Chapter 36
လီယင်းက မချိတင်ကဲ ပြောလိုက်သည်။
"မထိနဲ့ ..."
လျှိုကျီရူက ကူကယ်ရာမဲ့စွာဖြင့် လျှောက်တင်လိုက်၏။
"အရှင် ဒါက အရှင့်ရဲ့အစေခံ လျှိုကျီရူလေ တကယ်လို့ အရှင်သာ အဝတ်အစား မလဲရင် အအေးမိသွားပါလိမ့်မယ် ..."
"မလိုဘူး ..."
လီယင်းက တစ်ဖက်လှည့်ကာ ခေါင်းကို ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။ သူ့အသံမှာ အနည်းငယ် အက်ကွဲနေ၏။ ။
"မလိုဘူး ..."
ယွင်ချင်းစီက အသီးဖျော်ရည်ခပ်နွေးနွေးကို တစ်ငုံသောက်ရင်း မျက်လုံးတို့ကို ပင့်ပြလိုက်သည်။ လျှိုကျီရူက သူ့ကို ရှက်ရွံ့စွာဖြင့် လျှောက်တင်လိုက်၏။
"ဧကရီ .. အရှင်မြင်တဲ့အတိုင်း ..."
"မင်းတို့ နှစ်ယောက် သူ့ကို ဖိချုပ်ထားလိုက် ..."
သူက ကျင်းဟွမ်နှင့် ရင်ရှီကို အမိန့်ပေးလိုက်သည်။
ကျင်းဟွမ်မှာ ၁၇ နှစ်သာ ရှိသေးပြီး ရင်ရှီမှာ ၁၅ နှစ်ပင် မပြည့်သေးရာ ယွင်ချင်းစီ၏ စကားတို့ကို ကြားလိုက်ရသည့်အခါ အနည်းငယ် စိတ်ဖိစီးသွားတော့၏။ ယွင်ချင်းစီက သူတို့ကို စိုက်ကြည့်လိုက်သည်။
"လုပ်လေ ..."
ရှေ့သို့တိုးကာ လီယင်းကို ဖိချုပ်ထားရုံမှအပ ရွေးစရာ မရှိတော့ချေ။ လီယင်းမှာ ခေါင်းကိုက်ဝေဒနာကို ပြင်းစွာ ခံစားနေရရာ အနားသို့ တစ်ယောက်ယောက် ချဉ်းကပ်လာကြောင်း သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် အင်္ကျီလက်ကို ပြင်းထန်စွာ လွှဲယမ်းလိုက်၏။ မိန်းမစိုးငယ်လေး နှစ်ဦးလုံး ကြမ်းပေါ်တွင် ထပ်လျက်သား လဲကျသွားကာ ရင်ရှီမှာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရတော့သည်။
လျှိုကျီရူက သူ့ကို တိတ်တဆိတ် အချက်ပြသည်ဟု ကောက်ချက်ချကာ ကုတင်ပေါ်တွင် နာကျင်မှုကို အလူးအလဲ ခံစားနေရသူအား ငေးကြည့်ရင်း ပြောလိုက်သည်။
"အရှင် ဘာများ လိုချင်လို့ပါလဲ ..."
"ငါ့ကို မထိနဲ့ ..."
လီယင်းက နာကျင်စွာဖြင့် ညဉ်းတွားလိုက်၏။ သူ့အသံမှာလည်း တိုးဖွအက်ရှနေသည်။
"ဧကရီ စိတ်ဆိုးသွားလိမ့်မယ် ..."
ပန်းသီးတစ်စိတ်ကို စားနေသည့် ယွင်ချင်းစီက ကုတင်ပေါ်ရှိ အမျိုးသားကို ဖြတ်ခနဲ လှမ်းကြည့်မိသွား၏။ လီယင်းမှာ အမှန်တကယ် မူးနေခြင်းရော ဟုတ်ရဲ့လား ဟူ၍ပင် သံသယဝင်သွားမိတော့သည်။
ဒါပေမယ့် မမူးရင်တောင် ဒီလိုမျိုး သရုပ်ဆောင်ပြနေဖို့ လိုအပ်လို့လား လီယင်းကို ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား လီယင်းကလည်း သူ့ကို ရွမ်လျန်နဲ့ စိတ်တိုင်းကျ ပျော်ပျော်နေလို့ ထုတ်မပြောပေမယ့် သဘောတူထားပြီးသားလေ ...
ဒါပေမယ့် တကယ်လို့ သူက တကယ်ပဲ မူးနေခဲ့တာဆိုရင် ...
ယွင်ချင်းစီက တစ်ခြားသူတွေ လီယင်းကို ထိတာ မကြိုက်မှန်း သိနေတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား လီယင်းက သူ့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကို ဂရုစိုက်တယ်ပေါ့ ...
လီယင်းက သူ့ကို ဂရုစိုက်တယ် ဟုတ်လား ...
ဒါဆို ဘာလို့ သူ့ကို နန်းတော်ကနေ နှင်ထုတ်ခဲ့လဲ ဘာလို့ ချင်ပြည်ထောင်စုကို ဆုံးရှုံးစေခဲ့လဲ ဘာလို့ ရင်ရှီနဲ့ ကျင်းဟွမ်ကို သတ်ခွင့်ပေးခဲ့လဲ ဘာလို့ ယွင်မိသားစုကို ထောင်ချပြီး ဘာလို့ သူ့ကို သတ်သေမယ့် လမ်းကြောင်းကို တွန်းပို့ခဲ့တာလဲ ...
ဘယ်အချိန်ကတည်းကများ မူးနေတာတောင် လိမ်ညာတတ်သွားရတာလဲ ...
ယွင်ချင်းစီက မတ်တပ်ထရပ်ကာ လမ်းလျှောက်လိုက်သည်။ လက်ကို ခပ်ဖွဖွ ယမ်းပြလိုက်သည်နှင့် တစ်ပြိုင်နက် သဘောပေါက်သည့် လျှိုကျီရူက ကျင်းဟွမ်နှင့် ရင်ရှီတို့ကို ခေါ်ကာ အခန်းထဲမှ ထွက်သွားလိုက်တော့သည်။
သူက ကုတင်အစွန်းတွင် ဝင်ထိုင်ကာ ခေါ်လိုက်သည်။
"လီယင်း ..."
လီယင်းက သူ့ကို နောက်ကျောပေးကာ ညဉ်းညူလိုက်၏။ ပြင်းထန်လှသည့် ဝေဒနာကို အံတုနေရသည့်နှယ်။
ယွင်ချင်းစီက အိပ်ယာပေါ်တက်ကာ သူ့ကို ကြမ်းကမ်းတမ်းတမ်း ဆွဲထူလိုက်သော်လည်း လှုပ်ရှားမလာသည့်အတွက် ကန်ကျောက်လိုက်တော့သည်။
"လီယင်း ..."
ရင်းနှီးနေသည့် အသံက အမှောင်ထုကို ထိုးဖောက်ဝင်ရောက်ကာ နာကျင်မှုတို့ကို လွင့်စင်ပပျောက်သွားစေသည့်နှယ်။ နောက်ဆုံးတွင်တော့ လီယင်းက ခေါင်းထောင်လာကာ ဇဝေဇဝါ ဖြစ်နေသည့် အကြည့်တို့ဖြင့် အားတက်သရော စိုက်ကြည့်လိုက်သည်။
"အားစီ ..."
"ဟုတ်တယ် ငါ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"လှဲချလိုက် မင်း ဝိုင်တွေ မှောက်ထားတာ အင်္ကျီလဲမှ ရမယ် ..."
လီယင်းမှာ နာကျင်မှုကို ခံစားနေရသေးသည့်နှယ်။ ချွေးစေးတို့ ထွက်နေဆဲ ဖြစ်သော်ငြား နာခံမှု အပြည့်ဖြင့် လှဲချပေးလိုက်သည်။ သူ့ပုံစံမှာ ပင်ပန်းနေဟန် ပေါ်သော်ငြား ယွင်ချင်းစီကို ကြည့်နေသည့် အကြည့်တို့တွင်မူ မြတ်နိုးမှုတို့ ပြည့်နှက်နေသည်။
ယွင်ချင်းစီက သူ့အပေါ် ထိုင်ကာ အဝတ်ချွတ်ပေးနေရင်း မေးလိုက်သည်။
"မင်းကို မေးရဦးမယ် ဧကရီကို နန်းစွန့်စေဖို့ တကယ်ပဲ တွေးထားတာလား ..."
"ဟုတ်တယ် ..."
ဒါက အမှန်တရားပဲ ဖြစ်ရမယ် ...
ယွင်ချင်းစီက ဒေါသထွက်မသွား၊ ထိုအဖြေကို မျှော်လင့်ထားပြီး ဖြစ်ပေသည်။
"ထလိုက် ..."
အေးစက်စွာ ပြောလိုက်သည်။
လီယင်းက နာနာခံခံဖြင့် ထထိုင်ကာ သူ့ကို အကြည့်မလွှဲစတမ်း စိုက်ကြည့်နေလိုက်သည်။
"ငါ့ကို ဘာကြည့်တာလဲ ..."
ခေါင်းငိုက်စိုက်ချလိုက်သည့် လီယင်းမှာ အကန်ခံလိုက်ရပြန်သည်။
"ပြောလေ ..."
".. အားစီ ... ကြည့်လို့ကောင်းတယ် ..."
"ကြည့်လို့ကောင်းရင် ဘာလို့ ဧကရီကို စွန့်ပစ်ဖို့ တွေးရသေးတာလဲ ..."
"..."
"ပြောလေ ..."
ယွင်ချင်းစီက ထပ်ကန်လိုက်ပြန်သည်။ လီယင်း၏ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီကာ ပြန်ဖြေလိုက်၏။
"အားစီက ... အရမ်း ခက်ထန်လွန်းတယ် ..."
"ဘာတွေ ပြောနေတာလဲ ..."
လီယင်း၏ အပေါ်ဝတ်ရုံကို ကြိုးဖြည်ချလိုက်သည့်အတွက် တစ်ရောင်တည်း အတွင်းဝတ်ရုံ ထွက်ပေါ်လာတော့သည်။ သူက အင်္ကျီလက်အနားစကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ ခေါင်းကိုက်ဝေဒနာကို အံတုရင်း ပြောလိုက်သည်။
"အားစီက အရမ်း ခက်ထန်လွန်းတယ် ..."
ယွင်ချင်းစီက ဒေါသတကြီး လှောင်ရယ်လိုက်သည်။
"ခက်ထန်တယ် ဟုတ်လား ခက်ထန်တယ် ဆိုတာနဲ့ပဲ င့ါကို စွန့်ပစ်မယ်ပေါ့ ဟုတ်လား ငါ ဘာလို့ ခက်ထန်ရတာလဲ ဆိုတာကိုရော မင်းကိုယ်မင်း မေးကြည့်ဖူးရဲ့လား ..."
လီယင်းက နဖူးတစ်လျှောက် ချွေးစီးတို့ စီးကျလာရင်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။
"တောင်းပန်ပါတယ် ..."
ဝတ်ရုံကို ချွတ်လိုက်သည့်တိုင် လီယင်း၏ ခန္ဓာကိုယ်တွင် ဝိုင်တို့ဖြင့် စိုစွတ်နေဆဲ ဖြစ်သည့်အတွက် တစ်ယောက်ယောက်အား သူ့ကို သုတ်ပေးရန် စေခိုင်းမည် ပြုလိုက်သည်။
တစ်ဖက်လှည့်ကာ အိပ်ယာထဲမှ ထွက်လိုက်၏။ မူးနေသည့် လီယင်းသည် ရိုးရိုးရှင်းရှင်း မေးခွန်းများကိုသာ ဖြေနိုင်မည်ဖြစ်ကြောင်း သိထားပေသည်။ ရှုပ်ထွေးပွေလီသည့် ကိစ္စများကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အတွက် ဝိုင်အရက်များကို သောက်ခဲလှပေသည်။
နောက်ပါးဆီမှ အသံတစ်ခုကို ခပ်တိုးတိုး ကြားလိုက်ရတော့၏။
"ငါ အားစီနဲ့ အပြန်အလှန် မညှင်းပန်းချင်တော့လို့ ..."
အပြန်အလှန် ညှင်းပန်းတယ် ...
ယွင်ချင်းစီက သူ့ကို လှည့်ကြည့်လိုက်သည်။ ထို့နောက်တွင် လီယင်းသည် ပထမဆုံးကိုယ်လုပ်တော် အနောက်ဆောင်သို့ ရောက်မလာမီ အေးအေးချမ်းချမ်း လမ်းခွဲရန် ပြောခဲ့ဖူးသေးကြောင်း သတိရသွားတော့၏။
ထိုစဉ်က လီယင်းသည် တုံဏှိဘာဝေဖြင့် သူ့ကိုသာ ငေးငိုင်ကြည့်နေတတ်ကာ ရံဖန်ရံခါတွင် တစ်ခုခုပြောမည် ပြုပြီးကာမှ ရပ်တန့်လိုက်၏။
ယွင်ချင်းစီက သူ့စိတ်နှလုံး ဖိစီးနေမည်ကို စိုးရိမ်သည့်အတွက် အပြင်ခေါ်ထုတ်ကာ အမျိုးစုံ လှည့်ပတ်မေးလိုက်သည်။
"ဘာကိစ္စပဲရှိရှိ ငါ့ကို ပြောပြလို့ ရတယ်နော် မင်းရဲ့ အခက်အခဲတွေကို မျှဝေခံစားပေးမယ် ..."
နောက်ဆုံးတွင်မှ လီယင်းသည် သူ့ဦးလေး၏ သမီးဖြစ်သူ ကျန်းမြန်အကြောင်း ထုတ်ပြောလာတော့သည်။
ယွင်ချင်းစီက သူမကို ကောင်းစွာ မှတ်မိနေပါသေးသည်။ မယ်တော်ကြီးက သူတို့ လက်ထပ်ပွဲအပြီး မကြာမီမှာပင် ကျန်းမြန်ကို လီယင်းထံ ဆက်သလိုသော်လည်း လီယင်းက မတုန့်မဆိုင်းဘဲ ငြင်းလိုက်ရာ သားအမိနှစ်ဦးအကြား သွေးအေးတိုက်ပွဲတစ်ခု ဖြစ်ပွားသွားတော့သည်။
ယွင်ချင်းစီက ထိုအကြောင်းကို မယ်တော်ကြီးထံမှ သိလာခဲ့ခြင်းဖြစ်ကာ ထိုအကြောင်း ကြားသိရစဉ်က လွန်စွာ ပျော်ရွှင်ခဲ့၏။ လီယင်းသည် အနောက်နန်းဆောင်တွင် ယွင်ချင်းစီတစ်ဦးတည်း ရှိနေစေရန် တစ်နှစ်ကျော် ခုခံကြိုးစားခဲ့သည်။
သို့သော် ထိုစဉ်က သေရည်သောက်ပြီးသည့်နောက် ယွင်ချင်းစီ၏ လက်ကိုပင် မကိုင်ဝံ့တော့။ ခေါင်းငိုက်စိုက်ချလျက် တစ်ခွန်းချင်း ပြောလာသည်။ သူ့အနေဖြင့် ဆက်ပြီး မခုခံနိုင်တော့၊ ယခင်ဧကရာဇ်က လျင်မြန်စွာ နတ်ရွာစံသွားခဲ့ကာ နာမကျန်းဖြစ်သည်နှင့် အသက်ရှူသံ ချုပ်ငြိမ်းချိန်အကြား တစ်နာရီမျှသာ ကြာမြင့်ခဲ့ပေသည်။ လီယင်းက ကျန်းရှန်းနန်းဆောင်သို့ အရူးတစ်ယောက်နှယ် အပြေးသွားကာ ဧကရာဇ်၏ အိပ်ယာရှေ့တွင် ဒူးထောက်ချလိုက်သည့်အခါ ကုတင်ထက်တွင် လှဲလျောင်းနေသူက သူ့ကို နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်ပြရင်း မျက်လုံးအိမ်ထဲရှိ အလင်းရောင်တို့ ချုပ်ငြိမ်းသွားတော့သည်။
ထိုစဉ်က အိမ်ရှေ့စံ ဖြစ်သည့် လီယင်းက တိုင်းပြည်ကို အုပ်ချူပ်ရန် တာဝန်ယူလိုက်ရတော့သည်။ မှူးမတ်များ၊ ပြည်သူများ၊ လူထု၏ အသက်မွေးဝမ်းကျောင်းနှင့် လိမ်လည်လှည့်ဖျား ပူးပေါင်းကြံစည်မှုအားလုံးတို့က သူ့ကို သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ တရစပ် ထိုးစစ်ဆင်လာတော့သည်။
ယခုမူ သူ့တွင် ရွေးချယ်မှုတစ်ရပ် မဖြစ်မနေ လုပ်ဆောင်ရချေတော့မည်။
ညီလာခံရှိ အင်အားစုတို့ကို ထိန်းချုပ်ရန် အလို့ငှာ အနောက်ဆောင်ထဲသို့ ကိုယ်လုပ်တော်တစ်ဦး ခေါ်သွင်းလိုက်ရတော့၏။
သူက ယွင်ချင်းစီကို ငယ်စဉ်အခါက ထားရှိသည့် ကတိအား မတည်နိုင်၊ သစ္စာရှိမှုထက် ထီးနန်းကို ရွေးချယ်ရတော့မည်ဟု ပြောခဲ့သည်။
ယွင်ချင်းစီအဖို့ ဤသည်မှာ ထင်မှတ်မထားသည့် ဖြစ်ရပ်ပင် ဖြစ်ပေသည်။
လီယင်း၏ နောက်ထပ်စကားတို့က ပို၍ပင် အံ့ဩသွားစေတော့၏။
"အားစီ လမ်းခွဲကြရအောင် ..."
နောက်ဆုံးတွင်တော့ လီယင်းက သူ့ကို မော့ကြည့်လာချေပြီ။
"ကိုယ့်ထက် ပိုကောင်းတဲ့သူကိုပဲ ရှာလိုက်ပါ ..."
ယွင်ချင်းစီအနေဖြင့်လည်း နားမလည်သည်တော့ မဟုတ်၊ လက်မခံလိုခြင်းသာ ဖြစ်ပေသည်။ ထိုညတွင် အိပ်ယာထဲ၌ နီမြန်းနေသော မျက်ဝန်းတို့ဖြင့် လူးလှိမ့်ခဲ့ရကာ လီယင်းကလည်း အိပ်ယာဘေးတွင် ရပ်လျက် သူ အိပ်မောကျသည်အထိ ငေးကြည့်နေသည်။
ယွင်ချင်းစီက သုံးရက်ဆက်တိုက် စဉ်းစားခဲ့ပြီးနောက် သူ့တွင် နောက်ပြန်လှည့်စရာလမ်း မရှိတော့သည့်အတွက် လီယင်းအပေါ် သူ၏ စွဲလမ်းမှု တစ်စိတ်တစ်ဒေသအား စွန့်လွှတ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူက ကိုယ်လုပ်တော် တင်မြှောက်ခြင်းအား လက်ခံပါမည်ဟု လီယင်းကို ကတိပေးလိုက်သည်။ သို့သော် လီယင်းကိုမူ သူမအား ထိတွေခွင့် မပြုချေ။
လီယင်းကလည်း ဝမ်းသာဟန်မတူ။
"ချင်းစီ ..."
ယွင်ချင်းစီက သူ့လက်မောင်းကို ဆွဲလိုက်သည်။
"မင်းကို စွန့်လွှတ်မယ်လို့ ယောင်လို့တောင် မတွေးနဲ့ ..."
လီယင်းမရှိဘဲ အသက်မရှင်နိုင်၊ သူကိုယ်တိုင်လည်း သိနေသည့်အတွက် မည်သည့်ကိစ္စများ ဖြစ်ပွားလာပါစေ လီယင်းကို လက်လွှတ်ပေးမည် မဟုတ်ချေ။
သူက လီယင်းကို လွန်စွာ တွယ်တာလွန်းသည့်အတွက် လီယင်းကလည်း သူ့ကို ကရုဏာသက်ခဲ့လေသလား သို့မဟုတ် လီယင်းက အချို့သော အကြောင်းပြချက်များကြောင့် သူ့ကို လက်လွှတ်မခံ၊ တစ်ကိုယ်ကောင်းဆန်ခဲ့လေသလား မသိတော့ချေ။
ဤသို့ဖြင့် တစ်ယောက်နှစ်ယောက်သုံးယောက်မှသည် ကိုယ်လုပ်တော်အရေအတွက် တစ်ဖြည်းဖြည်း များပြားလာတော့သည်။
အချို့အရာများမှာ နားလည်ပေးနိုင်သော်လည်း လက်မခံနိုင်။ ယွင်ချင်းစီသည် သဘောထားကြီးသူတစ်ဦးလည်း မဟုတ်ချေ။ လီယင်းကို အမြဲ ယုံကြည်ပေးနိုင်သည်ဟု သူ့ကိုယ်သူ ထင်ခဲ့မိသော်လည်း အမှန်တကယ် လက်တွေ့ကြုံရကာမှ ထိုစကားသည် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းစွာ ပြောခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
မယ်တော်ကြီး၏ နန်းဆောင်သို့ သွားရောက်လေတိုင်း သူမက သူ့ကို မည်သည့်ကိုယ်လုပ်တော်က လီယင်းအတွက် ချက်ပြုတ်ပေးကာ မည်သူက လီယင်းအတွက် အဝတ်ချုပ်ပေးခဲ့ကြောင်း မကြာခဏ ပြောတတ်သည့်အပြင် သူ့အမြင်တွင် မည်သည့်ကိုယ်လုပ်တော်က လှပသည်ဟု ထင်မိကြောင်းလည်း မေးတတ်သေးသည်။ ထိုသည်သာမက မည်သည့်ကိုယ်လုပ်တော်နှင့်ဆိုလျှင် အနာဂတ်၏ မင်းသားလေးမှာ မည်သည့်ပုံစံမျိုး ဖြစ်လိမ့်မည်ဟူသည့် မှတ်ချက်ကပါ ပူးတွဲပါဝင်လာသေး၏။
ယွင်ချင်းစီမှာ ပိုပိုပြီး မယုံမကြည် ဖြစ်လာကာ တစ်ယောက်ယောက်က လီယင်းကို တစ်ခုခု ဆက်သလိုက်လေတိုင်း ထိုအကြောင်း စုံစမ်းပေတော့သည်။
လီယင်းက သူ့ကို ထိုက်ချီနန်းဆောင်သို့ မသွားတော့ရန် ပြောကာ မယ်တော်ကြီးအားလည်း သူနှင့် ယွင်ချင်းစီအကြား ဝင်မစွက်ဖက်ရန် အမိန့်ပေးလိုက်သည်။
သို့သော် ယွင်ချင်းစီ၏ အမြင်တွင်မူ ဤလုပ်ရပ်က ပို၍ပင် သင်္ကာမကင်းဖွယ် ဖြစ်သွားပေတော့သည်။
လီယင်းက သူ့ကို မမြင်နိုင်၊ မကြားနိုင်၊ မပြောနိုင်သည့် ရုပ်သေးရုပ်တစ်ရုပ်နှယ်သာ သဘောထားနေသည်ဟု အထင်မှားလာတော့၏။
ရလဒ်အနေဖြင့် နှစ်ဦးသား စကားများကာ လီယင်းက သူ့ကို ငြင်းဆန်၊ လျစ်လျူရှုကာ မျက်နှာချင်းဆိုင်ခြင်းပင် မပြုတော့။ ယွင်ချင်းစီမှာလည်း တစ်စထက်တစ်စ ပိုမိုခက်ထန်လာတော့သည်။
ခေါင်းငိုက်စိုက်ချကာ သူ့ခါးကို ငုံ့ကြည့်လိုက်သည်။
ဒဏ်ရာက ပျောက်ကင်းလုနီးပါး ရှိနေပြီဖြစ်သော်ငြား အမာရွတ်ကို မတွေ့လိုသည့်အတွက် ပတ်တီးစည်းထားဆဲပင်။
ကြည့်ရတာ အဲဒီ့တုန်းက လီယင်းက တကယ်ပဲ ဒီလို တွေးခဲ့တာထင်တယ် ...
သူက အမြဲတမ်း ယွင်ချင်းစီထက် ကျိုးကြောင်းဆက်စပ် စဉ်းစားတတ်၊ တွက်ချက်တတ်ပြီး ရင့်ကျက်ခဲ့တာပဲကို ...
သူက လီယင်းကို လှည့်မေးလိုက်သည်။
"ဒီလိုသာဆို ဘာလို့ ငါ့ကို ပြန်လာခေါ်ရတာလဲ ..."
"ကိုယ် ... ကိုယ် နောင်တရလို့ ..."
ယွင်ချင်းစီက လှောင်ပြုံးပြုံးလိုက်၏။ ထိုသေးငယ်သည့် အမှတ်တရတို့ကပင်လျှင် လီယင်းအပေါ် သူ၏ စာနာသနားစိတ်ကို မတိုးများလာစေနိုင်။ လီယင်းသည် မုန်းစရာကောင်းလောက်အောင် လောဘကြီးကာ ငါးရံ့နှစ်ကောင် ဖမ်းလိုသည်ဟုသာ ခံစားမိလာတော့သည်။
"လီယင်း မင်းကို မေးမယ် တစ်ခြားတစ်ယောက်ကို အလိုလိုက် အကြိုက်ဆောင်ပေးမယ်လို့ တွေးခဲ့ဖူးလား ..."
"ဟင့်အင်း ..."
"အမတ်ချုပ်အိမ်တော်ကို ဖြုတ်ချဖို့ရော တွေးခဲ့ဖူးလား ..."
"မတွေးဖူးဘူး ..."
"ငါ့ကို သတ်ဖို့ရော တွေးဖူးလား ..."
"..."
လီယင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ ရီဝေယစ်မူးနေသည့်တိုင် အကြည့်တို့မှာမူ လွန်စွာ လေးနက်နေဆဲပင်။
"ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး ..."
ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်၏။
ထိုစကားတို့ကို ယုံကြည်မိနေပေသည်။
ကြည့်ရတာ အဲဒီ့အချိန်တုန်းက လီယင်းက ယွင်မိသားစုကို ရှင်းထုတ်ဖို့ မတွေးခဲ့ဖူး၊ ပြီးတော့ သူ့ကိူလည်း တကယ်ကို ကြိုက်ခဲ့တာ ထင်တယ် ...
ဒါပေမယ့် အဲဒီ့လိုဆိုတော့ရော ဘာဖြစ်လဲ ...
လီယင်းက သူ့ကို ကိုင်တွယ်ဖို့ မလုပ်သေးဘူးဆိုတာနဲ့ပဲ အနာဂတ်မှာပါ မလုပ်တော့ဘူးလို့ ဆိုလိုတာမှ မဟုတိတာ...
ယွင်မိသားစုကို ထောင်ချဖို့ လီယင်း အမိန့်ပေးခဲ့တာကို သူကိုယ်တိုင် ကြားခဲ့ရသလို သူလည်း အအေးနန်းဆောင်ထဲ အပို့ခံခဲ့ရတာလေ အဲဒါကြောင့်ပဲ အသက်ဆက်မရှင်နိုင်တော့လို့ သေကြောင်းကြံခဲ့ရတာ မဟုတ်လား ...
"နောက်ဆုံးတစ်ခု ..."
သူက လီယင်းကို အကြည့်မလွှဲစတမ်း စိုက်ကြည့်လိုက်သည်။
"ငါ့အဖေနဲ့ အစ်ကိုတွေကို ခေါင်းဖြတ်သတ်ခဲ့လား
..."
လီယင်းက နားထင်ကို ဖိနှိပ်ထားရင်း ဖြည်းညှင်းစွာ ခေါင်းယမ်းပြလိုက်သည်။
အပြင်ဘက်မှ လှုပ်လှုပ်ရှားရှား ဖြစ်လာကာ လျှိုကျီရူက အထဲ ဝင်လာပြီး သူ့ကို ပြောလိုက်သည်။
"တော်ဝင်သမားတော် ရောက်လာပါပြီ ..."
ယွင်ချင်းစီက ယာယီ ထွက်သွားပေးလိုက်၏။
အရက်မူးနေသည့် လီယင်းက လုံးဝ မလိမ်ညာမှန်း ယုံကြည်ထားသည်။ သူသာ ရှစ်နှစ်ကျော်အကြာက လီယင်း ဖြစ်ခဲ့ပါလျှင် အဖြေများမှာ ဤကဲ့သို့ ဖြစ်နေမည် မဟုတ်ချေ။ လီယင်းက အမတ်ချုပ်အိမ်တော်ကို တိုက်ခိုက်ခဲ့ကြောင်း သူသိခဲ့သလို နောင်ရှစ်နှစ်အကြာတွင် လီယင်းလည်း သိလာမည်ဖြစ်သည်။
တော်ဝင်သမားတော်က သူ့ကို အပ်အချို့ စိုက်ပေးကာ အမူးပြေစွတ်ပြုတ်သောက်ရန် ညွှန်ကြားပြီး ဆေးစာအညွှန်းတစ်ခု ပြင်ဆင်ပေးလိုက်သည်။
အားလုံး ပြီးစီးသွားပြီးနောက် လီယင်းလည်း အိပ်မောကျသွားတော့သည်။
အခန်းတစ်ခုလုံး ဝိုင်အနံ့တို့ ကပ်ငြိသွားရာ ဘေးတွင် လှဲနေသည့် ယွင်ချင်းစီက သူ့ကို ရုတ်ချည်း ထကန်လိုက်ပြန်သည်။ အကန်ခံရသူက မျက်မှောင်ဖွဖွကြုတ်လျက်သာ ဘေးသို့ တိတ်တိတ်လေး တိုးပေးလိုက်သည်။
ယွင်ချင်းစီက မျက်လုံးတို့ကို မှိတ်ထားလိုက်၏။ အတွေးတို့မှာ ကသောင်းကနင်းဖြင့် တွေဝေငေးမှိုင်နေမိတော့သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် လီယင်းအပေါ်ခွကာ သူ့ကို ဆွဲထူပြီး အကြမ်းပတမ်း လှုပ်ယမ်းလိုက်သည်။
"လီယင်း ထစမ်း ..."
သူ့စကားတို့မှာ ဝေဝါးနေကြောင်း သဘောပေါက်သွားတော့သည်။
သူ့စိတ်ထဲမှာ ရှစ်နှစ်ကို စွဲနေလို့ လီယင်းကို ရှစ်နှစ်ကျော်ကနေ လာတာလား မေးခဲ့ပေမယ့် တကယ်လို့ ၁၈ နှစ် ၂၈ နှစ်ကျော်အကြာကနေ ပြန်လာခဲ့တာ ဆိုရင်ရော ဘယ်လိုလုပ်မလဲ ...
ဒါဆို သူ့မေးခွန်းတွေကို ရှောင်ဖယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ မဟုတ်လား ...
မင်း ငါ့အဖေနဲ့ အစ်ကိုတွေကို သတ်ခဲ့လား ... သူ ပြန်မမွေးဖွားခင်မှာ ယွင်မိသားစု တစ်ခုလုံး ခေါင်းအဖြတ်မခံရသေးရင် ဘယ်လိုလုပ်မလဲ ...
ထိုမေးခွန်းနှစ်ခုမှာ ဆန့်ကျင်ဘက် ဖြစ်နေသည့်တိုင် ယွင်ချင်းစီအနေဖြင့် အတည်ပြုရန် လိုအပ်ပေသည်။
"လီယင်း ..."
အိပ်ပျော်နေသည့် လီယင်းမှာ မသက်မသာ ဖြစ်လာသည့်ဟန်။ မျက်လုံးတို့ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက တရစပ် မေးလာ၏။
"ကိုယ်လုပ်တော်နဉ်ကို တော်ဝင်ကြင်ယာတော်ဘွဲ့ ပေးခဲ့လား ..."
သူ့မျက်လုံးတို့ ဝင်းလက်လာသည်။ လီယင်း၏ မျက်နှာဖုံးကို ခွါချနိုင်တော့မည်ဖြစ်၍ စိတ်လှုပ်ရှားကာ တုန်ရီလာတော့၏။
ဒီမေးခွန်းကတော့ မမှားနိုင်ဘူး ...
".. မပေးခဲ့ဘူး ..."
လီယင်းက မျက်လုံးကို အတင်းအကြပ် ဖိပိတ်လိုက်သည်။
ယွင်ချင်းစီ "..."
သူက လွန်စွာ စိတ်ရှုပ်ထွေးသွားရတော့၏။
တကယ်လား ဒါဆို ဒါတွေအကုန်လုံးကို ဘယ်လို ရှင်းပြမှာလဲ ...
သူက မှိုင်တွေစွာဖြင့် လှဲချလိုက်သည်။
ဘေးနားရှိ လီယင်းမှာလည်း အမူးပြေစွတ်ပြုတ်ကြောင့် တစ်ဖြည်းဖြည်း အမူးပြေသွားသည့်ဟန်။ အသက်ရှူသံတို့ တစ်ဖြည်းဖြည်း လေးလံလာတော့သည်။