Chapter 40
လီယင်းက ချောင်ယန်နန်းဆောင်မှ ထွက်ခွါလာလိုက်သည်။
နန်းမြို့ရိုးတစ်လျှောက် ကောင်းကင်သားတော်သည် လျှိုကျီရူတစ်ဦးတည်းကိုသာ လိုက်ပါစေလျက် နှင်းထုများအကြား တရွေ့ရွေ့ လမ်းလျှောက်နေလိုက်သည်။
"ရွမ်လျန်အကြောင်း အသေးစိတ် စုံစမ်းလိုက် သူက လင်းကျိုးဇာတိ ဟုတ်ရဲ့လား ဆိုတာကိုရော ..."
သူက အမိန့်ပေးလိုက်သည်။
"ပေချန်းမှာ ချုံခိုတိုက်ခိုက်ခံလိုက်ရတဲ့ ကျင့်လူမျိုးတွေကို အလောတကြီး မလုပ်ဖို့အရေး ချီရမ်ဝေ့ကို အကြောင်းကြားဖို့လည်း မမေ့နဲ့ ..."
သူက ပြောလိုက်သည်။
"အမြန် ..."
လျှိုကျီရူက ခေါင်းငြိမ့်ပြကာ သူ့နဖူးပေါ်ရှိ ဒဏ်ရာကို တိတ်တိတ်လေး အကဲခတ်လိုက်သည်။
"အရှင် ဒီဒဏ်ရာကို ဘယ်လိုလုပ်ချင်ပါသလဲ ..."
"မလိုဘူး ..."
သူက လက်ကိုမြှောက်ကာ နဖူးပေါ်ရှိ ဒဏ်ရာကို ဖိကြည့်လိုက်သည်။ နှလုံးသားထဲရှိ အထီးကျန်မှုများက နာကျင်မှုထက် ပိုမိုအလေးသာသွား၏။
အနည်းဆုံးတော့ သူ့ရဲ့ ဧကရီက သူ့ကို စိတ်ပျက်သွားအောင် လုပ်ချင်နေတုန်းပဲလေ ...
ထိုစဉ် ယွင်ချင်းစီက ညောင်စောင်းပေါ် လှဲလျောင်းလျက် သူ လွန်စွာ သဘောကျရပါသည့် ညလင်းပုလဲကို ကိုင်ကြည့်နေလိုက်သည်။
လက်ထပ်ပြီးကာစက လီယင်းသည် သူ့အား ရတနာတိုက်သို့ ခေါ်ဆောင်ကာ ဤပုလဲအား ရွေးချယ်စေ၏။ ယွင်ချင်းစီက ၎င်းကို လွန်စွာ သဘောကျမိသည့်အတွက် ထိုအချိန်မှစကာ အိပ်စက်ချိန်တိုင်း ကိုယ်နှင့်မကွာ ဆောင်ယူထားလေ့ ရှိပေသည်။
မိခင်ဖြစ်သူ သေဆုံးပြီးချိန်မှစကာ သူ့ဘေးပတ်ဝန်းကျင်ရှိ အရာဝတ္ထုများအားလုံး မည်သည့်တစ်ခုမှ လီယင်းနှင့် ခွဲခြား၍ မရတော့ပေ။
လီယင်းမှာ သူ၏ ကိုးကွယ်ရာအလားပင်။
အတိတ်ဘဝက ထိုသူသည် သူ့ကို အအေးနန်းဆောင်သို့ ပို့ခဲ့သော်ငြား ဧကရီဟူသည့် ဂုဏ်ပုဒ်ကို ပယ်ဖျက်ကာ သူ၏ ခန်းဝင်ပစ္စည်းများအား သိမ်းယူခဲ့ခြင်းမှအပ အရာအားလုံးမှာ ယခင်အတိုင်း ထပ်တူညီလုနီးပါးပင်။ ယခင်ကကဲ့သို့ ဘရိုကိတ်ထည်၊ ရွှေချည်ထိုးပိုးထည်များကို ဝတ်ဆင်ကာ ရင်ရှီပင်လျှင် ပစ္စည်းများ အရောင်းအဝယ် ပြုနိုင်ရန် နန်းပြင်သို့ လွတ်လွတ်လပ်လပ် ထွက်ခွာနိုင်နေဆဲဖြစ်သည်။
ယွင်ချင်းစီက အတိတ်ဘဝမှ ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ကာ အသေးစိတ် စဉ်းစားလိုက်တော့သည်။ ထိုအခါ လီယင်းက အမှန်တကယ်ပင် အခက်တွေ့ခဲ့ကြောင်းဖြစ်ကြောင်း သဘောပေါက်သွားတော့၏။ အကယ်၍ သူပြောခဲ့သမျှ အားလုံးကို အမှန်ဟု ယူဆလိုက်ပါလျှင် လီယင်း၏ ကျန်းမိသားစုအပေါ် သဘောထားနှင့် ယွင်မိသားစုအပေါ် သဘောထား၊ တစ်ဖန် အတိတ်ဘဝက အမတ်ချုပ်အိမ်တော်တစ်ခုလုံးကို ဖမ်းဆီးအကျဉ်းချခြင်းတို့သည် ပြဇာတ်တစ်ခု ကပြရန် ပူးပေါင်းကြံစည်ခြင်းသာ ဖြစ်ပေလိမ့်မည်။
လီယင်းက သူ့ကို ရှင်းပြရန် မစောင့်ဆိုင်းနိုင်တော့။
ရှင်းပြစရာ ရှိတယ်ဆိုတော့ လီယင်းက သူတို့အကြားမှာ နားလည်မှု လွဲတာတွေ ရှိနေတယ်လို့ ထင်တဲ့ သဘောလား ...
ဒါပေမယ့် အဲဒီ့လိုဆိုတော့ရော ဘာဖြစ်လဲ ...
လီယင်းက ဘယ်လောက်ပဲ ခံစားရ ခံစားရ ဘယ်လောက်ပဲ ကူကယ်ရာမဲ့မဲ့ ယွင်ချင်းစီကတော့ သေသွားခဲ့ပြီးပြီလေ ...
အသက်ရှင်နေတဲ့သူ ဘယ်လောက်ပဲ ခံစားရ ခံစားရ သေပြီးသားသူက လုံးဝ ဂရုစိုက်တော့မှာ မဟုတ်ဘူး ... သေပြီးသားသူကို ရှင်းပြချင်တဲ့ လီယင်းကပဲ ရူးနေတာလား ဒါမှမဟုတ် သူကပဲ ယွင်ချင်းစီကို အရူးလို့ ထင်နေတာလား ...
သို့သော် ယွင်ချင်းစီကမူ အသက်မရှိတော့။ အဆောက်အဦးပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်သွားပြီဖြစ်သည်။ ရေခဲနှင့် နှင်းထုတို့ ဖုံးလွှမ်းနေသော မြေကြီးပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားကာ နှလုံးနှင့် အဆုတ်သို့ အရိုးများ ထိုးစိုက်ပြီး နားစည်ထဲမှ သွေးများ တရစပ် စီးကျလာသည့် ခံစားချက်ကို ယခုအချိန်အထိ မှတ်မှတ်ထင်ထင် ရှိနေဆဲဖြစ်သည်။
နာကျင်ရသော်ငြား လွန်စွာ အသည်းခိုက်သည်အထိတော့ မဟုတ်။ ထိုစဉ်ကတည်းက သူ့ခန္ဓာကိုယ်မှာ အေးခဲကာ နာကျင်မှုကို မခံစားနိုင်လောက်တော့သည်အထိ ထုံထိုင်းနေပြီဖြစ်သည်။
အားလုံးမှာ လီယင်း၏ ကျေးဇူးကြောင့်ပင်။
အတိတ်ကို မေ့ဖျောက်ပစ်ရန် မဖြစ်နိုင်၊ သူက အသက်ရှင်နေသေးဆဲဖြစ်သည်။
ယွင်ချင်းစီက ညလင်းပုလဲကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။
လီယင်းရဲ့ ခေါင်းက အတော်လေး မာတာ တော်သေးတယ် ပုလဲကို အဝတ်နဲ့ ပတ်ထားမိလို့ မဟုတ်ရင် ကွဲသွားမလားပဲ ...
သူက အိပ်ယာပေါ် တစ်ခဏမျှ လှဲလိုက်ပြီးနောက် သူ့လူများကို ဆင့်ခေါ်ရန် cyan horn အမွှေးနံ့သာအိုးကို ထွန်းညှိလိုက်သည်။
(cyan horn က google မှာ ရှာကြည့်သလောက်တော့ နဂါးလို ခပ်ဆင်ဆင် အကောင်မျိုးကိုမှ ကြံ့လို ဦးချိုတစ်ချောင်းပဲ ပါတာမျိုးပါ ဘာအကောင်လို့ တိတိကျကျ မသိလို့ cyan horn လို့ပဲ ရေးလိုက်ပါ့မယ်)
လီယင်းက ဘဝသစ်တစ်ခုကို ပြန်လည်စတင်နေပြီ ဖြစ်သည့်တိုင် သူ့အမေကိုမူ မရက်စက်နိုင်သေး။ ထို့ကြောင့် သူက တွန်းအားပေးသူအဖြစ် တာဝန်ယူရန် ဆုံးဖြတ်လိုက်သည်။
မယ်တော်ကြီးကျန်း ... သူမအတွက်က အကျယ်ချုပ်ဆိုတဲ့ ပြစ်ဒဏ်လောက်နဲ့ ဘယ်လုံလောက်ပါ့မလဲ ...
ယွင်ချင်းစီက သူမကို အရေခွံနွှာရန် မစောင့်ဆိုင်းနိုင်တော့။
နန်းမြို့တော် တပ်သားများက ထိုက်ချီနန်းဆောင်ကို စောင့်ကြပ်လိုက်သည့် သတင်းမှာ စိတ်ဝင်စားဖွယ်ရာပင်။
နှစ်သစ်ကူးနေ့ကြီးမှာကို လီယင်းက သူ့အမေအရင်းကို နေအိမ်အကျယ်ချုပ် ချပစ်တယ် ... ဒီစကားသာ အပြင်ကို ပျံ့သွားရင် ကျန်းမိသားစုတော့ သေချာပေါက်ကို ကြောက်လန့်သွားကြတော့မှာပဲ ...
ဒီနှစ်ကတော့ ကောင်းတဲ့နှစ်တစ်နှစ် ဖြစ်တော့မှာ မဟုတ်ဘူး ...
ကျန်းစစ်ယုံ၏ ကိစ္စ ဖြစ်ပွားပြီးနောက် အခြားမိသားစုများသည် လေ၏ လားရာကို အလျင်အမြန် သဘောပေါက်သွားကြတော့သည်။ ကောင်းကင်ဘုံသားတော်က ကျန်းမိသားစုကို မျက်နှာသာ မပေးတော့ကြောင်း သေချာသွားသည်နှင့် တစ်ပြိုင်နက် ယခင်က ရန်ငြှိုးရန်စ ရှိသည့်တိုင် ထုတ်မပြောရဲခဲ့ကြသူများက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်လာကြတော့သည်။
နှစ်သစ်ကူးပွဲတော်ကာလအတွင်း အားလုံး အားလပ်နေကြရာ ထိုသတင်းမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တော်အနှံ့ ဂယက်ရိုက်ကုန်တော့သည်။
ကျန်းမိသားစုမှာလည်း လမ်းဘေးကြွက်တစ်ကောင်အဖြစ်သို့ တစ်ဖြည်းဖြည်း ရောက်ရှိသွားတော့သည်။
ယွင်ချင်းစီက နေ့တိုင်း သူ့နန်းဆောင်သို့ ဖျော်ဖြေရေးသမားများကို ဆင့်ခေါ်ကာ အဆိုအကတို့ကို ခံစားနားဆင်လေ့ရှိသည်။ လီယင်းက ရံဖန်ရံခါ ရောက်လာတတ်သော်ငြား ရောက်လာချိန်တိုင်း ဘေးနားတွင် ထိုင်၍သာ တိတ်တဆိတ် ကြည့်နေတတ်ပေသည်။
ယွင်ချင်းစီကလည်း ထိုသူများသည် စည်းလွန်ဘောင်လွတ် ဖြစ်စေမည့် လုပ်ရပ်များကို တစ်ခုမျှပင် မပြုလုပ်ရဲကြကြောင်း သတိထားမိသွားတော့သည်။ လီယင်းက သူတို့ကို ခြိမ်းခြောက်မထားပါဟု ပြောလျှင်ပင် ယုံဖွယ်ရာ မရှိပေ။
နှစ်သစ်ကူးအပြီး သုံးရက်မြောက်နေ့ ညနေခင်းတွင် အမတ်ချုပ်အိမ်တော်သို့ အလည်အပတ် သွားရာမှ ပြန်ရောက်လာသော ယွင်ချင်းစီက ဗျပ်စောင်းတီးသင်ရန် ရွမ်လျန်ကို ဆင့်ခေါ်လိုက်သည်။
"လှည့်ဖျားတတ်သော အလှလေး" မှအပ အခြားသီချင်းကို မသင်ယူလိုသည့်တိုင် ၎င်းမှာ မှတ်မိရန် လွန်စွာ ခဲယဉ်းလှကာ ယွင်ချင်းစီသည် တစ်ခါမှ မှန်ကန်စွာ မတီးခတ်နိုင်ခဲ့ချေ။
ဘေးမှ ရပ်ကြည့်နေသည့် ရွမ်လျန်မှာလည်း သည်းမခံနိုင်တော့သည့်ဟန်၊ အနားသို့ တိုးလာကာ ယွင်ချင်းစီကို လက်မောင်းတစ်ဖက်ဖြင့် ရစ်ပတ်လျက် သူ့လက်ချောင်းတို့ကို ယွင်ချင်းစီ၏ လက်ပေါ်သို့ ထပ်တင်လိုက်သည်။ လွန်စွာ နီးကပ်လွန်း၍ သူ့အသက်ရှူငွေ့တို့ကိုပင်လျှင် ခံစားနေမိတော့သည်။ သူက နားနားကပ်ကာ တီးတိုးပြောလိုက်၏။
"ဒီလိုမျိုး ..."
ယွင်ချင်းစီ၏ လက်ကို ထပ်လျက် ကိုင်ထားပေးပြီးနောက် သီချင်းသံက လျင်မြန်စွာ ထွက်ပေါ်လာတော့သည်။
"သိသွားပြီ ..."
ယွင်ချင်းစီက လက်ကို ဆွဲထုတ်ကာ ယုံကြည်ချက် အပြည့်ဖြင့် နောက်တစ်ကြိမ် တီးခတ်လိုက်သည်။
ရွမ်လျန်က ရယ်သံနှောကာ ပြောလိုက်သည်။
"ဒီလိုမျိုးလေ သိပြီလား ..."
"အင်း ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"စိတ်ထဲမှာတော့ တီးနိုင်နေပြီ ..."
ရွမ်လျန်က သူ့အနားသို့ ငုံ့ကိုင်းကာ စိတ်ရှည်လက်ရှည်ဖြင့် သင်ပေးလိုက်ပြန်သည်။
ဧကရီ၏ လက်မှာ လွန်စွာ ဖြူဝင်းကာ လက်ဖျားထိပ်တို့မှာလည်း ဆောင်းဦးကာလ ထွက်ပေါ်လာသည့် အပင်ပေါက်များသဖွယ် နူးညံ့နေပြီး ကောင်းစွာ အလိုလိုက်အကြိုက်ဆောင်ခံထားရသူဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့်ပင် သိနိုင်ပေသည်။ ရွမ်လျန်က တစ်ဖက်သူ၏ နူးညံ့ဖြူဖွေးလှသော မျက်နှာကို မသိမသာ စောင်းငဲ့ကြည့်ရင်း လက်ချောင်းတို့ကို တိတ်တိတ်လေး ဖျစ်ညှစ်လိုက်သည်။
ယွင်ချင်းစီက သူ့ကို တအံ့တဩ မော့ကြည့်လိုက်သည်။
အကြည့်ချင်း ဆုံသွားသည့်အခိုက်အတန့်၌ ရွမ်လျန်၏ အကြည့်တို့ ဖန်ရောင်သဖွယ် ဝင်းလက်လာကာ သာမန်ကာလျှံကာ မေးလိုက်သည်။
"ဝမ်ဖေး ဒီနေ့ အမတ်ချုပ်အိမ်တော်ကို သွားတဲ့အချိန်မှာ အချိန်ကောင်းလေး ဖြစ်ခဲ့ပါရဲ့လား ..."
"ဖြစ်ခဲ့တာပေါ့ ..."
ယွင်ချင်းစီက ပြုံးကာ ပြောလိုက်သည်။
"ဒါပေမယ့် မင်း ငါ့ကို အဖော်ပြုပြီး ဗျပ်စောင်းတီး လာသင်ပေးတဲ့ အချိန်က ပိုပြီးတော့ ကောင်းတယ် ..."
"ကျွန်တော်က ဝမ်ဖေးကို အမြဲတမ်း အဖော်ပြုပေးနိုင်ပါတယ် ..."
ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ကြည့်လိုက်သည်။
ရွမ်လျန်က သူ့ကို တစ်ခဏမျှ စိုက်ကြည့်ပြီးကာမှ တစ်ဖက်သို့ ပြန်လှည့်သွားလိုက်သည်။ တင်းတင်းဆုပ်ထားသော လက်ကို တစ်ဖြည်းဖြည်းချင်း လွှတ်ပေးလျက် စိတ်ကို ထိန်းချုပ်ကာ ဘေးနားတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ဒီငယ်သားက စကားကို လက်လွတ်စပယ် ပြောမိသွားပါတယ် ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်လျက် ပြောလိုက်သည်။
"ဒီနေ့ အိမ်တော်မှာ အဒေါ်တင်းက ငါ့အတွက် မုန့်အချိုတွေ လုပ်ပေးခဲ့တယ်လေ အားလျန်ရော မြည်းကြည့်ချင်လား ..."
သူက ရွမ်လျန်၏ စကားစကို ဆက်မပြော။
ဧကရီယွင်သည် သူ၏ ရုပ်ရည်ကိုသာ စိတ်ဝင်စားခြင်းဖြစ်ကာ သူနှင့် ပိုမိုနီးစပ်လိုသည့် ရည်ရွယ်ချက် မရှိပေ။
ရွမ်လျန်၏ စိတ်ထဲတွင် ရှင်းမပြတတ်လောက်အောင် မသက်မသာ ဖြစ်လာတော့သည်။
ဧကရီယွင်က ကောလဟာလတွေထဲကနဲ့ လုံးဝကို ကွာခြားလိုက်တာ အရှင့်အပေါ် သူ့သဘောထားကလည်း ခန့်မှန်းလို့ကို မရဘူး ပြီးတော့ သူ့ကိုလည်း အချိန်မရွေး စွန့်ပစ်လို့ရတဲ့ ကစားစရာလေးလိုပဲ သဘောထားနေတာ ...
ယွင်ချင်းစီက မုန့်ထည့်ထားသည့်ဘူးကို ထယူကာ သူ့လက်ထဲ ထည့်ပေးရင်း ပြောလိုက်သည်။
"လာပါ မြည်းကြည့်လိုက် ..."
ရွမ်လျန်က ဖြူလွလွ လက်ချောင်းတို့ဖြင့် မုန့်တစ်ခုကို ဂရုတစိုက် ကောက်ယူကာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ အကြည့်တို့ ဝင်းလက်သွားတော့၏။
"တကယ်ကို အရသာရှိတာပဲ ဒီလို အရသာရှိတဲ့ မုန့်မျိုး ချီးမြှင့်ပေးတဲ့အတွက် ဧကရီကို ကျေးဇူးတင်ပါတယ် ..."
"ပြန်လာခါနီးမှ ဒုတိယအစ်ကိုက ညကျ ဗိုက်ဆာရင် စားရအောင်ဆိုပြီး လာပေးတာလေ ..."
ယွင်ချင်းစီက သေတ္တာကို ဘေးချကာ ဗျပ်စောင်းရှေါတွင် ဝင်ထိုင်ရင်း သံစဉ်များအကြား ရုန်းကန်လိုက်ပြန်တော့သည်။
"အမတ်ယွင်က ဧကရီရဲ့ ဒုတိယအစ်ကိုဆိုတော့ ဧကရီရဲ့ အစ်ကိုအကြီးဆုံးအကြောင်း ပြောတာကို ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ ..."
"အစ်ကိုအကြီးဆုံးလား ..."
ယွင်ချင်းစီက အတော်ကြာ အားစိုက်တွေးလိုက်ပြီးကာမှ ပြန်ပြောလိုက်သည်။
"ကြည့်ရတာ သူက အသက်သုံးနှစ်လေးနှစ်လောက်ကတည်းက မရှိတော့တာထင်တယ် ငါလည်း တစ်ခါမှ မမြင်ဖူးဘူး အဖေ ပြောတာကိုလည်း တစ်ခါမှ မကြားဖူးဘူး ..."
"သုံးလေးနှစ်သားကတည်းက ဆုံးသွားတာလား ..."
ရွမ်လျန်က မေးလိုက်သည်။
"အရှင့်ရဲ့ အစ်ကိုအကြီးဆုံးသာ အသက်ရှိနေသေးရင် အခုဆို ဘယ်အရွယ်လောက် ရှိနေမလဲ ..."
"မသိဘူး ..."
ယွင်ချင်းစီက ထိုအကြောင်းအရာကို စိတ်ဝင်စားဟန်မတူ။
"အလွန်ဆုံးမှ သုံးဆယ်လောက် နေမှာပေါ့ ..."
ရွမ်လျန်၏ မျက်ဝန်းတို့ အနည်းငယ် မည်းမှောင်သွားတော့သည်။
ယွင်ချင်းစီက သူစိတ်မဝင်စားသည့် အကြောင်းအရာကို ဆက်ပြောလိုဟန် မရှိသည့်အတွက် ရွမ်လျန်လည်း စကားစကို ယာယီ ဖြတ်တောက်ထားလိုက်ရတော့သည်။
ယွင်ချင်းစီက အနည်းငယ် ငိုက်မြည်းလာသည်အထိ ဆက်တိုက်လေ့ကျင့်ကာ သမ်းဝေလျက် ပြောလိုက်သည်။
"ပင်ပန်းနေပြီ ပြန်လိုက်တော့ ..."
လာဆို ချက်ခြင်းလာ ပြန်ဆို ချက်ခြင်းပြန် ဆက်နေဖို့ မစဉ်းစားနဲ့ ...
ရွမ်လျန်က ခါးကို မတ်မတ်ထားလျက် ဦးညွတ်ကာ အရိုအသေပြုလိုက်သည်။
ယွင်ချင်းစီကမူ သူ့ကို တစ်ချက်မျှပင် ပြန်မကြည့်ဘဲ အနောက်သို့ ဝင်သွားနှင့်နေပြီဖြစ်သည်။ ရင်ရှီက ချက်ခြင်းပင် အခြားအစေခံများအား ရေနွေးယူလာလိုက်စေသည်။ ကန့်လန့်ကာနောက်ကွယ်ရှိ အရိပ်က အဝတ်အစားတို့ကို ချွတ်ကာ ကျောက်စိမ်းသရဖူကို ဖြုတ်ပြီး ဆံပင်တို့ကို ဖြည်ချလိုက်သည်။
ရွမ်လျန်က ၎င်းကို တစ်ခဏမျှ စိုက်ကြည့်နေပြီးကာမှ နှုတ်ခမ်းကို တင်းတင်းကိုက်၍ ဗျပ်စောင်းကို ပိုက်ကာ ပြန်ထွက်သွားတော့သည်။
ယွင်ချင်းစီက ရေဇလုံထဲတွင် ရေစိမ်ကာ ရင်ရှီနှင့် ကျင်းဟွမ်ကို သူ့ခန္ဓာကိုယ်နှင့် ဆံပင်တို့အား ဆေးကြောစေလိုက်သည်။ လည်ပင်းကိုမူ သစ်သားနောက်မှီတွင် မှီတင်ထားလိုက်၏။ ယွင်ချင်းစီမှာ ရေစိမ်နေချိန်တွင်ပင် ပျင်းတိပျင်းရွဲ ထိုင်နေနိုင်သည့်အတွက် ဤဇလုံပုံစံကို လွန်စွာ သဘောကျလှပေသည်။
ရွမ်လျန်မှာ အနည်းငယ် မူမမှန်လှဟု တွေးလိုက်မိတော့သည်။
သို့သော် ချင်နယ်မြေရှိ လူများအား စုံစမ်းခိုင်းသည့်အခါ လင်းကျိုးတွင် အမှန်တကယ်ပင် ရွမ်အမည်ရှိ မိသားစုတစ်စု ရှိနေပြီး အကြီးဆုံးသခင်လေးမှာလည်း ငွေကြေးရှာဖွေရန် မြို့တော်သို့ ထွက်ခွါသွားကြောင်း သိလိုက်ရသည်။
ဟမ် ..
တစ်ခုခုကတော့ မဟုတ်သေးပါဘူး ...
အကြီးဆုံး အစ်ကိုကြီး .. သူ့အစ်ကိုအကြီးဆုံး၏ အမည်မှာ ယွင်ချင်းကျီ ဖြစ်ပေလိမ့်မည်။ ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း အစ်ကိုကြီးနှင့် ပတ်သက်၍ သူ့အမေထံမှ နှစ်ခါသုံးခါမျှသာ ကြားဖူးကာ သူမက ကလေးတစ်ယောက်ကို မည်သို့ ပျိုးထောင်ရမည်မသိ၍ သူ့ကို ကောင်းစွာ ဂရုစိုက်မပေးနိုင်ခဲ့ဟုသာ ပြောခဲ့ဖူးသည်။
သို့သော် ယွင်ချင်းကျီမှာ အပြင်းအထန် ဖျားနာခဲ့ပါသည်ဟု မကြားဖူးရာ မတော်တဆ သေဆုံးသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
ဒါပေမယ့် ဘယ်လို အခြေအနေကြောင့် ပထမဆုံးမွေးလာတဲ့သားက မတော်တဆဖြစ်ပြီး သေသွားရတာလဲ အထူးသဖြင့် အမေကလည်း သူ့ကို အရမ်း ဂရုတစိုက် စောင့်ရှောင့်ပေးနေမှာကို ...
ရွမ်လျန်က ဒီတိုင်း သာမန်ပဲ စကားဆက်မိလို့ မေးတာလား ဒါမှမဟုတ် သူ့မိသားစုအကြောင်းကို စပ်စုချင်နေတာလား ...
လီယင်း ရောက်လာချိန်တွင်မူ ရေနွေးစိမ်နေသော ယွင်ချင်းစီမှာ အိပ်ပျော်လုမတတ်ပင် ဖြစ်နေတော့သည်။ ရင်ရှီက ဘေးတွင် တင်ထားသည့် သူ့လက်နှစ်ဖက်ကို ပွတ်တိုက်ဆေးကြောပေးနေကာ ကျင်းဟွမ်ကမူ သူ့ဆံပင်တို့ကို ရေဇလုံနှင့် တွဲလျက်ဇလားတစ်ခုထဲတွင် ထည့်ကာ လျှော်ပေးနေလိုက်သည်။
ခေါင်းလျှော်ပြီး၍ ရေသွန်ရန် လှည့်လိုက်ကာမှ လီယင်းကို သတိပြုမိလိုက်တော့သည်။
လီယင်းက အရိုအသေပြုလာမည့်သူကို တားမြစ်လိုက်၏။ ပုဝါတစ်ထည်ကို ယူကာ ယွင်ချင်းစီ၏ ဆံပင်ကို ဂရုတစိုက် ရစ်ပတ်လျက် အရင်းမှ အဖျားအထိ သုတ်ပေးလိုက်သည်။
လက်အနွေးအိတ်တစ်ခုကိုလည်း ယူဆောင်ခဲ့ရာ ၎င်းကို ယွင်ချင်းစီလက်ထဲ ထည့်လျက် နွေးထွေးစေလိုက်သည်။
ယွင်ချင်းစီ၏ ဆံပင်မှာ ရှည်လျားသည့်အပြင် အုံလည်း ထူလှသည့်အတွက် တစ်ကြိမ်တစ်ခါတည်းဖြင့် ခြောက်သွေ့နိုင်ရန် မလွယ်ကူလှချေ။ ရေတစက်စက် ကျမနေစေရန်မျှသာ လုပ်ပေးနိုင်ပေသည်။
လီယင်းက စောင်တစ်ထည်ကို ယူလာကာ ရင်ရှီက ခေါ်လိုက်သည်။
"ဧကရီ ..."
ယွင်ချင်းစီက တစ်ဖက်လှည့်ကာ ရေကန်ထဲမှ ထလာလိုက်သည်နှင့် တစ်ပြိုင်နက် နူးညံ့သည့် စောင်တစ်ထည်ဖြင့် ထွေးပွေ့ကာ ပွေ့ချီခြင်း ခံလိုက်ရတော့သည်။
ကျင်းဟွမ်က အနားသို့ အမြန်ရောက်လာကာ ရေစက်တို့ စီးကျနေသည့် ခြေထောက်ကို သုတ်ပေးလိုက်သည်။
ထိုအခါမှ ယွင်ချင်းစီလည်း သူ့ရှေ့တွင် ရှိနေသူကို မြင်သွားသည့်ဟန်။
"ဘာလို့ ဒီကိုရောက်နေတာလဲ ..."
"မင်းကို တွေ့ဖို့ ..."
"အိုး ..."