Chapter 46
နောက်တစ်နေ့မနက် .. နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့ ...
လီယင်းက ယွင်ချင်းစီ သူ့နဖူးကို အဝတ်စဖြင့် သုတ်ပေးနေစဉ်မှာပင် နိုးထလာ၏။ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အတိတ်က ယွင်ချင်းစီကို မြင်ယောင်မိလေသလားဟုပင် တွေးလိုက်မိတော့သည်။
"နိုးပြီလား ..."
ယွင်ချင်းစီက အဝတ်စကို ရေဇလုံထဲ ပြန်ထည့်ရင်း ပြောလိုက်သည်။
"မင်းရဲ့ ခေါင်းကိုက်ဝေဒနာက အတော်လေး ပြင်းထန်နေတယ် သမားတော်က အနားယူရမယ်တဲ့ ..."
လီယင်း၏ လည်ဇလုတ် အထက်အောက် ရွေ့လျားသွားတော့သည်။
"ချင်းစီ ..."
ယွင်ချင်းစီက နှုတ်ခမ်းထောင့်စွန်းတို့ကို မသိမသာ ကော့ညွတ်လျက် ပြောလိုက်သည်။
"ငါသိတယ် မင်းအတွက်လည်း ခက်ခဲခဲ့မှာပဲ ..."
ယွင်ချင်းစီ .. မင်း ကိုယ့်ကို ခွင့်လွှတ်ပေးလိုက်တာလား ...
လီယင်းက ချက်ခြင်း ထထိုင်ရန် ကြိုးစားလိုက်၏။ သူ့နှုတ်ခမ်းတို့မှာ ဖြူလျော်ခြောက်ကပ်နေသည့်တိုင် အကြည့်တို့မှာမူ ဝင်းလက်နေပေသည်။
"ကိုယ် ..."
"မင်း သူမကို မုန်းလား ..."
လီယင်း၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားသည်။
ယွင်ချင်းစီက သူ့လက်ကို ကိုင်ကာ မျက်လွှာချလျက် အလေးအနက် ပြောလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုစမ်းသပ်မှုမျိုး ရှိနေရတာလဲ သူမက တမင်တကာ လုပ်တာပဲ ဖြစ်ရမယ် အားယင်း မင်း သူမကို မမုန်းဘူးလား ..."
တောက်ပနေသည့် အခိုက်အတန့်များ ရုတ်ချည်း ဆိတ်ငြိမ်သွားတော့သည်။
လီယင်းက ပြောလိုက်သည်။
"မင်း ဘာလုပ်စေချင်တာလဲ ..."
"သူမက မင်းကိုရော ငါ့ကိုပါ ဒီလိုမျိုး အနိုင်ကျင့်ခဲ့တာလေ သူမကို ဘာမှ ပြန်မပေးဆပ်စေဘဲ ဒီတိုင်း ထားမလို့လား ..."
ယွင်ချင်းစီက တစ်ဖက်လှည့်ကာ အထူးတလည် ပြင်ဆင်လာသည့် ဓားရှည်ကို ယူလိုက်၏။ သူ့အကြည့်တို့မှာ လွန်စွာ ပြတ်သားလှသည်။
"သူမက အခုအချိန်မှာ သေလို့ မရသေးမှန်း သိပါတယ် ဒီလိုဆိုတော့ သေတာထက် ဆိုးတဲ့ ဘဝမျိုး ရောက်အောင် လုပ်ကြတာပေါ့ ..."
"သူမက မင်းရဲ့ အမေဆိုတော့ မင်းကို လွှဲလိုက်ပြီ ..."
ဓားကို လှမ်းကြည့်လိုက်ပြီးနောက် လီယင်း၏ ဖြူလျော်လျော်နှုတ်ခမ်းထက်တွင် ဝမ်းနည်းဖွယ် အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။
"သက်သေမရှိဘဲ အပြစ်ပေးရင် သိက္ခာကျစရာတွေ ဖြစ်လာလိမ့်မယ် ..."
ယွင်ချင်းစီက ဓားကို ဆွဲထုတ်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"ငါက နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရပြီးသား မင်းအတွက်မင်း ဒေါသမထွက်ရင်တောင် ငါ့အတွက်တော့ ဒေါသဖြစ်ပေးသင့်တယ် ..."
"မင်း မသွားရင် ငါ ကိုယ်တိုင် သွားမယ် ..."
ယွင်ချင်းစီက သူ့ကို နူးညံ့စွာ စိုက်ကြည့်ပြီး နွေးနွေးထွေးထွေး ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းက ဟိုးအရင်ကတည်းက ဒီလိုပဲ ဖြစ်ခဲ့တာပဲလေ ..."
"ငါသာ မရက်စက်ရင် ဘယ်လိုလုပ်ပြီး မင်းရဲ့ ကြင်နာမှုတွေကို ခုနှိမ်နိုင်မှာလဲ ..."
သူက လှောင်ပြုံးပြုံးကာ ဓားကို ဆွဲထုတ်လျက် ကန့်လန့်ကာရှိရာဆီသို့ ထသွားလိုက်သည်။
ပုံရိပ်တစ်ခုက သူ့ကို ဟန့်တားလိုက်သည်။
လီယင်းမှာ လွန်စွာ ဒေါသထွက်နေကာ မျက်နှာမှာလည်း စက္ကူစတစ်ရွက်နှယ် ဖြူဆွတ်နေ၏။
ပင့်သက်ရှိုက်လိုက်သည့်အခါ အဖျားသွေးက ပါးနှစ်ဖက် ပျံ့နှံ့သွားတော့သည်။
ယွင်ချင်းစီက သူ့ကို တွန်းပို့နေခြင်းဖြစ်ကြောင်း၊ သူတို့နှစ်ဦးမှာ သားအမိဖြစ်ကြောင်း သိထားလျက်နှင့်ပင် သူမကို တိုက်ခိုက်ရန် အတင်း ဖိအားပေးနေခြင်းဖြစ်ကြောင်း သိနေပေသည်။
၎င်းမှာ မြင်သာထင်သာ ရှိလွန်းလှ၏။
လီယင်း၏ နက်မှောင်လှသော မျက်ဝန်းထဲတွင် ကြင်နာမှုနှင့် စိတ်အားထက်သန်မှုတို့ ရောထွေးထွက်ပေါ်လာတော့သည်။
ဓားသွားကို သွယ်လျလျလက်တို့ဖြင့် ဖမ်းဆုပ်ရင်း ဧကရာဇ်အရှင်က တီးတိုးပြောလိုက်၏။
"ကိုယ့်ဧကရီရဲ့ ဆန္ဒအတိုင်းပါ ..."
ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်သွားတော့သည်။
သူက အပေါ်ဝတ်ရုံကို ယူကာ လီယင်းကို ကိုယ်တိုင်ဝတ်ဆင်ပေးပြီး လည်စည်းကြိုးကိုလည်း ဂရုတစိုက် ချည်နှောင်ပေးလိုက်သည်။
ထို့နောက် သူ့ရှေ့တွင် ရှိနေသည့် ကောင်းကင်ဘုံသားတော်ကို မော့ကြည့်လိုက်သည်။
"သွားရအောင် မင်းကို လက်စားချေဖို့ ခေါ်သွားပေးမယ် ..."
သူက လီယင်း၏ အင်္ကျီလက်ကို ဆွဲလျက် ချောင်ယန်နန်းဆောင်ဆီသို့ ခြေလျင် လျှောက်လာလိုက်သည်။
(ထိုက်ချီနန်းဆောင်လို့ ပြောချင်တာ ထင်တယ် သူ့ထဲမှာ ချောင်ယန်လို့ ရေးထားတော့ မူရင်းအတိုင်းပဲ ရေးထားပါတယ်)
သူသာ ပြန်လည်မမွေးဖွားလာခဲ့ပါလျှင် မယ်တော်ကြီးက လီယင်းကိုပါ အကွက်ချကြံစည်ခဲ့ကြောင်း သိလိမ့်မည် မဟုတ်ပေ။
နန်းတော်ထဲ လီယင်းနောက်ကို တကောက်ကောက် လိုက်နေတုန်းက မယ်တော်ကြီးကို တွေ့တိုင်းတွေ့တိုင်း လီယင်းက ရပ်တန့်သွားတတ်တာ မထူးဆန်းတော့ပါဘူး ...
မယ်တော်ကြီးကို လေးစားလို့ဆိုပြီး တွေးခဲ့မိတာ လက်စသတ်တော့ ကြောက်လို့ကိုး ...
လီယင်းက သူ့ကိုလည်း မယ်တော်ကြီးနှင့် များစွာ အကျွမ်းတဝင် မနေရန် ကြိမ်ဖန်များစွာ မှာကြားခဲ့သည်။ သူက သူမကို မယုံကြည်ရန် ထပ်ကာထပ်ကာ ပြောခဲ့သော်ငြား ယွင်ချင်းစီ၏ အမြင်တွင်မူ မယ်တော်ကြီးကသာ သူ့ဘက်တော်သား ဖြစ်ပေသည်။
သူမက သူ့ကို လီယင်းနှင့် အငြင်းအခုန်လုပ်ရန်၊ အခြားကိုယ်လုပ်တော်တို့၏ နန်းဆောင်ထဲသို့ ကျူးကျော်ဝင်ရောက်ရန်၊ အစေခံများကို အပြစ်ပေးရန် အားပေးအားမြှောက် လုပ်ခဲ့သည့်အပြင် နန်းတော်ထဲတွင် အာဏာကို မည်ကဲ့သို့ ဆုပ်ကိုင်ထားရမည် ဖြစ်ကြောင်းကိုပါ သင်ကြားခဲ့သည်။
ယွင်ချင်းစီအဖို့ မယ်တော်ကြီးကို မယုံကြည်ဘဲ နန်းတော်ထဲသို့ ကိုယ်လုပ်တော်များ ဆက်တိုက် ခေါ်သွင်းနေသော လီယင်းကို ယုံကြည်နိုင်စရာအကြောင်း မရှိပေ။
သွယ်လျဖြူဖွေးလှသော လက်တစ်စုံက သူ့အင်္ကျီလက်ကို တိတ်တဆိတ် ဆွဲထားရာ လက်ချောင်းတို့ကို ဆန့်လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ လက်တို့ကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။
သို့သော် သူကမူ မထိရဲ။
အရာအားလုံး ထုတ်ဖော်ခံလိုက်ရသည့်အခါ သူ မည်သည့်အခါကမှ မထိကိုင်လိုတော့သည့် မှတ်ဉာဏ်အပိုင်းအစများမှာ လေနှင့်အတူ လွင့်စင်ပျံ့လွင့်ကာ မထင်မရှား ဖြစ်လာတော့သည်။
မယ်တော်ကြီး၏ စမ်းသပ်ချက်မှာ တမင်တကာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဂုဏ်သိက္ခာကို ဘေးဖယ်ကာ ယွင်ချင်းစီအား လိုလိုလားလား ဖွင့်ဟခဲ့ပါလျှင် သူ့ချစ်သူသည် ဤမျှ ပြင်းထန်သည့် အခြေအနေအထိ တစ်ဆင့်ပြီးတစ်ဆင့် ရောက်လာလိမ့်မည် မဟုတ်ဟုပင် တွေးလိုက်မိတော့သည်။
ကိုယ်ပိုင်အတွေးစတို့နှင့်အတူ ထိုက်ချီနန်းဆောင်ရှိရာဆီသို့ ဦးတည်လျှောက်လှမ်းလာလိုက်ကြသည်။
အစောင့်က လီယင်းကို အလေးပြုကာ နေမြဲအတိုင်း ပြန်ရပ်ရင်း နှစ်ဦးလုံးကို နန်းဆောင်အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။
လျှိုကျီရူအပါအဝင် နောက်မှ လိုက်ပါလာကြသူများ အားလုံးမှာ လီယင်း၏ အကြည့်စူးစူးကြောင့် နန်းဆောင်အပြင်ဘက်တွင်သာ ရပ်နေလိုက်ကြတော့သည်။
နန်းဆောင်တံခါးတို့ကို ပိတ်ထားကာ ခြံဝင်းထဲတွင် မယ်တော်ကြီးက ပက်လက်ကုလားထိုင်တစ်လူံပေါ်တွင် ပျင်းရိစွာ ထိုင်လျက် နေပူဆာလှုံနေသည်။
အစောင့်၏ အသံကို ကြားလိုက်သည့်တိုင် မျက်လုံးတို့ကို ဖွင့်ကြည့်မလာ။
"တစ်နှစ်ကုန်လွန်သွားပြီးတဲ့နောက် ဧကရီရဲ့ အမျက်ဒေါသတွေ ငြိမ်းအေးသွားပါပြီလား ..."
ယွင်ချင်းစီက ရပ်မြဲရပ်နေကာ လီယင်း၏ အင်္ကျီစကိုလည်း လွှတ်မပေးသေး။
ချင်ယန်၏ အကြည့်တို့က ဓားရှည်ကို ကိုင်ထားသော လီယင်း၏ ဘယ်ဘက်လက်ပေါ်သို့ ကျရောက်သွားသည်။ ညာဘက်လက်က ဓားရိုးကို အုပ်ကိုင်ကာ တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
နွေးထွေးသည့် နေရောင်အောက်ရှိ မယ်တော်ကြီးသည် ယွင်ချင်းစီ၏ အသံကိုလည်း မကြား၊ လီယင်း၏ အသံကိုလည်း မကြားရပေ။
ထက်ရှသည့် ဓားတစ်လက်အား ဓားအိမ်မှ တစ်ဖြည်းဖြည်း ဆွဲထုတ်လိုက်သံကိုသာလျှင် ကြားလိုက်ရသည်။
လှုပ်ယမ်းနေသော ပက်လက်ကုလားထိုင်က ရုတ်ချည်း ရပ်တန့်သွား၏။
ဓားကို ဆွဲထုတ်လိုက်သည့်အခါ ချင်ယန်က အလောတကြီး ပြောလိုက်သည်။
"အရှင် ..."
သူက ရှေ့တစ်လှမ်းတိုးကာ တားမြစ်လိုက်သော်လည်း လီယင်းက ရင်ဘက်ကို ကန်လိုက်သည့်အတွက် လွင့်စင်ကာ သွေးတစ်လုပ်အန်လျက် မြေပေါ်သို့ ပြုတ်ကျသွားသည်။
မျက်နှာကို မော့ကြည့်လိုက်သည့်အခါ မယ်တော်ကြီးက ရှက်ရွံ့ဖွယ်ကောင်းလောက်အောင်ပင် တဆတ်ဆတ် တုန်ရီနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာလည်း ဖြူလျော်နေ၏။
"လီယင်း ရူးနေလား မင်းအမေကိုတောင် သတ်ရဲနေပြီပေါ့..."
ယွင်ချင်းစီက ထိုင်ခုံတစ်လုံးကိုယူကာ ခါးမတ်မတ်ထားလျက် အားလုံးကို အမူအယာမဲ့ စိုက်ကြည့်နေလိုက်သည်။
မယ်တော်ကြီးက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် လီယင်းကို တစ်ဖန် ကြည့်လိုက်ပြန်သည်။
"အားယင်း ယွင်ချင်းစီက ဘယ်လိုလူဆိုတာ မင်းကတောင် အမေ့ထက် ပိုသိနေတယ် မဟုတ်လား သူ့ရဲ့ ပြုစားတာကို ခံလိုက်ရတာလား မင်းရဲ့ ဦးလေးကိုလည်း ပြည်သူတွေကို ဖိနှိပ်ပြီး ပစ္စည်းတွေ လုယူလို့ဆိုပြီး သတ်ခဲ့တယ် ဒါဆို မင်းအမေကရော အမေက မင်းကို ဘာလုပ်လို့ ယွင်ချင်းစီအတွက် လာသတ်နေရတာလဲ ..."
မယ်တော်ကြီးက ထိုင်ခုံ၏ အနောက်တွင် ဝင်ပုန်းကာ အလောတကြီး အသက်ရှူသွင်းလိုက်၏။ သူမ၏ လက်ချောင်းတို့ပင်လျှင် ဆွတ်ဆွတ်ဖြူနေတော့သည်။
"လီယင်း သေသေချာချာ စဉ်းစားပါဦး ဒါက သားသမီးဝတ္တရား မကျေပွန်၊ သစ္စာမဲ့တဲ့ လုပ်ရပ်နော် မင်းကို မိုးကောင်းကင်က အပြစ်ပေးလိမ့်မယ်..."
အေးစက်သည့် အလင်းရောင်တစ်ခုကို ဖျတ်ခနဲ တွေ့လိုက်ရကာ ထိုင်ခုံကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့် သူမ၏ လက်ချောင်းတို့ နာကျင်ကိုက်ခဲကာ အင်အား ဆုံးရှုံးပြီး အောက်သို့ ပျော့ခွေကျလာတော့သည်။
လီယင်းက သူမ၏ ကြွက်သားအကြောကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
နာနာကျင်ကျင် ငိုကြွေးလျက် လက်ကောက်ဝတ်ကို ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားလိုက်၏။ လီယင်းက လွန်စွာ အသရေတင့်လှသည့် အဝတ်အစားတို့ကို ဝတ်ဆင်ထားသော်လည်း သူ့မျက်လုံးထဲတွင် ရိုသေလေးစားမှုဟူ၍ တစ်စုံတစ်ရာမှမရှိ၊ လက်ထဲရှိ ဓားကဲ့သို့ပင် ထပ်တူ ရက်စက်ကြမ်းကြုတ်လှပေသည်။
"မသတ်နဲ့ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"သေတာထက်ဆိုးတဲ့ ဘဝမှာ ဘယ်လိုနေမလဲဆိုတာ စောင့်ကြည့်ချင်သေးတယ် ..."
"ယွင်ချင်းစီ ..."
မယ်တော်ကြီးကျန်းမှာ လွန်စွာ ဒေါသထွက်လာတော့သည်။
"နင် မကောင်းဆိုးဝါးကောင် ဒီလိုမျိုး လူတွေကို လှည့်ဖျားတတ်မှန်းသာ သိခဲ့ရင် နင့်ကို သတ်ခဲ့ ..."
ပြင်းထန်လှသည့် ကန်ချက်ကြောင့် မျက်နှာတစ်ခုလုံး လည်သွားကာ မီတာအနည်းငယ်ခန့်အထိ ပျံ့လွင့်သွားတော့သည်။
နှာခေါင်းနှင့် ပါးစပ်တို့မှာ သွေးများ စီးကျလာကာ မူးဝေမှုကို ခံစားလိုက်ရ၏။ သည်းထန်စွာ ချောင်းဆိုးနေရင်းမှာပင် သူမကိုယ်တိုင် ပျိုးထောင်ခဲ့မိသည့် မကောင်းဆိုးဝါးကို မော့ကြည့်လိုက်တော့သည်။
သူ့မျက်လုံးနှစ်ဖက်မှာ တွင်းနက်ကြီးများနှယ် အောက်ခြေကို မှန်းဆ၍မရ၊ မုန်းတီးမှု၊ နောင်တရမြှ တစ်စုံတစ်ရာကိုမှ မမြင်ရချေ။
ဘယ်လိုလုပ်ပြီး သူ့အမေကိုတောင် မငဲ့ညှာစတမ်း ရက်စက်နိုင်ရတာလဲ...
တကယ်လို့ .. တကယ်လို့ သူ တစ်ခုခု သိသွားခဲ့တာ ဆိုရင်တောင် သူမက သူ့ကို ပျိုးထောင်ပေးခဲ့တဲ့သူလေ ...
"အားယင်း အားယင်း အမေ့ကိုပြောပါ အမေ ဘာများ အမှားလုပ်မိလို့လဲ ..."
သူမ၏ အသံမှာ ဗလုံးဗထွေး ဖြစ်နေကာ မျက်နှာပေါ်တွင်လည်း မျက်ရည်စနှင့် သွေးစတို့ ရောနှောပေကျံနေတော့သည်။
လီယင်းက သူမ မည်သည့်အမှားကို ပြုလုပ်မိကြောင်း ပြောပြလိမ့်မည် မဟုတ်ပေ။
ပြောသင့်တာတွေ အကုန်လုံးကို အတိတ်ဘဝတုန်းက ပြောခဲ့ပြီးပြီ ...
ယွင်ချင်းစီက သူမ သေဆုံးသည်ကို သူကိုယ်တိုင် မြင်တွေ့လိုသည့်အတွက် သူမကို နောက်တစ်ကြိမ် သေလမ်းသို့ ပို့ရပေတော့မည်။
အတိတ်ဘဝက သူမကို လွန်စွာ မုန်းတီးလွန်းသည့်အတွက် အရေခွံကိုသာလျှင် ခွါခဲ့သော်ငြား သူမက အလွန်လျင်မြန်စွာ သေဆုံးသွားခဲ့သည့်အတွက် အပိုင်းပိုင်းဖြတ်ကာသာ ခွေးစာ ကျွေးခဲ့ရတော့သည်။ သို့သော် ယခုဘဝတွင်မူ သူမနှင့် ဆော့ကစားရန် အချိန်များစွာ ကျန်ရှိနေသေးပေသည်။
ယွင်ချင်းစီ ပျော်သွားရအောင် နည်းနည်းချင်း နည်းနည်းချင်းလေးပဲ ...
သူသည် အများကို ထောက်ထားငဲ့ညှာတတ်သည့် လီယင်း မဟုတ်တော့။
"အားယင်း အားယင်း ဘာလို့ အမေ့ကို ဒီလိုတွေ လုပ်နေရတာလဲ မင်းက ဘာလို့ ..."
"အားယင်း ..."
ကြိုးကြာငှက်သဖွယ်၊ ဇာမဏီငှက်သဖွယ် အသံပိုင်ရှင် ယွင်ချင်းစီက ပြောလိုက်သည်။
"သူမက အရမ်း ဆူလွန်းတယ် ..."
လီယင်း၏ အကြည့်တို့က သူမ၏ ဖွင့်ချည်ပိတ်ချည် နှုတ်ခမ်းထက်သို့ ကျရောက်လာသည့်အတွက် မယ်တော်ကြီးမှာ ကြောက်ရွံ့စိတ်တို့ ဖိစီးလာတော့သည်။
လျှိုကျီရူမှာလည်း အရူးနှစ်ယောက်ကို အထဲသို့ ဝင်ခွင့်ပေးလိုက်မိလေခြင်းဟု ခံစားလိုက်ရတော့သည်။
ဝင်မလာခင်က လီယင်းသည် သူနှင့် ယွင်ချင်းစီ ထိုက်ချီနန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် နောက်မှ ပါလာသူအားလုံး ခြေလှမ်းတစ်ရာ ပြန်ဆုတ်ရန် အမိန့်ပေးခဲ့သည်။
သို့သော် ယခုမူ သူပင် နားကြားမှားလေသလား မသိ၊ အတွင်းမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ သူက ရင်ရှီကို မေးလိုက်၏။
"တစ်ခုခု ကြားလိုက်လား ..."
ရင်ရှီနှင့် ကျင်းဟွမ်က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ ပြိုင်တူခေါင်းယမ်းပြလိုက်ကြသည်။
ထိုက်ချီနန်းဆောင်တစိခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ကျက်သရေရှိလှပါသည့် မယ်တော်ကြီးမှာ ခြေလက်တို့ ခုတ်ထစ်ခံရကာ လျှာလည်း အဖြတ်ခံထားရသည့်အတွက် ပြင်းပြလှသော နာကျင်မှုကြောင့် လူးလိမ့်ငိုယိုခြင်းပင် မပြုနိုင်တော့ချေ။
အကန်ခံလိုက်ရသည့် ချင်ယန်မှာလည်း မြေပေါ်လဲလျက် အသက်ထွက်သွားနှင့်လေပြီ။
ကြင်နာတတ်သည့် ကောင်းကင်သားတော် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။ လှုပ်ရှားမှုတိုင်းကို အကောင်းဆုံးဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားနေသည့် ကလေးလေး မဟုတ်တော့၊ ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်အဖြစ် ကြီးပြင်းလာပြီဖြစ်သည်။
သူလိုချင်သည့်အရာနှင့် ၎င်းကို ပိုင်ဆိုင်ရန် မည်သို့ လှုပ်ရှားရမည်ဖြစ်ကြောင်း ကောင်းကောင်းသိလာတော့သည်။
ထိုကျားမှာ ယခုအချိန်တွင် ဧကရီ၏ စကားတစ်ခွန်းတည်းကိုသာလျှင် နာခံတော့သည်။
မယ်တော်ကြီးက သူမ၏ရှေ့သို့ ရောက်လာသည့် ငွေရောင်ဖိနပ်တစ်စုံကို စိုက်ကြည့်ရင်း အလိုလို နောက်ပြန်ဆုတ်လိုက်မိတော့သည်။
ယွင်ချင်းစီ၏ လွှမ်းမိုးလိုမှုနှင့် ယုံမှားသံသယလွန်ကဲခြင်းတို့မှာ သူမ၏ လက်ချက်ပင်ဖြစ်သည်။ သူမက သူ့ကို မည်သို့မည်ပုံ အပြစ်ပေးရမည်ဖြစ်ကြောင်း သင်ကြားပေးရင်း နန်းတော်ထဲရှိ လူတိုင်း ကြောက်ရွံ့ရသည့် ဧကရီတစ်ပါး ဖြစ်လာစေရန် အတင်းအကြပ် ဖိအားပေးခဲ့သည်။
ယခုမူ သူက ထိုနည်းလမ်းအားလုံးကို သူမအပေါ် ပြန်လည်ကာ အသုံးချလာတော့၏။
သူက တိုးလျှိုးတောင်းပန်သည့် အကြည့်တို့ဖြင့် မော့ကြည့်လိုက်သည်။ ယခုအချိန်တွင် လီယင်းကို တောင်းပန်နေ၍လည်း အကျိုးမထူးကြောင်း သဘောပေါက်သွားတော့၏။ လီယင်းမှာ ယွင်ချင်းစီ၏ လက်ထဲရှိ ဓားတစ်လက်မျှသာ ဖြစ်ကာ အခြားသူများထက် ပို၍ လိုလိုလားလား အသုံးချခံလိုသူတစ်ဦးသာ ဖြစ်ပေသည်။
သူမက နောင်တရစပြုလာတော့၏။
ခွေးနှစ်ကောင် ကိုက်နေတာကို အပျင်းပြေ ထိုင်မကြည့်ခဲ့သင့်ဘူး .. ဒီခွေးနှစ်ကောင်က ကိုက်နေရင်းကို တစ်ဖြည်းဖြည်း အင်အားကြီးလာပြီး သူမကို ပူးပေါင်းတိုက်ခိုက်လိမ့်မယ်လို့မှ မထင်ထားခဲ့မိတာ ...
ကြိုသိခဲ့ရင် အစောကတည်းက နှစ်ယောက်လုံးကို သတ်လိုက်မှာပေါ့ ...
ယွင်ချင်းစီက အခု သူမကို အရမ်းမုန်းနေတာ ဒါပေမယ့် ဘယ်အချိန်ကနေ စပြီးတော့များ ပြဿနာတွေရဲ့ လက်သည်က သူမဆိုတာကို သိသွားရတာလဲ ...
လီယင်းက ဟိုးအရင်ကတည်းက သူမကို တစ်ခေါက်မက သတိပေးခဲ့ဖူးပေမယ့် သူက ကလေးဘဝကတည်းက ရိုသေလေးစားတတ်ရမယ်လို့ သင်ကြားခံထားရတဲ့ ကလေးလေ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ရက်ရက်စက်စက် တိုက်ခိုက်လာရတာလဲ ...
ယွင်ချင်းစီက သူမကို ပြုံးကာ ကြည့်နေလိုက်သည်။
သူမကို ကိုယ်တိုင် အပြစ်ပေးရခြင်းထက် လီယင်း အပြစ်ပေးသည်ကို ကြည့်နေရခြင်းက ပို၍ ပျော်ရွှင်ဖွယ် ကောင်းလှပေသည်။
ဒီမိန်းမက သူ့နောက်ကွယ်မှာ ဘယ်လောက်အထိ ဟာသတွေ လုပ်ခဲ့၊ လှောင်ပြောင်ခဲ့မလဲ သူ့ကိုရော လီယင်းကိုရော ဘယ်လောက်အထိ လူရယ်စရာဖြစ်အောင် လုပ်ခဲ့သလဲ...
တစ်ဖက်သူနှင့် မရင်းနှီးခဲ့သည့်အတွက် မယ်တော်ကြီးမှာလည်း ထောင်လွှားမောက်မာနိုင်တော့မည် မဟုတ်ချေ။
"ဒီနေ့ နှစ်သစ်ရဲ့ အစမှာပဲ မယ်တော့်ကို လုပ်ကြံသူတွေက လာရောက်တိုက်ခိုက်သွားတယ် ဒါကြောင့် သမားတော်ချုပ်ကို အမြန်ဆုံး ပင့်ဆောင်ပြီး အကောင်းဆုံး ဆေးကုသပေးရမယ်လေ ..."
သူက လီယင်းကို ကြည့်ကာ ပြောလိုက်သည်။
"မယ်တော်က ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ တို့တွေက သူမကို ကာကွယ်ပေးပြီး သားသမီးဝတ္တရား ကျေပွန်စေရမယ် မဟုတ်လား ..."
"ဧကရီရဲ့စကားက မှန်ပါတယ် ..."
ယွင်ချင်းစီက နောက်ပြန်လှည့်မကြည့်စတမ်း ထွက်လာလိုက်သည်။
လီယင်းက ပိုးထည်တစ်စကို ယူကာ ဓားပေါ်မှ သွေးများကို သုတ်ပြီးနောက် ယွင်ချင်းစီနောက်မှ လိုက်ပါသွားတော့သည်။
ထိုက်ချီနန်းဆောင်မှ ထွက်လာပြီးနောက် လျှိုကျီရူနှင့် အခြားသူများက အလောတကြီး နှုတ်ဆက်လိုက်ကြသည်။ လီယင်းက ပြောလိုက်၏။
"မယ်တော်ကြီးက ဒဏ်ရာရသွားတယ် ယုံကြည်လို့ ရလောက်တဲ့ သမားတော်တစ်ယောက် ရှာပြီး ပြသလိုက် ..."
လျှိုကျီရူက လက်ထဲရှိ ဓားကို စိုက်ကြည့်ကာ သက်ပြင်းရှိုက်လျက် ပြောလိုက်သည်။
"အမိန့်တော်အတိုင်းပါ..."
ယွင်ချင်းစီက ဆက်လျှောက်သွားနေရင်း ချက်ခြင်း ရပ်တန့်ကာ မြေပေါ်ရှိ နှင်းစအချို့ကို ကောက်ယူပြီး လက်နှစ်ဖက်ဖြင့် ဖိဆုပ်လိုက်သည်။
ရင်ရှီနှင့် ကျင်းဟွမ်တို့က မလှမ်းမကမ်းမှ လိုက်ပါလာ၏။
လီယင်းက သူ့ကို ပြောလိုက်သည်။
"ဂရုစိုက်ဦး လက်တွေ ခဲသွားမယ် ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်ကာ နူးညံ့စွာ လှောင်ရယ်လိုက်သည်။
"မင်းဦးလေးကို သတ်ပြီး အမေကို ထိခိုက်စေတာနဲ့ပဲ အတိတ်ကို ပြန်သွားနိုင်မယ်လို့တော့ မထင်ဘူး မဟုတ်လား ..."
လီယင်း၏ နှုတ်ခမ်းမှာ သွေးရောင်ကင်းမဲ့နေဆဲပင်။ သူက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"ကိုယ်က မင်း အအေးမိသွားမှာကို စိုးရိမ်နေရုံလေးတင် ..."
"အအေးမိမယ် ..."
ယွင်ချင်းစီက လက်ထဲရှိ နှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ အအေးနန်းဆောင်မှာ အစာအငတ်ခံ၊ အအေးခံခဲ့ရတဲ့ နေ့တွေမှာကျ မင်းက အအေးမိမှာ မစိုးရိမ်ခဲ့ဘူးလား ..."
".. တောင်းပန်ပါတယ် ..."
"ရှင်းမပြချင်ဘူးလား ..."
ယွင်ချင်းစီက သူ့ကို လက်ထဲရှိ နှင်းလုံးဖြင့် ပစ်ပေါက်ကာ မေးလိုက်သည်။
"ဆက်ပြီး ရှင်းပြလို့ရတယ် ..."
နှင်းလုံးက လီယင်း၏ ရင်ဘက်နှင့် ထိမိကာ လွင့်စင်ပြန့်ကြဲသွားတော့သည်။
"ဘာပဲဖြစ်ဖြစ် အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိပြီးတော့ ကိုယ်က တကယ်လည်း မင်းကို နစ်နာစေခဲ့တဲ့သူလေ ..."
"နှစ်ခါသုံးခါ တောင်းပန်လိုက်ရုံလေးနဲ့ ခွင့်လွှတ်ခံရမယ် မထင်နဲ့ ..."