Chapter 35
များမကြာမီ ဂီတပညာရှင်များ ရောက်လာကာ လှပသည့် အကသမားများလည်း အတူတူ လိုက်ပါလာ၏။ မျက်စိပသာဒဖြစ်လှသည့် ဟင်းလျာများကိုလည်း စားပွဲအပြည့် ခင်းကျင်းထားကာ ယွင်ချင်းစီက အခင်းပါထိုင်ခုံတွင် လီယင်းနှင့်အတူ ဝင်ထိုင်လိုက်သည်။ ဂီတပညာရှင်များထံ အကြည့်ရောက်သွားသည့်အခါ ယွင်ချင်းစီက အနည်းငယ် ကြောင်အသွား၏။
"ရွမ်လျန် .. ဘယ်လိုဖြစ်လို့ မင်းက ပါလာရပြန်တာလဲ ..."
ရွမ်လျန်က မတ်တပ်ထရပ်ကာ အရိုအသေပေး၍ ပြောလိုက်သည်။
"ဧကရီက ကျွန်တော်တို့ အကုန်လုံးကို တွေ့ချင်တယ်လို့ ထင်တဲ့အတွက် ကျွန်တော့်ဆရာက ဒီငယ်သားကိုပါ ခေါ်လိုက်တာပါ ..."
သူက အနည်းငယ် တုန့်ဆိုင်းသွားသည့်ဟန်။
"တကယ်လို့ ဧကရီသာ ကျွန်တော့်ကို မတွေ့ချင်ရင် ..."
"မဟုတ်ဘူး မဟုတ်ဘူး ..."
ယွင်ချင်းစီက ကတိုက်ကရိုက် ပြောလိုက်သည်။
"တွေ့ချင်ပါတယ် ဒါပေမယ့် မင်းရဲ့ ဒဏ်ရာကို စိုးရိမ်လို့ ..."
သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လာသည့် လီယင်းကြောင့် ရွမ်လျန်လည်း အနည်းငယ် မျက်နှာချိုသွေးကာ သတိကြီးကြီးထား၍ ပြန်ဖြေလိုက်သည်။
"ဧကရီရဲ့ ကြင်နာပေးမှုအတွက် ကျေးဇူးတင်ပါတယ် ..."
ထို့နောက် ပါးစပ်ကို လက်ဖြင့်အုပ်ကာ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်သည့်အခါ နှုတ်ခမ်းထောင့်စွန်း၌ သွေးစအချို့ ကပ်ငြိလာ၏။ သူ့နှုတ်ခမ်းမှာ လွန်စွာ ဖြူလျော်နေရာ ထိုသွေးစ အနည်းငယ်ကပင်လျှင် များစွာ သိသာနေပေသည်။
ယွင်ချင်းစီက ချက်ခြင်း မတ်တပ်ရပ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
လီယင်းက လွန်စွာ သုန်မှုန်စွာဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။
"ရွမ်လျန်အနေနဲ့ နေလို့ထိုင်လို့ အဆင်မပြေရင် ပြန်ပြီး အနားယူလို့ ရတယ် ..."
ရွမ်လျန်က စောင်းကြိုးကိုပင် ထိကိုင်ထားပြီးပြီဖြစ်ရာ ထိုစကား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီကို မော့ကြည့်မိတော့၏။ လီယင်းက အခြေအနေနှင့် လျော်ညီစွာ နေထိုင်သည်မှာ ရှားပါးလှရာ ယွင်ချင်းစီက သဘောတူမည်ပြုလိုက်သော်လည်း ရွမ်လျန်က သူ့ကို ရီဝေစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အရှင့်ရဲ့ မျက်နှာသာပေးမှုနဲ့ စိုးရိမ်ပေးမှုကို လက်ခံလိုပေမယ့် ... ကျွန်တော့်အတွက်တော့ ဧကရီနဲ့ အရှင် စိတ်အပန်းဖြေဖို့က အရေးအကြီးဆုံးပါ ..."
အတိတ်ကာလများတွင် လူတိုင်းသည် ဧကရီကို အခါအခွင့်သင့်၍သာ ခရီးသွားဟန်လွှဲ ထည့်ပြောကြတတ်သော်ငြား ရွမ်လျန့်ကမူ သူတို့နှင့် လားလားမျှမတူ။
သူက လီယင်းကို လှမ်းကြည့်လိုက်၏။ လီယင်း၏ အကြည့်တို့မှာ နက်မှောင်နေကာ ပျော်ရွှင်စိတ်၊ ဒေါသစိတ်တို့ကို စိုးစဉ်းမျှပင် မမြင်ရချေ။
ပြန်လည်မွေးဖွားလာတဲ့ လီယင်း ... သူက ဒီလိုအခြေအနေမျိုးကို ဘယ်လောက်ကြာကြာ သည်းခံနိုင်မလဲ ...
သို့သော် လီယင်းသာ သည်းမခံလိုပါလျှင် ရွမ်လျန်ကို ဦးစွာ ကိုင်တွယ်မည် ဖြစ်သည်။ ယွင်ချင်းစီက ထိုနေရာတွင် ထိုင်နေရင်းပင် ချင်ပြည်ထောင်စုကို အကြောင်းကြားကာ ရွမ်လျန်ကို တိတ်တဆိတ် ကာကွယ်ပေးမည့်သူတစ်ဦး ရှာပေးရလေမလားဟု စဉ်းစားနေလိုက်တော့သည်။ လီယင်းဘက်မှ လှုပ်ရှားလာပါလျှင် အချိန်မီ သိရှိနိုင်စေရန် ဖြစ်သည်။
လီယင်းက နူးညံ့ညင်သာစွာဖြင့် ပြောလာပြန်၏။
"ကိုယ့်ကိုယ်ကို တွန်းအားပေးနေစရာ မလိုပါဘူး လာကြစမ်း တစ်ယောက်လောက် ရွမ်လျန်ကို ဂီတဌာနအထိ လိုက်ပို့ပေးလိုက်ကြ ..."
လျှိုကျီရူက အမိန့်အတိုင်း ဆောင်ရွက်မည် ပြုစဉ်မှာပင် ယွင်ချင်းစီ၏ စကားသံကို ကြားလိုက်ရသည်။
"ခဏလေး ..."
"ဒီအထိတောင် ရောက်နေပြီးမှတော့ ဘေးမှာ ထိုင်စောင့်နေပြီး အားလုံးပြန်မှပဲ အတူတူ လိုက်ပြန်တော့ပေါ့ ..."
သူက နောက်တစ်ကြိမ် အမိန့်ပေးလိုက်သည်။
"ကျင်းဟွမ် ပန်းကန်တစ်စုံ ထပ်စီစဉ်လိုက် ဂီတပညာရှင်က ဒဏ်ရာရထားတာဆိုတော့ ပြန်ပြီး အားမွေးဖို့ လိုအပ်တယ်လေ ..."
ရွမ်လျန်မှာ ပို၍ပင် ဝမ်းသာသွားသည့်ဟန်။
"ဒီငယ်သားက မဝံ့ရဲ ..."
"ထိုင် ..."
ယွင်ချင်းစီက ထိုသို့ အမိန့်ပေးပြီးနောက် လီယင်းကို စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။
"အရှင်ရော ဒီ ဧကရီရဲ့ စီစဉ်မှုက မှားယွင်းနေတယ်လိူ့များ ထင်မြင်မိပါသလား ..."
လီယင်းက သူ့ကို အသူတစ်ရာ ချောက်နက်သဖွယ် မည်းမှောင်နက်ရှိုင်းလှသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ ရင်ဘက်ပေါ်တွင် ဝန်ထုပ်ကြီးတစ်ခု တင်ခံထားရသည့်နှယ် အသက်ရှူသံတို့ လေးလံလာကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ဧကရီရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပေးလိုက်ကြ ..."
ယွင်ချင်းစီ၏ မျက်လုံးထောင့်စွန်းတို့ ကွေးညွတ်သွားတော့သည်။
သူက ကပြဖျော်ဖြေမှုတို့ကို တပျော်တပါး ခံစားနားဆင်ရင်း ရံဖန်ရံခါ ရွမ်လျန်ရှိရာဘက်သို့လှည့်ကာ စကားပြောလိုက်သည်။
"အားလျန်က ဘယ်ဇာတိလဲ ..."
"ဒီငယ်သားက လင်းကျိုးကပါ ..."
"အားလျန်ရဲ့ ကိုယ်နှုတ်အမူအယာတွေက အရမ်း ကောင်းတော့ မိသားစုကောင်းတစ်ခုကနေ ဆင်းသက်လာတယ်လို့ ထင်လိုက်တာ ဘယ်လိုဖြစ်လို့ တော်ဝင်ဂီတဌာနကို ရောက်လာတာလဲ ..."
"ကျွန်တော်မျိုးရဲ့ မိသားစုက စီးပွားရေး ကျဆင်းသွားတော့ .. ဒီအကြောင်းကို ပြောရတာ ခက်ပါတယ် ..."
သူက မျက်လွှာချကာ ပြောလိုက်သည်။
"ဒီငယ်သားက ရှန့်ယန်မြို့တော်ရဲ့ မန်ချွင်အဆောက်အဦးမှာ ဖျော်ဖြေပေးရတဲ့သူပါ နောက်ပိုင်းကျ ဂီတဌာနရဲ့ ယွမ်လူကြီးမင်းနဲ့ တွေ့ဆုံပြီး နန်းတော်ထဲမှာ အမှုထမ်းခွင့် ရလာခဲ့ပါတယ် ..."
ယွင်ချင်းစီက ခေါင်းတဆတ်ဆတ် ငြိမ့်ပြကာ စာနာသနားသည့် အရိပ်အယောင်တို့က သူ့အကြည့်ထဲတွင် ဖြတ်သန်းသွားတော့သည်။ သူသည် ခက်ခဲသည့် ဘဝတွင် နေထိုင်ခဲ့ရသူဖြစ်ကာ သတ်မသေခင် နေ့ရက်များမှာ သူ့တစ်ဘဝလုံးတွင် အခက်ခဲဆုံး နေ့ရက်များဖြစ်ပြီး အသွေးအသားထဲအထိ စွဲမြဲနစ်ဝင်နေပြီဟုပင် ပြောနိုင်ပေသည်။
ရွမ်လျန်လို လူချမ်းသာသခင်လေးတစ်ယောက်က ဖျော်ဖြေရေးသမားဘဝကို ပြောင်းလဲသွားရတယ်ဆိုတာက တွေးကြည့်ရင်တောင် အရမ်းခက်ခဲမှာကို...
ပြီးတော့ နန်းတော်ထဲ ရောက်လာတော့လည်း ခွေးဘုရင်ရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရသေးတယ် ...
သူက လီယင်းကို ချက်ခြင်း စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ရွမ်လျန်ကို အကဲခတ်နေသည့် လီယင်းမှာလည်း မီးဝင်းဝင်းတောက်နေသော အကြည့်တို့ကို လက်ခံလိုက်ရသည့်အတွက် အနည်းငယ် မင်သက်သွားတော့သည်။ အကြည့်တို့ကို လွှဲကာ စကားတစ်ခွန်းမှ မဆိုဘဲ ဝိုင်တစ်ခွက်ငှဲ့၍ တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
သေရည်အနည်းငယ်က နှုတ်ခမ်းထောင့်စွန်းမှတစ်ဆင့် လည်ပင်း၊ လည်ဇလုပ်အထိ စီးကျကာ အင်္ကျီလည်ပင်းပေါက်အကြား စီးကျပျောက်ကွယ်သွားတော့သည်။
ယွင်ချင်းစီက ခွက်ကို ချထားပြီး လီယင်းနှင့်သာ စကားပြောနေလိုက်ပြန်၏။ သူ့ပုံစံမှာ ဘေးတွင် ထိုင်နေသည့် လီယင်းက သံသယဝင်မည်ကိုပင် မစိုးရိမ်သည့်ဟန် လွန်စွာ အေးဆေးပေါ့ပါးနေပေသည်။
အရမ်းကို ပွင့်လင်းမြင်သာလွန်းတယ်...
ပွင့်လင်းလွန်းတာမှ ဟိုးအရင်က သူ့အပေါ် အရမ်းကို ချစ်ခင်ခဲ့တဲ့ ယွင်ချင်းစီနဲ့ တစ်စက်လေးကို မတူတော့တဲ့အထိပဲ ...
ထိုအချိန်မှာပင် ယွင်ချင်းစီက လီယင်းသည် ဝိုင်တစ်အိုးလုံးကုန်အောင် သောက်ပြီးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်တော့သည်။ သူက ဘေးနားရှိ အစေခံကို လက်ယမ်းပြကာ ပြောလိုက်သည်။
"နောက်တစ်အိုး ယူလာခဲ့ ..."
လျှိုကျီရူက လျှောက်တင်လိုက်သည်။
"အရှင် အများကြီး သောက်မိရင် နောက်တစ်နေ့မနက် အရှင်နိုးလာတဲ့အခါ ခေါင်းကိုက်နေမှာကို စိုးရိမ်ရပါတယ် ..."
"ကိုယ်တော်က စိတ်အေးလက်အေး အပန်းဖြေနေတာလေ ..."
လီယင်း၏ အကြည့်တို့မှာ ဝိုင်အရက်ဒဏ်ကြောင့် ရီဝေစိုစွတ်လာတော့သည်။
"ဒီည မူးအောင် သောက်ကြတာပေါ့ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"နောက်ထပ် နည်းနည်းလောက် ထပ်ယူလာခဲ့ ဘာပဲဖြစ်ဖြစ် နှစ်ကူးနားနီးပြီဆိုတော့ ညီလာခံလည်း တက်စရာမှ မလိုတော့တာ အရှင့်ကို အပန်းဖြေပါစေ ..."
လျှိုကျီရူမှာ ထိုစကားတို့သည် ဧကရီ၏ ပါးစပ်ဖျားမှ ထွက်လာသည်ဟုပင် မယုံကြည်နိုင်တော့ချေ။
လီယင်းသည် ထီးနန်းဆက်ခံပြီးနောက်ပိုင်း များစွာ မပြင်းထန်လှသည့် ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရသည်။ ပုံမှန်အားဖြင့် ကိစ္စမရှိလှသော်ငြား သေရည်မူးလာသည်နှင့် တစ်ပြိုင်နက် ခေါင်းတစ်ခုလုံး ကွဲကြေလုမတတ် ကိုက်ခဲလာတတ်ကြောင်း သိထားသည့် ယွင်ချင်းစီက မည်သည့် ပွဲအခမ်းအနားတွင်ဖြစ်စေ သူ့ကို အလွန်အကျူး သောက်ရန် ခွင့်မပြုခဲ့ချေ။
နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ထားသော လီယင်း၏ အကြည့်တို့မှာ ပို၍ပင် စိုစွတ်လာတော့သည်။ သူက ပြောလိုက်၏။
"ကြည့်လေ ဧကရီတောင် စိတ်မရှိတာ .. မောင်မင်းတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ် သွက်သွက်လေး ယူလာခဲ့ကြ ..."
လျှိုကျီရူလည်း သွားယူရုံမှအပ ရွေးစရာ မရှိတော့။ ယွင်ချင်းစီကိုသာလျှင် စိတ်ရှုပ်ထွေးနေသည့် အမူအယာဖြင့် လှည့်ကြည့်လိုက်သည်။ ယွင်ချင်းစီကမူ ရွမ်လျန်ဘက်လှည့်ကာ လင်းကျိုး၏ ရှုမျှော်ခင်းများအကြောင်း စကားလက်ဆုံကျနှင့်နေပြီဖြစ်သည်။
"အဲဒီ့အကြောင်း ကြားပဲ ကြားဖူးတာ တစ်ခါမှ မရောက်ဖူးဘူး ရှန့်ယန်ကနေ မထွက်ခွါဖူးတော့လေ ... အားလျန်က အများကြီးကို သိထားတာပဲ ..."
ရွမ်လျန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
သူက လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်၏။ ကိုက်ထားသည့် လျာထိပ်ဖျားမှာ အနည်းငယ် နာကျင်နေရာ ခါးသက်သက် လက်ဖက်ရည်ဖြင့် နှုတ်ခမ်းပေါ်မှ သွေးစတို့ကို ဆေးကြောလိုက်သည်။
(ချောင်းဆိုးလို့ သွေးထွက်တာ မဟုတ်ဘဲ သွေးထွက်အောင် လျာကို တမင် ကိုက်လိုက်တာပါ🤏)
တစ်ဖန် ဧကရာဇ်ကို ဖျတ်ခနဲ လှမ်းကြည့်ကာ အကဲခတ်လိုက်ပြန်၏။ တစ်ဖက်သူက ဧကရီကို ကျောပေးကာ ကျောက်စိမ်းအိုးကို ခပ်မြင့်မြင့် မြှောက်ကိုင်ပြီး စားပွဲပေါ် လှဲချလျက် ပါးစပ်ထဲသို့ တိုက်ရိုက် လောင်းထည့်နေသည်။ ထိုသေရည်များက သူ့ပါးစပ်ထဲ ဝင်လေသလား အင်္ကျီကော်လာမှတစ်ဆင့် ရင်ဘက်ထဲသို့ ရောက်သွားလေသလားတော့ မပြောတတ်တော့ချေ။
သူက နူးညံ့စွာ ပြောလိုက်သည်။
"ကျွန်တော်မျိုး ကြားမိသလောက်ဆို ဝမ်ဖေးရဲ့ အကြီးဆုံးအစ်မက လင်းကျိုးက ရှောင်မိသားစုနဲ့ ထိမ်းမြားထားတာဆို အရှင်က ဆွေမျိုးတွေဆီ အလည်အပတ် မသွားခဲ့ဖူးဘူးလား ..."
လီယင်းမှာ ဝမ်းနည်းနောင်တရမှုများအကြား နစ်မြောသွားသည့်နှယ် မျက်ဆန်အိမ်တို့ အနည်းငယ် ကျုံ့ဝင်သွားတော့သည်။
ယွင်ချင်းစီက ပြောလိုက်သည်။
"တောင်တန်းတွေက ဝေးလံပြီး ခလုတ်ကန်သင်းလည်း များတယ်လေ လှည်းထဲမှာ လူးလှိမ့်နေရမယ့် အဖြစ်မျိုး အဖြစ်မခံချင်လို့ ..."
ရွမ်လျန်က အပြုံးတစ်ပွင့် ဝင်စွက်လျက် ပြောလိုက်သည်။
"ဝမ်ဖေးရဲ့ ခန္ဓာကိုယ်က အရမ်းကို နူးညံ့တော့ တကယ်ကို အဆင်ပြေမှာ မဟုတ်ဘူး ..."
ယွင်ချင်းစီက ရယ်မောလိုက်သည်။
ထိုစဉ် လက်ဖက်ရည်ခွက်တစ်ခု ကွဲကျသွားသည့်အသံကို ကြားလိုက်ရသည်။
ကခုန်နေကြသူများ ရုတ်ချည်း ရပ်တန့်သွားကာ တီးခတ်နေသည့် အသံများလည်း ဆိတ်ငြိမ်သွားပြီး အသံလာရာဘက်သို့သာ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံ၏ သားတော်မှာ သေရည်ယစ်မူးသွားသည့်ဟန် စားပွဲပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေသည်။ သူ့အင်္ကျီလက်ကို လ္ဧွှဲယမ်းလိုက်ရာမှ တစ်ခုခုကို တိုက်မိကာ ပြုတ်ကျသည့်အသံ ထွက်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။
ယွင်ချင်းစီက သူ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"အရှင်က အနားယူချင်ပြီဆိုတော့ ဒီနေ့ ဒီလောက်နဲ့ပဲ ဖျော်ဖြေရေးကို ရပ်လိုက်ကြတာပေါ့ ..."
ယွမ်လျန်က မတ်တပ်ထရပ်ကာ အားလုံးနှင့်အတူ အရိုအသေပြုပြီး အနားယူရန် ပြင်ဆင်လိုက်သည်။
ဗျပ်စောင်းကို ကောက်ကိုင်လိုက်သည့်အခါ တိုးလျသည့် တုန်ခါသံတစ်ခု ထွက်ပေါ်လာ၏။ သူသည် နောက်ဆုံးထွက်ခွါသူဖြစ်ကာ မထွက်သွားမီ ပါးစပ်ကိုအုပ်လျက် အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်သည်။ ထိုအခါမှ ယွင်ချင်းစီက သူ့ဒဏ်ရာကို သတိရသွားသည့်နှယ်၊ အကြည့်တို့ကို ဧကရာဇ်ထံမှ ဖယ်ခွါလျက် ညွှန်ကြားလိုက်သည်။
"ပြန်ပြီး ကောင်းကောင်း အနားယူလိုက် သန်ဘက်ခါ ကျင်းပမယ့် တော်ဝင်စားပွဲမှာ ပါဝင်စရာ မလိုဘူး ..."
"ဧကရီရဲ့ ကြင်နာပေးမှုကို ကျေးဇူးတင်ပါတယ် ..."
သူက ဧကရာဇ်ကို နောက်ဆုံးအကြိမ် လှည့်ကြည့်ကာ ထွက်သွားလိုက်သည်။
လီယင်းက မလှုပ်မယှက် လှဲလျောင်းနေဆဲပင်။ မျက်ခွံတို့ကို တင်းတင်းကြပ်ကြပ် ဖိပိတ်ကာ မျက်လုံးထောင့်စွန်းတို့က ရဲရဲနီနေ၏။
ယွင်ချင်းစီက သူ့အနားသို့ လျှောက်လာလိုက်သည်။
လီယင်း၏ ဖြူဖွေးလှသည့် မျက်နှာတစ်ခုလုံး ရဲရဲနီကာ လည်ပင်းမှတစ်ဆင့် ညှပ်ရိုးအထိ အနီရောင်ပေါင်ဒါမှုန့်များ လိမ်းခြယ်ထားသည့်နှယ် နီသွေးဖြန်းနေတော့သည်။
သူ့တစ်ကိုယ်လုံး ဝိုင်အနံ့တို့ ထွက်နေကာ ရင်ဘက်မှာလည်း စိုရွှဲနေ၏။ မျက်နှာနှင့် လည်ပင်းတို့တွင်လည်း သေရည်စီးကြောင်းများ ရှိနေသည်။ ယွင်ချင်းစီက သူ့ကို ဆက်တိုက် တွန်းကာ ပြောလိုက်သည်။
"အရှင် ..."
လီယင်းက မျက်ခွံတို့ကို တစ်ဝက်ခန့် ဖွင့်ကြည့်လိုက်သည်။ တစ်ဖန် ဖိပိတ်သွားပြန်ပြီး မျက်ခုံးတို့ကို တင်းတင်းကြပ်ကြပ် စုကျုံ့လျက် ဗလုံးဗထွေး ငြီးတွားလိုက်သည်။ လျှိုကျီရူက ပြောလိုက်၏။
"အခုတလော အရှင့်ရဲ့ ခေါင်းကိုက်ဝေဒနာက ပိုပိုပြီး ဆိုးရွားလာတာ ဒီနေ့လည်း သေရည်တွေ အများကြီး သောက်လိုက်တော့ မနက်ဖြန်ကျ သည်းမခံနိုင်လောက်အောင် နာကျင်နေမှာကို စိုးရိမ်ရပါတယ် ..."
"ဒါပေမယ့် ပျော်နေတယ်လေ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"သူ့ကို ဘယ်သူကမှ တွန်းအားမပေးဘူးလေ ..."
".. ဒါဆို ဒီအစေခံက တစ်ယောက်ယောက်ကို အမူးပြေ ဟင်းရည်လေး ပြင်ဆင်ခိုင်းလိုက်ရမလား ..."
"ခိုင်းလိုက်ပါ ..."
ယွင်ချင်းစီက မူးနေသည့် ဧကရာဇ်ကို လှည့်ကြည့်ကာ နီရဲနေသည့် မျက်နှာကို လက်ဖြင့် ထိုးကြည့်ရင်း ပြောလိုက်သည်။
"လီယင်း လီယင်း ငါ့ကို ကြည့်ဦး ..."
လီယင်းက ဇဝေဇဝါဖြင့် ဖွင့်ကြည့်လိုက်သည်။
စစ်ဆေးကြည့်ဖို့ အချိန်ကောင်းပဲ ...
လီယင်းသည် အရက်မူးလာချိန်တွင် မေးသမျှ အလုံးစုံကို အကုန်အစင် ဖြေလေ့ရှိသည့်အတွက် သေရည်ကို မကြာခဏ သောက်လေ့မရှိပေ။ ယွင်ချင်းစီက သူ့အနားတိုးကာ ပြောလိုက်သည်။
"ငါ ဘယ်သူလဲ ..."
လီယင်းဘက်မှ အသံထွက်မလာ။
သူက အနားသို့ ဆက်တိုးကာ နူးညံ့စွာ ပြောလိုက်သည်။
"ရှင်းရှင်းလင်းလင်း မြင်ရလား ငါ ဘယ်သူလဲ ..."
သူ့အကြည့်တို့မှာ လွန်စွာ နူးညံ့လှသော်ငြား လီယင်းကမူ ထိုအဓိပ္ပါယ်ပြည့်နေသည့် မျက်ဝန်းတို့ထဲမှ တစ်စုံတစ်ခုကို မြင်မိသွားသည့်ဟန်။
သူ့ရှေ့တွင် ရှိနေသည့် ယွင်ချင်းစီ၏ ပုံရိပ် ပြောင်းလဲကာ ရှည်လျားလှသည့် မဟူရာရောင်ဆံနွယ်တို့က သွေးများဖြင့် စိုရွှဲသွားတော့သည်။ လီယင်း၏ စိုစွတ်နေသော မျက်ဝန်းတို့ ပြူးကျယ်သွားတော့၏။
"လီယင်း ..."
ယွင်ချင်းစီက သူ့နားရွက်နား တိုးကပ်ကာ ပို၍ နူးညံ့စွာ ပြောလိုက်သည်။
"ငါ့အလောင်းကို တွေ့ခဲ့တာလား ..."
"အမ်း ..."
လီယင်းက ချက်ခြင်း သူ့ခေါင်းကို ဆုပ်ကိုင်လိုက်သည်။
ထောင်ပေါင်းများစွာသော အပ်တို့က သူ့ဦးခေါင်းခွံကို စူးရှနာကျင်စွာ ထိုးနှက်နေသည့်နှယ်။
မျက်လုံးတစ်ခုလုံး သွေးချင်းချင်းနီရဲကာ နဖူးတွင် အပြာရောင်သွေးကြောတို့ ထွက်ပေါ်လာတော့သည်။
ယွင်ချင်းစီက အသက်ရှူအောင့်ထားရင်း လီယင်းကို ဆွဲကာ စိုက်ကြည့်လိုက်သည်။
"လီယင်း ငါ့ကို မှတ်မိလား ..."
"အားစီ ..."
လီယင်းက ခက်ခဲပင်ပန်းစွာ အသက်ရှူထုတ်လိုက်၏။ ပြင်းထန်စွာ နာကျင်နေသည့် အရိပ်အယောင်တို့က သူ့မျက်နှာတွင် အတိုင်းသား ထွက်ပေါ်လာသည်။
"ကိုယ် .. နာတယ် ..."
ယွင်ချင်းစီက သူ့ကို ဂရုမစိုက်။
လီယင်း မူးယစ်သည့် အချိန်မှာ လွန်စွာ ရှားပါးရာ ယခုအချိန်တွင် မစစ်ဆေးနိုင်ပါလျှင် သတိကြီးကြီး ကပ်ထားတတ်သည့် လီယင်းကြောင့် နောင် မည်သည့်အချိန်တွင်မှ အခွင့်အရေး ထပ်ရလာမည်ကို တပ်အပ် မပြောတတ်ချေ။
လီယင်း၏ စွမ်းဆောင်ရည်များကို မည်သည့်အချိန်ကမှ အထင်မသေးခဲ့။ ပြန်လည်မွေးဖွားလာသည့်တိုင် လီယင်းသည် သူ့အဖို့ ရင်ဆိုင်ရန် ခဲယဉ်းလှသော ပြိုင်ဘက်တစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။
ဤကိစ္စမှာ သူ့အတွက်၊ သူ့မိသားစုနှင့် မုန်းတီးမှုတို့အတွက် များစွာ အရေးပါလှရာ အခွင့်အရေးကို မည်သို့မှ လက်လွှတ်မခံနိုင်ချေ။
"သိပြီ မှတ်မိပြီ ..."
လီယင်းက နဖူးတွင် ချွေးသီးချွေးပေါက်တို့ များစွာ ထွက်ပေါ်လျက် တစ်ဖြည်းဖြည်း ပြောလိုက်သည်။
"အားစီ နာတယ် ငါ့ခေါင်းက အရမ်းကို နာနေတယ် ..."
ဝိုင်သောက်ပြီးလေတိုင်း ခေါင်းကိုက်တတ်ကာ များများသောက်လေလေ ပိုပြီး နာကျင်ကိုက်ခဲလာလေဖြစ်သည်။
ယွင်ချင်းစီက နောက်ဆုံးတစ်ဆင့်သာ ကျော်ဖြတ်ရန် ကျန်ရှိတော့သည်ဟု ခံစားမိသည့်အတွက် လီယင်းကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ကာ မေးလိုက်သည်။ အသက်ရှူသံတို့ပင်လျှင် ကသောင်းကနင်း ဖြစ်နေ၏။
"လီယင်း မင်းက ရှေ့ရှစ်နှစ်ကျော်ကနေ ပြန်လာခဲ့တာ မဟုတ်လား ..."
လီယင်းက မျက်လုံးကို တင်းကြပ်စွာ ဖိမှိတ်ထားလိုက်သည်။
သူ့ပုံစံမှာ လွန်စွာ ခက်ခက်ခဲခဲ တွေးနေရသည့်ဟန် များစွာ နာကျင်ကာ စိတ်ဖိစီးနေ၏။ ရီဝေထုံထိုင်းစွာဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး အားစီ မဟုတ်ဘူးလို့ ..."
ယွင်ချင်းစီ၏ လက်တို့ ရုတ်ချည်း ပြေလျော့သွားတော့သည်။
လျှိုကျီရူက သူ လီယင်းအနားကပ်ကာ တစ်ခုခု မေးနေသည်ကိုသာ မြင်လိုက်ပြီး ထိုစကားသံကို ကြားလိုက်ရသည့်အခါမှ လျှို့ဝှက်ချက်အချို့ကို သိသွားသည့်ဟန်ဖြင့် သက်ပြင်းမောတစ်ချက် ချလိုက်သည်။
သိူ့သော် များစွာ ဆက်တွေးနေချိန် မရှိ။ ရှေ့သို့ အနည်းငယ်တိုးကာ ပြောလိုက်သည်။ ။
"ဝမ်ဖေးကတော့ မသိလောက်ပေမယ့် အခုတလော အရှင်က မကြာခဏ ခေါင်းကိုက်နေတတ်ပါတယ် တော်ဝင်ဆေးကုသဆောင်ကို သွားရောက်ပြီး အပ်စိုက်ကုထုံးကိုတောင် အကြိမ်အနည်းငယ်လောက် ခံယူထားတော့ အရှင့်ရဲ့ ခေါင်းကိုက်ဝေဒနာက အတု မဟုတ်လောက်ဘူးထင်တယ် ..."
ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။
လီယင်းက ဟန်ဆောင်နေတာ မဟုတ်မှန်း သူသိတာပေါ့ ...
ထို့အပြင် သူသည် လီယင်းကို မျှော်စင်ပေါ်မှ ခုန်ချပြီးနောက်ပိုင်း သူ့ကို လာကြည့်သေးလားဟု တည့်တိုး မေးခဲ့ခြင်း ဖြစ်ပေသည်။ သူ့အလောင်းအကြောင်း ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အတိတ်ဘဝက လီယင်းသည် ချက်ခြင်း ခေါင်းကိုက်လာလိမ့်မည်ဟု တွေးပင် မတွေးမိချေ။
သတ်ရဲမှတော့ သူ့ကို ရင်ဆိုင်ရဲရမယ် မဟုတ်လား ...
ပြီးတော့ မူးနေတဲ့ လီယင်းက ဘယ်တုန်းကမှ မလိမ်တတ်ဘူးလေ ...
ရှေ့ရှစ်နှစ်ကျော်က လာတာ မဟုတ်ဘူးလို့ ပြောမှတော့ တကယ် မဟုတ်လို့ပဲ နေမှာပါ ...
ဒါပေမယ့် သူက အခု ဘာလို့ ခေါင်းကိုက်နေတာလဲ ...
သူက လီယင်း၏ နာကျင်လွန်း၍ ချွေးသီးချွေးပေါက်များ ကပ်ငြိနေသည့် မျက်နှာကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် နောက်ဆုံးတွင်မူ မတ်တပ်ထရပ်လျက် အမိန့်ပေးလိုက်တော့၏။
"တော်ဝင်သမားတော်ကို ပင့်လာခဲ့လိုက် ..."
အတွင်းခန်းထဲ ဝင်သွားသူကို စိုက်ကြည့်ရင်း လျှိုကျီရူ၏ နှလုံးသား တင်းကြပ်လာကာ ပြောလိုက်သည်။
"ဧကရီ ..."
ယွင်ချင်းစီက သူ့ကို လှည့်ကြည့်လိုက်သည်။
သူသည် ချစ်ရဲမုန်းရဲသူဖြစ်ကာ ချစ်နေစဉ်အတွင်း အရူးအမူး ဖြစ်နိုင်သော်ငြား လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် အေးဆေးတည်ငြိမ်သွားပေတော့သည်။ လျှိုကျီရူက သက်ပြင်းချကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး အရှင့်ကို ဒီည ဒီနန်းဆောင်မှာပဲ အိပ်စက်ခွင့်ပေးပါ ..."
"ကောင်းပြီလေ ..."
လီယင်း၏ အခြေအနေအရ သူ့ကို ဤနန်းဆောင်တွင် အိပ်စက်ခိုင်းရန်သာ ရှိပေတော့ရာ သူလည်း သဘောတူလိုက်ရတော့သည်။
"သူ့ကို အရင်ဆုံး ကူတွဲပေးလိုက်ပါ ..."
ရင်ရှီနှင့် ကျင်းဟွမ်တို့က ဝေဒနာ ခံစားနေရဆဲ လီယင်းကို အိပ်ယာပေါ်သို့ တွဲကာ ပို့လိုက်သည်။
တစ်ဖန် ဘေးတွင် ရပ်ကြည့်နေသည့် လျှိုကျီရူကို ပြောလိုက်၏။
"ဘာငေးနေတာလဲ သူ့အဝတ်တွေကို ချွတ်ပေးလိုက်လေ ဒီပုံစံအတိုင်း အိပ်ခိုင်းထားမလို့လား ..."
လျှိုကျီရူ "..."
ဒါတွေက အရင်ကဆို ဧကရီကိုယ်တိုင်ပဲ လုပ်တာတွေ မဟုတ်ဘူးလား ...
အဖေအမေလို မြင်းနွားလို ဆက်ဆံခံလိုက်ရသည့် လျှိုကျီရူက သူ့ကံကြမ္မာကို လက်ခံကာ လီယင်း၏ အဝတ်အစားတို့ကို ချွတ်ပေးရန် ပြင်လိုက်သော်ငြား သူ့လက်မောင်းတို့ကို အားဖြင့်မာန်ဖြင့် တွန်းထုတ်ခြင်း ခံလိုက်ရတော့သည်။