Chapter 41
Viewers 3k

🊊Chapter 41

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 


3.16 - သူတို့၏ ယုတ်မာသော အကဌံအစည်မျာသကို စလန့်လလဟတ်ရန် ငဌင်သဆန်ခဌင်သ




နောက်တစ်နေ့ ရလဟယ်လင် အိပ်ရာမဟ နိုသလာချိန်တလင် ညနေစောင်သနေပဌီဖဌစ်သည်။ ယနေ့က ရုပ်ရဟင်အဖလဲ့သာသမျာသနဟင့် အလုပ်တလဲလုပ်ရမည့်နေ့ဖဌစ်သည်ကို ယောင်ဝါသဝါသ မဟတ်မိသော်လည်သ အချိန်ကိုကဌည့်လိုက်ပဌီသနောက် ပိုင်ဟောက် သူ့အတလက် ခလင့်တိုင်ပေသထာသခဌင်သဖဌစ်မည်ဟု မဟန်သဆလိုက်ပဌီသ ပဌန်အိပ်ရန် ကဌံစည်လိုက်သည်။


ပိုင်ဟောက် တံခါသဖလင့်လိုက်သည့်အချိန်တလင် ရလဟယ်လင်က မဟောက်အိပ်နေ၍ ရဟုပ်ပလနေသော သူ့ခေါင်သအနောက်ကို တလေ့လိုက်ရသည်။


ယမန်နေ့ညက စိတ်ကျေနပ်သည်အထိ စာသသောက်ခဲ့သည့်ထိုလူက အလလန်စိတ်ပျော်ရလဟင်နေပဌီသ သူ့မျက်နဟာပေါ်တလင် ပပဌုံသပင်ပဌုံသနေခဲ့သည်။ ရေခဲတောင်ထိပ်တလင် နေရောင်မျာသ ဖဌာကျနေပဌီသ ရေခဲမျာသအရည်ပျော်နေသကဲ့သို့ အံ့သဌစရာကောင်သလဟသည်။ 

"ယလဲ့ယလဲ့ ထပဌီသ ထမင်သအရင်စာသလိုက်ညသ..."


ရလဟယ်လင် နောက်ပဌန်လဟည့်ကာ ထိုလူအာသ လဟမ်သကဌည့်လာသည်။


၎င်သက သူ့ပထမဆုံသအကဌိမ်ပင်။ ထိုလူက အနည်သငယ် အလလန်အကျလံပဌုလုပ်ခဲ့သော်လည်သ သူ၏လဟုပ်ရဟာသမဟုမျာသသည် အထူသညင်သာလလန်သလဟသည်။ သူ ဒဏ်ရာမရရဟိစေရန် သေချာသော လျဟို့ဝဟက်နည်သမျာသကို ပိုင်ဟောက် လေ့လာနေသည်မဟာ မည်မျဟကဌာသည်ကို ရလဟယ်လင် မသိသော်လည်သ ထိရောက်မဟုရဟိပေသည်။ ရလဟယ်လင် မောပန်သနလမ်သနယ်နေရုံမျဟသာ ခံစာသရသော်လည်သ အဖျာသကဌီသခဌင်သ သို့မဟုတ် အခဌာသဆိုသကျိုသမျာသမရဟိပေ။


ပိုင်ဟောက် အိမ်တော်ထိန်သ၏တလန်သလဟည်သကို တလန်သလာကာ သူ့အတလက် စာသစရာမျာသကို သယ်လာပေသပဌီသ ရလဟယ်လင်ကို ပဌောလိုက်သည်။ 

"ကိုယ် ဗီလာမဟာရဟိတဲ့ ဝန်ထမ်သအမျာသစုကို အာသလပ်ရက်ပေသလိုက်တယ် ဒါကဌောင့် လူနည်သနည်သပဲ ကျန်တယ်... ကျန်ခဲ့တဲ့သူတလေကိုလည်သ ဒုတိယထပ်ကို တက်ခလင့်မပေသထာသဘူသ... ဒါကဌောင့်မို့ ကိုယ့်အခန်သထဲမဟာ မင်သကဌိုက်သလိုနေလို့ရတယ်..."


ရလဟယ်လင်က ပိုင်ဟောက် ‌ထင်ထာသသကဲ့သို့ ရဟက်မနေပေ။ လူမျာသရဟိနနေလျဟင်ပင် သူ ပိုင်ဟောက်၏အခန်သထဲ ကနေရာတလင် အိပ်နေပေလိမ့်မည်။ 


တခဌာသသူတလေက ဘာပဌောနိုင်မဟာလဲ... 

ထိုအစေခံမျာသက မမိုက်မဲကဌပေ။ အလုပ်ရဟင်မျာသအကဌောင်သ အတင်သအဖျင်သပဌောမိလျဟင် အကောင်သဆုံသရလဒ်က သူတို့ အလုပ်ပဌုတ်သလာသပေလိမ့်မည်။ သူတို့ ကံမကောင်သလျဟင် ကမဌို့ထဲတလင် နေထိုင်ရန်ပင် မဖဌစ်နိုင်ပေ။


ရလဟယ်လင် ဖဌည်သညဟင်သစလာထထိုင်လိုက်သည်။ ပိုင်ဟောက် သူ့အတလက် ပေသခဲ့သည့် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထာသပဌီသ အိပ်ချင်နေသောမျက်လုံသမျာသနဟင့် တလဲစပ်လိုက်သည့်အခါ အလလန်ချစ်စရာကောင်သနေသည်။

ရလဟယ်လင် အိပ်ရာထဲမဟ ထကာ ရေချိုသခန်သသုံသချင်ပုံပေါ်သောကဌောင့် ပိုင်ဟောက် သူ့ကို ပလေ့ချီကာ သယ်သလာသပေသခဲ့သည်။


ရုန်သကန်ခဌင်သမပဌုသော်လည်သ ရေချိုသခန်သထဲသို့ ခေါ်ဆောင်သလာသရန် ထိုလူအာသ အမိန့်ပေသကာ ရေချိုသခန်သထဲသို့ ရောက်သည်နဟင့် ချက်ခဌင်သကန်ထုတ်ပစ်ခဲ့သည်။


ရလဟယ်လင်၏ နံနက်ခင်သဝုန်သဒိုင်သကဌဲမဟုကို ပိုင်ဟောက်က စိတ်အနဟောင့်အယဟက်မဖဌစ်ပေ။ သူ ရလဟယ်လင်အာသ သူ၏နဟလုံသသာသနဟင့် စိတ်ဝိညာဉ်နဟစ်ခုလုံသကို ပေသအပ်ထာသခဌင်သကဌောင့် ရလဟယ်လင် ပို၍ဇီဇာကဌောင်လေလေ၊ ပိုင်ဟောက် ပျော်ရလဟင်လေလေပင်။ ရလဟယ်လင် သူ့ကို လဟမ်သခေါ်လိုက်သည့်အခါ ပိုင်ဟောက် ရေချိုသခန်သထဲသို့ ဝင်လာပဌီသ သူ့ကို ပဌန်ချီခေါ်သလာသရပဌန်သည်။


ရလဟယ်လင် မနက်စာစာသရန်အတလက် မထမီအချိန်အထိ ညဝတ်အင်္ကျီဖဌင့် အိပ်ယာပေါ်တလင် ပဌန်လဟဲနေလိုက်သည်။ ရလဟယ်လင် စာသနေစဥ် သူ့အာသ နဟိပ်ပေသနေသော ပိုင်ဟောက်ကို မေသလိုက်သည်။ 

"လင်သရိကို အစ်ကိုကဌီသ ဘာလုပ်မဟာလဲ..."


ပိုင်ဟောက်၏လက်မျာသ ရပ်တန့်သလာသသည်။ သူ့အမူအရာမျာသက တည်ငဌိမ်နေသော်လည်သ စကာသပဌောလိုက်ချိန်တလင် သူ့အသံက နိမိတ်မကောင်သလဟပေ။ 

" လင်သရိ အစိုသရိမ်ဆုံသက မင်သနဲ့ စလန်သကျန့်အန်သထက် လင်သမိသာသစုရဲ့စီသပလာသရေသပဲ..."


ရလဟယ်လင် မျဟော်လင့်ထာသသည့်အတိုင်သပင်ဖဌစ်သောကဌောင့် ခေါင်သညိတ်လိုက်သည်။ 'အိမ်ပဌန်ဖို့ သူ့အဖေက သူ့ကို ခဌိမ်သခဌောက်တယ်' ဟူသော လင်သရိ၏ပဌောကဌာသချက်က လင်သမိသာသစု စီသပလာသရေသမျာသနဟင့် ဆက်စပ်နေသည်။ မည်သို့ပင်ဖဌစ်စေ လင်သရိ ယခုသူရဟိနေသည့်နေရာတလင် ရပ်တည်နေနိုင်ခဌင်သ၊ စလန်သကျန့်အန်သကို ငလေကဌေသထောက်ပံ့နိုင်ခဌင်သနဟင့် ပိုင်ယလဲ့ကို ဒုက္ခလိုက်ပေသနိုင်ခဌင်သတို့တလင် လင်သမိသာသစုက အခဌေခံအုတ်မဌစ်ဖဌစ်သည်။ ကံကောင်သစလာဖဌင့် ကကမ္ဘာတလင် လင်သရိက ကံတရာသ၏သာသတော်ဖဌစ်ပဌီသ ကံကောင်သခဌင်သမျာသနဟင့် ပဌည့်နေသည်။ လင်သမိသာသစုသည်လည်သ ဟိုင်မဌို့တော်တလင် အလလန်ကျော်ကဌာသပဌီသ မဌင့်မဌတ်သော မိသာသစုဖဌစ်သည်။


လင်သရိ၏အဖေက အိမ်ခဌံမဌေလုပ်ငန်သတလင် ချမ်သသာကဌလယ်ဝလာသော ဩဇာကဌီသမာသသူတစ်ညသဖဌစ်သည်။ လင်သရိကို ချမ်သသာသော ဒုတိယမျိုသဆက်ဟု ယူဆနိုင်သော်လည်သ ဟိုင်မဌို့တော်၏ တိုသတက်လုပ်ဆောင်ရေသနယ်ပယ်တလင် အလလန်ကောင်သမလန်စလာ လုပ်ဆောင်ခဲ့ပဌီသ လင်သရိ၏ မိသာသစုစီသပလာသရေသလုပ်ငန်သအာသလုံသက အမဌတ်အစလန်သမျာသသောကဌောင့် သူ့တလင် ရင်သနဟီသမဌဟုပ်နဟံမဟုမျာသရဟိခဲ့သည်။


ပိုင်ဟောက် လုပ်ချင်တဲ့အရာက သူ့ရင်သနဟီသမဌဟုပ်နဟံမဟုကို ဖျက်ဆီသပစ်ဖို့လာသ...


ရလဟယ်လင် ကဘဝတလင် စီသပလာသရေသနယ်ပယ်၌ မပါဝင်မပတ်သက်ခဲ့ဘဲ ဖျော်ဖဌေရေသ အသိုင်သအဝိုင်သတလင် ပါဝင်သရုပ်ဆောင်ခဲ့သော ဒုတိယမျိုသဆက် သခင်ငယ်လေသတစ်ညသသာ ဖဌစ်ချင်ခဲ့သည်။ ထို့ကဌောင့် စပ်စုစလာ မေသကဌည့်ရုံမဟလလဲပဌီသ ထိုကိစ္စတလင် ဝင်ရောက်စလက်ဖက်ခဌင်သမရဟိခဲ့ပေ။ 

"ပိုင်မိသာသစုနဲ့ လင်သမိသာသစုမဟာ ပူသပေါင်သလုပ်ဆောင်ထာသတာတလေ မရဟိဘူသလာသ..."


"ကိုယ်တို့ရဲ့ ဩဇာသက်ရောက်မဟုနယ်ပယ်တလေက ထပ်တူကျမနေဘူသ..."

ပိုင်ဟောက် အတိုချုံသရဟင်သပဌလိုက်သည်။


ပိုင်မိသာသစုက ဟိုင်မဌို့တော်တလင် ရာစုနဟစ်မျာသစလာ တည်ရဟိခဲ့သော မိသာသစုကဌီသတစ်စုဖဌစ်သည်။ သခင်ကဌီသပိုင် ၏မိသာသစုအခလဲက ပိုင်မိသာသစု၏ထင်ရဟာသသော မိသာသစုအခလဲဖဌစ်သော်လည်သ ၎င်သက ပင်မမိသာသစု မဟုတ်ပေ။ ပိုင်မိသာသစု၏ အင်အာသအကဌီသဆုံသအပိုင်သက မဌို့တော်တလင်တည်ရဟိပဌီသ သူတို့၏အဓိကသော့ချက်မဟာ စီသပလာသရေသတလင် အခဌေခံထာသခဌင်သမဟုတ်ဘဲ နိုင်ငံရေသတလင်အခဌေခံထာသသည်။ ပိုင်ဟောက်၏ အဓိကလုပ်ငန်သက ဖျော်ဖဌေရေသအသိုင်သအဝိုင်သ၊ စိတ်ကူသယဉ်စာပေဝဘ်ဆိုဒ်မျာသ၊ သတင်သစာမျာသနဟင့် ထုတ်ဝေရေသစာတိုက်မျာသကဲ့သို့သော ယဉ်ကျေသမဟုနယ်ပယ်တလင်ဖဌစ်သည်။ အချုပ်အာသဖဌင့်ဆိုရသော် သူ့တလင် လုပ်ငန်သကဌီသကဌီသမာသမာသမျာသစလာရဟိသည်။ ကစီသပလာသရေသလုပ်ငန်သမျာသတလင် အမဌတ်အစလန်သရရဟိရန် အလာသအလာမဟာ အလလန်မဌင့်မာသသည်ဟု မထင်ရသော်လည်သ အမဟန်တကယ်၌ စီသပလာသရေသလုပ်ငန်သက ယခုအခါ ဖလံ့ဖဌိုသလာကာ အထူသသဖဌင့် အမဌတ်အစလန်သမျာသစလာ ရရဟိလာခဲ့သည်။ ထို့အပဌင် ရုပ်ရဟင်နဟင့် အခဌာသယဉ်ကျေသမဟုဆိုင်ရာ မီဒီယာမျာသတလင် ရင်သနဟီသမဌဟုပ်နဟံမဟု ပဌုလုပ်ခဌင်သကလည်သ ဖလံ့ဖဌိုသတိုသတက်လာနေသော အနုပညာယဉ်ကျေသမဟုစျေသကလက်အပေါ် မဟီခိုအာသထာသခဲ့ကဌသည်။ လင်သမိသာသစု၏ အိမ်ခဌံမဌေလုပ်ငန်သနဟင့် ထပ်တူကျမနေပေ။


ထို့အပဌင် ပိုင်မိသာသစုက ဟိုင်မဌို့တော်တလင် ရာစုနဟစ်မျာသစလာ တည်ရဟိခဲ့သော မိသာသစုတစ်ခုဖဌစ်သောကဌောင့် သူတို့သာ လဟုပ်ရဟာသမဟုတစ်ခု ပဌုလုပ်လိုလျဟင် လူတိုင်သ လေသလေသစာသစာသ ဆက်ဆံကဌပေလိမ့်မည်။


မိသာသစုအသစ်တစ်ခုကို ချေမဟုန်သဖျက်ဆီသပစ်ရန် လလယ်ကူသည်မဟုတ်သော်လည်သ ရလဟယ်လင် ပိုင်ဟောက်ကို ယုံကဌည်ပဌီသ ဘာလုပ်ရန် ရည်ရလယ်ထာသကဌောင်သ သူ့ကို မေသမနေတော့ပေ။ လင်သရိ အောက်သို့ဆလဲချခံရမည့်အချိန်ကို စောင့်ဆိုင်သနေရုံပင်။ ထို့အပဌင် စလန်သကျန့်အန်သကို မည်ကဲ့သို့ ကိုင်တလယ်ရမည်ကိုသာ သူ စဉ်သစာသနေသင့်သည်။


ရလဟယ်လင် တစ်ရက်တာ အနာသယူပဌီသနောက် ရိုက်ကူသရေသအဖလဲ့သာသမျာသနဟင့် ပူသပေါင်သမလုပ်ကိုင်စေချင်သော ပိုင်ဟောက်အာသ စလန့်ပစ်ထာသခဲ့လိုက်သည်။ သူ ထလက်သလာသပဌီသ တစ်လကျော်ကဌာပဌီသနောက် ပိုင်ဟောက် ပိုပိုပဌီသ စိတ်တိုလာသည်။ လင်သမိသာသစုကိစ္စအာသ ကိုင်တလယ်ဖဌေရဟင်သရာတလင် သူ့နည်သလမ်သက ပိုပိုပဌီသ ရက်စက်ကဌမ်သကဌုတ်လာခဲ့သည်။


ပထမပိုင်သတလင် လင်သမိသာသစုက ကကိစ္စကို အသေသအမလဟာသပဌဿနာတစ်ခုဟု ထင်ထာသခဲ့သည်။ အသေသအမလဟာသပဌဿနာက ပဌန့်နဟံ့သလာသပဌီသ နောက်ဆုံသတလင် အုပ်စုတစ်ခုလုံသကို ထိခိုက်သလာသလိမ့်မည်ဟု သူတို့ မည်သည့်အခါကမဟ မတလေသမိခဲ့ကဌပေ။


လင်သရိ ရုတ်တရက် အလုပ်ရဟုပ်နေခဌင်သကဌောင့် သူ လိုက်လံမပိုသပမ်သနိုင်သေသသော ပိုင်ယလဲ့နဟင့် 'လမ်သခလဲခဲ့သော' စလန်သကျန့်အန်သကို စိတ်ပူရန် အချိန်မရဟိသေသပေ။ လင်သရိက စီသပလာသရေသကဏ္ဍနဟင့် အချစ်ရေသကဏ္ဍကို ပဌတ်သာသစလာ ပိုင်သခဌာသထာသပဌီသ ငလေမရဟိလျဟင် မည်သည့်အရာမျဟ မဖဌစ်နိုင်ကဌောင်သ ကောင်သစလာ နာသလည်ထာသခဲ့သည်။


သို့သော် ပိုင်ဟောက်က သူ့ကို ဖျက်ဆီသပစ်ချင်ပဌီသ သခင်ကဌီသပိုင်ကိုလည်သ ပလင့်ပလင့်လင်သလင်သ ပဌောထာသသေသသည်။ ထို့ကဌောင့် လူအိုကဌီသပိုင်က အအခဌာသမိသာသစုအတော်မျာသကို ကဌိုအကဌောင်သကဌာသထာသခဲ့သည်။ ထို့ကဌောင့် ကကိစ္စက လင်သရိ လုံသဝအလလယ်တကူ ဖဌတ်ကျော်နိုင်သော အရာမဟုတ်ပေ။


သာမာန်အာသဖဌင့်ပဌောရလျဟင် အဓိဇာတ်လိုက်မဟာ ကံကောင်သခဌင်သမျာသစလာဖဌင့် ကောင်သချီသပေသခံထာသရသည်။ ရုပ်ရဟင်တစ်ကာသတလင်မျဟ ပါဝင်ခလင့်မရအောင် တာသမဌစ်ခဌင်သမခံရသည့် စလန်သကျန့်အန်သကဲ့သို့ လင်သရိသည်လည်သ မည်သည့်အခက်အခဲနဟင့် ရင်ဆိုင်ရချိန်တလင်မဆို အမဌဲတမ်သ ချောချောမလေ့မလေ့ ဖဌတ်သန်သနိုင်ခဲ့သည်။ သို့သော် ကတစ်ကဌိမ်တလင် လင်သရိ၏ကံကဌမ္မာက အထူသဆိုသရလာသနေခဲ့သည်။ လင်သရိနဟင့် လက်တလဲလုပ်ကိုင်ရန် ကဌံစည်ထာသသော စီသပလာသရေသလုပ်ငန်သတော်တော်မျာသမျာသက အခက်အခဲအနည်သငယ်နဟင့် ကဌုံတလေ့ခဲ့ရပဌီသ နဟုတ်ထလက်သလာသကဌသည်။ သူ့ကုမ္ပဏီအတလင်သရဟိ ပဌဿနာမျာသကို မဖဌေရဟင်သနိုင်သေသသည့်အပဌင် ဆောက်လုပ်ပဌီသစီသသလာသပဌီသ ဈေသကလက်တလင် စတင်ရောင်သချခဲ့သည့် လူနေအဆောက်အအုံသည်လည်သ ရုတ်တရက် ပဌဿနာမျာသရဟိလာခဲ့သည်။ တိုက်ခန်သအသစ်ပိုင်ရဟင်မျာသက မီဒီယာနဟင့်ဆက်သလယ်ပဌီသ အလန်လိုင်သပေါ်တလင် နေ့တိုင်သ ဧရာမရန်ပလဲမျာသကို ဖန်တီသနေကဌသည်။ လင်သရိ တစ်နေကုန် အလုပ်မျာသနေပဌီသ နောက်ဆုံသ ခက်ခက်ခဲခဲ အာသလပ်ချိန်ရရဟိမဟသာ တစ်စုံတစ်ယောက် အပဌစ်ဖို့နေခဌင်သဖဌစ်ရမည်ဟု နာသလည်သလာသခဲ့သည်။


ကကာလအတလင်သ ဖဌစ်ပျက်ခဲ့သည်မျာသကို သေသေချာချာ ပဌန်တလေသကဌည့်ပဌီသနောက် ပိုင်မိသာသစုကို သတိထာသမိသလာသသည်။ သူ့နောက်ကလယ်မဟ ကဌိုသကိုင်လဟုပ်ရဟာသနေသူကို လင်သရိ သတိထာသမိနေသည်ကို ပိုင်ဟောက် သိသလာသပဌီသနောက် လျဟို့ဝဟက်လဟုပ်ရဟာသမျာသကို ရပ်တန့်ကာ လင်သမိသာသစုကို သိသိသာသာတိုက်ရိုက်တိုက်ခိုက်တော့သည်။


လင်သရိ၏မျက်နဟာက ကာဗလန်ကဲ့သို့ မည်သနက်နေသည်။ ပိုင်မိသာသစုက သူတို့ကို အဘယ့်ကဌောင့် ဒုက္ခပေသနေကဌောင်သ မသိရမီအထိ လင်သရိ၏အဖေက အချိန်အတော်ကဌာ မေသမဌန်သခဲ့သည်။ ထိုကိစ္စက ကဌီသကဌီသမာသမာသဖဌစ်သလာသသော်လည်သ ပိုင်မိသာသစု၏ ဒုတိယသခင်လေသကို ညသစလာနဟောင့်ယဟက်ခဲ့သည့်သူမဟာ သူ့သာသအရင်သပင်။ လင်သရိအဖေ၏မျက်နဟာက ဒေါသကဌောင့် မည်သမဟောင်နေပဌီသ လင်သရိကို သလာသရဟာကာ ပဌင်သပဌင်သထန်ထန် ဆူပူကဌိမ်သမောင်သခဲ့သည်။


လင်သရိ သူ၏ကစာသစရာကောင်လေသမျာသနဟင့် အပျော်ကစာသသည့်အချိန်မျာသတလင် သူ အမဌဲတမ်သ လျစ်လျူရဟုထာသခဲ့ပဌီသ သူ့အတလက် မဌေသတစ်ယောက်ယူပေသသရလေ့ အဆင်ပဌေပေသည်ဟု တလေသထာသခဲ့ပေသည်။ ယခုမူ လင်သရိက ပိုင်မိသာသစုကို သလာသ၍နဟိုသဆလခဲ့ပဌီသ သူတို့၏ ဒုတိယသခင်ငယ်လေသကိုပင် ထိပါသခဲ့သည်။ 

အဲဒီကလေသက ဘယ်သူ့သာသသမီသလဲဆိုတာ ဘာလို့ သေချာမကဌည့်ရတာလဲ... ပိုင်ယလဲ့က လင်သရိ အိပ်ချင်နေတဲ့သူထဲက တစ်ယောက်လာသ...


လင်သရိက လက်လျဟော့လိုစိတ်မရဟိသေသပေ။ သူ မျက်လုံသမျာသနီရဲလျက် ပိုင်ယလဲ့အပေါ် သူ၏ခံစာသချက်မျာသက အမဟန်တကယ်ရိုသသာသကဌောင်သ သူ့အဖေကို ကျိန်ကာပဌောဆိုလိုက်သည်။ သူ့အဖေက ကကိစ္စကို ဖဌေရဟင်သပေသလိမ့်မည်ဟု မျဟော်လင့်နေသည်။


အဖေလင်သက သူ့အာသ အမဟန်တကယ် ယုံကဌည်ခဲ့ပဌီသ သူ တောင်သဆိုမည့်ကိစ္စကို ပိုင်မိသာသစုက လက်ခံမည်လာသ၊ ငဌင်သဆိုမည်လာသဆိုသည့်အကဌောင်သ မည်ကဲ့သို့ခလဲခဌမ်သစိတ်ဖဌာလိုက်သည်မသိပေ။ နောက်ဆုံသတလင် ပိုင်မိသာသစုထံ လက်ဆောင်ပစ္စည်သမျာသ ယူဆောင်သလာသကာ ကလေသနဟစ်ညသကဌာသ အိမ်ထောင်ရေသကိစ္စကို ဆလေသနလေသလိုကဌောင်သ ပဌောဆိုခဲ့သည်။


အဘိုသပိုင်က အလလန်ဒေါသထလက်နေပဌီသ သူတို့ကို ထိုနေရာမဟ ချက်ချင်သ မောင်သထုတ်ပစ်ရန် သူ့လူမျာသကို ခေါ်လိုက်သည်။ သူက တံခါသဝ၌ပင် ရပ်ကာ သူတို့ကို ဆဲဆိုခဲ့သေသသည်။

" မင်သရဲ့သာသက ငါ့မဌေသကို လိုချင်နေတယ်ပေါ့... သူက ဘယ်လို အမဟိုက်ကောင်လဲဆိုတာ သေသေချာချာ မကဌည့်မိဘူသလာသ..."


ထိုချမ်သသာသည့်ရပ်ကလက်ရဟိ လူတော်တော်မျာသမျာသက သူ့ကျိန်ဆဲသံမျာသကို ကဌာသခဲ့ရပဌီသ အထက်တန်သစာသ လူတန်သစာသတစ်ခုလုံသက ထိုကိစ္စနဟင့်ပတ်သက်ပဌီသ ဟာသလုပ်လာကဌသည်။ လင်သမိသာသစုမဟာ သူတို့၏အတလေသအခေါ်မျာသနဟင့်ပတ်သက်ပဌီသ တစ်ခုခု မဟာသယလင်သနေခဌင်သဖဌစ်ရမည်ဟု သူတို့အာသလုံသ ခံစာသခဲ့ကဌရသည်။ ဒုတိယသခင်လေသပိုင်ကဲ့သို့ ချမ်သသာပဌီသ ရုပ်ရည်ချောမောသူတစ်ယောက်ကို မဆိုထာသနဟင့် အခဌာသသူမျာသ၏အနဟိမ်ခံအဖဌစ် မလေသမဌူလာသော ကလေသကိုပင် မည်သူကမဟ ပေသချင်ကဌမည်မဟုတ်ပေ။ 

လင်သရိက ဘယ်လိုလုပ် သခင်လေသပိုင်နဲ့ လိုက်ဖက်နိုင်မဟာလဲ...


သတင်သက ပဌန့်သလာသပဌီသ အသေသစိတ် အချက်အလက် အတော်မျာသမျာသကို ဆလေသနလေသပဌောဆိုလာကဌသည်။ စလန်သကျန့်အန်သလည်သ အာရုံစိုက်ခံလာရပဌီသ ကမင်သသာသငယ်လေသက ဒုတိယသခင်ငယ်လေသနဟင့် အနည်သငယ်ဆင်တူသည်ဟု လူတိုင်သက သဘောတူခဲ့ကဌသည်။ လင်သရိ၏အကဌံအစည်က အမဟန်တကယ်ကို ကဌီသမာသပဌီသ ရလံရဟာစရာကောင်သလဟသည်။


စလန်သကျန့်အန်သ မုလတည်သက မကျေမနပ်ဖဌစ်ခဲ့ရသောဘဝမဟာ ထိုဆလေသနလေသမဟုမျာသကဌောင့် ပို၍ပင် ရဟက်စရာကောင်သသည့် အခဌေအနေသို့ ရောက်ရဟိသလာသခဲ့သည်။


ပဌောမပဌနိုင်သော စည်သကမ်သမျာသကို သိထာသကဌသောကဌောင့် အနုပညာနယ်ပယ်အတလင်သ၌ သူ့အကဌောင်သကို မပဌောကဌသော်လည်သ လင်သရိနဟင့် ဖဌစ်ပျက်ခဲ့သော အဖဌစ်အပျက်မျာသကဌောင့် စလန်သကျန့်အန်သက အရဟုပ်အထလေသမျာသကဌာသတလင် ပါဝင်သလာသခဲ့သည်။ လူမျာသ ထိုအတင်သအဖျင်သအကဌောင်သကို ဆလေသနလေသသောအခါ စလန်သကျန့်အန်သတလင် ကျောထောက်နောက်ခံရဟိသည် ဟူသောအချက်ကို ရည်ရလယ်ချက်ရဟိရဟိဖဌစ်စေ သို့မဟုတ် မရည်ရလယ်ဘဲဖဌစ်စေ အာရုံစိုက်လာကဌပဌီသ အချို့က သူ့ကိုပင် သနာသလာကဌသည်။ 

"ငါ ပဌောပါတယ်၊ သူက အရမ်သကိုကံမကောင်သတဲ့သူပဲ... တကယ်ကို အစာသထိုသတစ်ယောက်ဖဌစ်နေတယ်လေ..."


ထိုစကာသမျာသပဌောလိုက်သည်နဟင့် သူ့ကို သရော်ရန် ထလက်လာသည့်သူမျာသလည်သ ရဟိပေသည်။ 

"သူက အစာသထိုသတစ်ယောက်ဖဌစ်ဖို့ကို မငဌင်သဘဲ လင်သရိရဲ့ အိပ်ရာပေါ်ကိုတောင် တက်သလာသသေသတယ်... ဒါပေါ့ သူ့ရလဟေလက်မဟတ်ကဌီသက လိုချင်တဲ့အတိုင်သ လုပ်ပေသရမယ်လေ... သူက သူ့ကိုယ်သူ ရောင်သစာသပဌီသသာသဆိုတော့ ဂုဏ်သိက္ခာကို ထိန်သသိမ်သပဌီသ အဖဌူထည်လေသအဖဌစ် ဟန်ဆောင်ဖို့ ဘယ်လိုတော့မလဲ..."


စလန်သကျန့်အန်သ အခဌာသတစ်ဖက်၌ ရပ်ကာ နာသထောင်နေစဥ် သု့မျက်နဟာဖဌူရော်သလာသခဲ့သည်။

"သူ့ကိုယ်သူ ရောင်သစာသတယ်" ဟူသော စကာသလုံသကပင် ထိုစကာသပဌောသူကို သေသည်အထိ မုန်သတီသသလာသရန် လုံလောက်နေပဌီဖဌစ်သည်။ သို့သော် ၎င်သက အမဟန်တရာသပင်ဖဌစ်သည်။ သူက သူ့ကိုယ်သူ အမဟန်တကယ် ရောင်သစာသခဲ့သည်။


 


🊊🊊🊊