အပိုင်း ၃၄
Viewers 12k

Chapter 34



နှစ်သစ်ကူးနား နီးလာသည့်အတွက် မြို့တော်ကင်းလှည့်တပ်ဖွဲ့တွင် တပ်သားသစ်များ လိုအပ်လာရာ ချိုးယန်က သူ့အစ်ကိုကြီး သူ့ကို လိုက်မဖမ်းနိုင်စေရန် သံချပ်ကာအင်္ကျီ ဝတ်ဆင်ပြီး မြို့စောင့်တပ်ဖွဲ့ထဲ ဝင်ရောက်ကာ အလေးအနက်ထား အလုပ်လုပ်တော့သည်။

ရလဒ်အနေဖြင့် ပိုမိုဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်လိုက်ရတောဘ၏။ သူ့အသင်း၏ ခေါင်းဆောင်မှာ ယွင်ချင်းစု ဖြစ်နေပေသည်။

ယွင်ချင်းစီက ဖြစ်ကြောင်းကုန်စင်ကို သိရှိပြီးနောက် များစွာ အရေးမစိုက်တော့။

သူနှင့် တစ်ချိန်တည်းနီးပါး ပြောင်းလဲသွားသည့် လီယင်းအကြောင်းသာ ဆက်တိုက် တွေးမိနေပေသည်။ ဧကရာဇ် အမတ်ချုပ်စံအိမ်တော်သို့ အလောတကြီး ကြွချီလာသည့်နေ့က လီယင်းသည်လည်း သူကဲ့သို့ပင် လွန်ခဲ့သော ရှစ်နှစ်မှ ပြန်လာခဲ့လေသလားဟု တွေးခဲ့မိသေးသည်။

သို့သော် ထိုအချိန်က အကယ်၍ လီယင်းသာ ပြန်လည်မွေးဖွားလာပါလျှင် အမတ်ချုပ်အိမ်တော်ကို ဦးစွာ တိုက်ခိုက်မည်ဟုသာ တစ်ထစ်ချ ယုံကြည်ထားပေသည်။ သူ၏ နည်းလမ်းများနှင့် အတိတ်ဘဝ၏ မှတ်ဉာဏ်များကိုသာ ပေါင်းစည်းလိုက်ပါလျှင် ယခုဘဝတွင် သူ့ကို တားနိုင်မည့်သူ မည်သူမှ ရှိတော့မည် မဟုတ်ချေ

ဒါပေမယ့် ပြီးခဲ့တဲ့ဘဝက အမတ်ချုပ်စံအိမ်ကို ဖမ်းဆီးပြီးကာမှ ယွင်မိသားစုက သူ့ထီးနန်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘဲ ကျန်းမိသားစုကမှ တကယ် ခြိမ်းခြောက်နေတာလို့ သဘောပေါက်သွားတာ ဆိုရင်ရော ...

ဒါဆို အခုဖြစ်နေတာတွေ အားလုံးရဲ့ အဖြေလို့ ပြောလို့ရတယ်လေ ...

ဒါပေမယ့် ဒါကလည်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းရာ ကျတဲ့ အဖြေမျိုးပဲ သူ့အပေါ် ထားတဲ့ လီယင်းရဲ့ သဘောထားက အရမ်းကို ထူးဆန်းတယ် တကယ်လို့ လီယင်းက ပြန်မွေးဖွားလာတာဆို နယ်ရုပ်လေးတစ်ရုပ်က ဘာမှ တန်ဖိုးမရှိတော့တဲ့ဟာ ဘာလို့ သိမ်းထားနေဦးမှာလဲ ...

ပြန်မွေးဖွားလာတာ ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ခါလောက်တော့ စမ်းသပ်ကြည့်မှပဲ ...

ဝရန်တာတွင် မတ်တပ်ရပ်ကာ အတွေးနွံထဲ နစ်နေစဉ် လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် ရပ်နေသည့် ချိုးယန်ကို တွေ့လိုက်ရသည်။

သူ့အကြည့်တို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ပင် ချိုးယန်က အကြည့်လွှဲကာ ပြောလိုက်သည်။

"မင်း ..."

ယွင်ချင်းစီမှာ ပဟေဠိ ဖြစ်သွားရသည့်ဟန်။

ချိုးယန်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ သူက ယွင်ချင်းစီကို ထိတ်လန့်‌မိနေဆဲပင်။ အတော်ကြာကာမှ ပြောလိုက်သည်။

"နဉ်ယီဆီကနေ သူ့အမေ အခုတ‌လော ဘုရားကျောင်းတစ်ခုကို ခဏခဏ သွားနေတယ်လို့ ကြားခဲ့တယ် ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ကာ မေးလိုက်သည်။

"ပြီးတော့ရော ..."

"ကွမ်ရင်မယ်တော်ရဲ့ ဘုရားကျောင်းတဲ့ ..."

ယွင်ချင်းစီက အကြံရသွားသည့်ဟန်။

"ပြီးတော့ ဘာထပ်ရှိသေးလဲ ..."

"သူမက အဆောင်တစ်ခု တောင်းပြီး နန်းတော်ထဲ ပို့ခဲ့တယ်တဲ့ ..."

နန်းတော်ထဲက ဘယ်သူ့ဆီ ပို့သလဲဆိုတာ အသိသာကြီးပဲကို ...

သူ ပြန်လည်မမွေးဖွားခင်က နဉ်ရိုသည် လီယင်းကို သေရည်သောက်ရန် မဖိတ်ကြားမီ အားလုံးကို ကြိုတင်ပြင်ဆင်ထားသည်ဟု ကြားခဲ့ဖူးပေသည်။ သူမက ကလေးလွယ်ချင်သော်ငြား လီယင်းက သူမကို မရွေးချယ်သည့်အတွက် ဤနည်းလမ်းကို အသုံးချရခြင်း ဖြစ်သည်။


ထို့ကြောင့်လည်း ယွင်ချင်းစီက ဒေါသပုန်ထကာ "လပြည့်ည" အဆောင်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး သူမကို အတိအလင်း ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ အခြားသူများက လီယင်းကို လိုရာပြည့်အောင် အသုံးချနိုင်သည့် လိုတရ ရွှေပေါင်လုံးအဖြစ် သဘောထားကြခြင်းကို လွန်စွာ မုန်းတီးလှပေသည်။

ယခုလည်း သူမက အရိုက်ခံထားရသည့်တိုင် နောင်တမရသေး။

သို့သော် ယွင်ချင်းစီကမူ သူမ၏ အကြောက်အလန့် ကင်းမှုကို ရုတ်ချည်းဆိုသလို သည်းခံနိုင်သွားတော့သည်။

လီယင်းသာ တကယ်ပဲ ပြန်လည်မွေးဖွားလာတာဆိုရင် တစ်ယောက်နဲ့တစ်ယောက် အကြင်လင်မယားတွေလို လေးစားနေစရာမှ မလိုတော့တာ သူ့အတွက် ကလေးတစ်ယောက် ရှိလာဖို့က ပိုပြီးတောင် အကွက်ရွေ့လို့ ကောင်းလာလိမ့်ဦးမယ် ...

"ဘာလို့ ငါ့ကို လာပြောပြရတာလဲ ..."

ချိုးယန်က တိုင်ကိုမှီကာ မေးစေ့ကို ပွတ်သပ်လျက် ပြောလိုက်သည်။

"ဘာလို့ဆို မင်းက ကြည့်ကောင်းလို့လေ ပြဿနာရှိလို့လား ..."

ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ပြလိုက်၏။ ချိုးယန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ချက်ခြင်း နောက်ပြန်ဆုတ်သွားတော့သည်။

"စနေတာပါ ..."

"ကောင်းပြီ ..."

ယွင်ချင်းစီက အမတ်ချုပ်အိမ်တော်၌ နေ့လည်စာ စားသောက်ပြီးနောက် ကြာမြင့်စွာ ဆက်မနေတော့ဘဲ နန်းတော်သို့ ပြန်လာခဲ့လိုက်သည်။

နန်းမြို့တော်၏ အရှေ့ဂိတ်တံခါးဝသို့ ရောက်သည့်အခါ ချောင်ယန်နန်းဆောင်ရှေ့တွင် အနက်ရောင်ဝတ်စုံ၊ မဟူရာရောင်ဆံနွယ်နှက့် အမျိုးသားတစ်ဦး မတ်တပ်ရပ်နေသည်ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်ရသည်။

ယွင်ချင်းစီက လှည်းထဲတွင် ထိုင်နေလျက်နှင့်ပင် တစ်ယောက်နှင့်တစ်ယောက် တစ်ခဏမျှ စိုက်ကြည့်နေလိုက်သည်။

ဒီအကြောင်းက ခေါင်းထဲ ရောက်လာပြန်ပြီ .. လီယင်းသာ သူ့လိုပဲ နောက်ရှစ်နှစ်အကြာကနေ ပြန်ရောက်လာတာဆိုရင် ...

မသိစိတ်အရ လက်ချောင်းတို့ကို ခပ်တင်းတင်း ဆုပ်မိသွားသည့်အတွက် အရိုးအဆစ်များပင်လျှင် ပြာနှမ်းလာတော့သည်။ တောက်ပသည့် မျက်ဝန်းအစုံမှာလည်း အနည်းငယ် ပြူးကျယ်သွား၏။

ထို့နောက် ချက်ခြင်း ပြန်ကျုံ့သွားတော့သည်။

ကျေးဇူးပြုပြီး ဘယ်လိုနည်းနဲ့မှ လီယင်း မဖြစ်ပါစေနဲ့ ...


လှည်းက တစ်ဖြည်းဖြည်း နီးကပ်လာ၏။

ချောင်ယန်နန်း‌ဆောင်ရှေ့တွင် ရပ်နေသူကလည်း ရှေ့သို့ တစ်ဖြည်းဖြည်းတိုးကာ လှည်းအနား ရောက်လာပြီး လက်ကို ဆန့်ထုတ်ပေးလိုက်သည်။

ယွင်ချင်းစီက သူ့နှလူံသားထဲရှိ ခံစားချက်များကို ဖိနှိပ်ကာ လှည်းထဲမှ ထွက်လာပြီး ဧကရာဇ်၏ လက်ဖဝါးထဲသို့ လက်ကို ထည့်ပေးရင်း သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။

"အရှင်က ဒီမှာ ဘာလုပ်နေတာပါလဲ ..."

"ဒီနေ့ ရုံးတော် ပိတ်သွားပြီလေ ပြီးတော့ သန်ဘက်ခါကလည်း နှစ်သစ်အကြိုနေ့ဆိုတော့ ဒီရက်တွေထဲမှာ မင်းနဲ့အတူတူ ပိုပြီး နေချင်လို့ ..."

"ဒီနှစ်လည်း အရှင်က အလုပ်ကို ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပါတယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရှင် သီချင်းတစ်ပုဒ်လောက်များ နားဆင်ချင်ပါသလား ..."

လက်တို့ကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း လီယင်းက ခပ်တိုးတိုး ပြောလိုက်သည်ဘ

"သူ့ကို တွေ့ချင်နေတုန်းပဲလား ..."

"ဘယ်သူ့ကိုပါလဲ ..."

ယွင်ချင်းစီက အလျင်အမြန် တုန့်ပြန်လိုက်သည်။

"ရွမ်လျန်ကို ဆိုလိုတာများပါလား ..."

လီယင်းက ပြန်မဖြေ။

ယွင်ချင်းစီ၏ အကြည့်တို့က စိတ်ဝင်စားမှုကြောင့် ဝင်းလက်သွားတော့သည်။

"မျက်စိပသာဒ ဖြစ်စေတဲ့ အလှလေးတွေနဲ့ ပတ်သက်လာရင် ကျွန်တော့်နှလုံးသားကလည်း အရှင်နဲ့ ထပ်တူပါပဲ ..."

လီယင်းက သူ့ကို အထဲသို့ အမြန်ခေါ်ဆောင်ရင်း  သာမန်ကာလျှံကာ အမိန့်ပေးလိုက်သည်။

"ဂီတဌာနကို သွားပြီး အဲဒီက တစ်ယောက်ယောက်ကို ချောင်ယန်နန်းဆောင်ဆီ ခေါ်လာခဲ့ ..."

"ဒါဆို အရှင်ကလည်း ဒီနေ့ ဒီနန်းဆောင်မှာ တေးသံကို နားဆင်‌မလို့လား ..."

"မှန်သွားပြီ နှစ်သစ်ကူးနား နီးလာပြီဆိုတော့ ကိုယ်တို့တွေ စိတ်အေးလက်အေး နေသင့်တာပေါ့ ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။ နန်းဆောင်ထဲ ရောက်သည့်အခါ လီယင်းက သူ့အပေါ်ဝတ်ရုံကို ကူချွတ်ပေးပြီး ရင်ရှီ့လက်ထဲ ထည့်ပေးလိုက်သည်။

ယွင်ချင်းစီက ချက်ခြင်းလက်ငင်း ချဉ်ခြင်းတက်လာတော့သည်။

"လတ်လတ်ဆတ်ဆတ် လုပ်ထားတဲ့ အသားဌာပနာမုန့်လေး စားချင်လိုက်တာ ..."

လီယင်း၏ အကြည့်တို့ မသိမသာ လှုပ်ရှားသွား၏။ ယွင်ချင်းစီက စားပွဲအနီးသွားကာ မြေပဲကို စားလိုက်ရင်း ခပ်ဖြည်းဖြည်း ပြောနေသော လီယင်းကို စိုက်ကြည့်လိုက်သည်။

"ကိုယ် တော်ဝင်စားဖိုဆောင်ကို ပြင်ဆင်ခိုင်းလိုက်မယ် ..."

ယွင်ချင်းစီက မျက်တောင်ခတ်ကာ ပြောလိုက်သည်။

"တော်ဝင်စားဖိုဆောင်က ကျွန်တော် စားချင်တဲ့ အရသာမျိုး ကွက်တိရအောင် လုပ်နိုင်ပါ့မလား ..."

သူက တစ်ခဏမျှ ရပ်ပြီးကာမှ ပြုံးကာ ပြောလိုက်သည်။

"အနာဂတ်မှာလည်း အမြဲတမ်း စားနိုင်မှာလေ ..."

သူ ပြောလာသည့် အသားဌာပနာမုန့်မှာ ယခုနှစ်များအတွင်း ‌ရှန့်ယန်မြို့တော်တွင် နာမည်ကြီးလာသည့် အဆာပြေမုန့်တစ်မျိုး ဖြစ်ပေသည်။

နာမည်ကြီးရခြင်း၏ အကြောင်းအရင်းမှာလည်း သူနှင့် လီယင်း နန်းပြင်ထွက်ခဲ့စဉ်က ဝယ်စားခဲ့ဖူးကာ နောက်ပိုင်းတွင်လည်း မကြာခဏ လူလွှတ်ကာ ဝယ်ယူလေ့ ရှိသည်။ ထိုဆိုင်က ဧကရီ အနှစ်သက်ဆုံးမုန့်ဟူ၍ ကြော်ငြာခဲ့သည့်အတွက် လူအများအပြား လိုက်လံစားသောက်ရာမှ နာမည်ကြီးလာခဲ့ခြင်း ဖြစ်ပေသည်။

သူ အအေးနန်းဆောင်သို့ အပို့မခံရခင်မှာပင် ထိုဆိုင်သည် ဆိုင်ခွဲလေးဆိုင် ဖွင့်နိုင်နေပြီဖြစ်သည်။ နန်းမြင့်မျှော်စင်ပေါ်မှ ခုန်မချခင် တစ်ရက်အလိုကလည်း ရင်ရှီကို လွှတ်ကာ ထိုဆိုင်မှ မုန့်ဝယ်ခိုင်းခဲ့ဖူးသည်။

ပြန်ရောက်လာသည့်အခါ ရင်ရှီက ကျင်းဟွမ်ကို တိတ်တဆိတ် စောဒကတက်လိုက်သည်။

"ငါ ဒီနေ့ အပြင်သွားတော့ ချွေ့ရှီနဲ့ တွေ့ခဲ့တယ် သူမက ငါ့ကို လှောင်ရယ်နေတာလေ သူမက ဧကရီကို အအေးနန်းဆောင် အပို့ခံထားရတာတောင် အစေခံကို အပြင်လွှတ်ပြီး မုန့်ဝယ်ခိုင်းတဲ့၊ မကျေနပ်ချက်ကို သည်းမခံနိုင်တဲ့သူ၊ ခွေးလို ဘဝမျိုးကို ပိုင်ဆိုင်ထားတဲ့ မျိုးရိုးမြင့်ခန္ဓာကိုယ်ပိုင်ရှင်တဲ့ ..."

ချွေ့ရှီသည် ကိုယ်လုပ်တော်နဉ်၏ အနီးကပ်အစေခံဖြစ်သည်။ ထိုအကြောင်း ကြားလိုက်ရသည့်အခါ ကျင်းဟွမ်က ရင်ရှီကိုသာလျှင် နှစ်သိမ့်ပေးလိုက်တော့သည်။

"ငါယုံကြည်တယ် ငါတို့တွေ ပြန်သွားနိုင်မယ်ဆိုတာကို ပြီးတော့ အဲဒီ့ကိုယ်လုပ်တော်နဉ် သူ့ဘာသာသူ တော်ဝင်ကြင်ယာတော်ဖြစ်ဖြစ် အရှင်ကသာ သူ့ကို ဂရုမစိုက်ရင် ကိုယ်လုပ်တော်အဆင့်သာသာပဲ ..."

ထိုစကားကို ကြားလိုက်ရသည့် ယွင်ချင်းစီက အသံတစ်စုံတစ်‌ရာ မပေးဘဲ သူ့အခန်းသို့သာ တိတ်တဆိတ် လှည့်ပြန်သွားတော့သည်။

အအေးနန်းဆောင်ထဲသို့ ရောက်သည်မှာ လဝက်ခန့် ရှိနေပြီဖြစ်သည်။ အစောပိုင်း ဆယ်ရက်ခန့်တွင် အခြေအနေအားလုံး ကောင်းမွန်နေသေးသည့်အတွက် ယွင်ချင်းစီလည်း သူ့အဖေနှင့် အစ်ကိုများ ပြန်လွတ်လာကာ သူလည်း ယခင်နေရာသို့ ပြန်သွားနိုင်ရန် မျှော်လင့်မိသေးသည်။ သို့သော် နောက်ရက်များတွင်မူ မထင်မှတ်ထားသည့် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာတော့၏။ တစ်ညတည်းနှင့်ပင် လောကတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ပြောင်းလဲသွားသည့်နှယ်။

ရက်ပိုင်းအတွင်းမှာပင် သူ့အနားရှိ လူများအားလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရကာ သူ့အဝတ်အစားများကိုပါ ယူဆောင်သွားကြ၏။ အရိုးခဲလုမတတ် အေးခဲနေသည့် ရာသီဥတုတွင် အအေးဒဏ်မှ ကာကွယ်ပေးနိုင်မည့် ဂွမ်းကပ်အင်္ကျီလည်း မရှိ၊ အနွေးကုတင်ဟူ၍လည်း မရှိတော့သလို အခန်းကို အနွေးဓာတ်ပေးမည့် မီးသွေးမီးဖိုပင်လျှင် မရရှိတော့ချေ။ ထိုအခါမှ လီယင်းသည် သူ့ကို အမှန်တကယ်ပင် သတ်ရန် ကြံစည်ထားကြောင်း သဘောပေါက်သွားတော့သည်။

ကြည့်ရတာ သူက ချွေ့ရှီပြောသလိုပဲ ‌တော်ဝင်ခန္ဓာကိုယ်နဲ့ ခွေးတစ်ကောင်လို ဘဝပိုင်ရှင် ဖြစ်နေပြီ ထင်ပါရဲ့ ...

နေထိုင်ရှင်သန်ခဲ့သည့် နှစ်၂၀ ကာလအတွင်း ယွင်ချင်းစီသည် အကောင်းဆုံး အဝတ်အစား၊ အရသာအရှိဆုံး စားသောက်ဖွယ်ရာတို့ကိုသာ ရရှိခံစားခဲ့ရပြီး ပင်ပန်းခက်ခဲမှုဟူ၍ တစ်စိုးတစ်စိမျှပင် မကြုံတွေ့ခဲ့ရဖူးချေ။ ထို့ကြောင့် စွန့်ပစ်ခံထားရသည့်‌ နေရာအစွန်အဖျားတွင် အေးခဲခံကာ သေဆုံးရမည့်အစား မျှော်စင်ပေါ် တက်၍သာ သူ့ကိုယ်သူ သတ်သေလိုက်မည်ဖြစ်သည်။

အနည်းဆုံးတော့ မသေခင် ရှူခင်းကို စိတ်ကြိုက် ရွေးချယ်လို့ ရတယ်လေ ...

ယခုအချိန်တွင် ထိုအသားဌာပနာကို အမှန်တကယ် စားလိုခြင်း ဖြစ်သော်ငြား လီယင်းကို စမ်းသပ်လိုသည့် ရည်ရွယ်ချက်လည်း ပါဝင်ပေသည်။

အကယ်၍ သူ့ရှေ့တွင် ရှိနေသူမှာ ပြန်လည်မွေးဖွားလာသည့် လီယင်းသာ ဖြစ်ပါလျှင် ထိုဌာပနာမုန့်မှာ အတိတ်ဘဝကကဲ့သို့ပင် နန်းပြင်၌သာ ဝယ်ယူရရှိနိုင်သည့် အစားအစာဟု တွေးလျက် တစ်ယောက်ယောက်ကို အဝယ်ခိုင်းမည်ဖြစ်သည်။ အကယ်၍ သူသာ ဤသို့ ဖြေခဲ့ပါလျှင် နောက်ရှစ်နှစ်အကြာမှ ပြန်လာခဲ့သူဖြစ်ကြောင်း သေချာသွားပေတော့မည်။

သို့သော် လီယင်းက ပြန်လည်မွေးဖွားလာခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့အဖြေက မည်သည်ကိုမှ ညွှန်ပြမည် မဟုတ်ချေ။ တော်ဝင်စားဖိုဆောင်ကို ပြင်ဆင်ခိုင်းလိုက်မည်ဟု ပြောခြင်းသည် နန်းတော်ပြင်ပမှ အစားအစာများအကြောင်း ကောင်းစွာ မသိသည့် ဧကရာဇ်တစ်ပါး၏ ပြယုဂ်နှင့် ကိုက်ညီပေသည်။ ထို့အပြင် သူ ပြန်လည်မွေးဖွားလာခြင်း ဟုတ်မဟုတ်ဆိုသည့် မေးခွန်းကိုလည်း ရှောင်တိမ်းပြီးသား ဖြစ်ပေလိမ့်မည်။

အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာခြင်း မဟုတ်ပါလျှင်မူ ထိုအဖြေက ယုတ္တိရှိသော်ငြား ပြန်လည်မွေးဖွားလာပါလျက် ယွင်ချင်းစီကို တမင်တကာ ဖူံကွယ်ထားခြင်း ဖြစ်ပါလျှင်မူ သူ့တွင် လျှို့ဝှက်ထားသော အကြံအစည်များ ရှိနေသည်ဟုသာ ကောက်ချက်ချရပေတော့မည်။

ဒီအရူးကောင်ကို အမြန်ဆုံး စုံစမ်းဖို့ လိူနေပြီ ...

ယွင်ချင်းစီက အသားဌာပနာမုန့်အကြောင်း သာမန်ကာလျှံကာသာ ပြောလိုက်ပြီး ‌မြွေကို ခြောက်လှန့်မိရာ ရောက်သွားမည်ကို စိုးရိမ်သည့်အတွက် အခြား မည်သည့်မေးခွန်းကိုမှ ဆက်မမေးတော့ချေ။

လီယင်းသည်လည်း သူကဲ့သို့ပင် ပြန်လည်မွေးဖွားလာလိမ့်မည်ဟု မထင်ထားသည့်အတွက် လီယင်း၏ အရှေ့တွင် အနည်းငယ်မျှပင် ဟန်ဆောင်ဖုံးကွယ်ထားခြင်း မရှိခဲ့ရာ တစ်ဖက်သူက သူ့ကို ပြန်လည်မွေးဖွားလာပါသည်ဟု သိသွားလျှင်ပင် အံ့ဩလောက်စရာ မရှိချေ။

ဒါပေမယ့် ဒါသာ အမှန်ဆိုရင် လီယင်းက ဘာလို့ သူ ပြန်လည်မွေးဖွားလာပါတယ်ဆိုတဲ့ အချက်ကို တမင် ဖုံးကွယ်ထားရတာလဲ ...

အတိတ်ဘဝတွင် လီယင်းက သူ့ကို သတ်ခဲ့ပြီးဖြစ်ရာ ယခုဘဝတွင်လည်း ဒုတိယအကြိမ် သတ်လာနိုင်ပေသည်။

ယွင်ချင်းစီသာ ဒီအကြောင်း သိသွားရင် သူ့ရဲ့ ဓားစာခံအဖြစ် မနေတော့မှာကို ကြောက်လို့များလား ...

လီယင်းလို အနာဂတ်က မှတ်ဉာဏ်တွေ ရပြီးသားသူက ဘယ်လိုဖြစ်လို့များ ဒီလောက်အထိ အားနည်းပြီး အမတ်ချုပ် အိမ်တော်ကို ထိန်းချုပ်ဖို့ နယ်ရုပ်လေးကို လိုအပ်နေသေးရတာလဲ ...

ပြောရရင် သူ့လမ်းကြောင်းပေါ် ပိတ်နေတဲ့ လူတွေအကုန်လုံးကို ရှင်းပစ်နိုင်တဲ့အထိ သန်မာနေရမှာ မဟုတ်ဘူးလား ...

ပြန်လည်မွေးဖွားလာသည့်တိုင် ယွင်ချင်းစီသည် လီယင်းက သူ့ကို လက်လွှတ်ခံမည် မဟုတ်ကြောင်း သိထားသည့်အတွက် ယခင်အတိုင်း မောက်မာထောင်လွှားခဲ့ဆဲဖြစ်သည်။ လီယင်းက သူ့ကို စိတ်ထဲမှ တိတ်တဆိတ် အထင်အမြင်သေးရုံမှအပ မည်သို့မှ ထုတ်မပြောရဲဟု တွေးကာ သူ့ကို တမင်တကာ မညှာမတာ ဆက်ဆံလေ့ ရှိပေသည်။

သို့သော် ဤနည်းလမ်းကို ယခုအထိ ကျင့်သုံးမိနေဆဲပင်။

လီယင်းသာ အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့ခြင်း ဖြစ်ခဲ့ပါလျှင် သူ၏ ကို့ရို့ကားယားလုပ်ရပ်များကို ကြာရှည် သည်းခံနေလိမ့်မည် မဟုတ်ချေ။

ပြန်လည်မမွေးဖွားခင်က လီယင်းသည် သူ့ကို သတ်ရဲသည်အထိ သတ္တိမကောင်းလှသော်ငြား ပြန်လည်မွေးဖွားလာသည့် လီယင်းဆိုပါလျှင်မူ သူ့ကို မုချ သတ်ဖြတ်မည် ဖြစ်ပေသည်။

သူ့လုပ်ရပ်နဲ့ စိတ်ထားတွေကိုပဲ အရင်ဆုံး အကဲခတ်ကြည့်ကြတာပေါ့...

"စားချင်ရင် တော်ဝင်စားဖိုဆောင်ကို ပြင်ဆင်ခိုင်းလိုက်လို့ ရတယ်လေ ဘာလို့ ကိုယ့်ကိုယ်ကို ဒုက္ခခံပြီး‌ စောင့်နေမှာလဲ ..."

ယွင်ချင်းစီက ဘာမှ ဆက်ပြောမလာသော်လည်း လီယင်းက ဆကိတိုက် တိုက်တွန်းလိုက်ပြန်သည်။

ဒီလိုမျိုး သိသိသာသာကို မျက်နှာချိုသွေးတဲ့ လုပ်ရပ်မျိုးက ... အရင်ဘဝက လီယင်းသာဆို ဘယ်လိုနည်းနဲ့မှ သည်းခံနိုင်မှာ မဟုတ်ဘူး ...

ယွင်ချင်းစီမှာ ရွေးစရာ မရှိတော့။

"ကျွန်တော်သာ သူတို့ကို အကြောင်းကြားလိုက်ရင် သူတို့ ပြင်ဆင်နေတုန်း အိပ်ပျော်သွားလိမ့်မယ် ..."

လီယင်းက ပြောလိုက်သည်။

"ဒါဆို မနက်ဖြန်မှ စားကြတာပေါ့ ..."