အပိုင်း ၄၁
Viewers 13k

Chapter 41


ယွင်ချင်းစီက သမ်းဝေရင်း လီယင်း သူ့ကို ကုတင်ပေါ် တင်ပေးသည်ကို အသာတကြည် ခွင့်ပြုထားလိုက်သည်။ လွန်စွာ အိပ်ငိုက်နေသည့်အတွက် စကားပင် မပြောလိုတော့ပေ။

လီယင်းက ပုဝါတစ်ထည်ဖြင့် သူ့ကို ခြောက်သွေ့အောင် သုတ်ပေးပြီးကာမှ အတွင်းဝတ်အင်္ကျီတစ်ထည် ယူလာစေကာ ကိုယ်တိုင် ဝတ်ပေးလိုက်သည်။

ယွင်ချင်းစီကလည်း မငြင်းမဆန်။ မျက်လုံးတို့ကို တစ်ဝက်ခန့်သာ ဖွင့်ထားသည့် သူ့ပုံစံမှာ လီယင်း၏ လက်ထဲတွင် ကြွေထည်အရုပ်လေး တစ်ခုနှယ်ပင်။

အပြုစုခံနေရသည့် အခြေအနေကို အခွင့်ကောင်းယူကာ လှဲချလိုက်၏။ ရှည်လျားကာ အနည်းငယ် စိုစွတ်နေသော ဆံပင်များက ခေါင်းအုံးပေါ် ပြန့်ကြဲကျသွားသည့်အတွက် ကျောက်စိမ်းကဲ့သို့ ချောမွတ်ကာ အနာအဆာကင်းမဲ့သော မျက်နှာလေးကို အတိုင်းသား မြင်လိုက်ရတော့သည်။

လီယင်းက သူ့လက်ထဲသို့ အနွေးအိတ်ကို ထည့်ပေးရင်း ဆံပင်တို့ကို နောက်တစ်ကြိမ် ပြန်သုတ်ပေးနေလိုက်သည်။ ယွင်ချင်းစီကမူ လူးလှိမ့်ကာ သူ့ဖက်သို့ လှည့်လာလိုက်သည်။ အသက်ရှူသံတို့က တိုးဖွညင်သာစွာဖြင့် ထွက်ပေါ်လာ၏။

ဤမျှရှည်လျားသော ဆံပင်ရှည်ကို ခြောက်သွေ့စေရန် နာရီဝက်မျှဖြင့် မလုံလောက်ချေ။ လက်ထပ်ပြီးကာစ နှစ်နှစ်အတွင်း လီယင်းသည် ဤအခြင်းအရာကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်းတွင်မူ ယခုမှ ပထမဆုံးအကြိမ် ပြန်လည်လုပ်ပေးခြင်း ဖြစ်ပေသည်။

ကျင်းဟွမ်နှင့် ရင်ရှီတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်ကာ ဧကရာဇ်နှင့် ဧကရီသည် မူလအခြေအနေအတိုင်း ပြန်လည်သင့်မြတ်သွားပြီဟု ကောက်ချက်ချလိုက်ကြသည်။

"အရှင် ဒီအစေခံတွေကိုပဲ လုပ်ခွင့်ပေးပါ ..."

"သွားပြီး အနားယူကြတော့ ..."

သူတို့နှစ်ဦးလည်း ဦးစွာ ထွက်သွားလိုက်ရတော့သည်။

လီယင်းက ယွင်ချင်းစီ၏ ဆံပင်ကို စိတ်ရှည်လက်ရှည်ဖြင့် ခြောက်သွေ့သည်အထိ သုတ်ပေးကာ သူ့လက်ချောင်းများဖြင့်ပင် ဦးရေပြားကို စိုစွတ်ခြင်း ရှိမရှိ စမ်းသပ်လိုက်သေးသည်။ ထို့နောက်တွင်မှာ ပုဝါကို ဘေးချကာ ခေါင်းဘီးဖြင့် ဆံပင်အဖျားပိုင်းတို့ကို ဖြီးသင်ပေးလိုက်သည်။

ယွင်ချင်းစီ၏ အသက်ရှူသံမှာ လွန်စွာ တိုးဖွနေသည့်အတွက် ကောင်းစွာ အိပ်ပျော်သေးဟန်မတူ။

အတိတ်က ယွင်ချင်းစီသည် သူ့ကို စိတ်ရောကိုယ်ပါ နစ်မြုပ်ယုံကြည်ပေးထားသည့်အတွက် သူ ဘေးနားတွင် ရှိနေချိန်တိုင်း ဝက်တစ်ကောင်နှယ် အိပ်မောကျသွားလေ့ ရှိပေသည်။

အားလုံးက သူ့ရဲ့ အမှားတွေပဲ ...

ခေါင်းဖြီးကိုင်ထားသည့်လက်၏ လှုပ်ရှားမှုတို့ တစ်ဖြည်းဖြည်း ရပ်တန့်သွားကာ ကုတင်အစွန်းတွင် ဝင်ထိုင်လျက် ယွင်ချင်းစီကိုသာ ငေးစိုက်ကြည့်နေလိုက်သည်။ တစ်ခဏအကြာတွင် အနားသို့ တစ်ဖြည်းဖြည်းတိုးကာ သူ့ပါးမို့မို့အား ငုံ့နမ်းရန် ကြိုးစားလိုက်တော့၏။

ယွင်ချင်းစီက ချက်ခြင်း ဘေးဘက်သို့ လှိမ့်ကာ အနားသို့ တိုးလာသူကို ဖွင့်တစ်ဝက်မှိတ်တစ်ဝက် မျက်လုံးတို့ဖြင့် စိုက်ကြည့်လျက် လှောင်ရယ်လိုက်သည်။

"ဘာလုပ်နေတာလဲ ..."

လီယင်းက သူ့နားရွက်တို့ကို တို့ထိကာ နူးညံ့စွာ ပြောလိုက်သည်။

"မင်းရဲ့ ဆံပင်ကို ဖြီးပေးနေတာပါ ..."

ယွင်ချင်းစီက တစ်ခုခုကို ဝိုးတဝါး ခံစားလိုက်ရသည့်နှယ်။

"ဒါဆို အခု ဘာလုပ်နေတာလဲ ..."

"အခု .. ကိုယ် မင်းကို ပိုပြီး ကြည့်ချင်လို့ ..."

ယွင်ချင်းစီက မျက်လုံးတို့ကို မှိတ်လိုက်ကာ တစ်ခဏကြာကာမှ ပြန်ဖွင့်လိုက်၏။ မျက်တောင်များမှာလည်း တဆတ်ဆတ် တုန်ရီနေသည်။

"သေသွားပြီးနေပြီကို ဘာတွေများ ကြည့်ကောင်းနေလို့လဲ ..."

လီယင်း၏ မျက်လုံးတို့ စိုစွတ်လာကာ တီးတိုးပြောလိုက်သည်။

"တောင်းပန်ပါတယ် ..."

သူ့အကြည့်တို့က ယွင်ချင်းစီထံတွင်သာ ကော်ဖြင့် ကပ်ထားသည့်နှယ်၊ မျက်နှာမလွှဲစတမ်း စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီကလည်း သူ့နှာတံကို ရုတ်တရက် စိုက်ကြည့်လိုက်မိတော့၏။

သူသည် လီယင်း၏ လွန်စွာ ရှည်လျားမြင့်မားသည့် နှာတံကို များစွာ သဘောကျခဲ့ကာ လီယင်း၏ နှာတံ သူ့အရေပြားကို ထိတွေ့လိုက်လေတိုင်း ကျောရိုးမကြီးတစ်ခုလုံး ပျော့ခွေသွားလုမတတ်ပင် သဘောကျမိခဲ့ပေသည်။

အစပိုင်းကာလများတွင် လီယင်းက သူ့ကို နမ်းရှိုက်လေတိုင်း ထို နမ်းသည့်နေရာ၏ အနီးအနားရှိ အရေပြားများကိုပါ နှာတံဖြင့် တိုးဝှေ့ပွတ်သပ်လေ့ ရှိသညိ။

တစ်ခါတစ်ရံ ပါးနှစ်ဖက် တစ်ခါတစ်ရံ သွေးလွှတ်ကြော တည်ရှိရာနေရာ တစ်ခါတစ်ရံတွင် ချက်နှင့် ရင်ဘက်များကိုလည်း တို့ထိနမ်းရှိုက်လေ့ရှိသည်။ ထို့နောက်တွင် ယွင်ချင်းစီသည် လီယင်းကို သဘောကျသည်ထက် ပို၍ပင် သူ့နှာတံကို သဘောကျလှကြောင်း သတိထားမိသွားတော့သည်။

လီယင်းကလည်း သူ့အကြည့်တို့ကို သတိပြုမိသွားသည့်ဟန်။

နှာခေါင်းထိပ်ဖျားကို မသိမသာ ရှုံ့လိုက်မိတော့သည်။ သူ့အမူအယာမှာ မျှော်လင့်တကြီးဖြင့် ထိန်းချုပ်စောင့်စားနေရဟန်ပင်။ 

"အားစီ ..."

"ငါနဲ့အတူတူ အိပ်ယာဝင်ချင်လား ..."

လီယင်း၏ ကြွက်သားတို့ တင်းတောင့်သွားကာ လည်ဇလုပ် အထက်အောက် ရွေ့လျားသည့် အသံကိုပင်လျှင် ပီပီသသ ကြားလိုက်ရတော့သည်။

"အင်း ..."

"ငါ့စကားကို နားထောင်မှာလား ..."

"ထောင်မယ် ..."

ယွင်ချင်းစီက သူ့နှာတံကိုသာလျှင် ပြင်းပြင်းပြပြ စိုက်ကြည့်နေလိုက်သည်။

"အခြေအနေတွေ ရှိနေတယ် ဆိုရင်ရော အဆင်ပြေလား ..."

လီယင်းက သူ့အနားသို့ တိုးကပ်လာလိုက်သည်။ ခပ်အုပ်အုပ် ပြောလာသည့် သူ့လေသံထဲတွင် အလျင်စလိုဖြစ်မှုတို့က ဖုံးဖိ၍ မရနိုင်လောက်စွာ ထွက်ပေါ်လာတော့သည်။

"ပြဿနာ မရှိဘူး ..."

ယွင်ချင်းစီက ပြုံးပြလိုက်သည်။

မင်းပြောတာနော် ...

သစ်သားရေဇလုံကို အခန်းထဲမှ မထုတ်ရသေးသည့်အတွက် ထိုအထဲရှိ ရေများမှာ အနည်းငယ် အငွေ့ထွက်နေဆဲဖြစ်သည်။

အခန်းထဲရှိ အလင်းရောင်မှာလည်း မှိန်ဖျော့လှ၏။

ထိုအခိုက်အတန့်တွင် လီယင်းသည် မည်သည့်အရာကိုမဆို ကတိပေးတော့မည့်ဟန်ပင်။

ယွင်ချင်းစီက ခေါင်းအုံးကို မှီကာ သက်တောင့်သက်သာဖြင့် စောင့်ဆိုင်းနေပြီး တစ်ဖက်သူကို တစ်ဖြည်းဖြည်းချင်း အနားသို့ တိုးလာခွင့် ပေးလိုက်သည်။

နက်မှောင်လှသည့် မျက်ဝန်းအိမ်တို့မှာ သူ့မှတ်ဉာဏ်ထဲကအတိုင်း အောက်ခြေကို မမြင်နိုင်သည်အထိ နက်ရှိုင်းနေဆဲဖြစ်သော်လည်း အပေါ်ယံ မျက်နှာပြင်တွင်မူ ချစ်ခြင်းဆန္ဒတို့ဖြင့် ဝင်းလက်တောက်ပနေသည်။

ယွင်ချင်းစီက အနည်းငယ် တွန့်တိုလာမိတော့သည်။

လီယင်း၏ စိတ်အားထက်သန်မှုက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည့်တိုင် ယွင်ချင်းစီအဖို့ တည်တည်ငြိမ်ငြိမ် လက်ခံရန် ခက်ခဲနေဆဲပင်။

"အရှင် ..."

သူက လီယင်း၏ ပုခုံးပေါ် လက်တင်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"ဒီငယ်သားက တစ်ခြားလူတစ်ယောက်ကို ခေါ်မယ်ဆိုရင်ရော အဆင်ပြေပါရဲ့လား ..."

လီယင်း၏ အသက်ရှူသံတို့ ရပ်တန့်သွားကာ သူ့အကြည့်ထဲရှိ စိတ်အားထက်သန်မှုတို့ကို ရက်စက်လိုမှုတို့က အစားထိုး ဝင်ရောက်သွားတော့သည်။

"ဘာပြောလိုက်တာလဲ ..."

"စနောက်လိုက်တာပါ ..."

ယွင်ချင်းစီက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်သည်။

"ဒီလိုလုပ်ဖို့က နှစ်ယောက်ဆို ပိုပြီးတောင် ပျော်စရာ ကောင်းသေးတယ် ..."

လီယင်းမှာ ရေအေးတစ်အိုး လောင်းချခံလိုက်ရသည့်နှယ် စိတ်အားထက်သန်မှုအားလုံး လျောကျပျောက်ကွယ်သွားတော့သည်။

ယွင်ချင်းစီမှာ ဤကဲ့သို့သော လူစားမျိုးပင်။ ဤတစ်နည်းဖြင့် မရပါလျှင် နောက်တစ်နည်း ကြိုးစားဦးမည့်သူမျိုး ဖြစ်ပေသည်။ အခြေအနေက ပိုပြီး သင့်လျော်လေလေ ထိုသူ၏ နှလုံးသားကို ပိုမိုထိုးဆွ‌လိုလေပင်။

လီယင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ တစ်ဖြည်းဖြည်း နောက်ဆုတ်လိုက်စဉ်မှာပင် သူ့လည်ပင်းကို လှမ်းဆွဲခံလိုက်ရတော့၏။

ယွင်ချင်းစီက အလျော့ပေးရန် မလိုလားသည့်ဟန်။

"ဘာလဲ နောင်တရနေပြီလား ..."

လီယင်းက တစ်ခွန်းမှမဆို။

ယွင်ချင်းစီက သူ့ကို စိတ်အခြေအနေ မကောင်းစေရန် တမင်တကာ ကြံရွယ်နေခြင်းဖြစ်ကာ အကယ်၍ သူ့ကို တစ်ညလုံး နေခွင့်ပြုသည့်တိုင် ပျားရည်သုတ်ထားသည့် ဓားတစ်လက်ကို ဖွက်ကာ ကိုင်ဆောင်ထားဆဲ ဖြစ်ပေသည်။ ယွင်ချင်းစီက လူတစ်ယောက်ကို ချစ်မိချိန်တွင် သူ့စိတ်ဝိဉာဉ်တစ်ခုလုံးကိုပင် ပေးဆပ်လုမတတ် ကြင်နာတတ်သော်ငြား မချစ်တော့ပါလျှင်မူ အစွမ်းကုန် နည်းလမ်းရှာကာ တစ်ဖက်သူကို စိတ်မချမ်းမြေ့ရလေအောင် ဆောင်ရွက်မည့်သူ ဖြစ်သည်။

လီယင်းကလည်း ထိုအကြောင်းကို ကောင်းကောင်း သိထားသည့်တိုင် သူ့ကို အပြစ်မတင်နိုင်။ ယွင်ချင်းစီက သူ့ကို နှလုံးသားနှင့်အပြည့် ချစ်မြတ်နိုးခဲ့ကာ သူ့ကိုယ်ပိုင်ဘဝထက်ပင် အရေးကြီးသည်ဟု မှတ်ယူပြီး ဘဝတစ်ခုလုံးနှင့် ရင်း၍လည်း ယုံကြည်ပေးခဲ့သည်။

အခြားသူများ၏ အမြင်တွင် သူသည် ထောင်လွှားမောက်မာကာ အထက်စီးဆန်ပြီး မကောင်းသည့်အပြင် ဆိုးသွမ်းသည်ဟုပင် ယူဆ၍ ရကောင်း ရနိုင်သော်လည်း လီယင်းအတွက်မူ သူ၏ ခံစားချက်မှာ လွန်စွာ စင်ကြယ်လှသည်။

တစ်လောကလုံးတွင် လီယင်းသည် ယွင်ချင်းစီကို မကောင်းပါဟု ပြောရန် အရည်အချင်း မပြည့်မီဆုံးသူ ဖြစ်ပေသည်။

"မဟုတ်ဘူး ..."

လီယင်းက ပြောလိုက်သည်။

"မင်း ဘာပြောပြော ကိုယ် အကုန် လုပ်ပေးမှာ ..."

ယွင်ချင်းစီက လက်ရှိအခြေအနေကို ကောင်းစွာ သဘောပေါက်သည့်အတွက် လွန်စွာ ကျေနပ်သွားတော့သည်။ သူက လက်မောင်းတို့ကို တင်းကြပ်လိုက်ကာ တစ်ဖက်သူကို အနားသို့ ဆွဲယူလျက် ပြောလိုက်သည်။

"တစ်ယောက်ယောက်ရဲ့ အိပ်ယာပေါ် တွယ်တက်ရင် တွယ်တက်သလိုမျိုး ပြုမူဆောင်ရွက်ရမယ်လေ အဲဒါကြောင့် ပျော်နေတဲ့ ပုံစံမျိုး ဖြစ်အောင်နေ ..."

လီယင်းမှာ မပျော်ရွှင်နိုင်၊ များပြားလှသည့် စိတ်ဝင်စားမှုအားလုံး တစ်ဖက်သူ၏ စကားတစ်ခွန်းအောက်တွင် အလဲထိုးခံလိုက်ရတော့သည်။

ယွင်ချင်းစီ၏ အသားအရေမှာ လွန်စွာ နူးညံ့အိစက်ကာ ကိုယ်သင်းနံ့မှာ မွှေးပျံ့လှပြီး ဆံပင်တို့တွင်လည်း ရင်းနှီးနေသည့် လွမ်းဆွတ်ဖွယ် ရနံ့များဖြင့် ပြည့်နှက်နေသည်။

လီယင်း၏ နှုတ်ခမ်းတစ်စုံက သူ့ပါးကို ထိကပ်သွားသည်။

ယွင်ချင်းစီက နူးညံ့သည့် ညဉ်းသံတစ်ခု ထုတ်လွှတ်လိုက်သည်။

"ဒါပဲ ..."

သူသည် အတင်းအကြပ် ဖျစ်ညှစ်ခံနေရသည့် ဖရဲသီးတစ်လုံးနှယ်၊ အာဏာရှင်ကြီးတစ်ဦး၏ ဆွဲခြင်းကို ခံနေရသည့် လေးကိုင်းတစ်ခုနှယ် ..

ထောင်ချောက်ထဲတွင် ဖမ်းမိထားသည့် ဘဲကမှ ပို၍ သင့်လျော်‌သည့်နှယ် ..

ဘဲက နာကျင်နေသော်ငြား ထောင်ချောက်ကမူ ရွှင်လန်းတက်ကြွနေဆဲပင် ...

လီယင်းသည် ယွင်ချင်းစီအပေါ် သူ၏ စိတ်ရှည်သည်းခံနိုင်မှု အလုံးစုံနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်သည်။ သူတို့ ထိမ်းမြားထားသည်မှာ ၁၂ နှစ်ကျော် ကြာမြင့်နေပြီး ဖြစ်သည့်အတွက် လီယင်းအကြောင်းကို မည်သူမှ ယွင်ချင်းစီလောက် တိတိကျကျ မသိချေ။

သူသည် တာဝန်ကျေပွန်သော ဧကရာဇ်၊ ဝတ္တရားသိတတ်သော အစေခံ ဖြစ်ပေသည်။

ယွင်ချင်းစီက လီယင်း၏ အတွေးတို့ကို စိတ်မဝင်စား၊ သူအလိုရှိသည်ကို ရနေသရွေ့ လုံလောက်နေပြီဖြစ်သည်။

နာရီဝက်ခန့် အကြာတွင် ယွင်ချင်းစီက ပင်ပန်းနွမ်းနယ်စွာဖြင့် သူ့ရင်ခွင်ထဲ တိုးဝှေ့ပူးကပ်နေလိုက်တော့သည်။

လီယင်းက သူ့အသက်ရှူသံကို နားဆင်ရင်း ဆံနွယ်ရှည်တို့ကို ပွတ်သပ်ပေးကာ ပြောလိုက်သည်။

"ဒီည ကိုယ် ဒီမှာပဲ အနားယူချင်တယ် ..."

ကောင်းကင်ဘုံ၏ သားတော်တစ်ဦး အနေဖြင့် မည်သူ့ထံမှ ခွင့်ပြုချက်တောင်းခံရန် မလိုအပ်သော်ငြား အချို့သော အကြောင်းပြချက်များကြောင့် သူသာ ခွင့်မတောင်းခဲ့ပါလျှင် ယွင်ချင်းစီသည် သတိပြန်ကပ်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို ကျန်းရှန်းနန်းဆောင်သို့ ပြန်ပို့လိမ့်မည်ဟု ခံစားမိနေပေသည်။

"ကောင်းပြီ ..."

ယွင်ချင်းစီက သူ့ရင်ဘက်ကို ပါးဖြင့် ပွတ်သပ်ရင်း ဖျော့တော့စွာ ပြောလိုက်သည်။

"လှဲနေ ..."

လီယင်းက သူတော်စင်တစ်ပါးနှယ် မလှုပ်မယှက် လဲလျောင်းနေလိုက်သည်။ ထိုတစ်ခဏ၌ သူ၏ တန်ဖိုးသည် ယွင်ချင်းစီ အိပ်ပျော်ရန် ချော့သိပ်ရာ၌ တာဝန်ရှိသည့် ပစ္စည်းတစ်ခုအဖြစ်သို့ ကျဆင်းသွားတော့သည်။

မျက်လွှာချကာ ရင်ခွင်ထဲတွင် ရှိနေသူကို ငုံ့ကြည့်ပြီးနောက်တွင်တော့ စိတ်ကို လျော့ချလိုက်တော့သည်။ လက်မောင်းတို့ကို တင်းကြပ်စေလျက် တီးတိုးပြောလိုက်၏။

"ဒီနေ့ရော ရွမ်လျန်ကို ဆင့်ခေါ်သေးလား ..."

"..အဲဒီတော့ ဘာဖြစ်လဲ ..."

မှောက်ချည်လှန်ချည် ကြိမ်ဖန်များစွာ ဆောင်ရွက်မှုအပြီးတွင် ယွင်ချင်းစီ၏ အရိုးအဆစ်တို့မှာ ယခင်ထက်ပင် ပိုမိုအားနည်းကာ အိပ်ငိုက်လာတော့သည်။

သို့သော် လီယင်းကိုမူ သတိကပ်ထားမြဲပင်။

"သူက တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား ..."

"ဘာကို ဆိုလိုချင်တာလဲ ..."

လီယင်းက သူ့စကားတို့ကို ချိန်ဆကာ ပြောလိုက်သည်။

"ဥပမာအနေနဲ့ဆို ဒီနေ့ သူ အရှေ့ဘက်ခန်းမထဲမှာ မင်းမိသားစုအကြောင်း မေးခဲ့တယ် မဟုတ်လား ..."

".. သူက ဒီနေ့ အစ်ကိုကြီးအကြောင်း မေးခဲ့တယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"သူနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မသိဘူး ..."

လီယင်း၏ မျက်ဝန်းအိမ်ထဲတွင် အေးစက်သည့် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

လီယင်း၏ နောက်ကျောကိုသာလျှင် ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်၏။ တစ်ဖက်သူကလည်း မည်သည့်အရာကိုမှ ဆက်လက်လုပ်ကိုင်လိုတော့ဟန်မတူ၊ များမကြာမီမှာပင် အိပ်မောကျသွားတော့သည်။

သူ့ရှေ့တွင် နောက်တစ်ကြိမ် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် လီယင်းက ညောင်စောင်းပေါ်မှ ခပ်ဖြည်းဖြည်း ထလာလိုက်သည်။ ယွင်ချင်းစီကို အနှောင့်အယှက် မဖြစ်စေရန် ဂရုစိုက်ကာ ကန့်လန့်ကာအောက်ရှိ ဖိနပ်ကို ဆွဲထုတ်ပြီး လျှိုကျီရူကို လှမ်းခေါ်၍ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။

လျှိုကျီရူက ကန့်လန့်ကာနောက်ကို လှမ်းကြည့်လိုက်သည်။

"ဧကရီရဲ့ဘက်က ..."

"ကိုယ်တော့်မှာ ရှင်းပြချက် ရှိတယ် ..."

လျှိုကျီရူက အမိန့်ကို ယူကာ ပြန်ထွက်သွားလိုက်သည်။ လီယင်းက တစ်ခဏမျှ တိတ်တဆိတ် ရပ်နေပြီးနောက် ညောင်စောင်းဆီသို့ ခြေသံဖွဖွနင်းကာ ပြန်လာလိုက်သည်။ ယွင်ချင်းစီက တစ်ခုခု သတိပြုမိသည့်ဟန် လူးလှိမ့်လိုက်သော်ငြား နောက်ကျောကို ပုတ်ပေးလိုက်သည့်အခါ ပြန်လည်ကာ အိပ်မောကျသွားတော့သည်။

ပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးအကြိမ် နှစ်ဦးအတူတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်မိခြင်းပင်ဖြစ်သည်။

ညသန်းခေါင်တွင် လီယင်းက ယွင်ချင်းစီကို ရှာရန် အခြားခြံဝင်းတစ်ခုသို့ သွားရောက်ခဲ့သည့် အိပ်မက်ဆိုးတစ်ခု ထပ်မက်လာပြန်၏။

ထိုအချိန်က ယွင်ချင်းစီသည် လွန်စွာ ငယ်ရွယ်သေးသည့်အပြင် သတိပြန်ရလာသည်နှင့် တစ်ပြိုင်နက် မိခင်ဖြစ်သူ၏ ဈာပနနှင့် ကြုံတွေ့လိုက်ရသည့်အတွက် မည်သူနှင့်မှ ပြောဆိုဆက်ဆံခြင်း မပြုလိုတော့။

လီယင်းက သူ ရယ်မောပျော်ရွှင်လာစေရန် အမျိုးစုံ ကြိုးစားကာ နေရာတိုင်းကို ခေါ်သွားပေးခဲ့သော်လည်း ယွင်ချင်းစီ၏ ကျန်းမာရေးမှာ မကောင်းမွန်သေးသည့်အပြင် အဆုတ်ရှိ ဒဏ်ရာကြောင့် ခြေနှစ်လှမ်းခန့် လှမ်းလိုက်ရုံမျှဖြင့်ပင် မောဟိုက်လာရတော့သည်။

ထို့ကြောင့် လီယင်းက သွားလက်စ ခြေလှမ်းများကို ရပ်တန့်ကာ သူ့ကို စောင့်နေပေးရတော့၏။

ထိုစွန်မှာ အဝေးသို့ ပျံ့လွင့်သွားကြောင်း မှတ်မိနေပါသေးသည်။ လီယင်းက ၎င်းအနောက်သို့ သူတစ်ယောက်တည်းသာ ပြေးလိုက်သွားချင်သော်ငြား ယွင်ချင်းစီကလည်း အလောတကြီး ခုန်ပေါက်နေသည့်အတွက် နှစ်ခါပြန် မစဉ်းစားဘဲ သူ့ကို ကျောပိုးလိုက်တော့သည်။

ကလေးနှစ်ဦးက ကြိုးပြတ်သွားသော စွန်နောက်သို့ လေအဟုန်ဖြင့် ပြေးလိုက်သွားကြတော့သည်။ 

ထိုစဉ် သူ့လည်ပင်းကို ဖတ်ကာ ရယ်မောနေသည့် ယွင်ချင်းစီ၏ အသံကို ရုတ်တရက် မကြားရတော့။

စွန်ကလည်း အမြင့်ရှိ သစ်ကိုင်းတစ်ခုပေါ်တွင် တင်ငြိသွားတော့သည်။

လီယင်းက တစ်ခုခုကို သတိပြုမိသွားသည့်ဟန်ဖြင့် တစ်ဖြည်းဖြည်းချင်း ရပ်တန့်လိုက်၏။

"အားစီ ..."

သူ့အသံသည် ကလေးသံ မဟုတ်တော့ကြောင်း သတိပြုမိသွားကာ လောကတစ်ခွင်လုံးမှာလည်း ချက်ခြင်းပင် အဖြူအမည်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လီယင်းက သူ့ကျောပေါ်ရှိလူကို သယ်ဖထားရင်း ရှေ့သို့ တစ်ဖြည်းဖြည်း ဆက်လျှောက်လာလိုက်သည်။ နောက်ကျောတွင် တစ်ခုခု စိုစွတ်နေသည့်ဟန်၊ ခေါင်းကလည်း သူ့ပုခုံးပေါ်သို့ တစ်ဖြည်းဖြည်းချင်း ငုံ့ကျလာတော့သည်။

ပုခုံးမှတစ်ဆင့် သူတို့သွားရာ လမ်းကြောင်းတစ်လျှောက် သွေးစက်များ ဆက်တိုက် ကျဆင်းလာတော့သည်။

လီယင်းမှာ ဆက်ပြီး မလျှောက်နိုင်တော့သော်လည်း အသံတစ်သံမှ မထွက်ရဲ။

ယွင်ချင်းစီအား နှောင့်ယှက်မိသွားမည်ကို စိုးရိမ်နေသည်။

သူ နှောင့်ယှက်မိသွားမည်ကို စိုးရိမ်သည်မှာ အိပ်မက်ထဲက ယွင်ချင်းစီကိုလား ဘေးတွင် အိပ်မောကျနေသည့် ယွင်ချင်းစီကိုလားဆိုသည့် အချက်ကိုမူ သူက်တိုင်လည်း မသိပေ။

မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်၏။

တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသော်လည်း ဘေးနားရှိ ချစ်ရသူမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပင်။

ယွင်ချင်းစီက ပုံမှန်အတိုင်းပင် နိုးထလာခဲ့သည်။ ဆေးကြောသန့်စင်ကာ စားပွဲတွင် ထိုင်၍ စားသောက်နေချိန်တွင် လီယင်းမှာ နာရီဝက်ခန့် ဓားရေးလေ့ကျင့်ပြီးနေပြီဖြစ်သည်။

ယနေ့အတွက် မနက်စာမှာ ထောပတ်များများဖြင့် ကြွပ်ကြွပ်ရွရွ ဖုတ်ထားသည့် ဘီစကစ်ဖြစ်သည်။ လီယင်းက လျှိုကျီရူ၏ လက်ထဲသို့ ဓားကို ထည့်ပေးကာ ကျီရှီ ယူလာပေးသည့် ဇလုံတွင် လက်ဆေးပြီး ယွင်ချင်းစီအနား လျှောက်လာကာ မေးလိုက်သည်။

"အတူတူ စားကြမလား ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။

"ဘယ်ဟာ စားချင်လဲ ..."

လီယင်းက တစ်ခုကို သာမန်ကာလျှံကာ ရွေးချယ်ကာ သူ့ဘေး ဝင်ထိုင်လိုက်သည်။

ကျင်းဟွမ်က ဘီစကစ်ကို ဆီစုပ်စက္ကူဖြင့် ထုပ်လာသော်လည်း ယွင်ချင်းစီက သူ့ကို အမိန့်ပေးလိုက်သည်။

"အကုန်လုံးကို လှီးပြီး ပန်းကန်ထဲ ထည့်ထားလိုက် ..."