အပိုင်း ၄၃
Viewers 13k

Chapter 43



သူက များများစားစား မပြောခဲ့။

ဧကရာဇ်ငယ်လေးက အင်္ကျီလက်တို့ကို ဆွဲထားကာ အတော်ကြာသည်အထိ ပြန်မဖြေတော့ပေ။

ထိုအချိန်က အမတ်ချုပ်ယွင်သည် လီယင်းမှာ သူ မင်းသားဘဝကကဲ့သို့ ဆရာနှင့်အတူတူ ထိုင်ကာ စကားပြော‌လိုလေသလားဟု တွေးမိခဲ့ဖူးသည်။ လီယင်းသာ မေးခွန်းများ ရှိခဲ့ပါလျှင် သူ့ကို လမ်းညွှန်ပြနိုင်မည်ဖြစ်သည်။

သို့သော် ဧကရာဇ်ဘဝတွင်မူ မတူညီတော့။

တစ်ဦးနှင့်တစ်ဦး သတိကြီးကြီးထားကာ အနည်းဆုံး တစ်ဦးဦးကတော့ သဘောထား ပြောင်းလဲရတော့မည်ဖြစ်သည်။ အမတ်ချုပ်ယွင်က သူ့ကို စာသင်သားတပည့်အဖြစ် သဘောထားတော့မည် မဟုတ်သလို လီယင်းကလည်း သူ့ကို ဆရာအဖြစ် သတ်မှတ်တော့မည် မဟုတ်ချေ။

ဧကရာဇ်သည် တိုင်းပြည်တစ်ခုလုံးတွင် အမြင့်မြတ်အထူးကဲဆုံးသူဖြစ်ကာ သူ့လက်ထက်တွင် တိုင်းပြည် ကြီးပွားတိုးတက်လျှင် မျိုးဆက်များစွာတိုင် ချီးကျူးဂုဏ်ပြုခံရမည်ဖြစ်ပြီး သူ့လက်ထက်တွင် တိုင်းပြည်အခြေအနေ ယိုယွင်းပျက်စီးပါလျှင်မူ နောင်နှစ်ထောင်ပေါင်းများစွာ ကြာသည်အထိ သမိုင်းတွင် အမည်းစက် စွန်းထင်းနေမည်ဖြစ်သည်။ 

နှလုံးသားထဲတွင် မည်မျှပင် တွန့်ဆုတ်နေပါစေ ထီးနန်းကို ဆက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် လီယင်းအဖို့ ကြောက်ရွံ့စိတ်ကို စိုးစဉ်းမျှပင် ထုတ်ပြ၍ မရတော့ချေ။ သို့မဟုတ်ပါလျှင် မှူးမတ်ပြည်သူနှင့် ရန်သူများက သူ့ကို လေးစားကြောက်ရွံ့ကြတော့မည် မဟုတ်ချေ။

အနားတွင် ရှိနေသူများအနက် သူ့ကို မနာလိုမုန်းတီးသူများလည်း ရှိနေနိုင်သည့်အတွက် အတွေးအားလုံးကို ကိုယ့်စိတ်ထဲတွင်သာ သိုဝှက်ထားရပေမည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် အစစ်အမှန်ဧကရာဇ်တစ်ပါးအဖြစ် အရွယ်ရောက်ကြီးပြင်းလာသည့်အခါ သူ၏ မနူးမနပ် အတွေးစနှင့် ရှက်ရွံ့ဖွယ် ဖြစ်ရပ်များကို သိထားသူအားလုံး သေလမ်းသို့ သွားကြရမည်ဖြစ်သည်။

ဘုရင်နှင့် အမတ်အကြား မနီးလွန်း၊ မဝေးလွန်း သင့်လျော်သည့် အကွာအဝေးတစ်ခု ခြားနားကာ ပြောသင့်သည်ကိုသာ ပြော၊ ဆွေးနွေးသင့်သည်ကိုသာ ဆွေးနွေးရပေမည်။

အမတ်ချုပ်ယွင်က နောက်ပြန်လှည့်မကြည့်စတမ်း ထွက်ခွါလာလိုက်သည်။

ကောင်းကင်ဘုံသားတော်နှင့် အကွာ‌အဝေးတစ်ခု ခြားနားလိုက်ခြင်းသည် သူ့ကို အစစ်အမှန်ဧကရာဇ်တစ်ပါး ဖြစ်လာစေရန် သင်ကြားခြင်း၏ ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။

အမတ်ချုပ်ယွင်က သူ့ကို စာကြည့်ခန်းထဲသို့ ခေါ်ဆောင်လာလိုက်၏။

ခုနစ်နှစ်ကြာပြီးနောက် ထိုဆယ်ကျော်‌သက်လေးလည်း အရွယ်ရောက်ကာ ကောင်းစွာ လုပ်ဆောင်တတ်နေပြီဖြစ်သည်။ အမတ်ချုပ်ယွင်က သူ၏ လုပ်ရပ်များအပေါ် များစွာ ကျေနပ်မိသော်လည်း သူ့ကို လျော့မတွက်ရဲတော့ချေ။

သူသည် ကောင်းကင်သားတော်ကို ရင့်ကျက်လာစေရန် အတင်းအကြပ် ဖိအားပေးခဲ့သူ မဟုတ်တော့။ သာမန်မှူးမတ်တစ်ဦးသာ ဖြစ်တော့ရာ ယနေ့ လီယင်း မည်သည့်အကြောင်းကြောင့် ရောက်ရှိလာသည်ဖြစ်စေ တိတ်တဆိတ်သာ နားထောင်ပေးရမည်ဖြစ်သည်။

လီယင်းက နဂါးဝတ်ရုံတော်အစား သာမန်ဝတ်စုံကို ဝတ်ဆင်ထားကာ အထဲသို့ ရောက်ချိန်တွင်လည်း အဓိကထိုင်ခုံတွင် မထိုင်ဘဲ ဘေးတွင်သာ တိတ်တဆိတ် ဝင်ထိုင်လိုက်သည်။

အမတ်ချုပ်ယွင်က သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်သည်။

"အရှင် ဘာလို့များ ကြွချီလာရတာပါလဲ ..."

"စောစောက ဧကရီရဲ့လူ မဟုတ်လား ..."

အမတ်ချုပ်ယွင်က မဖုံးကွယ်၊ အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

"ဧကရီက အရှင့်ရဲ့ နန်းသွေး လွယ်ပေးနိုင်မယ့်သူကို ရွေးချယ်ဖို့အတွက် မိန်းမပျိုအချို့ ရှာပေးဖို့ ဒီအမတ်အိုကြီးကို အကြောင်းကြားလာတာပါ ..."

"ဆရာကရော ဒီကိစ္စကို ဖြစ်သင့်တယ်လို့ ထင်လား ..."

"ဒါ .. ဒါက ဘယ်လိုနည်းနဲ့မှ မသင့်လျော်ပါဘူး ..."

သူက ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလိုက်သည်။

"နန်းတော်ထဲမှာ ကိုယ်လုပ်တော်တွေ အများကြီး ရှိနေတာ အရှင့်အနေနဲ့ စိတ်တိုင်းကျ ရွေးချယ်လို့ ရတဲ့အတွက် ယွင်မိသားစုက မိန်းကလေး ဖြစ်နေဖို့ မလိုအပ်ပါဘူး ဧကရီရဲ့ ဒီအပြုအမူက ပြစ်ဒဏ်ပေးထိုက်တဲ့ အပြုအမူမျိုးပါ ..."

သူက ယွင်ချင်းစီ၏ အမှားများကို အတတ်နိုင်ဆုံး‌ သေးငယ်အောင် ရှင်းပြရင်း နှလုံးခုန်သံတို့ မသိမသာ မြန်ဆန်လာတော့သည်။

လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း လီယင်းက အတိတ်ဘဝတွင် ယွင်ချင်းစီအတွက် ဒူးထောက်ကာ လာတောင်းပန်ခဲ့သည့် အမတ်ချုပ်ယွင်ကို ပြန်လည်ကာ အမှတ်ရသွားတော့သည်။

အိပ်စက်‌နေစဉ် လျှိုကျီရူ လာရောက် နှိုးခဲ့သည့်အတွက် အိပ်ဆောင်မှ ကမန်းကတမ်း ပြေးထွက်လာရာ ကျန်းရှန်းနန်းဆောင်ရှေ့တွင် မျက်ရည်လည်ရွှဲဖြင့် ဒူးထောက်နေသော အမတ်ချုပ်ယွင်ကို တွေ့လိုက်ရသည်။

ဤသည်မှာ သူ ထီးနန်းဆက်ခံပြီးနောက် ပထမဆုံးအကြိမ် အမတ်ချုပ်ယွင်၏ ခံစားချက်အစစ်အမှန်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

အပေါ်ဝတ်ရုံတစ်ထည် ဝတ်ဆင်လျက် သူ့ကို ထူမ ပေးရန် အနားသို့ လျှောက်လာစဉ် ထိုဝတ်ရုံက ပုခုံးမှတစ်ဆင့် မြေပေါ်သို့ လျှောကျသွား၏။ အမတ်ချုပ်ယွင်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။

"ဒီအမတ်အိုကြီးက မှားသွားခဲ့ပါတယ် အဲဒီ့အချိန်တုန်းက အရှင့်ကို ဒီအမတ်အိုကြီးရဲ့သားနဲ့ မချစ်ကြိုက်ဖို့ သင်ကြားခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အရှင့်ကို သားသမီးဝတ္တရား မသိတတ်တဲ့ သားဖြစ်သူအစား နောက်တစ်ကြိမ် တောင်းဆိုရပြန်ပါပြီ ..

အရှင် ဒီအမတ်ကြီးရဲ့ အိုဆွေးနေတဲ့ အရိုးတွေကို ညှာတာထောက်ထားသောအားဖြင့် သူ့ကိူ နန်းတော်ထဲ ပြန်ခွင့်‌ပေးတော်မူပါ ..."

ထိုနေ့က ယွင်ချင်းစီ၏ တွန်းအားပေးခြင်းကို ခံခဲ့ရသော်ငြား မည်သည်ကိုမှ မစွမ်းဆောင်နိုင်ခဲ့။

သူ့ကို တောင်းပန်ရုံသာ တောင်းပန်ခဲ့သည်။

လီယင်းက ခါးကို ပြန်လည်ဆန့်တန်းလိုက်သည်။ လျှိုကျီရူက အောက်ကျသွားသည့် ဝတ်ရုံကို ကောက်ကာ လက်ဖြင့် ခါပြီး သူ့ပုခုံးပေါ် ပြန်တင်ပေးလိုက်သည်။

"အရိုးတွေက အိုနေပြီ ဆိုတာကိုတော့ သိသေးတယ်ပေါ့ ..."

လီယင်းက သူ့ကို လှည့်ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။

"ဆရာ ဘာကို ဆိုလိုချင်လဲဆိုတာ နားလည်ပါတယ် အရင်ဆုံး မတ်တပ်ရပ်ပါ ဆရာသာ ဖျားနာသွားရင် ဘယ်လိုလုပ်မလဲ ..."

"အရှင် ကျေးဇူးပြုပြီး ဒီအတင့်ရဲလှတဲ့ အမတ်အိုကြီးကို ခွင့်လွှတ်ပေးတော်မူပါ ..."

သူ များစွာ တွေးနေမည်ကို ကြောက်ရွံ့လေသောကြောင့်လား မသိ၊ အမတ်ချုပ်ယွင်က ချက်ခြင်း ဝမ်းလျားမှောက်ချလိုက်ပြန်သည်။ ခန်းမထဲသိူ့ ဝင်လာစဉ်ကတည်းက ဦးထုတ်ကို ချွတ်၍ ဘေးတွင် ချထားပြီး ငွေမင်ရောင်ဆံပင်တို့ကို သစ်သားဆံထိုး တစ်ခုတည်းဖြင့်သာ ထုံးဖွဲ့ဖြီးသင်ထားသည်။

"ဒီလူအိုကြီးမှာ .. တကယ်ကို ဘာမှ မတတ်နိုင်တော့လို့ပါ သားဖြစ်သူကို မထိန်းချုပ်နိုင်တော့ပေမယ့် .. သူသေမှာကိုလည်း ထိုင်ကြည့်မနေနိုင်လို့ ..."

လီယင်းက စကားတစ်ခွန်းမှ မဆိုဘဲ အခင်းတို့ကို ယူလာစေကာ အမတ်ချုပ်ယွင်၏ ဘေးတွင်တစ်ခု၊ သူ့ခန္ဓာကိုယ်အောက်တွင်တစ်ခု ထားလျက် ရှေ့တွင် တိတ်တဆိတ် ဝင်ထိုင်လိုက်သည်။

"ဆရာက ကျွန်တော့်ကို ဧကရာဇ်ဖြစ်တာ ခုနစ်နှစ် ရှိပြီဆိုတော့ အခြေခံကျင့်ဝတ်ကို မသိတော့တဲ့အထိ စိတ်နှလုံး မာကြောသွားပြီလို့ ထင်နေတာများလား ..."

လျှိုကျီရူက အမတ်ချုပ်ယွင်ကို ထိုင်ခုံတွင် ဝင်ထိုင်ရန် ကူညီပေးလိုက်သည်။ အမတ်ချုပ်ယွင်က အနည်းငယ် တုန့်ဆိုင်းသွားတော့သည်။

"အရှင် .. ဒီအမတ်က ..."

"ဒီနေ့ ဆရာက ကျွန်တော်ရဲ့ ယောက္ခထီး ကျွန်တော်က ဆရာ့ရဲ့ နောက်ထပ်သားတစ်ယောက် ဖြစ်တဲ့အတွက် သားအဖနှစ်ယောက်ကြား စကားပြောတဲ့နေရာမှာ ဓလေ့ထုံးတမ်းတွေကို လိုက်နာနေစရာ မလိုအပ်ပါဘူး ..."

ထိုညတွင် နှစ်ဦးသား ကိစ္စရပ်များစွာကို ဆွေးနွေးပြောဆိုခဲ့ကြသည်။ သို့သော် တိုင်းပြည်ရေးရာမဟုတ်၊ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များ ဖြစ်ပေသည်။

အမတ်ချုပ်ယွင်၏ သဘောထားကို အတိအကျ မသိခဲ့သော်ငြား သူ ထွက်ခွါပြီးနောက် ကျန်ရစ်ခဲ့သည့် အမတ်ချုပ်ယွင်မှာ စိတ်ဓာတ်ကျသွားသည့်ဟန်၊ အနည်းငယ် မသက်မသာ ဖြစ်နေသည့် အငွေ့အသက်တို့ဖြင့် ခေါင်းကို အသာငုံ့လျက် လိုက်လံပို့ဆောင်လိုက်သည်။

ဤသည်မှာ အုပ်စိုးသူနှင့် အမတ်အကြား အကွာအဝေးကို ကျော်လွန်မိ၍ သူ့နှလုံးသားထဲမှ အတားအဆီးကို မကိုင်တွယ်နိုင်သောကြောင့် ဖြစ်ပေသည်။

အမတ်ချုပ်ယွင်က ယနေ့ သူတို့နှစ်ဦး ရင်းရင်းနှီးနှီး ပြောဆိုခဲ့သည့်အကြောင်းကို ယွင်ချင်းစီအား ပြောပြလိမ့်မည်မဟုတ်။ ယွင်ချင်းစီမှာ လွန်စွာ လွှမ်းမိုးချုပ်ကိုင်လိုလွန်းရာ ဤသို့ တားမြစ်ပိတ်ပင်ထားခြင်းအားဖြင့် ယွင်ချင်းစီမှာ ဧကရာဇ်ကို ပိုမိုလေးစားပြီး နန်းတော်ထဲတွင် စိတ်လိုက်မာန်ပါ မလုပ်ဆောင်တော့ရန် ဖြစ်သည်။

အားလုံး သိကြသော်ငြား မည်သူမှ ယွင်ချင်းစီကို ပြန်မပြောရဲ။ အကြောင်းမှာ အားလုံးက သူ့ကို ပို၍ နာခံတတ်စေလို၍ဖြစ်သည်။

ဤသည်ကလည်း ယွင်ချင်းစီ ကိုယ့်ကိုယ်ကို သတ်သေအောင် တွန်းအားပေးရာရောက်သည့် တစ်စိတ်တစ်ဒေသ ဖြစ်ပေလိမ့်မည်။

ဘာလို့ သူ့ကို ပိုပြီး နာခံတတ်စေချင်တာလဲ ယွင်ချင်းစီက စိတ်အားထက်သန်နေရုံလေးတင်လေ သည်းမခံနိုင်လောက်အောင် ထောင်လွှားမောက်မာနေတာမှ မဟုတ်တာ အားလုံးက သူ့ကို မခြွင်းမချန် မပြောခဲ့မိတဲ့သူရဲ့ အပြစ်ပဲလေ ဘာလို့ဆို သူကလည်း ယွင်ချင်းစီကို ပိုပြီး နာနာခံခံနဲ့ ဧကရာဇ်ကို ပိုပြီး လေးစား၊မျက်နှာသာပေးတတ်ဖို့ မျှော်လင့်မိနေလို့ပေါ့ ...

ယွင်ချင်းစီက သူ့ရဲ့ ခင်ပွန်း ပြီးတော့ အရမ်းကို သဝန်တို၊ ချုပ်ခြယ်ပြီး လွှမ်းမိုးချင်တယ် ဆိုတာကလည်း သူ့ဘက်ကနေ ယွင်ချင်းစီကို လုံလောက်တဲ့ စိတ်လုံခြုံမှု မပေးခဲ့လို့ပဲ မဟုတ်လား ...

ယခုဘဝတွင် မည်သူကမှ အမတ်ချုပ်ယွင်ကို တွန်းအားမပေးခဲ့သည့်အတွက် ယနေ့ လီယင်း၏ လာရောက်မှုမှာ ဘာမှ မဟုတ်တော့ချေ။

အမတ်ချုပ်ယွင်မှာ နန်းတွင်းနှင့် ပတ်သက်သူတစ်ဦးအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသည့်အပြင် သူ့နောက်တွင် မိသားစုကြီးတစ်ခုလုံး ရှိနေသည့်အတွက် စကားတိုင်းကို သတိကြီးကြီးကပ်ကာ ပြောရန် လိုအပ်ပေသည်။

သူတို့သည် အုပ်စိုးသူနှင့် မှူးမတ်ဟူ၍ ခွဲခြားခံထားရဆဲ ဖြစ်သည့်အတွက် အမတ်ချုပ်ယွင်က လွန်စွာ သတိကပ်ထားဆဲဖြစ်ကာ နှစ်ဦးအကြား အကွာအဝေးကို တိုတောင်းစေရန်လည်း ရည်ရွယ်ချက် မရှိပေ။

လီယင်းက တစ်ခဏမျှ ထိုင်နေပြီးကာမှ ပြောလိုက်သည်။

"ဆရာရော ကျွန်တော့်ကို ဆက်ခံသူ ရှိသင့်တယ်လို့ထင်လား ..."

"အရှင့်မှာသာ သားသမီး ရှိလာရင် တိုင်းပြည်မှာလည်း ဆက်ခံသူ ရှိလာမှာ ဖြစ်ပြီးတော့ ဒါက ထောင်ပေါင်းများစွာသော မှူးမတ်တွေ မျှော်လင့်နေတဲ့ အရာလည်း ဖြစ်ပါတယ် ..."

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"ဧကရီကလည်း ရင့်ကျက်လာပြီး အရင်လို မသိနားမလည်တဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူးဆိုတော့ ဒေါသမထွက်တော့ဘဲ အရှင့်အတွက် တွေးပေးတတ်လာတယ်ဆိုတာ တကယ်ကို ကောင်းတဲ့ကိစ္စပါ ..."

တိုင်းပြည်က နန်းမွေခံမယ့်သူကို လိုချင်တယ် အမတ်တွေကလည်း ဒါကို မျှော်လင့်တကြီး စောင့်စားနေကြတယ် ပြီးတော့ ဧကရီကလည်း သူ့ဘက်ကို ထည့်တွေးပေးတတ်လာတယ် ...

ဒါပေမယ့် သူ့အတွေးကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး ...

သူ့ကိုသာ ထာဝစဉ် ချစ်မြတ်နိုးခဲ့ပါသည့် ယွင်ချင်းစီလည်း မရှိတော့။ ။
ယခုအချိန်မှစ၍ လှမ်းသမျှ ခြေလှမ်းတိုင်းမှာ သူ့ကို ထိုးသွင်းလာသည့် ဓားများ သို့မဟုတ် သူ့မိသားစုအကျိုးအတွက် လျှို့ဝှက်ကြံစည်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

ကလေးတစ်ယောက်က အဆင်ပြေတယ် ဆိုပေမယ့် ကလေးတစ်ယောက်လေ ...

လီယင်းက မတ်တပ်ထရပ်ကာ နက်ရှိုင်းအက်ကွဲစွာ ပြောလိုက်သည်။

"ဆရာ့အနေနဲ့ နန်းတော်ကို လာပြီး ဧကရီကို နားချပေးမယ်လို့ မျှော်လင့်ပါတယ် ကျွန်တော်ကတော့ ကလေးက မရှ်ိမဖြစ် လိုအပ်တယ်လို့ မထင်ဘူး ..."

သူက စာကြည့်ခန်းထဲမှ နောက်ပြန်လှည့်မကြည့်စတမ်း ထွက်လာလိုက်သည်။

အမတ်ချုပ်ယွင်က မြင်းကို ဒုန်းဆိုင်းစီး၍ နန်းတော်ထဲသို့ ဝင်လာလိုက်၏။ ယွင်ချင်းစီက သူ ရောက်လာမည်ဟု မျှော်လင့်ထားသည့်တိုင် ယခုကဲ့သို့ အမြန် ရောက်လာလိမ့်မည်ဟုတော့ ထင်မှတ်မထားချေ။

လက်ဖက်ရည်ကြမ်း ပြင်ဆင်ရန် မှာကြားကာ ကန့်လန့်ကာနောက်မှ ထွက်လာစဉ်မှာပင် အမတ်ချုပ်ယွင်၏ မီးဝင်း‌ဝင်းတောက်နေသော အကြည့်တို့ကို ရင်ဆိုင်လိုက်ရတော့သည်။

ယွင်ချင်းစီက ခါးကို မတ်လျက် ပြောလိုက်သည်။

"အဖေ ..."

"ဒီကိုလာ ..."

ယွင်ချင်းစီက အနားသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်လာကာ သူနှင့် ခပ်ဝေးဝေးတွင် ဝင်ထိုင်လိုက်သည်။

အမတ်ချုပ်ယွင်က မုတ်ဆိတ်ကို ပွတ်သပ်လျက် ပြောလိုက်သည်။

"ဒီနားလာထိုင် ..."

ယွင်ချင်းစီက တိတ်တဆိတ် ငြီးတွားရင်း ရွှေ့လာခဲ့လိုက်စ။ လက်ကို ခုံပေါ်သို့ တင်လိုက်သည်နှင့် တစ်ပြိုင်နက် အမတ်ချုပ်ယွင်က သူ့ကို ပြင်းစွာ ရိုက်နှက်လိုက်တော့သည်။

ယွင်ချင်းစီက သက်ပြင်းချကာ နီရဲနေသော လက်ချောင်းတို့ကို လေမှုတ်လျက် သုန်မှုန်စွာ ပြောလိုက်သည်။

"အဖေက ဘာတွေ လုပ်နေတာလဲ ..."

"အနောက်ဆောင် ဖျက်သိမ်းမယ်ဆိုတာ ဘာသဘောလဲ ..."

"အဲဒါ ကျွန်တော်မဟုတ်ဘူး ..."

သူက ပြောလိုက်သည်။

"လီယင်းဘာသာ လုပ်တာ ..."

"ဒါဆို ထပ်မေးမယ် ယွင်မိသားစုက မိန်းကလေးကို နန်းတော်ထဲ ပို့တာက အာဏာလုပွဲကြားမှာ ဝင်ရှုပ်တဲ့သဘောဆိုတာရော သိရဲ့လား ..."

"ဒါကို သူနဲ့ ဆွေးနွေးပြီးပြီ သူ တွေးကြည့်မယ်ဆိုတော့ လူတွေကိုပဲ အရင် ပြင်ဆင်ထားလိုက်ပါ ..."

"ဒီနေ့ မင်းအဖေကို သတိပေးဖို့ အမတ်ချုပ်အိမ်တော်ကို ကိုယ်တိုင် ရောက်လာတယ် ..."

အမတ်ချုပ်ယွင်က ဒေါသတကြီး ပြောလိုက်သည်။

"သူက ယွင်မျိုးနွယ်က မိန်းကလေးကို မလိုချင်ဘူး ယွင်ချင်းစီ သူက မင်းကို ကြင်နာတယ် ဆိုတိုင်း ထောင်လွှားမောက်မာပြီး အဆင်ခြင်မဲ့နေလို့ မရဘူး အခွင့်ကောင်းကို အသုံးချပြီး အာဏာယူဖို့ လုပ်တာကလည်း ပြစ်မှုတစ်မျိုးပဲကွ နားလည်လား ..."

"မိန်းကလေးတစ်ယောက်ပဲကို ..."

ယွင်ချင်းစီက မကျေမနပ် ရေရွတ်လိုက်သည်။

"ဘာလို့ ဒီလောက်အထိ အကြီးကြီး ဖြစ်သွားရတာလဲ ..."

"ယွင်ချင်းစီ!!!"

ယွင်ချင်းစီက မကျေမချမ်းနိုင်စွာဖြင့် ပြောလိုက်သည်။

"မလုပ်စေချင်ရင်လည်း မလုပ်တော့ဘူး ဒါက ကိစ္စကြီး ဆိုရင်လည်း သူ့ဘာသာသူ ကိုယ်လုပ်တော်တွေထဲကနေပဲ ရွေးပါစေ ကလေးမွေးပြီးကာမှ အမေအရင်းကို ထွက်သွားခိုင်းလိုက်မယ် ..."

"ပေါက်ကရတွေ ..."

အမတ်ချုပ်ယွင်က စားပွဲခုံကို ဒေါသတကြီး ပုတ်လိုက်သည့်အတွက် ယွင်ချင်းစီ၏ မျက်လုံးတို့ သိသိသာသာ ပြူးကျယ်သွားတော့သည်။

"လူတွေကို မသိစေချင်ရင် မလုပ်နဲ့ မီးတောက်ဆိုတာ စက္ကူစနဲ့ ထုပ်ထားလို့ ရတဲ့အရာ မဟုတ်ဘူး ဒီလို ရွံစရာလုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်နဲ့ ..."

"ဂရုတစိုက်နဲ့ သက်သေမကျန်အောင် လုပ်ရင် ..."

ဖခင်ဖြစ်သူ၏ စူးစူးရဲရဲ အကြည့်များကြောင့် ယွင်ချင်းစီမှာ စကားကို ရှေ့ဆက်မပြောရဲတော့။

အမတ်ချုပ်ယွင်က တစ်ခွန်းချင်း ပြောလိုက်သည်။

"မကောင်းတဲ့ လုပ်ရပ်ကို လုပ်ရင် အနှေးနဲ့အမြန် ဝဋ်ပြန်ခံရမှာပဲ ..."

ယွင်မိသားစုသည် မည်သည့်အချိန်ကမှ အာဏာကို တပ်မက်ခြင်းမရှိ၊ အာဏာရူးများကို ဖယ်ထုတ်ရာတွင်ပင် ပါဝင်ခဲ့သေးသည်။ ယွင်ချင်းစီက တစ်ခဏမျှ ငေးကြည့်နေရင်း သူ့ဖခင်သည် အတိတ်ဘဝတွင်ပင်လျှင် မိသားစု၏ ကိုယ်ကျိုးအတွက် ကိုယ်ပိုင်တပ်ဖွဲ့ကို ဖွဲ့စည်းမည့်သူ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။

နောက်ပိုင်းတွင် ယွင်မိသားစုက ကိုယ်ပိုင်အင်အားစုတစ်ရပ် ဖွဲ့စည်းထားပါသည်ဟု စစ်ဆေးတွေ့ရှိခြင်းမှာ အကွက်ချကြံစည်ထားခြင်းသာ ဖြစ်ပေမည်။

ဒါပေမယ့် သူက တကယ်ကို ကလေးလိုချင်တာ တစ်နေ့နေ့တစ်ချိန်ချိန် လီယင်း သေသွားတဲ့အထိ သူ့မှာ ကလေးမကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ ...

သူ့အဖေက ကလေးကို ယူထားပြီး အမေကို နှင်ထုတ်တာက ရွံစရာလုပ်ရပ်လို့ တွေးမှတော့ တစ်ခြားတစ်ယောက်ယောက်နဲ့ ပူးပေါင်းရုံပဲ ရှိတော့တာပေါ့ နဉ်ရိုကို သုံးလို့ မဖြစ်ဘူး သူမက အရမ်း ရည်မှန်းချက် ကြီးလွန်းတယ် ထိန်းချုပ်ဖို့ လွယ်တဲ့သူကို ရွေးတာ အကောင်းဆုံးပဲ...

ယွင်ချင်းစီက အမတ်ချုပ်ယွင်ကို ပြန်လိုက်ပို့ပြီးနောက် နေ့ရက်များကို ရေတွက်လိုက်သည်။ မနက်ဖြန် နှစ်သစ်ကူးအပြီး ငါးရက်မြောက်နေ့တွင် ကိုယ်လုပ်တော်အားလုံးကို နန်းပြင်သို့ နှင်ထုတ်တော့မည် ဖြစ်သည့်အတွက် ယနေ့တစ်ရက်သာလျှင် အချိန်ရှိတော့ပေသည်။

သူက ပြောလိုက်သည်။

"ကိုယ်လုပ်တော်လီကို ဖိတ်ကြားခဲ့ ..."

ကိုယ်လုပ်တော်လီမှာ အမည်အတိုင်း လွန်စွာ လှပလှသူ ဖြစ်သည့်အပြင် အတွင်းဝန်ဟန်၏ သမီးတစ်ဦးလည်း ဖြစ်ပေသည်။ အတွင်းဝန်ဟန်မှာ ယွင်မိသားစုနှင့် ဆက်ဆံရေး ကောင်းမွန်လှသည့်အတွက် သူမနှင့်သာ ပူးပေါင်းလိုက်ပါလျှင် ယခင်ထက်ပင် ပိုမိုကောင်းမွန်သွားပေလိမ့်မည်။

သိူ့သော် သူမကမူ သူ့ကို ကြောက်လှသည့်အတွက် တံခါးဝကို ဖြတ်ကျော်ကာ ဝင်ရောက်လာသည့်တိုင် အနည်းငယ် တွန့်ဆုတ်နေဆဲပင်။

ဤသည်မှာ ယွင်ချင်းစီ လိုချင်သည့် တုန့်ပြန်ပုံမျိုး မဟုတ်ပေ။ သူက အသီးကိတ်ကို ပြင်ဆင်လာစေကာ သူမအား ညင်သာစွာဖြင့် မေးလိုက်သည်။

"နန်းတော်ထဲမှာ ဆက်နေချင်လား ..."

သူ့စကားမှာ သူမကို ချက်ခြင်းပင် မောင်းထုတ်တော့မည့်အလားပင်။ ကိုယ်လုပ်တော်လီ၏ အမူအယာများ ပြောင်းလဲကာ ချက်ခြင်း ဒူးထောက်လိုက်တော့သည်။

"ဧကရီ .. ဧကရီအရှင် တကယ်လို့ ဒီကိုယ်လုပ်တော်က အမှားတစ်ခုခု လုပ်ခဲ့မိတယ် ဆိုရင်လည်း ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးတော်မူပါ ..."

"မင်းက ဘာမှ အမှားလုပ်မထားပါဘူး ..."

ယွင်ချင်းစီက အစေခံတစ်ဦးအား သူမကို ထူမ ပေးရန် အချက်ပြကာ ပြောလိုက်သည်။

"အရှင်က အနောက်ဆောင်ကို ဖျက်သိမ်းပြီး အားလုံးကို အိမ်ပြန်ပြီး နောက်တစ်ကြိမ် လက်ထပ်ခွင့် ချီးမြှင့်မလို့တဲ့ ..."

အရှင်က ယွင်ချင်းစီအတွက် ဒီလိုမျိုးတောင် လုပ်ပေးတယ်ပေါ့ ...

ကိုယ်လုပ်တော်လီမှာ မနာလိုစိတ်တို့ဖြင့် ကြောင်အသွားကာ အတော်ကြာကာမှ သတိကြီးကြီးထားလျက် ပြောလိုက်သည်။

"ဧကရီ ဆိုလိုချင်တာက ..."

"ငါက အမြဲ ထောင်လွှားနေတတ်တယ် ဆိုပေမယ့် ဘယ်ဟာက အမှား ဘယ်ဟာက အမှန်ဆိုတာကိုတော့ ကွဲကွဲပြားပြား သိပါသေးတယ် တကယ်သာ ဒီလို ဖြစ်သွားရင် လူထုရဲ့ ဒေါသတွေ အုံကြွလာမှာလေ ဒါဆို အရှင်လည်း အမတ်တွေ အများကြီးနဲ့ ရင်ဆိုင်ရမှာဆိုတော့ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်ရမှာ ..."

ကိုယ်လုပ်တော်လီက ချက်ခြင်း သဘောပေါက်သွားတော့၏။

"အရှင်က ဒီကိုယ်လုပ်တော်တစ်ယောက်တည်းကိုပဲ အနောက်ဆောင်မှာ ချန်ခဲ့ချင်တာလား ..."

"မင်းသာ ဆန္ဒရှိရင် ရှေ့လျှောက် မင်းနဲ့ငါ အတူတူ အရှင့်ကို အလုပ်အကျွေးပြုကြ‌တာပေါ့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မင်းရဲ့ ဟန်မိသားစုက ငါတို့ ယွင်မိသားစုနဲ့ ဆက်ဆံရေး ကောင်းမွန်လို့ ဒီအကြောင်းကို ပြောပြတာ နန်းဆောင်ကို ပြန်ပြီး စဉ်းစားချင်လည်း ရတယ် ဒါပေမယ့် အခွင့်အရေးကတော့ တစ်ခါပဲ ရမယ်နော် အရှင်က မနက်ဖြန်ဆို ကြေငြာတော့မှာ သန်ဘက်ခါဆို မောင်းမဆောင် ဖျက်သိမ်းတဲ့ အမိန့်ကို တစ်တိုင်းပြည်လုံးအနှံ့ ဖြန့်ဝေမှာဆိုတော့ အရှင့်ရဲ့ သဘောတူညီချက် ရမှပဲ မင်း နန်းတော်ထဲမှာ ဆက်နေနိုင်မှာ ... "