အပိုင်း ၃၈
Viewers 13k

Chapter 38



သူမက ကိုယ်အမူအယာကို ပြန်လည်ထိန်းညှိကာ ပန်းထိုးဖိနပ်ဖြင့် လှေကားပေါ်တက်ကာ စကတ်အနားစကို မ လျက် တံခါးဘောင်ကို ဖြတ်ကျော်လိုက်သည်။

ဝေါယာဉ်က ခြံဝင်းထဲတွင် ရပ်တန့်သွားသည်။ ယွင်ချင်းစီမှာ သတိလစ်နေဆဲဖြစ်ကာ လီယင်းက သူ့ကို အဝတ်တို့ဖြင့် ခြုံပေးလျက် ဘေးနားတွင် အရိပ်တကြည့်ကြည့် စောင့်ကြည့်နေလိုက်သည်။

မယ်တော်ကြီး အနားသို့ ရောက်လာသည်ဟု ခံစားမိသည့်အတွက် သူမဘက်သို့ လှည့်လိုက်၏။

ထိုနေ့ ယွင်ချင်းစီကို အခမ်းအနားဖြင့် လာကြိုခဲ့စဉ်ကတည်းက ဧကရာဇ်၏ အကြည့်တို့မှာ မတူညီတော့ကြောင်း သတိပြုမိခဲ့ကာ ယခု သူ့ကို တွေ့လိုက်ရချိန်တွင် သူမတစ်ကိုယ်လုံး ချမ်းတုန်လာတော့သည်။

သူမက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။

"အရှင်က ဘာလို့များ ဒီလိုမျိုး အကြီးအကျယ် ကြွချီလာရတာပါလဲ ..."

"မယ်တော်က အလျင်စလို ဖြစ်နေပြီး ဧကရီကလည်း သတိလစ်နေတယ်လို့ ကြားတော့ နန်းတော်ထဲကို လုပ်ကြံသူ ရောက်လာတယ်ထင်ပြီး တပ်သားနည်းနည်းလောက် ပို့ပေးလိုက်တာပါ..."

လီယင်းက မယ်တော်ကြီးကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"မယ်တော်ကလည်း မျက်နှာတစ်ခုလုံး ချွေး‌တမြိုက်မြိုက်ကျအောင်တောင် ပြေးလာခဲ့ရတာဆိုတော့ တစ်ခုခုကို ကြောက်လန့်နေလို့များလား ..."

သူမအနေဖြင့် ယွင်ချင်းစီကို အနည်းငယ် အပြစ်ပေးကာ ပြင်းစွာ ဆူပူကြိမ်းမောင်းရန် အလောတကြီး ပြန်လာခဲ့ခြင်းဖြစ်သည် ဟူ၍လည်း ပြော၍မရချေ။ သူမ၏ အစ်ကိုအသတ်ခံလိုက်ရကာ သူ၏ ဒုစစ်သူကြီးချုပ်ရာထူးလည်း ဆုံးရှုံးလိုက်ရသည့်အတွက် ကျန်းမိသားစုသည် ယွင်မိသားစု အထူးသဖြင့် ယွင်ချင်းစီကို လွန်စွာ မုန်းတီးနေတော့သည်။

သို့သော် လီယင်းက သူ့ကို အတိအလင်း ကာကွယ်ပေးနေသည့်အပြင် သူမကိုပင် မသိမသာ ပစ်မှတ်ထားနေသည့်အတွက် ဤသို့သာ ပြောလိုက်ရတော့သည်။

"ချင်းစီက ရုတ်တရက်ကြီး မေ့လဲသွားလို့လေ အဲဒါနဲ့ မယ်တော်လည်း သူ့ကို သမားတော်နဲ့ ပြသဖို့ စိတ်လောနေတာ သူ့ကို ဝေါယာဉ်ပေါ်တောင် တင်ပေးလိုက်သေးတယ် ..."

"အိုး ..."

လီယင်းက ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည်။

"ဧကရီက ဘာလို့များ ရုတ်တရက်ကြီး နေမကောင်းဖြစ်သွားပါလိမ့်နော် ..."

လီယင်း၏ တည်ရှိမှုကပင်လျှင် မယ်တော်ကြီးကို စိတ်ဖိစီးလာစေတော့သည်။

သူမ ပျိုးထောင်ခဲ့သည့် ကလေးမှာ ယခု သူမထက် များစွာ ရှည်လျားသန်မာနေကာ မျက်လွှာချကာ စိုက်ကြည့်နေသည့် အကြည့်တို့ဖြင့် ဆုံမိလေတိုင်း သူသည် ကောင်းကင်ဘုံက ပေးအပ်သည့် အသရေတင့်မှု၊ အခွင့်အာဏာတို့ကို အပြည့်အဝ ရရှိထားသော ကမ္ဘာတစ်ခုလုံးကို ပိုင်စိုးရသည့် ဘုန်းတန်ခိုးကြီးမားသော မင်းတစ်ပါးဟုပင် ထင်မှတ်ရတော့သည်။

ကြောက်ရွံ့တုန်လှုပ်မှုတို့က ချက်ခြင်း ဝင်ရောက်လာတော့၏။

သူမ ပျိုးထောင်၍ ဘုရင်ဖြစ်လာသူက သူ့ကို သင်ကြားပေးခဲ့မှုများမှာ မရိုးရှင်းလှကြောင်း သိသည့်တိုင် သူမကို ယခင်အတိုင်း ကြောက်ရွံ့ရိုသေလေးစားကာ ကျေးဇူးတင်စိတ်တို့အပြည့် ရှိနေရမည်ဖြစ်သည်။

အကြောင်းမှာ သူမသည် သူ့ကို လွန်စွာ ချစ်ခင်ပါသည့် တော်ဝင်မယ်တော် ဖြစ်နေ၍ ဖြစ်သည်။


သူမသည် သူ့အပေါ် ကြည်လင်သည့် ကောင်းကင်နှယ်၊ တိမ်စိုင်တိမ်မည်းတို့နှယ် အလိုရှိသကဲ့သို့ မိုးရွာချနှယ်၊ မိုးကြိုးပစ်ချနိုင်လောက်အောင် လွှမ်းမိုးနိုင်သည့်သူ ဖြစ်သင့်ပေသည်။

မယ်တော်ကြီးက နောက်ပြန်ဆုတ်ကာ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ပြီး ပြောလိုက်သည်။

"ရာသီဥတု အေးလာတော့ ရောဂါ‌ဟောင်း ပြန်ထလာတယ် ထင်ပါတယ် အိုက်ကျားက နှုတ်ဆက်ရုံပဲ ရှိသေးတယ် ကလေးက မူးတယ်ပြောပြီး ချက်ခြင်း မေ့လဲသွားတော့တာပဲ တကယ်ကို စိုးရိမ်စရာပဲကွယ်
..."

ထို့နောက် သူမက လွန်စွာ ကြင်နာတတ်သည့် အမူအယာဖြင့် ယွင်ချင်းစီကို လှမ်းကြည့်လိုက်သည်။

"ဒီလိုမျိုးကိုး ..."

လီယင်းက ပြောလိုက်သည်။

"မယ်တော်က ဦးရီးတော်ရဲ့ အရေးကိစ္စအတွက်ကြောင့်နဲ့ ဧကရီကို စိတ်ဆိုးနေတာလားလို့ပါ ..."

သူက ထိုအကြောင်း ထုတ်ပြောရသည့်အတွက် ရှက်ရွံ့ဟန်မတူ။ မယ်တော်ကြီး၏ မျက်နှာတစ်ခုလုံး ချက်ခြင်း ညိုမည်းသွားတော့၏။ သူမက စိတ်ထိန်းရန် ကြိုးစားလိုက်သေးသော်ငြား သည်းမခံနိုင်၊ ဖုံးကွယ်၍ မရလောက်အောင်ပင် အမျက်ကြီးစွာဖြင့် ယွင်ချင်းစီကို စိုက်ကြည့်လိုက်သည်။

"ဒေါသထွက်နေလိမ့်မယ် ဆိုတာကိုတော့ သိနေသေးတယ်ပေါ့ ဟုတ်လား ယွင်ချင်းစီရဲ့ ကြွေထည်ကို ယူတာက သေဖို့အထိ ထိုက်တန်လို့လား ..."

"ဒီဟာတစ်ခုတင် မဟုတ်ပါဘူး ..."

လီယင်းက နူးညံ့စွာ ပြောလိုက်သည်။

"ဦးရီးတော်က မြို့တော်အစွန်အဖျားမှာရှိတဲ့ သာမန်မိသားစုလည်း တပ်ဖွဲ့တစ်ဖွဲ့နဲ့အတူ သွားပြီးတော့ အဲဒီ့အိမ်က မိန်းကလေးကို အတင်းအကြပ် ခေါ်ဆောင်လာတယ်ဆိုပြီး သက်သေအခိုင်အမာ ရထားပါတယ် အဲဒီ့မိန်းကလေးရဲ့ အဖေကို အသေရိုက်သတ်ပြီး ပြီးစလွယ် သင်္ဂြိုဟ်ခဲ့တဲ့အပြင် သူမကလည်း ကျန်းအိမ်တော်ကနေ အလျားလိုက် ပြန်ထွက်သွားရပါတယ်တဲ့ ..."
(ကျန်းအိမ်တော််မှာ သေသွားတယ်လို့ ပြောချင်တာပါ)

အမှန်တကယ်တွင်မူ ဤထက် ပိုမိုဆိုးဝါးသည့် ဖြစ်ရပ်များစွာ ရှိနေသေးသော်ငြား အားလုံးမှာ အတိတ်ဘဝက အဖြစ်အပျက်များ ဖြစ်ပေသည်။ ဤလွန်စွာ ပြင်းထန်လှသည့် ဖြစ်ရပ်မှာမူ ပြီးခဲ့သည့် နှစ်အနည်းငယ်ခန့် ကျန်းမိသားစုကို ထိပ်ဆုံးအထိရောက်အောင် ထောက်ပံ့ပေးခဲ့စဉ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မယ်တော်ကြီး၏ အကြည့်တို့ ပြူးကျယ်သွားကာ သူမက အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဒီလိုဖြစ်ရပ်မျိုး တကယ်ပဲ ရှိခဲ့တာလား ..."

"ဧကရီရဲ့ ကြွေထည်ကို လုယူတဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် သူက ဒီလိုလုပ်ရပ်တွေနဲ့ အတော်လေး ရင်းနှီးနေတယ်ဆိုတာကို တွေ့ရမှာပါ ..."

လီယင်းက အဓိပ္ပါယ်အပြည့်ဖြင့် ပြောလိုက်သည်။

"ဦးရီးတော်ကို ကိုယ်တိုင် ကိုင်တွယ်ဖို့ အဖိုးကို ခွင့်ပြုပေးလိုက်တာကိုက ကျွန်တော့်ရဲ့ လက်ဆောင်လို့ သတ်မှတ်လို့ ရနေပါပြီ ..."

ဒါကို လက်ဆောင် ဟုတ်လား ...

သေချာပေါက်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုကြီးလေ တမင်တကာကို ရည်ရွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်ကြီးကို ...

မယ်တော်ကြီးမှာ လက်ကို တင်းတင်းဆုပ်ထားရလွန်း၍ လက်သည်းစများပင် အသားထဲ စိုက်ဝင်နေတော့သည်။

ဒီလိုစကားမျိုးကို မျက်နှာတစ်ချက် မပျက်ဘဲနဲ့ကို ပြောရဲတယ်ပေါ့ သူ့အမေရှေ့မှာလေ ...

"မယ်တော်က နန်းတော်ထဲမှာပဲ အကြာကြီးနေခဲ့ရတော့ ကျန်းစစ်ယုံရဲ့ ဒုစရိုက်မှုတွေကို မသိနိုင်လောက်လို့ လာပြီး အနှောင့်အယှက် မပေးခဲ့တာပါ ..."

လီယင်းက အကြည့်တို့ကို သူမထံမှ ဖယ်ခွာကာ ယွင်ချင်းစီကို ဝမ်းနည်းစွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါပေမယ့် မယ်တော်က ဦးရီးတော်ရဲ့ ကိစ္စအတွက်နဲ့ ချင်းစီကို ဒေါသထွက်ခဲ့တာဆိုတော့ ကြည့်ရတာ ကျန်းအိမ်တော်ကို ရောက်နေတုန်း မဟုတ်မမှန်တာတွေ ကြားခဲ့မိတယ်ထင်တယ် ..."

ဒါက လုံးဝကို အပြတ်ရိုက်ချလိုက်တာပဲ ...

မယ်တော်ကြီးက ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

"အဲဒီ့လို မဟုတ်ပါဘူး ဒီတိုင်း အိုက်ကျားက အစ်ကိုတော်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရတော့ ဝမ်းနည်းပြီး နည်းနည်းလေး စိတ်မသက်မသာဖြစ် ..."

"ဟုတ်တာပေါ့ မယ်တော်က ဝမ်းနည်းပူဆွေးမှုတွေ ခံစားနေရမှာပဲ ..."

"ဟုတ်ပါတယ် ..."

"ဒါဆိုလည်း မယ်တော် ကောင်းကောင်း အနားယူလိုက်ပါ ..."

လီယင်းက ပြောလိုက်သည်။

"ဒီနေ့ ခေါ်လာခဲ့တဲ့ တပ်သားတွေက မယ်တော့်ကို ဘယ်သူမှ လာမနှောင့်ယှက်ရဲအောင် ထိုက်ချီနန်းဆောင်ကို ကာကွယ်ပေးကြပါလိမ့်မယ် ..."

မယ်တော်ကြီး၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့၏။

လီယင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"မနက်ဖြန် နှစ်သစ်ကူးအကြိုနေ့ နန်းတော်တစ်ခုလုံး ဆူညံပွက်လောရိုက်နေမှာဆိုတော့ မယ်တော့်အနေနဲ့ အခမ်းအနားပွဲကိုလည်း တက်ရောက်နေစရာ မလိုဘူးနော် ..."

မယ်တော်ကြီးက သူ့ကို အလန့်တကြား မော့ကြည့်မိသွားတော့သည်။

ဒါက အကျယ်ချုပ် ချလိုက်တာပဲ မဟုတ်လား ...

ယွင်ချင်းစီကလည်း တိတ်တိတ်လေး ချောင်းကြည့်လိုက်သည်။

လီယင်းက တွက်တဲ့ချက်တဲ့နေရာမှာတော့ တကယ်ကို ဆရာကြီးပဲ ကျန်းစစ်ယုံကို သတ်တုန်းကလည်း ကြွေထည်ကို မပေးရင် အဲဒီ့ကြွေထည်နဲ့အတူ သင်္ဂြိုဟ်ပစ်မယ်လို့ ပြောတယ် ကြွေထည်ကို ထုတ်ပေးလိုက်ပြန်တော့လည်း သူက ဧကရာဇ်ကို လိမ်ပါတယ်ဆိုတာကြီးက အရမ်း မြင်သာသွားပြီလေ ...

အခုလည်း မယ်တော်ကြီးကို တစ်ပုံစံတည်း ကိုင်တွယ်ပြန်ပြီ မယ်တော်ကြီးကသာ ကျန်းမိသားစုစီကနေ မဟုတ်တာတွေ ကြားပြီး နားယောင်လာခဲ့တာလို့ ပြောရင် ကျန်းမိသားစု ဒုက္ခရောက်မယ် သောကစိတ်တွေ လွှမ်းမိုးခံနေရလို့ဆိုပြီး ပြောရုံပဲ ရှိတော့တာဆိုတော့ အကျယ်ချုပ်ချခံလိုက်ရရော ...

အခုအချိန်မှာ လီယင်းက ဒီလောက်အထိ တော်မနေရသေးဘူးလေ ...

သို့သော် မည်သို့ပင်ဖြစ်စေ ယွင်ချင်းစီကမူ ဝမ်းသာမိနေဆဲပင်။ ယခုဘဝတွင် မယ်တော်ကြီးနှင့် လီယင်း၏ သားအမိနှစ်ယောက်ကြား စစ်ပွဲကို ကောင်းကောင်းကြီး ကြည့်ရတော့မည်ဖြစ်သည်။ အကယ်၍ လီယင်းကသာ ကျန်းမိသားစုကို ဖြုတ်ချခဲ့ပါလျှင် သူ့အဖို့ လက်ရုံးတစ်ဖက် ဆုံးရှုံးကာ တစ်ဖြည်းဖြည်း အင်အားကြီးမားလာမည့် ယွင်မိသားစုကြောင့် ဒေါသစိတ်ကိုပင် ထုတ်ပြရဲတော့မည် မဟုတ်ချေ။

ယခုလက်ရှိ အုပ်ချုပ်သူကို ဖီလာတိုက်ပါလျှင် ရလဒ်မကောင်းနိုင်သည့်အတွက် မယ်တော်ကြီးကျန်းလည်း ဒေါသစိတ်ကို မျိုသိပ်ရင်းသာ သည်းခံလိုက်တော့သည်။

လျှိုကျီရူက ပြောလိုက်သည်။

"တော်ဝင်သမားတော် ရောက်လာပါပြီ ..."

သစ်သားသေတ္တာ ကိုင်ဆွဲထားသော တော်ဝင်သမားတော်က အရိုအသေပေးတော့မည်ပြုစဉ် လီယင်းက သူ့ကို ဟန့်တားလိုက်သည်။ မယ်တော်ကြီးနှင့် စကားပြောစဉ်က ထုတ်ဖော်ခဲ့သည့် ဖိနှိပ်လိုသော အရှိန်အဝါတို့ကို ချက်ခြင်း ရုတ်သိမ်းကာ ပြောလိုက်သည်။

"ယဉ်ကျေးမနေနဲ့ ဧကရီကိုပဲ အရင် စမ်းသပ်လိုက် ..."

"Hmm..."

သမားတော် အနားရောက်မလာခင် ယွင်ချင်းစီက တစ်ဖြည်းဖြည်းချင်း နိုးလာကာ မယ်တော်ကြီး၏ မီးဟုန်းဟုန်းတောက်နေသော အကြည့်တို့ကို လျစ်လျူရှုလျက် ဝေဝေဝါးဝါး ပြောလိုက်သည်။

"ဘယ်ရောက်နေတာလဲ ..."

လီယင်းက သူ့ကို ထိကိုင်တော့မည့်ဟန် ရှေ့သို့ တိုးလိုက်ပြီးကာမှ ဆန့်ထားသော လက်ကို ပြန်ရုတ်သိမ်းလျက် နူးညံ့စွာ ပြောလိုက်သည်။

"မယ်တော်ကြီးရဲ့ နန်းဆောင်မှာ ရောက်နေတာ ..."

ယွင်ချင်းစီက လီယင်း၏ အပြုအမူတို့ကို စေ့စေ့စပ်စပ် အကဲခတ်ရင်း တိတ်တဆိတ် တွက်ချက်လျက် ပြောလိုက်သည်။

"ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲ ..."

"ဒါက အဓိကမဟုတ်ဘူး ..."

လီယင်းက မယ်တော်ကြီး သူ့ကို တစ်ခုခု ကြံစည်နေသည်ဆိုသည့်အကြောင်း အသိမခံလို။

"ကိုယ် အခုပဲ မင်းရဲ့ နန်းဆောင်ကို ပြန်ခေါ်သွားပေးမယ် ..."

"အိုး ..."

ယွင်ချင်းစီက နောက်သို့ အသာမှီရင်း မယ်တော်ကြီးကို တိတ်တဆိတ် စိုက်ကြည့်ကာ ပြောလိုက်သည်။

"နုံးခွေနေသလိုပဲ မလှုပ်နိုင်တော့ဘူး ..."

"ဒါဆိုလည်း မလှုပ်နဲ့လေ မယ်တော်ရဲ့ ဝေါယာဉ်နဲ့ပဲ ပြန်လိုက်ရအောင် ..."

လီယင်းက မယ်တော်ကြီး၏ အမြင်ကိုပင် မမေးတော့ဘဲ သူ့စိတ်ကြိုက် ဆုံးဖြတ်လိုက်သည်။

"မယ်တော်ကြီးက မင်းကို အရမ်းချစ်တဲ့သူဆိုတော့ ဘယ်လိုမှ စိတ်ရှိမှာ မဟုတ်ပါဘူး ..."

အတင်းအကြပ် သဘောတူလိုက်ရသည့် မယ်တော်ကြီး "..."

ထိုဇနီးမောင်နှံက အတိုင်အဖောက်ညီညီဖြင့် သူမ၏ ဝေါယာဉ်ကို သိမ်းယူသွားကြတော့သည်။

သမားတော်က ယွင်ချင်းစီ၏ အခြေအနေကို စစ်ဆေးအတည်ပြုပြီးနောက် ဝေါယာဉ်ဖြင့် လာရာလမ်းအတိုင်း လှည့်ပြန်သွားတော့သည်။


နုံးခွေနေပါသည်ဆိုသည့် ယွင်ချင်းစီ ထွက်သွားပြီးကာမှ မယ်တော်ကြီးလည်း နန်းဆောင်ထဲသို့ တရွေ့ရွေ့ ပြန်ဝင်သွားတော့သည်။ သူမက နန်းဆောင်ထဲရှိ ပစ္စည်းများကို တွန်းလှဲပစ်ပေါက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲဒီ့ ရွံစရာ လယ်သမားတွေက စစ်ယုံနဲ့ ယှဉ်ဖို့တောင် ထိုက်တန်ရဲ့လား လီယင်းသာ သံယောဇဉ်လေး နည်းနည်းလောက် ရှိရင် သူ့ဦးလေးကို ပြန်သတ်မှာ မဟုတ်ဘူး တကယ်ကို ယွင်ချင်းစီရဲ့ ပြုစားတာ ခံနေရပြီပဲ ..."

ဒေါသတို့ကို ဖောက်ခွဲလိုက်ပြီးကာမှ တစ်ဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားတော့သည်။

တစ်ခုခုကို တွေးမိသွားသည့်ဟန် သူငယ်အိမ်တို့ ချက်ခြင်း ကျုံ့သွားတော့၏။

လီယင်းရဲ့ လှုပ်ရှားမှုတွေ .. သူ တစ်ခုခုကို သိနေတာများလား ...

...

လီယင်းက သူ့ဝေါယာဉ်ကို ချန်ထားကာ ယွင်ချင်းစီ ရှိရာဆီသို့ အမြန် လျှောက်လာလိုက်၏။ သို့သော် ယွင်ချင်းစီက ဝေါယာဉ်ကို မှီကာ ထိုင်နေသည့်အတွက် သူ့အတွက် နေရာမကျန်၊ ဘေးမှ လမ်းလျှောက်ကာ လိုက်လာရန်သာ ရှိတော့သည်။

နှစ်ဦးလုံး အတွေးကိုယ်စီဖြင့် ထွက်လာလိုက်ကြ၏။

ချောင်ယန်နန်းဆောင်သို့ ပြန်လာရာ လမ်းတစ်လျှောက် ယွင်ချင်းစီက ဆက်လက်ဟန်ဆောင်နေကာ လက်ကို ရင်ရှီထံသို့ ခပ်ဖွဖွ ဆန့်ထုတ်လိုက်၏။ မိန်းမစိုးလေး အနားသို့ ရောက်မလာခင်မှာပင် သန်မာသည့် လက်တစ်ဖက်က သူ့လက်မောင်းကို လှမ်းကိုင်လိုက်သည်။

လီယင်းက သူ့ကို ပွေ့ချီကာ နန်းဆောင်ထဲသို့ အမြန်ဝင်လိုက်၏။

နူးညံ့သည့် အိပ်ယာထက်တွင် အသာချကာ လီယင်းက သူ၏ ကြီးမားလှသည့် လက်ဖဝါးဖြင့် ယွင်ချင်းစီ၏ မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ ယွင်ချင်းစီက သူ့ကို တစ်ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။ မရှင်းလင်းခဲ့သည့် အကြောင်းအရာအားလုံး တစ်ဖြည်းဖြည်း ရှင်းလင်းပြတ်သားစ ပြုလာတော့သည်။

ယွင်ချင်းစီက ပြောလိုက်သည်။ သူ၏ ချဉ်းကပ်မှုက မပြင်းထန်၊ လေသံမှာလည်း တိုးညှင်းလှသည်။

"အနာဂတ် ရှစ်နှစ်ကျော်ကနေ ပြန်လာခဲ့တာ မဟုတ်လား ..."

သူက တကယ်ကို ထပ်မေးလာပြန်တာပဲ ...

လီယင်းက အိပ်ယာပေါ်ထိုင်ကာ နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်သည်။

"အစာသွပ်မုန့် .. ဘာလို့ မစားခဲ့တာလဲ ..."

"အဆိပ်ခတ်ထားမှာ ကြောက်လို့ ..."

ယွင်ချင်းစီ၏ အကြည့်တို့တွင် ငွေ့ရည်တစ်လွှာ ရစ်သိုင်းလာကာ အလေးအနက် ပြောလိုက်သည်။

"လီယင်း မင်းလည်း ငါ့လိုပဲ ပြန်မွေးဖွားလာတာ မဟုတ်လား ..."

လီယင်းက မျက်လွှာချထားလိုက်၏။ သူ့ကို မော့ပင် မကြည့်ရဲတော့။

ယွင်ချင်းစီက သူ့အင်္ကျီအနားစကို ဆွဲကာ မေးလိုက်ပြန်သည်။

"ဟုတ်လားလို့ .. ပြောလေ ..."

လီယင်းက သူ့ကို ထပ်ပြီး မလိမ်‌လိုတော့ရာ ဝန်ခံရန်သာ ရှိတော့သည်။

နဖူးထက်ဆီမှ စူးရှနာကျင်မှုတစ်ရပ်ကို ခံစားရသည့်အတွက် ချက်ခြင်း မော့ကြည့်လိုက်မိတော့၏။

ယွင်ချင်းစီ၏ အမူအယာမှာ အနည်းငယ်ပင် သနားစရာ ကောင်းနေသေးသည်။

ဤသည်မှာ သူ နာကျင်ခံစားရလေတိုင်း ဖြစ်လာတတ်သည့် သနားစဖွယ် မျက်နှာထားပင်။

လီယင်း၏ နှလုံးသားမှာ အပ်တစ်ချောင်းဖြင့် ထိုးဆွခံလိုက်ရသည့်နှယ်။

"ဟုတ်တယ် ..."

သူက ပြောလိုက်သည်။

"ကိုယ် ပြန်လည်မွေးဖွားလာခဲ့တာ ..."

ဤသည်မှာ အရာအားလုံး၏ အဖြေပင်။

ယွင်ချင်းစီက သူ့အင်္ကျီစကို လွှတ်ပေးကာ နောက်ပြန်ဆုတ်လိုက်၏။ ထိုတစ်ခဏ၌ သူ့ရှေ့တွင် ရှ်ိနေသူ၏ ရင်ဘက်ကို ထိုးသွင်းနိုင်မည့် ဓား‌တစ်ချောင်း အနားတွင် ရှိနေရန်ပင် မျှော်လင့်မိတော့သည်။

သူ့စိတ်ထဲတွင် အမြစ်တွယ်နေသည့် အမုန်းတရားတို့မှာ တစ်ခဏအတွင်းမှာပင် မိုးထိလုမတတ် ကြီးမားလှသည့် အပင်တစ်ခုအဖြစ် ကြီးထွားလာသည့်ဟန်။ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီလာတော့သည်။ 

အမုန်းတရားသစ်ပင်သစ်ကိုင်းတို့က သူ့ရင်ဘက်မှတစ်ဆင့် ဖောက်ထွက်လာတော့မည်ဟုပင် ခံစားရသော်ငြား သူ့အမူအယာမှာမူ လွန်စွာ တည်ငြိမ်နေပေသည်။

"ဒီလိုသာဆို ဘာလို့ ငါ့ကို မစွန့်ပစ်ရတာလဲ ..."

"မင်းမရှိဘဲ မနေနိုင်ဘူး ..."

"ဘာကို ဆိုလိုတာလဲ ..."

သူ့ကို စိုက်ကြည့်နေသည့် လီယင်း၏ အကြည့်တို့တွင် နက်မှောင်မှုတို့ ဝဲဂယက်သဖွယ် ထွက်ပေါ်လာတော့သည်။

"ကိုယ် နောင်တရခဲ့လို့ ..."

ယွင်ချင်းစီ၏ သူငယ်အိမ်တို့ အနည်းငယ် ပြူးကျယ်ကာ စိတ်လှုပ်ရှားမှုကြောင့် ကျောရိုးတစ်ခုလုံး မသိမသာ တုန်ရီသွားတော့သည်။ သူက လီယင်းကို လည်ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

"နားမလည်ဘူး ..."

"ကိုယ် ..."

လီယင်းက ပြောလိုက်သည်။

"အတိတ်ဘဝက ကိုယ် မင်းကို ကောင်းကောင်း ချစ်မပေးခဲ့ရတဲ့အတွက် နောင်တရမိလို့ ..."

ယွင်ချင်းစီ၏ မျက်လုံးတို့ ပြူးကျယ်ကာ ဒုက္ခပေးလိုသည့် စိတ်ဆန္ဒများ တရိပ်ရိပ် ထွက်ပေါ်လာတော့သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတို့ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ကွေးညွတ်သွားသည့်အတွက် နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ရတော့၏။

"မင်း ဆိုလိုချင်တာက ..."

သူက မေးလိုက်သည်။

"ဒါဆို ရှေ့ရက်ပိုင်းက လုပ်ခဲ့တာတွေ အကုန်လုံးက မင်းရဲ့ နှလုံးသားထဲမှာ ငါ့အတွက် နေရာရှိနေသေးလို့ပေါ့ ဟုတ်လား ..."

"ဟုတ်တယ် ..."

ယွင်ချင်းစီက ခေါင်းငုံ့ချလိုက်သည့်အတွက် သွယ်လျကာ အထိခိုက်မခံနိုင်ဟန်တူသည့် လည်တိုင်လှလှလေးကို အတိုင်းသား မြင်တွေ့လိုက်ရတော့သည်။ သူက လက်ဆစ်တို့ဖြင့် တတောက်တောက်ခေါက်ရင်း ပြောလိုက်သည်။

"ငါ့ကို တစ်ခုခု ရှင်းပြချင်လား ..."

"ကိုယ် ..."

"တကယ်တမ်းတော့ ငါလည်း ဂရုမစိုက်ပါဘူး ..."

ယွင်ချင်းစီက ခေါင်းပြန်မော့ကာ သူ့စကားတို့ကို ဖြတ်ပြောလိုက်သည်။

"အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မကြားချင်ဘူးလေ ..."

လီယင်း၏ လည်စေ့က အထက်အောက် ရွေ့လျားသွားကာ မပြောရသေးသည့် စကားလုံးများစွာတို့ကို ပြန်လည်ကာ မျိုသိပ်လိုက်ရတော့သည်။

ယွင်ချင်းစီက ဒူးကိုပိုက်ထားလျက် ပြန်လည်မွေးဖွားပြီးနောက် ဖြစ်ခဲ့သည်များကို ဂရုတစိုက် ရေတွက်လိုက်သည်။

လီယင်းက သူ့အပေါ်တွင် ခံစားချက်တို့ မရှိတော့၊ အထူးသဖြင့် အတိတ်ဘဝက လီယင်းသည် သူ့အပေါ် ခံစားချက်မရှိနိုင်ဟုသာ ထင်ခဲ့သော်လည်း လီယင်းကမူ သူ၏ သေဆုံးမှုကြောင့် တစ်ဘဝလုံး နောင်တရနေခဲ့ရသည်။ ထို့နောက် ရေခဲပြင်၊ အခမ်းအနားဖြင့် လာရောက်ကြိုဆိုမှု၊ အဆိုအကတို့ဖြင့် သူ့ကို အလိုလိုက် အကြိုက်ဆောင်ကာ သူ့ဦးလေးကို သတ်၍ ကြင်ယာတော်နဉ်ကို ကြိမ်ဒဏ်ပေးခဲ့သည့်အပြင် ယနေ့ မယ်တော်ကြီးအား အကျယ်ချုပ်ချထားခဲ့သည်အထိ အရာအားလုံးတွင် ကောင်းမွန်ခိုင်လုံသည် အကြောင်းပြချက်များ ရှိနေတော့သည်။

သူ သေသွားပြီးကာမှ လီယင်းက နောင်တရလာပြီး သူ့ကို ကောင်းကောင်းမွန်မွန် ချစ်ပေးချင်ခဲ့တာလား ...

ထူးဆန်းလိုက်ပုံများ ...

သူသာ ပြန်လည်မမွေးဖွားခဲ့ရင် သူ့ရဲ့ ယွင်ချင်းစီကလည်း ပြာမှုန့်အဖြစ် လွင့်ပျံသွားတော့မှာလေ ဘာအပေါ် အခြေခံပြီးများ လီယင်းက သူ့ကို ချစ်နိုင်မှာတဲ့လဲ ...

သူ့ကို ချစ်ဖို့ လီယင်းမှာ ဘာအရည်အချင်း ရှိလို့လဲ ...

သူ့ကို ချစ်ပါတယ်လို့ ဘယ်လိုသတ္တိနဲ့များ ပြောရဲရတာလဲ ...

ယွင်ချင်းစီက လက်သီးကို တင်းတင်းဆုပ်ထားသည့်အတွက် လက်ဆစ်များပင်လျှင် ‌ဖြူလျော်လာတော့သည်။

ရယ်စရာ ကောင်းလိုက်တာ တကယ်ကို ရယ်ချင်စရာပဲ .. အဲဒီ့နေ့ အမတ်ချုပ်အိမ်တော်ကို လီယင်း ရောက်ချလာတုန်းက သူ့ရဲ့ လျစ်လျူရှုမှုနဲ့ ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို ရှင်းရှင်းလင်းလင်းကြီး သရုပ်ပြသွားပြီးသားလေ သူ့ကို သေချာပေါက် သတ်ခဲ့ပြီးကာမှ ဘာမှ မဖြစ်သလိုမျိုး အတိတ်ကို ပြန်သွားချင်သေးတယ်ပေါ့ ဟုတ်လား ...

သူသာ ပြန်လည် မမွေးဖွားလာခဲ့ရင် လီယင်းက အကုန်လုံးကို ရှင်းလင်းပစ်ပြီး သူ့ရဲ့ အရူးအမူး ချစ်တာတွေကို ခံယူ၊ သူ့ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်တာကို ဆက်ပြီး ခံယူနေမှာ မဟုတ်လား ...

သူက သတ်သေဖို့ နေရာတစ်ခု‌ ရွေးဆိုပြီး အတင်းအကြပ် ဖိအားပေးခံရတဲ့ အချိန်မှာ လီယင်းက လန့်နိုးလာပြီး "အိုး ယွင်ချင်းစီက ငါ့ကို ချစ်နေသေးတာပဲ" ဆိုပြီး သဘောပေါက်သွားတာပေါ့ ...

သူ့ကို တမင်တကာ ဖုံးကွယ်တာကလည်း လီယင်းက သူ ပြန်လည်မွေးဖွားလာမှန်း သိနေလို့ပေါ့ ဒါကြောင့် သူနဲ့ မျက်နှာချင်းဆိုင်ရမှာ ကြောက်လို့ ဂရုတစိုက် ဖုံးကွယ်ထားတာပေါ့ ...

ယွင်ချင်းစီက ပြောလိုက်သည်။

"ထွက်သွား ..."

"အားစီ ..."

သူက ခေါင်းအုံးအောက်ရှိ ပုလဲလုံးကို ကောက်ကိုင်ကာ ကြမ်းတမ်းစွာ ပစ်ပေါက်လိုက်သည်။

ခပ်အုပ်အုပ် အသံတစ်ချက်နှင့်အတူ အမည်းရောင်အဝတ်စဖြင့် ဖုံးအုပ်ထားသော ညလင်းပုလဲက လီယင်း၏ နဖူးကို အပြင်းအထန် ဝင်တိုက်ပြီး အိပ်ယာပေါ်သို့ ပြန်ကျသွားတော့သည်။

နဖူးတစ်ခုလုံး သာမန်မျက်စိဖြင့်ပင် မြင်ရလောက်သည်အထိ နီရဲယောင်ယမ်းလာတော့၏။


လီယင်းက သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီက သူ့ကို စိုက်ကြည့်နေရင်းမှာပင် အပြစ်ကင်းစင်သည့် အမူအယာသို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

"တောင်းပန်ပါတယ် ..."

"စိတ်မထိန်းနိုင်လိုက်လို့ ..."

"မင်းကို မုန်းတဲ့စိတ်တွေ အရမ်း များလွန်းသွားလို့ ..."

"... အရှင်က ကျွန်တော့်ကို အရမ်းချစ်တာဆိုတော့ ခွင့်လွှတ်ပေးမယ် မဟုတ်လား ..."