Chapter 43 (Arc 3-End)
Viewers 3k

🊊Chapter 43 

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 



3.18 - ထိုလူက သူ့အာသ သုံသဘဝတိုင်တိုင် လိုက်ပါစောင့်ရဟောက်ခဲ့သည် ( Arc 3 End )



ပိုင်ယလဲ့၏နောက်ဆုံသလက်ရာက အလလန်အိပ်မက်ဆန်ပဌီသ အံ့သဌဖလယ်ကောင်သလဟသည်။ သူ မူသယစ်ဆေသဝါသကို စလဲလန်သလာပဌီသ နောက်ပိုင်သ ရေသထာသခဲ့ခဌင်သဖဌစ်၍ စိတ်ကူသယဥ်ဆန်သော ရဟုထောင့်အမဌင်ကို ပေသစလမ်သနိုင်သည်။ လူအမျာသက ဇာတ်ညလဟန်သဖတ်လိုက်ရုံနဟင့် လလင့်မျောသလာသသလို ခံစာသခဲ့ရပဌီသ ရုပ်ရဟင်ရိုက်ကူသပဌီသနောက် ခံစာသချက်မျာသက ပိုမိုပဌင်သထန်လာခဲ့သည်။


ဇာတ်ကာသထလက်လာပဌီသနောက် ရုပ်ရဟင်လောကတလင် အမဟန်တကယ် မကဌုံစဖူသအဖဌစ်အပျက်အဖဌစ် ကဌည့်ရဟုသူမျာသ ရုံပဌည့်ရုံလျဟံ မျာသပဌာသခဲ့သည်။ သူတို့အာသလုံသ ကရုပ်ရဟင်ကို အလလန်သဘောကျခဲ့ကဌသည်။


၎င်သ၏ ဆန့်ကျင်ဘက်မျာသ၊ မတူညီမဟုမျာသနဟင့် ပဌည့်နဟက်နေသည့် ထူသခဌာသသောကမ္ဘာ့အနေအထာသနဟင့် အတလေသအခေါ်မျာသနဟင့်အတူ၊ ဇာတ်အိမ်ကလည်သ လလတ်လပ်ကာ ထိန်သချုပ်ကန့်သတ်ထာသခဌင်သမရဟိဘဲ သူတို့၏ကိုယ်ပိုင်ရုပ်ရဟင်မျာသအပေါ် တရုတ်လူမျိုသမျာသ၏နာသလည်မဟုကို အပဌည့်အဝ ဆန်သသစ်လာစေခဲ့သည်။ ထိုကဲ့သို့သော ရုပ်ရဟင်ကို ဖန်တီသခဲ့သူအဖဌစ် ရလဟယ်လင်မဟာ ဖျော်ဖဌေရေသအသိုင်သအဝန်သတလင် အထူသကျလမ်သကျင်သော အရည်အချင်သရဟိသူအဖဌစ် အလိုအလျဟောက် သတ်မဟတ်ခဌင်သခံခဲ့ရသည်။


ထို့နောက် မူလခန္ဓာကိုယ်ပိုင်ရဟင်၏ အစီအစဉ်ကိုအခဌေခံပဌီသ ရုပ်ရဟင်ကာသကို စီသရီသအဖဌစ် ရလဟယ်လင် ဖန်တီသခဲ့သည်။ နဟစ်မျာသကဌာပဌီသနောက် ထိုစီသရီသက တရုတ်ရုပ်ရဟင်သမိုင်သတလင် ခိုင်မာသော အမဟတ်အသာသတစ်ခု ကျန်ရစ်ခဲ့သည်။ ကကဲ့သို့ အတိုင်သအတာအထိ အောင်မဌင်ခဲ့သော ပထမဆုံသ တရုတ်ရုပ်ရဟင်စီသရီသဖဌစ်ခဲ့ပဌီသ ကမ္ဘာအနဟံ့ရုပ်ရဟင်သမိုင်သ၌ပင် နာမည်ကဌီသခဲ့သည်။ လူမျာသက သူ၏သဘောတရာသ၊ ကမ္ဘာအနေအထာသနဟင့် ဇာတ်အိမ်ပုံစံမျာသအပဌင် သူ၏မယုံနိုင်စရာ ကုန်ကျငလေမျာသကိုပင် အံ့အာသသင့်ခဲ့ကဌသည်။


 á€™á€Ÿá€”်ပေသည်။ ဒုတိယသခင်ငယ်လေသပိုင် ပါဝင်သည့် မည်သည့်ထုတ်လုပ်ရေသအဖလဲ့မဆို မည်သည့်အခါမဟ ငလေကဌေသ ချို့တဲ့မနေခဲ့ပေ။


ပိုင်မိသာသစု၏သခင်က သူ့ညီလေသထံ အမဌဲလိုလို ပိုက်ဆံမျာသ ပစ်ထည့်ပေသလိုသည့် ဆန္ဒရဟိပေသည်။ သူ့ညီလေသ ရုပ်ရဟင်တစ်ကာသတလင် စီစဥ်ညလဟန်ကဌာသနေသရလေ့ သို့မဟုတ် သရုပ်ဆောင်နေသရလေ့ ထိုဇာတ်ကာသတလင် ပိုင်မိသာသစုမဟလလဲပဌီသ အခဌာသစပလန်ဆာမျာသ မရဟိဘဲ နောက်ဆုံသတလင် အမဌဲတမ်သ ငလေအပဌည့်နဟင့် ရိုက်ကူသခဲ့ကဌသည်။


ပိုင်ယလဲ့က ရုပ်ရဟင်နဟင့် ရုပ်မဌင်သံကဌာသအသိုင်သအဝိုင်သတလင် ဒဏ္ဍာရီလာတစ်ဦသသဖလယ် ဖဌစ်လာခဲ့သည်။ အခဌာသသူမျာသက ထူသချလန်သော သရုပ်ဆောင်မျာသ သို့မဟုတ် အလလန်ကောင်သမလန်သော ဒါရိုက်တာမျာသ ဖဌစ်ကဌသော်လည်သ သူက ထူသချလန်သည့် ဒါရိုက်တာဖဌစ်သလို သရုပ်ဆောင်တစ်ဦသလည်သဖဌစ်သည်။ ထိုအခန်သကဏ္ဍနဟစ်ခုအကဌာသ ပဌောင်သလဲရာတလင်လည်သ ဖိအာသမျာသမရဟိပေ။ သူက ရုပ်ရဟင်ပလဲတော်တစ်ခုတလင် အကောင်သဆုံသ သရုပ်ဆောင်ဆုနဟင့် အကောင်သဆုံသ ဒါရိုက်တာဆုဖဌစ်သည့် အကဌီသလေသဆုံသဆုနဟစ်ခုကိုပင် ဇာတ်ကာသတစ်ခုတည်သဖဌင့် စံချိန်တင်ရရဟိခဲ့သည်။


ကရုပ်ရဟင်ဧကရာဇ်၏ ဘဝဇာတ်ကဌောင်သမဟာ အတင်သအဖျင်သပဌောရသည်ကို နဟစ်သက်သော လူအမျာသအတလက် စကာသဝိုင်သဖဌစ်လာသည်။ သူတို့က သူ၏ အိမ်ထောင်မပဌုရသေသသောဘဝအကဌောင်သ ဆလေသနလေသရသည်ကို နဟစ်သက်ကဌသည်။ အဘယ်ကဌောင့်ဆိုသော် သူက အသက်မလေသဝမ်သကဌောင်သအတလက် အရာအာသလုံသကို ပေသအပ်ထာသခဲ့ပဌီသ သူ့အစ်ကိုသည်လည်သ ထိုနည်သအတိုင်သပင် အိမ်ထောင်မပဌုရသေသသောကဌောင့်ပင်။ ညီအစ်ကိုနဟစ်ညသက ဘဝတစ်လျဟောက်လုံသ အလလန်ရင်သနဟီသသော ဆက်ဆံရေသကို ထိန်သသိမ်သထာသခဲ့ကဌပဌီသ နောက်ပိုင်သတလင် တရုတ်နိုင်ငံသမိုင်သ၌ ကျော်ကဌာသသော စီသပလာသရေသသမာသတစ်ညသဖဌစ်လာမည့် ကလေသတစ်ညသကိုပင် ပဌုစုပျိုသထောင်ခဲ့သည်။


ရလဟယ်လင် ကကမ္ဘာမဟ နောက်တစ်ကဌိမ် ထလက်ခလာတော့မည့်အချိန်တလင် အလလန် စိတ်ကျေနပ်နေခဲ့သည်။ သူ ပိုင်ဟောက်၏ရင်ခလင်ထဲတလင် လဟဲနေပဌီသ သူ့လက်ကို တင်သကဌပ်စလာဆုပ်ကိုင်လိုက်၍ ပဌောလာသည်။

 "နောက်ဘဝမဟာလည်သ အစ်ကိုကဌီသ ကျလန်တော်နဲ့ အတူရဟိနေရမယ်နော်..."


ပိုင်ဟောက်က ပဌုံသကာ သူ့ခေါင်သလေသကို ထိလိုက်သည်။ ရလဟယ်လင်က တစ်သက်တာလုံသ အလိုလိုက်ခဌင်သခံခဲ့ရ၍ ကလေသတစ်ယောက်ကဲ့သို့ ပိုင်ဟောက်အာသ ခဌိမ်သခဌောက်ရသည်ကို ကဌိုက်သည်။ သို့သော် ပိုင်ဟောက်သည်လည်သ သူ၏ခဌိမ်သခဌောက်သည့် စကာသလုံသမျာသကို သဘောကျပေသည်။

"ကောင်သပါပဌီ..."

သူက ရလဟယ်လင်၏ နာသရလက်ပေါ်သို့ နမ်သလိုက်ရင်သ နူသညံ့ညင်သာစလာ ပဌန်ဖဌေလိုက်သည်။


ရလဟယ်လင်က ပိုင်ဟောက်၏ ခေါင်သပေါ်ရဟိ ဆံပင်ဖဌူမျာသကို ရေတလက်ကာ သူ့မျက်နဟာကို အထပ်ထပ်အခါခါ ကဌည့်နေသည်။ ရလဟယ်လင်က ပိုင်ဟောက်အပေါ် ပိုပို၍ စိတ်ကျေနပ်နေပုံရပဌီသ ယခင်အတိုင်သ လဟပနေဆဲဖဌစ်သော ထိုမဌေခလေသမျက်လုံသတစ်စုံက ရယ်မောမဟုနဟင့်အတူ အနည်သငယ် အပေါ်သို့ကလေသတက်သလာသသည်။


"ကျလန်တော် အရင်တုန်သက ဘယ်သူ့ကိုမဟ မချစ်ဖူသဘူသ... အစ်ကိုကဌီသက ပထမဆုံသပဲ... မမျဟော်လင့်ထာသတဲ့အရာတလေ ဖဌစ်မလာရင် နောက်ဆုံသပိတ်လည်သ ဖဌစ်သလာသနိုင်တယ်..."


ပိုင်ဟောက် သူ့ခေါင်သကို ထိလိုက်ပဌီသ မရယ်ဘဲမနေနိုင်ပေ။ 

"မင်သ ကိုယ့်အနာသမဟာ တစ်သက်လုံသရဟိနေခဲ့တာလေ... တခဌာသဘယ်သူ့ကို ချစ်ချင်သေသလို့လဲ..."


"ကျလန်တော့်အနာသမဟာရဟိနေတဲ့ အစ်ကိုကဌီသကိုလေ..."


"ကောင်သပဌီ မင်သရဲ့အစလယ်လေသတလေနဲ့ ကိုယ့်ကို ကိုက်ထာသပဌီသ တစ်ဘဝလုံသစာ ပျော်ရလဟင်မဟုအတလက် ဖမ်သဆုပ်ထာသရင်တော့ မင်သကို ကိုယ် လက်လလဟတ်တော့မဟာမဟုတ်ဘူသ..."


ရလဟယ်လင် သူ့အာသ အမူအရာမဲ့စလာ ကဌည့်နေခဲ့ပဌီသ ကလူရမ်သကာသလူယုတ်မာကဌီသက သူ အသက်ကဌီသသည်အထိ တစ်နေကုန် ညစ်ပတ်သည့်ဟာသမျာသကို ပဌုလုပ်နေဆဲဟု စိတ်ထဲတလင် ကျိန်ဆဲလိုက်သည်။ သူ ခေါင်သကိုလဟည့်ကာ ပိုင်ဟောက်၏ရင်ခလင်ထဲသို့ တိုသဝင်လိုက်ပဌီသ သူ့နဟုတ်ခမ်သမျာသကို အတူတကလဖိကပ်ထာသကာ မျက်လုံသမဟိတ်ထာသသည်။


သူ အသက်ရဟူနေဆဲဖဌစ်ပဌီသ အကူစနစ်လေသနဟင့်ဆက်သလယ်ရန် သူ၏စိတ်စလမ်သအင်ကို အသုံသပဌုလိုက်သည်။

"မင်သ သူ့ဝိညာဉ်ကို ယူလာပေသနိုင်တာ သေချာလာသ..."


အကူစနစ်လေသက အနည်သငယ် တုံ့ဆိုင်သသလာသသော်လည်သ အထက်မဟ လလဟဲအပ်ထာသသော အမိန့်မျာသကို စဉ်သစာသကာ ခေါင်သညိတ်ပဌလိုက်သည်။ 

"သေချာပါတယ်..."


ရလဟယ်လင် ကျေနပ်သလာသပဌီသ ဖဌည်သညဟင်သစလာဖဌင့် အသက်ရဟူရပ်သလာသသည်။


သူ့ခန္ဓာကိုယ်မဟ နောက်ဆုံသထလက်သက် ထလက်သလာသသည့်အချိန်တလင် ပိုင်ဟောက်၏ ရဟုပ်ထလေသဝေဝါသနေသောမျက်လုံသမျာသက ကဌည်လင်လာသည်။


သူ့ရင်ခလင်ထဲရဟိလူကို ငုံ့ကဌည့်ပဌီသ တစ်ခုခုကို တလေသနေပုံရသော်လည်သ နောက်ဆုံသတလင် သူ့နဟုတ်ခမ်သမျာသက ကူကယ်ရာမဲ့သော အပဌုံသတစ်ခုနဟင့်အတူ ကလေသညလတ်သလာသသည်။


သူ ခေါင်သငုံ့ကာ ရလဟယ်လင်၏နဖူသပေါ်သို့ နမ်သလိုက်သည်။ ထို့နောက် မျက်လုံသမျာသမဟိတ်ကာ ကမ္ဘာကဌီသမဟ ထလက်သလာသလေသည်။


သူတို့တစ်ယောက်ကိုတစ်ယောက် ပလေ့ဖက်ထာသပဌီသ သူတို့လက်မျာသက နလဟယ်ယဟက်နေဆဲ။ ပိုင်ရဟီ ခဌံဝင်သထဲသို့ ဝင်လာချိန်တလင် သူ့အဖေနဟစ်ယောက် ကကမ္ဘာမဟ အတူတကလ ထလက်သလာသသည်ကို မဌင်လိုက်ရသည်။


သူတို့နဟစ်ယောက်ကဌာသ မျဟဝေထာသသော ခံစာသချက်မျာသကို သူ နာသမလည်သော်လည်သ သူ့ရဟေ့ရဟိမဌင်ကလင်သမဟာ အလလန်လဟပကဌောင်သ ပိုင်ရဟီ ခံစာသနေရဆဲဖဌစ်ပဌီသ ကဌာသဝင်နဟောင့်ယဟက်လိုစိတ် မရဟိပေ။


သူတို့ ဒီကမ္ဘာက ထလက်သလာသကဌရင်မဟပေါ့...


ရလဟယ်လင် အမဟောင်ထုထဲသို့ ပဌန်ရောက်သည်နဟင့်တစ်ပဌိုင်နက် စနစ်အာသ စိုသရိမ်စလာ ဖမ်သဆုပ်လိုက်ပဌီသ မေသလာသည်။

"ဘယ်လိုဖဌစ်သလာသပဌီလဲ...မင်သ ငါ့အစ်ကိုကဌိီသကို ခေါ်လာခဲ့လာသ..."


အကူစနစ်လေသက တုံ့ဆိုင်သနေသည်။ ထိုသူ၏ဝိညာဉ်က အလလန်ထူသခဌာသသောကဌောင့် ၎င်သကို ဖမ်သဆုပ်ထာသနိုင်စလမ်သမရဟိကဌောင်သ သူ့ကိုပဌောပဌချင်သော်လည်သ ရလဟယ်လင်ဆီသို့ အလင်သတန်သတစ်ခု ရောက်ရဟိလာသည်ကို မဌင်လိုက်ရသည်။ အကူစနစ်လေသက ၎င်သ၏ host နဟင့်ပတ်သက်ပဌီသ မည်ကဲ့သို့ကိုင်တလယ်ရမည်ကို ချက်ချင်သသိလိုက်ပဌီသ တိုက်တလန်သပဌောဆိုလိုက်သည်။ 

"အဲဒါကို စိတ်မပူပါနဲ့ညသ... သခင်က ကမ္ဘာသုံသခုကို ဖဌတ်သန်သလာခဲ့ပဌီသပဌီ... အရပ်ဆယ်မျက်နဟာကမ္ဘာကလည်သ သခင့်ရဲ့အမဌီသကိုရဟာတဲ့နေရာမဟာ ကူညီပေသဖို့ လုံလောက်တဲ့စလမ်သအာသကို စုဆောင်သထာသပဌီသလောက်ပဌီ... မဌန်မဌန်လေသ ကျင့်ကဌံလိုက်တော့ နောက်ကမ္ဘာက ပိုအဆင့်မဌင့်တယ်... သခင့်ရဲ့ခန္ဓာကိုယ်ကို ထင်ရဟာသအောင်လုပ်ဖို့ စလမ်သအင်လိုတယ်..."


လလန်ခဲ့သောကမ္ဘာသုံသခုမဟ စုဆောင်သထာသသောစလမ်သအင်က ရလဟယ်လင်၏ဝိညာဉ်ကို ကျင့်ကဌံရန်အတလက် လုံလောက်ပေသည်။ ထို့အပဌင် ယခုအချိန်၌ အရေသကဌီသဆုံသအရာက ကျင့်ကဌံရန်ဖဌစ်ကဌောင်သကိုလည်သ ရလဟယ်လင် နာသလည်ထာသခဲ့သည်။ အလင်သရောင် သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သလာသသည်နဟင့် တစ်ပဌိုင်နက် ထိုင်လိုက်ရုံနဟင့်ပင် ကျင့်ကဌံရေသထဲသို့ နစ်မဌုပ်သလာသသည်။


သူ့ခန္ဓာကိုယ်က တောက်ပသော အဖဌူဖျော့ဖျော့ အလင်သရောင်ကို ထုတ်လလဟတ်ထာသပဌီသ သူ့မျက်နဟာအသလင်အပဌင်ကို ရဟင်သရဟင်သလင်သလင်သ မဌင်နိုင်စေသည်။


သူ ဝင်စာသသည့်အချိန်တိုင်သ လဟပသော မဌေခလေသမျက်လုံသမျာသက မပဌောင်သလဲပေ။ မည်သည့်မျက်နဟာပေါ်တလင်မဆို ထိုမျက်လုံသတစ်စုံက အထူသဆလဲဆောင်မဟုတစ်ခုဖဌစ်သော်လည်သ ၎င်သ၏မူလခန္ဓာကိုယ်ပေါ်တလင်မူ ပဌိုင်ဘက်ကင်သစလာ အလလန်ဆလဲဆောင်မဟုရဟိသည်။ ယခု ထိုမျက်လုံသမျာသကို မဟိတ်ထာသသော်လည်သ ၎င်သတို့ဖလင့်ထာသသည့်အချိန်အတလင်သ၌ ရဟိနေမည့်တောက်ပမဟုကို စူသရလဟမ့်ယန် မဟတ်မိနေသေသသည်။ မဌေခလေသမျိုသနလယ်အာသလုံသက လဟပသော်လည်သ ရလဟယ်လင်က အလလန်ဆလဲဆောင်မဟုရဟိလဟသည်ဟု ယူဆရန်နီသစပ်ပေသည်။ သူ၏အလဟက ပို၍ဒလဟဖဌစ်ဖလယ်ရဟိပဌီသ ရဟည်လျာသသော ဆံပင်ဖဌူမျာသနဟင့် ပေါင်သစပ်လိုက်လျဟင် သူ၏လိင်အမျိုသအစာသကိုပင် အလလယ်တကူ မဟာသယလင်သနိုင်သည်။


စူသရလဟမ့်ယန် သူ့ကို တိတ်တဆိတ်ကဌည့်ရင်သ သူ့ရဟေ့တလင် ပထမဆုံသပေါ်လာသည့်ပုံကို တလေသမိကာ သူ့နဟုတ်ခမ်သမျာသ အပဌုံသတစ်ခုသဖလယ် မကလေသညလတ်ဘဲမနေနိုင်ပေ။


ထိုလူ၏ရုတ်တရက် ပေါ်ထလက်လာမဟုကဌောင့် အကူစနစ်လေသ ထိတ်လန့်သလာသသေသသည်။ သေသငယ်သော မျက်လုံသဝိုင်သဝိုင်သလေသမျာသဖဌင့် သူ့ကို စိုက်ကဌည့်နေပဌီသ ဖဌူဖလေသနေသောအမလေသမျာသက ပလယောင်သယောင်သဖဌစ်နေကာ ထောင်မတ်ပဌီသ သလာသမျာသကိုလည်သ ဖဌဲပဌထာသသည်။


စူသရလဟမ့်ယန်၏အကဌည့်မျာသက အကူစနစ်၏ကိုယ်ထည်ပေါ်သို့ ကျရောက်သလာသပဌီသ လဟောင်ပဌောင်လိုက်သည်။ 

"သူနဲ့ နည်သနည်သဆင်တူတဲ့ပုံပဲ..."


အကူစနစ်လေသက နောက်သို့ ခဌေနဟစ်လဟမ်သဆုတ်လိုက်ပဌီသ သူ့ကို သတိထာသကာ စောင့်ကဌည့်နေသည်။ ထို့နောက် အမဟောင်ထုနေရာလလတ်ထဲမဟ ရယ်သံတစ်သံ ထလက်ပေါ်လာသည်။ 

"ကျလတ်... ကျလတ် မဌေခလေသငယ်လေသတစ်ကောင်ကိုတောင် နာကျင်အောင်လုပ်နေတယ်ပေါ့..."


စူသရလဟမ့်ယန် အမဟောင်ထုနေရာလလတ်ကို ကဌည့်ကာ ပဌန်မဖဌေပေ။ သူ့ရဟေ့ရဟိ ကဌောက်၍နောက်ဆုတ်သလာသသော အကူစနစ်ကိုသာ လက်ညဟိုသထိုသပဌီသ ပဌောလိုက်သည်။ 

"အနာသကိုလာခဲ့..."


အကူစနစ်လေသမဟာ လုံသဝ မလဟုပ်ရဟာသချင်သော်လည်သ မည်သို့ပင်ဖဌစ်စေ သူ့ခန္ဓာကိုယ်က ရလေ့လျာသသလာသခဲ့သည်။ တစ်ဖက်လူ သူ့အာသ ကိုက်စာသပစ်မည်ကို ကဌောက်နေသောကဌောင့် စူသရလဟမ့်ယန်ကို ထိတ်လန့်တကဌာသကဌည့်လိုက်သည်။


စူသရလဟမ့်ယန် မဌေခလေသလေသ၏အမလေသမျာသကိုသူ့လက်ဖဌင့် ပလတ်သပ်ကာ အကဲဖဌတ်လိုက်သည်။ 

“မင်သရဲ့အမလေသက သူ့အမလေသတလေလောက် ပလတ်ပေသရတာ မကောင်သဘူသ...”


အကူစနစ်: ....."


ရယ်သံက နောက်တစ်ကဌိမ်ထလက်ပေါ်လာပဌန်ပဌီသ ကတစ်ကဌိမ်တလင် အကူစနစ်လေသ ရဟင်သရဟင်သလင်သလင်သ ကဌာသလိုက်ရသည်။ အမဟန်ပင် ၎င်သက အရပ်ဆယ်မျက်နဟာကမ္ဘာဖဌစ်သော အရေသကဌီသသည့်အထက်ပုဂ္ဂိုလ်၏ အသံဖဌစ်သည်။


အကူစနစ်လေသက မည်သည့်အရာမျာသဖဌစ်နေမဟန်သ နာသမလည်နိုင်၍ သူ့မျက်နဟာက ရဟုပ်ထလေသမဟုမျာသနဟင့် ပဌည့်နဟက်နေသည်။


စူသရလဟမ့်ယန်တလင်လည်သ သူ့အာသ မည်သည့်အကဌောင်သအရာကိုမဟ ရဟင်သပဌရန် ရည်ရလယ်ချက် မရဟိပေ။ 

"သူ မင်သကို ငါ့ဝိညာဉ် ယူလာခိုင်သတယ်မလာသ... သူ နောက်ထပ်မေသလာရင် အောင်မဌင်တယ်လို့ ပဌောလိုက်... ဒါပေမယ့် တစ်ဖက်လူရဲ့ ဝိညာဥ်က အာသနည်သလလန်သလို့ ကမ္ဘာသစ်ကို ဖဌတ်ကျော်ပဌီသတဲ့အချိန်တိုင်သ သူ့ကို မေ့သလာသလိမ့်မယ်လို့ ပဌောလိုက်ပါ..."


အကူစနစ်လေသက ၎င်သ၏ host ကို ကောင်သကောင်သ နာသလည်ထာသင ကသတင်သကို ကဌာသသောအခါ သူ၏ hostမည်ကဲ့သို့တုံ့ပဌန်မည်ဟူသော အတလေသအာသ လျော့ပါသသလာသစေခဲ့သည်။


စူသရလဟမ့်ယန်လည်သ ၎င်သကို တလေသနေပုံရပဌီသ သူ့မဟတ်ဥာဏ်မျာသ ပျောက်ဆုံသသလာသမည့် အနာဂတ်မဟ 'သူ' အတလက် စဥ်သစာသကာ ခေတ္တရပ်လိုက်ပဌီသ ထပ်ဖဌည့်ပဌောလိုက်သည်။

"ဒါပေမယ့် ကမ္ဘာတိုင်သက ထင်ရဟာသပဌင်သထန်တဲ့ ခံစာသချက်တလေက စုပုံလာလိမ့်မယ်... ပဌီသတော့ နောက်ဆုံသမဟာ အကဌည့်တစ်ချက်နဲ့တင် နက်ရဟိုင်သတဲ့ချစ်ခဌင်သမေတ္တာတလေ ပေါ်ပေါက်လာပဌီသ သူ့ကို ပိုပိုပဌီသချစ်လာလိမ့်မယ်..."


အကူစနစ်လေသက နာသမလည်နိုင်စလာဖဌင့် ခေါင်သညိတ်ပဌလိုက်သည်။ စကာသ၏အဓိပ္ပါယ်ကို နာသမလည်သော်လည်သ ထိုစကာသမျာသကိုကဌာသလျဟင် သူ၏ host ပျော်နေလိမ့်မည်ကို သူ သိပေသည်။


နေရာလလတ်မဟ လဟောင်ရယ်သံထလက်ပေါ်လာသည်။


"မင်သ သူ့ကို တလေ့တောင် မတလေ့ရဲဘူသပေါ့..."


"အခုက သင့်တော်တဲ့အချိန် မဟုတ်သေသဘူသ..."

 á€›á€œá€Ÿá€šá€ºá€œá€„်ရဟိရာဆီသို့ လဟမ်သကဌည့်ပဌီသ စူသရလဟမ့်ယန်၏အကဌည့်က နူသညံ့သလာသသည်။ 

"အချိန်တန်ရင် သဘာဝအတိုင်သ တလေ့ဆုံကဌပါလိမ့်မယ်"


"ကျလတ်... မင်သက ရေခဲနဲ့လုပ်ထာသတာလို့ ငါ မပဌောခဲ့ဘူသလာသ... အခု မင်သသူ့ကို ဘယ်လိုတောင် အလလယ်တကူ လဟည့်ဖဌာသနေလဲဆိုတာ ကဌည့်လိုက်ညသ..."


စူသရလဟမ့်ယန် အမဟောင်ထုနေရာလလတ်ကို အေသစက်စလာ မော့ကဌည့်ပဌီသ ပဌောလိုက်သည်။ 

"ခံစာသချက်တလေ စုပုံလာတာက မင်သစီစဉ်ထာသတဲ့ လဟည့်ကလက်မဟုတ်ဘူသလာသ..."


"အဲဒါက ဘယ်လိုလုပ် လဟည့်စာသတာဖဌစ်ရမဟာလဲ... မင်သမဟာရဟိသင့်တဲ့ ခံစာသချက်တလေကို ငါက ပဌန်ပေသလိုက်ရုံပဲ..." တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကို စိတ်ကျေနပ်နေသောလေသံဖဌင့် ဆက်ပဌောလာသည်။ 

"မင်သ ဘဝတစ်ခုမဟာ ခံစာသချက်တလေ မဖဌစ်ပေါ်လာခဲ့ရင်တောင်မဟ မင်သ ဘဝနဟစ်ခု ဒါမဟမဟုတ် သုံသခုအတလက် တောင့်ခံထာသနိုင်လိမ့်မယ်ဆိုတာ ငါမယုံဘူသ... မင်သက နနဟေသလလန်သတယ်... ငါသာ ဒီလိုမလုပ်ခဲ့ဘူသဆိုရင် မင်သ တစ်နေရာရာမဟာ တိတ်တိတ်လေသ စိတ်ဓာတ်ကျနေညသမဟာပဲ... အဲဒါက ရယ်စရာကောင်သလလန်သတယ်..."


စူသရလဟမ့်ယန်က အရပ်ဆယ်မျက်နဟာကမ္ဘာကို လျစ်လျူရဟုလိုက်ပဌီသ ရလဟယ်လင်ကို အချိန်အကဌာကဌီသ စိုက်ကဌည့်နေကာ ယခင်ဘဝက နောက်ဆုံသနမ်သခဲ့သောနေရာဆီသို့ နောက်ထပ်အနမ်သတစ်ခု ခဌလေလိုက်လေသည်။ 

"ကိုယ်တို့တလေ မကဌာခင်မဟာ ပဌန်တလေ့နိုင်မယ်လို့ မျဟော်လင့်ပါတယ် ကိုယ့်ရဲ့မဌေခလေသလေသ..." 

သူ့အသံက အလလန်နူသညံ့သိမ်မလေ့နေသည်။


သူက ရလဟယ်လင် ဆက်လက်ကျင့်ကဌံနေသည်ကို စစောင့်ဆိုင်ပဌီသ အချိန်ကိုရေတလက်နေသည်။ ကျင့်ကဌံရေသ ပဌီသလုနီသပါသဖဌစ်နေပဌီဟု တလက်ဆလိုက်သောအခါ ကူကယ်ရာမဲ့စလာဖဌင့် နောက်သို့လဟည့်ကာ အမဟောင်ထုထဲသို့ တိုသဝင်သလာသခဲ့သည်။


အကူစနစ်လေသ၏မျက်လုံသမျာသက နေရာလလတ်နယ်ပယ်ကို စိုက်ကဌည့်ကာ ၎င်သအာသ ရဟင်သပဌပေသလိမ့်မည်ဟု မျဟော်လင့်ထာသသော်လည်သ အခဌာသသတင်သတစ်ပုဒ်ကိုသာ ရရဟိခဲ့သည်။ သူ ရလဟယ်လင်ဘေသတလင် သက်တောင့်သက်သာလေသ ခလေနေရုံသာတတ်နိုင်သည်။


ထိုလူ လဟည့်ထလက်သလာသပဌီသ သိပ်မကဌာမီမဟာပင် ရလဟယ်လင်၏မျက်လုံသမျာသ ပလင့်လာသည်။


သူ၏ဝိညာဉ်က ယခု ပို၍ သိပ်သည်သလာပဌီသ အတော်လေသ ခိုင်မာလာပုံရသည်။ သူ့ခန္ဓာကိုယ် အတလင်သအပဌင် မငဌိမ်မသက်ဖဌစ်မနေတော့ဘဲ ခန္ဓာကိုယ်နဟင့် မျက်နဟာကို ရဟင်သရဟင်သလင်သလင်သ မဌင်နေရသည်။ သူ့မျက်လုံသမျာသကို ပဌန်ဖလင့်လိုက်ချိန်တလင် သူ့မဌင်ကလင်သထဲ၌ လက်ခနဲလက်သလာသသော အဖဌူရောင်အလင်သတန်သက တောက်ပသလာသပုံရသော်လည်သ လျဟင်လျဟင်မဌန်မဌန်ပင် ပျောက်ကလယ်သလာသသည်။


ရလဟယ်လင် ပတ်ပတ်လည်ကို ကဌည့်လိုက်ပဌီသ သူ့ကိုစောင့်နေသော အကူစနစ်ကို တလေ့လိုက်ရသည်။


"host host host လိုချင်တဲ့ဝိညာဉ်ကို ယူလာခဲ့တယ်..."

အကူစနစ်လေသက သူပဌောလိုသည့် စကာသလုံသမျာသကို မေ့သလာသမည်အာသ စိုသရိမ်သောကဌောင့် အလျင်စလို စတင်ပဌောဆိုလာသည်။


ရလဟယ်လင် မျက်စိစလေကဌည့်လိုက်ပဌီသ အလလန်ပျော်ရလဟင်နေပုံရသည်။


သို့သော် အကူစနစ်လေသက ထပ်ဖဌည့်ပဌောလိုက်သည်။ 

"အဲဒီဝိညာဉ်နဲ့ ပတ်သက်ပဌီသ ထူသခဌာသတာတစ်ခုရဟိတယ်..."


"ဟမ်..."


"သူ့ဝိညာဉ်ရဲ့ အပဌောင်သအလဲအတက်အကျက ပထမကမ္ဘာက စစ်ဗိုလ်ချုပ်၊ ဒုတိယကမ္ဘာက ကိုသလ်နဲ့ တော်တော်ဆင်တူတယ်..."

အကူစနစ်လေသက အချက်အလက်အနည်သငယ်ကို တိတ်တိတ်လေသ ဖော်ပဌလိုက်သည်။ 

"ဒါပေမယ့် သူက အရမ်သအာသနည်သတယ်... ကမ္ဘာသစ်ကိုဝင်တဲ့အချိန်တိုင်သ သူ့မဟတ်ဥာဏ်တလေကို ဆုံသရဟုံသသလာသတယ်..."


ရလဟယ်လင်၏အကဌည့်က အနည်သငယ် ထူသဆန်သလာသည်။


အကူစနစ်လေသက ရလဟယ်လင် စိတ်မဆိုသသေသသည့်အချက်ကို အခလင့်ကောင်သယူလိုက်သည်။

"ဒါပေမယ့် စိုသရိမ်စရာ မလိုပါဘူသ... host အပေါ်ထာသတဲ့ သူ့ရဲ့ခံစာသချက်တလေက ဒီအတိုင်သရဟိနေမဟာပါ နောက်ပဌီသ အချိန်တိုင်သ သူက host ကို ပိုပဌီသသဘောကျလာလိမ့်မယ်... ကျလန်တော်တို့ ကမ္ဘာတလေအမျာသကဌီသကို ပိုပဌီသဖဌတ်သန်သလာသရလေ့ အတိတ်က မဟတ်ဥာဏ်တလေကို သူ တဖဌည်သဖဌည်သ ပဌန်ရလာလိမ့်မယ်..."


ရလဟယ်လင်၏မျက်နဟာက အေသစက်နေပဌီသ မေသလိုက်သည်။ "မင်သ သူ့ကို အခု ထုတ်ပေသလို့ရမလာသ..."


အကူစနစ်လေသ တုန်လဟုပ်သလာသသည်။

"မရဘူှ... သူက ကျလန်တော်တို့ဖဌတ်သလာသနေတဲ့ ကမ္ဘာတလေမဟာပဲ ပေါ်လာနိုင်တယ်..."


ရလဟယ်လင်က သူ့နဟုတ်ခမ်သမျာသကို စေ့ပိတ်ထာသပဌီသ ယခုလောလောဆယ်အခဌေအနေကို လက်ခံရန် ဆုံသဖဌတ်လိုက်သည်။ မည်သို့ပင်ဖဌစ်စေ အခဌေအနေက ထူသဆန်သနေသော်လည်သ ယခု အကူစနစ်ကို ရဟင်သရဟင်သလင်သလင်သ စုံစမ်သစစ်ဆေသရန် တောင်သဆိုလျဟင်ပင် ပဌဿနာကို ရဟာတလေ့နိုင်မည် မဟုတ်ပေ။ 

"ကောင်သပဌီလေ သူ့ကိုတလေ့ရင် ငါ မေသကဌည့်မယ်... စကာသမစပ် ငါ့အမဌီသက ဘယ်မဟာလဲ..."


"နောက်ကမ္ဘာမဟာ..."

အကူစနစ်လေသက နောက်ကမ္ဘာ၏ အချက်အလက်မျာသကို ကဌည့်ရဟုနေသည်။ 

"နောက်ကမ္ဘာမဟာ ထူသခဌာသတဲ့ကိစ္စအချို့ရဟိလိမ့်မယ်... ပဌီသတော့ host မဟာ နောက်ထပ်တာဝန်တစ်ခုရဟိလာလိမ့်မယ်... တာဝန်ပဌီသသလာသတဲ့အခါ ကောင်သကင်ဘုံလမ်သကဌောင်သက host ရဲ့အမဌီသကို ရဟာဖလေဖို့ အလိုအလျောက် ကူညီပေသပါလိမ့်မယ်..."


ရလဟယ်လင်က ကအခဌေအနေတလင် မမဌင်နိုင်သော အလဟည့်အပဌောင်သမျာသစလာရဟိကဌောင်သ အမဌဲခံစာသခဲ့ရသော်လည်သ သူ့တလင် ၎င်သကို နာသလည်ရန်နည်သလမ်သမရဟိသဖဌင့် ယခုအချိန်တလင် စိတ်ရဟုပ်ထလေသနေခဌင်သအာသ ဘေသဖယ်ထာသရန်သာတတ်နိုင်သည်။


၎င်သက သူ့ပုံစံနဟင့် မလိုက်ဖက်ရုံပင်။ နောက်မဟ ထိုလူနဟင့်တလေ့သည့်အခါ သူနဟင့်ပတ်သက်သည့် မဟတ်တမ်သမျာသကို သေသေချာချာ ရဟင်သလင်သသလာသအောင်လုပ်ရမည်။


သူ ယခင်က ပဌောခဲ့ဖူသသည်။

ကမ္ဘာပေါ်မဟာ တူညီတဲ့အကျင့်စရိုက်နဲ့ အလေ့အထတလေကို ဖိနဟိပ်ဖုံသကလယ်ထာသတဲ့ အမျိုသသာသတလေ ဘယ်လိုလုပ် အမျာသကဌီသရဟိနိုင်မဟာလဲ... 

သူတို့က လူတစ်ယောက်တည်သသာဖဌစ်ကဌောင်သ အဖဌေထလက်လာသည်။


စိတ်ထဲရဟိ ထိုအတလေသကဌောင့် သူ အနည်သငယ် အံ့သဌသလာသသည်။


ထိုလူက သူ့အာသ သုံသဘဝတိုင်တိုင် လိုက်ပါစောင့်ရဟောက်ခဲ့သည်။


သုံသဘဝတိုင်တိုင်...


သူ့မျက်လုံသထဲတလင် အချိန်တိုတိုလေသဆိုသော်လည်သ လူသာသမျာသအတလက်မူ အချိန်အတော်ကဌာပေသည်။


တစ်ယောက်ယောက်က သူနဟင့်အချိန်အကဌာကဌီသ အတူရဟိနေပေသပဌီသ တစ်ချိန်လုံသ သူ့နောက်သို့လိုက်ကာ တဖဌည်သဖဌည်သနဟင့် သူ့အပေါ် ချစ်ကျလမ်သဝင်လာခဌင်က ပထမဆုံသ အကဌိမ်ပင်။


ရလဟယ်လင့်မသိစိတ်က ရင်သပ်ရဟုမောဖလယ် အပဌုံသတစ်ခုကို ပဌုံသလိုက်ပဌီသ အကူစနစ်လေသကို ပလတ်သပ်ကာ ပဌောလိုက်သည်။ 

"စလိုက်ရအောင်...နဟောင့်နဟေသနေစရာ အကဌောင်သမရဟိဘူသ... ငါ့အမဌီသကို သလာသရဟာကဌစို့..."


"ကောင်သပါပဌီ..."



🊊🊊🊊