အပိုင်း ၄၅
Viewers 13k

Chapter 45



မှန်လုံအိမ်အတွင်း ရာသီဥတုက ပူနွေးစိုစွတ်နေ၏။

လီယင်းက သူ့ကို တောင်းပန်နေပုံ ပေါ်သော်ငြား တစ်ခဏအတွင်းမှာပင် နာကျင်မှုက သူ့စိတ်ခံစားချက် အားလုံးကို ယူဆောင်သွားတော့သည်။ နဖူးကို အကောင်းအတိုင်း ရှိနေသည့်လက်ဖြင့် ထောက်ကာ ပြင်းထန်စွာ ဖိနှိပ်ထားလိုက်သည်။

အသံရှူသံတို့က တစ်ဖြည်းဖြည်း တိုးညှင်းလာသည်။

အသက်ရှူသံတိုင်း၏ နောက်ကွယ်တွင် ချွဲသံတို့က တစ်ပါတည်း ကပ်လိုက်လာ၏။

"အရှင့်ရဲ့ ခန္ဓာကိုယ်က ရွှေနဲ့ ကျောက်စိမ်းလို အဖိုးထိုက်တန်တာဆိုတော့ အစေခံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သုံးရတာကိုက ရှက်စရာ ဖြစ်မှာပေါ့ ..."

"ကျွန်တော်က အရှင့်ကို အစကတည်းက ယုံကြည်ခဲ့ပါတယ် ..."

သူက ပြုံးကာ ပြောလိုက်သည်။

"အရှင်က မိန်းမတွေနဲ့ အဲဒါကို မလုပ်နိုင်လို့ မိန်းမစိုးလေးတွေကို အနားမှာ ခေါ်ထားတာ မဟုတ်လား ..."

သူက လီယင်း၏ ဆံပင်ကို ဖြီးသင်ပေးသည့် မိန်းမစိုးလေးအား ဆိုလိုခြင်းဖြစ်သည်။

"ကိုယ် မလုပ်ခဲ့ဘူး ..."

"မလုပ်ခဲ့ဘူး ဟုတ်လား အဲဒါဆို ဘာလို့ ငါ့အစား အဲဒီ့မိန်းမစိုး ပြောတာကို နားထောင်ခဲ့တာလဲ သူက ငါ့ရှေ့မှာ ပေါက်ကရတွေ ပြောခဲ့တာတောင် မင်းက သူ့ကို လွှတ်ပေးခဲ့တယ်လေ မိန်းမစိုးတစ်ယောက်ကတောင် ခေါင်းပေါ် တက်နင်းရဲနေရင် ဧကရီဆိုတဲ့ ရာထူးက ဘာသုံးစားလို့ ရနေတော့မှာလဲ ..."

လီယင်း၏ အသံမှာ နာကျင်မှုကြောင့် လွန်စွာ တိုးညှင်းနေ၏။

"တစ်နှစ်အတွင်းမှာတင် မင်းက အပျိုတော်ခြောက်ယောက်ကို သတ်ပြီးတော့ ကချေသည်အုပ်စု တစ်စုကို နန်းပြင် နှင်ထုတ်ခဲ့တယ် ဒီအကြောင်းကို ကြားတော့ အမတ်တွေက ကိုယ့်ကို စောဒကတက်လာကြတယ်လေ မင်းက ဥပဒေမဲ့၊ ရက်စက်၊ ခက်ထန်ပြီး မြွေတစ်ကောင်လို အဆိပ်ပြင်းတယ်တဲ့ မင်းကို ဆွဲချချင်တဲ့ သူတွေမှ အများကြီးပဲ အစပိုင်းတုန်းကတော့ မင်းအဖေက ညီလာခံမှာ ကိုယ့်ကို ဖြစ်ကြောင်းကုန်စင် မေးခဲ့သေးတယ် အဲဒီလိုမေးတိုင်းလည်း ကိုယ်က အဲဒီ့လူတွေကိုပဲ အပြစ်ပြောခဲ့တာ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ သူက မင်းဘက်က ကာမပြောပေးတော့ဘူး ကိုယ်လည်း မင်းက ဧကရီတစ်ပါး ဖြစ်တဲ့အတွက် သူတို့ကို အပြစ်ပေးပိုင်ခွင့် ရှိတယ်လို့ပဲ ပြောလို့ရတော့တာ ဒါပေမယ့် ထောက်ပြစရာ အဖြစ်အပျက်တွေလည်း အများကြီး ရှိနေတယ် ..."

ယွင်ချင်းစီက လက်ချောင်းတို့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

"သူတို့ကိုပဲ အပြစ်တင်တယ် ဟုတ်လား ဘာကို ဆိုလိုတာလဲ သူတို့က မှားတဲ့သူလေ ငါ သတ်ခဲ့တဲ့အထဲ ဘယ်တစ်ယောက်မှ အပြစ်မရှိတဲ့သူ မပါဘူး ..."

သူနှင့်လီယင်း ထိမ်းမြားပြီးကာစ နှစ်နှစ်ခန့်အတွင်း အရာအားလုံး အဆင်ပြေချောမွေ့နေကာ နန်းတွင်းအခြေအနေမှာလည်း များစွာ သဟဇာတ ဖြစ်နေပေသည်။ ထိုအချိန်က သူပင် ဝင်ရောက်စွက်ဖက်ရန် မလို၊ လီယင်းကိုယ်တိုင်ကပင်လျှင် သူ့အနား ကပ်လာသည့် အပျိုတော်များကို မောင်းထုတ်လေ့ ရှိသည်။ ထို့နောက် အနောက်ဆောင်သို့ ကိုယ်လုပ်တော်များ ရောက်လာချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားတော့သည်။ အပျိုတော်တိုင်းက အမြင့်သို့ ခုန်တက်မည့် အကြံများ စတင်ပေါ်ပေါက်လာကာ တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းပစ်ခဲ့သည့်တိုင် ဆထက်တိုးကာ ကြိမ်ဖန်များစွာ ထွက်ပေါ်လာဆဲပင်။

မယ်တော်ကြီးကလည်း သူသာ မှတ်မှတ်သားသားဖြစ်အောင် ပညာမပေးပါလျှင် ရောက်နေသည့် နေရာတွင် မြဲမြံအောင် ထိုင်နိုင်တော့မည် မဟုတ်ဟု သတိပေးလာသည်။

လီယင်းက သက်ပြင်းချလိုက်သည်။

"ကိုယ်သိတာပေါ့ ဒါပေမယ့် လူတိုင်းက ကိုယ့်ကို ကြင်နာတတ်တယ်လို့ပဲ သိကြတာလေ နှိုင်းယှဉ်ကြည့်ရင် မင်းက ကိုယ်ကို မထိန်းချုပ်နိုင်လောက်အောင် ရက်စက်တဲ့ပုံပေါ်နေခဲ့တာ ..."

"ကိုယ် မင်းကို ဆက်တိုက် ပြောခဲ့သားပဲ မင်းကိုယ်မင်း ထိန်းချုပ်ပါလို့ အပျိုတော်တွေကိုတောင် မခိုင်းရဲတော့လို့ မိန်းမစိုးတွေကိုပဲ သုံးခဲ့ရတာ .. ဒါပေမယ့် မင်းက မိန်းမစိုးတွေကိုပါ သည်းမခံနိုင်ခဲ့ဘူးလေ သူက ကိုယ့်အိပ်ယာပေါ်ကို တွယ်တက်ချင်တယ်ဆိုတဲ့ အရိပ်အယောင်မျိုး နည်းနည်းလေးတောင် မပြခဲ့ဖူးဘူး ..."

"အခုထိ ငါ့ကို မယုံကြည်သေးဘူးပဲ ..."

ယွင်ချင်းစီက အေးစက်စွာ ပြောလိုက်သည်။

"သူက ရည်ရွယ်ချက် မရှိတာလား ဒါမှမဟုတ် မင်းကပဲ မရိပ်မိခဲ့တာလား ..."

လီယင်းက လက်မောင်းနှစ်ဖက်ကြား ခေါင်းမြှုပ်လျက် ခက်ခက်ခဲခဲ ပြောလိုက်သည်။

"ကိုယ် မင်းကို မယုံတာ မဟုတ်ဘူး ကိုယ် မင်းကို ဒါက လိမ်လည်မှုလို့ ပြောခဲ့တယ်လေ မင်းကရော ထူးဆန်းတယ်လို့ မခံစားမိခဲ့ဘူးလား လူတွေ အများကြီး သတ်ခဲ့တော့ မင်းရဲ့ ဂုဏ်သတင်းက အရမ်းကို ဆိုးဝါးနေတာ ပြီးတော့ အသတ်ခံရမယ့် လူတွေလည်း ဆက်ရှိနေသေးတာလေ .. သူတို့ကို မြန်မြန်ကယ်လိုက်တာက နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဖော်ထုတ်ဖို့အတွက် ပါးစပ်တစ်ပေါက်လောက် ချန်ချင်လို့ ဒါပေမယ့် မင်းကတော့ ကိုယ်က သူ့အတွက် ရောက်လာပါတယ် ကိုယ်ပြောသမျှက သူ့ကို ကာကွယ်ချင်လို့ဆိုပြီး အထင်လွဲခဲ့တာ ..."

"အားစီ ကိုယ် မင်းကို ဘယ်တုန်းကမှ မယုံမကြည် မဖြစ်ခဲ့ဘူး မင်းကမှ ကိုယ့်ကို မယုံကြည်ခဲ့တာ ..."

မှန်လုံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားကာ ယွင်ချင်းစီက ခေါင်းငိုက်စိုက်ချလျက် ငေးကြည့်နေပြီးကာမှ ပြောလိုက်သည်။

"တစ်ကမ္ဘာလုံးမှာ မင်းက တစ်ဦးတည်းသော တည်ကြည်လေးနက်သူ ငါက အသုံးချခံရတဲ့သူပေါ့ ဒါဆို မင်းစိတ်တွေ တည်ငြိမ်နေတုန်းက ဘာလုပ်ခဲ့လဲ မင်းက နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူ ရှိတယ်လို့ ထင်ခဲ့တယ် ဒါပေမယ့် ငါကတော့ မမြင်ခဲ့ဘူး မင်းရဲ့ ငါ့ကို လျစ်လျူရှုတာတွေ၊ ဆူငေါက်တာတွေ၊ အပေါ်ယံလေးပဲ ဟန်ဆောင်ချွေးသိပ်ပေးတာတွေကိုပဲ မြင်တယ် ငါ့နှလုံးသား တစ်ခုလုံး မင်း တစ်ယောက်တည်းနဲ့ပဲ ပြည့်နေမှန်း သိရဲ့သားနဲ့ ဘာလို့ ငါ့ကို ရှင်းရှင်းလင်းလင်း မပြောခဲ့တာလဲ ..."

"ကိုယ် မပြောနိုင်ခဲ့ဘူး ..."

လီယင်းက ပြောလိုက်သည်။

"မင်းကို မယ်တော်ကြီးနဲ့ အရမ်း တရင်းတနှီး မနေဖို့ပဲ သတိပေးနိုင်ခဲ့တာ သက်သေအတိအကျ မရှိဘဲ သူမရဲ့ မကောင်းတဲ့ အကြံအစည်တွေကို ထုတ်ပြောလို့ မရဘူး ..."

ယွင်ချင်းစီက သူ့ရှေ့တွင် ငုတ်တုတ်ထိုင်လိုက်သည်။

"လီယင်း မင်းအမေက ယွင်မိသားစုကို ပစ်မှတ်ထားချင်တာနဲ့ပဲ ငါ့ကို အသုံးချပြီး အသရေဖျက်တယ် ဒါကို မင်းလည်း သိရဲ့သားနဲ့ အကုန် ခွင့်လွှတ်ပေးခဲ့တယ်လေ မင်း ဘာပဲပြောပြော မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး ..."

လီယင်းက အဝကျယ် အင်္ကျီလက်နှစ်ဖက်အကြား မျက်နှာကို ဖွက်ထားလိုက်သည်။ ယွင်ချင်းစီကလည်း သူ၏ အမူအယာကို မတွေ့နိုင်၊ ရယ်သံခပ်တိုးတိုးကိုသာလျှင် ကြားလိုက်ရတော့သည်။

"မင်းပြောတာ မှန်တယ် ကိုယ်က အာဏာကိုရော၊ အနောက်ဆောင်ကိုရော၊ ရုံးတော်ကိုရော တစ်ခုကိုမှ မျှခြေညီအောင် မထိန်းသိမ်းနိုင်ခဲ့ဘူး မင်းနဲ့ ကိုယ့်မယ်တော်အကြားက ဆက်ဆံရေးကိုပါ ပြေလည်အောင် မထိန်းညှိပေးနိုင်ခဲ့ဘူး .. ကိုယ့်ဘေးမှာ မကောင်းတဲ့ အရာတွေ ဝန်းရံနေပေမယ့် တစ်ခုကိုမှ မကိုင်တွယ်နိုင်ဘူး ကိုယ်က တကယ်ကို ညံ့ဖျင်းတာပဲ ..."

"မင်းကိုယ်မင်း ညံ့ပါတယ်လို့ ဝန်ခံလိုက်တာနဲ့ပဲ ဘာမှ မဖြစ်ခဲ့သလိုမျိုး ခွင့်လွှတ်မှုတွေ၊ စာနာသနားမှုတွေကို ရနိုင်လိမ့်မယ်များ ထင်နေလား ..."

ယွင်ချင်းစီက တစ်ခွန်းချင်း ပြောလိုက်သည်။

"ဧကရာဇ်တစ်ပါးအနေနဲ့ ညံ့ဖျင်းတာက ပျက်ကွက်မှု ဆိုပေမယ့် ခင်ပွန်းသည်တစ်ယောက်အနေနဲ့တော့ သစ္စာမရှိတာပဲ..."

ယွင်ချင်းစီမှာ လွန်စွာ ထက်မြတ်ကာ ရန်ငြှိုးရန်စလည်း ကြီးမားလှပေသည်။ တစ်ချိန်တစ်ခါက လီယင်းသည် သူ၏ ပျော့ကွက် ဖြစ်ခဲ့ဖူးသည်။ လုပ်ကြံသူများ ရောက်လာစဉ်က  ကိုယ်ခံအတတ်ပညာကို မတတ်ကျွမ်းသည့် ယွင်ချင်းစီက သူ့ရှေ့မှ ကာကွယ်ပေးကာ နန်းတွင်းတွင် မထင်မှတ်ထားဘဲ ရေကြီးခဲ့စဉ်ကလည်း သူ့ကို အမြန်ထွက်ခွါရန် နှိုးဆော်ခဲ့သည်။

သို့သော် နောက်ဆုံးတွင်မူ လုပ်ကြံသူကို ရင်ဆိုင်ရသူမှာ လီယင်းသာဖြစ်ကာ သူ့ကို ကျောပိုးလျက် နန်းတော်ထဲမှ ထွက်လာလိုက်ရ၏။

ယွင်ချင်းစီက လီယင်း ထိခိုက်သွားမည်ကို လွန်စွာ စိုးရိမ်သည့်အတွက် သူနှင့် ပတ်သက်လာပါလျှင် များစွာ အထိမခံတတ်သူအဖြစ်သို့ ပြောင်းလဲသွားတော့သညိ။ လီယင်းထံမှ သူတောင်းဆိုသည့် တစ်ခုတည်းသော အရာမှာ လုံခြုံသည့် ခံစားချက်မျိုး ပေးရန်သာ ဖြစ်သည်။

သို့သော် လီယင်းက မပေးခဲ့။

လီယင်းက တီးတိုး သဘောတူလိုက်သည်။

"မင်းပြောတာ မှန်ပါတယ် ..."

ရုံးတော်နှင့် အနောက်ဆောင်ထဲ တစ်ဖန် ယွင်ချင်းစီနှင့် မယ်တော်ကြီးအကြား လှည့်ပတ်သွားလာကာ တိုင်းရေးပြည်ရေးမိသားစုအရေးကိစ္စများကြောင့် စိတ်ချမ်းသာခဲ့ရသည့် နေ့ရက်ဟူ၍ပင် မရှိခဲ့ချေ။

ငယ်ချစ်ဦးက ပြောင်းလဲသွားကာ မယ်တော်ကြီးကလည်း ဖွက်ထားသည့် အစွယ်များကို ထုတ်ပြလာသည်။ အမတ်များတွင်လည်း သူ့ကို အထောက်အပံ့ ပေးနိုင်မည့်သူဟူ၍ တစ်ယောက်မျှပင် မရှိချေ။

လူတိုင်း သူ့ကို ရူးသွပ်သွားလုမတတ် ဖိအားပေးလာသည့်အတွက် သူ့စိတ်ထဲတွင် အတွေးတစ်ခုသာလျှင် ကျန်ရစ်နေတော့သည်။ သူက ထိုသူများ ပြဿနာရှာလိုလျှင် ရှာခွင့်ပြုရန်သာ တွေးလိုက်သည်။ သူ့အနေဖြင့် နှစ်ဖက်လုံးကို ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်တော့သည့်အတွက် တိုင်းပြည်အရေးကိစ္စကို အလေးထားကိုင်တွယ်ကာ မိသားစုအရေးကိုမူ သာမန်မျှသာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဤကိစ္စအတွက် သူ့တွင် မရှောင်ကွင်းနိုင်စွာ တာဝန်ရှိနေပေသည်။

"တကယ်တော့ မင်းနဲ့ လမ်းခွဲဖို့ ခဏခဏ တွေးခဲ့မိသေးတယ် တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီး မထိခိုက်စေတော့ဘူးဆိုပြီး ..."

သူက စကားတို့ကို ပြန်ပြောင်းပြောလိုက်သည်။

"ကိုယ့်ရဲ့ ပျက်ကွက်မှုကြောင့် မင်းကို ထပ်ပြီး မနာကျင်စေရတော့ဘူးဆိုပြီး  .. မင်းကို လျစ်လျူရှုပြီး ခပ်ဝေးဝေး နေချင်ပေမယ့် မင်းက ကိုယ့်အနားကို ချဉ်းကပ်လာတိုင်း မင်းကို လွမ်းလာပြီး အဲဒီ့စိတ်ကို ထိန်းမထားနိုင် ..."

"မင်းက တကယ်ကို မွှန်နေတာပဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ ခက်ထန်ခဲ့တုန်းက မင်းက အဝေးမှာ နေစေချင်တယ် ငါ့ဘက်က ညင်သာလာပြန်တော့လည်း မင်းက ခွဲခွာဖို့ နောက်တွန့်သွားပြန်ရော မင်းက ငါ့ကို ကြောက်တာလား ဒါမှမဟုတ် ငါ မင်းကို စိတ်ကျေနပ်စေတာကိုပဲ ကြိုက်တာလား ..."

လီယင်း၏ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာတော့သည်။

သူက ယွင်ချင်းစီကို နိုင်အောင် မပြောနိုင်၊ တစ်ခါမှ သူနှင့် ယှဉ်ပြိုင်ကာ မပြောခဲ့ဖူးချေ။

သူ့အနေဖြင့် ထိုကဲ့သို့ မဆိုလိုသည့်တိုင် အငြင်းအခုန် မလုပ်နိုင်ပေ။

အတိတ်က ယွင်ချင်းစီသည် ထက်ရှသည့် သွားနှင့် လျှာတို့ကို အသုံးပြုခဲ့သော်ငြား သူ့ကို နှုတ်လှန်ထိုးပြီးလေတိုင်း နှစ်သိမ့်ပေးခဲ့လေ့ ရှိပေသည်။

ယခုမူ ယွင်ချင်းစီက သူ့ကို ထက်ရှလှသည့် နှုတ်ဖျားဖြင့် တိုက်ခိုက်သည့်တိုင် ပြန်လည်နှစ်သိမ့်မပေးတော့ချေ။

ယွင်ချင်းစီက လွန်စွာ အားနည်းနေဟန်တူသည့် အမျိုးသား၏ လက်မောင်းပေါ် လက်တင်ကာ စိုက်ကြည့်ရင်း အောက်ခြေကို စူးစမ်းမိသွားဟန်ဖြင့် မေးလိုက်သည်။

"ငါ့ကိုပြော မိန်းမတွေနဲ့ အဲဒါကို မလုပ်နိုင်မှန်း ဘယ်အချိန်က သိခဲ့တာလဲ ..."

အတော်ကြာသည်အထိ လီယင်းထံမှ စကားသံ ထွက်မလာတော့။

သူက ပြောလိုက်သည်။

"ဒါကို ရှာမတွေ့ခင် ငါ့နောက်ကွယ်မှာ မိန်းမတွေနဲ့ စမ်းကြည့်ခဲ့ဖူးတယ် မဟုတ်လား ..."

လီယင်း၏ လေသံမှာ လွန်စွာ အားနည်းလှ၏။

"ကိုယ့်ကို ဒီလောက်အထိ ဆိုးဆိုးရွားရွား တွေးမှ ရမှာလား ..."

"ငါက အခု မင်းကို ဝန်ခံဖို့ အခွင့်အရေး ပေးနေတာ မင်းရဲ့ အညစ်အကြေးတွေ ပုပ်သိုးဆွေးမြည့်မသွားခင် နေရောင်အောက်ကို ထုတ်လာခွင့် ပေးနေတာ ..."

သူ့စကား တစ်ခွန်းချင်းစီတိုင်းက လီယင်း၏ နှလုံးသားကို ဆူးချွန်တစ်ခုဖြင့် ထိုးလိုက်သည့်နှယ် ထုတ်ချင်းပေါက်သွားတော့သည်။

လီယင်းက လက်ကိုမြှောက်ကာ ခေါင်းကိုက်ဝေဒနာ သက်သာစေရန်အတွက် ဆံပင်အချို့ကို ဆွဲနှုတ်လိုက်သည်။

"လက်ထပ်ပြီးမှ မဟုတ်ဘူး ..."

သူက ပြောလိုက်သည်။

"လက်မထပ်ခင်က ..."

သူ့လက်ချောင်းတို့က ဖြူဆွတ်ကာ အဆစ်တို့မှာလည်း မျှစ်စို့နှယ် သေးသွယ်လှသည်။ သူ့ပုံစံမှာ ဆိုးရွားလှသည့် အတိတ်အမှတ်တရတို့ကို ပြန်လည်စဉ်းစားမိသွားသည့်နှယ် အသက်ရှူသံတို့ လေးလံနှေးကွေးလာတော့သည်။

"ခမည်းတော်က ရုတ်တရက်ကြီး နတ်ရွာစံသွားတော့  ကိုယ်က နဂါးဝတ်ရုံ ဝတ်ပြီး ပုလ္လင်ပေါ် အတင်ခံလိုက်ရတယ် ..."

သူက တစ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"သူမက တိုင်းပြည်အရေးကို ကိုင်တွယ်ရာမှာ ပထမဆုံး လုပ်ရမယ့်အရာက အမွေဆက်ခံမယ့်သူ ချန်ရစ်နိုင်ဖို့ပဲတဲ့ သူမက ကိုယ့်ရဲ့ လျစ်လျူရှုမှုကို နိုးထဖို့ အပျိုတော်ရှစ်ယောက်ကို ရှာပေးခဲ့တယ် ..."

ထိုကိစ္စမှာ ရုတ်ချည်း ဖြစ်ပွားသွားခဲ့ခြင်းပင်။ ထိုနေ့က ယွင်ချင်းစီနှင့်အတူ ရေကူးရန် ချိန်းဆိုထားသော်ငြား မယ်တော်ကြီး၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည်။ သူမက ဤကိစ္စမှာ များစွာ မကြာမြင့်၊ သူနှင့် ယွင်ချင်းစီ တွေ့ဆုံမည့်ကိစ္စကို မနှောင့်နှေးစေနိုင်ဟု ပြောလာသည်။

အမျိုးသမီး အရာရှိများသာမက အမျိုးသားအမျိုးသမီးစုံတွဲ တစ်ဒါဇင်ခန့်ပါ ထွက်ပေါ်လာကာ သူ့အရှေ့တွင် နည်းပြအဖြစ် ဆောင်ရွက်နေကြ၏။ အနီရောင်‌ဖယောင်းတိုင်က တစ်ဖြည်းဖြည်း တောက်လောင်နေကာ နူးညံ့လှသည့် အခင်းကို ကြမ်းပြင်အနှံ့ ခင်းကျင်းထားသည်။ ခန်းမဆောင်တစ်ခုလုံး မှုန်ရီ‌မှိုင်းညှို့ကာ အော်ဂလီဆန်ဖွယ် အသံ၊ အနံ့တို့ဖြင့် ပြည့်နှက်နေသည်။

၁၃ နှစ်အရွယ် လီယင်းမှာ ယခုကဲ့သို့ တစ်ခါမှ မတွေ့ကြုံခဲ့ဖူးသည့်အတွက် လူတိုင်းမှာ ဤကဲ့သို့ဟုသာ ယူဆလိုက်သည်။

သိူ့သော် ဒါဇင်ပေါင်းများစွာသော လက်တို့က သူ့အနားသို့ လူးလွန့်ရောက်ရှိကာ ကျယ်ပြန့်လှသည့် ညောင်စောင်းပေါ် ဖိချပြီး အဝတ်တို့ကို ဖယ်ချခံလိုက်ရသည့်အခါတွင်မူ တစ္ဆေတစ်ကောင်၏ လည်ပင်းညှစ်ခြင်းကို ခံနေရသည့်နှယ် ကြောက်ရွံ့စိတ်တို့ လျှံထွက်လာတော့သည်။

လူတိုင်းကို ကန်ကျောက်ကာ နဂါးဝတ်ရုံကို အမြန် ခြုံလွှမ်းလိုက်၏။ ရွံရှာစက်ဆုပ်မှုတို့က အမြင့်ဆုံးအထိ တိုးမြင့်လာတော့သည်။

လီယင်း၏ အမူအယာက ဖုံးကွယ်ထားဆဲပင်။ သွေးကြောပြာတို့ အတိုင်းသား တွေ့နေရသည့် လက်ဖဝါးဖြင့် ဆံပင်များကို အားမာန်ပြင်းစွာ ဆွဲနေသည်ကိုသာလျှင် တွေ့လိုက်ရတော့၏။

ဆံပင်အမြစ်များမှာ ချွေးစေးတို့ဖြင့် စိုရွှဲနေသည်။

"အဲဒီ့နေ့ မင်း ကိုယ့်ကို ကျောက်ဂူထဲမှာ တွေ့ခဲ့ ..."

ထိုနေ့က သူသည် ယွင်ချင်းစီကိုသာလျှင် ချစ်မြတ်နိုးကြောင်း တွေ့ရှိသွားတော့သည်။

ယွင်ချင်းစီကလည်း ထိုနေ့ကို သတိရနေဆဲပင်။

ထိုအချိန်က လီယင်းသည် ထီးနန်းဆက်ခံပြီးကာစ ဖြစ်သည်။ နှစ်ယောက်အတူ ရေကူးကြရန် ချိန်းဆိုထားကြသော်ငြား ယွင်ချင်းစီက ဦးစွာ ရောက်ရှိလာသည်။

လျှိုကျီရူက ဧကရာဇ်ကို မယ်တော်ကြီးက ဆင့်ခေါ်ထားကြောင်းနှင့် များမကြာမီ ပြန်လာမည်ဖြစ်ကြောင်း ပြောလာ၏။

သို့သော် မနက်မှ ညနေစောင်း နေပူမိုးရွာတိမ်ထူသည်အထိ လီယင်းက ရောက်မလာ။

လျှိုကျီရူက သူ့ကို ထီးဆောင်းပေးလျက် ပြောလိုက်သည်။

"သူ့ကိုလိုက်ရှာကြရအောင် ..."

ယွင်ချင်းစီကလည်း ထီးကိုဆောင်းလျက် မယ်တော်ကြီး၏ နန်းဆောင်ဆီသို့ ထွက်လာလိုက်သည်။ ထိုအချိန်က မယ်တော်ကြီးမှာ သူ့အပေါ် လွန်စွာ ကြင်နာကာ သူရောက်လာသည်ကိုပင် အံ့အားသင့်မိသွားသည့်ဟန်။ ကြင်နာစွာဖြင့် ပြောလိုက်သည်။

"အရှင်က ထွက်သွားတာ ကြာလှပြီလေ သူက ကျန်းရှန်းနန်းဆောင်ကို ပြန်မလာဘူးလား ..."

သူက ခေါင်းယမ်းပြလိုက်သည်။

မယ်တော်ကြီးက အနားရောက်လာကာ သူ့ခေါင်းကို အသာ ပွတ်ပေးလျက် ကြင်နာစွာ ပြောလိုက်သည်။

"မစိုးရိမ်ပါနဲ့ သူ အဆင်ပြေမှာပါ ..."

ထိုက်ချီနန်းဆောင်မှ ထွက်ခွါလာပြီးနောက် လျှိုကျီရူ၏မျက်နှာ မည်းမှောင်ကာ ထိုက်ချီနန်းဆောင်ကို လည်ပြန်ကြည့်လျက် ယွင်ချင်းစီကို ပြောလိုက်သည်။

"သခင်လေး မနက်ဖြန်မှ ပြန်လာရင်ရော ..."

ယွင်ချင်းစီက လွန်စွာ စိုးရိမ်နေသည့်ဟန်။

"လျှိုလူကြီးမင်း သူ့ကို အမြန်ဆုံး ပြန်တွေ့အောင် လူခွဲပြီး ရှာကြရအောင်လေ ..."

လျှိုကျီရူကလည်း သူနှင့် လီယင်းမှာ ဆက်ဆံရေးကောင်းမွန်ကြောင်း သိထားသည့်အတွက် သဘောတူလိုက်၏။ ယွင်ချင်းစီက မိန်းမစိုးနှစ်ယောက်နှင့်အတူ နာရီဝက်ခန့်မနည်း ရှာဖွေပြီးကာမှ ကျဉ်းမြောင်းသည့် ကျောက်ဂူကြားတွင် ငေးမှိုင်နေသော လီယင်းကို တွေ့လိုက်ရတော့သည်။

သူက ဂူပေါက်ဝတွင်ရပ်ကာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်းကင်သားတော်အား စိုက်ကြည့်‌လိုက်၏။ အကြည့်ချင်း ဆုံသွားသည့်အခိုက်၌ လီယင်း၏ အမူအယာမှာ အနည်းငယ် ကြောင်အသွားသည့်ဟန်။

သူ၏ ရှက်ကြောက်စိတ်ကို အာရုံခံစားမိသော ယွင်ချင်းစီက သူနှင့် အတူပါလာသူနှစ်ဦးကို ဘေးဘီသို့ ပထုတ်ပြီးကာမှ ဂူအပြင်တွင် ရပ်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။

"အားယင်း ..."

ထိုစဉ်က သူ၏ ကြည်လင်သည့်အသံ၊ နူးညံ့သည့်မျက်နှာ၊ ကောင်းမွန်လှပသော မီးအိမ်ကို ‌ကိုင်ဆောင်ထားသည့် သူ့ပုံစံမှာ လီယင်း၏ နှလုံးသားတွင် ဘုရားလောင်း၏ ရုပ်ပွားတော်နှယ် စွဲမြဲမှတ်ထင်သွားတော့သည်။

မိုးက ပြင်းထန်လှသည့်အတွက် သူ့လက်ထဲရှိ ထီးမှာ မိုးစက်တို့၏ ဖြန်းပက်ခြင်းကို ခံနေရရာ ခေါင်းကိုစောင်းလျက် မီးအိမ်ကို အထဲသို့ ထည့်လိုက်သည်။

အလင်းရောင်ငယ်က လီယင်းအနား ချဉ်းကပ်လာကာ မှောင်ရိပ်လွှမ်းသည့် ဂူတစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

"ငါနဲ့အတူတူ ပြန်ထွက်ချင်လား ဒါမှမဟုတ် ငါကပဲ မင်းနဲ့အတူ အထဲမှာ လာထိုင်ရမလား ..."

သူက မေးလိုက်သည်။

သူသည် လီယင်းထက် တစ်နှစ်သာ ငယ်ရွယ်ကာ အသံမှာလည်း ကလေးသံ မပျောက်သေးပေ။

လီယင်းက တစ်ခဏမျှ အသံတိတ်နေပြီးနောက် အထဲသို့ တိုးသွားလိုက်သည်။

ယွင်ချင်းစီက ထီးကို ဘေးချကာ မီးအိမ်ကို ကိုင်ထားရင်း အမှောင်ထုထဲသို့ သူနှင့်အတူ လျှောက်ဝင်လာလိုက်သည်။

နှစ်ဦးသား ဂူကျဉ်းကျဉ်းလေးထဲတွင် ဒူးချင်းထိလျက် ထိုင်နေလိုက်၏။

ယွင်ချင်းစီက သူ့နားထင်ကို လက်ချောင်းတို့ဖြင့် တို့ထိရင်း မေးလိုက်သည်။

"ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ ..."

လီယင်းက အားလုံးကို ဖုံးကွယ်ကာ ပြောလိုက်၏။

"ဘုရင်ဖြစ်ရတာ အရမ်းခက်လို့ ..."

ထိုစဉ်က လီယင်းသည်လည်း တစ်ကိုယ်ကောင်းဆန်စွာဖြင့် ယွင်ချင်းစီကို သူ့ဘေးသို့ ဆွဲခေါ်ထားခြင်းသည် သူ့ကို တစ်ဖြည်းဖြည်း‌ သေလမ်းသို့ တွန်းပို့ရာ ရောက်လိမ့်မည်ဟု လုံးဝ တွေးမထားမိချေ။

ယွင်ချင်းစီ သေဆုံးအပြီး နှစ်ပေါင်းများစွာ ကြာကာမှ လီယင်းသည် အကယ်၍ ထိုနေ့ကသာ ယွင်ချင်းစီ၏ စကားကို ငြင်းဆန်ကာ ထွက်သွားခိုင်းခဲ့ပါလျှင် သို့မဟုတ် ဂူထဲမှ ထွက်ကာ ဖြစ်ခဲ့သည်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါလျှင် အဆုံးသတ် ပြောင်းလဲသွားလေမလားဟု တွေးမိလာတော့သည်။

သိူ့သော် ယွင်ချင်းစီကမူ သေဆုံးသွားချေပြီ။

သူ၏ တစ်ကိုယ်ကောင်းဆန်မှုကပင်လျှင် သူ့ရင်ထဲက နတ်ဘုရားကို သေလမ်းသို့ တွန်းပို့မိသွားတော့သည်။

နတ်ဘုရားလေး သေဆုံးပြီးနောက် သူသည်လည်း မကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နတ်ဆိုးက သူ့ကို ခေါင်းကိုက်မှုအကြားမှ မှ ဖျော့တော့စွာ ကြည့်နေသည်။

သူက လီယင်းကို ကုတင်ပေါ်သို့ တင်ပေးရန် အမိန့်ပေးလိုက်ပြီး သမားတော်ချုပ်ကို ပင့်ဆောင်ရန်ပါ ညွှန်ကြားလိုက်သည်။ လီယင်းက သူ့ကို ထိုအကြောင်းများ တစ်ခါမှ မပြောဖူး။ သူသည် လွန်စွာ ဝံ့ကြွားတတ်သူဖြစ်ရာ ယနေ့တွင်လည်း အတင်း ဖိအားပေးခံရ၍သာ ပြောလာခြင်းဖြစ်သည်။

လျှိုကျီရူက အနည်းငယ် စိုးရိမ်နေသည့်ဟန်။

"ဧကရီ အရှင့်ရဲ့လက်က ..."

"မတော်တဆ အဆစ်လွဲသွားတာ အဆင်ပြေပါတယ် ..."

ယွင်ချင်းစီက ပြတင်းပေါက်အပြင်ကို ငေးကြည့်ရင်း ပြောလိုက်သည်။

"ပြန်ထားလိုက် ..."

သူက အေးစက်ကာ အနည်းငယ်လည်း ရက်စက်တတ်သည့်ဟန်။

လျှိုကျီရူက တစ်ခုခု ပြောလိုဟန် ရှိသော်လည်း အဆုံးတွင်မူ ပြန်လည်ကာသာ မျိုသိပ်ထားလိုက်တော့သည်။

သမားတော်က လီယင်း၏ လက်ကောက်ဝတ်ကို အပ်စိုက်ပေးလိုက်၏။ လျှိုကျီရူက အနားရောက်လာကာ ဖြူလျော်စွာ လဲလျောင်းနေသော ဧကရာဇ်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။

ပြဿနာနဲ့ ထိုက်တန်လို့လား ...