အပိုင်း ၄၄
Viewers 13k

Chapter 44



ကိုယ်လုပ်တော်လီ ချောင်ယန်နန်းဆောင်မှ ပြန်လာချိန်တွင် ကောင်းကင်ပြင်၌ အလင်းရောင်ပင် မရှိတော့။ သူမ၏ အနီးကပ် အစေခံက တီးတိုးမေးလိုက်သည်။

"ဧကရီလို သဝန်တိုစိတ်များတဲ့သူက ဘာလို့ ဒီလိုကိစ္စမျိုးကို ကမ်းလှမ်းလာရတာလဲ လှည့်စားချင်တာများလား ..."

"သူက အတည်ပြောနေတာ ဖြစ်လိမ့်မယ် ..."

ကိုယ်လုပ်တော်လီက တစ်ခွန်းချင်း ပြောလိုက်သည်။

"သူသာ အရင်အတိုင်းဆို အရှင် မောင်းမဆောင်ကို ဖျက်သိမ်းတဲ့သတင်းကြားရင် ဝမ်းတောင် သာနေလိမ့်ဦးမယ် ငါ့ကို လာပြီး နှောင့်ယှက်နေမှာ မဟုတ်ဘူး ..."

"သူက တကယ်ကို ငါနဲ့ ပူးပေါင်းချင်နေတာ ..."

"ဘာလို့လဲ ..."

"အရှင့်အတွက်ပဲပေါ့ ..."

ကိုယ်လုပ်တော်လီက သက်ပြင်းချကာ ပြောလိုက်သည်။

"သူ့ရဲ့ မီးတောင်လို ပေါက်ကွဲတတ်တဲ့ စိတ်မျိုးနဲ့ သည်းခံနေရတာ ကြည့်ရတာ အရှင့်ကို တကယ်ကို အသွေးထဲအသားထဲအထိ ချစ်တာထင်တယ် ..."

"ဒါဆို သခင်မလေးကရော ..."

ကိုယ်လုပ်တော်လီက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

"ငါလား ငါကတော့ အဖေ့အတွက် တစ်ခုခု လုပ်ပေးနိုင်ရင်ကို ကျေနပ်ပါပြီ ..."

"အရှင့်အတွက်ရော အရှင့်ကို တွေ့ဖူးတဲ့ အကြိမ်အရေအတွက်ဆိုတာက လက်ချိုးရေလို့တောင် ရနေတာလေ ပြီးတော့ အရှင့်အပေါ်မှာ ဘာ ခံစားချက်မှ မရှိ ..."

"အရှင်က ငါ့အပေါ် မရှိတာပါ ..."

ကိုယ်လုပ်တော်လီက သက်ပြင်းချလိုက်သည်။

အသံတိတ် ဖြည်းညှင်းစွာ လျှောက်လာသည့် အမျိုးသားက သူမကို စိုက်ကြည့်ရင်း အနားသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာသည်။

ကိုယ်လုပ်တော်လီနှင့် သူမ၏ အစေခံက ချက်ခြင်း ဒူးထောက်ကာ အရိုအသေပေးလိုက်၏။

"အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."

လီယင်းက သူမကို သုန်မှုန်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"ဧကရီက ဘာလို့ မင်းကို တွေ့ချင်ရတာလဲ ..."

"ဧကရီက ..."

သူမက တုန့်ဆိုင်းစွာ ပြောလိုက်သည်။

"အရှင်က မောင်းမဆောင်ကို ဖျက်သိမ်းတော့မယ့် အကြောင်းနဲ့ ဒီကိုယ်လုပ်တော်ကို နန်းတော်ထဲမှာ ဆက်နေချင်လား မေးမြန်းတာပါ ..."

လက်ချောင်းတို့ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သံအား ကြားမိသည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ခေါင်းကို ငုံ့ချလိုက်တော့သည်။

ထိုအမျိုးသားက ထွက်ခွာသွားပြီ ဖြစ်သော်ငြား သူ၏ ဝတ်ရုံလက်ကို လွှဲယမ်းသံကပင်လျှင် သူမကို ကြောက်ဒူးတုန်စေမိပေသည်။

ဝေါယာဉ်၏ အရိပ်ကို မမြင်ရတော့သည်အထိ ဒူးထောက်နေပြီးကာမှ အစေခံ၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။

"သူ .. သူက ဧကရီကို ဒေါသထွက်သွားတာလား ..."

အစေခံက ပြောလိုက်သည်။

"ဒီအစေခံက နားမလည်ပါဘူး ဧကရီက အရှင့်ကို အရမ်းချစ်တာကို ဘာလို့ ဒေါသထွက်ရတာလဲ ..."

ကိုယ်လုပ်တော်လီက တစ်ခဏမျှတွေးကာ ပြောလိုက်သည်။

"ကြည့်ရတာ ငါတော့ ကံဆိုးပြီ ထင်ပါတယ် ..."

လီယင်းက‌ ချောင်ယန်နန်းဆောင်သို့ ထွက်လာလိုက်သည်။

ယွင်ချင်းစီက မှန်လုံအိမ်ထဲရှိ သစ်ပင်တို့ကို ရေလောင်းပေးနေကာ ဖြူလွလွ လက်ချောင်းကြားမှ ငွေရောင် ရေစီးကြောင်းတို့ စီးကျလာသည်မှာ ပို၍ပင် မျက်စိပသာဒ ဖြစ်နေသေးသည်။

မှန်လုံအိမ်ထဲရှိ ရာသီဥတုက နွေးထွေးလှ၏။ လီယင်းက တံခါးဝတွင် ရပ်ကာ မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။

ယွင်ချင်းစီကလည်း လုပ်လက်စ အလုပ်များကို မရပ်တန့်၊ သူ့ကို ဖျတ်ခနဲသာ လှမ်းကြည့်လိုက်သည်။

တစ်ယောက်မှ စကားစမလာ။

လီယင်းက အထဲအထိ ‌ဝင်လာကာ သူ့ကိုသာ တစိုက်မတ်မတ် ငေးကြည့်နေလိုက်သည်။

ယွင်ချင်းစီက ဘာတစ်ခုမှ မဖြစ်ထားသည့်နှယ် ရေဆက်လောင်းနေကာ လီယင်းကလည်း သူ့ကို အပြစ်ရှိစိတ်ကို အနည်းငယ်မျှဖြစ်ဖြစ် ခံစားလိုသည့်နှယ် နောက်မှ တကောက်ကောက် လိုက်ရင်း အကြည့်ချင်း ဆုံစေလိုက်သည်။

ယွင်ချင်းစီမှာ အာရုံနောက်စ ပြုလာတော့၏။

သူက လီယင်း၏ ခြေထောက်ကို တက်နင်းလိုက်သည်။

လီယင်း၏ အမူအယာမှာ မပြောင်းမလဲ၊ သူ့ကို မျက်နှာသေဖြင့်သာ ကြည့်နေဆဲပင်။

"ဘာလို့ ကိုယ်လုပ်တော်လီကို ဆင့်ခေါ်ရတာလဲ ..."

"ပူးပေါင်းဖို့လေ ..."

သူက ပြောလိုက်သည်။

"ဒီငယ်သားက အနာဂတ်မှာ သူမနဲ့အတူတူ အရှင့်ကို အလုပ်အကျွေးပြုမယ်လို့ ကတိပေးထားတယ် မင်းသားလေးတွေ မင်းသမီးလေးတွေ ရလာရင်လည်း အတူတူ ပျိုးထောင်ကြမယ်လို့ ..."

"ဘာလို့ မင်းသားလေးတွေ မင်းသမီးလေးတွေလဲ ..."

"ဒါက အရှင့်အပေါ်ပဲ မူတည်တာ မဟုတ်ဘူးလား ..."

လီယင်းက သူ့လက်ကောက်ဝတ်ကို ဆောင့်ဆွဲလိုက်သည့်အတွက် နာကျင်စွာဖြင့် ညဉ်းတွားလိုက်သည်။ ရေကရားကို လွှတ်ချကာ မျက်မှောက်ကြုတ်လိုက်၏။

လီယင်းက ချက်ခြင်း အားကို လျော့ချပစ်ကာ သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားလျက် ပြောလိုက်သည်။

"ကိုယ်ပြောမယ် ကိုယ်က ကလေးမလိုအပ်ဘူး အဲဒါကြောင့် နိုင်ငံမှာ ထီးနန်းဆက်ခံမယ့် အလောင်းအလျာ ရှိမရှိဆိုတာကို မင်းအနေနဲ့ စိုးရိမ်နေစရာ မလိုဘူး ..."

"သေသွားရင်ရော ..."

လီယင်း၏ သူငယ်အိမ်တို့ စုကျုံ့ကာ လေသံမှာလည်း ဒေါသစိတ်တို့ ရောစွက်လာတော့သည်။

"မင်းက ကိုယ့်ကို သေစေချင်နေတာလား ..."

"မပြောပါဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဒါပေမယ့် မင်းသာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ငါမှ မွေးမပေးနိုင်တာ ..."

"ဒါဆို ဒီတိုင်းပြည်ကို မင်းကိုပေးမယ် ..."

ယွင်ချင်းစီမှာ တုန်လှုပ်သွားတော့သည်။

လီယင်း၏ အကြည့်တို့ ဖျတ်ခနဲ ဝင်းလက်သွားပြီး ဆက်ပြောလိုက်သည်။

"ကိုယ့်အစ်ကိုရဲ့ ကလေးကို မမွေးစားချင်ရင် ဒီတိုင်းပြည်ကို မင်းပဲယူလိုက် ယွင်မိသားစုရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ဆို အာဏာသိမ်းဖို့က အလွယ်လေးပဲလေ ..."

ယွင်ချင်းစီမှာ သူ့ကို တစ်ဖြည်းဖြည်း နားမလည်နိုင်တော့။

"အရင် ငါ မင်းကို ကိုယ်လုပ်တော်တွေနဲ့ နီးကပ်ခွင့် မပြုတုန်းကကျ သူတို့ရဲ့ နန်းဆောင်အထိ သွားပြီး သောက်စားမူးယစ်တယ် အခု မင်းအတွက် ငါကိုယ်တိုင် ရွေးပေးမယ်ဆိုပြန်တော့ကျလည်း ငြင်းပြန်ပြီ လီယင်း မင်းက ဘာဖြစ်ချင်နေတာလဲ ငါနဲ့ လိုက်လျောညီထွေလေး နေပေးလို့ မရဘူးလား ..."

"မေးပါရစေဦး ကိုယ် တစ်ခြားသူတွေရဲ့ နန်းဆောင်မှာ ဘယ်နှကြိမ်လောက် သွားသောက်ခဲ့ဖူးလို့လဲ ..."

".. ငါ မမှတ်မိဘူး ..."

"ကောင်းပြီ ဒါဆို ကိုယ် ပြောမယ် ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ်လုပ်တော်ရုန်က စစ်တုရင်တစ်ပွဲကို ဆက်မဖြေရှင်းနိုင်တော့လို့ဆိုပြီး တစ်ကြိမ် အဲဒါလည်း ကိုယ် ဖြတ်သွားတဲ့အချိန် သူမက လှမ်းမေးလို့ သူမရဲ့ နန်းဆောင်ကနေ ထွက်လာတာနဲ့ တစ်ပြိုင်နက် မင်းနဲ့ တွေ့ခဲ့တာ အဲဒီမှာ နာရီဝက်တောင် မကြာခဲ့ဘူး ..."

"ပြီးတော့ ကိုယ်လုပ်တော်ချီ သူမကကျ မမြင်ဖူးတဲ့ ဓားတစ်ချောင်း ရလာတယ်ဆိုလို့ ဒါပေမယ့် နန်းဆောင်ထဲကို ရောက်ရောက်ချင်း မင်း ရောက်လာတယ်လေ ..."

"ကိုယ်လုပ်တော်နဉ်ကကျ အဲဒီ့နေ့က တကယ်ပဲ သူမရဲ့ နန်းဆောင်မှာ လာသောက်ဖို့ ဖိတ်ခဲ့တာ ကိုယ် ဝန်ခံတယ် အဲဒီ့အချိန်က တကယ်ကို ငြီးငွေ့နေလို့ သွားခဲ့မိတာ .. ကိုယ့်အမှားတွေ အကုန်လုံးကို ဝန်ခံတယ် ..."

"ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အဲဒီ့ကိုယ်လုပ်တော်တွေ အကုန်ပေါင်းလို့ ငါးကြိမ်တောင် မတွေ့ခဲ့ဖူးဘူး အခေါက်တိုင်းလည်း ကိုယ် မင်းကို ရှင်းပြခဲ့တယ် မင်းက ကိုယ့်ကို ဘာလို့ တစ်ခြားသူ လွှတ်လိုက်လို့ မရတာလဲ ဘာလို့ ကိုယ်တိုင် သွားတာလဲလို့ မေးပေမယ့် သူတို့ကို နန်းတော်ထဲ ခေါ်လာခဲ့တဲ့အတွက် ဟန်ဆောင်ပန်ဆောင်တော့ လုပ်ပြရဦးမယ်လေ ကိုယ်သာ မင်းနဲ့ တစ်ချိန်လုံး နေနေရင် အမတ်တွေက မင်းကို အပြစ်တင် ..."

"ဆိုတော့ ငါ့ကြောင့်လို့ ပြောချင်တာလား .."

ယွင်ချင်းစီက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"မင်း ငါ့ကို လိုချင်တော့လည်း ငါ့ကို အပြစ်တင်တယ် မင်း ငါ့ကို မလိုချင်လည်း ငါ့ကိုပဲ အပြစ်ပြောနေကြ‌တုန်းပဲ .. ငါကပဲ အမြဲတမ်း အပြစ်ပြောခံနေရတာ ..."

"မင်းက နစ်နာတယ်လို့ ခံစားရတယ်ပေါ့ ဟုတ်လား နန်းဆောင်သုံးခု ရုံးတော်ခြောက်ခုလုံး ကောင်းချီးပေးသံတွေ ပြည့်နှက်သွားတဲ့အထိ ကိုယ်လုပ်တော်တွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်သွင်းနေတာလေ နေ့တိုင်း မင်းနောက်ကို လိုက်ပြီး ငါ့ကို ပြဿနာပေးမယ့် ကိုယ်လုပ်တော်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာကို ကြည့်နေရတာ ဒါကို မင်းက ဘာလို့ နစ်နာသလို ခံစားနေရတာလဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရင်က ငါ့အတွက် လုပ်ပေးခဲ့တော့ အခုကနေစပြီး မင်းအတွက် ပြန်လုပ်ပေးမယ် ..."

"ယွင်ချင်းစီ ..."

"မင်းက ငါ့ကို တမင်လျစ်လျူရှုထားတာ မဟုတ်ပါဘူးလို့ ပြောရဲသလား  ငါ့ကို တမင်တကာ ကန့်လန့်တိုက်တာ မဟုတ်ဘူးလို့ ပြောရဲသလား ကိုယ်လုပ်တော်နဉ်ကို ကူညီပြီး နေ့တိုင်း ငါ့ကို ထောက်လှမ်းနေတာ မဟုတ်ပါဘူးလို့ ပြောရဲလား ..."

"မင်းကို နည်းနည်းလောက်ပိုပြီး နာခံတတ်စေချင် ..."

"အဲဒါကြောင့် အခု ပိုပြီး နာခံတတ်လာပြီလေ ..."

သူက ပြောလိုက်သည်။

"ဘာလို့ နစ်နာသလို ခံစားပြနေတာလဲ အရှင်က တစ်လောကလုံးရဲ့ ကရုဏာတွေကို သိမ်းကြုံးယူနေပြီး ကျွန်တော်ကတော့ ဘာတစ်ခုမှ မရ၊ အသက်ကိုပါ ဆုံးရှုံးရတာနဲ့ပဲ ထိုက်တန်တာလား ..."

သူက မုန်းတီးစွာ ပြောလိုက်သည်။

"မင်းက ငါ့ကို အရင်လိုမျိုး ပြန်နေစေချင်တာလား မင်းအတွက်နဲ့ နောက်တစ်ကြိမ် ထပ်သေပေးတာမျိုးလေ ..."

လီယင်းက ခြေတစ်လှမ်း နောက်ပြန်ဆုတ်လိုက်သည်။ ဦးခေါင်းတစ်ခုလုံး ပြန်လည်ကာ နာကျင်ကိုက်ခဲလာပြန်တော့၏။

ယွင်ချင်းစီက သူ့ကို သွားခွင့်မပေး။

"ငါ့ကို အရူးအမူး ချစ်သလိုမျိုး လုပ်ပြမနေနဲ့ ငါသာ မင်းကိူ တင်းတင်းကြပ်ကြပ် မဖက်တွယ်ထားရင် အခုဆို နန်းတော်ထဲမှာ မင်းကလေးတွေ ပြေးလွှားဆော့ကစားနေရလောက်မှာ ကောင်းပြီ အခု မင်းက  ငါ့ဆီ ပြန်လာမှတော့ မင်းရဲ့ တကယ့်စိတ်ရင်းဆိုတာတွေ ပြီးတော့ မင်းရဲ့ ဂုဏ်သိက္ခာတွေ တိုးမြှင့်လာဖို့တွေ ပြန်လုပ်ပေးမယ် ကြည့်ရတာ မင်း ငါ့ဆီကနေ လိုချင်တဲ့ အချစ်ဆိုတာ ဒါမျိုးထင်တယ် အစကနေ အဆုံးအထိလေ ..."

"မင်းအလိုကျ ခေါ်တိုင်းလာရဖို့ရော တန်ရဲ့လား ..."

"လီယင်း ..."

ယွင်ချင်းစီက တစ်ခွန်းချင်း ပြောလိုက်သည်။

"မင်းက တကယ်ကို ရွံစရာကောင်းတယ် ..."

လီယင်း၏ မျက်နှာတစ်ခုလုံး နှင်းများသဖွယ် ဖြူဆွတ်သွားတော့သည်။

သူက ယွင်ချင်းစီနှင့်မတူ၊ စကားကို စိတ်တိုင်းကျ ပွင့်ပွင့်လင်းလင်း ထုတ်ပြော၍ မရပေ။

သို့သော် ယွင်ချင်းစီကမူ ထုတ်ပြောနိုင်ပေ၏။

ရန်သူကို အညှာအတာမဲ့စွာ ထိုးသွင်းပစ်ခတ်သည့် ဖြူကောင်နှယ် ချွန်ထက်စူးရှလှပေသည်။

သူ့ကို နီရဲနေသည့် မျက်ဝန်းတစ်စုံဖြင့်သာ စိုက်ကြည့်နေလိုက်၏။

ယွင်ချင်းစီက အနားသို့ တိုးလာကာ စူးစူးရဲရဲ စိုက်ကြည့်လျက် ပြောလိုက်ပြန်သည်။

"မင်းက ငါ့ကို တစ်ဘဝလုံး အမှားလုပ်ခဲ့မိတာ ငါ ဘာပြောခဲ့လဲ ..."

"ဒါက ကလေးတစ်ယောက်လေးပဲလေ မင်းကိုယ်တိုင် မွေးပေးရမှာလည်း မဟုတ် အရင်က ဒါနဲ့ ပတ်သက်ပြီး အများကြီး တွေးဖူးရဲ့သားနဲ့ အခုမှ မင်းရဲ့ နည်းလမ်းတွေကို ပြောင်းချင်တာနဲ့ပဲ ငါက မင်းကို သစ္စာမရှိတဲ့သူဖြစ်အောင် တွန်းပို့နေတဲ့သူလိုမျိုး ပုံချနေတာပဲ ..."

"မင်းကိုယ်မင်း တစ်ကိုယ်ကောင်းဆန်တယ်လို့ မခံစားမိဘူးလား ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါက မင်းအတွက် အားလုံးကို ချန်ထားနိုင်တယ် အခု မင်းကို မင်းတို့ လီမိသားစုရဲ့ ကလေး မွေးပေးဖို့တစ်ခုပဲ တောင်းဆိုတော့ မင်းက သစ္စာရှိတဲ့ ‌ယောကျာ်းကောင်းတစ်ယောက်လို ဟန်ဆောင်ပြတယ် ဒီလို လုပ်ပြရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ ..."

လီယင်းက ‌တစ်ဖက်ပြန်လှည့်ကာ နောက်ပြန်ဆုတ်သွားလိုက်သည်။ အသက်ရှူသံပြင်းပြင်းတို့ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာကာ ချွေးစေးများလည်း စီးကျလာတော့သည်။

ယွင်ချင်းစီက သူ့ကိူ အနှောင့်အယှက်ဖြစ်ဟန်ဖြင့်သာ စိုက်ကြည့်နေလိုက်၏။

"အရှင်က နေလို့ထိုင်လို့ မကောင်းဘူးဆိုတော့ ကိုယ့်နန်းဆောင်ကိုပဲ အရင် ပြန်ကြွလိုက်ပါ မနက်ဖြန်မှ ပြန်လာလည်း ရတဲ့အတွက် အရေးမကြီးပါဘူး ..."

ထို့နောက် ငွေရောင်ရေကရားကို ကောက်ယူကာ အပင်များအား‌ ရေပြန်လောင်းပေးလိုက်သည်။

နောက်နားဆီမှ လီယင်း၏ အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။

"ကိုယ် .. ကိုယ် ဘယ်တုန်းကမှ အဲဒီလို မတွေးခဲ့ဖူးဘူး ..."

"ကောင်းပြီ ..."

ယွင်ချင်းစီက နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ဒါဆို သက်သေပြလေ မင်းက ကလေးယူဖို့ စိတ်ကူးမရှိခဲ့ဘူးဆိုတာကို သက်သေပြလေ ကိုယ်လုပ်တော်တွေနဲ့ ပေါင်းသင်းဖို့ အတွေးမရှိဘူးဆိုတာ သက်သေပြလေ..."

"ကိုယ် ..."

လီယင်း၏ မျက်နှာနှင့် လည်ပင်းတစ်လျှောက် သွေးကြောအပြာများ ထွက်ပေါ်လာတော့သည်။ သူက ခေါင်းကို ကိုင်ထားရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"ကိုယ် မလုပ်နိုင်ဘူး ..."

"မိန်းမတွေနဲ့ အဲဒါကို မလုပ်နိုင်ဘူး ..."

ယွင်ချင်းစီ၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ အတော်ကြာကာမှ သူ့ဖက်သို့ ပြန်လှည့်လာသည်။ လီယင်းက နာကျင်နေသည့် ခေါင်းကို ထိန်းကိုင်ထားရင်း မြေကြီးပေါ် လဲကျနေကာ အသက်ကို ခက်ခက်ခဲခဲ ရှူနေရ၏။ ဆံပင်တို့လည်း မြေပေါ်တွင် ပြန့်ကြဲနေပေသည်။

ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ကာ ပြောလိုကိသည်။

"မယုံဘူး ..."

"အရှင်သာ ဆန္ဒရှိရင် စမ်းသပ်ကြည့်ဖို့ အစေခံတစ်ယောက် ရှာပေးခွင့်‌ပြုပါ ..."

ခပ်အုပ်အုပ် ငြီးတွားသံတစ်ခုနှင့်အတူ တစ်ခုခု ကျိုးအက်သွားသည့် အသံကို ကြားလိုက်ရသည်။

လီယင်းက သူ့လက်ကောက်ဝတ်ရိုးတစ်ခုကို အဆစ်လွဲစေလိုက်၏။ သူ့ပုံစံမှာ ယခင်ကလည်း ကြိန်ဖန်များစွာ လုပ်ခဲ့ဖူးသည့်ဟန် လွန်စွာ သေသပ်ကျွမ်းကျင်လှပေသည်။

ထိုနာကျင်မှုက သူ၏ ခေါင်းကိုက်ဝေဒနာကို သက်သာစေသည့်ဟန်။

နောက်ဆုံးတွင် ယွင်ချင်းစီကို မော့ကာကြည့်လာတော့သည်။

ချွေးစေးတို့က လည်ပင်းတစ်လျှောက် စီးကျလာ၏။

"အားစီ ..."

သူက ရှေ့တွင် ရပ်နေသည့် ချစ်ရသူကို လှမ်းခေါ်လိုက်သည်။ အသံမှာ တိုးညှင်းအက်ကွဲလွန်း၍ သဲသဲကွဲကွဲပင် မကြားရတော့။

"အရမ်း မရက်စက်လိုက်ပါနဲ့ ..."