အပိုင်း ၃၂
Viewers 12k

Chapter 32



ညလင်းပုလဲကိုမူ အပြင်ဘက်ရှိ ဖြူလွလွ လက်တစ်ဖက်က ခိုင်မာစွာ ဖမ်းဆုပ်ထားလိုက်၏။

ယွင်ချင်းစီ၏ မျက်တောင်တို့ ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ရီလာကာ အသက်ပင် မရှူရဲတော့ချေ။

လီယင်းသည် အအေးနန်းဆောင်သို့ သွားရောက်ခဲ့သည့်အတွက် ထိုနေရာမှ သရဲတစ်ကောင်ကောင်၏ ဝင်စီးခြင်းကို ခံနေရသလားဟုပင် တွေးလိုက်မိတော့သည်။

မဟုတ်ရင် ဘယ်လိုလုပ်ပြီး သူ့အကြည့်တွေက သေလောက်အောင် ကြောက်စရာ ကောင်းမှာတဲ့လဲ ...

မျက်နှာကြီးက ဖြူလျော်ပြီး သူငယ်အိမ်တွေက တွင်းနက်‌ကြီးတွေလိုပဲ မျက်ဆန်အမည်းရောင်က တူးထုတ်ခံထားရသလို ဘာအလင်းရောင်မှလည်း မရှိတော့ဘူး ...

သူ့အကြည့်တွေက လူတစ်ယောက်ကို အရှင်လတ်လတ် သတ်စားလိုက်ချင်နေတဲ့အတိုင်းပဲ ...

လိုက်ကာစ အပြင်ဘက်၌လည်း အသံတိတ်ဆိတ်သွားတော့သည်။

တစ်ခဏအကြာ၌ အသံတစ်ခုကို ကြားလိုက်ရ၏။

"ချင်းစီ? ..."

ဤသည်မှာ လီယင်း၏ အသံဖြစ်ကာ လွန်စွာ ညင်သာနေသည့်အတွက် ယွင်ချင်းစီလည်း အနည်းငယ် တုန့်ဆိုင်းသွားတော့သည်။

"အရှင် ? ..."

"အမ်း ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ် အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီ မင်းကို ခြောက်လှန့်မိသွားတာလား ..."

ယွင်ချင်းစီက လီယင်းသည် ယခုလတ်တလောတွင် ကောင်းစွာ အိပ်စက်၍မရဟု ကြားထားသည့်တိုင် သူ့မျက်စိဖြင့် ပထမဆုံးအကြိမ် တပ်အပ်ကြုံဖူးခြင်း ဖြစ်ပေသည်။

လီယင်း၏ အိပ်မက်ဆိုးများမှာ လွန်စွာ  မူမမှန်လှကြောင်း ဘာကြောင့် ယွမ်ပေါင်က မပြောခဲ့သလဲဟု တွေးမိစ ပြုလာတော့သည်။

မဟုတ်သေးဘူး အဲဒီ့အချိန်တုန်းက ယွမ်ပေါင်က ပြောချင်ခဲ့တဲ့ပုံပဲ လီယင်း ရုတ်တရက် ရောက်လာလို့သာ သူ့စကားကို ရပ်လိုက်တာ ...

ထို့နောက်ပိုင်း ယွမ်ပေါင် နောက်တစ်ကြိမ် လာရောက် အစီရင်ခံသည့်အခါ လီယင်းမှာ ကောင်းစွာ အိပ်ပျော်ခြင်း မရှိဟုသာ ပြောတော့သည်။ တစ်စုံတစ်ယောက်က သတင်းအချက်အလက်ကို တမင်တကာ ပိတ်ဆို့ထားသည့်နှယ်။ ယွင်ချင်းစီက လီယင်း၏ ကျန်းမာရေးကို ပူပန်လေ့ ရှိသည့်အတွက် ဤကဲ့သို့သော အစီရင်ခံစာမျိုး ရခဲ့သည့်တိုင် မအံ့ဩခဲ့မိချေ။

လီယင်းက ဘာလို့ အိပ်မက်ဆိုးတွေ မက်နေတာလဲ ပြီးတော့ ဘယ်အချိန်ကတည်းကလဲ ဘာလို့ အတိတ်ဘဝမှာ ဒါမျိုး ဖြစ်ခဲ့လားဆိုတာကို မမှတ်မိရ‌တာလဲ ...

ပြီးတော့ လီယင်းကလည်း ဘာလို့ ယွမ်ပေါင်ကို နှုတ်ပိတ်ထားချင်ရတာလဲ ...

သူ ဘာတွေကို ဖုံးကွယ်ထားချင်နေတာလဲ ...

မေးခွန်းတို့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော်ငြား မည်ကဲ့သို့ ဖြေရှင်းသင့်မှန်း မစဉ်းစားတတ်တော့ချေ။

မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ်မှာပင် လီယင်း၏ စကားသံကို ကြားလိုက်ရပြန်သည်။

"အဆင်ပြေရဲ့လား ..."

တစ်ခဏမျှ ရပ်သွားပြီးကာမှ သူက ဆက်မေးလိုက်သည်။

"ကိုယ် မင်းကို ကြည့်ကြည့်လို့ ရမလား ..."

ဒီလို အသေးအဖွဲလေးတွေကို မေးနေဖို့ လိုလို့လား ...

ယွင်ချင်းစီက လိုက်ကာစကို ခြေထောက်ဖြင့် ကန်လိုက်ပြီး လီယင်းက လက်ကိုမြှောက်ကာ ဆွဲဖွင့်လိုက်၏။ ညလင်းပုလဲ၏ အလင်းရောင်ကြောင့် ကုတင်တစ်ခုလုံး ရုတ်ချည်း ထိန်လင်းသွားတော့သည်။ လီယင်း၏ မျက်နှာမှာ ဖြူလျော်နေဆဲ ဖြစ်သည့်တိုင် အကြည့်တို့မှာမူ ညင်သာနက်ရှိုင်းနေပြီဖြစ်သည်။ အစောပိုင်းက ဖြစ်ခဲ့သမျှ အားလုံးမှာ ပုံရိပ်ယောင်များနှယ်ပင်။

ထိုသူက အိတ်အမည်းကိုယူကာ ညလင်းပုလဲကို ပြန်ထည့်ပြီး လိုက်ကာစကို ဘေးတွင်ချည်၍ မီးထထွန်းလိုက်သည်။ ထို့နောက် အိပ်ယာအနား ပြန်လာကာ ယွင်ချင်းစီ၏ဘေးတွင် ဝင်ထိုင်ပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ် ကိုယ် မင်းကို ခြောက်လှန့်မိသွားပြီ ..."

ယနေ့တစ်နေ့တည်းတွင်ပင် လီယင်းက သူ့ကို ကြိမ်ဖန်များစွာ တောင်းပန်စကား ဆိုခဲ့သည်။

ယွင်ချင်းစီလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်လာတော့၏။ သူသည် လီယင်း၏ မောက်မာမှုများကို အသားကျနေပြီးဖြစ်ရာ အထူးအထွေ တောင်းပန်နေရန် မလိုအပ်။ ခပ်နိမ့်နိမ့် တန်းလျားရှည်ကို မြင်လိုက်သည့်အခါ မယုံနိုင်ဟန်တို့ ဖုံးဖိ၍ မရစွာ ထွက်ပေါ်လာတော့သည်။

ထိုခုံတန်းရှည်မှာ အိပ်ဖန်စောင့်များအတွက် ထားထားခြင်းဖြစ်ကာ လွန်စွာ ကျဉ်းမြောင်းလှ၏။ လီယင်း၏ အရပ်နှင့်သာဆိုလျှင် ခြေထောက်တို့ကို တွဲလွဲချကာ ကျယ်ပြန့်သည့် ပုခုံးတို့မှာလည်း ခုံတန်း၏ ဘေးဘက်အထိ အစွန်းထွက်နေပြီး တစ်ဖက်သို့ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ပြုတ်ကျသွားပေလိမ့်မည်။

ယွင်ချင်းစီက အနည်းငယ် နှစ်ထောင်းအားရ ဖြစ်သွားကာ ပြောလိုက်သည်။

"ဘာလို့ ဒီမှာ အိပ်နေတာလဲ ..."

"မင်းအိပ်နေတာကို နှောင့်ယှက်မိမှာကြောက်လို့ ..."

"အရမ်းကို မသက်မသာ ဖြစ်နေမှာပေါ့ ..."

ယွင်ချင်းစီက အလေးအနက် ပြောလိုက်သည်။

"ဘာလို့ ကျန်းရှန်းနန်းဆောင်ကို ပြန်မအိပ်တာလဲ ..."

လီယင်းက တစ်ခဏမျှ အသံတိတ်သွားတော့သည်။

"ကိုယ် မင်းနဲ့ပိုပြီး နီးနီးကပ်ကပ် နေချင်လို့ ..."

ယွင်ချင်းစီက အကျယ်ကြီး အော်ရယ်ချလိုကိ၏။

သူက လီယင်းကို ကန်ကာ ပြောလိုက်သည်။

"ဘာတွေ လုပ်နေတာလဲ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား မဟုတ်လား မင်းကို ထပ်ပြီး မကြိုက်တော့ဘူးလို့ ဘာတွေ လုပ်နေတာလဲ ..."

သူက ခေါင်းကိုစောင်းကာ ပြောလိုက်သည်။

"မင်းကိုယ်မင်း ဒီလိုမျိုး အနိုင်ကျင့်ခံချင်နေတာလား ..."

သူက အမှန်တကယ်ကို ဝေဝါးကာ ပဟေဠိ ဖြစ်နေခြင်း ဖြစ်သည်။

"ငါက မင်းရဲ့ အမည်ခံ ဧကရီ ဆိုပေမယ့် ငါတို့ရဲ့ ဆက်ဆံရေးကလွဲရင် သူငယ်ချင်းတွေ ဒါမှမဟုတ် အကျိုးတူ မိတ်ဆွေတွေတော့ ဖြစ်နိုင်ပါသေးတယ် မင်းကို  တမင်တကာ အခက်တွေ့စေမှာ မဟုတ်ပါဘူး ..."

သူက လီယင်းကို ခြေဖဝါးဖြင့် ဆက်တွန်းလိုက်၏။ သူ့လေသံမှာ လွန်စွာ ညင်သာကာ ညှိနှိုင်းဆွေးနွေးလိုသည့်ဟန်။

"အားယင်း ကိုယ့်ကိုယ်ကို မနှိပ်စက်နေနဲ့တော့ လိမ်လိမ်မာမာနဲ့ ကျန်းရှန်းနန်းဆောင်ကိုပြန် မင်းမှာ တစ်နာရီလောက် အိပ်ချိန်ရှိသေးတယ် ..."

ယွင်ချင်းစီက လီယင်းကို တစ်ခုခု လုပ်ပေးစေလိုချိန်တိုင်း ဤကဲ့သို့ ခြေထောက်ဖြင့် တွန်းကာ လွန်စွာ ကလူကျီဆယ်တတ်သည့် လေသံဖြင့် တောင်းဆိုလေ့ ရှိပေသည်။ လှုပ်ရှားမှုတို့လည်း မပြောင်းလဲ၊ လေသံလည်း မပြောင်းလဲသည့်တိုင် စကားလုံးတို့မှာမူ ချွန်ထက်သည့် ဓားသွားတစ်လက်နှယ် လီယင်း၏ နှလုံးသားကို အစိတ်စိတ်အမြွာမြွာ လှီးဖြတ်သွားတော့သည်။

လီယင်းက သူ့ခြေထောက်ကို ဖမ်းဆုပ်လိုက်၏။ ယ

ယွင်ချင်းစီကလည်း ပြန်မဆွဲ။

လီယင်းက ကြိတ်မှိတ်သည်းခံကာ မသက်မသာ ဖြစ်သည့်နေရာ၌ ဆက်နေနေမည်ကို အမှန်တကယ်ပင် မလိုလားချေ။ သူ့စိတ်အတွေးအလုံးစုံကို ပုံအပ်ကာ ထိုသူကို မချစ်လိုတော့သကဲ့သို့ ထိုသူက သူ့အတွေး အကုန်လုံးကို သူ့အပေါ်(ယွင်ချင်းစီ) ပုံအပ်နေမည်ကိုလည်း မလိုလားပေ။

အကျိုးအမြတ်သည် ဆုံးရှုံးမှုကို မကာမိပါလျှင် မုန်းတီးခြင်းထံ ဦးတည်သွားပေလိမ့်မည်။

လီယင်းက သူ့ကို မော့ကြည့်လိုက်၏။ သူ့အတွေးတို့ကို နည်းနည်းမျှပင် ခန့်မှန်း၍ မရ။ သူ လုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ ယွင်ချင်းစီကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ရန်သာ ဖြစ်သည့်နှယ်။

"ကိုယ် မင်းကို မချစ်တော့ဘူးဆိုရင် မင်း ပျော်မှာလား ..."

ယွင်ချင်းစီက ထိုအကြောင်းကို အလေးအနက် စဉ်းစားလိုက်သည်။

လီယင်းက သူ့ခြေထောက်တို့ကို တိတ်တဆိတ် ကိုင်ထားလိုက်၏။ လက်ချောင်းတို့က သူပင် မသိလိုက်ပါဘဲ အလိုလို ကွေးလာတော့သည်။ သူ့နှလုံးသားတစ်ခုလုံး ဖော်ပြရန် ခက်ခဲလှသည့် ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားတော့သည်။

လက်ချောင်းတို့ဖြင့် ယွင်ချင်းစီ၏ ခြေကျင်းဝတ်ကို ထိကိုင်လိုက်၏။ သူ့လက်ဖဝါးနှင့် ထိတွေ့မိရာတစ်လျှောက် အရေပြားတိုင်းမှာ နူးညံ့ချောမွေ့လှပေသည်။ မျက်လွှာချလျက် ငုံ့ကြည့်လိုက်မိသည့် ယွင်ချင်းစီ၏ ခြေဖဝါးတို့မှာ ယခင်အတိုင်း ရေခဲသဖွယ် ဆွတ်ဆွတ်ဖြူကာ နူးညံ့လှပနေမြဲပင်ဖြစ်သည်။

ယွင်ချင်းစီ၏ စကားသံက သူ့နားထဲသို့ ပြတ်ပြတ်သားသား ဝင်ရောက်လာ၏။

"ဘယ်လိုမှ ခံစားရမှာ မဟုတ်ဘူး ..."

ပျော်တာလည်း မဟုတ်ဘူး မပျော်တာလည်း မဟုတ်ဘူး ...

လီယင်း သူ့ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ယွင်ချင်းစီအဖို့ အရေးမပါလှတော့။

လီယင်း၏ လည်စလုပ် အထက်အောက် ရွေ့လျားသွားကာ မပြောရသေးသည့် စကားလုံးများကို မျိုချလိုက်သည်။

အတိတ်ဘဝက သူ တောင်းဆိုခဲ့သမျှ ဆုတောင်းအားလုံးမှာ အသက်ရှင်သန်‌နေဆဲ ယွင်ချင်းစီကို နောက်တစ်ကြိမ် ပြန်တွေခွင့်ရရန်သာ ဖြစ်သော်ငြား လူသားတို့မည်သည် ထာဝစဉ် လောဘကြီးတတ်သူများ ဖြစ်ပေသည်။ အသက်ရှင်နေသူကို တွေ့လိုက်ရသည့်အခါ ယွင်ချင်းစီက သူ့ကို ချစ်နေစေရန် ယခင်အတိုင်း နက်ရှိုင်းစွာ ချစ်ခင်တွယ်တာနေဆဲဖြစ်ရန် မျှော်လင့်မိလာပြန်တော့သည်။

လူသားများသည် ရက်စက်ကာ ထောင်လွှားမောက်မာတတ်ပြီး ပိုင်ဆိုင်ပြီးသား အရာတစ်ခုကို အဆုံးရှုံးမခံလိုပေ။

နှစ်ခုလုံးကို ရယူပိုင်ဆိုင်ချင်၍ မရ။ သူ့ဂုဏ်သိက္ခာ၊ ကိုယ့်ကိုယ့်ကို တန်ဖိုးထားမှုနှင့် ထီးနန်းတို့မှာ ပြင်းထန်စွာ တောက်လောင်နေသည့် မီးတောက်၏ အရှေ့တွင် ဘာမှ မဟုတ်တော့ကြောင်းကို အဆုံးသတ်ချိန်မှသာ သဘောပေါက်သွားတော့သည်။

သို့သော် အခွင့်အရေးဟူ၍ မရှိတော့။

ထိုစဉ် စကားဝိုင်းတစ်ခုကို ရုတ်တရက် သတိရသွားတော့သည်။

"အရှင့်ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့အရာ မရှိဘူးလို့ တွေးခဲ့ဖူးသလား ဒါပေမယ့် တကယ်လို့ ရှိခဲ့တယ် ဆိုရင်တောင် အကုန်လုံးက အရှင့်ရဲ့ ကံတရားအတိုင်းပါပဲ ..."

"ကိုယ်တော်လည်း ဒီလို တွေးခဲ့ဖူးတယ် ..."

"တကယ်လို့ အရှင့်အနေနဲ့ အတိတ်ကို ပြန်သွားနိုင်ခဲ့မယ် ဆိုရင်တောင် ဒီဘဝရဲ့ ပြီးခဲ့ပြီးသား ဇာတ်သိမ်းကိုတော့ ပြောင်းလဲလို့ မရဘူးဆိုတာ သိထားရပါမယ် ..."

".. တကယ်လို့ တစ်ခြား'ငါ' က ပြန်လာနိုင်ခဲ့ရင် အဲဒီ့နှစ်တွေအကုန်လုံး ထိုက်တန်ပါတယ် ..."

သူက မေးလိုက်သည်။

"ဆရာ ကျွန်တော့်ကို အဲဒီ့ ယုံကြည်မှု ပေးအပ်နိုင်မလား ..."

"ဒီမီးအိမ်သာ အနီရောင် ပြောင်းသွားရင် အရှင့်ရဲ့ ရိုးသားမှုက ရွှေကျောက်တုံးကို ဖွင့်လှစ်နိုင်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ ..."

ထိုသူက မန္တာန်ကို ဆက်လက်ရွတ်ဆိုလိုက်သည်။

"အရှင်မင်းကြီး စိတ်ချလက်ချ နေလို့ ရပါပြီ ..."

...

အတိတ်ဘဝက သူသာ အမှန်တကယ် အလုပ်ဖြစ်ကြောင်းနှင့် မျှော်စင်ပေါ်မှ ခုန်ချသွားသည့် ဧကရီ နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာကြောင်း သိခဲ့ပါလျှင် ယွင်ချင်းစီ သူ့အပေါ် ယခင်ကကဲ့သို့ ချစ်ခြင်း မချစ်ခြင်းကို ဂရုစိုက်နေတော့မည် မဟုတ်ချေ။

လီယင်း၏ နှလုံးသားတစ်ခုလုံး ခြေရာလက်ရာပင် မကျန်ရစ်ဘဲ အသူတစ်ရာ ချောက်နက်ထဲသို့ ပြုတ်ကျသွားတော့သည်။

ယွင်ချင်းစီက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒါပေမယ့် နည်းနည်းလေးတော့ မလိုလားစိတ်လေး ဖြစ်မိမယ်ထင်တယ် ..."

လီယင်း၏ မျက်လုံးတို့ ချက်ခြင်း ပြူးကျယ်လာတော့သည်။

သူ့နှလုံးသားထဲရှိ မတင်းတိမ်နိုင်ခြင်း မီးတောက်တို့ တစ်ဖန် တောက်လောင်စ ပြုလာတော့သည်။

မရေမတွက်နိုင်လောက်အောင် များပြားလှသည့် မျှော်လင့်ချက်တို့ကို ရင်ဝယ်ပိုက်ကာ ယွင်ချင်းစီအား ကြည့်နေလိုက်၏။  သို့သော် ယွင်ချင်းစီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ကာ လှောင်ပြောင်လိုဟန်တို့ ရောစွက်လာသည်ကိုသာ တွေ့လိုက်ရတော့သည်။

သူ့ကို နောက်တစ်ကြိမ် စနောက်နေပြန်တာပဲ ...

သိူ့သော် ဤသည်မှာ ယွင်ချင်းစီ၏ စရိုက်အမှန်ပင် ဖြစ်ပေသည်။ သူ ရင်းနှီးမြှုပ်နှံထားသည့် အရာအတွက် အကျိုးရလဒ်တစ်ခုခုကို ကျိန်းသေ လိုချင်ကာ တူညီသည့် အရာမျိုး ပြန်မရသည့်တိုင် အခြားတစ်နည်းနည်းဖြင့် အရယူမည့်သူ ဖြစ်သည်။

လီယင်းက စကားတစ်ခွန်းမှ မဆို။

ခေါင်းကိုငုံ့ကာ ယွင်ချင်းစီ၏ ခြေထောက်အား စောင်အောက်သို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။ တစ်ဖက်သူက ခြေထောက်ကို ပျင်းတိပျင်းရွဲဖြင့် ပြန်ဆွဲရင်း စဉ်းစားလိုက်သည်။

ဒီခွေးဘုရင်က ရူးနေတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား ...

မေးခွန်းကို နောက်တစ်ကြိမ် ပြန်မမေးတော့။ ဟန်ချက်ညီမှုနှင့် ဖော်ရွေမှုတို့ ပြန်လည် ရရှိလာသည့်ဟန် သာမန်ကာလျှံကာ ပြောလိုက်သည်။

"မနက်ခင်း ညီလာခံ ကျင်းပချိန်တောင် နီးနေပြီပဲ နည်းနည်းလောက် အနားယူချင်လား ..."

"မင်းကရော ..."

"သေချာပေါက်ကို အိပ်မှာပေါ့ ဒီလိုမျိုး ချမ်းချမ်းအေးအေး နေ့မျိုးဆို ကိုးနာရီလောက်အထိတောင် အိပ်နိုင်သေးတယ် ..."

ယွင်ချင်းစီက သူ့ကိုယ်ကို စောင်ဖြင့် လိပ်လိုက်ပြီးနောက် စောင်အနားစတို့ကို သူ့အတွက် လုံးပေးနေသည့် လီယင်းကို တွေ့လိုက်ရသည်။

သူ့ကို နောက်တစ်ကြိမ် မော့ကြည့်မိလိုက်ပြန်တော့သည်။

သိလိုစိတ်ကို ချုပ်တည်းထား၍ မရတော့သည့်ဟန်ဖြင့် မေးလိုက်မိတော့သည်။

"ဘာလို့ အအေးနန်းဆောင်ကို သွားခဲ့တာလဲ ..."

".. မင်းပဲ နန်းမြင့်မျှော်စင်တစ်ခု ဆောက်ချင်လို့ဆို ..."

"ပြောတော့ကျ မဆောက်ဘူးဆို ..."

လီယင်းက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။

"ဘာလို့ ဆောက်ချင်တာလဲ ..."

"မင်းက ငါ့ကို အကြွေးတင်နေတယ်လို့ ထင်လို့လေ ..."

သူက ပြောလိုက်သည်။

"မင်းက ငါ့ကို နန်းတော်ထဲ ပြန်လိုက်လာဖို့ ထောင်ချောက်ဆင်ခဲ့တာ အဲဒါအတွက် ဘာတစ်ခုမှလည်း ပြန်မရဘူး အဆောက်အဦးလေး တစ်ခုလောက်တောင် တောင်းဆိုလို့ မရဘူးလား ..."

"ကိုယ် ထောင်ချောက်ဆင်တာ မဟုတ် ..."

"လာပြန်ပြီ ..."

ယွင်ချင်းစီက သူ့စကားကို ဖြတ်ပြောကာ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"မင်းကိုယ်မင်း စိတ်မထိန်းနိုင်လို့ပါလို့ ပြောဦးမလို့လား ဒီအဆောက်အဦးကိုပဲ လိုချင်တာ ပေးမှာလား ဒါမှမဟုတ် အခုချက်ခြင်း ထွက်သွားမလား ..."

ခေါင်းကို စောင်ဖြင့်အုပ်ကာ လက်ကို ဆန့်ထုတ်လျက် ထေ့ငေါ့လိုက်သည်။

"ကပ်စေးနှဲလိုက်တာ ..."

လီယင်း "..."

သူ့ကို နောက်ကျောပေးကာ စောင်ကို ခြေထောက်ဖြင့် အတင်း ကန်နေသော ယွင်ချင်းစီကို စိုက်ကြည့်နေလိုက်သည်။

"တကယ်ပဲ လိုချင်နေတာလား ..."

အမှန်တကယ်တော့ ဤမျှအထိ လိုချင်နေခြင်းလည်း မဟုတ်ပေ။ သို့သော် အတိတ်ဘဝက မော့ကြည့်လေတိုင်း ထိုနန်းဆောင်၏ မီးအလင်းရောင်တို့ကို တွေ့ရခြင်းအား နေသားကျနေပြီ ဖြစ်သည့်အတွက် ယခု မတွေ့ရသည့်အခါ တစ်ခုခု လစ်ဟာနေသည်ဟု ခံစားမိလာတော့သည်။ သိူ့သော် အဓိက အရေးအကြီးဆုံးအချက်မှာ ထိုအဆောက်အဦးက ကိုယ်စားပြုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။

ချီဖန်းနန်းဆောင်မှာ သူတစ်ဦးတည်းအတွက် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ လူတိုင်း မျက်မြင်တွေ့နေရသည့် မိုးထိ မြင့်မားသော ဂုဏ်ကျက်သရေနှင့်သာ ဆိုပါလျှင် မည်သူကမှ သူ့ယွင်မိသားစုကို အထင်သေးရဲတော့မည် မဟုတ်ချေ။

ထို့အပြင် မျှော်စင်၏ ထိပ်ဆုံးမှ ကြည့်လိုက်ပါလျှင် ကလေးဘဝက သူ့အမေနှင့်အတူ နေထိုင်ခဲ့သည့် ခြံဝင်းကိုလည်း တွေ့မြင်ရသည်။ ယွင်ချင်းစီက ထိုမျှော်စင်ကို လွန်စွာ သဘောကျလွန်း၍သာ မဟုတ်ပါလျှင် ဤနေရာမှ ခုန်ချရန် ဆုံးဖြတ်ခဲ့မည် မဟုတ်ချေ။

အတိတ်ဘဝက လီယင်းသည် သူ့ကို နန်းတော်မှ နှင်ထုတ်ခြင်းအားဖြင့် ဂုဏ်သတင်း ညှိုးနွမ်းစေသည့်အတွက် ယွင်ချင်းစီသည် နှစ်သက်မှုကို အခံရဆုံး ဧကရီအဖြစ် ရှိနေသေးကြောင်း တစ်လောကလုံး သိသွားစေရန် ဤနန်းဆောင်ကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုဘဝတွင် လီယင်းက သူ့ကို မင်းခမ်းမင်းနားဖြင့် ကိုယ်တိုင် လာရောက်ခေါ်ဆောင်ပေးခဲ့သည့်တိုင် ၎င်းမှာ လက်ဆုပ်လက်ကိုင် ပြရန်မရှိ။  နန်းဆောင်ကသာလျှင် စဉ်ဆက်မပြတ်ဘတည်ရှိနေမည့်  ကြေငြာချက် အစစ်အမှန်  ဖြစ်ပေသည်။

ယွင်ချင်းစီသည် ထောင်လွှားမောက်မာကာ အရှက်မရှိသူ ဖြစ်သည်။ သူက လီယင်းကို ကျောပေးလျက်ဖြင့်ပင် ပြောလိုက်သည်။

"အမ် ..."

"ကောင်းပြီ ..."

လီယင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

"မနက်ဖြန်ကျ ကိုယ် အလုပ်သမားဌာနကို ပုံကြမ်းဆွဲလာဖို့ အမိန့်ပေးလိုက်မယ် ..."

"ငါ့မှာ ဆွဲပြီးသား ရှိတယ် ..."

လီယင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့် ယွင်ချင်းစီက ချက်ခြင်း အိပ်ယာပေါ်မှ ဆင်းကာ ခြေဗလာဖြင့်ပင် စားပွဲပေါ်မှ ပုံကြမ်းစာရွက်ကိုယူကာ လီယင်းလက်ထဲသို့ အပြေးအလွှား ထည့်ပေးလိုက်သည်။

"ကြည့်ကြည့်ပါဦး ဘယ်လိုနေလဲ ငါဆွဲထားတာ မဆိုးဘူး မဟုတ်လား ..."

"..."

အလုပ်သမားဌာနက လက်ရာမှန်း အသိသာကြီးပါနော် ...

ပုံကြမ်းကို စိုက်ကြည့်နေရင်း လီယင်း၏ ခေါင်းမှာ စူးခနဲ နာကျင်လာပြန်သည့်အတွက် စာရွက်ကို ခေါက်လိုက်မိလျှင် ယွင်ချင်းစီက သူ့ကို ပြောလာသည်။

"ဘာတွေ လုပ်နေတာလဲ မခေါက်နဲ့လေ တွန့်သွားရင် နောက်တစ်ခါ ပြန်ကြည့်တော့ ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်း မြင်ရတော့မှာလဲ ..."

လီယင်းက လက်ကိုလွှတ်ကာ စာရွက်ကို အိပ်ယာဘေးရှိ စားပွဲပေါ် တင်ပြီးနောက် ယွင်ချင်းစီ၏ ခြေဖဝါးကို ဆုပ်ကိုင်လိုက်သည်။ သူ့ကို ညောင်စောင်းပေါ် ချပေးကာ စောင်ခြုံပေးလျက် ပြောလိုက်သည်။

"ဒီလိုမျိုး တည့်တိုးကြီး တောင်းဆိုနေတာ ကိုယ် အမျက်ထွက်သွားမှာ မကြောက်ဘူးလား ..."

ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ပြလိုက်သည်။

"နန်းမြို့တော်ကြီး ပိုလှသွားဖို့အရေး မင်းတို့ လီမိသားစုကို ပုံကြမ်းတောင် အလကားပေးထားတာ အခုကနေစပြီး ရာစုနှစ်တွေ အများကြီး ကြာတဲ့အထိ ပိုပိုပြီး နာမည်ကြီးလာတော့မှာလေ ငါ့ကို ကျေးဇူးတင်ရမယ့်အစား ဘာလို့ အမျက်ထွက်မှာလဲ ..."

ယွင်ချင်းစီက သူ့ကို စိုးစဉ်းမျှပင် ကြောက်ရွံ့ခြင်းမရှိ။

လက်ထပ်ပွဲ၏ အကျိုးအမြတ်အနေဖြင့် ထိုနန်းမြင့်မျှော်စင်သည် လီယင်းကို သူတောင်းဆိုသည့် ပထမဆုံး ဂုဏ်သရေပင် ဖြစ်ပေသည်။

ကျန်းစစ်ယုံ၏ လစ်လပ်သွားသော နေရာလွတ်တွင် သူ၏ တတိယအစ်ကိုကို တွန်းပို့ရန် ကြံစည်ထားသော်ငြား ယခူအချိန်တွင် လီယင်းနှင့် နိုင်ငံရေး ဆွေးနွေးရန်အထိ အခြေအနေ မကောင်းလှသေးပေ။ လီယင်းသည် သူ ကြိုးဆွဲရာကမည့် ရူးကြောင်ကြောင် ဘုရင်တစ်ပါး မဟုတ်သည့်အတွက် အိပ်ယာပေါ်က စကားများဖြင့် သိမ်းသွင်းနိုင်မည် မဟုတ်ချေ။

သို့သော် လီယင်းသာ သူ့အတွက် နန်းဆောင်တစ်ခု ဆောက်လုပ်ရန် အမိန့်ပေးလိုက်ပါလျှင် အောက်ခြေရှိ လူများက တော်ဝင်မိသားစု၏ မျက်နှာသာပေးခြင်း ခံရသူမှာ မည်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသွားပေလိမ့်မည်။

ထိုအခါ ကြံစည်ရန် ပိုမို လွယ်ကူသွားချေမည်။

လီယင်းက သူ့ကို စူးစူးစိုက်စိုက် ကြည့်ကာ မသိမသာ ပြုံးလိုက်သည်။

"ဧကရီက တစ်မှတ် ရှိနေတာပဲ ..."