အပိုင်း ၄၈
Viewers 12k

Chapter 48



ယွင်ချင်းစီက ဇာမဏီဝတ်ရုံကို ချွတ်ကာ အဖြူရောင် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး စားပွဲပေါ် ထိုင်လျက် စာတစ်စောင် ရေးလိုက်သည်။ ၎င်းကို ကျန်းရှန်းနန်းဆောင်သို့ ပို့ဆောင်စေပြီးနောက် ကျင်းဟွမ်နှင့် ရင်ရှီတို့အား ချောင်ယန်နန်း‌ဆောင်ကို ရှင်းလင်းသိမ်းဆည်းစေကာ ရထားလုံး ပြင်ထားရန် အမိန့်ပေးလိုက်သည်။

နှစ်သစ်ကူးအားလပ်ရက်များတွင် မိဘအိမ်ပြန်ကာ ဖခင်ဖြစ်သူ၊ အစ်ကိုများနှင့် အချိန်ဖြုန်းခဲ့သည့်အတွက် ရထားလုံး ပြင်ပေးရမည့် အစေခံက မေးမြန်းလိုက်သည်။

"ဧကရီ .. ဆွေမျိုးတွေဆီ အလည်အပတ် သွားဖို့ဆို ‌အဆောင်အယောင် အခမ်းအနားပါရှိတဲ့ ရထားလုံး ပြင်ဆင်ပေးရမလား ..."

"မလိုအပ်ဘူး ..."

သူက ပြုံးပြလိုက်သည့်အတွက် ထိုအစေခံမှာ တစ်ခဏမျှ ကြောင်အသွားတော့သည်။ ကြည်လင်ရှင်းသန့်နေသည့် မျက်နှာကို ငေးကြည့်ရင်း လက်ထပ်ပြီးကာစ ဧကရီကို ပြန်လည်ကာ အမှတ်ရသွားတော့သည်။

လီယင်း ပြန်လည်မွေးဖွားလာကြောင်း သိရှိသွားပြီးကတည်းက တစ်ဖက်သူသည် သူ့ကို နန်းပြင်ထွက်ရန် မတားမြစ်တော့။ တစ်ဖက်သူ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရန် မလိုအပ်သည့်အတွက် ယွင်ချင်းစီအဖို့ နန်းပြင်ထွက်ရန်မှာ လွယ်လွန်းမက လွယ်ကူလှပေသည်။

ရထားလုံးက နန်းမြို့တော်၏ အရှေ့ဘက်ဂိတ်မှတစ်ဆင့် နှင်းမှုန်များအကြား တစ်ဖြည်းဖြည်း ထွက်ခွါသွားတော့သည်။

ယွင်ချင်းစီက မျက်စိစုံမှိတ်ကာ သက်ပြင်းချလျက် အရေးမပါသည့် ကိစ္စရပ်များကို ချန်ရစ်ထားလိုက်တော့သည်။

လီယင်းကိုရော သူ့ရဲ့ တိုင်းပြည်ကိုပါ တစ်ခါတည်း နှုတ်ဆက်ခဲ့ပါတယ် ...

လီယင်းက သတိလစ်မေ့မြောနေဆဲဖြစ်ကာ သမားတော်က သူ၏ စိတ်ခံစားချက် ပြဿနာများသည် နှလုံးနှင့် ဆက်စပ်နေကြောင်း စစ်ဆေးမိသွားတော့သည်။ ဤသည်မှာ ပိုမိုပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာကို ပိုပိုပြီး ခံစားလာရခြင်း၏ အကျိုးဆက်လည်း ဖြစ်ပေလိမ့်မည်။ ဤထက်ပိုမို ရှည်ကြာသွားပါလျှင် ကြောက်ရွံ့ကာ စိတ်ကစဉ့်ကလျား ဖြစ်သွားနိုင်ပေသည်။

သူက ဆေးညွှန်းရေးကာ အပ်စိုက်ပေးပြီး ရှောင်ရှားရမည့် အခြေအနေများအား မှာကြားလိုက်၏။ လျှိုကျီရူက ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

ဤအကြောင်းကို ဧကရီအား အကြောင်းကြားရလေမလားဟုပင် တွေးလိုက်မိသေးသည်။ အကယ်၍ ဧကရီသာ ထိုအကြောင်း သိပါလျှင် အရှင့်အပေါ် သူ့သဘောထား အနည်းငယ် ပျော့ပြောင်းလာနိုင်ပေသည်။

သို့သော် ဧကရာဇ်က သတိလစ်မသွားမီ ယွင်ချင်းစီကို ပြဿနာ မပေးရန် အထူးတလည် မှာကြားခဲ့ကြောင်း သတိရသွား၏။

အတွေးတို့ လွန်ဆွဲနေစဉ်မှာပင် အစေခံတစ်ဦးက သေတ္တာတစ်လုံး ကိုင်ဆောင်လျက် ရောက်လာ၏။

"ဧကရီက ဒါကို ပို့ဆောင်ခိုင်းလိုက်လို့ပါ အရှင့်အတွက်လို့ ပြောပါတယ် ..."

ဧကရီက အရှင် သတိလစ်သွားတာကို သိနေတာများလား ...

သူက ဝမ်းသာအားရဖြင့် သေတ္တာကိုသယ်ကာ စားပွဲဆီသို့ ပြန်လာလိုက်၏။ အထဲတွင် ရှိနေသည်မှာ ရှားပါးဆေးဝါးဟု ထင်မှတ်မိ၍ ချက်ခြင်း ကြိုချက်ကာ တိုက်လိုက်ပါလျှင် အရှင်လည်း သောက်ပြီးပြီးချင်း ပြန်လည်သက်သာလာလိမ့်မည်ဟု မျှော်လင့်မိလိုက်သည်။

သေတ္တာကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက် မျှော်လင့်ချက်အားလုံး ရိုက်ချိုးခံလိုက်ရတော့သည်။

ကွာရှင်းပြတ်စဲသည့် စာတစ်စောင် ..

ဧကရီက ကွာရှင်းပြတ်စဲတဲ့စာ ပို့လိုက်တယ် ..

ကြည့်ရတာ ရေးကြီးခွင်ကျယ် လုပ်မိရင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာပျက်ရမှာကြောက်လို့ သေတ္တာနဲ့ ထည့်ပေးလိုက်တာထင်တယ် ..

လျှိုကျီရူက သေတ္တာကို ပြန်ပိတ်ထားလိုက်သည်။

...........


ယွင်ချင်းစီ အိမ်ပြန်လာသည့်အချိန်တွင် ယွင်အိမ်တော်တစ်ခုလုံး စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ ယွင်ချင်းစီက အစေခံတစ်ဦးကို မေးကြည့်လိုက်ရာ နှစ်သစ်ကူးကာလအတွင်း၌ သူ့အစ်ကိုများနှင့် လိုက်ဖက်သင့်လျော်သည့် သတို့သမီးရုပ်ပုံလွှာ တစ်ထပ်ကြီး သယ်ဆောင်လာသော ဧည့်သည်တစ်ဦး ရောက်ရှိနေကြောင်း သိလိုက်ရသည်။

သူသည်လည်း ဟန်မဆောင်နိုင်စွာ ရယ်မောမိလိုက်တော့သည်။ ထို့နောက် လူအုပ်ကြား ရောနှောပါတင်မနေတော့ဘဲ အိမ်တော်အစွန်းရှိ သူ့ခြံဝင်းသေးသေးလေးထဲသို့သာ ပြန်သွားလိုက်သည်။ များမကြာခင်ကပင် ထိုခြံဝင်းထဲ နေသွားသေးသည့်အတွက် အနည်းငယ် ရှင်းလင်းလိုက်ရုံမျှဖြင့်ပင် နေထိုင်၍ ရသွားပြီဖြစ်သည်။ သူ့တွင် နေထိုင်စားသောက်ရန် အလုံအလောက် ရှိနေသည့်အတွက် နန်းတော်ထဲမှ မည်သည့်အရာကိုမှ မယူခဲ့ပေ။

တစ်ရေးတစ်မော အိပ်စက်လိုက်၏။

ယမန်နေ့က လီယင်းသည် သူ့နန်းဆောင်တွင် လာအိပ်သည့်အတွက် ဘေးခန်းတွင်သာ အိပ်ခဲ့ရရာ ထိုအခန်း၏ ကုတင်မှာ ကျဉ်းမြောင်းသည့်အပြင် အနွေးကုတင်လည်းမဟုတ်၊ မီးသွေးမီးဖိုတစ်ခုတည်းသာ ရှိသည့်အတွက်ကောင်းစွာ အိပ်မပျော်ခဲ့ချေ။

ထိုတစ်ခဏ၌ ရုတ်ချည်း အိပ်မက်တစ်ခုကို မြင်မက်လိုက်တော့သည်။

ရွှေတောင်တန်း၊ ငွေပင်လယ်တို့ ဝန်းရံကာ ကျောက်မျက်ရတနာ၊ ကျောက်စိမ်းတို့ ပြည့်နှက်ပြီး လက်ရာပြောင်မြောက်လှသော မြို့ရိုးတံတိုင်းများ ကာရံထားသည့် ‌ကြီးမားလှသော မြေအောက်နန်းတော်ကြီးတစ်ခုထဲတွင် ဖမ်းဆီးခံထားရသည်ဟု အိပ်မက်မက်ခဲ့၏။

အထဲတွင် လူး‌လာခေါက်ပြန် အံ့ဩတကြီး လှည့်ပတ်ကြည့်ရှုနေကာ အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ မျက်နှာကြတ်တွင် ကြယ်တာရာသဖွယ် ဖန်တီးထားသည့် ပုလဲလုံးများကို တွေ့လိုက်ရသည်။ မည်သည့် စက်ယန္တရားကို အသုံးပြုထားသည် မသိရသော်ငြား အလင်းရောင်မှာ ၎င်း၏ လမ်းကြောင်းအတိုင်း တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားတော့သည်။

ထိုသို့ဖြင့် နန်းတော်၏ ဗဟိုရှိ သေတ္တာကြီးတစ်လုံးအနီးသို့ တစ်ဖြည်းဖြည်း တိုးကပ်သွားတော့သည်။

သေတ္တာအတွင်းတွင် ဖန်မီးအိမ်များစွာ ထွန်းညှိထားကာ အထဲရှိ ‌ဖယောင်းတိုင်မီးရောင်မှာ မှိန်ဖျော့လှသည်။ ယွင်ချင်းစီက သေတ္တာထဲတွင် မည်သည့်အရာ ရှိနေကြောင်း သိလိုစိတ်အပြည့်ဖြင့် ကြည့်မည်ပြုစဉ်မှာပင် နူးညံ့လှသည့် အသံတစ်ခုဖြင့် လှုပ်နိုးခြင်းကို ခံလိုက်ရတော့သည်။

"ရှောင်စီ .. စီအာ .. ယွင်ချင်းစီ ..."

"အဖေ ..."

သူက မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် တစ်ဖန် အိပ်ချင်ငိုက်မြည်းစွာဖြင့် ပြန်ပိတ်ပြီး မကျေမနပ် ပြောလိုက်သည်။

"ဘာလုပ်နေတာလဲ ..."

"ဘာလို့ ပြန်လာရပြန်တာလဲ ..."

အမတ်ချုပ်ယွင်က စိုးရိမ်တကြီး‌ မေးလိုက်သည်။

"အရှင်နဲ့ မင်းနဲ့ တစ်ခုခု ဖြစ်ကြပြန်ပြီလား ..."

"မဟုတ်ပါဘူး ..."

ယွင်ချင်းစီက မျက်လုံးကို ကြမ်းတမ်းစွာ ပွတ်သပ်ကာ ထထိုင်ပြီး ရှည်လျားရှုပ်ထွေးနေသော ဆံပင်တို့ကို ထိုးဆွလျက် ပြောလိုက်သည်။

"ကျွန်တော် သူ့ကို ထားခဲ့တာ ..."

"ဘာ ..."

တစ်ညီတစ်ညာတည်း ထွက်လာသည့် အသံကို ကြားရကာမှ တတိယအစ်ကို ယွင်ချင်းကျွင့်လည်း ရဗိနေကြောင်း သတိထားမိသွားတော့သည်။ သူက နှုတ်ခမ်းကိုကိုက်ကာ ခပ်မတ်မတ် ပြန်ထိုင်ပြီးကာမှ အလေးအနက် ပြောလိုက်သည်။

"ကွာရှင်းပြတ်စဲစာ ရေးပြီး ကျန်းရှန်းနန်းဆောင်ကို ပို့ပေးလိုက်ပြီ အခုဆို သူလည်း သိနေလောက်ပါပြီ ..."

"အရှင်က သဘောတူရဲ့လား .."

"သဘောတူမှာပါ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရင်က သူပဲ ကျွန်တော့်ကို စွန့်ပစ်ချင်ခဲ့တာ မဟုတ်လား ..."

အမတ်ချုပ်ယွင်မှာ စိတ်ရှုပ်ထွေးသွားသည့်ဟန်။ တစ်ခဏကြာကာမှ ပြောလိုက်သည်။

"တကယ်ပဲ နန်းတော်ထဲမှာ ဘာမှ မဖြစ်ခဲ့တာ သေချာလား ..."

"ဟုတ်ကဲ့ ..."

မိသားစုတစ်ခုလုံး စိတ်အေးသွားသည့်ဟန် အပြိုင်အဆိုင် သက်ပြင်းချလိုက်ကြတော့သည်။

"အခု မင်းကလည်း ကွာရှင်းပြီးသွားပြီ နောက်ရက်ပိုင်းအတွင်း အောင်သွယ်တော် ရောက်လာမှာဆိုတော့ လက်ထပ်ပွဲအကြောင်း ဆွေးနွေးဖို့ အဆင်သင့်ဖြစ်သွားတာပေါ့ ..."

ယွင်ချင်းစီက သူ့မိသားစုကို ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု ထင်မှတ်မထား။ တစ်ခဏမျှ တုန့်ဆိုင်းနေပြီးကာမှ ပြောလိုက်သည်။

"ဒါဆို ဘယ်လိုလူမျိုးကို ရွေးသင့်လဲ ..."

"မင်းက အရှင်နဲ့ ထိမ်းမြားဖူးတဲ့သူဆိုတော့ ရာထူးရာခံရှိပြီးသားသူကတော့ မင်းကို လက်ထပ်ရဲမှာ မဟုတ်ဘူး စီးပွားရေးသမားကိုပဲ ရှာ ..."

ယွင်ချင်းစီက သက်ပြင်းတစ်ချက်ချကာ သဘောတူမည် ပြုစဉ်မှာပင် အမတ်ချုပ်ယွင်၏ စကားသံကို ကြားလိုက်ရသည်။

"ဒီကိစ္စကို အတည်ပြုဖို့ လိုအပ်တယ် သူက အခုထိ ဧကရီ ဖြစ်နေသေးတုန်းဆိုတော့ အရှင်သာ ဒီကိစ္စကို သိသွားလို့ အမျက်ရှရင် ကျန်တဲ့သူတွေကိုပါ သက်ရောက်သွားလိမ့်မယ် ..."

ဤသည်မှာ ကျိုးကြောင်းဆီလျော်သည့်အတွက် ယွင်ချင်းစီလည်း သူ့စကားတို့ကို မျိုချထားလိုက်ရတော့သည်။

"ကောင်းပြီ ..."

ယွင်ချင်းကျွင့်က ပြောလိုက်သည်။

"လုပ်စရာမရှိရင် ညစာအတွက် ဖက်ထုပ်လာလုပ်လှည့် ..."

"ဖက်ထုပ် လုပ်ရမယ် ..."

ယွင်ချင်းစီက အံ့အားသင့်သွားသည့်ဟန်။ အမတ်ချုပ်ယွင်က ပြုံးကာ ပြောလိုက်သည်။

"အရင်က အိမ်တော်မှာ နှစ်သစ်မကူးဖူးဘူး မဟုတ်လား ငါတို့မိသားစုက နှစ်သစ်ဆို ဖက်ထုပ်ကို ကိုယ်တိုင်ပဲ လုပ်တာလေ အစေခံတွေက နှစ်ကူးရင် အိမ်ကို ပြန်ကြတာ ..."

လက်ထပ်ပြီး ပထမဆုံးနှစ်က ယွင်ချင်းစီနှင့် လီယင်းတို့သည်  ဖက်ထုပ်များ ကိုယ်တိုင် ပြုလုပ်ခဲ့ကြပြီး ထိုသို့ လုပ်နေစဉ်အတွင်း တစ်ဦးနှင့်တစ်ဦး ဂျုံမှုန့်များဖြင့် သုတ်ပေးလိုက်ကြသေးသည်။

သို့သော် ၎င်းမှာ တစ်ကြိမ်တည်းသာ။

လီယင်းက သူ့ဘဝတစ်လျှောက် အဖော်ပြုပေးသည့်အတွက် သူ့ကို တစ်ကြိမ်တည်းဖြင့် စွန့်ပစ်နိုင်ရန် မဖြစ်နိုင်ပေ။ ယွင်ချင်းစီက ၎င်းကို ပြန်စဉ်းစားရင်း ဖခင်ဖြစ်သူ၊ အစ်ကိုများနှင့်အတူ မီး‌ဖိုချောင်သို့ ဝမ်းသာအားရ အပြေးသွားလိုက်တော့သည်။

ကျန်းရှန်းနန်းဆောင်တစ်ခုလုံး အေးစက်အုံ့မှိုင်းနေ၏။

ပြန်လည်သတိရလာပြီဖြစ်သော လီယင်းအတွက် စားဖိုဆောင်က ညစာ ပြင်ဆင်ပေးထား၏။ သူသည် နေ့စဉ်ဘဝတွင် အသုံးအဖြုန်းကြီးသူ မဟုတ်သည့်အတွက် စားသောက်သည့် ဟင်းလျာတို့မှာလည်း တော်သင့်ရုံမျှသာပင်။ လျှိုကျီရူက သူ့နောက်သို့ လိုက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်တိုင် လီယင်း ကြိုက်နှစ်သက်သည့် ဟင်းလျာတို့ကို ကောင်းကောင်း မသိသေးချေ။ သူ့ကို ပြင်ဆင်ပေးသမျှ ဟင်းလျာတိုင်းအား ကောင်းကောင်းစားလေ့ ရှိသည့်အတွက် ယနေ့လည်း အာဟာရပြည့်ဝမည့် ဟင်းလျာများကိုသာ ပြင်ဆင်ပေးထားလိုက်တော့သည်။

ဖြူရော်နေသော လက်တစ်စုံဖြင့် ကျောက်စိမ်းဇွန်းကို ကိုင်ထားရင်း လီယင်းက စွပ်ပြုတ်ကို တစ်ငုံသောက်ကာ ပြောလိုက်သည်။

"ဧကရီရော စားပြီးပြီလား ..."

"ဧကရီက သူ့ဘာသာသူ ဂရုစိုက်ပါလိမ့်မယ် ..."

လီယင်းက အနည်းငယ် အေးခဲသွားပြီးကာမှ ယနေ့ ယွင်ချင်းစီသည် သူ့ကို လွန်စွာ ဒေါသထွက်နေကြောင်း သတိရသွားသည့်အတွက် အနေခက်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်လေ ..."

စားသောက်ပြီးနောက် အပေါ်ထပ်တစ်ထည်ဝတ်ကာ လမ်းလျှောက်ထွက်လိုက်သည့်အတွက် လျှိုကျီရူကလည်း ထီးတစ်ချောင်းကိုကိုင်ကာ ပြောလိုက်သည်။

"အရှင် ဒီည နှင်းကျနေတော့ အပြင်မထွက်တာ ပိုကောင်းမယ် ထင်ပါတယ် ..."

"အဆင်ပြေပါတယ် အပြင်ကို ထွက်ကြည့်လိုက်ဦးမယ် ..."

လျှိုကျီရူက ရင်းနှီးနေသည့် လမ်းကြောင်းကို မြင်လိုက်ကာမှ လီယင်း၏ ဦးတည်ရာကို သတိပြုမိသွားတော့သည်။

သူက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"အရှင် နောက်ကျနေပါပြီ ဧကရီလည်း အနားယူနေလောက်ပါပြီ ..."

လီယင်းက သူ့ကို စိုက်ကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

"လျှိုလူကြီးမင်း ကျွန်တော့်ကို တစ်ခုခု ဖုံးကွယ်ထားလား ..."

လျှိုကျီရူက ပြန်မဖြေ။ လီယင်းကလည်း အတင်း မမေးပေ။ ချောင်ယန်နန်းဆောင် ရှိရာအထိ ဆက်တိုက် လျှောက်သွားလိုက်သည်။

နန်းဆောင်၏ တံခါးရှေ့တွင် မီးများ ထွန်းထားသော်လည်း တံခါးကိုမူ တင်းတင်းကြပ်ကြပ် ပိတ်ထားပြီး အထဲတွင်လည်း အသံတစ်ခုတစ်လေကိုမှ မကြားရပေ။

လီယင်းက ခပ်ဝေးဝေးမှ ရပ်ကြည့်နေလိုက်၏။ လျှိုကျီရူက ပြောလိုက်သည်။

"ကြည့်ရတာ ဧကရီက အိပ်မောကျနေပြီထင်တယ် ..."

"အမ်း ..."

ပိုမိုပြင်းထန်စွာ ကျဆင်းလာသည့် နှင်းတို့ကြောင့် လီယင်းက နှုတ်ခမ်းကိုအုပ်ကာ ချောင်းဆိုးလာရာ လျှိုကျီရူက ပြောလိုက်သည်။

"အရှင် လေအရမ်းထန်နေတော့ ပြန်ကြရအောင်ပါ မနက်ဖြန်ကျလည်း ညီလာခံ ရှိနေသေးတော့။

လီယင်းက တစ်ခဏမျှ ဆက်ရပ်နေပြီးကာမှ ပြောလိုက်သည်။

"ပြန်ကြရအောင် ..."


........

နှစ်ကူးညစာ စားအပြီး ယွင်ချင်းစီက သူ့ခြံဝင်းရှိရာဆီသို့ ပေါ့ပေါ့ပါးပါး ပြန်လာလိုက်သည်။ စင်္ကြန်လမ်းတစ်လျှောက် ညွတ်ကျနေသည့် ဇီးပန်းပွင့်ကိုင်းတို့ကို တွေ့လိုက်ရသည့်အခါ ဆက်မလျှောက်တော့ဘဲ ၎င်းတို့ကိုသာ ဂရုတစိုက် ငေးကြည့်နေလိုက်သည်။

သူ့အဖို့ ဘာမှမတွေးနိုင်၊ ဘာမှ မလုပ်နိုင်၊ ပြင်းပြသည့် ဆန္ဒဟူ၍လည်း မရှိတော့သည့် ကိုယ်စိတ်နှစ်ပါးလုံး ဗလာဖြစ်နေသော အခြေအနေမျိုးကို ကြုံတွေ့ရသည်မှာ လွန်စွာ ရှားပါးလှပေသည်။

တိမ်ပေါ်သို့ ပစ်တင်ခံလိုက်ရသည့်နှယ် အတွင်းရောအပြင်ပါ ပျင်းရိဖွယ် နူးညံ့အိစက်နေ၏။

စိုးရိမ်စရာ ကင်းမဲ့လှသည့် ငါးဆားနူတစ်ယောက်အဖြစ် နေရခြင်းမှာလည်း အတော်လေး စိတ်ချမ်းမြေ့ဖွယ်ရာပင်။

ထိုစဉ် အမတ်ချုပ်ယွင်က အနားယူရမည့်အစား တစ်နေရာရာသို့ ရေးကြီးသုတ်ပျာ သွားနေသည်ကို တွေ့လိုက်ရသည်။

ယွင်ချင်းစီ၏ အကြည့်တို့ ဝင်းလက်ကာ အနောက်မှ တိတ်တဆိတ် လိုက်သွားလိုက်သည်။

အမတ်ချုပ်ယွင်က မည်သူ့ကိုမှ အဖော်မခေါ်ဘဲ အိမ်တော်ထဲရှိ ဘိုးဘေးခန်းမရှိရာဆီသို့ ထွက်လာလိုက်သည်။ ယွင်ချင်းစီက ရှေ့ဆက်ဖြစ်ပွားမည်များကို သိနေသည့်အတွက် အပြင်ဘက်တွင်သာ ရပ်စောင့်နေလိုက်တော့၏။

အမွှေးတိုင်၏ ရနံ့ နှာဖျားဝသို့ ရောက်လာချိန်မှာပင် သူ့အဖေ၏ စကားသံကိုပါ တစ်ချိန်တည်း ကြားလိုက်ရသည်။

"ရှောင်စီ ဒီကလေးကလေ နောက်ဆုံးတော့ ကိုယ်နဲ့ ရင်းရင်းနှီးနှီးနေဖို့ ဆန္ဒရှိလာပြီ ..."

"ဒီနေ့ ကိုယ်တို့တွေ နှစ်ကူးညစာ စားခဲ့ကြတာ သူ့လက်ရာကလေ အတော်လေးကို  ကောင်းတာ သိလား မင်းရဲ့ ဖက်ထုပ်ထက်တောင် ပိုစားကောင်းသေးတယ် ..."

"အမြဲတမ်း သူ့ကို စိုးရိမ်နေခဲ့ရတာ ..ဟိုမိန်းမ ကျန်းရှစ်ရွှယ်ရဲ့ အနားကိုလည်း ရောက်သွားရော ဒီကလေးကလေ အရင်ကနဲ့ကို မတူတော့ဘူး အရှင် မပြောနဲ့ ကိုယ်တောင် သူ့အကြောင်း ကြားရမှာ ကြောက်မိတယ် ..."

"မင်းမသိလို့ ရုံးတော်မှာလည်းလေ ကိုယ်တို့သားအဖ ဆက်ဆံရေး အဆင်မပြေဘူးလို့ထင်ပြီး သူ့ကို အသုံးချချင်၊ ဆွဲချချင်တဲ့သူတွေမှ အများကြီးပဲ ..."

"ကျန်းရှစ်ရွှယ်ရဲ့ လှည့်ကွက်တွေကတော့ ကောင်းသလားကို မေးမနေနဲ့တော့ ..."

"လျှိုလူကြီးမင်းဆီကနေ ကြားရသလောက်ဆို အရှင့်မှာလည်း မလွယ်လှပါဘူး အဲဒီ့ကလေး .. သူကလေ ထီးနန်းဆက်ခံရကာစက ကိုယ့်အနားမှာ ကပ်နေချင်နေတာ ... ဟိုးရှေ့နှစ်တွေတုန်းကလည်း ကိုယ့်ကို ခဏခဏ အရိပ်အခြည် ကြည့်နေတုန်းပဲ သူက ကိုယ့်ကို တစ်ခုခု ပြောချင်နေမှန်း သိပေမယ့် ကိုယ့်ဘက်က တမင်ရှောင်နေခဲ့တာ ဘုရင်နဲ့ မှူးမတ်ရဲ့ နေရာက ကွဲပြားတယ်လေ သူကြုံတွေနေရတဲ့ အခက်အခဲကို မသိတာတော့ မဟုတ်ပေမယ့် ဒီနေရာမှာ ရပ်နေရတာ ကိုယ့်အတွက်လည်း ရေခဲချပ်ပါးပါးလေးပေါ်မှာ လမ်းလျှောက်နေရသလိုပဲ ဘယ်လိုလုပ်ပြီး သူနဲ့ အရင်လို ရင်းရင်းနှီးနှီး နေနိုင်တော့မှာလဲ ..."

"ကျန်းရှစ်ရွှယ်က အရမ်း ရည်မှန်းချက်ကြီးပြီး ခြယ်လှယ်ချင်စိတ်လည်း များလွန်းတယ် ဒီနှစ်ထဲ ကျန်းမိသားစုရဲ့ အင်အားက တစ်ဖြည်းဖြည်း ကြီးလာပါတယ်လို့ ပါးပါးနပ်နပ် ‌သတိပေးခဲ့ပေမယ့် အရှင့်မှာ ရုံးတော်ကို မျှခြေညီစေပြီးတော့ သူ့အမေရဲ့ မိသားစုကို ထောက်ပံ့ပေးမယ်ဆိုတဲ့အကြံ ရှိခဲ့တယ်နဲ့ တူပါတယ် .. ဒါပေမယ့် အခုတလော ဘာကြောင့်ရယ်တော့ မသိဘူး ကျန်းမိသားစုကို ပစ်မှတ်ထားလာပြန်ရော ..."

အမတ်ချုပ်ယွင်က တစ်ခုခုကို သတိရသွားသည့်ဟန် ပြုံးကာပြောလိုက်သည်။

"ကိုယ် မင်းမကြားချင်လောက်တဲ့ဟာ တစ်ခုကို ပြောခဲ့ဖူးတယ် မဟုတ်လား ..."

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးကာမှ အက်ကွဲနေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းပြောတာမှန်တယ် ကိုယ်က ကိုယ်တို့ရဲ့ သားငယ်လေးကိုတောင် ကာကွယ်မပေးနိုင်တာ တိုင်းပြည်ကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ ... ဖေးလော ကိုယ် တောင်းပန်ပါတယ် လူသတ်သမားက ကလေးလေးတစ်ယောက်ကိုပါ သတ်နိုင်လိမ့်မယ်လို့ ကိုယ် တစ်ခါမှ မတွေးခဲ့ဖူးဘူး တော်သေးလို့ .. ဟိုကောင်‌ လေး ချင်းရှောင်ကလွဲပြီး အားလုံး အဆင်‌ပြေနေကြလို့ တော်သေးတာပေါ့ သူက လက်ထပ်ဖို့ကို အခုထိ ငြင်းနေတုန်းလေ အငယ်တွေကလည်း သူ့ကို ပညာယူနေကြလေရဲ့ သူ သူက အခု အကျဉ်းဦးစီးမှူးတစ်ယောက် ဖြစ်နေပြီလေ မနှစ်က ရာဇဝတ်မှုတွေ အများကြီး ကိုင်တွယ်နိုင်ခဲ့တာ  နေရာတွေ အများကြီးကိုလည်း ရောက်ခဲ့ပြီး သူ့ကို လေးစားတဲ့ သူတွေလည်း အများကြီး ရှိလာပြီလေ ... "

"ချင်းကျွင့်က အခု စစ်ရေးလေ့ကျင့်စခန်းမှာ .. သူ ကောင်းကောင်း မလုပ်နိုင်မှာ ကြောက်တယ်လို့ ခဏခဏ ပြောဖူးပေမယ့် သူ တကယ်ကောင်းကောင်းလုပ်နေမှန်း ကိုယ်သိတာပေါ့ အရှင်ကတောင် သူ့ကို ရာထူးထပ်ပေးချင်နေတာ ..."

သူက စိုးရိမ်မှုတို့ကို ဖိနှိပ်ကာ ပြောလိုက်ပြန်သည်။

"ချင်းစု .. ဒီကလေးကတော့ သိပ်ပြီး စိတ်အားမတက်ကြွ‌လှဘူး တကယ်တမ်းတော့ ဒါက သူ စိတ်မပါလို့ မဟုတ်ဘဲ သူ့အစ်ကိုတွေက အရေးကြီးရာထူးတွေကို အသီးသီး ယူထားကြတော့ သူသာ အရမ်းကြီး ထူးချွန်ပြောင်မြောက်အောင် အမှုထမ်းပြလိုက်ရင် အရှင်က ယွင်မိသားစုကို သတိထားစောင့်ကြည့်လာမှာကို ကြောက်နေတာမှန်း ကိုယ် သိပါတယ် .. ပြောရရင် မြို့စောင့်တပ်ဖွဲ့က အတော်လေးတော့ အလုပ်ပါးတယ်နော် နေ့တိုင်း ပြည်သူတွေရဲ့ ခွေးတွေ ကြက်တွေကို ကူရှာပေးရရုံလောက်ပဲ .. ဒါပေမယ့် သူလည်း လူထုကြားမှာတော့ အတော်လေး နာမည်ကြီးတာနော် ..."