Chapter 39
ယွင်ချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံး မုန်းတီးမှု၊ အမျက်ဒေါသတို့ဖြင့် ပြည့်နှက်လာတော့သည်။
ပြန်လည်မွေးဖွားလာပြီးနောက် အတိတ်ကို ပြန်တွေးကြည့်သည့်အခါ သူသည် အကြံအစည်တို့ဖြင့် ပြည့်နှက်နေသူကို ချစ်ကြိုက်ခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။
လီယင်းက သူ့အပေါ် ရက်စက်ခဲ့သည့်အတွက် သူနှင့် ပတ်သက်သည့် ခံစားချက် တစ်စုံတစ်ရာကိုမှ မပြသလိုတော့၊ မုန်းတီးစိတ်တို့ကိုပင် မပြသမိစေရန် ထိန်းချုပ်လိုက်တော့သည်။
လီယင်းရဲ့ မျက်နှာဖုံးကို ခွါချနိုင်ပြီ ဆိုကာမှ ဘာတွေ လာပြောနေတာလဲ နောင်တရပြီး သူ့ကို ချစ်ချင်တယ် ဟုတ်လား ...
တကယ်သာ ချစ်တယ်ဆို ပြီးခဲ့တဲ့ဘဝ သူသေသွားတုန်းက ဘယ်ရောက်နေလဲ ...
နောင်တရရုံပဲဆိုလည်း အဲဒါ သူနဲ့ ဘာဆိုင်လဲ ...
မင်းကို ချစ်တုန်းကတောင် မင်းက ငါ့ကို အကွက်ချကြံစည်ခဲ့တဲ့ဟာ မင်းဘက်က ချစ်တယ်ဆိုကာမှ ငါက အတူတူ ရှိနေပေးစရာလား ...
ဘယ်လိုလုပ်သင့်လဲ ...
ပြန်လည်မွေးဖွားလာခြင်းသည် ရှားပါးသည့် ဆုလာဘ်တစ်မျိုး ဖြစ်သည့်အတွက် ယွင်ချင်းစီက ၎င်းကို လွန်စွာ တန်ဖိုးထားပေသည်။ ပိတ်ထားသည့် တံခါးများနောက်ကွယ်တွင် သူ့ကိုယ်ပိုင်ဘဝလေးဖြင့်သာ နေထိုင်လိုကာ ဧကရာဇ်၏ မျက်နှာသာပေးမှုကို မျှော်လင့်နေစရာ မလိုအပ်သည့် ဂုဏ်ယူဖွယ် ဧကရီ၊ မိသားစုအကျိုးကိုသာ ရှေးရှုသူတစ်ဦးသာ ဖြစ်လိုသည်။
သို့သော် လီယင်းက သူ့ကို ကြိမ်ဖန်များစွာ လာရောက်နှောင့်ယှက်ပြန်သည်။
ယခင်က စိတ်လွတ်ကိုယ်လွတ်ဖြင့် ပြဿနာရှာလေတိုင်း လီယင်းက သူ့ကို လာရောက်တားမြစ်လျှင်တားမြစ် သို့မဟုတ်လျှင် ခပ်ဝေးဝေးသို့သာ ရှောင်ဖယ်သွားတတ်ပေသည်။ ယခု သူ့ကို စိတ်လွတ်လက်လွတ်ဖြင့် ပြဿနာရှာကာလည်း မောင်းမထုတ်နိုင်တော့။ ။
လီယင်းမှာ အမှန်တကယ်ပင် အပြစ်ရှိသည့် ခံစားချက်ကြောင့် သူ့ကိုယ်သူ အပြစ်တင်ကာ ပြန်လည်ပြင်ဆင်လိုသည့်ဟန်ပင်။
မဟုတ်သေးဘူး သူက ယွင်ချင်းစီကို ကျေးဇူးတင်ပြီး နောင်တတွေရ ပြီးတော့ သူ့ကိုပဲ ပြန်ချစ်လာစေချင်တာ ...
ဒါပေမယ့် တကယ်လို့ ယွင်ချင်းစီက ကျေးဇူးတင်ချင်ရင်တောင် သူ့ကို အရာအားလုံး ပြန်လည်စဉ်းစားရွေးချယ်နိုင်ဖို့ အခွင့်အရေးပေးပြီး ပြန်လည်မွေးဖွားစေခဲ့တဲ့သူကိုပဲ ကျေးဇူးတင်မှာပေါ့ ...
သူ့ကို အားလုံးဆုံးရှူံးအောင် လုပ်ခဲ့တဲ့ လီယင်းကို ကျေးဇူးတင်ပါ့မလား ...
လီယင်း၏ နဖူးမှာ နီမြန်းကာ တစ်ဖြည်းဖြည်း ယောင်ယမ်းလာတော့သည်။
သူ့မျက်နှာသွင်ပြင်မှာ ဂန္တဝင်မြောက်စွာ နှစ်လိုဖွယ်ကောင်းလှသည့် ရုပ်ရည်မျိုးဖြစ်ရည ဤဒဏ်ရာက သူ့ကို အနည်းငယ် ဝမ်းနည်းစေဟန် ပေါ်သွားတော့သည်။
ယွင်ချင်းစီက စိတ်သက်သာရာ ရမှုကိုသာလျှင် ခံစားလိုက်ရ၏။
ဖြစ်နိုင်ပါလျှင် နောက်တစ်ကြိမ် လီယင်း၏ခေါင်းကို ရိုက်ခွဲကာ နောင်တရကြောင်းနှင့် သူ့ကို ထပ်ပြီး ချစ်လိုသေးကြောင်း ပြောရဲသည့်သတ္တိ ရှိမရှိ စောင့်ကြည့်လိုက်ချင်သေးသည်။
"ကိုယ့်အမှားတွေပါ ..."
လီယင်းက ပြောလိုက်သည်။ သူထံ ဦးတည်လာသည့် ညလင်းပုလဲကို မရှောင်ရှားသလို ယွင်ချင်းစီ၏ အကြည့်တို့ကိုလည်း မငြင်းပယ်။
"ကိုယ်က သက်သေပြလို့ မရတဲ့ အမှားကို ကျူးလွန်ခဲ့မိတာ တကယ်လို့ မင်းရဲ့ ခါးသီးစိတ်၊ ဒေါသစိတ်တွေကို ထွက်ပေါက်ပေးချင်ရင် ကိုယ့်ဆီသာ လာခဲ့ပါ ..."
ယွင်ချင်းစီ၏ အမုန်းတရားတို့ ရုတ်ချည်း ဖိနှိပ်ခံလိုက်ရတော့သည်။
ဘာလို့ သူ့ရဲ့ အမုန်းတရားတွေကို ထွက်ပေါက်ပေးရမှာလဲ လီယင်း သူ့ကိုယ်သူ အပြစ်တင်နေတာတွေ လျော့သွားအောင်လို့လား ...
မဟုတ်ဘူး သူက လီယင်းကို ထပ်ပြီး မမုန်းချင်တော့ဘူး လီယင်း သူ့ကို အရူးလုပ်ခဲ့သလိုမျိုးပဲ ပြန်လုပ်ချင်တော့တာ ...
ယွင်ချင်းစီက ဒူးနှစ်ဖက်ကိုပိုက်ကာ မျက်လွှာချလျက် အကြိတ်အနယ် စဉ်းစားနေလိုက်သည်။
လီယင်းသည်လည်း သူကဲ့သို့ပင် ပြန်လည်မွေးဖွားလာလိမ့်မည်ဟု တစ်ခါမှ တွေးမထားမိ။
ပြန်လည်မွေးဖွားလာရအောင် သူက ဘာကောင်းမှုတွေများ လုပ်ခဲ့လို့လဲ ...
ထိုသို့ တွေးနေရင်းမှ တစ်ခုခုကို သတိရသွားတော့သည်။
ဒါပေမယ့် ငါကရော ဘာကောင်းမှုတွေ လုပ်ခဲ့လို့လဲ ထောင်လွှားမောက်မာ၊ မနာလိုစိတ်များပြီး မျက်ကန်းတစ်ယောက်လို အသုံးမကျ ဖြစ်ခဲ့တာလေ ဘာလို့များ ပြန်လည်မွေးဖွားခွင့် ပေးလိုက်ကြပါလိမ့် ...
လက်ချောင်းတို့ကို တင်းတင်းဆုပ်ကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"အဲဒီ့နေ့က မူးနေပေမယ့် အမှန်ကို ပြောခဲ့တာ မဟုတ်လား ..."
"မင်း ကိုယ့်အကြောင်းကို သိပါတယ် ..."
လီယင်းက ပြောလိုက်သည်။
"ကိုယ် မူးနေတဲ့အချိန်ဆို မညာတတ်ဘူးလေ ..."
"ဒါပေမယ့် ကိုယ်လုပ်တော်နဉ်ကို တော်ဝင်ကြင်ယာတော်ဘွဲ့ မပေးခဲ့ဘူးလို့ ပြောခဲ့တာလေ ..."
"ဘာလို့ဆို ကိုယ် အမူးပြေစွပ်ပြုတ် သောက်လိုက်လို့ ..."
"မင်းကို မေးနေ ..."
ယွင်ချင်းစီ၏ မျက်ရည်တို့ ပေါက်ခနဲ ကျဆင်းလာတော့သည်။
"ငါ့ကြောင့် ငါ့အဖေနဲ့ အစ်ကိုတွေကို သတ်ချင်ခဲ့တာလား ..."
လီယင်း၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာတော့သည်။
မျက်ရည်ပေါက်တို့က မျက်လုံးထဲမှတစ်ဆင့် ပါးပေါ် ကျဆင်းခြင်း မရှိဘဲ အင်္ကျီပေါ်သို့ တိုက်ရိုက်ကျဆင်းကာ မျက်ရည်ကွက်တစ်ခု မသိမသာ စွန်းထင်းသွားတော့သည်။
သူ့တွင် ယွင်ချင်းစီနှင့် ပတ်သက်သည့် စွဲလမ်းမှုတစ်ခု ရှိခဲ့ရာ ယွင်ချင်းစီ သေဆုံးပြီးနောက် ထိုဥပါဒါန်အားလုံးကို ယွင်မိသားစုထံ လွှဲပြောင်းပေးလိုက်တော့သည်။
လီယင်းအနေဖြင့် အတိတ်ဘဝက သူ့ကြောင့် မိသားစုတစ်ခုလုံး ဒုက္ခရောက်ခဲ့ရသည်ဟု သိလိုက်ရသော ယွင်ချင်းစီ၏ နာကျင်မှုကို ကောင်းစွာ မသိခဲ့သည့်တိုင် စာနာသနားမှုကို ခံစားလိုက်ရတော့သည်။
လက်ကို ဆန့်ထုတ်လိုက်သော်ငြား ယွင်ချင်းစီကို မထိရဲ။ ချက်ခြင်း နောက်ပြန်ဆုတ်လိုက်တော့သည်။
"မဟုတ်ဘူး အားစီ ကိုယ် မင်းအဖေကို သတ်ဖို့ ဘာ်တုန်းကမှ မတွေးခဲ့ဖူးဘူး သူက ကိုယ့်ရဲ့ဆရာ ပြီးတော့ နိုင်ငံရဲ့ မှူးမတ်တစ်ယောက်လေ ဘယ်လိုဖြစ်လို့ သူ့ကို သတ်ရမှာလဲ ..."
"မလိမ်နဲ့ ..."
"ကိုယ် မင်းကို ဘယ်တော့မှ ထပ်ပြီး မလိမ်တော့ပါဘူး ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ သေပြီးမှ နောင်တရလို့ သူတို့ကို လွှတ်ပေးလိုက်တာလား ..."
"မဟုတ်ဘူး အဲဒါက ..."
"ကောင်းပြီ ..."
ယွင်ချင်းစီက သူ သိလိုသည်ကို သိသွားတော့သည်။
"ငါ့အဖေကို မသတ်ခဲ့ဘူး ဆိုမှတော့ ငါတို့တွေ ပြန်လည်မွေးဖွားလာတာက နှစ်ယောက်ကြားက အရေးကိစ္စတွေကို ပြန်လည်ပြောင်းလဲဖို့ထင်တယ် ..."
သူက နောက်ထပ် နားမထောင်လိုတော့။
အကြောင်းမှာ သူ့စိတ်ခံစားချက်အရ လီယင်းကို ခွင့်မလွှတ်နိုင်၊ သူ့ကို မုန်းတီးရန် အကြောင်းပြချက်တစ်ခု လိုအပ်နေသေး၍ဖြစ်သည်။ လီယင်း လုပ်ခဲ့သည့် လုပ်ရပ်အပေါ် အမှန်တကယ် ဂရုစိုက်ခြင်း မရှိ၍လည်း ဖြစ်ပေလိမ့်မည်။
ယွင်ချင်းစီမှာ အမြဲလိုလို ဤသို့ပင်ဖြစ်သည်။
တစ်ယောက်ယောက်ကို မုန်းတီးသည့်အခါ မည်သည့်အကြောင်းနှင့်မျှ ထိုသူကို ခွင့်လွှတ်ရန် မတွေးတော့။
ချစ်မိပါလျှင်လည်း တစ်ဖက်သူက မည်သည့်ကိစ္စကို ပြုလုပ်ပါစေ စိတ်နှလုံးတစ်ခုလုံး ပုံအပ်လျက် ချစ်ခင်ပေးမည်ဖြစ်သည်။
ယခင်က ယွင်ချင်းစီသည် သူ့ကို ဤကဲ့သို့ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။
မင်း ပြန်လာမှာကို စောင့်နေမယ် .. မင်းနဲ့အတူတူစားဖို့ စောင့်နေမယ် မင်းနဲ့ အတူတူ နေလို့ရအောင် စောင့်နေမယ် မင်း ရှင်းပြမှာကို စောင့်နေမယ် မင်း စကားပြောချင်စိတ် ရှိတဲ့အချိန်ကို စောင့်နေမယ် ...
အအေးနန်းဆောင်ထဲတွင် နေထိုင်ခဲ့ရစဉ်ကလည်း လီယင်း သူ့ကို ချောင်ယန်နန်းဆောင်သို့ ပြန်ခေါ်မည့်နေ့အား စောင့်နေကောင်း စောင့်နေပေလိမ့်မည်။
ထိုယွင်ချင်းစီက သေသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
ထို့ကြောင့် ယခုဘဝတွင် နောက်တစ်ကြိမ် စိတ်ရှည်ရှည်ထားကာ စောင့်ဆိုင်းပေးတော့မည် မဟုတ်ချေ။
"လီယင်း ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"လမ်းခွဲကြရအောင် ..."
လီယင်းက တုံဏှိဘာဝေပင်။
"မင်းနဲ့ ရှေ့မဆက်ချင်တော့ဘူး မင်းရဲ့ ဧကရီလည်း ဆက်မလုပ်နိုင်တော့ဘူး ... မင်းရော ငါရော အကုန် မှတ်မိပြီး ပြန်ရောက်လာတဲ့အတွက် ရှေ့ဆက်ပြီး မကစားချင်တော့ဘူး ..."
သူက လွန်စွာ တည်ငြိမ်နေသည်။
ယွင်ချင်းစီက အိပ်ယာပေါ်မှဆင်းကာ စားပွဲအနီးသို့သွား၍ ရင်းနှီးနေသည့် သစ်သားတံဆိပ်ပြား တစ်နည်းအားဖြင့် သူတို့နှစ်ဦး၏ ချစ်ခြင်းအမှတ်အသားကို ထုတ်လာလိုက်သည်။
"ဒီချင်ပြည်ထောင်စု .. မင်းကို ပြန်ပေးမယ် ..."
ယွင်ချငိးစီက တံဆိပ်ပြားကို ကိုင်ထားရင်း ပြောလိုက်သည်။
"ဒါကို တည်ထောင်ဖို့ မင်း ငါ့ကို အားပေးခဲ့တယ် အဲဒီ့အချိန်တုန်းက မင်းပြောခဲ့တယ်လေ မင်းတစ်ယောက်တည်းကိုပဲ တွယ်ကပ်မနေဘဲ ကမ္ဘာလောကကြီးကို ရှုစားဖို့၊ ငါ့ကိုယ်ငါ ကာကွယ်နိုင်တာကို မြင်ချင်တယ် ဆိုပြီးတော့ ..."
"တကယ်တမ်း ပြောရရင် ငါသိထားတာက နည်းနည်းလေးမှ နည်းနည်းလေး အားလုံးက မင်း သင်ပြခဲ့တာတွေပဲလေ ဒီချင်ပြည်ထောင်စုကို မင်းအတွက် ငါ တည်ထောင်ပေးခဲ့တာ ဆိုတာထက်စာရင် ငါ့အတွက် မင်း တည်ထောင်ပေးခဲ့တာလို့ ပြောမှ ပိုပြီး သင့်တော်မယ်ထင်တယ် ..."
"မင်းရဲ့ ချင်ပြည်ထောင်စုကို ပြန်ယူလိုက်ပါ ..."
သူက သူ့ကိုယ်သူ အပြစ်တင်ကာ ပြောလိုက်သည်။
"ကန်လီက မင်းရဲ့ ရည်ရွယ်ချက်တွေက မကောင်းဘူးလို့ ငါ့ကို ဒူးထောက်ပြီးတောင် နားချခဲ့ပေမယ့် ငါက တစ်လုံးမှ မယုံခဲ့ဘူး အဲဒါအပြင် ချင်ပြည်ထောင်စုက အစကတည်းက မင်းအပိုင် ငါကလည်း မင်းကိုပဲ သစ္စာရှိတယ်လို့တောင် ပြောခဲ့သေးတယ် လီယင်း မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိခဲ့တာ မင်းတစ်ယောက်တည်းကိုပဲ ပြီးတော့ မင်းနဲ့ငါသာ တိုက်ခိုက်ခံရရင် ငါ့အသက်နဲ့ ရင်းပြီးကို မင်းကို ကာကွယ်ပေးမှာလို့ ဆုံးဖြတ်ထားတာ ဘာလို့ဆို မင်းက ငါ့အတွက် ငါ့အသက်ထက်တောင် ပိုပြီး အရေးကြီးခဲ့လို့လေ ..."
လီယင်းက မလှုပ်မယှက် ရှိနေဆဲပင်။
ယွင်ချင်းစီက အနောက်သို့ ပြန်လျှောက်လာကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"မင်း လိုချင်သမျှ အရာတိုင်းကို ပေးမယ် လီယင်း အခုကနေစပြီး ငါတို့နှစ်ယောက်ကြားက အမုန်းတရားတွေကို သင်ပုန်းချေလိုက်ကြရအောင် ငါလည်း ဘဝသစ်တစ်ခု စဖို့ ရှန့်ယန်ကနေ ထွက်ခွါပြီး လောကကြီးရဲ့ အလှတရားတွေကို ခံစားတော့မယ် ..."
"အတိတ်ဘဝမှာရော အခုဘဝမှာရော ယွင်မိသားစု၊ ချင်နဲ့ ရှောင်မိသားစုက မင်းအပေါ် သစ္စာရှိတယ်ဆိုတာကိုတော့ သတိရနေပေးပါ ..."
"ငါတစ်ယောက်ပဲ ..."
သူက ပြောလိုက်သည်။
"ငါကတော့ မင်းကို ဘယ်တော့မှ သစ္စာစောင့်သိတော့မှာ မဟုတ်ဘူး ..."
လက်တို့ကို ဆန့်ထုတ်ကာ သစ်သားတံဆိပ်ပြားအား ထိကိုင်ကြည့်လိုက်၏။ လက်ဖဝါးထဲရှိ သစ်သားတံဆိပ်ပြား၏ ပန်းပုလက်ရာမှာ လွန်စွာ ကောင်းမွန်ပြောင်မြောက်ကာ မျက်နှာပြင်မှာမူ ချောမွေ့ကြည်လင်လှ၏။ ၎င်းမှာ မကြီးမားလှသည့်တိုင် ထွင်းထုချိန်တွင် တစ်ဆင့်ချင်း ထည့်သွင်းခဲ့သည့် လီယင်း၏ ခံစားချက်များနှင့် ထပ်ကာထပ်ကာ ပျိုးထောင်ခဲ့သော ယွင်ချင်းစီ၏ ချစ်စိတ်များ ပါဝင်နေပေသည်။
လီယင်းက မယူခဲ့။
"ဒီနေရာရဲ့ အာဏာကို မကြိုက်လို့လား ..."
"ငါနဲ့ မထိုက်တန်ပါဘူး ..."
"ချီဖန့်နန်းဆောင် ဆောက်ဖို့ အလုပ်သမားရေးရာဌာနကို တာဝန်ပေးလိုက်ပြီ နှစ်ကူးပြီးရင် စတင်ပြီး ဆောက်တော့မှာဆိုတော့ အပြီးသတ်ဖို့ အလွန်ဆုံးမှ တစ်နှစ်ပဲကြာမှာ ..."
"မလိုအပ်ပါဘူး ..."
"ဧ .. ဧကရီ ... ဒါက ယွင်မိသားစုအတွက်လည်း အရေးကြီးတယ်လေ မင်းသာ ဒီနေရာမှာ ရှိနေရင် လူတွေရဲ့ အမြင်မှာ ယွင်မိသားစုက အုပ်စိုးသူတစ်ဦးတည်းရဲ့အောက်၊ ကျန်လူတွေ အားလုံးရဲ့ အထက်မှာ ရှိနေမှာလေ ..."
"သူတို့ကို မဖယ်ရှားသရွေ့ ယွင်မိသားစုက မပြိုလဲသွားပါဘူး ..."
လီယင်းက လက်တို့ကို နောက်ကျောဘက်သို့ ပို့ထားလိုက်သည်။
သူ့ပုံစံမှာ သစ်သားတံဆိပ်ပြားအား မတော်တဆ ယူလိုက်မိမည်ကို စိုးရိမ်နေသည့်နှယ်။
"အားစီ .. ကိုယ် မောင်းမဆောင်ကိုလည်း ဖျက်သိမ်းလိုက်ပြီ ရှေ့နှစ် .. မဟုတ်ဘူး ဒီနေ့ပဲ သူတို့ကို နန်းတော်ကနေ နှင်ထုတ်တော့မှာ မယ်တော်ကြီးကလည်း အကျယ်ချုပ် ချခံထားရတော့ မင်းကို ဘယ်လိုနည်းနဲ့မှ လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး အခုကနေစပြီး နန်းတော်တစ်ခုလုံး မင်းရဲ့ ကိုယ်ပိုင်ကမ္ဘာပဲ မင်းစိတ်ကြိုက် မင်းကြိုက်တာ လုပ်လို့ရတယ် ..."
"ငါ့ရဲ့ အထက်မှာ မင်းရှိနေသေးတယ်လေ ..."
"ကိုယ် ..."
လီယင်း၏ မျက်လုံးတို့ နီမြန်းလာတော့သည်။
"ကိုယ်လည်း မင်းရဲ့ လွတ်လပ်ခွင့်ကို မပိတ်ပင်ပါဘူး ကိုယ်က မင်းကို ကာကွယ်ပေးနိုင်တယ်လေ မင်းစိတ်တိုင်းကျ နေလို့ရတယ် ပြီးတော့ ရွမ်လျန် ရွမ်လျန်လည်း ရှိသေးတယ် မင်း ရွမ်လျန်ကို ခေါ်ထားလို့လည်း ရတယ် သူ့ကို ကြိုက်.. ကြိုက်တယ်မဟုတ်လား ..."
သူ့ကို ကြည့်နေရင်းမှာပင် လီယင်း၏ အသက်ရှူသံတို့ ကမောက်ကမ ဖြစ်လာတော့သည်။
"အားစီ မသွားပါနဲ့ ..."
ထွက်မသွားပါနဲ့ .. ကိုယ့်ကို နောက်တစ်ကြိမ် ချန်မထားခဲ့ပါနဲ့တော့ ...
ကိုယ့်ကို တစ်ယောက်တည်း မချန်ခဲ့ပါနဲ့ ...
ကျေးဇူးပြုပြီး ...
"ရွမ်လျန်ကို ခေါ်သွားလို့ရလား ..."
အတော်ကြာကာမှ လီယင်း၏ စကားသံ ထွက်ပေါ်လာတော့သည်။
"သူက နန်းတော်ထဲက ဂီတပညာရှင် မင်းက ဧကရီရာထူးမှာ ရှိနေမှသာ သူ့ကို ခေါ်ထားလို့ရမှာ ..."
ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်သည်။
သူ့ပုံစံမှာ ရွမ်လျန်ကြောင့် တုန့်ဆိုင်းနေရဟန်ပင်။
အမှန်တကယ်တွင်မူ သူသည် ရွမ်လျန်ကို များစွာ ဂရုစိုက်ခြင်း မရှိသလို နန်းတော်ထဲမှ ထွက်ခွါရန်လည်း မစဉ်းစားခဲ့ဖူးချေ။ မယ်တော်ကြီး မသေမချင်း သူ့နှလုံးသားထဲမှ အဖုအထစ် မကျေလည်နိုင်၊ လီယင်း သူ့အပေါ် လုပ်ခဲ့သကဲ့သို့ တစ်ခုမကျန် ပြန်မတုန့်ပြန်နိုင်မချင်း တစ်ဘလုံး နောင်တတို့ကို သယ်ပိုးထားရမည်ဖြစ်သည်။
လီယင်းက သူ့စကားအတိုင်း အမှန်တကယ် နောင်တရခြင်း ဟုတ်မဟုတ် သိလိုခြင်းသာ ဖြစ်သည်။
လီယင်း၏ အချစ်မှာ အတိတ်ဘဝက သူ လီယင်းအပေါ် ချစ်ခဲ့သည်၏ တစ်ဝက်မျှပင် နက်ရှိုင်းခြင်း ရှိမရှိ သိလိုပေသည်။
ထိုအခါမှ အချစ်သည် လူတစ်ယောက်ကို လွန်စွာ နှိမ့်ချသွားတတ်စေကြောင်း သဘောပေါက်သွားတော့သည်။ လီယင်းပင်လျှင် မရှောင်ကွင်းနိုင်။ သူ့ကို ဆွဲထားနိုင်ရန် ဖျော်ဖြေရေးသမားတစ်ယောက်ကိုပင် အသုံးချခဲ့သေးသည်။
ပြီးခဲ့တဲ့ဘဝက နန်းတော်ထဲကို ကိုယ်လုပ်တော်တွေ ဝင်ခွင့်ပြုခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်နဲ့ ဘာများ ကွာခြားတော့လို့လဲ ...
ဒါပေမယ့် လီယင်းနဲ့သူ ဘာတွေ ကွာခြားလဲဆို လီယင်းက သူ့ရည်ရွယ်ချက် ပြည့်ဝအောင် ဘယ်လို လုပ်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ ...
ထိုစဉ်က ယွင်ချင်းစီသည် လီယင်းကို စွန့်ခွါသွားရမည်လား သို့မဟုတ် ကိုယ်လုပ်တော်ထားခြင်းကိုပဲ ခွင့်ပြုလိုက်ရမည်လားဟု ရက်ပေါင်းများစွာ စဉ်းစားခဲ့ရသည်။
လီယင်းကမူ အခက်အခဲကို ကျော်လွှားနိုင်မည့် နည်းလမ်းအား မိနစ်ပိုင်းအတွင်းမှာပင် စဉ်းစားနိုင်ခဲ့သည်။
သစ်သားတံဆိပ်ပြားအား လီယင်းလက်ထဲသို့ ထိုးထည့်ပေးခြင်းကို ရပ်တန့်လိုက်တော့သည်။
သူက အိပ်ယာပေါ် ထိုင်ချလိုက်သည်။
ယွင်ချင်းစီက တကယ်ပဲ ဒီဖျော်ဖြေရေးသမားကို ကြိုက်တာလား တစ်ခြားအရာတွေ အများကြီး ပြောခဲ့တုန်းကတောင် လက်မခံခဲ့ပေမယ့် ရွမ်လျန်အကြောင်းလည်း ပြောလိုက်ရော ချက်ခြင်းကို လက်ခံခဲ့တာ ...
လီယင်းက ခေါင်းကိုငုံ့ကာ မျက်လွှာချလျက် သူ့ခံစားချက်တို့ကို ဖုံးကွယ်လိုက်သည်။
ယွင်ချင်းစီကမူ စိတ်အေးသွားသည်ဟုသာ ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင်မှ လီယင်းက အမှန်တကယ်ပင် နောင်တရနေခြင်းဖြစ်ကြောင်း ယုံကြည်သွားတော့သည်။
နှစ်ပေါင်းများစွာ အတူတူနေလာပြီးနောက် ယွင်ချင်းစီသည် လီယင်းနှင့် ပတ်သက်၍ သိနေသေးသည်ဟု သဘောပေါက်သွားတော့သည်။
သူက လီယင်းကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ငါ့ကြောင့်နဲ့ ရွမ်လျန်ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ သေချာလား ..."
"ကိုယ် မလုပ်ပါဘူး ..."
လီယင်းက ခပ်တိုးတိုး ပြောလိုက်သည်။
"အခုကနေစပြီး သူက မင်းရဲ့လူပဲ ခွေးကို ရိုက်တာ မရိုက်တာကတော့ ပိုင်ရှင်ရဲ့ သဘောအတိုင်းပါ ..."
"သူက ခွေးမဟုတ်ဘူး ..."
ယွင်ချင်းစီက အမှန်ကို ပြင်ပေးလိုက်သော်လည်း လီယင်းက ပြန်မဖြေ။ အတော်ကြာကာမှ ပြောလိုက်သည်။
"ဆက်နေဖို့ ဆုံးဖြတ်ပြီးပြီလား ..."
"အမ်း ..."
လီယင်းက လက်ကို အားပြုပြီး အိပ်ယာပေါ်မှ ထကာ တစ်ဖြည်းဖြည်းချင်း ထွက်သွားလိုက်သည်။
"အားယင်း ..."
ယွင်ချင်းစီက သူ့ကို လှမ်းခေါ်ကာ မေးလိုက်သည်။
"စိတ်ဆိုးနေတာလား ..."
"မဆိုးပါဘူး ..."
လီယင်းက သူ့ဘက် ပြန်လှည့်ကာ ခါးမတ်မတ်ထား၍ နူးညံ့စွာ ပြောလိုက်သည်။
"မင်းက အစောလေးကမှတင် မူးလဲထားတာဆိုတော့ ကောင်းကောင်း အနားယူရမယ်လေ မင်းအတွက် စွပ်ပြုတ်တစ်ချို့ ပြင်ဆင်ခိုင်းထားလိုက်မယ် ..."
"ငါ့အတွက်နဲ့ မယ်တော်ကြီးကို အကျယ်ချုပ် ချထားတာ တကယ်ပဲ အဆင်ပြေလို့လား ..."
"ဒါတွေကို စိတ်မပူပါနဲ့ ..."
"ကိုယ်လုပ်တော်တွေကို စွန့်ပစ်ဖို့ရော .. တကယ်ပဲ သေချာ စဉ်းစားပြီးပြီလား ..."
"အင်း ..."
လီယင်းက သူ့ကို မလိမ်ညာ။
ကိုယ်လုပ်တော်များအား စွန့်ပစ်ရန်မှာ တစ်ခဏချင်း တွေးတောထားသည် မဟုတ်။ တစ်ဦးချင်းစီတိုင်းမှာ ဆူးညှောင့်ခလုတ်များ ဖြစ်သည့်အပြင် ထိုသူတို့၏ နောက်ကွယ်ရှိ အင်အားစုများကလည်း ကဏ္ဍအသီးသီးတွင် ရောနှောပါဝင်နေပေသည်။
ဤသည်မှာ သူ့မှတ်ဉာဏ်ထဲရှိ လီယင်းနှင့် တစ်ထပ်တည်းပင်။ ထီးနန်းကို ဆက်ခံပြီးနောက် ယွင်ချင်းစီသည် "ငါ့ယောကျာ်းက အရမ်းကို အင်အားကြီးတာပဲ" ဟု အမြဲလိုလို တွေးမိခဲ့သည်။ အစီရင်ခံစာများအား ဖတ်နေသူကို တစ်နေကုန် ထိုင်ကြည့်နိုင်ကာ လီယင်း၏ နည်းလမ်းများကိုလည်း အမြဲလိုလို သဘောကျခဲ့သည်။ ထိုအချိန်က အနည်းငယ် အားနည်းနေသေးသည့်တိုင် ယွင်ချင်းစီသည် လီယင်းကို အစစ်အမှန် ဧကရာဇ်တစ်ပါး ဖြစ်လာလိမ့်မည်ဟု အမြဲတမ်း ယုံကြည်ခဲ့ပေသည်။
ယွင်ချင်းစီဟူသည့် ဇာတ်ကောင်ကို ဖယ်ခွါချလိုက်ပါလျှင် သူ့အနေဖြင့် လီယင်းကို တည်ငြိမ်လေးနက်စွာဖြင့် ချီးကျူးနိုင်မည်ဖြစ်သည်။
သို့သော် သူသည် အချစ်အတွက် ဘဝကိုပင် ကြိုးတန်းပေါ် တင်ထားနိုင်သည့် ယွင်ချင်းစီ ဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်။
သူက ပြောလိုက်သည်။
"သူတို့ကို စွန့်ပစ်စရာ မလိုအပ်ပါဘူး ဘာပဲဖြစ်ဖြစ် ငါက သူတို့ကိုမှ ဂရုမစိုက်တော့တာ ..."
လီယင်းက တစ်ခဏမျှ ရပ်တန့်လိုက်ပြီးကာမှ ဆက်ပြောလိုက်သည်။
"သူတို့ကို ဒီနှစ်ကုန်မှာ စွန့်ပစ်ဖို့ ရည်ရွယ်ထားပြီးသား ဒီနေ့ လုပ်လိုက်ရင် လူတိုင်း ကံဆိုးသွားစေလိမ့်မယ် ..."
"အိုး ..."
သူ့ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။ ယွင်ချင်းစီက မိသားစုအားလုံး၏ ပစ်မှတ် မဖြစ်လို။
"ညီလာခံမှာ ရုတ်ရုတ်သဲသဲ ဖြစ်မလာအောင် ထိန်းချုပ်ဖို့တော့ လိုလိမ့်မယ် အဲဒါမှ ငါလည်း နန်းတော်ထဲမှာ အေးအေးဆေးဆေး နေနိုင်မှာ ..."
"အမ်း ..."
လီယင်းက ချောင်ယန်နန်းဆောင်မှ ထွက်လာလိုက်သည်။
ယွင်ချင်းစီက သစ်သားပြားကို အံဆွဲထဲ ပြန်ထည့်လိုက်၏။ နောက်ဆုံးတွင်တော့ သူ့နှလုံးသားကို ဖိစီးနေသည့် ကျောက်တုံးကြီးကို လွှတ်ချနိုင်သွားလေပြီ။
လီယင်း .. ဒါက မင်းနဲ့ ထိုက်တန်ပါတယ် ...
ငါသာ မင်းကို အရူးမလုပ်နိုင်ရင် ငါ့ကိုယ်ငါ ယွင်ချင်းစီလို့ မခေါ်တော့ဘူး ...