အပိုင်း ၄၇
Viewers 13k

Chapter 47



ယွင်ချင်းစီက နှင်းတို့ကို ကောက်ယူလိုက်ပြန်ရင်း ပြောလိုက်သည်။

"မင်းအမေက ငါ့ကိူ အကွက်ချကြံစည်ခဲ့တာ သူမက မင်းအပေါ်ထားတဲ့ ငါ့အချစ်တွေကို အသုံးချတယ် မင်းကိုလည်း အကွက်ချခဲ့တယ် ဆိုပေမယ့် သူမက မင်းအတွက် မင်းအချစ်ကိုပဲ သုံးခဲ့တာ ..."

သူက လီယင်းကို မေးလိုက်သည်။

"ငါမှန်တယ်လို့ မထင်ဘူးလား ..."

လီယင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြောလိုက်သည်။

"မှန်တယ် ..."

"ဒါဆို ဘယ်လို မှန်တာလဲပြောလေ ..."

လီယင်းက သူ့အနောက်မှ တိတ်တဆိတ်သာ လိုက်ပါလာသည့်အတွက် နောက်ထပ် နှင်းလုံးတစ်လုံးဖြင့် ပစ်ပေါက်လိုက်သည်။

"ပြောလေ ..."

"ကိုယ် .. ကိုယ့်ရဲ့ မာနနဲ့ သရဖူအတွက် မင်းကို လျစ်လျူရှုခဲ့တယ် မသိချင်ယောင်ဆောင်ခဲ့တယ် ပြီးတော့ မင်းကို အပေါ်ယံလေး နှစ်သိမ့်ရင်း အကုန်လုံးကို သင်ပုန်းချေဖို့ ကြိုးစားခဲ့တယ် မင်း‌ပြောတာတွေက အမှန်ပဲ ..."

ယွင်ချင်းစီက ကျေနပ်စွာပြုံး၍ ပြောလိုက်သည်။

"တကယ်တော့ မင်းက မဆိုးပါဘူး အားယင်း မင်းက ဧကရာဇ်ကောင်းတစ်ယောက်ပါ မင်းက ဘယ်အချိန်မှာ စွန့်ပစ်ရမယ်ဆိုတာ သိသလို ဘာမှမဖြစ်သလို ဟန်ဆောင်ရမယ်မှန်းလည်း သိတယ် မင်းက အားလုံးကို ခဝါချတဲ့နေရာမှာ ကျွမ်းကျင်သလို မင်းကိုယ်မင်း စံပြဖြစ်အောင် လုပ်တဲ့နေရာ၊ တစ်ခြားသူတွေကို ကပ်ပါးကောင်လို အသုံးချပြီး ကိုယ့်ဘာသာကိုယ် သတ်သေအောင် တွန်းအားပေးတဲ့နေရာမှာ အရမ်းကို ပြိုင်ဘက်ကင်း‌တာလေ ..."

သူက ချီးကျူးစကား ပြောလိုက်သည်။

"ငါတို့ အတူနေလာတာ ၁၂ နှစ်လောက် ရှိနေလို့ပဲလား ဒါမှမဟုတ် မင်းကို ငါ အရမ်းချစ်မိလို့ပဲလားတော့ မပြောတတ်ပေမယ့် မင်းက ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးဘုရင် ဆိုတာကိုတော့ ကျိန်ပြောရဲတယ် မင်းက အရမ်းကိုမှ တော်တာ ၁၃ နှစ်သား အရွယ်ကတည်းက အမတ်တွေရဲ့ ဖိနှိပ်ချင်စိတ်ကို နှစ်တွေအကြာကြီး တောင့်ခံနိုင်ခဲ့တယ် ဆင်ခြင်ဉာဏ်မရှိတဲ့ ဧကရီနဲ့ အားလုံးကို အကွက်ချကြံစည်တတ်တဲ့ မယ်တော်ကိုတော့ ထည့်ကို ပြောမနေနဲ့တော့ မင်းက တကယ်ကို ချီးကျူးလောက်စရာပဲ ..."

လီယင်းက နှုတ်ခမ်းတို့ကိုသာ ဖိကိုက်ထားကာ တစ်ခွန်းမှ ပြန်မဖြေ။

"ငါတို့နှစ်ယောက်လုံးက မယ်တော်ကြီး ကြိုး‌ဆွဲရာ ကရတဲ့ ရုပ်သေးရုပ်တွေ ပြီးတော့ ရန်သူတူတဲ့ နစ်နာသူတွေ ..."

သူက နှင်းများကို ငေးကြည့်နေရင်း ပြောလိုက်သည်။ ဖြူဖွေးသွယ်လျသည့်လး လက်ချောင်းမှာ နှင်းတို့နှင့် အတူတူပင် အရည်ပျော်သွားတော့မတတ်ပင်။

"ဒါပေမယ့် မင်းက ငါ့ထက် ဉာဏ်ပိုကောင်းတယ်လေ မင်းသာ ငါ့ကို စွန့်ပစ်မယ်ဆိုရင် အသက်ရှင်နိုင်မယ်မှန်း ကောင်းကောင်းသိခဲ့တယ် ..."

"မင်းက အမြဲတမ်း ရှင်းရှင်းလင်းလင်း တွေးနိုင်ခဲ့တာပါ မထိန်းချုပ်နိုင်ရင် စွန့်ပစ်လိုက်မယ်လို့လေ ..."

ယွင်ချင်းစီ၏ စကားတို့မှာ ရေခဲဓားသဖွယ် တစ်လွှာချင်း လွှာချလိုက်တော့သည်။

"ဒါပေမယ့် ငါကတော့ ဉာဏ်မကောင်းဘူးလေ ငါက နစ်နာသူသပ်သပ်ပဲ အချစ်အတွက် အချစ်ကိုပဲ ပြန်လိုချင်ခဲ့ရုံလေးတင် မင်းနဲ့ အတူတူဆိုတဲ့ အစီအစဉ်တွေ အများကြီး ရှိခဲ့တာ တစ်ခါမှ မင်းကို စွန့်ပစ်ဖို့ အတွေးမရှိခဲ့ဘူး သေရင်တောင် မင်းနဲ့အတူ သေမယ်လို့ပဲ တွေးခဲ့တာ အရူးတစ်ယောက်လိုပဲ သိလား မင်းက လုံးဝ မသေချင်ဘူးလို့တော့ မသိခဲ့ဘူးလေ ..."

သူက လီယင်းကို ထပ်မေးလိုက်ပြန်သည်။

"ငါ ပြောတာ မှန်လား ..."

လီယင်း ".. မှန်ပါတယ် ..."

ယွင်ချင်းစီ၏ မျက်တောင်တို့ တဆတ်ဆတ်တုန်ရီကာ လက်ထဲရှိ နှင်းလုံးကို အားမာန်အပြည့်ဖြင့် ပစ်ပေါက်လိုက်သည်။

"ငါ့ကို အရူးလို့ ထင်လား အရူးကောင် မင်းနဲ့ ထိုက်တန်တယ်လို့လေ ..."

"ကိုယ် မရည်ရွယ်ပါဘူး ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ် ပြောချင်တာက ...မင်းပြောတယ်လေ ကိုယ်က မကောင်းဘူးလို့ အဲဒီ့စကားက အမှန်ပဲ မင်း မင်းက ရူးတာ မဟုတ်ဘူး...ကိုယ်ပါ ကိုယ်က မင်းကို ရှုံးခဲ့တာ ..."

သူက ယွင်ချင်းစီကို စိုက်ကြည့်နေလိုက်သည်။ တစ်ခဏအကြာတွင် ယွင်ချင်းစီက ဒေါသကို ထွက်ပေါက်ပေးလိုက်ဟန်ဖြင့် နှင်းခဲများကို လက်တစ်ဆုပ် ကောက်ယူလိုက်သည်။

"လီယင်း မင်းသိလား ငါ မင်းကို အရမ်း သဘောကျခဲ့ရတာ မျှော်စင်ပေါ်ကနေ ခုန်ချတုန်းက ငါ့ဘဝကို မင်းရဲ့ ထီးနန်း သန်မာဖို့အတွက် အသုံးချသင့်တယ်လို့ တွေးခဲ့တာ ပြီးတော့ ငါ့ရဲ့ ရူးသွပ်မှုတွေ၊ မောက်မာမှုတွေက ဒီလိုအဆုံးသတ်နဲ့ပဲ တန်တယ်လို့လေ ..."

"ပြီးတော့ လီယင်း မင်းကတော့ ခေါင်းတစ်ချက်မှ လှည့်စရာ မလိုဘဲ သန့်သန့်ရှင်းရှင်း ထွက်သွားသင့်တယ်လို့ မင်းက ဧကရာဇ်ကောင်းတစ်ပါး ဖြစ်ခဲ့ရင်တောင် သမိုင်းထဲက ဘယ်ဧကရာဇ်နဲ့မှ တူမှာ မဟုတ်ဘူး ..."

"မင်း ပြန်မလာခဲ့သင့်ဘူး ဒါက မင်းရဲ့ အမှားပဲ ..."

"ဘာကို နောင်တရတာလဲ ဘာကို အပြစ်ရှိသလို ခံစားရတာလဲ မင်းက တကယ်ကို အံ့ဩစရာပဲ ခြေနင်းတုံးကို စွန့်ပစ်ဖို့ မတုန့်ဆိုင်းနေသင့်ဘူးလေ တိုင်းပြည်နဲ့ ငါ ဘယ်တစ်ခုကို ရွေးမလဲ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ပြီးသား မဟုတ်လား ..."

လီယင်းမှာ အဆုတ်အထိတိုင်အောင် နာကျင်မှုတို့ ပြည့်နှက်သွားတော့သည်။

"ကိုယ် မဟုတ် .. ကိုယ်က မင်းပြောသလို မကောင်းပါဘူး .. မင်းကို ဘယ်တုန်းကမှ သွားခွင့်မပြုနိုင်ခဲ့ဘူး ..."

ယွင်ချင်းစီက ရပ်တန့်ကာ သူ့လက်ထဲရှိ နှင်းလုံးကို ငုံ့ကြည့်လိုက်ပြန်သည်။

"နှင်းလုံးတိုက်ပွဲ လုပ်ကြမလား ..."

လီယင်းကို တစ်ဖန် ပြန်ကြည့်လိုက်ကာ ခေါင်းကိုစောင်း၍ ပြောလိုက်သည်။

"ဘာလို့ဆို မင်း ဘာပဲပြောပြော မစာနာပေးနိုင်လို့လေ ..."

"မိန်းမတွေနဲ့ မလုပ်နိုင်ဘူး မင်းရဲ့ သစ္စာရှိမှုကိုလည်း သက်သေမပြနိုင်ဘူး ပြင်ပက ဖိအားတွေကြောင့် မင်းရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ အတင်းဖိအားပေးခံရတာပါလို့ပဲ ‌ပြောနိုင်တယ် ..."

"အားယင်း နှင်းလုံးတိုက်ပွဲ လုပ်ကြရအောင် ..."

သူက ပြောလိုက်သည်။

"ကစားတဲ့နေရာမှာ ပြိုင်ဘက်ကို ဘယ်တုန်းကမှ သက်ညှာမပေးခဲ့ဘူး ..."

ယွင်ချင်းစီက အမှန်တကယ်လည်း သက်ညှာမပေး။ နှစ်ဦး ကစားကြလေတိုင်း လီယင်းမှာ သူ့ကို အနိုင်မရခဲ့ချေ။

ခြေလှမ်းများစွာ နောက်ပြန်ဆုတ်ကာ နှင်းခဲအများအပြားကို ကောက်ယူလိုက်သည်။

လီယင်းကမူ မလှုပ်မယှက် ရပ်နေဆဲပင်။

ယွင်ချင်းစီမှာ သူ၏ တင်းတောင့်နေသော အမူအယာကို အာရုံနောက်သွားသည့်နှယ်၊ ခပ်ကြီးကြီးနှင်းလုံးတစ်လုံးကို သူ့မျက်နှာနှင့်အတည့် ချိန်ရွယ်၍ ပစ်ပေါက်လိုက်သည်။ လီယင်းက မျက်လုံးတို့ကိုသာ မှိတ်ထားလိုက်၏။

အေးစက်လှသည့် နှင်းခဲတို့က မျက်နှာအနှံ့ ပြန့်ကြဲကျလာကာ မျက်ခုံးနှစ်ဖက်လုံး နှင်းမှုန်များ ကပ်ငြိသွားတော့သည်။ သူ့နှုတ်ခမ်းမှာ ဖောက်ထွင်းမြင်ရလုမတတ်ပင် ဖြူရော်လာတော့သည်။

"သနားစရာကောင်းချင်ယောင်ဆောင်နေတယ် ..."

ယွင်ချင်းစီက ပစ်ပစ်ခါခါ ပြောလိုက်၏။ ထို့နောက် နောက်ထပ် နှင်းလုံးတစ်လုံးကို အားမာန်အပြည့်ဖြင့် ပြင်းထန်စွာ ပစ်ပေါက်လိုက်ပြန်သည်။

ရင်ရှီနှင့် ကျင်းဟွမ်တို့ နှစ်ဦးလုံး ပူပန်စိတ်တို့ ဖိစီးသွားသည့်ဟန်။

အနားသို့ ရောက်လာသော လျှိုကျီရူကလည်း အခြေအနေကို အကဲခတ်ကာ လီယင်း၏ ရှေ့တွင် ဝင်ရပ်ရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။

"ဧကရီ .. ကျွန်တော်မျိုးကပဲ ဧကရီကို အဖော်ပြုပြီး ကစားပေးပါ့မယ် ..."

ဒီသခင်နဲ့ အစေခံက တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးတတ်လိုက်တာများ ...

ယွင်ချင်းစီက နှင်းများကို ထပ်မံကောက်ယူကာ လျှိုကျီရူထံ အညှာအတာမဲ့ ပစ်ပေါက်လိုက်သည်။

လျှိုကျီရူက လီယင်းထံ နှင်းတို့ ရောက်မလာစေရန် ဘယ်ညာယိမ်းနွဲ့ကာ ယွင်ချင်းစီကိုလည်း အဆက်မပြတ် ချီးကျူးလိုက်သည်။

"ဧကရီ ဧကရီ ကစားသွားတာ အရမ်းကို လှပတာပဲ .. အိုး ဒီငယ်သားက နောက်တစ်ကြိမ် ထိသွားပြန်ပြီ ..."

လီယင်းက လျှိုကျီရူ၏ နောက်တွင် ရပ်နေသော်ငြား သူ့ထက် များစွာ အရပ်ရှည်လျားသည့်အတွက် ယွင်ချင်းစီ၏ တစ်ဖြည်းဖြည်း ဒေါသထွက်လာသော အမူအယာကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။ သူက သက်ပြင်းချကာ လျှိုကျီရူ၏ ပုခုံးကို ဖျစ်ညှစ်ပြီး ပြောလိုက်သည်။

"ကျွန်တော်ပဲ ကစားလိုက်မယ် လူကြီးမင်းက ကျေးဇူးပြုပြီး ထိုင်လိုက်ပါ ..."

သူ့မျက်နှာမှာ ပို၍ပင် ဆိုးဝါးလာကာ ဘေးသို့ တွန်းပို့ခံလိုက်ရသည့် လျှိုကျီရူကလည်း ယွင်ချင်းစီက လီယင်းကို ကြိမ်ဖန်များစွာ ဒေါသပုန်ထကာ ပစ်ပေါက်နေကြောင်း တွေ့လိုက်ရသည်။ သူက တစ်ခုခုကို သတိရသွားသည့်ဟန် ချက်ခြင်း လက်ခုပ်တီးလျက် ပြောလိုက်သည်။

"နှင်းလုံးတိုက်ပွဲမှာ အရှင်က ဧကရီကို တစ်ခါမှ မနိုင်တာ အံ့ဩစရာတော့ မရှိပါဘူး ဧကရီက အရမ်းကို တော်တာပဲ မင်းသားအန်းနဲ့ မင်းသမီးအားဖုတို့ ကစားတာဆို ဘယ်လိုမှကို အောင့်အည်းသည်းခံပြီး  ကြည့်ပေးလို့ မရဘူး ..."

"ဟုတ်တယ် ပြီးတော့ ချိုးမိသားစုရဲ့ အကြီး‌ဆုံးသားနဲ့ လင်းရှောင်ဟွိုက်ရောပဲ ငယ်ငယ်တုန်းက အတူတူ ကစားတိုင်း တစ်ခါမှ အရှင့်ကို မနိုင်ခဲ့ကြဘူး ..."

ယွင်ချင်းစီက ရပ်တန့်လိုက်သည်။

သူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကောင်းကင်ဘုံသားတော်ကို စိုက်ကြည့်လိုက်သည်။ လီယင်း၏ အသားအရေမှာ မူလကတည်းက ဖြူဖွေးခြင်း ဖြစ်သော်ငြား ကျောက်စိမ်းကဲ့သို့သာ ဖြူဖွေးခြင်းဖြစ်ပေသည်။ ယခုမူ စက္ကူတစ်ရွက်နှယ် ဆွတ်ဆွတ်ဖြူနေတော့၏။

လီဖုနှင့် လီယန်တို့၏ နှင်းလုံးတိုက်ပွဲမှာ လွန်စွာ ပြင်းထန်လှသည်။ နှစ်ဦးလုံးမှာ ငယ်ရွယ်တက်ကြွသူများ ဖြစ်သည့်အတွက် သူတို့နှင့် ကစားလေတိုင်း ယွင်ချင်းစီသည် သူတို့ကို နတ်ဆိုးပေါက်စလေးများဟုပင် တွေးမိခဲ့သေးသည်။

လင်းဟွိုက်ကျင်းနှင့် ချိုးရှန်းမှာမူ ယွင်ချင်းစီက သူတို့နှင့်အတူ အကြိမ်အနည်းငယ်ခန့် ကစားခဲ့ဖူးသော်ငြား ထိုသို့ ကစားလေတိုင်းလည်း လီယင်းနှင့် တစ်ဖွဲ့တည်းအတူ ကစားသည့်အတွက် ထိုသူနှစ်ဦးသားလျှင် အမြန် ရှုံးနိမ့်သွားကြရသည်။

လီယင်းက သူနှင့် ပြိုင်လေတိုင်း မည်သည့်အချိန်မှမနိုင်၊ ခန္ဓာကိုယ်တစ်ခုလုံး နှင်းတို့ဖြင့် စိုရွှဲသွားရင်းသာ အဆုံးသတ်ခဲ့ရသည်။

သိူ့သော် နှစ်ယောက်တစ်သင်း ကစားချိန်တိုင်း သူတို့နှစ်ဦးသာ နိုင်လေ့ရှိပေသည်။

ထိုအကြောင်းအရင်းကို ယွင်ချင်းစီလည်း သိရှိထား၏။

သူက လီယင်း၏ မျက်နှာသို့ နောက်ဆုံးအကြိမ် ပြင်းထန်စွာ ပစ်ပေါက်ကာ တစ်ဖက်သို့လှည့်၍ ထွက်ခွါသွားလိုက်သည်။

ဘဝအသစ် ပြန်ရလာချိန်တွင် အားလုံးကို ငြင်းဆန်ကာ လီယင်းအား စက်ဆုပ်ဖွယ်၊ အရှက်မရှိ၊ အကွက်ချကြံစည်တတ်သူအဖြစ် အမျိုးစုံ အမည်တပ်ပြီး သူ့ကိုယ်ပိုင်အတွေးနှင့်အတူ လီယင်းအပေါ် ထားရှိသည့် ချစ်ခြင်းတို့အား ရုတ်သိမ်းကာ နောက်ထပ် မပတ်သက်တော့ရန် ‌ဆုံးဖြတ်လိုက်သည်။

သို့သော် ရေစက်ကံကြမ္မာအရ လီယင်းလည်း ပြန်လည်မွေးဖွားလာကာ သူ့ကို ချစ်နေဆဲဖြစ်ကြောင်း ပြောလာ၏။

လီယင်းက သူ့ကို အမှန်တကယ် ချစ်ခဲ့သည်ဆိုသည့် အချက်ကိုမူ ဝန်ခံရပေမည်။ သူက မည်သို့မည်ပုံ ချစ်ပြရမည်ကို မသိခဲ့ခြင်းသာဖြစ်သော်လည်း အမှန်တကယ် ချစ်ခဲ့ခြင်း ဖြစ်ကြောင်းကို သူတို့၏ ငယ်ဘဝ အမှတ်တရအားလုံးက သက်သေပြခဲ့ပြီးဖြစ်သည်။

ယွင်ချင်းစီက သူ့ကို မုန်းတီးခဲ့သည်။

လီယင်းကတောင် သူ့နှလုံးသားကို ကစားခဲ့သေးတာ သူကလည်း နည်းနည်းလောက် ပြန်ကစားပြီးမှ သူ့ကို စွန့်ပစ်တာ ဖြစ်သင့်တယ် မဟုတ်လား ချစ်‌ချစ် မချစ်ချစ် ဘာထူးလဲ လီယင်းက ထီးနန်းအတွက်နဲ့ သူ့ကို စွန့်လွှတ်ခဲ့တာ ဒီလိုလူမျိုးက အချစ်အကြောင်း ပြောနေဖို့တောင် တန်လို့လား ...

သိူ့သော် သူကလည်း ထိုကဲ့သို့ မလုပ်လိုပေ။ ထိုစဉ်က လီယင်းသည် သူ့နှလုံးသားကို အစိတ်စိတ်အမြွာမြွာ ရိုက်ချိုးခဲ့သည့်အတွက် ပြန်လည်ကာ လက်တုန့်ပြန်လို၍သာလျှင် နှိပ်စက်အရှက်ခွဲရန် ကြံရွယ်ခဲ့ခြင်းဖြစ်သည်။

လီယင်းတွင်လည်း သူ့ကိုယ်ပိုင် အခက်အခဲများ ရှိကြောင်းနှင့် သူ၏ လုပ်ရပ်များမှာ မဆီလျော်ကြောင်းကို သဘောပေါက်ပေသည်။ သူ့အနေဖြင့်လည်း နားမလည်ခဲ့သည်မဟုတ်။ အတိတ်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ သူသည် အလိုလိုက်ခံထားရ၍ သည်းမခံနိုင်လောက်အောင်ကို ထောင်လွှားမောက်မာတတ်သူ ဖြစ်သည်။

လီယင်းသာ သူ့ကို မချစ်ခဲ့ပါလျှင် ဟိုးယခင်ကတည်းက စွန့်ပစ်လိုက်မည်ဖြစ်သည်။

သိူ့သော် သူ့အချစ်က မချစ်သည်ထက်တော့ သာလွန်နေဆဲပင်။

အပေးရှိပါလျှင် တန်ပြန်ရလဒ်ကိုလည်း မုချ မျှော်လင့်မိပေမည်။

အတိတ်ဘဝက လီယင်းကို သေလုအောင် ချစ်ခဲ့သော်ငြား သူနှင့် ယခုလီယင်းအကြား ကွဲပြားချက်ဟူ၍ ရှိအံ့မထင်။ သူက အောက်ခြေစည်းကို တစ်ဖြည်းဖြည်း နှိမ့်ချကာ ကိုယ့်ကိုယ်ကိုယ် နစ်နာသူဟု ယူဆပြီး လီယင်းကို သေချာပေါက် လက်တုန့်ပြန်ရမည်ဟုတွေးကာ သူကိုယ်တိုင်ကိုရော လီယင်းကိုပါ ထပ်ကာထပ်ကာ ညှင်းပန်းနှိပ်စက်ခဲ့သည်။

အကြောင်းမှာ သူ ပေးဆပ်ခဲ့ရ၍ဖြစ်သည်။

လီယင်းကလည်း ထိုအတွက် ပေးဆပ်နေရ‌ဆဲပင်။ သူ့ကိုယ်သူ အထင်ကြီးလေးစားစိတ်တို့ကို ဘေးဖယ်ကာ သူ့(ယွင်ချင်းစီ)ကို ချော့မော့နှစ်သိမ့်ရန် သင်ယူခဲ့ပြီး သူ့စိတ်နှလုံးတစ်ခုလုံး များပြားလှသည့် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

အတိတ်ဘဝက ယွင်ချင်းစီကဲ့သို့ပင် ယခုလက်ရှိ လီယင်းသည် သူ့ကိုယ်သူ အနည်းငယ် စွန့်လွှတ်ကာ တစ်ခုမှ ပြန်မရပါလျှင် သူစွန့်လွှတ်သည်မှာ မလုံလောက်၍ဟုသာ တွေးပြီး သူ့တွင် ဘာမှ မကျန်တော့သည်အထိ ဆက်တိုက် ပေးအပ်ရန်သာ ဆုံးဖြတ်တော့သည်။

လီယင်း ဘာကြောင့် သူ့ကို နှင်ထုတ်ချင်ရကြောင်း ရုတ်ချည်း သဘောပေါက်သွားတော့သည်။

ဘယ်အချိန်မှ သူတို့ တစ်ယောက်ကိုတစ်ယောက် စိတ်ဒုက္ခပေးနေရတာတွေကို ရပ်တန့်နိုင်မှာလဲ ဒီအရှုပ်‌အထွေးကို တစ်ယောက်ယောက်က အမြန်ဆုံး ဖြတ်တောက်နိုင်ရမယ်လေ ပြီးတော့ ဒီနည်းလမ်းနဲ့ပဲ နှစ်ဖက်လုံး အေးအေးချမ်းချမ်း နေနိုင်မှာ ...

အတိတ်ဘဝက လီယင်းသည် ရှင်းလင်းစွာ တွေးခေါ်တတ်သူတစ်ဦး ဖြစ်ခဲ့သည်။ ယခုဘဝတွင်မူ ယွင်ချင်းစီ၏ အတွေးတို့လည်း ရှင်းလင်းလာကာ သူသည်သာလျှင် ကြီးမားသည့် အမှားကို ကျူးလွန်သူဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ယခု လက်စားချေလိုသည့် ရည်ရွယ်ချက် ပြည့်ဝကာ မယ်တော်ကြီးကလည်း သူ့ကို ပြဿနာရှာနိုင်တော့မည်မဟုတ်။ ယခုဘဝ နန်းတော်ထဲသို့ ပြန်လာစဉ်က လီယင်းနှင့် ပူးပေါင်းကာ လီယင်း၏ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်ရေးတွင် ကူညီပြီး သူ့မိသားစုကိုပါ တစ်ပါတည်း ကာကွယ်ပေးရန် ရည်ရွယ်ခဲ့သော်လည ယခုမူ စိတ်ခံစားချက် အရှုပ်အထွေးတို့မှ ရုန်းမထွက်လာနိုင်တော့။

ဖြတ်တောက်ဖို့ဆိုတာကလည်း မဖြစ်နိုင် ဇာတ်လမ်းတစ်ခုလုံး ပရမ်းပတာနဲ့ ...

ဘာဖြစ်လို့ စိတ်အနှောင့်အယှက် ဖြစ်ခံနေတော့မှာလဲ ...

တစ်ယောက်နဲ့တစ်ယောက် ခွဲနေလိုက်ကြတာက ပိုမကောင်းဘူးလား ရိုးစင်းပြီး သန့်ရှင်းတယ်လေ ...

အတိတ်ဘဝက လီယင်းသည် သူ၏ ယွင်မိသားစုကို မသတ်ခဲ့သည့်အတွက် ယခုဘဝတွင် အသိဉာဏ်နုံနဲစွာ တဇွတ်ထိုး ပြုလုပ်တော့မည်မဟုတ်။ လီယင်း အာဏာရှိနေသရွေ့ ယွင်၊ ချင်နှင့် ရှောင်မိသားစုတို့မှာ အလေးပေးခံနေရမည်ဖြစ်သည်။

ယွင်ချင်းစီ ထွက်သွားပြီးနောက် လျှိုကျီရူက လီယင်း၏ မျက်နှာပေါ်ရှိ နှင်းတို့ကို သုတ်ပေးလိုက်သည်။ မျက်ခုံးပေါ်ရှိ နှင်းမှုန်တို့က ရေအဖြစ် စီးကျကာ သူ့အမြင်ကို ဝေဝါးသွားစေ၏။

လျှိုကျီရူက သူ့ကို သန့်ရှင်းသွားသည်အထိ သုတ်ပေးရင်း ပြောလိုက်သည်။

"အရှင် ဧကရီက အခုထိ အရှင့်အကြောင်း တွေးမိနေတုန်းဆိုတော့ သူ့ကို အရှင်တို့ရဲ့ အတိတ်ကအကြောင်းတွေကို မကြာခဏ ပြန်ပြောလို့ ရတယ်လေ အရှင်တို့ ထိမ်းမြားပြီးကာစ နှစ်နှစ်အကြောင်း ပြန်တွေးကြည့်ရင် ဘယ်လောက်တောင် ကောင်းလိုက် ..  အရှင်! ..."

လီယင်း၏ ဖြူလျော်လျော်နဖူးထက်တွင် သွေးကြောပြာများ ထင်းထွက်နေကာ နှုတ်ခမ်းထောင့်စွန်းမှ သွေးအချို့ ယိုစီးကြလာ၏။ ခေါင်းကို ငုံချလိုက်သည့်အခါ နီရဲစေးကပ်သည့် သွေးတို့က နှုတ်ခမ်းမှတစ်ဆင့် နှင်းလွှာထုပေါ် ကျဆင်းသွားတော့သည်။

နီရဲနေသည်မှာ ဟင်္သာပြဒါးကို လောင်းချထားသည့်နှယ်ပင်။

သူ့အကြည့်ထဲတွင် ထူထဲနေသော တိမ်တိုက်တို့ ပြောင်းလဲကာ နှင်းမြူဆိုင်းနေသော နန်းတော်ထဲတွင် မြင့်မားသည့် နန်းဆောင်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာသည်။

လက်ထဲရှိ ဓားကို မြေပေါ်သို့ ပစ်ချလိုက်ကာ လီယင်းက ထိုဓားဘေးတွင် ငုတ်တုတ်ထိုင်ရင်း ရှေ့တည့်တည့်သို့ ငေးစိုက်ကြည့်နေလိုက်သည်။

"တစ်ယောက်လောက် လာကြစမ်း တော်ဝင်သမားတော်ကို ကျန်းရှန်းနန်းဆောင်ဆီ ပင့်ဆောင်ခဲ့ကြ ..."

.......

နှစ်တစ်နှစ်၏ အစပိုင်းတွင်ပင် ယွင်ချင်းစီက ရန်သူများကို အပြစ်ပေးပြီးဖြစ်ရာ ဝမ်းသာဖွယ်ရာ အထိမ်းအမှတ်ဟု သတ်မှတ်၍ ရသည့်အတွက် လီယင်းနှင့် ရှင်းလင်းရန် ကျန်ရစ်သည်များကိုပါ တစ်ပါတည်း ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုသည်က နောက်ထပ် ကြီးမားသော အောင်မြင်မှုတစ်ရပ် ဖြစ်ပေလိမ့်မည်။

သူက နန်းဆောင်ဆီသို့ ပြန်လာကာ တော်ဝင်စားဖိုဆောင်အား ဟင်းလျာအများအပြား ချက်ပြုတ်စေလျက် နန်းတော်ထဲတွင် နောက်ဆုံးအကြိမ် စားသောက်ခဲ့သည်။

ထို့နောက် ရင်ရှီနှင့် ကျင်းဟွမ်တို့ကို ခေါ်မေးလိုက်သည်။

"ငါသာ အရှင်နဲ့ အေးအေးချမ်းချမ်း လမ်းခွဲခဲ့မယ်ဆိုရင် မင်းတို့တွေ င့ါနောက် လိုက်ခဲ့ချင်လား ..."

နှစ်ဦးလုံး ကြောင်အသွားကြတော့သည်။

"ဧကရီ ..."

"အခုကနေစပြီး ငါက ဧကရီ မဟုတ်တော့ဘူး ..."

ယွင်ချင်းစီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက မင်းတို့နှစ်ယောက်နဲ့ အသားကျနေပြီးသား တကယ်လို့ မင်းတို့ ငါ့နောက် လိုက်ခဲ့မယ်ဆိုရင် လစဉ် လုပ်ရိုးလုပ်စဉ်က နန်းတော်ထဲက အတိုင်းပဲ နေခဲ့ချင်တယ် ဆိုရင်လည်း လျှိုလူကြီးမင်းက မင်းတို့အတွက် နန်းတော်ထဲမှာ နေရာတစ်ခု စီစဉ်ပေးလိမ့်မယ် ..."

ကျင်းဟွမ်နှင့် ရင်ရှီတို့က အကြည့်ချင်း‌ဆုံကာ တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြသည်။

"ဒီအစေခံတွေက ဧကရီရဲ့နောက်ကိုပဲ လိုက်ဖို့ ဆန္ဒရှိပါတယ် ..."

ယွင်ချင်းစီသည် လွှမ်းမိုးလိုစိတ် များပြားသည့်တိုင် သူ့အနားတွင် ခစားသူများကိုမူ မခက်ထန်။ ကြီးမားသည့် အမှားမျိုး မဟုတ်သရွေ့ မျက်စိမှိတ်ကာ ကျော်ပေး‌သွားလေ့ ရှိပေသည်။

စင်စစ်အားဖြင့် နန်းတော်ထဲ ရောက်လာကာစက သူ့ဂုဏ်သတင်းမှာ လွန်စွာ ကောင်းမွန်လှသည်။ ကောင်းကင်ဘုံသားတော်နှင့် လွန်စွာ သဟဇာတ ဖြစ်လှသည့်အပြင် လက်အောက်ငယ်သားများကိုလည်း ကြင်နာမျှတစွာ ဆက်ဆံလေ့ရှိသည်။

အတိတ်ဘဝက ဖြစ်ရပ်များ၏ လွှမ်းမိုးမှုမှာ ကြီးမားလှသည့်အတွက် ယွင်ချင်းစီသည် သူ လီယင်းနှင့် လက်ထပ်ပြီးစက မည်သို့မည်ပုံ ဖြစ်ခဲ့သည်ကိုပင် မေ့လျော့မိနေတော့၏။

မူလက သူသည် ထောင်လွှားမောက်မာ ခက်ထန်ခြင်းမရှိ၊ လူတိုင်း၏ ရွံမုန်းကြောက်လန့်မှုကိုလည်း မခံယူရသေးပေ။

သိူ့သော် ၎င်းမှာ အရေးမပါတော့ချေ။