Chapter 33
လီယင်းသည် အမြဲလိုလို မနက်စောစောထကာ ရုံးတော်နှင့် သက်ဆိုင်သည့် စာရွက်စတမ်းများအား ဖတ်ရှုလေ့ ရှိပေသည်။ အားလုံး ဖတ်ပြီးလုနီးပါး ဖြစ်သည့်အခါ ဆံပင်ကို ဖြီးသင်၊ အဝတ်အစား ဆင်ယင်လျက် ညီလာခံ ကျင်းပရာ မင်သဲနန်းဆောင်သို့ ကြွချီလေ့ရှိသည်။
အတိတ်ဘဝ နှစ်ပေါင်းများစွာတွင် ထိုအကျင့်ကို တစ်ရက်မျှပင် မပြောင်းလဲခဲ့။ နားနေချိန်အတွင်း ယွင်ချင်းစီနှင့်အတူ တစ်ခဏမျှ လဲလျောင်းတတ်သော်ငြား မနက်ခုနစ်နာရီမှ ကိုးနာရီအကြား နောက်ဆုံးထား၍ အိပ်ယာထလေ့ ရှိပေသည်။
စာရေးစာဖတ်ကာ နိုင်ငံ့ရေးရာအကြောင်း ဆွေးနွေးတိုင်ပင်ခြင်း သို့မဟုတ်ပါလျှင် ကိုယ်ခံပညာ လေ့ကျင့်ခြင်းတို့ကို အချိန်မှန် ပြုလုပ်လေ့ရှိပြီး ဘယ်သောအခါကမှ ပျင်းရိပေါ့ဆစွာ မနေထိုင်ခဲ့ချေ။
ယွင်ချင်းစီကမူ မိခင်ဖြစ်သူ ချင်ဖေးလောက သူ့အပေါ် လွန်စွာ စည်းကမ်းတင်းကြပ်ကာ သင်ယူသင့်သည်အားလုံးကို သင်ယူစေခဲ့သည့်တိုင် များစွာ အလိုလိုက်ခဲ့သည့်အတွက် တစ်ကြိမ်တစ်ခါမှ အိပ်ယာ စောစော မထခဲ့ရဖူးချေ။
ချင်ဖေးလောက သူ့အပေါ် များစွာ မျှော်လင့်ချက်မထား။ သူသည် မှူးမတ်မိသားစု၏ သာမန်သားတစ်ဦးသာ ဖြစ်သည့်အတွက် မိသားစုကို ဂုဏ်ဆောင်နိုင်ခြင်း ရှိမရှိမှာ များစွာ အရေးမပါလှ။ ငယ်စဉ်ဘဝတစ်လျှောက် သူမထံမှ အများဆုံး ကြားရသည့် ဆုံးမစကားမှာ အကယ်၍ အနာဂတ်တွင် သူ သဘောကျသည့် မိန်းကလေးတစ်ဦး ရှိလာပါလျှင် သူမကို ထာဝရ သစ္စာရှိသွားရမည်ဟူသည့် စကားသာ ဖြစ်ပေသည်။
သူမက ယွင်ချင်းစီကို မိန်းကလေးတစ်ဦးထံမှ ယောကျာ်းများ တောင်းလေ့ရှိသည့် အရာကိုသာလျှင် တောင်းဆိုခဲ့သည်။ အမတ်ချုပ်ယွင်နှင့် အခြားအမျိုးသမီးတစ်ဦး၏ ကိစ္စက သူမကို အလွန်ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည့်ဟန်။ သူမ၏ ခြံဝင်းထဲရှိ အစေခံအများစုမှာ အမျိုးသမီးအစေခံများသာ ဖြစ်သွားတော့သည်။ ဤသည်မှာ သူမက ယောကျာ်းများကို မုန်းတီး၍ မဟုတ်၊ ယောကျာ်းတို့မည်သည် မည်မျှပင် စွမ်းဆောင်နိုင်စွမ်း ရှိနေပါစေ အမျိုးသမီးများကို ဆက်ဆံရာ၌ အရူးတစ်ယောက်သဖွယ် ဖြစ်သွားတတ်သည်ဟု ခံစားရ၍ ထိုအရူးများနှင့် မပတ်သက်လို၍သာ ဖြစ်ပေသည်။
ထို့ကြောင့်လည်း ယွင်ချင်းစီကို အရူးတစ်ယောက် ဖြစ်မလာစေရန် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် သူမ ဂရုတစိုက် ပျိုးထောင်ခဲ့ပါသည့် သားဖြစ်သူသည် ချစ်ခင်ရမည့် အမျိုးသမီးတစ်ဦးနှင့် တွေ့ရမည့်အစား သူမအနေဖြင့် "အရူး" ဟု သတ်မှတ်ထားသူတစ်ဦးကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ချစ်ကျွမ်းဝင်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားမည် မဟုတ်ချေ။
ယွင်ချင်းစီကို အရူး မဖြစ်ရန်သာ ဆုံးမခဲ့ကာ အရူးတစ်ယောက်နှင့် တွေ့လာပါလျှင် မည်သို့ ကိုင်တွယ်ရမည်ဟု မသင်ပြခဲ့မိ။
မနက်မိုးမလင်းခင်မှာပင် လီမျိုးရိုး အရူးကောင်သည် ဝေါယာဉ်စီးလျက် ထွက်ခွါသွားတော့သည်။
ယွင်ချင်းစီက သူ့ကို ဗလာသပ်သပ် စိုက်ကြည့်နေပြီးနောက် တစ်ခဏအကြာတွင် မိခင်ဖြစ်သူ၏ စကားများကို သတိရသွားတော့သည်။
သူ့ကို နက်နက်ရှိုင်းရှိုင်း သဘောကျစေသည့် အချက်တစ်ခုမှာ ချင်ဖေးလောက သူ့ကို အမျိုးသမီးတို့ တတ်အပ်သည့် လက်မှုအတတ်များကိုလည်း သင်ယူစေခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ယွင်ချင်းစီသည် ငါးနှစ်သာ ရှိသေးကာ လွန်စွာ နာခံမှု ရှိလှပြီး သူ့ကို သင်ယူခိုင်းသည် အားလုံးကို ကောင်းစွာ သင်ယူလေ့ရှိသည်။ သို့သော် နောက်ပိုင်းတွင် သူ့ကို မိန်းကလေးများသာ သင်ယူသည့် ပညာရပ်ကို လေ့လာနေသည့်အတွက် လှောင်ပြောင်ရယ်မောသံများကို မတော်တဆ ကြားလိုက်ရ၏။
အထင်အမြင်သေးခြင်းကို ခံလိုက်ရသည့်အတွက် မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ချည်ထိုးပစ္စည်းအားလုံးကို ဒေါသတကြီး လွှင့်ပစ်လိုက်သည်။ ထိုအကြောင်းကို ချင်ဖေးလော ကြားသိသည့်အခါ ခြံဝင်းထဲရှိ အစေခံအားလုံးကို ဆင့်ခေါ်ကာ ယွင်ချင်းစီအား အတင်းပြောခဲ့သူကို ရွေးထုတ်စေခဲ့သည်။
ယွင်ချင်းစီက ရွေးထုတ်ပေးပြီးနောက် အခြားတစ်နေရာသို့ ခေါ်သွားခံရစဉ် အစေခံနှစ်ဦး၏ ခွင့်လွှတ်မှု တောင်းခံနေသံကိုပါ ကြားလိုက်ရသည်။ ချင်ဖေးလော၏ အေးစက်လှသည့် အသံကိုလည်း အတိုင်းသား ကြားလိုက်ရ၏။
"သမီးမိန်းကလေးက ဘာကို သင်သင့်ပြီး သားယေကျာ်းလေးက ဘာကို သင်သင့်တာလဲ ငါ အသက် ၁၅ နှစ်အရွယ်ကတည်းက အဖေ့နောက်လိုက်ပြီး စစ်မြေပြင်မှာ ရန်သူတွေကို ချေမှုန်းနေရပြီ ဘယ်သူကမှ ငါ့ကို မိန်းကလေးတစ်ယောက်လို မဆက်ဆံရဲဘူး ၁၉ နှစ်အရွယ်မှာ ယွင်ယွီနဲ့ လက်ထပ်တော့လည်း ဘယ်သူကမှ ငါ့ကို ဇနီးကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ မပြောရဲဘူး ငါတို့ရဲ့ အရှင်မင်းမြတ်ကိုယ်တိုင်ကတောင် ချည်ပန်းထိုးဖို့အတွက် လက်မှုပစ္စည်းဆိုင်ကို ကြွချီလာဖူးသေးတယ် ဘုရင်မင်းမြတ်ကတောင် မိန်းကလေးတွေရဲ့ လက်မှုပညာကို အဆင့်နိမ့်ပါတယ်လို့ မတွေ့ခဲ့ဖူးတာ မင်းတို့က ဘာမိုလို့ ဒီလို တွေးရဲရတာလဲ ..."
ယွင်ချင်းစီပေါက်စလေးမှာ အိပ်ခန်းထဲသို့ ခေါ်သွားကာ ညောင်စောင်းပေါ် တင်ထားခံရသည့်အတွက် ထိုအသံတို့ကို တစ်စထက်တစ်စ မကြားရတော့ချေ။
မိခင်ဖြစ်သူသည် အစေခံများကို သတိပေးရန် လိုအပ်ပါလျှင် သတိပေးပြီး ပိုမိုပြင်းထန်သည့် ပြစ်မှု ကျူးလွန်ပါလျှင် နှင်ထုတ်သည်အထိ ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်း သိထားပေသည်။ သူမသည် စော်ကားမှုများကို သည်းမခံနိုင်သည့်သူတစ်ဦး ဖြစ်ကာ သူမ၏ အောက်ခြေစည်းကို ထိပါးလာသည့်သူ မည်သူ့ကိုမှ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
ချည်ထိုးပစ္စည်းများကို လွှင့်ပစ်ခဲ့မိသည့်အတွက် ချင်ဖေးလောက သူ့အား အပြစ်ပေးမည်ကို အနည်းငယ် ကြောက်ရွံ့မိလာတော့သည်။ စိုးရိမ်နေစဉ်မှာပင် သူမက ပြန်ရောက်လာကာ သူ့ကို ပြစ်တင်ဆုံးမခြင်း အလျဉ်းမရှိဘဲ စိတ်ရှည်ရှည်ထားကာသာ မေးလိုက်သည်။
"ချည်ထိုး မသင်ချင်တာက မိန်းကလေးတွေ လုပ်ရတဲ့ အလုပ်ဖြစ်လို့လား ဒါမှမဟုတ် ဒီအတိုင်း မသင်ချင်တာလား ..."
ယွင်ချင်းစီက တန်ဖိုးမရှိသောသူ မဖြစ်လိုဟု ပြန်ဖြေလိုက်သည်။
ချင်ဖေးလောက သူ့ခေါင်းကို ပွတ်သပ်ပေးရင်း ဆက်မေးလိုက်သည်။
"ဒါဆို အရှင်မင်းကြီးကိုရော တန်ဖိုးရှိတဲ့လူလို့ ထင်လား ..."
"ထင်တာပေါ့ ..."
ယွင်ချင်းစီ ပေါက်စလေးက တုန့်ဆိုင်းချင်းမရှိ ချက်ခြင်း ပြန်ဖြေလိုက်သည်။ သူ့အသံမှာ နူးညံ့ကာ အကြည့်တို့မှာလည်း ဝင်းလက်တောက်ပနေ၏။
"သူက ဧကရာဇ်လေ တစ်လောကလုံးမှာ တန်ဖိုးအရှိဆုံးလူပေါ့ ..."
ချင်ဖေးလောက ရယ်မောလိုက်သည်။
"ဒါဆို သူက ပထမဆုံးဧကရီကို သူတို့နှစ်ယောက်ကြားက ချစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ဘရိုကိတ်လည်စည်းတစ်ထည်ကို ကိုယ်တိုင် ချည်ထိုးပေးခဲ့တယ် ဆိုတာကိုရော သိလား ..."
ယွင်ချင်းစီပေါက်စလေးက မယုံကြည်နိုင်သည့် အမူအယာမျိုး ပြသလိုက်၏။
ထိုအချိန်က သူသည် လွန်စွာ ငယ်ရွယ်သေးသည့်အတွက် ဧကရာဇ်ကို လူတိုင်းက အမိန့်နာခံရသည့် အင်အားကြီးမားသူတစ်ဦးအဖြစ်သာ ထင်မှတ်ထားရာ ချင်ဖေးလော၏ စကားကို ကြားလိုက်ရသည့်အခါ သူ့ရင်ထဲရှိ ဧကရာဇ်၏ ပုံရိပ်မှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။
"ဟုတ်ပြီ အရှင်မင်းကြီးအကြောင်း မပြောသေးဘူး မားမားအကြောင်းပဲ ပြောမယ် အမေက သားအတွက် အဝတ်အစားတွေကို ကိုယ်တိုင် လက်နဲ့ ချုပ်ပေးတာ အမေ့ကိုရော တန်ဖိုးမရှိတဲ့သူလို့ ထင်လား ..."
ယွင်ချင်းစီက ခေါင်းကို ယမ်းပြလိုက်သည်။
သူ့အဖို့ ချင်ဖေးလောသည်သာ အဖေ၊ ချင်ဖေးလောသည်သာ အမေ ဖြစ်ပေသည်။ သူမသည် ညင်သာသိမ်မွေ့ပြီး ကြင်နာတတ်သကဲ့သို့ လွန်စွာလည်း ကြီးကျယ်မြင့်မြတ်လှပေသည်။
ချင်ဖေးလော၏ စကားများမှတစ်ဆင့် တော်ဝင်မျိုးရိုးနှင့် လက်လုပ်လက်စားအကြား၊ ယောကျာ်းနှင့် မိန်းမအကြား ကွဲပြားခြားနားချက်ဟူ၍ မရှိ၊ ဤလောကတွင် လူများကို ယောကျာ်းမိန်းမဟူ၍ပင် ခွဲခြားသတ်မှတ်ခြင်း မပြုသင့်၊ အားလူံးမှာ လူသားများသာလျှင် ဖြစ်ကြသည်ဟု သင်ယူခဲ့ရပေသည်။
သူမ၏ စကားများမှတစ်ဆင့် လီယင်း၏ ဖခင်ဖြစ်သူ လက်ရှိဧကရာဇ်၏ ရုပ်သွင်ကို ပုံဖော်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ယောကျာ်းမိန်းမဟူ၍ တပ်အပ် မပြောနိုင်သည့် ကြင်နာတတ်သော မျက်ဝန်းပိုင်ရှင်တစ်ဦး၏ ပုံကို ရေးဆွဲခဲ့ကာ ၎င်းကို မြင်သည်နှင့် တစ်ပြိုင်နက် ချင်ဖေးလောက ရယ်မောလျက်ပင် ထိုပုံတူမှာ ဧကရာဇ်နှင့် လွန်စွာ ဆင်တူလှကြောင်း ပြောခဲ့သည်။
နောက်ပိုင်း၌ ထိုပုံတူကို လီယင်း မြင်သည့်အခါ ခေါင်းကို ငုံ့ထားလျက် နေ့တစ်ဝက်ခန့် ရယ်မောခဲ့တော့သည်။ ထိုသည်သာမက သူ့ခမည်းတော်ကိုပင် ပြသခဲ့သေးကာ ဧကရာဇ်ကလည်း မုတ်ဆိတ်တို့ကို ပွတ်သပ်လျက် အသွင်အပြင်အားဖြင့် ထပ်တူကျခြင်း မရှိသည့်တိုင် စိတ်သဘောထားမှာမူ တစ်ထပ်တည်းနီးပါးဟု ခံစားရကြောင်း ပြောလာသည်။
ယွင်ချင်းစီ၏ ပါးနှစ်ဖက်လုံး နီမြန်းသွားကာ နေ့တစ်ဝက်ခန့် လီယင်းကို လိုက်ရိုက်ခဲ့တော့သည်။
နောက်ပိုင်းတွင် သူက လီယင်းကို မေးကြည့်ခဲ့ဖူးသေးသည်။
"မင်းရဲ့ ခမည်းတော်က တကယ်ပဲ ဧကရီဟောင်းအတွက် ချည်ထိုးပေးခဲ့တာလား ..."
"ဟုတ်မှာပေါ့ ..."
ဧကရီဟောင်းနှင့် ပတ်သက်လာလေတိုင်း လီယင်း၏ သဘောထားမှာ လွန်စွာ အေးစက်လှပေသည်။
"ငါမသိဘူး ..."
မယ်တော်ကြီးကျန်းက သူ့ရှေ့ရောက်လေတိုင်း ဧကရာဇ်က သူမကို ချစ်မြတ်နိုးခြင်း မရှိ၊ ဧကရီဟောင်းကိုသာလျှင် တမ်းတလွမ်းဆွတ်နေသည်ဟု မကြာခဏ ပြောလေ့ရှိသည့်အတွက် လီယင်းသည် ဧကရီဟောင်းကို မနှစ်မြို့လှ။ သူမအကြောင်း ပြောလေတိုင်း များစွာ အေးစက်သွားတတ်ကာ သူမနှင့် ပတ်သက်သည့် အကြောင်းအရာတို့ကို မပြောလိုသည့်နှယ် မသက်မသာဖြစ်သည့် အမူအယာမျိုး ပြသလေ့ရှိသည့်အတွက် မယ်တော်ကြီးသည် လီယင်းကို ဧကရီဟောင်း၏ မကောင်းကြောင်းများ အများအပြား ပြောထားလေသလားဟုပင် တွေးခဲ့မိသေးသည်။
ထိုအကြောင်းကို ပြန်လည်ကာ တွေးတောရင်း တစ်ဖြည်းဖြည်း အိပ်မောကျသွားတော့သည်။
မိခင်ဖြစ်သူ ကွယ်လွန်သွားသည့်တိုင် ဖခင်မှာ ကျန်ရစ်ဆဲ ဖြစ်သည့်အပြင် နှစ်သစ်ကူးအခါသမယ ဖြစ်သည့်အတွက် မိသားစုကို သွားတွေ့ရန် လိုအပ်ပေသည်။
အိပ်စက်ပြီးနောက် ရေမိုးချိုးကာ ရွမ်လျန်၏ အခြေအနေကို စုံစမ်းရန် အစေခံတစ်ဦးကို စေလွှတ်လိုက်သည်။ သူ့ဒဏ်ရာမှာ မပြင်းထန်ကြောင်း အတည်ပြုပြီးကာမှသာ အမတ်ချုပ်စံအိမ်တော်သို့ ထွက်ခွါမည်ဖြစ်ကြောင်း နန်းတော်ကို အစီရင်ခံစေလိုက်သည်။
သူရောက်လာသည့်အချိန်တွင် ချိုးယန်လည်း ရှိနေကာ အမတ်ချုပ်စံအိမ်တော်က လူများနှင့်အတူ သူ့ကို ကြိုဆိုလာသည့်အတွက် အံ့ဩသွားရတော့သည်။
အမတ်ချုပ်ယွင်မှာ အိမ်တော်သို့ ပြန်ရောက်လာကာစ ဖြစ်သည့်အတွက် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားရဆဲပင်။ သူက ယွင်ချင်းစီကို အထဲသို့ ခေါ်လာကာ ခန်းမဆောင်တွင် ထိုင်စေပြီးမှ မေးမြန်းလိုက်သည်။
"ဘယ်လိုဖြစ်လို့ ဒီနေ့ အိမ်ပြန်လာဖို့ အားလပ်နေရတာလဲ ..."
"ကျွန်တော် ပို့ထားတဲ့ ကြွေထည်ကို ရလိုက်လား ..."
ထိုအကြောင်း ကြားသည့်အခါ အမတ်ချုပ်ယွင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ရတာပေါ့ ကောင်းတယ် အရမ်းကို ကောင်းတယ် ..."
သူ့ပုံစံမှာ လွန်စွာ ကျေနပ်အားရနေဟန် ဖြစ်သည့်အတွက် ယွင်ချင်းစီက ပြုံးကာ ပြောလိုကိသည်။
"အဖေ ကြိုက်တယ်ဆိုရင် ကောင်းပါတယ် ..."
အမတ်ချုပ်ယွင်က သူ့လက်ကို ပုတ်ကာ ပြောလိုက်သည်။
"အဖေနဲ့လိုက်ခဲ့ ..."
သူက ယွင်ချင်းစီကို ကြင်နာစွာ ခေါ်ခဲ့သည့်အတွက် တစ်ဖက်လူကလည်း ဆိုင်းတွစွာဖြင့် စာကြည့်ခန်းထဲသို့ လိုက်သွားလိုက်သည်။ များမကြာမီ ယွင်ချင်းရှောင်ပါ လိုက်လာကာ တံခါးကို ဆွဲပိတ်လိုက်၏။
ထင်ထားသည့်အတိုင်းပင် အမတ်ချုပ်ယွင်က သူ့ကို ကျန်းစံအိမ်ရှေ့၌ ဖြစ်ပျက်ခဲ့သည်များအား မေးမြန်းလာကာ ယွင်ချင်းရှောင်ကလည်း လွန်စွာ လေးနက်တည်ကြည်စွာဖြင့် ထိုင်နေ၏။
ယွင်ချင်းစီက လီယင်းကို မြားဖြင့်ပစ်ရန် သူတိုက်တွန်းခဲ့သည့် အချက်ကို ဖုံးကွယ်ကာ ပြောလိုက်သည်။
"အရှင်က ကျန်းစစ်ယုံ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့အကြောင်း သိသွားတယ် ထင်တယ် ..."
"သူ တကယ် သိတယ်ပဲထား ဒီလိုမျိုး နည်းလမ်းကိုတော့ မသုံးသင့်ဘူးလေ တကယ်ပဲ ဘာမှ မဖြစ်ခဲ့ဘူးလား ..."
အမတ်ချုပ်ယွင်က သူ့ကို မေးလိုက်သည်။
ယွင်ချင်းစီက အပြစ်ကင်းစင်စွာဖြင့် ခေါင်းယမ်းပြလိုက်၏။
"ထူးဆန်းတယ် ..."
အမတ်ချုပ်ယွင်က ယွင်ချင်းရှောင်ကို မေးလိုက်သည်။
"မင်းရော အခုတလော အရှင် ဘာတွေ ထူးခြားနေတယ်ထင်လဲ ..."
"ဒီအကြောင်း ပြောရရင် ..."
ယွင်ချင်းရှောင် ပြောလိုက်သည်။
"အသိသာဆုံးကတော့ ကျန်းနဲ့ ယွင်မိသားစုအပေါ် သူ့သဘောထားတွေ ပိုပြီး သိသာလာတယ်ဆိုတဲ့ အချက်ပဲ ကျန်းစစ်ယုံကို သတ်လိုက်တာက နောက်တစ်ချက်ပေါ့ ပြီးတော့ ဒီနေ့ပဲ ဒုစစ်သူကြီးချုပ်အဖြစ် လျာထားခံထားရတဲ့သူတွေကို စစ်လေ့ကျင့်ရေးစခန်းတွေဆီ တာဝန်ချထားမယ်လို့ ပြောလာတယ် ..."
ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားတော့သည်။
"ဒီနေ့က နှစ်ကုန်ညီလာခံ မဟုတ်ဘူးလား ဘာလို့ ဒိအကြောင်းကို ရုတ်တရက်ကြီး အဆိုပြုလာရတာလဲ ..."
"နှစ်ကုန်ညီလာခံဖြစ်လို့ ဒီအကြောင်းကို တမင်ပြောတယ်ဆိုတာ သိသာနေတာပဲလေ အမတ်တွေမှာ ထင်မြင်ချက်တွေ ကိုယ်စီ ရှိကြတယ်ဆိုဦးတောင် နောက်နှစ်အထိ စောင့်ရတော့မှာ မဟုတ်လား ဒါက ချီးကျူးတာလား ဒါမှမဟုတ် သတ်ဖို့ ကြံနေတာလား ဆိုတာကတော့ ကျွန်တော်လည်း မသိဘူး ..."
အမတ်ချုပ်ယွင်က သက်ပြင်းချကာ ပြောလိုက်သည်။
"အရှင့်ရဲ့ နှလုံးသားက တကယ်ကို မှန်းဆရ ခက်တာပဲ ..."
သူက ယွင်ချင်းစီကို လှမ်းကြည့်ကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"တကယ်လို့ အရှင် ဘာကြောင့် ကျန်းစစ်ယုံကို သတ်လိုက်တာလဲဆိုတဲ့ အကြောင်းပြချက်ကို မခန့်မှန်းနိုင်ရင် ဒုစစ်သူကြီးချုပ် ရာထူးက အာလူးပူတစ်လုံး ဖြစ်လာနိုင်တယ် တကယ်လို့ ဒီရာထူးကို ချင်းကြွယ် ယူမယ် ဆိုရင်တောင် လွယ်မယ် မထင်ဘူး ..."
ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ဖိကိုက်ထားလိုက်၏။
သူ့အဖေ၏ စိုးရိမ်စိတ်များကို ကောင်းစွာ သဘောပေါက်ထားပေသည်။ ယွင်မိသားစုသည် ခေတ်အဆက်ဆက် ဧကရာဇ်အပေါ် သစ္စာစောင့်သိခဲ့သည့်အပြင် အမတ်ချုပ်ယွင်၏ မျိုးဆက်၌ အမတ်ချုပ်နှစ်ဦး ပေါ်ထွက်လာခဲ့သည့်အတွက် သူ့အစ်ကိုကြီးများမှာ ဇနီးရွေးချယ်ရာတွင် အာဏာကြီးမားသည့် မိသားစုမှ မိန်းကလေးကို မရွေးချယ်ရဲ။ ကိုယ်ကျိုးအတွက် တပ်ဖွဲ့များ ဖွဲ့စည်းရာမှ ထွက်ပေါ်လာသည့် အညစ်အကြေးများက လာရောက် ပေကျံလာနိုင်ပေသည်။
ယခင်ဧကရာဇ်က အမတ်ချုပ်ယွင်ကို ထူးထူးကဲကဲ ချီးမြှင့်မြှောက်စားခဲ့သည့်အတွက် ဂုဏ်သတင်းပိုင်းအရ ကျော်စောထင်ရှားသည့်တိုင် ရေခဲလွှာခပ်ပါးပါးထက်၌ လမ်းလျှောက်နေရသည့်နှယ် အချိန်ပြည့် ရင်တမမ ဖြစ်နေရပေသည်။
ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့၏ ရာထူးများမှာ သူတို့၏ ကိုယ်ပိုင်အရည်အချင်းနှင့် ရရှိထားခြင်းဖြစ်ကာ သူတို့ကိုယ်တိုင်လည်း ကျေနပ်သည့်တိုင် ဧကရာဇ်၏ ရုတ်ချည်း သဘောထားကြီးမြတ်လာမှုကြောင့် သစ္စာရှိ ယွင်မိသားစုမှာ ဓားသွားထက်၌ လမ်းလျှောက်နေရသည့်နှယ် ခံစားလာရတော့သည်။
လူတိုင်းက လီယင်း ပြောင်းလဲသွားတာကို သတိထားမိတယ် ...
ဒါဆို ဘယ်အချိန်ကတည်းက ဖြစ်နေခဲ့တာလဲ ...
ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားကာ အက်ကွဲကြောင်းထဲ ကျရောက်လာသည့် အလင်းရောင်နှယ် သူ့စိတ်ထဲမှ ရှုပ်ထွေးမှုများ၏ အဖြေကို ကွက်ကွက်ကွင်းကွင်း ရှာတွေ့သွားတော့သည်။
ယွင်ချင်းရှောင်က ပြောလိုက်သည်။
"ဒါဆို သူက ဘာလို့ ယွင်နဲ့ ကျန်းမိသားစုအပေါ် ချက်ခြင်းလက်ငင်းကြီး သဘောထား ပြောင်းသွားရတာလဲ ပြီးတော့ ဘယ်အချိန်ကတည်းက ပြောင်းလဲသွားတာလဲ ..."
အမတ်ချုပ်ယွင်က ပြောလိုက်သည်။
"ရှောင်စီနဲ့ အတူတူလောက်ပဲ ထင်တယ် ..."
နှစ်ယောက်သား ယွင်ချင်းစီကို ပြိုင်တူ စိုက်ကြည့်လိုက်ကြ၏။ သူ့အတွင်းစိတ်ကိုပါ ဖောက်ထွင်းကာ ကြည့်လိုကြသည့်ဟန်။
ယွင်ချင်းစီက နောက်ပြန်ဆုတ်ကာ ရိုးသားစွာ ပြောလိုက်သည်။
"ကျွန် ... ကျွန်တော်က ဒီတိုင်း ချက်ခြင်းကြီး အမြင်မှန် ရသွားလို့ပါ အဲဒီလို အမြင်မှန် ရသွားလို့ မရဘူးလား ..."
"ဒါဆို ဘာလို့ သူကရော ချက်ခြင်းကြီး ကိစ္စတွေကို မမြင်တော့တာလဲ ..."
"..."
ဘယ်လိုလုပ် သိမှာလဲ ...
စာကြည့်ခန်းထဲမှ ထွက်လာသည့်အခါ ဆောင်းဥတုနေရောင်ခြည်က ထွန်းလင်းနေကာ ခြံဝင်းထဲတွင် ယွင်ချင်းစုနှင့် ချိုးယန်က အိုးထဲသို့ မြားပစ်တမ်း ကစားနေကြသည်။
"ပြီးခဲ့တဲ့နှစ်ရက်က သူ ငါတို့အိမ်ထဲ ခိုးဝင်ပြီး ကြွေထည်ကို ခိုးဖို့လုပ်နေတုန်း ဖမ်းမိခဲ့တာလေ ..."
ယွင်ချင်းစု၏ စကားအဆုံးတွင် ချိုးယန်က ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်သည်။
"ခိုးတာ မဟုတ်ဘူး ငှားတာပါဆို ငါ့အဖေက ကြွေထည်ကို ကြည့်ချင်လို့ ..."
"ပြီးတော့ရော ..."
"ပြီးတော့ သူ့ကို ဖမ်းထားလိုက်တော့ စစ်သူကြီးချုပ်ချိုးကိုယ်တိုင် အိမ်တော်ကို ရောက်လာတယ်လေ သူက သူ့သားကို တွေ့ချင်ပါတယ်သာ ပြောနေတာ တကယ်တမ်းကျ ကြွေထည်ကို ကြည့်ချင်တာ အသိသာကြီးကို ..."
ယွင်ချင်းစုက ချိုးယန်ကို ရွဲ့စောင်းကာ ပြောလိုက်သည်။
"ကြည့်ရတာ မင်းအဖေနဲ့ အစ်ကိုကြီးအတွက် မင်းက ကြွေထည်လောက်တောင် အရေးမပါသလိုပဲနော် ..."
ချိုးယန်က သူ့ကို ပြိုင်မငြင်း။ သူသည် ငါးဆားနူတစ်ဦးသာ ဖြစ်သည့်အတွက် မိသားစုကလည်း သူ့ကို အရေးမစိုက်။ လောင်းကြေးရှုံးကာ ချိုးရှန်းက သူ့ကို အစ်ကိုကြီးဟု ခေါ်ရပြီးကတည်းက ယခင်ထက် ပိုမိုကာ အပြစ်မရှိ အပြစ်ရှာလာပေတော့သည်။ အကယ်၍ ယခုအချိန်တွင် သူ့ကို ပြည့တန်ဆာအိမ်၌သာ ဖမ်းမိခဲ့ပါလျှင် အရှင်လတ်လတ် အရေခွံခွါလေမလားပင် မပြောတတ်တော့ချေ။