Chapter 42
တစ်လုပ်စာအရွယ် လှီးဖြတ်ကာ စိတ်ကြိုက် စားသောက်ခြင်းသည် သူ ပျင်းရိသည်ဟု ခံစားရလေတိုင်း စားလေ့ရှိသည့် သဘောအကျဆုံးနည်းလမ်း ဖြစ်သည်။ ခပ်သေးသေး လှီးဖြတ်ထားသော အစာသွပ်မုန့်များမှာ ကြွပ်ရွလတ်ဆတ်သည့် အသားများကို ဌာပနာထည့်ထားသေးသည့်အတွက် အချဉ်ထဲသို့ နှစ်လိုက်သည့်အခါ အသား၏ လတ်ဆတ်သည့်အရသာ ပေါက်ကွဲထွက်လာပြီး ပန်းကန်တစ်ခုလုံး ရနံ့သင်းထုံသွားတော့သည်။
ယွင်ချင်းစီက တူကို ကောက်ကိုင်လိုက်သော်လည်း ရှေ့ဆက်မလှုပ်ရှား။ လီယင်းကို အရင်စားရန် မျက်ရိပ်မျက်ခြည် ပြလိုက်သည်။
အကြောင်းပြချက်မှာ ဤအတိုင်းပင်။
"အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်မလဲ ..."
လီယင်း "..."
သူက လီယင်းကို အမှန်တကယ် မယုံကြည်သေးခြင်းလည်း ဖြစ်နိုင်သလို သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် တမင်တကာ လုပ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။
ယွင်ချင်းစီက သူ တစ်လုပ်စားပြီးသည်အထိ စောင့်နေပြီးကာမှ စတင် စားသောက်လိုက်တော့သည်။
စားစရာကို မျိုချပြီးနောက် သူက ပြောလိုက်၏။ ။
"မနက်ဖြန်က နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့ပဲ ရှိသေးတယ် တကယ်ပဲ အနောက်ဆောင်ကို ဖျက်သိမ်းတော့မလို့လား ..."
"အမိန့်လွှာကို ထုတ်ပြန်ပြီးသား ပြီးတော့ လျှိုလူကြီးမင်းကိုလည်း သင့်လျော်တဲ့ လက်ဆောင်တွေ စီစဉ်ပြီး ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ် ..."
လီယင်းက သူနှင့် ဆွေးနွေးလိုသည့်ဟန်။
"ကိုယ် သူတို့ကို လုံးဝ မချစ်ခဲ့ဘူး ဆိုပေမယ့် အမည်ခံ ကိုယ်လုပ်တော်တွေ ဖြစ်ခဲ့ကြတာဆိုတော့ သူတိူ့တွေ နောက်တစ်ကြိမ် ပြန်လက်ထပ်မယ်ဆိုရင် အားလုံး အစီအစဉ်တကျ ဖြစ်ရဲ့လား ဆိုတာကိုတော့ သေချာအောင် လုပ်ပေးရလိမ့်မယ် ..."
ဒုတိယအကြိမ် လက်ထပ်ခြင်းမှာ ဤတိုင်းပြည်တွင် အဆန်းမဟုတ်၊ ပြည်သူလူထုကလည်း အထင်မသေးသည့်တိုင် သာမန်ထက် ထူးကဲလှပါသည့် အထက်တန်းလွှာများ၏ သဘောထားကိုမူ မှန်းဆရန် ခဲယဉ်းလှပေသည်။
ကိုယ်လုပ်တော်အားလုံးမှာ ထောင်လွှားမောက်မာကြသူများမဟုတ်၊ အချို့မှာ စိတ်သဘောထား သိမ်မွေ့သည့်တိုင် မိသားစု၏ အကျိုးအတွက် အနစ်နာခံလိုက်ရသူများ ဖြစ်ပေသည်။
လီယင်း၏ စကားမှာလည်း ထိုအမျိုးသမီးများ နောင်တစ်ကြိမ်တွင် အိမ်ထောင်ပြုပါလျှင် ခင်ပွန်းဘက်မှ မိသားစုက မဖိနှိပ်နိုင်စေရန်၊ ချောမွေ့သာယာသည့် ဘဝတစ်ခုကို ထူထောင်ပေးရမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ယွင်ချင်းစီကလည်း သူ့စကားများမှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ယူဆမိပေသည်။
"မင်း မကြိုက်တဲ့သူကို ရွေးပြီးပဲ စွန့်လွှတ်လိုက်လေ တကယ်လို့ ကြိုက်တဲ့သူ ရှိတယ်ဆိုလည်း ထားလိုက်ပါ..."
လီယင်းမှာလည်း သူနှင့် စကားကောင်းကောင်းပြောနေစဉ် ထိုသို့ ကြားလိုက်ရသည့်အတွက် ပြောလက်စ စကားများပင် ပျောက်ရှသွားတော့သည်။ အချိန်အတော်ကြာ အသံတိတ်သွားပြီးကာမှ ပြန်ပြောလိုက်သည်။
"ကိုယ် ဘယ်တစ်ယောက်ကိုမှ မကြိုက်ဘူး ..."
"မင်းကို အခက်တွေ့အောင်လုပ်မယ့် အမတ်တွေကို မကြောက်တော့ဘူးလား အတိတ်ဘဝက လိုလေ ..."
"ကိုယ်က မူလ လီယင်း မဟုတ်တော့ဘူး ..."
ယွင်ချင်းစီ၏ အကြည့်တို့တွင် ရယ်မြူးလိုရိပ်တို့ လွှမ်းမိုးသွားတော့သည်။
"မင်း ပြောတာ မှန်တယ် ငါတို့က အရင်လူတွေမှ မဟုတ်တော့တာ ..."
နောက်တစ်ကြိမ် စကားနာထိုးခံလိုက်ရပြန်သည့် လီယင်း "..."
ယွင်ချင်းစီက မုန့်ထဲရှိ အသားဖတ်တို့ကို ရွေးစားကာ သူ့အတွက် အပေါ်မုန့်သားကို ချန်ပေးထားလိုက်သည်။
"မင်းရဲ့ တိုင်းပြည်ကိုရော ဘယ်လိုလုပ်မှာလဲ အတိတ်တုန်းက လူတိုင်းက မင်းကို မိုးဒဏ်လေဒဏ်တွေ မျှဝေခံစားဖို့ တွန်းအားပေးလို့ ဆက်ခံသူတစ်ယောက် အမြန်ဆုံး လိုချင်ခဲ့တာလေ ငါကလည်း အတွေးခေါင်ပြီး မင်းကို ဆက်ခံသူထားခွင့် မပြုခဲ့မိဘူး အခုကျ မင်းကိုယ်တိုင်ကို မလိုချင်ပြန်တော့ဘူးလား ..."
"ကိုယ် မင်းကို ကလေးမယူဘူးလို့ ကတိပေးခဲ့တယ်လေ ..."
သူ့ကတိကို ယွင်ချင်းစီလည်း မှတ်မိနေဆဲဖြစ်သည်။
"ငါတို့က အရင်လူတွေမှ မဟုတ်တော့တာ ဒီကတိကိုလည်း မင်း ပြန်ရုတ်သိမ်းလို့ ရပါတယ် ..."
လီယင်း၏ မျက်နှာတစ်ခုလုံး ညိုမည်းသွားကာ အတော်ကြာကာမှ စကားသံ ပြန်ထွက်လာတော့သည်။
"ကိုယ် ဆုံးဖြတ်ထားပြီးသား ထပ်မမေးနဲ့တော့ အချိန်ကျလာရင် ထီးနန်းကို ကိုယ့်အကြီးဆုံးရဲ့သား လက်ထဲ ထည့်ခဲ့မှာ ..."
"မင်းအမေက သူ့ကို မကြိုက်ဘူးလေ ..."
လီယင်းမှာ လွန်စွာ မပျော်မရွှင် ဖြစ်သွားသည့်ဟန် သူ့ကို သုန်မှုန်စွာဖြင့် စိုက်ကြည့်လိုက်သည်။
လွန်လေပြီးသော ဧကရီမှာ ချင်ဖေးလောနှင့် လားလားမျှမတူ။ အမျိုးသားတို့၏ အမြင်တွင် သူမသည် ပြီးပြည့်စုံသည့် မိန်းမပျိုဖြစ်သည်။ သို့သော် ကျန်းမာရေးမှာမူ လွန်စွာ ညံ့ဖျင်းလှသည့်အတွက် သူမသည် ယခင်ဧကရာဇ်နှင့် များစွာ သဟဇာတဖြစ်လှသည့်တိုင် နန်းမွေ မွေးမပေးနိုင်မည်ကို ထာဝစဉ် စိုးရိမ်ခဲ့ရသည်။ ထို့ကြောင့် ဧကရာဇ်အတွက် ကိုယ်လုပ်တော်များ တင်မြှောက်ပေးခဲ့ကာ ထိုအထဲတွင် သူမ၏ ညီမအရင်းဖြစ်သူလည်း ပါဝင်ပေသည်။
လီယင်း၏ အကြီးဆုံးအစ်ကိုမှာ ဧကရီ၏ ညီမအရင်း ကိုယ်လုပ်တော်ဝေ့၏သား ဖြစ်သည်။ သူသည် မွေးဖွားလာစဉ်ကတည်းက ကျန်းမာရေး ညံ့ဖျင်းခဲ့သော်လည်း လှပသည့် ဇနီးတစ်ဦးနှင့် ထိမ်းမြားနိုင်ခဲ့သည်။ သို့သော် များမကြာမီမှာပင် ဇနီးနှင့် သားဖြစ်သူကို ချန်ရစ်လျက် ကွယ်လွန်သွားတော့သည်။
(ဒီမှာ သူရေးထားသလိုဆို အစ်ကိုအကြီးဆုံးက သေသွားတဲ့အထိ သူ့မှာ သားရှိမှန်း မသိခဲ့ဘူးထင်တယ် သူသေပြီးမှ မွေးလာတဲ့ကလေးဆိုတဲ့ ပုံစံမျိုး ရေးထားတော့ သူ့မိန်းမ ကိုယ်ဝန်လွယ်ထားရတုန်းမှာပဲ သေသွားတဲ့ သဘောပါ)
ဇနီးဖြစ်သူကလည်း သူ့ကို လွန်စွာ ချစ်မြတ်နိုးသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ မီးဖွားပြီးပြီးချင်းပင် သေဆုံးသွားခဲ့သည်။ ကျန်ရစ်ခဲ့သည့် သားဖြစ်သူကို ကိုယ်လုပ်တော်ဝေ့က ပြုစုပျိုးထောင်ခဲ့ရပြီး ယခုမှ နှစ်နှစ်သားအရွယ်သာ ရှိပေသေးသည်။
သို့သော် မယ်တော်ကြီးကျန်းက ဧကရီဟောင်းကို သဘောမကျသည့်အတွက် သူမ၏ ညီမ ကြင်ယာတော်ဝေ့ကိုလည်း အမြင်မကြည်ရာ ထိုကလေးကိုလည်း လုံးဝ မနှစ်မြို့ချေ။
သူမက လီယင်းအား ထိုကလေးကို မွေးစားခွင့် မပေးခဲ့။
ယွင်ချင်းစီက တစ်ခုခုကို သတိရသွားကာ ပြောလိုက်သည်။
"မင်းအမေကလည်း ထူးဆန်းလိုက်တာ မင်းကို ကလေးမွေးစားခွင့်လည်း မပေးဘူး ကိုယ်တိုင် ကလေးယူခွင့်လည်း မပေးဘူး ငါ့ကိုတောင် မနာလိုတွေဖြစ်ပြီး မင်းကို တစ်ခြားသူနဲ့ အိပ်ခွင့်မပေးနဲ့လို့ မြှောက်လိုက်သေးတယ် ... မင်း သေသွားတဲ့အချိန် ဆက်ခံသူ မရှိတော့ရင် ဘယ်လိုဖြစ်မလဲဆိုတာ သူမ မတွေးမိဘူးလား မသိဘူး ..."
လီယင်းက မျက်လွှာချလျက် ကြွင်းကျန်နေသော မုန့်တို့ကိုသာ တိတ်တဆိတ် စားနေလိုက်သည်။
"ဘာလို့ ငါက အသုံးချခံလိုက်ရတယ်လို့ ခံစားနေရပါလိမ့် ..."
ယွင်ချင်းစီက မျက်မှောင်ဖွဖွကြုတ်ရင်း ရေရွတ်လိုက်သည်။
ဟုတ်တယ် မယ်တော်ကြီးက သူ့ကို လီယင်းအမြင်မှာ ဗီလိန်တစ်ယောက် ဖြစ်နေအောင် လီယင်းနဲ့ ဆက်တိုက် ရန်ဖြစ်ခိုင်းနေတာ လီယင်းက သူ့ကို ထီးနန်းဆက်ခံသူ မလိုချင်ဘူးလို့ ကတိပေးပြီးသားဆိုတော့ ဒီကိစ္စကို တစ်ခါမှ မတွေးခဲ့မိဘူး ...
ဒါပေမယ့် ဒီအမျိုးသမီး .. သူမက တကယ်ပဲ လီယင်းကို ကလေးလည်း မမွေးစားခိုင်း၊ ယွင်ချင်းစီကို အသုံးချပြီး ကလေးယူခွင့်လည်း မပြုဘူး သူမက မြေးမချီချင်တဲ့ သဘောလား ...
ဒါလည်း မဟုတ်သေးဘူး သူမက လီယန်ကိုကျ ကလေးယူဖို့ အတင်းတွေ တိုက်တွန်းနေတာ ...
ယွင်ချင်းစီရဲ့ မျက်နှာကို ထောက်ထား၍ လီယင်းကို ကလေးမယူရန် အတင်း မတိုက်တွန်းခြင်းဟု ယူဆနိုင်ဖွယ် ရှိသော်ငြား သူမ၏ အပြုအမူအရ ထိုသို့လည်း ဟုတ်ဟန်မတူ။
သူမက ဧကရာဇ်ရဲ့ မယ်တော်လေ ဒါကိုသာ စီစဉ်ထားရင် လက်ထပ်ထားတဲ့ ၁၂ နှစ်အတွင်း လီယင်းမှာ ကလေးတစ်ယောက်လောက်တော့ အနည်းဆုံး ရှိလာမှာကို ...
တစ်ခုခုတော့ လွဲနေပြီ ...
ယွင်ချင်းစီက နောက်ဆုံး ကျန်နေသည့် အသားဖတ်ကို စားရင်း လီယင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။
တစ်ဖက်သူ၏ အမူအယာမှာ လွန်စွာ တည်ငြိမ်နေဆဲပင်။ အေးအေးဆေးဆေး စားသောက်နေသည်မှာ အတွေးလွန်နေသလား ဘာကိုမှ မတွေးဘဲ နေနေသလားပင် ခန့်မှန်း၍ မရချေ။
...
ယွင်ချင်းစီက သူ၏ ထူးဆန်းလှသည့် အတွေးစတို့ကို ချိုးနှိမ်ထားလိုက်သည်။
သူက လီယင်းကို လှမ်းကန်လိုက်သည်။
တစ်ဖက်သူက သူ့ကို မျက်လုံးပင့်ကြည့်လာ၏။
ယွင်ချင်းစီက သူ့ကို ပြုံးကာ ပြောလိုက်သည်။
"အတိတ်မှာ မင်းကို အထင်လွဲခဲ့မိသွားတယ် အခု ပြန်စဉ်းစားကြည့်မှ မင်းမှာ ကလေးတစ်ယောက်လောက် ရှိတာက ပိုအဆင်ပြေမယ်ထင်တယ် တကယ်လို့ အခုလက်ရှိ ကိုယ်လုပ်တော်တွေကို မကြိုက်ရင် မင်းအတွက် ထပ်ပြီး စီစဉ်ပေးမယ်လေ ငါတို့ ယွင်မိသားစုမှာ မိန်းမလှလေးတွေ အများကြီး ရှိသေးတယ် ..."
ဤသည်မှာ ဂုဏ်ယူဖွယ်ရာကိစ္စပင်။ ထို့အပြင် ယွင်ချင်းစီကလည်း သူသာ အဆိုပြုလာပါလျှင် အမျိုးသမီးများ အပါအဝင် ယွင်မိသားစု တစ်ခုလုံး ငြင်းဆန်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားပေသည်။
သူ့ကို စိုက်ကြည့်နေသည့် လီယင်း၏ မေးရိုးတို့ တင်းမာသွားကာ နဖူးတစ်ခုလုံး နာကျင်မှုကြောင့် တဆစ်ဆစ် ကိုက်ခဲလာတော့သည်။
သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"မင်းကိုယ်မင်း ဘာတွေ ပြောနေလဲရော သတိထားမိရဲ့လား ..."
"မင်းအနေနဲ့ ကလေးတစ်ယောက် ရှိသင့်တယ်လို့ ပြောနေတာလေ ..."
ယွင်ချင်းစီကလည်း လေးနက်စွာ ပြောလိုက်သည်။
"မင်းက ငါ့ကို အရမ်းချစ်တယ်ဆိုမှတော့ ငါ့အတွက် ကလေးတစ်ယောက် မွေးပေးလည်း ကိစ္စမရှိဘူး မဟုတ်လား ..."
သူက အလေးအနက် ပြောနေခြင်းဖြစ်သည်။ တိုင်းပြည်တစ်ပြည်တွင် ထီးနန်းဆက်ခံသူတစ်ဦး မရှိမဖြစ် လိုအပ်ပေသည်။ အကယ်၍ အိမ်ရှေ့စံသာ ထီးနန်းကို အနှောင့်အယှက်ကင်းစွာ ဆက်ခံနိုင်ခဲ့ပါလျှင် အမတ်ချုပ်ယွင်၏ ရာထူး ဆက်လည်တည်မြဲနေကာ မင်းဆက်သုံးဆက်၏ အမတ်ချုပ် ဖြစ်သွားမည်ဖြစ်သည်။ ယွင်မိသားစု၏ အင်အားစုအကူအညီနှင့်သာဆိုလျှင် ယွင်ချင်းစီလည်း ရာထူးတစ်နေရာကို အရယူကာ နိုင်ငံရေးတွင် ပွင့်ပွင့်လင်းလင်း ဝင်စွက်ဖက်နိုင်မည်ဖြစ်သည်။
လီယင်းအနေဖြင့်လည်း ကလေးတစ်ယောက် ရှိနေရန် လိုအပ်ပေသည်။ အကြောင်းမှာ ယွင်ချင်းစီက သူနှင့် ယခုကဲ့သို့ မတိုးသာမဆုတ်သာ အခြေအနေမျိုးကို အမြဲ ထိန်းသိမ်းထားပါမည်ဟု အာမမခံနိုင်ပေ။
သူက တစ်ခါ သေသွားပြီးပြီဆိုတော့ လီယင်းလည်း တစ်ကြိမ် သေရသင့်တာပေါ့ ...
ဒါမှ မျှတမှာလေ ဟုတ်တယ်မဟုတ်လား ...
"Pa--"
လီယင်း၏ လက်ထဲရှိ တူမှာ နှစ်ပိုင်းကျိုးသွားတော့သည်။
ယွင်ချင်းစီမှာမူ မျက်နှာပင် အရောင်ပြောင်းမသွား။
"သားသမီးကျင့်ဝတ် ပျက်ကွက်ရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် နောက်မျိုးဆက်သစ် မချန်နိုင်တဲ့ ပြဿနာက အကြီးမားဆုံးပဲ ကျွန်တော်က အရှင့်ရဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးနေတာလေ ..."
"ယွင်ချင်းစီ ..."
လီယင်းက အသက်ကို ပြင်းပြင်းရှူကာ အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။
"ဒီလိုတွေအထိ လုပ်မှ ဖြစ်မှာလား ..."
"ကျွန်တော်က အရှင့်ရဲ့ ဧကရီပါ ..."
ယွင်ချင်းစီက သဘာဝကျကျ ပြောလိုက်သည်။
"ကျွန်တော့်အနေနဲ့ အရှင့်ရဲ့ ပူပန်မှုတွေကို မျှဝေသင့်တာပေါ့ ဟိုးအရင်က ဆီလျော်မှု မရှိတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့မိပေမယ့် အခုကနေစပြီး ဧကရီကောင်းတစ်ပါးပဲ ဖြစ်ချင်တဲ့အတွက် အရှင့်ဘက်ကလည်း ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ် ..."
"မင်းကို နည်းနည်းလောက်ပိုပြီး စဉ်းစားဆင်ခြင်တတ်ဖို့ တကယ်လည်း မျှော်လင့်ခဲ့ဖူးတယ် ..."
လီယင်းက ပြောလိုက်သည်။
"ဒါပေမယ့် မင်းကို အရင့်အရင်က ဧကရီတွေလို ဖြစ်စေချင်တယ်လို့တော့ တစ်ခါမှ မပြောခဲ့ဖူးဘူး ..."
"ဒီငယ်သားက အရှင့်အတွက်တင် မဟုတ်ဘဲ ကိုယ်ကျိုးအတွက်ပါ ဒီလို လုပ်ရတာပါ ..."
ယွင်ချင်းစီက သူ့ကို မျက်လုံးချင်းဆုံကာ စိုက်ကြည့်လျက် ပြောလိုက်သည်။
"အရှင်သာ ထီးမွေနန်းလျာ မွေးဖွားဖို့အတွက် ယွင်အိမ်တော်က သမီးပျိုတစ်ယောက်ကို ရွေးချယ်လိုက်မယ်ဆိုရင် ဒါက ကျွန်တော့်အတွက်ရော ယွင်မိသားစုအတွက်ရော ကောင်းတဲ့ကိစ္စပဲလေ အရှင်က ကျွန်တော့်ကို ပြန်ပြီး အလျော်ပေးချင်နေတာ မဟုတ်လား ..."
လီယင်းက အကြိမ်အနည်းငယ်ခန့် သက်ပြင်းချပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ ချက်ခြင်း ထထွက်သွားတော့သည်။
"အရှင် ..."
ယွင်ချင်းစီ၏ အသံကြောင့် တံခါးဝတွင်ပင် ရပ်တန့်လိုက်သည်။
"အရှင် ကျေးဇူးပြုပြီး စဉ်းစားပေးတော်မူပါ ဒီငယ်သားက တစ်ရက်နှစ်ရက်အတွင်း ပြင်ဆင်ထားလိုက်ပါ့မယ် ..."
လီယင်းက သူ့ကို ကျောပေးထားလိုက်၏။ မသိမသာ ကုန်းနေသော နောက်ကျောကို ပြန်လည်တည့်မတ်ကာ ခြေလှမ်းကျယ်ကြီးများဖြင့် ခပ်သွက်သွက် ထွက်ခွါသွားတော့သည်။
ယွင်ချင်းစီက မနက်စာကို ဖြည်းဖြည်းချင်း လက်စသတ်လိုက်ပြီးနောက် အမတ်ချုပ်စံအိမ်တော်ကို စာတစ်စောင် ပေးပို့စေလိုက်သည်။ တစ်ချိန်တည်းမှာပင် လီယင်း စီးနင်းလိုက်ပါလာသည့် လှည်းကလည်း အမတ်ချုပ်စံအိမ်ရှေ့သို့ ဆိုက်ရောက်လာ၏။
အမတ်ချုပ်ယွင်က ယွင်ချင်းစီထံမှ နန်းတော်ထဲသို့ ဆက်သရန် ယွင်မျိုးနွယ်စုရှိ ကောင်းမွန်သော အမျိုးသမီးများကို အလိုရှိကြောင်း သတင်းစကားကို ကြားလိုက်ရသည့်အတွက် လွန်စွာ အံ့ဩထိတ်လန့်သွားကာ နန်းတော်ထဲသို့သွား၍ သူနှင့် စကားပြောရန် ပြင်လိုက်တော့သည်။
သူ ဘာတွေ ဖြစ်နေတာလဲ သိရမှ ဖြစ်မယ် ...
ပြီးတော့ ယွင်ချင်းစီဆိုတာ လီယင်းကို နက်နက်ရှိုင်းရှိုင်း ချစ်တဲ့သူလေ ဒီလိုလူက ဘယ်လိုဖြစ်ပြီး ကိုယ်လုပ်တော် ရွေးဖို့ စပြောလာရတာလဲ ...
ယွင်ချင်းစီ၏ စိတ်ရင်းအမှန်သာ ဖြစ်ပါလျှင် ဤသည်မှာ ဝမ်းမြောက်ဖွယ်ရာ ဖြစ်သော်ငြား အမတ်ချုပ်ယွင်သည် ယွင်ချင်းစီက လီယင်းကို စိတ်ဆိုးကာ သူ နောင်တရမည့် လုပ်ရပ်မျိုးအား စိတ်လိုက်မာန်ပါ လုပ်မိမည်ကိုလည်း စိုးရိမ်မိပြန်သည်။
သူသည် ဧကရီတစ်ပါး ဖြစ်နေဆဲဖြစ်ကာ လီယင်းနှင့် လမ်းမခွဲရသေးပေ။
ရလဒ်အနေဖြင့် သူ့အိမ်တော်ရှေ့သို့ လီယင်းကိုယ်တိုင် ရောက်ရှိလာသည့်အတွက် အမတ်ချုပ်ယွင်လည်း ကိုယ်တိုင်ကိုယ်ကျ ထွက်ကာ ကြိုဆိုနှုတ်ဆက်ရတော့သည်။ သူ အရှေ့ဘက်ခန်းမဆောင်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လီယင်းက သူ့အနီးသို့ လေအလျင်သဖွယ် ရောက်လာကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ဆရာ ..."
အမတ်ချုပ်ယွင်က မော့ကြည့်လိုက်သည့်အခါ လီယင်း၏ နက်မှောင်လှသော မျက်ဝန်းတို့မှာ အနည်းငယ် စိုစွတ်နေကြောင်း သတိပြုမိသွားတော့သည်။ ဧကရာဇ်ငယ်လေး ထီးနန်းကို စတင်ဆက်ခံရစဉ် အချိန်ကလည်း ညီလာခံ ပြီးလေတိုင်း နဂါးပုလ္လင်ပေါ်မှ တစ်လှမ်းချင်းဆင်းကာ လှေကားထစ်ပေါ်တွင် ခေါင်းငိုက်စိုက်ချလျက် ငေးမှိုင်စွာ ထိုင်နေတတ်ကြောင်း သဘောပေါက်သွားတော့သည်။
အောက်မေ့ဖွယ် အခမ်းအနား တစ်ခုတွင် လက်ဝကျယ်အင်္ကျီ ဝတ်ဆင်ထားသော ဆယ်ကျော်သက်လေးက ဒူးနှစ်ဖက်ကြားတွင် ခေါင်းငုံ့ထားလျက် တီးတိုးပြောလိုက်သည်။
"ဆရာ ကျွန်တော် ဘုရင်မဖြစ်ချင်တော့ဘူး ..."
သူက အုပ်စိုးသူနှင့် အမတ်အကြား ရှိသင့်သည့် အကွာအဝေးတစ်ခု ခြားနားကာ လျှိုကျီရူနှင့်အတူ ဘေးနားတွင် မတ်တပ်ရပ်နေလိုက်သည်။
"အရှင် ဒီလိုမျိုး မသင့်လျော်တဲ့ စကားတွေကို နောက်တစ်ကြိမ် ထပ်မပြောပါနဲ့တော့ ..."
"မိတ်ဆွေတွေနဲ့ စိမ်းသက်သွားတယ် ဆရာနဲ့တပည့်လည်း မရင်းနှီးရတော့ဘူး သားအမိအချင်းချင်း တွက်ချက်နေရတယ် .. ဘုရင်ဖြစ်ရတာ ဘာများ ကောင်းလို့လဲ ..."
လျှိုကျီရူက အမြန် သတိပေးလိုက်သည်။
"အရှင် ..."
အမတ်ချုပ်ယွင်က နေရာတွင်သာ အကြာကြီး ရပ်နေလိုက်သည်။ ထို့နောက်တွင်မှ သူ့ကို ညင်သာစွာ သတိပေးလိုက်၏။
"ဆုံးဖြတ်ချက် မပြတ်သားရင် ဘုရင် မဖြစ်နိုင်ဘူး အရှင် အမြန်ထပြီး ကျန်းရှန်းနန်းဆောင်ကို ပြန်ပါ ..."
"ဒီလိုစကားတွေကို နောင် ဘယ်တော့မှ ထပ်ပြောလို့ မရဘူး ..."