Chapter 31
လျှိုကျီရူက ရွမ်လျန်ကို တော်ဝင်ဆေးရုံသို့ ပို့ပေးပြီးနောက် အမြန် ပြန်လာလိုက်သည်။
တစ်ညလုံး နှင်းကျထားသည့်အတွက် နန်းမြို့တော်တစ်ခုလုံး ဖွေးဖွေးဖြူနေ၏။
ဝေါယာဉ်ထဲတွင် ရှိနေရမည့် အမျိုးသားက နံရံကို ကပ်ကာ တရွေ့ရွေ့ လျှောက်လှမ်းလာပြီး ကျောက်စိမ်းဝေါယာဉ်တော်က နောက်နားမှ ခပ်ခွါခွါ လိုက်ပါလာသည်။
လျှိုကျီရူက ကောင်းကင်ကို မော့ကြည့်ကာ စက္ကူထီးကို ဖွင့်၍ နောက်မှ လိုက်သွားသော်ငြား များမကြာမီမှာပင် တွန်းထုတ်ခံလိုက်ရတော့သည်။
သူက ငိုညဉ်းလိုက်သည်။
"အရှင် နှင်းတွေက ပိုပိုပြီး ကျလာပါတယ် ..."
လီယင်းက စကားတစ်ခွန်းမှမဆို။
"အရှင် ဘာဖြစ်လို့ ဝတ်ရုံကို မဝတ်ဆင်ရတာပါလဲ ..."
သူက ပြောလိုက်သည်။
"ဒီအတိုင်းဆို အအေးမိသွားပါလိမ့်မယ် ..."
လီယင်းက ရှေ့သို့သာ ဆက်လျှောက်သွားသည့်အတွက် လျှိုကျီရူလည်း ဧကရာဇ်၏ ပုခုံးထက်၌ တစ်ဖြည်းဖြည်း ပိုများလာသော နှင်းလွှာထုကိုသာ စိုက်ကြည့်ရင်း စိုးရိမ်စိတ်တို့ ဖိစီးလာရတော့၏။ မနက်ဖြန်တွင် တစ်နှစ်တာအတွက် နောက်ဆုံး ညီလာခံကို ကျင်းပရာမည် ဖြစ်သည့်အပြင် နှစ်သစ်ကူး နီးလာလေ ပိုမို အလုပ်များလာလေ ဖြစ်ရာ အကယ်၍ ယခုအချိန်တွင်သာ နာမကျန်း ဖြစ်ခဲ့ပါလျှင် ယခုနှစ်အတွက် ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များကို နောက်တစ်နှစ်သို့ ရွှေ့ဆိုင်းရတော့မည် ဖြစ်သည်။ ဤသည်မှာ မကောင်းသည့် နိမိတ်ဆိုးပင် ဖြစ်ပေသည်။
နောက်ဆုံးတွင်တော့ လီယင်းလည်း ရပ်တန့်သွားတော့၏။
လျှိုကျီရူက မော့ကြည့်လိုက်သည့်အခါ နန်းတော်၏ အရှေ့မြောက်အစွန်းရှိ ယခင် အအေးနန်းဆောင်ဟောင်းနေရာသို့ ရောက်ရှ်ိနေကြောင်း သတိပြုမိလိုက်တော့သည်။ ထိန်းသိမ်းပြုပြင်ခြင်း မရှိ၊ ကာလရှည်ကြာ ပစ်ပယ်ထားသည့်အတွက် တံခါးတွင် သုတ်ထားသည့် ဆေးများ ကွာကျကာ ပျက်စီးယိုယွင်းမှုတို့ဖြင့် ပြည့်နှက်နေတော့၏။
လီယင်းက ခပ်ဖြည်းဖြည်း မော့ကြည့်လိုက်သည်။
သူ့အကြည့်ထဲတွင် ယိုယွင်းပျက်စီးနေသည့် အအေးနန်းဆောင် နေရာ၌ ရွှေပိန်းချ တံစက်မြိတ်၊ ကြွယ်ဝချမ်းသာမှုနှင့် ခမ်းနားကြီးကျယ်မှုကို ဖော်ကျူးသည့် ပန်းပုလက်ရာတို့ဖြင့် အလှဆင်ထားသည့် လှပသော နန်းမြင့်မျှော်စင်တစ်ခုကို အစားထိုး မြင်ယောင်လာတော့သည်။
ညစဉ်ညတိုင်း နန်းတော်အစေခံများက သစ်သားလှေကားပေါ်တက်ကာ ဝါးချိတ်တို့ကို သုံးလျက် နန်းဆောင်၏ တံစက်မြိတ်နှင့် ထောင့်စွန်းတစ်လျောက်တွင် မီးအိမ်များ ချိတ်ဆွဲလိုက်ကြသည်။ အားလပ်ရက်နှင့် တော်ဝင်အခမ်းအနားပွဲ ကျင်းပရာ အချိန်များတွင်မူ မီးပုံးများ အတွဲလိုက် ချိတ်ဆွဲကာ နန်းဆောင်ကို မီးရှူးတန်ဆာတို့ဖြင့် အလှဆင်ယင်တတ်ကြ၏။ ဤသည်မှာ နန်းမြို့တော် တစ်ခုလုံးတွင် အထင်ရှားဆုံး၊ အလှပဆုံးနန်းဆောင်ဖြစ်ကာ ရှန့်ယန်မြို့တော်တစ်ခုလုံး၏ အကျော်ကြားဆုံး သတင်းတစ်ပုဒ်လည်း ဖြစ်ပေသည်။
မြောက်များစွာသော သူများက မိမိ၏ ဩဇာသက်ရောက်နိုင်စွမ်းကို ပြသရန် ချီဖန့်နန်းဆောင်ပေါ် တက်ရောက်ဖူးလိုကြသည်။
သို့သော် ဤနန်းဆောင်မှာ ယွင်ချင်းစီ တစ်ဦးတည်း၏ ပိုင်ဆိုင်မှု.. အသက်ရှင်သည့် အချိန်တွင်သာမက သေဆုံးသည်အထိ သူတစ်ဦးတည်း၏ ပိုင်ဆိုင်မှုသာ ဖြစ်ပေသည်။
ဤနန်းဆောင်မှာ ယွင်ချင်းစီ၏ အနှစ်သက်ဆုံးနေရာတစ်ခု ဖြစ်ခဲ့ဖူးကာ သေရည်သောက်ရန်၊ သီချင်းနားထောင်ရန် သို့မဟုတ် အခြားတစ်ခုခု လုပ်ဆောင်ရန် လီယင်းကို ထိုနေရာသို့ မကြာခဏ ဆွဲခေါ်လာလေ့ ရှိပေသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ထိုနန်းဆောင်တွင် သူတို့နှစ်ဦးနှင့် သက်ဆိုင်သည့် အမှတ်တရများစွာ ရှိနေပေသည်။ ယွင်ချင်းစီ ထိုနန်းဆောင်ထိပ်ဖျားမှ ခုန်ချသည့်အချိန်အထိပင် ဖြစ်သည်။
ထိုအချိန်မှစ၍ အတိုင်းမဲ့စွာ လှပပါသည့် အမှတ်တရတို့ နေရာတွင် ယွင်ချင်းစီ၏ သွေးစက်တို့က အစားထိုး ဝင်ရောက်လာတော့သည်။
ယွင်ချင်းစီက သူ့ကို လွန်စွာ မုန်းတီးလွန်း၍သာလျှင် အမှတ်တရပေါင်းများစွာကို ဤနည်းဖြင့် ဖျက်ဆီးသွားခြင်း ဖြစ်ပေလိမ့်မည်။
သူ့ကို ပြုံးပြကာ ပြောနေသည့် ယွင်ချင်းစီ၏ ပုံရိပ်ကိုလည်း မကြာခဏ မြင်ယောင်မိ၏။
"ဒီနားကိုလာလေ ဒီကနေဆို ရန်ချန်ရဲ့ မီးအလင်းရောင်တွေကို ကောင်းကောင်း မြင်ရတယ် ဒီနေ့ အရမ်းကို လှုပ်ရှားသက်ဝင်နေတာပဲ ..."
သို့သော် နောက်တစ်ခဏမျှအကြာတွင် အပေါ်ဆုံးမှ ရုတ်ချည်း ပြုတ်ကျလာကာ နန်းဆောင်တစ်ခုလုံး သွေးချင်းချင်း နီရဲသွားတော့သည်။
လီယင်းက သူ့ခေါင်းကို ဖိကိုင်ထားလိုက်၏။
သူ့ဦးခေါင်းတစ်ခုလုံး မရေမတွက်နိုင်လောက်သည့် ဓားခုတ်ပိုးကောင်တို့ဖြင့် ပြည့်နှက်နေသည့်နှယ်။ ချွန်ထက်လှသည့် ဓားသွားတို့က ဦးနှောက်ကို တရစပ် ထိုးဆွနေသည့်နှယ် နာကျင်မှုမှာ သည်းမခံနိုင်လောက်အောင်ကို ပြင်းထန်လှ၏။
"အား ..."
ပြင်းထန်လှသည့် နာကျင်မှုကြောင့် အက်ကွဲနေသည့် ညဉ်းသံတစ်ခု ထုတ်လွှတ်မိသွားတော့သည်။ လျှိုကျီရူက ရှေ့သို့ တစ်လှမ်းတိုးလာ၏။
"အရှင် ... အရှင် ..."
တော်ဝင်ဆေးကုသဆောင်မှ ထုတ်လုပ်ထားသည့် ဆေးအိတ်ကိုထုတ်ကာ လီယင်း၏ နှာခေါင်းအောက် ထားလျက် စိတ်ကို အေးငြိမ်းစေလိုက်သည်။
လီယင်းက မျက်လုံးတို့က မငြိမ်မသက် ဖြစ်နေကာ ထူထဲလှသည့် သွေးမြူလွှာတို့က သူငယ်အိမ်အနှံ့ လှည့်ပတ်နေသည်။
ယခုလတ်တလောတွင် လျှိုကျီရူသည် ဧကရာဇ်၏ စိတ်အခြေအနေ မကောင်းမွန်ကြောင်း သတိပြုမိနေသည့်အတွက် ခန္ဓာကိုယ်ကိုပါ ပြင်းပြင်းထန်ထန် သက်ရောက်မည်ကို စိုးရိမ်နေမိသည်။ အပြင်းအထန် နာကျင်မှုကို ခံစားရလေတိုင်း လီယင်း၏ ခန္ဓာကိုယ်မှ ခက်ထန်ကြမ်းတမ်းကာ လူသတ်လိုသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာလေ့ ရှိပေသည်။
ဧကရာဇ်သည် စစ်မြေပြင်သို့ တစ်ကြိမ်တစ်ခါမှ သွားရောက်ခဲ့ဖူးခြင်း မရှိသည့်တိုင် သူ၏ လူသတ်လိုစိတ်မှာ မြောက်များစွာသော စစ်သူကြီးများထက်ပင် ပိုမိုအားကောင်းနေသေးသည်။
လျှိုကျီရူမှာ အထိတ်ထိတ်အပျာပျာ ဖြစ်သွားကာ လှုပ်ရှားရန် မဆိုထားနှင့်၊ အသက်ပင် ရဲရဲမရှူရဲတော့ချေ။
"အရှင် ..."
သူ့နောက်ပါးဆီမှ အသံတစ်သံ ကြားလိုက်ရ၏။
ယွင်ချင်းစီက ဝေါယာဉ်ပေါ် ထိုင်နေရင်း ထိုအမျိုးသား၏ နောက်ကျောပြင်ကို ဗလာသပ်သပ် ငေးကြည့်နေလိုက်သည်။
ဝတ်ရုံလဲကာ အိပ်စက်ရန် ပြင်နေစဉ်မှာပင် လျှိုကျီရူ လွှတ်လိုက်သည့် အစေခံက လီယင်းသည် ဝတ်ရုံတစ်ထည်တည်း ဝတ်ဆင်လျက် နှင်းထဲတွင် လမ်းလျှောက်နေကြောင်း အကြောင်းကြားတင်ပြလာ၏။ အရှင်သာ ဤအတိုင်း ဆက်နေနေပါလျှင် အအေးမိကာ မနက်ဖြန်တွင် ကျင်းပမည့် ရုံးတော်ညီလာခံကို ပျက်ကွက်သွားနိုင်သည့်အတွက် ဧကရီကို ဒုက္ခပေးရခြင်းဖြစ်ကြောင်းပါ တစ်ပါတည်း ပြောလာ၏။
ယွင်ချင်းစီက ထိုအကြောင်းကို ဂရုမစိုက်လို။
သို့သော် အကယ်၍ လီယင်းသာ ဖျားနာသွားပါလျှင် ရုံးတော်တစ်ခုလုံး ကမောက်ကမ ဖြစ်ကာ အကြီးဆုံး အကြံပေးအရာရှိဖြစ်သည့် အမတ်ချုပ်ယွင်မှာ ပို၍ပင် ကံဆိုးမိုးမှောင်ကျသွားမည်ဖြစ်သည်။ သူသည် ယခုရက်ပိုင်းအတွင်း လီယင်းကို ကူညီကာ ကိစ္စအများအပြား ကိုင်တွယ်ပေးနှင့်ပြီးဖြစ်သည်။
သိူ့သော် အိပ်ရန် အဆင်သင့် ဖြစ်နေကာမှ အိပ်ယာထဲမှ ဆွဲထုတ်ခံလိုက်ရသည့်အပေါ်တွင်မူ မည်သူကမှ ပျော်ရွှင်ကြည်သာနေမည် မဟုတ်ချေ။ ယွင်ချင်းစီက ဝေါယာဉ်တစ်ခု ပြင်ဆင်ခိုင်းခဲ့သည့်တိုင် သူ့မျက်နှာမှာ အနည်းငယ် မကြည်မလင် ဖြစ်နေဆဲဖြစ်သည်။
လီယင်းက တမင်တကာ လုပ်တာပဲ ဖြစ်ရမယ် ...
သူက ငါ ကောင်းကောင်းနေနေတာကို မမြင်ချင်ဘူးပဲ ...
နောက်ကျောပေးထားသည့် လီယင်းက သူ့ဘက် လှည့်လာကာ လျှိုကျီရူကိုသာ စိုက်ကြည့်နေလိုက်သည်။
သူ့အကြည့်ထဲမှ အနီရောင်သွေးမြူတို့ကို သတိထားမိလိုက်သည့်အခါ လျှိုကျီရူ၏ စိတ်အစဉ်လည်း ပြန်လည်တည်ငြိမ်လာပြီး ခပ်တိုးတိုး သတိပေးလိုက်သည်။
"ဧကရီ ရောက်နေပါတယ်..."
လီယင်းမှာ ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရကာ တစ်ခါတစ်ရံတွင် ပြင်းထန်လှသည့် နာကျင်မှုကြောင့် အသိစိတ်တို့ ဝေဝါးကာ လူသတ်ရန် အဆင်သင့် ဖြစ်နေသည့်နှယ်။ သို့သော် ယွင်ချင်းစီ၏ နာမည်ကို ထုတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအရိပ်အယောင်တို့ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ ယခုအချိန်တွင် ယွင်ချင်းစီကိုယ်တိုင် ရှိနေပြီ ဖြစ်သည့်အတွက် လျှိုကျီရူက စိတ်သက်သာရာ ရသွားကာ သူ့ကို ချော့မော့ဖြောင်းဖျလိုက်တော့သည်။
"ဧကရီက အခုမှ ရောက်လာတာဆိုတော့ အရှင့်မှာ ခေါင်းကိုက်ဝေဒနာရှိနေမှန်း မသိပါဘူး ..."
နှစ်ဦးလုံး လေသံခပ်တိုးတိုးဖြင့်သာ ပြောနေခြင်း ဖြစ်သည့်အတွက် ယွင်ချင်းစီက သူတို့စကားများကို မကြားရ။ သူက ဝေါယာဉ်ပေါ်မှပင် မဆင်းဘဲ ပြောလိုက်သည်။
"အရှင့်ကို အပေါ်ဝတ်ရုံ ခြုံပေးလိုက် ..."
ကျင်းဟွမ်က ချက်ခြင်း ရှေ့သို့ တိုးလာကာ လျှိုကျီရူက လီယင်း၏ ခန္ဓာကိုယ်ပေါ်ရှ်ိ နှင်းမှုန်တို့ကို ခါချပြီး ဝတ်ရုံကို ခြုံပေးလိုက်သည်။
ယွင်ချင်းစီကို လှည့်ကြည့်လိုက်သည့် တစ်ခဏ၌ ဆံပင်ကို ဖြည်ချကာ နို့စိမ်းရောင် သားမွေးဝတ်ရုံ ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရ၍ ဧကရီကို အနှောင့်အယှက်ပြုမိပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။
သူက သက်ပြင်းချကာ ပြောလိုက်သည်။
"ဧကရီကို ကျေးဇူးတင်ပါတယ် ..."
"ဘာလို့ အရှင့်ကို ဝေါယာဉ်ပေါ် တင်ပြီး ကျန်းရှန်းနန်းဆောင်ကို မပို့ဆောင်သေးတာလဲ အခုပဲ ဘယ်အချိန် ရှိနေပြီလဲ ..."
လီယင်းက လုံးဝ မလှုပ်ရှား။
လျှိုကျီရူက တစ်ခဏမျှ ရပ်တန့်သွားပြီးကာမှ ယွင်ချင်းစီအနား တိုးကာ ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။
"ဒီနန်းဆောင်က ကျန်းရှန်းနန်းဆောင်နဲ့ အတော်လေး ဝေးသေးတော့ ဧကရီအနေနဲ့ အရှင့်ကို ချောင်ယန်နန်းဆောင်မှာပဲ အနားယူစေရင်ရော ..."
ယွင်ချင်းစီက သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေလိုက်သည်။
နန်းမြို့တော်ထဲမှာပဲ ရှိနေတာကို နီးတာတွေ ဝေးတာတွေ ဘာတွေ လာပြောနေတာလဲ ...
ထိုအခါမှ လီယင်းက လှုပ်ရှားလာကာ ဝေါယာဉ်ပေါ် ကိုယ်တိုင် တက်၍ တိတ်တဆိတ် ထိုင်နေလိုက်သည်။
လျှိုကျီရူက သူ့အနားသို့ တိုးကပ်လာ၏။ သူသည် ကောင်းကင်ဘုံသားတော် ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်ပေးခဲ့သူဖြစ်ကာ ယွင်ချင်းစီနှင့်လည်း အနည်းငယ် ရင်းနှီးသည့်အတွက် အနားသို့ တိုးလာကြောင်း သိသည့်တိုင် မတားမြစ်။
လျှိုကျီရူက သူ့ကို တီးတိုး ပြောလိုက်သည်။
"အရှင့်ကို ကြည့်ရတာ စိတ်မကြည်တဲ့ပုံပဲ တကယ်လို့ ဝမ်ဖေးသာ အရှင့်ကို ကိုယ့်ဘာသာကိုယ် ပြန်ဖို့ ပြောလိုက်မယ်ဆိုရင် သူက ညဉ့်နက်သန်းခေါင်ကြီးကျမှ လမ်းထလျှောက်နေဦးမှာပဲ ..."
ယွင်ချင်းစီက အေးစက်စွာ ပြောလိုက်သည်။
"ဘာပြောချင်တာလဲ..."
"ဘာလဲဆိုတော့ ... အရှင့်ကို ဝမ်ဖေးနဲ့အတူ နေခိုင်းလိုက်ပါ ..."
ထူးဆန်းလိုက်တာ ...
ပြီးခဲ့သည့် အတိတ်တွင် လီယင်းကို ပြောဆိုညှိနှိုင်းရန် လွယ်ကူသလောက် ယွင်ချင်းစီက မလွယ်ကူ။ ယခုမူ နှစ်ဦးလုံး၏ စိတ်နေစိတ်ထားများ ပြောင်းလဲသွားကာ လျှိုကျီရူသာလျှင် မပြောင်းမလဲ ကျန်ရစ်နေပေသည်။
ယွင်ချင်းစီက ဝေါယာဉ်ပေါ်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေသည့် လီယင်းကို လှမ်းကြည့်လိုကိသည်။
အတိတ်အချိန်က လီယင်း သူ့ကို လျစ်လျူရှုလေတိုင်း ဒုက္ခခံရသူမှာ လျှိုကျီရူသာ ဖြစ်ပေသည်။ သူတို့ထက် များစွာ အသက်အရွယ် ကြီးလှသူ တစ်ဦးအဖို့ ဤသည်မှာ မလွယ်ကူလှချေ။
သူက အနည်းငယ် တုန့်ဆိုင်းနေပြီးကာမှ ပြောလိုက်သည်။
"ဒါဆိုလည်း ချောင်ယန်နန်းဆောင်ကိုပဲ အတူတူ ပြန်ကြတာပေါ့ ..."
မနက်ဖြန် ညီလာခံ မနှောင့်နှေးသွားဖို့က အဓိက အရေးအကြီးဆုံးပဲလေ ...
လီယင်းက ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးကြောင့် သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမည့်သူ မဟုတ်ကြောင်း သိနေသည့်တိုင် ယခုလက်ရှိ သူ့အပြုအမူများမှာ အတိတ်နှင့် လွန်စွာ ကွာခြားလှပေသည်။ ယခုဖြစ်ရပ်တွင်လည်း သူ့ကို စိတ်ပူနေရခြင်းထက် ပြန်ခေါ်လာခြင်းကသာ ပိုပြီး အဆင်ပြေပေသည်။
လီယင်းက သွားမည်ဟုလည်း မပြော၊ မသွားဘူးဟုလည်း မငြင်းဆန်၊ မနာခံလိုသည့် အမူအယာမျိုး တစ်ခုမှပင် မပြသဘဲ ယွင်ချင်းစီ၏ အနောက်မှ လိုက်ပါလာလိုက်သည်။
ချောင်ယန်နန်းဆောင်ဆီသို့ ပြန်လာလိုက်ကြ၏။
ယွင်ချင်းစီက ခန်းမထဲ သွားကာ အပေါ်ဝတ်ရုံကို ကျင်းဟွမ်ထံ ပေးလိုက်ရင်း လီယင်း၏ ဝတ်ရုံကို ကူချွတ်ပေးသည့် လျှိုကျီရူကို လှမ်းပြောလိုက်သည်။
"သူ့လက်တွေ အေးနေလား ကြည့်လိုက်ဦး ..."
လျှိုကျီရူက လီယင်း၏ မျက်နှာနှင့် လက်ဖျားတို့ကို စမ်းသပ်ကာ ပြောလိုက်သည်။
"အေးနေပါတယ် ..."
"ရေနွေးနည်းနည်း ယူလာခဲ့ သူ့ကို အရင်ဆုံး ရေချိုးခိုင်းလိုက် ပြီးမှ ဆေးကုသဆောင်ကို သွားပြီး အအေးမမိအောင် ကာကွယ်တဲ့ဆေး တစ်ဖုံစာ ယူလာခိုင်းလိုက် ..."
ထိုသို့ ပြောပြီးနောက် အခန်းထဲသို့ လှည့်ဝင်သွားလိုက်၏။ လျှိုကျီရူက လီယင်းကို အသာ တွန်းလိုက်လျှင် သူ့နောက်မှ ဖြည်းဖြည်းချင်း လိုက်ဝင်သွားတော့သည်။
သစ်သားစည်ပိုင်းထဲသို့ ရေနွေးများ အပြည့်ဖြည့်ကာ ယွင်ချင်းစီက ရေအပူချိန်ကို လက်ဖြင့် စမ်းပြီး ပြောလိုက်သည်။
"အထဲဝင် ..."
အမျိုးသမီးအစေခံတစ်ဦးက လီယင်း၏ ဆံပင်ကို မ ကိုင်ပေးထားလိုက်က သူ့အဝတ်ကို ချွတ်ပေးမည် ပြုစဉ် လက်ကိုယမ်းပြ၍ ထွက်သွားခိုင်းလိုက်တော့သည်။
အခန်းထဲ၌ လူနှစ်ဦးသာ ကျန်ရစ်တော့၏။
လီယင်းက ရေချိုးကန်ထဲ ဝင်ထိုင်လိုက်သည်။
ယွင်ချင်းစီက အိပ်ယာပေါ် လဲလျောင်းကာ သမ်းဝေရင်း စိမ်းကားစွာ ပြောလိုက်သည်။
"ဘာတွေ အရူးထနေတာလဲ ..."
လီယင်းက တစ်ခွန်းမှ ပြန်မပြော။
ယွင်ချင်းစီက အနားရောက်လာကာ ရေနွေးအချို့ ခပ်ပြီး ပြောလိုက်သည်။
"ဘေးကိုတိုး ..."
ရေအချို့ ထပ်ဖြည့်ပြီးနောက် ကန်ထဲမှ ရေကို ခပ်ကာ လီယင်း၏ ပုခုံးပေါ်သို့ လောင်းချပေးလိုက်သည်။ ထိုအတိုင်း ထပ်ကာထပ်ကာ ပြုလုပ်ပြီးနောက် သာမန်ကာလျှံကာ ပြောလိုက်သည်။
"စကားလေး နည်းနည်းလောက် ပြောပါဦး စိတ်မကြည်ဘူးလား ..."
"မဟုတ်ဘူး ..."
"ဒါဆို ဘာလို့ အရင်ခေတ်က အအေးနန်းဆောင်ရှေ့မှာ သွားရပ်နေရတာလဲ အဲဒီမှာ သရဲတွေ ရှိတယ်ဆိုတာ မသိဘူးလား ..."
"..."
"ငါ့ကို မကျေနပ်လို့ ဒုက္ခပေးဖို့ ကြံနေတာ မဟုတ်လား ..."
သူက ပြောလိုက်သည်။
"ဘုရင်ဖြစ်ရတာ ကောင်းတယ် မဟုတ်လား ..."
"တောင်းပန်ပါတယ် ..."
ယွင်ချင်းစီ၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားတော့သည်။
"အားစီ .. ကိုယ်တောင်းပန်ပါတယ် ..."
လီယင်းက ခေါင်းကိုငုံ့ကာ ခပ်တိုးတိုး ပြောလိုက်သည်။
"ရှေ့လျှောက် ကိုယ် မလုပ်တော့ပါဘူး ..."
"နောက်ထပ် မလုပ်နဲ့တော့ ..."
ယွင်ချင်းစီက သူ့ကို ရေခွက်ဖြင့် ပစ်ပေါက်ကာ ပြောလိုက်သည်။
"အခုကနေစပြီး ..."
"ကိုယ့်ဘာသာကိုယ် ချိုးတော့ ငါ အိပ်ချင်ပြီ ..."
🤴23
The Obsessive Shou moves on Part 24
ယွင်ချင်းစီက အိပ်ယာပေါ် တက်သွားလိုက်သည်။
အမြဲလိုလို အလိုလိုက်ခံထားရသည့်အတွက် သူ့ခန္ဓာကိုယ်မှာ တိကျသည့် ဇီဝကမ္မနာရီ ရှိနေကာ အအေးနန်းဆောင်သို့ စွန့်ပစ်ခံခဲ့ရသည့် ကာလများတွင်ပင် စားဝတ်နေရေး အခြေခံလိုအပ်ချက် ဖူလုံသရွေ့ အချိန်မှန် အိပ်မောကျလေ့ ရှိပေသည်။
အိပ်မပျော်ခဲ့သည့် နေ့ရက်ဟူ၍ နန်းမြင့်မျှော်စင်ပေါ်မှ ခုန်မချခင် တစ်ရက်အလို အချိန်သာ ရှိပေသည်။ ရင်ရှီမှာ သူ့ရှေ့တွင်ပင် လည်ပင်းညှစ်၍ အသတ်ခံလိုက်ရပြီး ကျင်းဟွမ်ကိုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့။ နွေးထွေးသည့် အဝတ်ကို ဝတ်ဆင်ရန် ဗီရိုများအား လှန်လှောရှာဖွေမှသာလျှင်အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် မည်သို့မှ ဝင်ဆန့်နိုင်ခြင်း မရှိသည့် သေတ္တာငယ်တစ်လုံးထဲတွင် အရိုးများ အပိုင်းပိုင်းချိုးကာ ထိုးသိပ်ထည့်ခံထားရသည့် ကျင်းဟွမ်၏ ရုပ်အလောင်းကို တွေ့လိုက်ရသည်။
မသေခင်စပ်ကြား လွန်စွာ ရုန်းကန်ခဲ့ရသည့်ဟန်။
ထိုခဏ၌ ယွင်ချင်းစီသည် သူလည်း ဆက်ပြီး အသက်မရှင်နိုင်တော့ကြောင်း သဘောပေါက်သွားတော့သည်။
ဤဖြစ်ရပ်အားလုံးမှာ လီယင်း၏ တိတ်တဆိတ် ခွင့်ပြုချက်ကြောင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တစ်ဖြည်းဖြည်း သဘောပေါက်လာတော့၏။
အတိတ်က သံယောဇဉ်များကြောင့် လီယင်းက သူ့ကို ကိုယ်တိုင်ကိုယ်ကျ မသတ်လိုသည့်ဟန်။ လူသားလား တစ္ဆေလား မသိရသူများကိုသာလျှင် သူ့ကိုယ်စား ညှင်းပန်းနှိပ်စက်ခွင့် ပြုထားတော့သည်။
ရင်ရှီကို သတ်ခဲ့သူမှာ ကျိုးကျောက်ဖြစ်ကြောင်းသာ သိခဲ့ပြီး ကျင်းဟွမ်ကို ဤကဲ့သို့ ရက်ရက်စက်စက် လုပ်ကြံခဲ့သူမှာ မည်သူဖြစ်ကြောင်းကိုမူ လုံးဝ မသိခဲ့ချေ။
ကိုယ်လုပ်တော်နဉ်လား ဒါမှမဟုတ် သူနဲ့ ရန်ငြိုးရန်စ ရှိခဲ့ဖူးတဲ့သူလား ...
ဘယ်သူပဲဖြစ်ဖြစ် အားလုံးအတွက် အဓိက တာဝန်ရှိတဲ့သူက လီယင်းတစ်ယောက်တည်းပဲ ...
လီယင်း၏ လှုပ်ရှားမှုမှာ ညင်သာလှသည့်တိုင် ရေသံများကိုမူ ကြားနေရဆဲပင်။ ယွင်ချင်းစီက မျက်လုံးကိုသာ တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်၏။ ယခုလက်ရှိ လီယင်းမှာ အတိတ်ဘဝက လီယင်း မဟုတ်ဟု သူ့ကိုယ်သူ ကြိမ်ဖန်များစွာ သတိကပ်နေသည့်တိုင် အိပ်မောကျလုဆဲဆဲတွင် အနှိုးခံလိုက်ရသည့်အတွက် မပျော်မရွှင် ဖြစ်နေဆဲပင်။
"အသံမထွက်နဲ့ ..."
သူက လီယင်း အရှက်ရသွားစေရန် တမင်တကာ ပြောလိုက်သည်။
လီယင်းက မည်ကဲ့သို့ ဆေးကြောလိုက်သည်မသိ၊ ထိုအချိန်မှစ၍ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ ယွင်ချင်းစီမှာ လီယင်း ဘာကြောင့် နာခံမှု ရှိနေကြောင်းပင် တွေးနေရန် အချိန်မရှိ၊ ဆိတ်ငြိမ်လှသည့် ပတ်ဝန်းကျင်ကြောင့် တစ်ဖြည်းဖြည်း အိပ်မောကျသွားတော့သည်။
အဝတ်များ ပြန်လည်ဝတ်ဆင်နေသည့် လီယင်းအနားသို့ လျှိုကျီရူက ခြေသံတိုးတိုးဖြင့် ရောက်လာ၏။
"အရှင် ဒီစွပ်ပြုတ်နွေးနွေးလေးကို အရင် သူံးဆောင်လိုက်ပါ ဧကရီ စိုးရိမ်နေရတာတွေ သက်သာသွားအောင်လို့..."
ယွင်ချင်းစီကမူ သူ့ကို လားလားမျှပင် စိုးရိမ်ခြင်း မရှိချေ။
လီယင်းက ထိုစွတ်ပြုတ်ကိုယူကာ သောက်လိုက်ပြီးနောက် ရနံ့မွှေးလက်ဖက်ရည်ကြမ်းဖြင့် ခံတွင်းသန့်စင်ကာ လက်သုတ်ပဝါဖြင့် နှုတ်ခမ်းကို သုတ်လိုက်သည်။
လျှိုကျီရူက လင်ဗန်းကို ကိုင်ထားရင်း တိတ်တဆိတ် ပြန်ထွက်သွားတော့၏။
ယွင်ချင်းစီ၏ အိပ်ယာဘေးရှိ ကန့်လန်ကာများကို မပိတ်ရသေးရာ လီယင်းက ညအိမ်မီးအိမ်ကို ပြောင်းလဲထွန်းညှိပေးပြီးနောက် သူ့အိပ်ယာအနီး သွားကာ လိုက်ကာစကို ချပေးလိုက်သည်။
ဇာမဏီအိပ်ယာမှာ လွန်စွာ ကျယ်ဝန်းသည့်အပြင် ယွင်ချင်းစီကလည်း လေးပုံတစ်ပုံခန့်သာ နေရာယူထားသည့်အတွက် အခြားသူတစ်ယောက် ဝင်ရောက်အိပ်စက်နိုင်ရန် လုံလုံလောက်လောက် ကျယ်ဝန်းသေးပေသည်။
သို့သော် လီယင်းက လဲလျောင်းခြင်းမပြု။
ယွင်ချင်းစီက သူ့ကို လုံးဝ မချစ်တော့ဟူသည့် အချက်အား လက်ခံရပေတော့မည်။
ယွင်ချင်းစီ၏ နန်းဆောင်သို့ လာကာ သူ့ဘေးတွင် လဲလျောင်းလျက် ချစ်သူတို့အကြား လုပ်ဆောင်လေ့ရှိသည့် ကိစ္စများကို ဆောင်ရွက်ရန် မတွေးနိုင်တော့ချေ။
ချင့်ချိန်တွက်ဆရန်လည်း မည်သည့် အပြုအမူကိုမှ မယှဉ်တွဲနိုင်တော့။
ယွင်ချင်းစီက သန်းခေါင်ယံတွင် နိုးလာခဲ့သည်။
တစ်ယောက်ယောက်က သူ့ကို ခေါ်နေသည့်ဟန် တီးတိုးစကားသံကို ကြားလိုက်ရသည့်အတွက် နားစွင့်လျက်နှင့်ပင် တစ်ဖြည်းဖြည်း ထထိုင်လိုက်သည်။ ချထားသည့် လိုက်ကာစကြောင့် အလင်းရောင်ကို မမြင်ရလုနီးပါး ဖြစ်နေရာ ခေါင်းအုံးဘေးရှိ အနက်ရောင်အိတ်ထဲမှ ညလင်းပုလဲကို ဆွဲထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်က လိုက်ကာစကို လှပ်လိုက်သည်။
လီယင်းက သူ့အိပ်ယာဘေးရှိ တန်းလျားရှည်ပေါ်တွင် အိပ်မောကျနေ၏။ နဖူးနှင့် လည်ပင်းတစ်လျှောက် ချွေးများဖြင့် စိုရွှဲနေကာ ညလင်းပုလဲ၏ အလင်းရောင်အောက်တွင် မြင်လိုက်ရသည့် သူ့မျက်နှာမှာလည်း တစ္ဆေတစ်ကောင်နှယ် ဖွေးဆွတ်နေပေသည်။
ညလင်းပုလဲ၏ အလင်းရောင်ကြောင့်ထင်၊ မှိတ်ထားသည့် လီယင်း၏ မျက်လုံးတို့ ချက်ခြင်း ပွင့်လာသည်။
ထိုအခိုက်၌ ယွင်ချင်းစီ၏ နှလုံးခုန်သံတို့ သွေးရူးသွေးတန်း မြည်ဟီးလာတော့သည်။ ညလင်းပုလဲကို လွှတ်ချကာ အနောက်သို့ လက်မ အနည်းငယ်ခန့် ဆုတ်သွားမိတော့၏။
လိုက်ကာစလည်း အောက်ပြန်ကျသွားကာ သူ့ကို ဖုံးကွယ်ပေးလိုက်သည်။