အပိုင်း ၃၇
Viewers 12k

Chapter 37




နောက်တစ်နေ့မနက်တွင် ယွင်ချင်းစီသည် ကိုးနာရီထိုးမှပင် နိုးလာတော့၏။ ကိုယ်လက်ဆေးကြောပြီး စားပွဲတွင် ထိုင်လိုက်စဉ် အနံ့တစ်ခုကို ရုတ်ချည်း ရရှိလိုက်သည်။

အဖြူရောင် ကြွေပန်းကန်ပေါ်တွင် ရင်းနှီးနေသည့် အသားအစာသွပ်မုန့်ကို တွေ့လိုက်ရ၏။

ဤသည်မှာ အတိတ်ဘဝက သူ စားခဲ့ဖူးသည့်မုန့်နှင့် တစ်ထပ်တည်းနီးပါးပင်။

ယွင်ချင်းစီက ၎င်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"ဘယ်သူလာပို့တာလဲ ..."

"တော်ဝင်စားဖိုဆောင်ကပါ ..."

ရင်ရှီက ပြန်ဖြေလိုက်သည်။

"ဒါကို မနက်အစောကြီးကတည်းက အရှင်ကိုယ်တိုင် စီစဉ်ခဲ့တယ်လို့လည်း ကြားမိပါတယ် ..."

ယွင်ချင်းစီက အရူးလုပ်ခံရသည်ဟု ခံစားမိလိုက်တော့သည်။

ခွေးဘုရင်က ငါ့ကို အရှက်ခွဲနေတာပဲ မနေ့ညက တစ်ညလုံး မေးနေတာတောင် အသုံးဝင်တဲ့ အချက်အလက်လေး တစ်ခုမှ မပေးဘဲနဲ့ အခုကျ ငါ့နန်းဆောင်အထိ ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးပြန်ပြီ ...

ကျန်းရှန်းနန်းဆောင်တွင် ...

လျှိုကျီရူက နဂါးဝတ်ရုံနှင့် သရဖူကို ဆင်မြန်းနေသည့် ဧကရာဇ်အား ငေးကြည့်နေလိုက်သည်။

ဧကရာဇ်က ကိုယ်လုပ်တော်များ၏ ဖိတ်ကြားချက်ကို အစဉ်လိုက် ချထားကာ တစ်ခုချင်း စိစစ်အကဲဖြတ်နေ၏။

မနေ့ညက ဧကရီမေးသည့် မေးခွန်းကို သတိရနေသေးသော်ငြား သူ့စိတ်ထဲရှိ အမေးစကားတို့ကို မည်သို့ ဖော်ပြရမည်မှန်း မသိတော့ချေ။

လီယင်း၏ လက်ချောင်းတို့မှာ လွန်စွာ သန့်စင်နေရာ လက်သည်းကြားတွင် ညပ်နေသည့် ဂျုံမှုန့်တို့ကိုသာ သတိမပြုမိပါလျှင် စားဖိုဆောင်ထဲ ဝင်ကာ အစာသွပ်မုန့်ကို ကိုယ်တိုင် လုပ်ခဲ့ကြောင်း မည်သူမှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။

"ပြောစရာရှိရင် ပြောပါ ..."

ကိုယ်လုပ်တော်တစ်ဦး၏ ဖိတ်ကြားလွှာကို မီးဖို‌ထဲ ပစ်ထည့်ရင်း ပြောလိုက်သည်။

လျှိုကျီရူ၏ အမူအယာက အနည်းငယ် ဆိုင်းတွသွားကာ သူ့ကို ရှေ့ရှစ်နှစ်ကျော်မှ လာခဲ့လေသလားဟုလည်း တည့်တိုးမမေးရဲ။

"အရှင် တကယ်လို့ ဖုံးကွယ်ဖို့ စဉ်းစားထားတယ် ဆိုရင်လည်း ဘာလို့ ဧကရီဆီ ကိုယ်တိုင် ပို့ခဲ့သေးတာလဲ ..."

"ဘာလို့ဆို ..."

လီယင်းက တစ်ခဏမျှ ရပ်တန့်ကာ နူးညံ့စွာ ပြောလိုက်သည်။

"သူ ကြိုက်လို့လေ ..."

တိတိကျကျ ဝန်ခံဖွင့်ဟခြင်း မဟုတ်သည့်တိုင် ထိုစကားတစ်ခွန်းတည်းမှာပင် လိုအပ်သည်ထက်ပင် ပိုမိုများပြားသည့် အချက်အလက်များ ပါဝင်သွားပြီဖြစ်သည်။

လျှိုကျီရူမှာ မယုံကြည်နိုင်မှုနှင့် ထိတ်လန့်မှုကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။


လီယင်းက ဖိတ်ကြားလွှာများကို အသေအချာ အကဲဖြတ်ကာ တစ်ခုပြီးတစ်ခု မီးဖိုထဲ ပစ်ထည့်လိုက်သည်။

ကျန်းရှန်းနန်းဆောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ထိုတစ်ခဏအတွင်းမှာပင် လျှိုကျီရူ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားတော့သည်။

ကောင်းကင်ဘုံသားတော်က သူ့မေးခွန်းကို ငြင်းဆိုခြင်းလည်း မပြုသလို မမေးသင့်သည်များအား မမေးရန်လည်း မတားမြစ်၊ ဤသည်မှာ လီယင်းက သူ့ကို အကြွင်းမဲ့ ယုံကြည်ပါသည်ဟူသည့် အဓိပ္ပါယ်ပင် ဖြစ်ပေသည်။

သူ့နှလုံးသား တစ်ခုလုံး ရုတ်ချည်း သက်တောင့်သက်သာ ဖြစ်သွားတော့သည်။

သူက တစ်ခါ ထပ်မေးလိုက်ပြန်သည်။

"ဒီမုန့်လုပ်တာကရော ဘယ်ကနေ သင်လာခဲ့တာလဲ ..."

"သူက အမြဲတမ်း စားချင်နေခဲ့တာ ..."

နောက်ထပ် ဖိတ်ကြားလွှာတစ်ခုကို မီးပုံထဲ ပစ်ထည့်ရင်း လီယင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"အဲဒီ့တုန်းက ဖုန်မှုန့်တွေကို ရှင်းလင်းပြီးရင် သူ့အတွက် လုပ်ပေးမယ်လို့ တွေးခဲ့တာ ..."

"ရှစ်နှစ်ကြာပြီးတဲ့နောက် ... ဧကရီက ..."

လျှိုကျီရူမှာ ဦးရေပြားတစ်ခုလုံး ထုံထိုင်းလာကာ အံ့ဩတကြီး ရေရွတ်မိသွားတော့သည်။

"ဖြစ်နိုင်တာက ..."

"ကိုယ်တော်က သူ့ကို သတ်ခဲ့တာ ..."

လီယင်း၏ လည်ဇလုတ်တို့ အထက်အောက် ရွေ့လျားသွားတော့သည်။

"သူ့ကို သတ်ခဲ့တဲ့သူက ကိုယ်တော်လေ ..."

ထိုအခါမှ လျှိုကျီရူသည် ထိုနေ့က လီယင်း ဘာကြောင့် ရူးသွပ်စွာ နိုးထလာခဲ့ရကြောင်းနှင့် ဧကရီမှာလည်း ဘာကြောင့် ပစ်ပစ်ခါခါ ဖြစ်လာကြောင်း သဘောပေါက်သွားတော့သည်။

‌ကောင်းကင်ဘုံက ဘာလို့များ အရှင့်ကို‌ ရက်စက်ရတာလဲ ပြန်လည်စတင်ဖို့ အခွင့်အရေး ရတဲ့သူက အရှင်တစ်‌ယောက်တည်းတင် မဟုတ်ဘဲ ဧကရီပါ ရခဲ့တာကိုး ...

တကယ်လို့ ရှေ့ရှစ်နှစ်ကျော်ကနေ ပြန်လာနိုင်တဲ့သူက တစ်ယောက်တည်းသာဆိုရင် ...

သူက သက်ပြင်းဖွဖွ‌ချကာ ပြောလိုက်သည်။

"အဲဒီ့ အသားအစာသွပ်မုန့် .. စားဖိုဆောင်က ဒီအကြောင်း တစ်ခါမှ မကြားဖူးပါဘူးတဲ့ ဒီနေ့ အရှင့်ဘက်က စပြီး ပို့ပေးလိုက်တော့ .. ဧကရီက သေချာပေါက် သိသွားတော့မယ်ထင်တယ် ..."

"သူက ကိုယ်တော့်ကို ယုံကြည်တယ်လေ ..."

လီယင်းက ပြောလိုက်သည်။ သူ့အမူအယာမှာ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ရောစွက်နေသည့်ဟန်။

"သူက ငါ မူးလာရင် မလိမ်တတ်ဘူးလို့ အမြဲ ထင်နေခဲ့တာလေ ..."

လျှိုကျီရူ၏ နှလုံးသား တင်းကြပ်သွားတော့သည်။

".. မလိမ်ခဲ့ဘူး ..."


လီယင်းက ပြောလိုက်သည်။

"ဒါပေမယ့် ငါ့ကိုယ်ငါ ဖော်ထုတ်မိသွားပြီ ..."

"သူက ငါ့ကို အရမ်း ယုံကြည်တော့ အရမ်းကို အရက်မူးနေတော့ ရှင်းရှင်းလင်းလင်း မတွေးနိုင်လို့ သူ့စကားတွေအတိုင်း ရေလိုက်ငါးလိုက် ပြန်ဖြေပေးနေတာလို့ပဲ ထင်နေမှာ ..."

သူက လက်ထဲရှိ ဖိတ်ကြားလွှာကို ငေးကြည့်ရင်း ပြောလိုက်သည်။

"သူသာ ထပ်မေးရင် ဘယ်လိုပဲဖြေဖြေ မှားမှာ သေချာတယ် ..."

သူသည် ရှစ်နှစ်ကျော်မှ ပြန်ရောက်လာခဲ့ခြင်း မဟုတ်၊ နှစ်နှစ်ဆယ်ကျော်အကြာမှ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

ယွင်ချင်းစီ မေးနေသည်များကို မသိသော်ငြား မူးနေသည့်အတွက် မလိမ်နိုင်၊ သူ့စကားလုံးများကိုသာ အလိုက်သင့် လိုက်ပြောနေရသည်။ သူ ပြောသည့်စကားများကို ယွင်ချင်းစီက ယုံကြည်မည် ဖြစ်သော်လည်း ယွင်ချင်းစီသည် မည်သည့်အရာမဆို အောက်ခြေအထိ စူးစမ်းတတ်သော အလေ့အကျင့် ရှိနေရာ သူ့အနေဖြင့် ပြန်လည်မွေးဖွားလာသည့်တိုင် အချို့အရာများကို အတည်မပြုနိုင်သေးသရွေ့ သံသယအဝင်ခံ၍ မရပေ။

‌ထို့နောက် ယွင်ချင်းစီက သူ့အပေါ် ထိုင်ကာ ကိုယ်လုပ်တော်နဉ်အကြောင်း မေးလာပြန်၏။

သူ့စိတ်အာရုံတို့ ကြည်လင်ပြတ်သားနေချိန်တွင်သာ ဤမေးခွန်းမျိုးကို ထပ်မေးလာပါလျှင် အမှန်တရားကို သေချာပေါက် သိသွားမည်ဖြစ်သည်။

အကယ်၍ လီယင်းကသာ ဘာကိုဆိုလိုမှန်း မသိဟု ပြောခဲ့ပါလျှင် ယွင်ချင်းစီသည် လီယင်း၏ အဖြေမှာ အခြေအနေပေါ်လိုက်ကာ ဖြေခဲ့ခြင်းသာ ဖြစ်သည်ဟု သဘောပေါက်သွားပေလိမ့်မည်။

တစ်နည်းဆိုရပါလျှင် လီယင်းသည် မူးနေသည့်တိုင် သူ့မေးခွန်းများကို နားလည်သည်ဟု သဘောပေါက်သွားပေမည်။

ထို့ကြောင့် အမူးပြေလာသည့်အခါ ငြင်းရန်အကြောင်း မရှိတော့။

ထို့ကြောင့် အသားအစာသွပ်မုန့် ပို့ပေးခြင်းမှာ သူ့ကို စိတ်ကျေနပ်သွားစေရန်သာ ဖြစ်ပေသည်။

ဖိတ်ကြားလွှာများကို တစ်ခုပြီးတစ်ခု မီးဖိုထဲ ပစ်ထည့်လိုက်ရာ မီးတောက်များ အရှိန်တငြီးငြီး တောက်လောင်လာတော့သည်။

ဖိတ်ကြားလွှာ အားလုံးနီးပါးကို မီးရှို့ပြီးကာမှ လီယင်းက ပြောလိုက်သည်။

"ဒီလူတွေ အကုန်လုံးကို လျော်ကြေးပေးပြီး နန်းတော်ထဲကနေ ထွက်သွားခိုင်းလိုက် ..."

ဤသည်မှာ အနောက်ဆောင်ကို ပိတ်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။

ထိုအခါမှ လျှိုကျီရူသည် လီယင်း ထိုဖိတ်ကြားလွှာများကို ဂရုတစိုက် ကြည့်နေခြင်းမှာ ကိုယ်လုပ်တော် တစ်ဦးချင်းစီတိုင်း၏ နောက်ခံအင်အားကို ချိန်ဆနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူသည် အနာဂတ်မှ ပြန်လာကာ ထီးနန်းကို ကာလရှည်ကြာ အုပ်စိုးခဲ့သူ ဖြစ်သည့်အတွက် များစွာ သတိကြီးလွန်းသူ ဖြစ်ပေသည်။ အနောက်ဆောင်တစ်ခုလုံးကို ဖျက်သိမ်းလိုက်သည့်တိုင် ထိုမိသားစုများအား ကောင်းစွာ ကိုင်တွယ်နိုင်ခြင်း ရှိမရှိ အတည်ပြုရပေဦးမည်။

ထိုအကြောင်းနှင့် ပတ်သက်၍ သူ နိုးထလာသည့် ညကတည်းက ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း ကြားထဲတွင် ကိစ္စအများအပြား ဖြစ်ပွားခဲ့ရာ ရုံးတော်ပိတ်ရက် မတိုင်ခင်အထိ ကိုင်တွယ်ရန် အချိန်မရှိခဲ့ပေ။

လျှိုကျီရူက သတိပေးလိုက်သည်။

"မနက်ဖြန်က နှစ်သစ်ကူးအကြိုနေ့ဆိုတော့ မိသားစုတွေအနေနဲ့ မကျေမနပ် ဖြစ်ကုန်ကြမလား စိုးရိမ်မိပါတယ် ..."

"ဒါဆိုလည်း နှစ်ကူးပြီးမှ လုပ်ကြတာပေါ့ ..."

အသားအစာသွပ်မုန့်ကို မြင်လိုက်ရသည့် တစ်ခဏ၌ ယွင်ချင်းစီသည် လီယင်းက သူ့ကို အဆိပ်ခတ်ရန် ကြံစည်လေသလားဟုသာ တွေးမိတော့သည်။

ကောင်းလိုက်တာ လူအိုကြီလီယင်း ...

ငါ့ကို အစာသွပ်မုန့် ပို့ပြီး အကွက်ချ ကြံစည်ရဲတယ်ပေါ့ ...

အတိတ်ဘဝက သူစားခဲ့သည့် အစာသွပ်မုန့်မှာ အရသာပိုင်းအရ ထူးကဲကောင်းမွန်သည့်တိုင် အသွင်အပြင်တွင်မူ အခြားသော အစာသွပ်မုန့်များနှင့် များစွာ မကွာခြားလှပေ။ အထဲတွင် အသားတို့ကို များစွာ ညှပ်ထည့်ထားသည့်အတွက် အခြားမုန့်များထက် အစာပလာ များပြားနေခြင်းမျှသာ ဖြစ်ပေသည်။

ဤသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်။

လီယင်းက သူ သံသယဝင်နေမှန်း သိချင်သိနေလောက်မှာ အဲဒါကြောင့် သူ တမင်တကာ ဖုံးကွယ်ထားတာ မဟုတ်ပါဘူးလို့ သက်သေပြဖို့ ပို့လိုက်တာများလား ...

တကယ်လို့ ယွင်ချင်းစီက မသိခဲ့ရင်ရော ...

ဒီလိုဆိုရင်လည်း သူက ဒီတိုင်း စားချင်တယ်ဆိုလို့ စိတ်ရင်းနဲ့ လုပ်ပေးတာ သပ်သပ်ပဲ ယွင်ချင်းစီ ဘာတွေ ပြောခဲ့လဲ ဆိုတာကို တကယ် မသိခဲ့ဘူးပေါ့ ...

ပြီးတော့ ယွင်ချင်းစီက တကယ်ပဲ မှန်းဆခဲ့မယ် ဆိုရင်တောင် သူ့လျှိုဝှက်ချက် ပေါက်ကြားသွားနိုင်ချေကို လျစ်လျူရှုပြီး ယွင်ချင်းစီရဲ့ အကြိုက်ကို လိုက်လုပ်ပေးချင်လို့ပေါ့ ...

အရမ်းကို ရင်ထဲ ထိရှသွားချင်စရာပဲ ...

နောက်တစ်ကြိမ် ပြန်မွေးဖွားပြီးမှကို လီယင်းက အရင်ထက်ပိုပြီး အတွက်အချက် ကောင်းလာတော့တာပဲ ...

ယွင်ချင်းစီက မုန့်ကို ခပ်သွက်သွက်စားကာ ဆေးကြောသန့်စင်ပြီးနောက် ထိုမုန့်ကို ထုပ်ခိုင်းပြီး ကျန်းရှန်းနန်းဆောင်သို့ ထွက်လာခဲ့လိုက်သည်။

မနက်ဖြန်မှာ နှစ်သစ်ကူးအကြိုနေ့ ဖြစ်သည့်အတွက် နန်းတော်တစ်ခုလုံး မီးရောင်စုံတို့ဖြင့် ထိန်ညီးနေပြီဖြစ်သည်။ ယွင်ချင်းစီက ဝေါယာဉ်ပေါ်မှဆင်းကာ ချည်သားဖိနပ်ဖြင့်ပင် နှင်းများအကြား ခြေချလက် ပူလောင်နေသော ဦးနှောက်ကို နှင်းမှုန်တို့ဖြင့် အေးစက်စေလိုက်သည်။

အမူးပြေနေသည့်အခါ လီယင်းက သူ့မေးခွန်းကို မည်သို့ ဖြေလေမလဲ သိလိုလှပေသည်။

"ချင်းစီ ..."

ထိုစဉ် ခေါ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။

မယ်တော်ကြီးက ဝေါယာဉ်ပေါ် ထိုင်လျက် သူ့ကို စိုက်ကြည့်နေ၏။ အပြုံးတစ်ခုကို ချိတ်ဆွဲထားသော်လည်း အကြည့်တို့မှာမူ လွန်စွာ အေးစက်လှပေသည်။

"အိုက်ကျားရဲ့ နန်းဆောင်ကို အလည်မလာတာတောင် ကြာလှပြီနော် ဒီရက်ထဲ ဘာတွေများ လုပ်နေလဲ ..."

ယွင်ချင်းစီက ယခုလက်ရှိအချိန်တွင် နန်းတော်ထဲ၌ သူ့ဘက်တော်သားလည်း မရှိ၊ လီယင်းနှင့် သူ၏ ပတ်သက်မှုကိုလည်း မရှင်းလင်း‌ရသေးသည့်အတွက် မယ်တော်ကြီးနှင့် အတတ်နိုင်‌‌ဆုံး အငြင်းမပွားဘဲနေရန် ဆုံးဖြတ်လိုက်သည်။

သို့သော် မယ်တော်ကြီးက သူ့ကို ဟန့်တားခဲ့ရာ အကယ်၍ သူမကိုသာ ကျိုးကျိုးနွံနွံ ဆက်ဆံလိုက်ပါလျှင် လီယင်းက သူ့ကို အပြင်လူအဖြစ် သဘောထားကာ လျစ်လျူရှုလိုက်ပြီဟု ထင်မြင်သွားမည်ကိုလည်း စိုးရိမ်မိပေသည်။

နည်းလမ်းတစ်ခုကို အမြန်ဆုံး ရှာဖွေရန် လိုအပ်လာတော့သည်။

"မယ်တော်လောက်တော့ မကောင်းပါဘူး ဒါနဲ့ ကျွန်တော် ကြားမိတာတော့ အခုတလော မယ်တော်က နန်းပြင်က ဆွေမျိုးတွေကို မကြာခဏ သွားတွေ့နေတယ်ဆို အိမ်တော်မှာ ဘာများ ဖြစ်လို့ပါလဲနော် ..."

မယ်တော်ကြီးရဲ့ အိမ်တော်မှာ လူသေပါတယ်ဆိုမှ ဘယ်လိုလုပ် ကောင်းတဲ့ကိစ္စ ဖြစ်မှာလဲ ...

"ဟားဟား ..."

သို့သော် သူမသည်လည်း ဘုရင့်မယ်တော်ရာထူးကို ပိုင်ဆိုင်ထားသူဖြစ်ရာ ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"အိုက်ကျားက ဧကရီနဲ့ စကားမပြောရတာ ကြာနေလို့ စိတ်ထဲမှာတောင် စိုးရိမ်မိနေတာ ဒီနေ့ ထိုက်ချီနန်းဆောင်မှာ နှင်းကျပြီး ဇီးပန်းတွေလည်း အများကြီး ပွင့်နေတော့ တို့တွေ လက်ဖက်ရည်တစ်အိုးလောက် သောက်ရင်း စကားပြောကြမလား ..."

"သားတော်က ဒီရက်ပိုင်းထဲ အအေးမိနေတော့ ..."

ယွင်ချင်းစီက ပြင်းပြင်းစွာ ချောင်းဆိုးကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ အဆုတ်ရောဂါ ပြန်ဖြစ်လာတာသာ ဆိုရင် မယ်တော့်ကို ကူးစက်သွားစေမိမှာ စိုးရိမ်ရပါတယ် ..."

"တိုက်ဆိုင်လိုက်တာကွယ် အိုက်ကျားလည်း ဒီရက်ပိုင်း မြို့စားစံအိမ်ကို အလည်ပြန်နေတုန်း အဆုတ်နဲ့ ပတ်သက်တဲ့ ဆေးကောင်းလေးတွေ ရလာခဲ့တယ်လေ လာ လာ ဧကရီအရှင်ကို ထိုက်ချီနန်းဆောင်ဆီ ပို့ဆောင်လိုက်ကြ ..."

ဒုတိယတစ်ကြိမ် ပြန်တွေးကာ ယွင်ချင်းစီက ချက်ခြင်း အသာအယာ လဲကျသွားတော့သည်။

ကျင်းဟွမ်က တစ်ခဏမျှ ကြောင်အသွားပြီးကာမှ အလန့်တကြား အော်ပြောလိုက်၏။ 

"လာကြပါဦး တစ်ယောက်လောက် သမားတော် သွားပင့်ပေးကြပါ ..."

ရင်ရှီက ချက်ခြင်း ပြေးထွက်သွားလိုက်သည်။

မယ်တော်ကြီးက လှောင်ရယ်လိုက်၏။

ဒီယွင်ချင်းစီက တစ်ခုခုပဲ ပိုပိုပြီး အရှက်မဲ့လာလိုက်တာများ ဒီလို လှည့်ကွက်မျိုးကိုတောင် ပေါ်တင် သုံးရဲလာပြီ ...

သူမက အစေခံတစ်ယောက်ကို ရင်ရှီနောက်သို့ လိုက်သွားစေကာ ပြောလိုက်သည်။

"ဧကရီကို အိုက်ကျားရဲ့ ဝေါယာဉ်ပေါ် အမြန်လေး တင်ပေးလိုက် ဒီလောက် အေးနေတာကိုတောင် အပြင်လျှောက်ထွက်နေတယ် ဧကရီကတော့လေ ကိုယ့်ကျန်းမာရေးကိုယ်လည်း ဂရုမစိုက်ပါ့လား ..."

ရင်ရှီနောက်သို့ ပြေးလိုက်သွားသူမှာ ကျိုးကျောက်ဖြစ်သည်။ သူက ရင်ရှီကို နှင်းထုကြားထဲ ဖိချထားလိုက်၏။

ရင်ရှီကလည်း အတင်းရုန်းကန်နေရာ နှင်းခဲတို့ လွင့်စင်ပျံထွက်လာပြီး ဝန်းကျင်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေတော့သည်။

ထိုစဉ် ထက်ရှသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဘာတွေဖြစ်နေကြတာလဲ ..."

ကျိုးကျောက်က လွန်စွာ ထိတ်လန့်သွားကာ ရင်ရှီကို လွှတ်ပေးပြီး ချက်ခြင်း ဒူးထောက်ချလိုက်သည်။

ရင်ရှီကလည်း နဂါးချည်ထိုးဖိနပ်ကို တွေ့လိုက်ရသည့်အတွက် အလောတကြီး လျှောက်တင်လိုက်၏။

"မူးလဲ‌သွားတဲ့ ဧကရီကို မယ်တော်ကြီးက ထိုက်ချီနန်းဆောင်ကို အတင်းအကြပ် ခေါ်ဆောင်သွားပါတယ် ..."

ယွင်ချင်းစီက ဝေါယာဉ်ပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် ခြေထောက်တို့ကို ဆန့်ထုတ်ကာ အခွင့်အရေးကို အပြည့်အဝ ခံစားလိုက်သည်။

သူ့ပုံစံကြောင့် ဝေါယာဉ်ပေါ်တွင် မယ်တော်ကြီးထိုင်ရန်‌ နေရာ မကျန်ရှိတော့ရာ သူ့ကိုသာ သယ်သွားစေလိုက်ပြီး သူမကမူ ဝတ်ရုံအနားစတွင် နှင်းများ စိုရွှဲလျက် ဝေါယာဉ်၏ ဘေးမှသာ လိုက်ပါလာရတော့သည်။

ဝေါယာဉ် သယ်ဆောင်သွားရာ လမ်းတွင် ယွင်ချင်းစီက တိတ်တိတ်လေး မျက်လုံးဖွင့်ကာ လှမ်းခေါ်လိုက်သည်။

"ဝေး မယ်တော်ကြီး ..."

မယ်တော်ကြီးက သူ့ကို မော့ကြည့်လိုက်၏။ စိတ်အေးလက်အေး လိုက်ပါလာသူကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။

ထိုက်ချီနန်းဆောင် ရောက်ကာမှ မင်းကို ဘယ်လို ကိုင်တွယ်မလဲ ‌တွေ့ကြသေးတာပေါ့ ...

လက်ချောင်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကာ တိတ်တဆိတ် ကြိမ်းဝါးလိုက်သည်။

ဝေါယာဉ်က မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုက်ချီနန်းဆောင်အနီးသို့ ရောက်ရှိလာတော့သည်။

မယ်တော်ကြီးမှာ လွန်စွာ မောဟိုက်ကာ လမ်းပင် ကောင်းကောင်းမ‌လျှောက်နိုင်တော့သည့်အတွက် နောက်တွင် ကျန်ရစ်နေခဲ့တော့သည်။

ယွင်ချင်းစီက ဝေါယာဉ်ကို အသာမှီကာ သက်ပြင်းဖွဖွ ချလိုက်၏။

ကြည့်ရတာ ဒီနေ့တော့ မယ်တော်ကြီးနဲ့ ထိပ်တိုက် တွေ့ရမယ့် ကိစ္စကို ရှောင်လွှဲလို့ မရတော့ဘူး ထင်တယ် သူမမှာ သူ့ကို ပွင့်ပွင့်လင်းလင်း သတ်ဖြတ်ရဲတဲ့သတ္တိ ရှိသလား ဆိုတာကိုတော့ သိချင်မိပါရဲ့ ...

ထိုစဉ် ချပ်ဝတ်တန်ဆာတို့ ပွတ်တိုက်ရွေ့လျားမှုနှင့်အတူ ခပ်သွက်သွက် လျှောက်လှမ်းလာသော ခြေသံများကို ကြားလိုက်ရသည်။

သူနောက်နားရှိ အစေခံများက နှုတ်ဆက်လိုက်၏။

"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."

လက်ချောင်းတို့ဖြင့် ဆော့ကစားနေသည့် ယွင်ချင်းစီက ချက်ခြင်း ပြန်လှဲချကာ သတိလစ်နေဟန်ဆောင်လိုက်သည်။

လီယင်းက သူ့အနားသို့ အလောတကြီး ရောက်လာကာ ဝေါယာဉ်ပေါ်တွင် ညင်သာစွာ လဲလျောင်းနေသူကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်သည်။

"သမားတော်ကို ခေါ်ပြီးပြီလား ..."

"အစေခံတစ်ယောက်ကို သွားခေါ်ခိုင်းထားပါတယ် ..."

လီယင်းက မြန်ဆန်နေသည့် အသက်ရှူသံကို ထိန်းချုပ်လိုက်ရာ များမကြာမီမှာပင် နဖူးပေါ်ရှိ သွေးကြောပြာတို့ ပျောက်ကွယ်ပြီး ပြန်လည် တည်ငြိမ်လာတော့သည်။

ရှေ့ဆက်တိုးမိတော့မည့် သူ့ခြေလှမ်းများကို ထိန်းချုပ်ကာ ယွင်ချင်းစီ၏ နှာခေါင်းကို လက်ဖြင့် အသာစမ်းလိုက်သည်။

အသက်ရှူသံမှာ လွန်စွာ တိုးဖွလှသည့်တိုင် အသက်ရှူနေဆဲပင်။

ထိုအခါမှ နွမ်းနယ်စွာဖြင့် မျက်လုံးတို့ကို ဖိပိတ်ပြီး သူ့အပေါ်ဝတ်ရုံကို ယွင်ချင်းစီအား လွှမ်းခြုံပေးလိုက်သည်။

စိုးရိမ်စိတ်တို့ ဖိစီးနေသည့်အတွက် ဟန်ဆောင်နေသည်ကို သတိမပြုမိ။

မယ်တော်ကြီးကို သယ်ဆောင်ထားပါသည့် ချင်းယန်တစ်ယောက် ထိုက်ချီနန်းဆောင်သို့ ရောက်ရှိလာချိန်တွင်မူ နန်းဆောင်အနှံ့ကို တပ်သားတို့က ဝန်းရံထားနှင့်ပြီးဖြစ်သည်။

လွန်စွာ ထိတ်လန့်အံ့ဩသွားကာ ချင်းယန်၏ နောက်ကျောပေါ်မှ အလောတကြီး ဆင်းလာလိုက်၏။

နန်းမြို့တော်တွင် တပ်သားများကို ဆင့်ခေါ်နိုင်သူမှာ မည်သူဖြစ်ကြောင်း မေးနေရန်ပင် မလို။

သို့သော် သူမမှာ လုံးဝ မယုံကြည်နိုင်သေး။

လီယင်းက တကယ်ကြီး ရူးသွားတာလား ...

သူက ထိုက်ချီနန်းဆောင်အထိ တပ်သားတွေကို ခေါ်လာရဲတယ်ပေါ့လေ သူက တစ်လောကလုံးကို ဖီဆန်ပြီး အမေကိုတောင် သတ်ရဲတယ်ပေါ့ ဟုတ်လား ...