်မှုန်နေ၍ လူအိုကြီးက ပြောလိုက်လေသည်။

" မင်း... မင်းကတော့ ဖြစ်သမျှ အရာတိုင်းကို စိတ်ထဲမှာပဲ အကုန်လုံးကို သိမ်းထားတော့တာပဲ မင်းရဲ့စိတ်ထဲက ဝန်ထုတ်ဝန်ပိုးတွေက များလာပြီး မင်းကို ဝါးမြိုမသွားခင် ဝန်ထုတ်ဝန်ပိုးတွေကို သက်သာစေမယ့် မြေးချွေးမလေး တစ်ယောက်လောက် ရှာသင့်ပြီ..."


ပိုင်ဟောက်က သူ့အဖိုးကို ကြည့်လိုက်ပြီး သူ့အဖိုးတွင် မြေးချွေးမရှိနေပြီ ဖြစ်ကြောင်းကို တွေးလိုက်လေသည်။ သို့သော် သူထုတ်မပြောနိုင်ပေ။ မဟုတ်လျှင် သူ၏ အဖိုးက သူ့ဘိုးဘွားများဆီသို့ နှစ်အနည်းငယ်စောကာ ရောက်သွားလိမ့်မည်ပင်။


သူ စကားမပြောသည်ကို တွေ့သောအခါ လူအိုကြီးပိုင်က ပခုံးတွန့်လိုက်ပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။ သူ မသွားမီ အိမ်တော်ထိန်းကို မှာကြားလိုက်လေသည်။

" ယွဲ့လေး ပြန်လာရင် သူ့အစ်ကိုကြီးကို စကားသွားပြောခိုင်းလိုက်... မဟုတ်ရင် နှစ်ရက်တည်းနဲ့ သူ့အစ်ကိုက လုံးလုံးမှောင်မိုက်သွားရင် မကောင်းဘူး..."


အိမ်တော်ထိန်းက တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယခုတလောတွင် သခင်အိုကြီးက အင်တာနက်ပေါ်တွင် အချိန်အတော်ဖြုန်းခဲ့၍ တစ်ခါတစ်ရံတွင် တချို့သော ဗန်းစကားများကိုပင် သုံးတတ်လေသည်။ ၎င်းတို့က ကောင်းသည် ဆိုးသည်ကိုလည်း သူ မသိပေ။


ဒါရိုက်တာအန်း၏ အကြံပြုထောက်ခံချက်က အလွန်အောင်မြင်သွားသည်။ ရွှယ်လင်က ဒါရိုက်တာအိုကြီး၏ လက်ခံမှုကို ရရှိပြီး ထို့ပါးရှို့၏ ဇာတ်ကောင်နေရာကို ရလိုက်သည်။ အဓိကဇာတ်ကောင်အတွက် သရုပ်ဆောင်ကို ရလိုက်ပြီဖြစ်သည့်အတွက် သူတို့၏ ရိုက်ကူးရေးအချိန်စာရင်းကို စတင်နိုင်ပြီ ဖြစ်သည်။ 


ရွှယ်လင်က ထိုကိစ္စပြီးနောက် ထိုကဲ့သို့ကိစ္စမျိုးနှင့် စိတ်အနှောင့်အယှက် အဖြစ်ခံမနေပေ။ သူ သိသလောက်ဆိုပါက ထိုရုပ်ရှင်၏ အဓိက ရင်းနှီးမြှုပ်နှံသူမှာ ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီမှ ဖြစ်ပြီး ရိုက်ကူးရေးကို ဆိုင်းငံ့ထားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဒါရိုက်တာက ထို့ပါးရှို့ ဇာတ်ကောင်နေရာအတွက် သင့်တော်သော သရုပ်ဆောင်ကို ရှာမတွေ့သေးသောကြောင့်ပင်။ ဇာတ်ညွှန်းကိုယူ၍ အိမ်သို့ပြန်ရောက်လာသောအခါ ရွှယ်လင်က အမျိုးသားကြင်ယာတော်၏ ဘဝကို ပြင်းပြင်းထန်ထန် ကြိုးစားရှာဖွေ ကြည့်ရှုခဲ့ပြီး သမိုင်းနောက်ခံစာအုပ်များကို ကိုးကားလေ့လာရင်း အဖွဲ့ကို ရိုက်ကူးရေး စတင်မည့် အချိန်အထိ စောင့်နေလေသည်။ 


တစ်မနက်ခင်းတွင် ရွှယ်လင်က စောစီးစွာနိုးလာပြီး နှင်းမှုန်လေးများ ကပ်နေသေးသော နှင်းဆီပန်းစည်းတစ်စည်းကို ဧည့်ခန်းထဲတွင် တွေ့လိုက်ရသည်။ သူ သိချင်စိတ်ဖြင့် အိမ်တော်ထိန်းကို မေးလိုက်လေသည်။

" အိမ်တော်ထိန်း ဒါတွေ ဘယ်ကရတာလဲ..." 


" တော်တော်လေးကြာပြီသခင်လေး မနက်တိုင်း ပန်းဆိုင်ကလူတွေက လာပို့ပါတယ်..."

အိမ်တော်ထိန်းက ပန်းစည်းကို လက်ညှိုးထိုးပြလိုက်သည်။

" ပန်းလာပို့တဲ့ကောင်လေးက ကျွန်တော့်ကို ငြင်းခွင့်တောင် မပေးဘူး... ယူလာတိုင်း သခင်လေး(ပိုင်ဟောက်)က လွှင့်ပစ်ခဲ့တာ အဲ့ဒါ သခင်ငယ်လေးအတွက် ပို့တာ ဖြစ်လောက်မယ်ထင်တယ်..."


ရွှယ်လင် မျက်တောင်ခတ်လိုက်ပြီး ပန်းစည်းကို လှန်ကြည့်လိုက်သည်။ ၎င်းတွင် ကတ်ပြားလေးပါသည်။ ထိုပန်းများကို လင်းရိပို့ပေးခြင်းဖြစ်ပြီး ပန်းဆိုင်ပိုင်ရှင်လက်ဖြင့် ရေးထားသောစာများလည်း ကတ်ပြားတွင် ပါရှိလေသည်။ 


သူက အနည်းငယ် ရယ်ရသည်ဟု ထင်လိုက်သည်။

"အစ်ကိုကြီးက မနက်တိုင်း ဒီပန်းတွေကို လွှင့်ပစ်တာလား..."


"ဟုတ်ပါတယ်... သခင်လေးက ကျွန်တော့်ကို အိမ်ထဲ ယူလာခိုင်းပြီး သူက လွှင့်ပစ်လိုက်တာပါ..." 


ရွှယ်လင် အနည်းငယ် ဆွံ့အသွားလေသည်။

အဲ့လူက ငါ ဒီပန်းတွေကို တွေ့သွားမှာ အဲ့လောက်တောင် ကြောက်တာလား...


သူ ပန်းစည်းကို ယခင်ပုံစံအတိုင်း ခြေရာလက်ရာမပျက် ပြန်ထားလိုက်ပြီး မမြင်ခဲ့သလို ဟန်ဆောင်လိုက်သည်။ မနက်စာ စားပြီးသောအခါ ဒါရိုက်ဘာကို ကုမ္ပဏီသို့ လိုက်ပို့ခိုင်းခဲ့သည်။ 


ပိုင်ဟောက်က အလုပ်များကြောင့် ညည့်နက်သည်အထိ နေခဲ့ပြီး ယနေ့ မနက်ခင်းတွင် အနည်းငယ် နောက်ကျမှ နိုးလေသည်။ သူ နိုးလာချိန်တွင် သူ့ညီငယ်လေး၏ အခန်းတံခါးက ပွင့်နေပြီး မည်သူမျှ မရှိသည်ကို တွေ့လိုက်ရ၍ သူ့မျက်နှာက ပြောင်းလဲသွားသည်။ သို့သော်လည်း အောက်ထပ်သို့ ဆင်းလိုက်ပြီး ဧည့်ခန်းထဲတွင် ပန်းများရှိနေသေးကြောင်း တွေ့လိုက်ရပြီးနောက် စိတ်သက်သာရာရသွားလေသည်။ 


 á€›á€˝á€žá€šá€şá€œá€„် မနက်စာစားပြီး ကုမ္ပဏီသို့ သွားပြီဖြစ်ကြောင်း အိမ်တော်ထိန်းထံမှ သိလိုက်ရသည်။ ပိုင်ဟောက် မနက်စာစားချင်စိတ်မရှိ၍ အဝတ်အစားလဲလိုက်ပြီး နှင်းဆီပန်းစည်းကို ယူကာ ထွက်လာလိုက်သည်။ ထွက်လာစဉ်တွင် နှင်းဆီပန်းစည်းကို အပြင်ဘက်ရှိ အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ 


သူ့ညီငယ်လေး ရှေ့တွင် မျက်လုံးကို ညစ်ညမ်းစေသည့် ထိုသို့သောအရာများပေါ်မလာခြင်းက ပိုကောင်းလိမ့်မည်။


ထိုနေ့တွင် ရွှယ်လင်က သူ့ဝတ်စုံကို ပြင်ဆင်ပြီး၍ အမျိုးသားကြင်ယာတော်အဖြစ် ဓါတ်ပုံရိုက်ရမည် ဖြစ်သောကြောင့် ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီသို့ သွားရမည်ဖြစ်သည်။ မနက်ဖြန်တွင် သူက အဖွဲ့နှင့် ပူးပေါင်းရမည် ဖြစ်သည်။


သူက နောက်ဆုံးမှ ရောက်ရှိလာသည့် သရုပ်ဆောင် ဖြစ်သောကြောင့် အဖွဲ့ထဲတွင် ဓာတ်ပုံ မရိုက်ရသေးသော တစ်ဦးတည်းသောသူ ဖြစ်နေသည့်အတွက် အနည်းငယ် အလျင်လိုနေသည်။ 


ရုပ်ရှင်က ထို့ပါးရှို့၏ ဘဝအကြောင်းကို ဖော်ပြထားခြင်းဖြစ်သောကြောင့် သူ ငယ်စဥ်မှ ကြီးလာသည်အထိ ဝတ်ကြည့်ရမည့် ဝတ်စုံများက အများအပြားပင်။ ထိုသို့ဖြင့် ရွှယ်လင် ပထမဆုံးဝတ်ကြည့်ရသော ဝတ်စုံမှာ ထို့ပါးရှို့ မင်းသားဘဝက ဝတ်စုံဖြစ်သည်။


ထိုအချိန်၌ အနာဂတ်တွင် အမျိုးသားကြင်ယာတော် ဖြစ်လာမည့်သူက ရှီးရယ်နိုင်ငံမှ မင်းသားတစ်ပါးဖြစ်ပြီး ထျန်းလန်နိုင်ငံနှင့် ရန်ဘက်နိုင်ငံမှ ဖြစ်သည်။ သူက ငယ်ရွယ်စဥ်တည်းက ကျန်းမာရေးချူချာခဲ့ပြီး မရေတွက်နိုင်သော လုပ်ကြံသတ်ဖြတ်မှုများမှ လွတ်မြောက်ရှင်သန်ခဲ့လေသည်။ အနောက်တိုင်းနိုင်ငံ ဖြစ်နေသော်လည်း ၎င်းတို့ မင်းမျိုးမင်းနွယ်အဆင့်အတန်းတွင် သစ္စာဖောက်မှုအတွက် ပြစ်မှုက ပြောင်းလဲသွားမည် မဟုတ်ပေ။


သူက အမြဲတမ်း စိတ်ရှည်သည်းခံတတ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှီးရယ်နိုင်ငံတော်မှ အပြင်သို့ ခေါ်ထုတ်ပေးခဲ့သော မြင့်မြတ်သည့် မျိုးနွယ်ဝင်တစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။ သူက မျိုးရိုးနာမည်ကို ပယ်ဖျက်လိုက်ကာ "ထို့ပါး"ဟူသော စကားလုံးကို မသုံးတော့ပေ။ 


ထို့ပါးရှို့၏ မိခငက နိုင်ငံ့အချက်အချာ အလယ်ပိုင်း မြေပြန့်ဒေသမှဖြစ်၍ ရှီးရယ်နိုင်ငံတွင် ထို့ပါးရှို့၏ အခြေအနေက နိမ့်ကျမနေပေ။ မြင့်မြတ်သော မျိုးနွယ်ဝင်များက သူ့ကို ထီးနန်းရစေရန် ကူညီပေးမည်ဟု ဆိုချိန်တွင်ပင် သူသ ငြင်းဆန်ခဲ့ပြီး ရှီးရယ်နိုင်ငံတော်မှ ထွက်ခွာရန် ရွေးချယ်ခဲ့လေသည်။ 


ထိုအချိန်အတောအတွင်းတွင် ထို့ပါးရှို့က အားနည်းပိန်ပါးပြီး ချူချာသော ခန္ဓာကိုယ်ဖြင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေလေသည်။ ထို မြင့်မြတ်သောမျိုးနွယ်ဝင် လူကြောင့်သာ မဟုတ်ပါက သူ့အစ်ကို၏ မလိုမုန်းထားသော လှည့်ကွက်များကြောင့် သေသွားမည်မှာ ကြာပြီပင်။ 


ရွှယ်လင်က ကပြားဖြစ်သောကြောင့် သူ၏ အခြေအနေမှာ ထို့ပါးရှို့နှင့် အနည်းငယ်တော့ တူသည်ပင်။ ထိုဇာတ်ကောင်နေရာတွင် ကောင်းကောင်း သရုပ်ဆောင်နိုင်ရန်အတွက် သူ၏ အစားအသောက်ကို ထိန်းချုပ်ကာ ကိုယ်အလေးချိန် ကျစေလိုက်သည်။ မိတ်ကပ်ပညာရှင်၏စွမ်းရည်၊ ရှေးခေတ်ဝတ်စုံ နှင့် ဆံပင် အပြင်အဆင်အောက်တွင် ရွှယ်လင်က သေခါနီးသကဲ့သို့ အားနည်းနေသော ဆယ်ကျော်သက် ကောင်လေးသဖွယ် လုံးဝ တစ်ပုံစံတည်း ဖြစ်သွားလေသည်။


ဒါရိုက်တာက သူ၏ ရွေးချယ်မှုကို အလွန်ကျေနပ်နေပြီး ဓါတ်ပုံဆရာကလည်း ဓါတ်ပုံများစွာကို အောင်မြင်စွာ ရိုက်ယူနိုင်ခဲ့သောကြောင့် မျက်လုံးများ တောက်ပနေလေသည်။ 


ထို့ပါးရှို့၏ ဘဝကို အဓိကအားဖြင့် လေးပိုင်းခွဲထားလေသည်။ ပထမပိုင်းမှာ သူ မင်းသားဖြစ်စဥ်အချိန်ဖြစ်ပြီး ဒုတိယပိုင်းတွင် သူက အလယ်ပိုင်းဗဟိုအချက်အချာဒေသကို ပြန်လည် အားဖြည့်ရန် တစ်ယောက်တည်း ထွက်လာခဲ့ပြီး အလယ်ပိုင်းဗဟိုဒေသမှ သိုင်းပညာရှင်များမှ တဆင့် ကျန့်ဟူနိုင်ငံတော်၏ ပထမမင်းသားဆီသို့ ရောက်လာလေသည်။ တတိယပိုင်းတွင် ထျန်းလန်နိုင်ငံ၏ ဧကရာဇ်က သူ၏ အရည်အချင်းများကို ကြားသောအခါ သူ့ကို မင်းသား၏ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်အပ်နှင်းလိုက်လေသည်။ ပြောထားသည်မှာ သူ့ကို မိတ်ဆတ်ပေးခဲ့သောသူက တော်ဝင်နန်းတော်၏ နာမည်ကျော်ကြားသော အမျိုးသားကိုယ်လုပ်တော် ဖြစ်ပြီး သူတို့က ကောင်းသော ဆက်ဆံရေး ရှိပုံပေါ်သည်။ စတုတ္ထပိုင်းမှာ သူ အမျိုးသား ကြင်ယာတော်ဖြစ်လာသည့် အပိုင်းပင် ဖြစ်လေသည်။ သူက မင်းသားထက် ဆယ်နှစ်ကျော် အသက်ကြီးပြီး ဧကရာဇ်အတွက် လေးနက်သော ခံစားချက်များ ပေါက်ဖွားလာလေသည်။ ဧကရာဇ်သည်လည်း သူကို အလွန် ယုံကြည်လေသည်။ သူက အမျိုးသား ကြင်ယာတော် ဖြစ်သော်လည်း ဝန်ကြီးချုပ်ရာထူးကိုလည်း အပ်နှင်းခံလိုက်ရကာ ထျန်းလန်နိုင်ငံနှင့် မျိုးဆက်သစ်တို့အတွက် ကောင်းမွန်သော လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်ခဲ့ကြသည်။ သမိုင်းစာအုပ်များတွင် သူ့ကို ချီးမွမ်းထားခြင်းများဖြင့်သာ ပြည့်နှက်နေသည်။ 

ထိုလေးပိုင်းအတွက် မိတ်ကပ်နှင့် ဝတ်စုံသည်လည်း ကွာခြားပေသည်။ ရွှယ်လင် တစ်နေ့လုံးပြေးလွှားရ၍ ပင်ပန်းနေသောကြောင့် လှဲနေချင်သော်လည်း အကူစနစ်လေးထံမှ လှောင်ပြောင်စော်ကားခံလိုက်ရသည်။ 


ဘယ်သူကများ အဲ့လောက် အပျင်းကြီးဖို့ ပြောလို့လဲ... သခင် ဒီအိမ်ကနေ ထွက်သွားရင် ဂရုစိုက်မယ့်လူတောင် ရှိမှာ မဟုတ်ဘူး...


ရွှယ်လင် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့ ပစ္စည်းများကို ထုတ်ပိုးကာ ပိုင်ဟောက်ကိုရှာရန် အပေါ်ထပ်သို့တက်သွားလေသည်။



🦊🦊🦊