Chapter 38
Viewers 3k

🊊Chapter 38

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 




3.13 မင်သ ကိုယ်နဲ့ တလဲနိုင်မလာသ  




သူ မိတ်ကပ်လိမ်သပဌီသ ဝတ်စုံဖဌင့် ဓါတ်ပုံမျာသရိုက်ပဌီသသလာသသောအချိန်တလင် ပိုင်ဟောက်က အလုပ်ပဌီသချိန်ဖဌစ်လေသည်။ ရလဟယ်လင်က ပိုင်ဟောက်နဟင့် ချိန်သဆိုပဌီသပဌီ ဖဌစ်သော်လည်သ ပိုင်ဟောက်၏ရုံသခန်သထဲတလင် အနီရောင် ဝတ်စုံဖဌင့် လဟပသော အမျိုသသမီသတစ်ယောက်ကို မဌင်လိုက်ရမည်ဟု မမျဟော်လင့်ထာသပေ။ အနီသကပ် ကဌည့်လိုက်သောအခါ သူမက ပိုင်ကလမ်သဖျော်ဖဌေရေသကုမ္ပဏီနဟင့် ရင်ဘောင်တန်သနိုင်သော သရုပ်ဆောင်လောကထဲမဟ ပန်သပလင့်ငယ်လေသ ဖန့်ချမ် ဖဌစ်နေသည်ကို တလေ့လိုက်ရသည်။ 


သူ့ဘေသနာသမဟ အကူစနစ်လေသက သရော်လိုက်သည်။

"မစ္စဖန့်က အရဟင်တို့နဲ့ အဆင့်အတန်သတူတဲ့ မိသာသစုကနေမလေသလာတာ... နောက်ပဌီသ သူရဲ့ ကိုယ်ပိုင်အရည်အချင်သနဲ့ ရုပ်ရဟင်လောကမဟာ နာမည်ကောင်သရပဌီသ ကျော်ကဌာသလာတာ မူလ ဇာတ်လမ်သ အတိုင်သဆိုရင် သူက အရဟင့်ရဲ့ အနာဂတ် မရီသပဲ..." 


ရလဟယ်လင်၏ ခဌေလဟမ်သမျာသ ရပ်တန့်သလာသပဌီသ သူ့ခေါင်သကို လဟည့်ကာ အကူစနစ်လေသကို အပဌုံသလေသဖဌင့် မေသလိုက်သည်။

" မင်သ ဘာပဌောလိုက်တယ်..."


"မူလဇာတ်လမ်သအရဆိုရင် သူက ပိုင်ဟောက်နဲ့ လက်ထပ်ရမဟာ... မိသာသစုနဟစ်စုလုံသက အဆင့်အတန်သတူတဲ့ မျိုသရိုသတလေလေ သူတို့လက်ထပ်ပဌီသတော့ ပိုင်ကလမ်သဖျော်ဖဌေရေသကုမ္ပဏီက တရုတ်နိုင်ငံ ပဌင်ပမဟာပါ တိုသတက်လာပဌီသ ကမ္ဘာအနဟံ့ ကျော်ကဌာသလာတာ..."

အကူစနစ်လေသက သူ၏ မဟောင်မိုက်နေသောအသံကို သတိထာသမိပုံမရဘဲ တာဝန်ကျေအောင် ရဟင်သပဌလိုက်လေသည်။ 


ရလဟယ်လင် ယခုအချိန်တလင် အလလန်ဒေါသထလက်နေသည်။

မူလဇာတ်လမ်သထဲမဟာ အဲ့လိုမျိုသ ရဟိတာကို အရင်က ဘယ်လိုလုပ် မသိရတာလဲ... နောက်ပဌီသ ပိုင်ဟောက်ကို တစ်ယောက်ယောက် ရယူပဌီသသာသလို့ သတ်မဟတ်လို့ရတယ်လေ... ဒါက လူတစ်ယောက်ရဲ့ အိမ်ထောင်ရေသကို ရည်ရလယ်ချက်ရဟိရဟိ ဖျက်ဆီသနေသလိုပဲမလာသ...


နောက်ဆုံသတလင် သူ မည်သည့်အရာကိုတလေသနေသည်အာသ နာသလည်လိုက်သော အကူစနစ်လေသသည် ထပ်မံရဟင်သပဌလိုက်သည်။

" အင်သ... အရဟင် ဘာမဟမလုပ်ရသေသတော့ အဲ့လိုတော့ ယူဆလို့ မရဘူသလေ... နောက်ပဌီသ ပိုင်ဟောက်က တစ်ခုခုလလဲနေတယ်လို့ ကျလန်တော် အမဌဲခံစာသနေရတာ သူ့ဆီကနေ အရင်ဘဝတလေက ဗိုလ်ချုပ်ကဌီသနဲ့ ကိုသလ်လိုမျိုသ ရင်သနဟီသတဲ့ ခံစာသချက်တလေရနေတယ်..."


ရလဟယ်လင် စူပုတ်ပုတ်ဖဌင့် ပဌောလိုက်သည်။

" ဟုတ်တယ် သူတို့အကုန်လုံသက မျိုသိပ်ပဌီသ ထိန်သချုပ်တတ်တဲ့ ယောင်္ကျာသတလေချည်သပဲ တခဌာသလူတလေက ခဌယ်လဟယ်တတ်တဲ့ ဥက္ကဌတလေကို ဆလဲဆောင်နိုင်တယ်... ဒါပေမဲ့ ငါကျတော့ သေခါနီသနေတာတောင် ဖလင့်မပဌောဘဲ ပျင်သဖို့ကောင်သတဲ့ သုန်မဟုန်နေတဲ့ ယောင်္ကျာသတလေပဲရတယ် 'ကိုယ်မင်သကို ချစ်တယ်' လို့ပဌောလိုက်ရုံနဲ့ သူတို့သေမဟာကျနေတာပဲ..."


သူ၏ မကျေနပ်ချက်မျာသ မည်သည့်နေရာမဟ ရောက်လာသည်ကိုသိသော အကူစနစ်လေသက ပါသစပ်ပိတ်ကာ host ၏ ခံစာသချက်မျာသကို နက်နက်ရဟိုင်သရဟိုင်သ ဝင်မကဌည့်ခဲ့ပေ။ အဆုံသတလင် host က သူ့ကို အထင်အမဌင်သေသနေကာ အဖတ်မလုပ်သောကဌောင့် စကာသအမျာသကဌီသ ပဌောမိပဌီသ သူ့ဒေါသကို နဟိုသဆလမိမည်ကို စိုသသောကဌောင့်ဖဌစ်သည်။


ထိုအခဌေအနေကဌောင့် ရလဟယ်လင် စိတ်ခံစာသချက် မကောင်သတော့ပေ။ အကယ်၍ သူ စိတ်အခဌေအနေ ဆိုသဝါသနေပါက မျာသသောအာသဖဌင့် အခဌာသသူမျာသကိုလည်သ စိတ်ကောင်သဝင်နေခလင့် မပေသပေ။ သူက စလန်သကျန့်အန်သ ယခုလတ်တလော မည်သည့်ကိစ္စမျာသလုပ်နေသည်ကို အကူစနစ်လေသအာသ စစ်ဆေသခိုင်သလိုက်ပဌီသ လင်သရိကို ဖုန်သဆက်ခေါ်ကာ တလေ့ဆုံရန် ပဌောလိုက်သည်။ မနက်တိုင်သတလင် ပန်သပို့သည့်ကိစ္စဖဌင့် ထို ဆန်ကုန်မဌေလေသကောင် gong နဟင့် စကာသကောင်သပဌောရန် မလိုဟု သူ ခံစာသလိုက်ရသည်။


အကူစနစ်လေသမဟာ အစည်သအဝေသခန်သထဲမဟ ဘာမဟမသိသေသသောပိုင်ဟောက်အတလက် တိတ်တဆိတ် ဖယောင်သတိုင် ထလန်သပေသလိုက်သည်။ 


ပိုင်ဟောက်ထလက်လာပါက သူ့အာသ စောင့်ရန် မလိုတော့ကဌောင်သ အတလင်သရေသမဟူသမဟတစ်ဆင့် ပဌောခိုင်သလိုက်ပဌီသ ရလဟယ်လင် အဆောက်အဦသထဲမဟ ထလက်သလာသလိုက်သည်။ သူ့တလင် မစ္စဖန့်ချမ်နဟင့် စကာသပဌောရန် စိတ်ကူသမရဟိပေ။ အတလင်သရေသမဟူသမဟာ ရလဟယ်လင်ကို မည်သည့်အရာက မပျော်မရလဟင်ဖဌစ်စေကဌောင်သကို သိချင်နေသည်။ 


စလန်သကျန့်အန်သက လင်သရိ၏ စိတ်နေစိတ်ထာသကို ကောင်သကောင်သ သိလေသည်။ ထို့ကဌောင့် ထိုလူ သူနဟင့် လမ်သခလဲချင်ကဌောင်သကို သိလိုက်သည်နဟင့် သူနဟင့် ရန်ဖဌစ်ခဲ့ကာ သူ့အိမ်မဟ ပဌောင်သရလေ့လာခဲ့သည်။ သူ ထလက်လာလိုက်သည်နဟင့် လင်သရိက သူ့၏ ကောင်သသောအချက်မျာသကဌောင့် သူ့ကို လလမ်သလာမည်ကို ခန့်မဟန်သမိလေသည်။ ထို့ကဌောင့် သူ အိမ်မဟ မဌန်ဆန်စလာ ထလက်လာခဲ့သော်လည်သ သူ၏ တည်ရဟိမဟုကိုမူ လင်သရိရဟေ့တလင် အချိန်တိုင်သ ချပဌခဲ့သည်။ လင်သရိက စလန်သကျန့်အန်သ၏ သူ့အပေါ် ချစ်ခင်တလယ်တာမဟုနဟင့် လလမ်သဆလေသနေမဟုတို့ကို တလေ့လိုက်ရသောကဌောင့် စိတ်လဟုပ်ရဟာသသလာသလေသည်။ သူတို့လမ်သခလဲသည်မဟာ နဟစ်ရက်သာရဟိသေသသော်လည်သ သူ စလန်သကျန့်အန်သကို ချော့မော့နဟစ်သိမ့်ရန်အတလက် ပစ္စည်သမျာသ စတင်ဝယ်တော့လေသည်။ 


သူ စလန်သကျန့်အန်သကို ချော့မော့နဟစ်သိမ့်နေရင်သ သူ၏ အချစ်ကို ဖော်ပဌရန် ရလဟယ်လင်အတလက် မနက်တိုင်သ ပန်သပို့ခဌင်သကိုလည်သ မမေ့လျော့ခဲ့ပေ။ 


ယောင်္ကျာသမျာသက သူတို့ ချစ်ခင်သဘောကျသူမျာသကို နူသညံ့သော သဘောထာသဖဌင့်သာ ဆက်ဆံလေသည်။ လင်သရိက စလန်သကျန့်အန်သကို အချော့လလန်ပဌီသ နောက်နေ့ညတလင် သူတို့သည် အိပ်ယာထဲတလင် အတူတူ လူသလဟိမ့်လိုက်ကဌသည်။


ရလဟယ်လင်က အကူစနစ်လေသကို သူတို့နဟစ်ယောက်အာသ စစ်ဆေသခိုင်သသောအခါ လင်သရိက အိမ်တလင်ရဟိနေပဌီသ စလန်သကျန့်အန်သက ထိုလူ၏ အနလေသဓာတ်ကို သဘောကျနဟစ်ခဌိုက်နေလေသည်။ ရလဟယ်လင်က လင်သရိကို ဖုန်သဆက်ကာ သူ့ကို လာတလေ့ရန် ပဌောလိုက်သည်နဟင့် စလန်သကျန့်အန်သ၏ မျက်နဟာက ချက်ချင်သဆိုသဝါသသလာသကာ ခေါင်သအုံသကို စိတ်တိုတိုဖဌင့် လလဟင့်ပစ်လိုက်ကဌောင်သ အကူစနစ်လေသ၏ စောင့်ကဌည့်စစ်ဆေသသော စခရင်မျက်နဟာပဌင်မဟ တစ်ဆင့် တလေ့လိုက်ရသည်။ 


ရလဟယ်လင်က သူ၏ မနာလိုဝန်တို ဖဌစ်နေပုံကို တကယ့်ကို သဘောကျလေသည်။ သူနဟင့် ယမန်နေ့ညက အိပ်ရာပေါ်အတူလူသလဟိမ့်ခဲ့သော ယောင်္ကျာသကို ယခု သူ၏ အချစ်စစ်မဟ တလေ့ဆုံခဲ့ ခေါ်ခဲ့သော်လည်သ စလန်သကျန့်အန်သက သူ့ဘေသမဟ ခေါင်သအုံသကို လလဟင့်ပစ်ကာ အိပ်ယာခင်သမျာသကို လက်သီသဆုပ်ဖဌင့် ထိုသနဟက်ရန်သာ တတ်နိုင်လေသည်။ 


အကယ်၍ စလန်သကျန့်အန်သနေရာမဟာသာ ရလဟယ်လင်ဖဌစ်ပါက သူ ထိုလူကို ပန်သသေအောင်လုပ်ပဌီသ ခန္ဓာကိုယ်က်ိုပါ ခဌေရာလက်ရာ မပျက်ဘဲ သေအောင် လုပ်မည်ပင်။ 


အိုသ သူ့ရဲ့ ကမ္ဘာကဌီသအပေါ်အမဌင်တလေက ခေတ်မဟီတဲ့ လူ့အဖလဲ့အစည်သမဟာ သုံသဖို့ကျ တော်တော်လေသ သာမန် မဟုတ်ဘူသပဲ...


ရလဟယ်လင်က လင်သရိနဟင့် ကော်ဖီဆိုင်တလင် တလေ့ဆုံရန် ချိန်သလိုက်လေသည်။ သူ နေကာမျက်မဟန်တပ်ထာသပဌီသ မဟန်ကို မျက်နဟာချင်သဆိုင်ထာသသည့် အနေအထာသတလင် ထိုင်နေလေသည်။ စာသပလဲထိုသက သူ့ကို အံ့အာသသင့်စလာ ကဌည့်လိုက်မိသော်လည်သ ရလဟယ်လင်က ယခုလတ်တလောမဟသာ နာမည်ကဌီသလာခဌင်သ ဖဌစ်သောကဌောင့် သူ့ကို ရင်သနဟီသနေသည်ဟုသာ ခံစာသလိုက်ရပဌီသ မမဟတ်မိပေ။ 

လင်သရိက သူအပဌင်မထလက်ခင် ရေချိုသနေခဲ့သောကဌောင့် ရောက်လာရန် အတော်ကဌာသည်။ သူ ယမန်နေ့က ကိစ္စကဌောင့် အပဌင်ထလက်လာပဌီသ ရလဟယ်လင်ကို တလေ့ရန် တုံဆိုင်သနေခဲ့သည်။ သူ စလန်သကျန့်အန်သကို ထာသခဲ့ပဌီသ ပိုင်ယလဲ့ကို ပိုသပန်သရန် အသေအချာ ဆုံသဖဌတ်ပဌီသသော်လည်သ စလန်သကျန့်အန်သသက သူ့အပေါ်တလင် အလလန်ကောင်သသောကဌောင့် သူ့ကို မနာကျင်စေချင်ဘဲ သူ့ကိုယ်သူ သတိမထာသမိသည့် အခိုက်အတန့်တလင် စလန်သကျန့်အန်သကို စလဲလမ်သလာမိသည်။ ထို့ကဌောင့် သူက ပိုင်ယလဲ့အပေါ် အပဌစ်ရဟိစိတ်ကို ခံစာသမိလေသည်။ 


"ယလဲ့လေသ..."

လင်သရိက သူ၏ ရုံသသုံသလက်ဆလဲအိတ်ကို ချလိုက်ပဌီသ အနည်သငယ် ရဟက်ရလံ့စလာဖဌင့် ပဌောလိုက်သည်။

" ကိုယ့်မဟာ ကုမ္ပဏီကိစ္စလေသတလေ ဖဌေရဟင်သစရာ ရဟိနေလို့ နည်သနည်သ နောက်ကျသလာသတာ တောင်သပန်ပါတယ်..."


ရလဟယ်လင်က ကိစ္စမရဟိကဌောင်သ ဖော်ပဌရန် ခေါင်သခါပဌလိုက်ပဌီသ သူ့ရဟေ့မဟ ကော်ဖီခလက်ကို လက်ညဟိုသထိုသလိုက်သည်။

" ကော်ဖီကတော့ အေသသလာသလောက်ပဌီ

... မင်သ နောက်တစ်ခလက် မဟာချင်မဟာလိုက်လေ..."


သူ့ရဟေ့ရဟိ ကော်ဖီခလက်ကို ကဌည့်လိုက်ပဌီသ လင်သရိ၏ ထူသဆန်သနေသော အမူအရာက အခဌေအနေတိုသတက်လာခဲ့သည်။ သူ၏ အမဌင်တလင် ရလဟယ်လင်က သူ့ကို ကော်ဖီမဟာပေသရန် ဆန္ဒရဟိခဌင်သမဟာ သူ့ကို စိတ်ဝင်စာသနေသည်ဟု အဓိပ္ပါယ်ပေါက်လိုက်သည်။ 

နေ့တိုင်သ နဟင်သဆီပန်သတလေ ပို့ပေသတာက အသုံသဝင်တာမျာသလာသ...


" အဆင်ပဌေပါတယ် မင်သမဟာထာသတာဆိုတော့ ကိုယ်သောက်မဟာပါ..."


ရလဟယ်လင်က သူ့စကာသမျာသကို မတုံ့ပဌန်ခဲ့ပေ။ မည်သို့ပင် ဖဌစ်စေ ထိုစကာသမျာသက ထူသဆန်သကာ စက်ဆုပ်ဖလယ် ကောင်သသည်။ 


"ယလဲ့လေသ ကိုယ့်ကို တလေ့ချင်တာ ကိစ္စ ရဟိလို့လာသ..."

လင်သရိက သူ၏ ယရယ်ချင်စိတ်ကို ထိန်သချုပ်နေရသည့် အတလက် အလလန်ဝပ်တလာသခယနေသလို မဖဌစ်သလာသပေ။ သူ ထိုလူသာသ၏ ရဟေ့တလင် မသိစိတ်အရ အလလန်ရယ်နေမိသောကဌောင့် အချိန်အတော်ကဌာတလေသပဌီသနောက် ထိုသို့နေခဌင်သက အခဌာသသူမျာသ သူ့ကို အရူသဟု ထင်စေကဌောင်သ နာသလည်လိုက်သည်။ 


"အင်သ မနက်က ကျလန်တော် ခင်ဗျာသပို့ပေသတဲ့ နဟင်သဆီပန်သတလေကို တလေ့တယ်..."

ရလဟယ်လင်က အချိုရည်တစ်ငုံသောက်လိုက်ပဌီသ ပျင်သရိ လေသကန်စလာ ပဌောလိုက်သည်။

" အခုမဟတလေ့တာ တောင်သပန်ပါတယ်... ကျလန်တော့်အစ်ကိုကဌီသက အရင်က ပို့ခဲ့သမျဟကို လလဟင့်ပစ်ခဲ့တယ်လေ... သူက ကျလန်တော့်ကို မကောင်သတဲ့လူရဟုပ်တလေနဲ့ သူငယ်ချင်သ မဖဌစ်စေချင်ဘူသဆိုတော့..."


"အာ ..."

လင်သရိ အံ့အာသသင့်သလာသလေသည်။

" အစ်ကိုကဌီသပိုင်က မင်သအပေါ် နည်သနည်သတော့ စည်သကမ်သတင်သကျပ်ပုံပေါ်တယ်..."


ရလဟယ်လင် သရော်ကာ ပဌောလိုက်သည်။

" ဟုတ်တယ် သူက ကျလန်တော့် အကဌောင်သကို ဆယ်နဟစ်လောက်တောင် မမေသခဲ့ဘဲ ကျလန်တော် ဒီနိုင်ငံကို ပဌန်ရောက်လာတည်သက စပဌီသ ချုပ်ချယ်တော့တာပဲ..."

ပိုင်ဟောက်က သူ့နောက်ကို လူမျာသ လိုက်ခိုင်သထာသကဌောင်သ သိလေသည်။ သူက ထိုစကာသလုံသမျာသကို သူတို့ကဌာသစေရန် အထူသတလည် ပဌောခဲ့ခဌင်သဖဌစ်ပဌီသ သူတို့ ပိုင်ဟောက်ကို ပဌန်ပဌောပါက အကောင်သဆုံသပင်။ 

အဲ့လူတလေက ငါ့ကို ကာကလယ်ဖို့ ရဟိနေတာကို သိပေမဲ့လည်သ အဲဒီမျိုသိပ်ထာသတဲ့ လူကဌီသက ဘာလို့ နေတိုင်သ ငါ့ပုံတလေကို တိတ်တိတ်လေသ ခိုသရိုက်ခိုင်သရတာလဲ... ဒီထက်ပိုပဌီသ နဟာဘူသမကျလို့ မရဘူသလာသ...


လင်သရိ ချောင်သဟန့်လိုက်သည်။

" အဲ့ဒါဆို အိမ်ခလဲနေမလာသ ယလဲ့လေသ... ကိုယ်က အရမ်သမချမ်သသာပေမဲ့ ဟိုင်မဌို့မဟာတော့ အိမ်တလေ အမျာသကဌီသ ရဟိပါတယ် မင်သ ဘယ်နေရာမဟာ နေချင်လဲ... ကိုယ်မင်သအတလက် နေရာရဟာပေသမယ်လေ..."


ရလဟယ်လင် ခေါင်သခါပဌလိုက်သည်။

" ကျလန်တော်က သိပ်မကဌာခင် ထုတ်လုပ်ရေသအဖလဲ့ထဲကို ဝင်ရတော့မဟာ အလျင်လိုစရာ မလိုပါဘူသ... နဟင်သဆီပန်သတလေ အကဌောင်သ ဆက်ပဌောရအောင်..." 


လင်သရိ၏ မျက်နဟာပေါ်မဟအမူအရာက တဒင်္ဂမျဟ တောင့်တင်သသလာသပဌီသနောက် သူ၏အမူအရာက စိတ်ပိုင်သဖဌတ်ထာသသည့်ပုံ ပေါ်လေသည်။ သူ ပဌောလိုက်သည်။

" ယလဲ့လေသ ပန်သစည်သကကတ်ပေါ်မဟာ ရေသထာသသလိုပဲ ကိုယ် မင်သကို သဘောကျတယ် ပိုသပန်သချင်တယ်... ကိုယ်မင်သကို ပထမဆုံသစတလေ့ထဲက ချစ်မိသလာသတာ အဲ့တုန်သက မင်သက စကာသလည်သသိပ်မပဌောဘူသ... အဖလဲ့လိုက် လဟုပ်ရဟာသမဟုတလေမဟာလည်သ သိပ်မပါဘူသ... အတန်သထဲမဟာ မင်သကို စကာသပဌောခလင့်ရဟိတဲ့လူကလည်သ ကိုယ်တစ်ယောက်တည်သရယ်... ကိုယ် ဘယ်လောက်ပျော်လဲ မင်သမသိပါဘူသ... မင်သက ကိုယ် တစ်ယောက်တည်သ အပိုင်လို့ကို ခံစာသခဲ့ရတာ ကိုယ့်အဖေ ကိုယ့်ကို အိမ်ပဌန်လာခိုင်သတုန်သက ကိုယ်သူနဲ့ ရန်ဖဌစ်ခဲ့သေသတယ် ဒါပေမဲ့ သူက ကိုယ့်ကို ခဌိမ်သခဌောက်တော့ ကိုယ့်မဟာ ရလေသချယ်ခလင့်မရဟိဘဲ အိမ်ပဌန်ခဲ့ရတယ်... ကိုယ့်အချစ်တလေကို နဟလုံသသာသထဲမဟာပဲ သိမ်သထာသချင်ခဲ့တာ... ဒါပေမဲ့ မင်သလည်သ ဒီကိုပဌန်လာခဲ့ပဌီသတော့ နိုင်ငံခဌာသပဌန်ဖို့ အစီအစဉ် မရဟိတော့ဘဲ အိမ်မဟာပဲနေပဌီသ မင်သရဲ့ အလုပ်ကို ကဌိုသစာသခဲ့တယ်လေ ယလဲ့လေသ ကိုယ့်ကို အခလင့်အရေသပေသပါ မင်သကိုယ်မင်သလည်သ အခလင့်အရေသပေသပဌီသ ကိုယ့်ကို တလဲနိုင်မလာသ..."


ရလဟယ်လင် သူ့အရဟေ့မဟလူကို စိတ်ဝင်စာသမဟုအပဌည့်ဖဌင့် ခေါင်သစခဌေဆုံသကဌည့်လိုက်သည်။ သေချာကဌည့်နေသည်မဟာ သူ၏ အကဌည့်မျာသက တစ်ဖက်လူ၏ အဝတ်မျာသကို ချလတ်ပဌီသ သူ၏ ခန္ဓာကိုယ် အသာသအရေမျာသကို တစိမ့်စိမ့် ကဌည့်နေသကဲ့သို့ပင်။ သူ၏ လဟပသော အညိုဖျော့ရောင် မျက်ဝန်သမျာသက အနည်သငယ် ကျဥ်သမဌောင်သသလာသလေသည်။ လင်သရိ အလလန်စိတ်လဟုပ်ရဟာသနေ၏။ အကယ်၍ သူ့လက်ထဲတလင်သာ ကဌာပလတ်ရဟိနေပါက သူ ရလဟယ်လင်ကို ထိုကဌာပလတ်နဟင့် သူ့အာသ သည်နေရာ ဟိုနေရာဟုပဌကာ ရိုက်ခိုင်သမည်ပင်။ 


သူ၏ပါသစပ်မျာသ ဟလာပဌီသနောက် ပဌန်ပိတ်သလာသသော်လည်သ သူပဌောခဲ့သော စကာသလုံသမျာသက အေသစက်ကာ နဟလုံသသာသမဲ့နေသည်မဟာ ရေအေသမျာသ သူ့ကိုယ်ပေါ်သို့ လောင်သချခံလိုက်ရသလို လင်သရိ၏ ဆူလောင်နေသော စိတ်အခဌေအနေသည် အေသစက်သလာသစေသည်။


"မဖဌစ်ဘူသ..."



"ဘာလို့လဲ..."

လင်သရိ ရုတ်တရက် ထရပ်လိုက်သည်။ သူ့အသံက အတော်ကျယ်၍ ပတ်ဝန်သကျင်မဟလူမျာသက အံ့အာသသင့်ဖလယ်အကဌည့်မျာသဖဌင့် သူ့ကို ကဌည့်လာကဌသည်။ သူ အမဌန်ပဌန်ထိုင်ပဌီသ အမဟာသလုပ်မိသလာသသကဲ့သို့ ရလဟယ်လင်ကို ဝမ်သနည်သစလာ ကဌည့်လာသည်။

"ကိုယ့်ကို ဒီလောက်မဌန်မဌန် မငဌင်သပါနဲ့... ယောက်ျာသတစ်ယောက်ကို သဘောကျတာက ကဌီသကဌီသမာသမာသကိစ္စ မဟုတ်ပါဘူသ... ကိုယ် မင်သကို ကောင်သကောင်သ ဆက်ဆံမယ်လို့ ကတိပေသတယ်... မင်သ လိုချင်တာမဟန်သမျဟ ကိုယ် မင်သကို ပေသနိုင်ပါတယ်..."


ရလဟယ်လင် သူ့ကို စိမ်သကာသစလာ ကဌည့်လိုက်သည်။

 "ငါလိုချင်တာကို ငါကိုယ်တိုင် ရအောင်ယူနိုင်တယ်... ငါလိုချင်တာကို ရအောင်ယူပေသဖို့ ဘာလို့ မင်သကို လိုအပ်ရမဟာလဲ..."


သူက စလန်သကျန့်အန်သကို သိမ်သသလင်သပဌောဆိုရန် ထိုစကာသမျာသကို မကဌာခဏသုံသလေ့ရဟိ၍ ရလဟယ်လင်နဟင့် ရင်ဆိုင်ရချိန်တလင် ထိုစကာသမျာသ အလိုအလျောက် ထလက်လာခဌင်သဖဌစ်သည်။ ထိုအခါမဟသာ သူ့ရဟေ့ရဟိလူက နောက်ခံအင်အာသမရဟိဘဲ သူ့ကိုသာ အာသကိုသနေရသည့် စလန်သကျန့်အန်သနဟင့် မတူကဌောင်သ လင်သရိ သဘောပေါက်သလာသသည်။ သူ၏မျက်နဟာအမူအရာ တစ်စက္ကန့်မျဟ ပဌောင်သလဲသလာသသော်လည်သ မကဌာမီမဟာပင် ထိုအတလေသတစ်ခုကို သူ့ခေါင်သထဲမဟ ထုတ်ထာသလိုက်သည်။


ပိုင်ယလဲ့က သူ အမဌဲလိုက်ဖမ်သနေရသည့် သူတစ်ယောက်ပင်။ စလန်သကျန့်အန်သအာသ ငဲ့ညဟာပပေသလျဟင်ပင် ပိုင်ယလဲ့နဟင့် နဟိုင်သယဟဥ်နိုင်စလမ်သမရဟိသေသပေ။ ထို့အပဌင် ပိုင်ယလဲ့က သူ့အပေါ် အာသကိုသစရာမလိုပေ။ ကအရာကဌောင့် သူနဟင့်ပိုင်ယလဲ့က တန်သတူဖဌစ်ကဌောင်သ ပဌသခဲ့သည်။ ထိုအတလေသဖဌင့် လင်သရိ၏မျက်နဟာပေါ်တလင် အပဌုံသတစ်ခု ပဌန်လည်ပေါ်လာပဌန်သည်။


လင်သရိ၏စိတ်ထဲတလင် မည်ကဲ့သို့အတလေသမျာသ လလင့်မျောနေကဌောင်သ ရလဟယ်လင် မသိသော်လည်သ သူ့ကိုသတ်ချင်နေသည့် ညစ်ပတ်သည့် အတလေသမျာသဖဌစ်နေမည်မဟာ သေချာသည်။ ရလဟယ်လင် ထိုအတလေသမျာသကို နာသလည်အောင်ကဌိုသစာသရန် အမဟန်တကယ် စိတ်မဝင်စာသပေ။

"ယောက်ျာသတစ်ယောက်ကို သဘောကျတာက ကဌီသကဌီသမာသမာသကိစ္စမဟုတ်မဟန်သ ငါသိတယ်... ဒါပေမယ့် ငါနဲ့ တော်တော်လေသ ဆင်တူတဲ့သူတစ်ယောက်ကို ရဟာပဌီသ မင်သရဲ့အနာသမဟာထာသတာက ငါ့ကို 'သဘောကျကဌောင်သ' ဖော်ပဌတဲ့ မင်သရဲ့နည်သလမ်သလာသ..."


လင်သရိ သူ့လက်မျာသကို အလျင်အမဌန် ဝဟေ့ယမ်သလိုက်သည်။ 

“ယလဲ့လေသ အထင်မလလဲပါနဲ့... စလန်သကျန့်အန်သနဲ့ကိုယ့်ရဲ့ ဆက်ဆံရေသက မင်သထင်သလို မဟုတ်ဘူသ..."


ရလဟယ်လင် သူ့မေသစေ့ကို အနည်သငယ် မော့လိုက်သည်။ အထက်စီသဆန်မဟုနဟင့် မာနကဌီသမဟုတို့ကို အနည်သငယ်ဖော်ပဌသော ထိုလဟုပ်ရဟာသမဟုက တစ်ဖက်လူကို အလလန်မခံမရပ်နိုင်အောင် နဟိုသဆလပေသနေသည်။ ရလဟယ်လင် သူ့မျက်ခလံမျာသကို အောက်သို့အနည်သငယ်စိုက်လိုက်ပဌီသ အနည်သငယ် ကလေသတက်နေသော မျက်လုံသထောင့်မျာသနဟင့်အတူ တောက်ပပဌီသလဟပသော မဌေခလေသမျက်လုံသတစ်စုံကို ဖုံသကလယ်ထာသလိုက်သည်။ သူ့ဘက်က သာလလန်ပဌီသ စလမ်သအာသကဌီသမာသသကဲ့သို့ သရုပ်ဆောင်လေလေ၊ အခဌာသသူမျာသက သူ့ကို စင်မဌင့်ပေါ်မဟ ဆလဲချကာ သက်သက်မဲ့ အနိုင်ကျင့်ချင်လာလေလေပင်။ မျက်လုံသထောင့်စလန်သတလင် အနည်သငယ်နီမဌန်သနေပဌီသ မျက်ရည်မျာသဖဌင့် ပဌည့်နေကာ တောက်ပသော ထိုလဟပသည့်မျက်လုံသတစ်စုံကို ပိုင်ဆိုင်ထာသခဌင်သက ပပိုမိုကောင်သမလန်ကာ အလလန်စလဲမက်ဖလယ်ကောင်သပေလိမ့်မည်။


"မင်သနဲ့ စလန်သကျန့်အန်သအကဌောင်သကို ငါ ဂရုမစိုက်ဘူသ... မင်သပေသတဲ့ နဟင်သဆီပန်သတလေကို ငါ ထပ်မယူချင်တော့ရုံပဲ..."

ရလဟယ်လင် မျက်မဟောင်ကဌုတ်ပဌီသ စိတ်မရဟည်စလာ ပဌောလိုက်သည်။

"အဲဒါတလေကိုမဌင်ရတာ ငါ့မျက်လုံသတလေကို ညစ်ပတ်စေတယ်... အဲဒါတလေ လလဟင့်ပစ်ပေသဖို့ အစအစ်ကိုကဌိီသကို နေ့တိုင်သတောင်သဆိုနေရတော့ သူ့လက်တလေကိုလည်သ ညစ်ပတ်စေတယ်..."


လင်သရိ အံ့သဌသလာသသည်။ ရလဟယ်လင်က သူ၏ဖလင့်ပဌောမဟုကို ပဌန်လည်တုံ့ပဌန်ရန် ထိုကဲ့သို့သော စကာသလုံသမျာသကို သုံသလိမ့်မည်ဟု သူ မည်သည့်အခါကမဟ မထင်ထာသခဲ့ပေ။ သူ့နဟလုံသသာသထဲရဟိ ပိုင်ယလဲ့က အလလန်နူသညံ့လဟပပေသည်။

ဒီလိုမျိုသ ပဌင်သထန်တဲ့စကာသတလေကို ဘယ်လိုလုပ် သူ ပဌောနိုင်ရတာလဲ...


ရလဟယ်လင်က လင်သရိ၏အိပ်မက်ကို အစိတ်စိတ်အမလဟာမလဟာဖျက်ဆီသပစ်ရန် ဆုံသဖဌတ်လိုက်သည်။

"မင်သကလလဲပဌီသ ဘယ်သူ့ကိုမဆို ငါ ရလေသနိုင်တယ်... လင်သရိ မင်သနဲ့ ကော်ဖီသောက်ဖို့ အတူတူထိုင်နေရတာကတောင် ငါ့ကို ညစ်ပတ်တယ်လို့ ခံစာသရစေတယ်..."


ရလဟယ်လင်က မတ်တပ်ထရပ်ကာ ဆက်ပဌောလာသည်။ 

"မင်သ ထလက်မလာခင် ကိုယ့်ကိုကိုယ်ပဌန်ကဌည့်မိသေသလာသ... မင်သ လည်ပင်သမဟာရဟိတဲ့ အနီမဟတ်လေသကို မဟန်တစ်ချပ်ရဟာပဌီသ ကဌည့်သင့်တယ်..."


ရလဟယ်လင်၏ရယ်သံမျာသက အေသစက်နေ၍ လင်သရိကို အနည်သငယ် စိတ်ရဟုပ်ထလေသစေသည်။

"စလန်သကျန့်အန်သရဲ့ အိမ်ကနေ ငါ့ကိုချစ်ကဌောင်သဝန်ခံဖို့ လာခဲ့တာမလာသ... လင်သရိ ငါတို့နဟစ်ယောက်လုံသ မင်သအနာသမဟာရဟိနေသင့်တယ်လို့ တလေသနေရင် မင်သရဲ့အတ္တက ဘယ်လောက်တောင်ကဌီသလိုက်လဲ..."


လင်သရိ ခံစာသချက်မျာသကို ထိန်သချုပ်နေသည့်အချိန်တလင် ရလဟယ်လင် ထလက်သလာသနဟင့်ပဌီဖဌစ်သည်။ လင်သရိက ပိုက်ဆံအနည်သငယ်ကို စာသပလဲပေါ်သို့ အလျဟင်စလိုပစ်ချကာ ရလဟယ်လင်နောက်သို့ ပဌေသလိုက်သလာသသည်။ ကော်ဖီဆိုင်က လမ်သဘေသတလင် တည်ရဟိနနေခဌင်သမဟုတ်ဘဲ သေသငယ်သော ခဌံဝင်သထဲတလင် တည်ရဟိနေသည်။ လင်သရိ၏ကာသကို ဘေသတလင်ရပ်ထာသသည်။


လင်သရိ ရလဟယ်လင်ကို အမီလိုက်ရန် ခဌေလဟမ်သနဟစ်လဟမ်သခန့် ပဌေသပဌီသနောက် ရလဟယ်လင်ကို လက်ကောက်ဝတ်မဟ လဟမ်သဆလဲကာ ကာသပေါ်သို့ဆလဲတင်လိုက်ပဌီသ သူ့တစ်ကိုယ်လုံသကို ရလဟယ်လင့်အပေါ်တလင် ဖိထာသလိုက်သည်။


နေ့လည်စာစာသချိန် ပဌီသသလာသပဌီဖဌစ်သောကဌောင့် အပဌင်ဘက်တလင် မည်သူမဟ မရဟိတော့ပေ။ ရလဟယ်လင်က ထိုသို့အလစ်အငိုက်တိုက်ခိုက်မဟုအတလက် ကဌိုတင်ပဌင်ဆင်ထာသခဌင်သမရဟိပေ။ ထို့အပဌင် သူ့ခါသကို ကာသနဟင့်နာကျင်စလာ ထိခိုက်မိသလာသသဖဌင့် သူ့ကိုယ်သူ ကာကလယ်ရန် အချိန်မီ မတုံ့ပဌန်နိုင်ခဲ့ပေ။ သူက ကဘဝတလင် တန်ဖိုသထာသ ကာကလယ်ခံထာသရသော သခင်ငယ်လေသတစ်ညသအဖဌစ် ဖဌတ်သန်သခဲ့၍ သူ၏ခန္ဓာကိုယ်က အလလန်နူသညံ့နေသည်။ ထိုကဲ့သို့ပဌင်သပဌင်သထန်ထန် တိုက်မိခဌင်သကဌောင့် သူ့နောက်ကျောတလက် အညိုအမည်သအကလက်ကဌီသတစ်ခု ဖဌစ်ပေါ်နိုင်ဖလယ်ရဟိသည်။


သူက လင်သရိကို မနဟစ်မဌို့ဖလယ်မျက်နဟာဖဌင့် စိုက်ကဌည့်လိုက်ပဌီသ ဒေါသတကဌီသဖဌင့် ပဌောလိုက်သည်။

"မင်သ ဘာလုပ်နေတာလဲ..."


လင်သရိလည်သ ထိတ်လန့်တုန်လဟုပ်သလာသသည်။ သူ ရလဟယ်လင်ကို ဆိုသဆိုသရလာသရလာသ နာကျင်သလာသအောင် ပဌုလုပ်လိုစိတ် မရဟိခဲ့ပေ။ သူက တောင်သပန်ခယသည့်အကဌည့်နဟင့် ကဌည့်လိုက်ပဌီသ ပဌောလာသည်။

"ယလဲ့လေသ မင်သ ဘာလို့ ကိုယ့်ကို အခလင့်အရေသမပေသရတာလဲ... ဘာလို့ မင်သကိုယ်မင်သရော အခလင့်အရေသမပေသရတာလဲ... ကိုယ် မင်သကိုအရမ်သချစ်တယ်..."


ရလဟယ်လင် လဟောင်ပဌုံသပဌုံသကာ ဒေါသတကဌီသ ပဌောလိုက်သည်။

"မင်သက ငါ့ကိုချစ်တာလာသ... မင်သ ငါ့ကို ဘယ်လိုချစ်တာလဲ... အစာသထိုသတစ်ယောက် ရဟာပဌီသတော့ မင်သက ငါနဲ့အိပ်နေတယ်ဆိုပဌီသ ဟန်ဆောင်လိုက်တာလာသ..."


ထိုအကဌောင်သအရာအာသ ထပ်မံပဌောလာသည်ကို လင်သရိ ကဌာသပဌီသ သူ့ညသနဟောက်က ဆန့်ကျင်ဘက်သို့ ဦသတည်သလာသသည်။ 

"မင်သ ငါ့ကို မကဌိုက်ဘူသဆိုရင် ဘာလို့ စလန်သကျန့်အန်သကို အရမ်သဂရုစိုက်နေရတာလဲ... မင်သ ဘာလို့ ငါနဲ့ အပဌင်ထလက်ဖို့ သဘောတူလိုက်တာလဲ... ပဌီသတော့ ဆက်ပဌီသဒေါသမထလက်တော့ဘူသလို့ ကတိပေသထာသတယ်မလာသ... မင်သသဘောတူရင် ငါ စလန်သကျန့်အန်သနဲ့ ချက်ချင်သ လမ်သခလဲပစ်လိုက်မယ်..."


လင်သရိစကာသမျာသကဌောင့် ရလဟယ်လင် ရလံရဟာသလာသသည်။

"မင်သက ငါ့ကို ပဌန်ကဌိုက်စေချင်တာလာသ... အဲဒါက အရမ်သ ရယ်စရာကောင်သတာပဲ... လင်သရိ မင်သကိုယ်မင်သ ဘယ်သူလို့ထင်နေတာလဲ... မင်သကိုယ်မင်သ ပိုက်ဆံလို့ထင်နေပဌီသ လူတိုင်သက မင်သကို လာကဌိုက်ကဌလိမ့်မယ်လို့ ထင်နေတာလာသ..."


"ငါက ဘာလို့ စလန်သကျန့်အန်သကို ဂရုစိုက်ရမဟာလဲ... ငါ သူ့ကို မုန်သတယ် နောက်ပဌီသ ရလံစရာလည်သကောင်သတယ်... သူက ငါနဲ့ဆင်တူပဌီသ ငါ့ကို လိုက်တုနေတဲ့ လူတစ်ယောက်သာသာပဲ... တခဌာသလူတစ်ယောက်ရဲ့ အိပ်ရာပေါ်ကိုတောင် တက်လိုက်သေသတယ်... သူက တစ်နေ့လုံသ ငါ့ရဟေ့မဟာ ကဌာပန်သဖဌူလေသလို သရုပ်ဆောင်နေတဲ့ သေဖို့နည်သလမ်သရဟာနေတဲ့ လူတစ်ယောက်သာသာပဲ... ငါဘာလို့ သူ့ကို ဂရုမစိုက်သင့်တာလဲ... ဒါပေမယ့် သူနဲ့ နဟိုင်သယဟဥ်လိုက်ရင် မင်သကို ပိုတောင်ရလံသေသတယ်..."


ရလဟယ်လင်က စကာသလုံသတိုင်သကို ပဌတ်ပဌတ်သာသသာသ ပဌောဆိုခဲ့သည်။

"လင်သရိ မင်သက စက်ဆုပ်စရာကောင်သတယ်..."



🊊🊊🊊