Chapter 49
"ချင်းကျီ ..."
ယွင်ချင်းစီ၏ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီသွားတော့သည်။ ဤတစ်ခေါက်တွင်မူ သူ့ဖခင်က ကြာမြင့်စွာ အသံတိတ်နေပြီးကာမှ ပြောလိုက်တော့သည်။
"ကိုယ် မပြောတော့ဘူး .. သူတို့ .. သူတို့အားလုံး အဆင်ပြေနေမယ်လို့ မျှော်လင့်ပါတယ် ..."
ယွင်ချင်းကျီက အသက်ရှင်နေသေးတာလား ...
ယွင်ချင်းစီ၏ အတွေးထဲတွင် မေးခွန်းအမြောက်အများ ထွက်ပေါ်လာတော့သည်။ သူ့အစ်ကိုကြီးနှင့် ပတ်သက်၍ အနည်းငယ်မျှသာ သိထားသည့်တိုင် တစ်ခါမှ မမြင်ဖူးခဲ့သည့်အတွက် သူနှင့်ပတ်သက်၍ မည်သည့်အတွေးမှ ရှိမနေ။ သူ့အမေအပါအဝင် လူတိုင်းက အစ်ကိုအကြီးဆုံးမှာ သေဆုံးသွားပြီး ဖြစ်သည့်အတွက် ဒုတိယအစ်ကိုကသာလျှင် ယွင်အိမ်တော်၏ အကြီးဆုံးသားဟု ပြောခဲ့ကြပေသည်။
နှလုံးခုန်သံတို့ မြန်ဆန်လာတော့၏။
ရွမ်လျန်ကလည်း သူ့ကို အစ်ကိုအကြီးဆုံးအကြောင်း မေးခဲ့တယ် မဟုတ်လား အစ်ကိုကြီးသာ အသက်ရှိသေးရင် ဘယ်အရွယ်လောက် ဖြစ်မလဲ ဆိုပြီးတောင် မေးခဲ့တာလေ ...
တစ်ခုခု ဆက်နွယ်နေတာများ ရှိနေလို့လား သူက တမင် မေးတာလား ဒါမှမဟုတ် မတော်တဆ ဆက်စပ်မိသွားတာလား ...
ဘိုးဘေးခန်းမထဲရှိ အမတ်ချုပ်ယွင်က ပြောလိုက်ပြန်သည်။
"ဒီရက်ပိုင်းအတွင်း ကိုယ် မင်းဆီ လာတွေ့ဖို့ ချင်းစီကို ပြောရင် သူ သဘောတူလောက်လား ..."
ယွင်ချင်းစီက ဘိုးဘေးခန်းမနှင့် ဝေးရာသို့ ထွက်လာလိုက်သည်။
ထိုနှစ် .. မိခင်ဖြစ်သူကို သင်္ဂြိုဟ်မည် ပြုစဉ်က အစ်ကိုများက ဖခင်ကိုပါ တက်ရောက်ခွင့်ပြုရန် သူ့ကို တစ်လှည့်စီ ဖျောင်းဖျခဲ့ကြကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
ထိုစဉ်က ယွင်ချင်းစီသည် သူ့အဖေကို အရိုးထဲအထိ မုန်းတီးကာ လွန်စွာလည်း ခေါင်းမာလှသေးသည်။
"အမေက သူ့ကို လာခွင့်မပြုခဲ့ဘူး အမေက သူ့ကို မတွေ့ချင်ဘူး သူ့အတွက် နောက်တစ်ခါ လာပြောဦးမှာဆို ကောတို့ပါ မလာနဲ့တော့ ..."
ဈာပနအခမ်းအနား ကျင်းပသည့်နေ့က ကောင်းကင်တစ်ခုလုံး မှုန်ရီကာ ငွေစက္ကူတို့က သေဆုံးနေသည့် အဝါရောင် လိပ်ပြာများသဖွယ် ပြန့်ကြဲကျနေသည်။
သူ့အစ်ကိုများက တီးတိုးရေရွတ်လိုက်၏။
"ဟိုဟာ အဖေလား ..."
ရှစ်နှစ်အရွယ် ယွင်ချင်းစီမှာ ပိန်လှီသေးငယ်ကာ ကောင်းစွာ မသက်သာသေးသည့် ခန္ဓာကိုယ်ကို တရွတ်ဆွဲလျက် လျှောက်လာသော်လည်း ခြေလှမ်းအချို့ လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် မောဟိုက်လာတော့သည်။ အသက်ရှူလိုက်သည်နှင့် တစ်ပြိုင်နက် နာကျင်မှုက အဆုတ်တစ်ခုလုံးကို ခါးသီးဖွယ် ကောင်းလှစွာ ပျံ့နှံ့သွားတော့သည်။
သူက အင်္ကျီအနက်ရောင် ဝတ်ဆင်ကာ ရှေ့တည့်တည့်ရှိ ကြီးမားလှသော ခေါင်းတလားကို ခပ်ဝေးဝေးမှနေ၍ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် အမျိုးသားကို တွေ့လိုက်ရသည်။ နောက်ဖေးလမ်းကြားတစ်ခုလုံး ချိုင့်ခွက်တို့ဖြင့် ပြည့်နှက်နေသော်ငြား သူကမူ လမ်းကို ကြည့်ရန်ပင် မေ့လျော့နေသည့်ဟန်၊ ခေါင်းတလားကိုသာ စူးစိုက်စွာ ကြည့်နေလိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ်ခန့် လှမ်းအပြီးတွင် ယိုင်လဲကျသွားတော့၏။
ယွင်ချင်းစီက ထိုင်ခုံတွင် ဝင်ထိုင်ကာ မျက်လွှာချလျက် ခြေဆေးရန် ရေနွေးယူလာပေးသော ရင်ရှီကိုသာ ကြည့်နေလိုက်သည်။
ထိုစဉ်က သူ့အဖေကို ကန်ကျောက်ရိုက်နှက်ကာ မောင်းထုတ်လိုခဲ့သည်။
သို့သော် မိခင်ဖြစ်သူကို လေးစားစိတ်ကြောင့်လား တစ်ဖက်သူမှာ လွန်စွာ သနားဖွယ်ကောင်းနေ၍ကြောင့်လားမသိ၊ ထိုစိတ်လိုက်မာန်ပါ ဆောင်ရွက်လိုမှုတို့ကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် သူ့အဖေက ဇနီးဖြစ်သူထံ တစ်ကြိမ်တစ်ခါမျှပင် သွားရောက်တော့ဟန်မတူ။
သူက တကယ်ကြီး ယွင်ချင်းစီပြောတဲ့ အမေက သူ့ကိူ မတွေ့ချင်ဘူးဆိုတဲ့ စကားကို ယုံနေခဲ့တာလား ဒါကြောင့် သူမ မပျော်မရွှင်ဖြစ်မှာကို ကြောက်လို့ မသွားခဲ့တာလား ...
ဒီလောက် နှစ်တွေ အများကြီး ကြာနေခဲ့တာတောင် တစ်ခါမှ မရောက်ခဲ့တာလား ...
ယွင်ချင်းစီက အိပ်ယာပေါ်လှဲလျက် မျက်လုံးတို့ကို တင်းတင်းမှိတ်ထားလိုက်သည်။
ဒါက သူခံယူထားတဲ့ အချစ်လား ... သွားခွင့်မပြုရင် မသွားဘူး တွေ့ခွင့်မပြုရင် မတွေ့ဘူး သင်္ချိုင်းကန်တော့ပွဲကို လာခွင့်မပြုဘူးဆိုရင် တကယ်လည်း မလာဘူး...
အတိတ်ဘဝက ယွင်ချင်းစီသည် သူ့ဖခင် အမတ်ချုပ်ယွင်မှာ ဇနီးဖြစ်သူကို တန်ဖိုးထားခြင်း မရှိဟုသာ တစ်ထစ်ချ ယုံကြည်ခဲ့သည်။ သို့မဟုတ်ပါလျှင် ဤသို့ နာခံနေမည် မဟုတ်ချေ။ သူသာ တစ်စုံတစ်ယောက်ကို ချစ်ကြိုက်မိပါလျှင် ထိုခံစားချက်အား ထုတ်ပြရန် ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ဟု ခံစားမိပေသည်။
သူက လီယင်းနှင့် ပတ်သက်ပါလျှင် အမြဲ တစ်ကိုယ်ကောင်းဆန်တတ်၏။ လီယင်းကို ပိုင်ဆိုင်လို၊ သူနှင့်သာလျှင် တစ်ဘဝလုံး ကုန်ဆုံးလိုပေသည်။
ဒါပေမယ့် သူ့အဖေရဲ့ အမေ့အပေါ် ထားတဲ့ အချစ်ကမှ အချစ်ဆိုရင် အတိတ်ဘဝက သူ လီယင်းရဲ့ ခံစားချက်ကို ထည့်မတွေးဘဲ စက္ကန့်မလပ် ပူးကပ်နေချင်တာတွေ၊ အသက်ရှူချိန် တစ်မိနစ်လေးတောင် မပေးခဲ့တာတွေ ဒါတွေက သူ လီယင်းကို ချစ်ခဲ့လို့လား ဒါမှမဟုတ် သူ့ကိုယ်ပိုင် လိုလားချက်တွေလား ...
ပြီးတော့ လီယင်းရဲ့ သူ့အပေါ် သဘောထား သူ့အပေါ် လီယင်းရဲ့ အချစ်တွေက မလုံလောက်ဘူးလို့ အမြဲတမ်း ခံစားခဲ့ရတာတွေက တကယ်ပဲ သူက အရမ်း လိုချင်လွန်းပြီး လီယင်းက မပေးနိုင်တာလား ...
လီယင်းက ပြည့်စုံအောင် မပေးနိုင်တာလား ဒါမှမဟုတ် သူကပဲ အရမ်း တောင်းဆိုချက်တွေ များနေတာလား ...
ဒါ ဘယ်သူ့ရဲ့ ပြဿနာလဲ...
တကယ်ကို မတွေးတတ်တော့ဘူး ...
ယွင်ချင်းစီက အလျင်အမြန် အိပ်မောကျသွားတော့သည်။
ယခင်တစ်ခေါက်က မြေအောက်နန်းတော်ကို တစ်ဖန် အိပ်မက်ပြန်မက်လာပြန်ကာ ပြီးခဲ့သည့်အခေါက် သူ နိုးလာခဲ့သည့် နေရာသို့ပင် ပြန်ရောက်လာ၏။ သေတ္တာ၏ဘေးတွင် ဖန်မီးအိမ်များ ရှိနေပြီး အများစုက များစွာ ထွန်းလင်းတောက်ပေနေသည်။
ယွင်ချင်းစီက အနီးကပ် ကြည့်ကြည့်လိုက်သည့်အခါ ထိုမီးအိမ်အားလုံးကို သေတ္တာဘေး ကျောက်ပြားပေါ်ရှိ အမြောင်းများကြားထဲတွင် မြှုပ်နှံထားကြောင်း တွေ့လိုက်ရသည်။ ထိုကျောက်မြောင်းများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကာ သူ တစ်ခါမှ မတွေ့ဖူးသည့် ပုံစံတစ်ခု ဖြစ်ပေါ်လာသည်။
ခြေဖဝါးအောက်မှ လှုပ်ရှားမှုတစ်ခုကို သတိပြုမိလိုက်ကာ တစ်ကိုယ်လုံး ယိုင်ထိုးသွားသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ့ခြေထောက်အောက်ရှိ သဲပေါ်တွင် ရှည်လျားကာ ထွင်းဖောက်၍ မြင်ရလုမတတ် ကြည်လင်နေသော ပိုးကောင်ထောင်သောင်းမက အုပ်စုဖွဲ့နေကြကြောင်း တွေ့လိုက်ရသည်။
မြေအောက်နန်းတော်၏ ဗဟိုရှိ သဲတို့က စက်ဝိုင်းပုံသဏ္ဍာန် ပြောင်းလဲသွားကြောင်းနှင့် သေတ္တာသည် ထိုသဲ၏ အလယ်ရှိ စင်မြင့်ပေါ်တွင် ရှိနေခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။ ထိုထူးဆန်းလှသည့် ပိုးကောင်များမှာမူ သေတ္တာအနီးသို့ မည်သူမှ မလာရဲစေရန် ကာကွယ်နေသည့်ဟန်။
သို့သော် သူ စင်မြင့်အနီးသို့ တစ်ဖြည်းဖြည်း တိုးလာသည့်တိုင် ထိုပိုးကောင်များက ရန်မူသည့် အရိပ်အယောင်မပြ။
အိပ်မက်ထဲရှိ ယွင်ချင်းစီမှာ လွန်စွာ စိတ်ရှုပ်ထွေးသွားရတော့သည်။
သူက စင်မြင့်ပေါ်တက်ကာ အထဲတွင် မည်သည့်ရတနာကို မြှုပ်နှံထားကြောင်း စူးစမ်းရန် ဆုံးဖြတ်လိုက်စဉ်မှာပင် အိပ်ယာမှ နိုးလာပြန်၏။
ယွင်ချင်းစီက မျက်နှာကြက်အမိုးကို ငေးကြည့်နေပြီးနောက် တစ်ဖန် အိပ်မက်ပြန်မက်လိုသည့်ဟန် မျက်လုံးတို့ကို မှိတ်လိုက်သည်။ သို့သော် မည်သည့်အရာမှ ဆက်ဖြစ်မလာ၊ တစ်ချိုးတည်းသာ အိပ်မောကျသွားတော့သည်။
ဒုတိယနေ့မနက် ဝေလီဝေလင်းအချိန်မှာပင် အမတ်ချုပ်ယွင်က လျှိုကျီရူ၏ အသံကို ကြားလိုက်ရသည်။
"လူကြီးမင်းယွင် လူကြီးမင်းယွင် ခဏလောက် စောင့်ပါဦး ..."
ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားသည့် အတွင်းဆောင်ဌာန၏ ကြီးကြပ်သူ ဖြစ်သည့်အလျောက် နန်းမြို့တော်အတွင်း သူ၏ ဩဇာသက်ရောက်မှုမှာ လွန်စွာ ကြီးမားကာ ဧကရာဇ်၏ အယုံကြည်ရဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပေသည်။
မိန်းမစိုးတစ်ဦး ဖြစ်သည့်တိုင် ကောင်းကင်ဘုံသားတော်ကပင်လျှင် "လူကြီးမင်း" ဟု ခေါ်ဝေါ်သုံးနှုန်းရာ အစေခံဟု သဘောထား၍ မရပေ။
ဧကရာဇ်၏ လူယုံတော်တစ်ဖြစ်လဲ သတင်းစကား ပြန်ကြားပေးသည့် တာဝန်ကိုပါ ယူထားရသည့်အတွက် မည်သည့်အမတ်ကမှ သူ့ကို မလေးမစား မလုပ်ရဲပေ။
အမတ်ချုပ်ယွင်က ခြေလှမ်းတို့ကို ချက်ခြင်း ရပ်တန့်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
"လျှိုလူကြီးမင်း ..."
"အမတ်ချုပ်ယွင် ..."
လျှိုကျီရူက ဦးညွတ်နှုတ်ဆက်လိုက်၏။ သူ့အမူအယာမှာ အနည်းငယ် စိတ်ပူနေသည့်ဟန်။
"ဧကရီက အကြောင်းမကြားဘဲ အိမ်တော်ကို ပြန်သွားတာ သူ ဘယ်အချိန် ပြန်လာမလဲဆိုတာ သိလို့ရမလား မသိဘူး ..."
အမတ်ချုပ်ယွင်၏ အမူအယာလည်း ပြောင်းလဲသွားတော့သည်။
"သူက အရှင့်ကို မလျှောက်တင်ခဲ့ဘူးလား ..."
လျှိုကျီရူက ခေါင်းကိုယမ်းလျက် သက်ပြင်းချလိုက်၏။
"အရှင်က ဧကရီကို ချောင်ယန်နန်းဆောင်မှာ အနားယူနေတယ်ပဲ ထင်နေတာ အခုထိ နန်းတော်ထဲကနေ ခွင့်ပြုချက် မတောင်းဘဲ ထွက်သွားမှန်း မသိသေးဘူး ..."
အမတ်ချုပ်ယွင်က အသက်ရှူသံတို့ မြန်ဆန်လျက် ပြောလိုက်သည်။
"လူကြီးမင်း စကားကို ကွေ့ဝိုက်ပြောနေစရာ မလိုအပ်ပါဘူး ဆိုလိုချင်တာကို တည့်တိုး ပြောလိုက်လို့ ရပါတယ် ..."
လျှိုကျီရူက နောက်တစ်ကြိမ် အရိုအသေပေးကာ တောင်းပန်လိုက်သည်။
"အရှင့်ရဲ့ နဂါးခန္ဓာကိုယ်က ဒီရက်ပိုင်းမှာ အဆင်မပြေဘူးဆိုတာ အမတ်ချုပ်ယွင်လည်း သတိထားမိမှာပါ မနေ့က လေအေးခံလိုက်တာကြောင့်အပြင် တစ်ခြားတစ်ခုလည်း ရှိနေပါသေးတယ် .. ဧကရီ တွန်းအားပေးတာကို ခံလိုက်ရအပြီးမှာ သွေးတွေ အန်ခဲ့တယ် ..."
"ဘယ်လိုဖြစ်တာလဲ ..."
"မနေ့က ဧကရီက ကွာရှင်းပြတ်စဲရေးစာတစ်စောင် ပို့ခဲ့တယ်လေ ..."
လျှိုကျီရူက အင်္ကျီလက်ထဲမှ စာကိုထုတ်ကာ ပြောလိုက်သည်။
"အဲဒီ့အချိန်တုန်းက အရှင်က သတိလစ်နေပြီး သမားတော်ကလည်း စိတ်အခြေအနေ အတက်အကျ ဖြစ်နိုင်တာတွေကို ရှောင်ကြဉ်ဖို့ ညွှန်ကြားထားတော့ အရှင့်ကို ဒီစာ မဆက်သခဲ့ဘူး အဲဒါကြောင့် အခုထိ သူ ကွာရှင်းခံလိုက်ရပြီမှန်း မသိသေးဘူး ..."
"ဒါ ..."
အမတ်ချုပ်ယွင်က ယွင်ချင်းစီမှာ အတော်ပင် သတ္တိကောင်းလှသည်ဟု ခံစားမိလိုက်တော့၏။ ကိစ္စရပ်များ၏ တိုးတက်မှုမှာ လွန်စွာ ရှုပ်ထွေးဖွယ် ကောင်းလှသည်ဟု တွေးရင်း ...
"လျှိုလူကြီးမင်းက ဘာကို ဆိုလိုချင်တာပါလဲ ..."
"မနေ့က အရှင်က ဧကရီကို ထိုက်ချီနန်းဆောင်ဆီခေါ်ပြီး မယ်တော်ကြီးရဲ့ ခြေလက်အင်္ဂါတွေ ကျိုးပဲ့အောင် လုပ်ခဲ့တယ် ..."
အမတ်ချုပ်ယွင်က နောက်သို့ ယိုင်လဲသွားသည့်အတွက် လျှိုကျီရူက သူ့ကို တွဲပေးထားလိုက်ရသည်။
"အမတ်ချုပ်က ဒီလက်ထပ်ပွဲကို သဘောမတူခဲ့ဘူးဆိုတာ သိပေမယ့် ဧကရီက ခေါင်းမာမာနဲ့ ဆန္ဒရှိခဲ့တယ်လေ အရှင်က သူ့ကို မျက်နှာသာ ပေးနေသရွေ့တော့ ကောင်းနေသေးပေမယ့် တကယ်လို့ အရှင်က သူ့ကို မျက်နှာသာမပေးတော့ဘူးဆိုရင် ... ယွင်မိသားစုအတွက် .. မကောင်းလှဘူးနော် ..."
သူက အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ မည်သို့ပင် တွေးပါစေ ကွာရှင်းပြတ်စဲသည်မှာ မလွယ်ကူလှ။ အထူးသဖြင့် ဧကရီဘက်မှ ဦးစွာ ကွာရှင်းခွင့်တောင်းသည်ဆိုသည့် အချက်မှာ မယုံနိုင်စရာပင် ကောင်းလှသေးသည်။
လျှိုကျီရူက စာကို သူ့လက်ထဲ ထည့်ပေးကာ ပြောလိုက်သည်။
"အမတ်ချုပ်ယွင်ကို အိမ်တော် ပြန်ပြီး ဧကရီနဲ့ စကားပြောကြည့်ဖို့ပဲ အကြံပေးချင်ပါတယ် တကယ်လို့ ဧကရီအနေနဲ့ ကွာရှင်းချင်တယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပဲ လုပ်ဆောင်ရမယ်လေ သူ့ရဲ့ နာမည်ကို လီမိသားစုရဲ့ အိမ်ထောင်စုထဲ ထည့်ထားပြီးသားဆိုတော့ .. ကျွန်တော် ပြောချင်တာက .. အရှင် ပြန်သက်သာလာတဲ့အထိ စောင့်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ..."
အမတ်ချုပ်ယွင်က ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် ယွင်ချင်းစီ၏ စကားပေါ် ယုံကြည်ခဲ့သည့်အတွက် စိတ်ပူခြင်း မရှိ။ အကယ်၍ ယွင်ချင်းစီသာ ကွာရှင်းပြတ်စဲရန် လီယင်းနှင့် သဘောတူညီပြီး ဖြစ်ပါလျှင် အခြား မည်သူမှ စိုးရိမ်နေရန် မလိုအပ်ပေ။ သို့သော် ယခုမူ လီယင်းက တစ်ခုမှ သိမထားသေး။
ဧကရာဇ်၏ အမျက်ဒေါသမှာ ရှောင်လွှဲခြင်းငှာ မစွမ်းသာသည့် အရာပင်။ ယွင်မိသားစုအနေဖြင့် မည်သို့မှ ခါးစည်းခံနိုင်မည် မဟုတ်ပေ။
အိမ်တော်သို့ အမြန်ပြန်ကာ ယွင်ချင်းစီ၏ ခြံဝင်းဆီသို့ ချက်ခြင်း ထွက်လာလိုက်၏။
ယွင်ချင်းစီက ခြေထောက်တို့ကို ဘယ်ညာလွှဲလျက် ဒါန်းပေါ်တွင် နေပူဆာလှုံရင်း လောက၏ အလှတရားတွင် မွေ့လျော်နေသည်။
သားဖြစ်သူ၏ အေးဆေးလှသော အမူအယာကို မြင်လိုက်သည့် တစ်ခဏ၌ အမတ်ချုပ်ယွင်၏ ဒေါသစိတ်တို့ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
မျက်မှောင်ကြုတ်ကာ နှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်၏။ ယွင်ချင်းစီက သူ့ကို မော့ကြည့်လာကာ လှုပ်ရှားရမည်ကိုပင် ပျင်းရိနေသည့်ဟန်ဖြင့် နှုတ်ဆက်လိုက်သည်။
"အဖေက ဘယ်လိုဖြစ်လို့ ဒီကို ရောက်လာတာလဲ ..."
အမတ်ချုပ်ယွင်က ကျောက်သားစားပွဲတွင် ဝင်ထိုင်ကာ ပျင်းရိလေးတွဲ့နေသူကို ကြည့်ပြီး မေးလိုက်သည်။
"အရှင် နာမကျန်းဖြစ်နေမှန်း သိထားလား ..."
"ခေါင်းကိုက်တာလား ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"သိတယ်လေ ဒါက ရောဂါဟောင်းလေးတစ်ခုပါ ..."
အတိတ်ဘဝတုန်းကတော့ အသေးအဖွဲလေးပဲ ဆိုပေမယ့် ပြန်မွေးဖွားလာပြီးမှ ပိုဆိုးရွားလာသလိုပဲ ...
ထားပါ ဘာပဲဖြစ်ဖြစ် သူနဲ့မှ မဆိုင်တာ ...
"မနေ့က လေအေးမိပြီး သွေးလည်း အန်သေးတယ်တဲ့ နှစ်ကူးပြီးပြီဆိုတော့ အလုပ်များမယ့်အချိန် ပြန်ရောက်လာတော့မှာ ..."
ယွင်ချင်းစီက သက်ပြင်းချကာ ပြောလိုက်သည်။
"ကျွန်တော်က ဧကရီမှ မဟုတ်တော့တာ ဘာလို့ လာပြောနေရတာလဲ ..."
"အရှင်က မယ်တော်ကြီးရဲ့ ခြေလက်တွေကို ဖျက်ပစ်လိုက်တယ်ဆိုတာ ... အဲဒါ မင်းရဲ့အကြံလား ..."
ယွင်ချင်းစီက မျက်ခုံးတို့ကို တွန့်ကျုံ့လိုက်၏။
ဒီလီယင်းကတော့ ... ဘာလို့ အဖေ့ကို အကြောင်းစုံ လာပြောနေရတာလဲ ....
အမတ်ချုပ်ယွင်က မတ်တပ်ထရပ်ကာ ဆူပူကြိမ်းမောင်းလိုက်တော့သည်။
"အဲဒါက သူ့ရဲ့ မွေးမိခင်လေ မင်းတော့ မကောင်းဆိုးဝါး ဧကရီလို့ သမုတ်ခံရတော့မှာပဲ ..."
"သူက ကျွန်တော့်အတွက် လုပ်တာမှ မဟုတ်တာ ..."
"မင်းအတွက် မဟုတ်ရင် ဘယ်လိုလုပ် သူ့မွေးအမေကို ဒါမျိုး လုပ်မှာလဲ ..."
အမတ်ချုပ်ယွင်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူးလို့ မထင်လိုက်နဲ့ သူ့မယ်တော်ကိုတောင် ဒါမျိုး ဆက်ဆံရဲတာ အနာဂတ်မှာ မင်းကို ဘယ်လိုဆက်ဆံမလဲ တွေးသာကြည့်ထား ..."
"အဲဒါက သူ့အမေအရင်း ဟုတ်မဟုတ် ဘယ်လိုလုပ် သိတာလဲ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ဒီလိုအမေမျိုးဖြင့် တစ်ခါမှကို မတွေ့ဖူးပါဘူး ..."
အမတ်ချုပ်ယွင်၏ အကြည့်တို့ အနည်းငယ် တုန်လှုပ်သွားတော့၏။
"မင်း ဘာတွေ သိထားတာလဲ ..."
"ဘာမှမသိပါဘူး ..."
ယွင်ချင်းစီက မကျေမနပ် ရေရွတ်လိုက်သည်။
"လီယင်းက ကျွန်တော့်ကို စိတ်ကျေနပ်စေဖို့အရေး ဒါမျိုးတွေပါ လုပ်နိုင်တဲ့ ရက်စက်တဲ့သူလားဆိုတာ သိချင်မိရုံလေးတင်ပါ ပြီးတော့ မယ်တော်ကြီးကျန်း ... သူ လီယင်းအပေါ် လုပ်ခဲ့တာတွေကို ပြန်စဉ်းစားရင် သူ ခံရတာ တန်ပါတယ် ..."
"မင်း .. ဒီကလေး ..."
အမတ်ချုပ်ယွင်က လွန်စွာ ဒေါသထွက်လှသော်လည်း သားဖြစ်သူနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ကာစ ဖြစ်သည့်အတွက် နောက်တစ်ဖန် စိတ်ဝမ်းမကွဲလိုတော့။ ခွေးခြေတစ်ခုဆွဲကာ ယွင်ချင်းစီ၏ ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
"ဒါနဲ့ မေးပါရစေဦး ကွာရှင်းပြတ်စဲရေးစာကလည်း အရှင့်ဆီကို တစ်ဖက်သတ် ပို့ခဲ့တာလား ..."
ယွင်ချင်းစီက မျက်နှာကို တစ်ဖက်လှည့်ပြီး သူ့အား လျစ်လျူရှုထားလိုက်၏။
သူ့နှလုံးသားတစ်ခုလုံး မုန်းတီးစိတ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။
ခွေးဘုရင်က အကွက်ချကြံစည်တဲ့နေရာမှာ တကယ်ကို တော်တာပဲ သူ့ကို ဖိအားပေးဖို့ အဖေ့ကိုတောင် အသုံးချလိုက်သေးတယ် အဖေနဲ့ သူနဲ့ လေပေးတည့်နေတာကို တကယ်ကို သည်းမခံနိုင်တော့ဘူး ...
အမတ်ချုပ်ယွင်က စာရွက်ကိုထုတ်ကာ သူ့ခေါင်းကို ရိုက်လိုက်သည်။
ယွင်ချင်းစီက ခေါင်းကို အုပ်၍ စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။
အမတ်ချုပ်ယွင်က အေးခဲသွားကာ တိတ်တဆိတ် တွေးလိုက်မိသည်။
စာရွက်က ပါးပါးလေးဆိုတော့ မနာလောက်ပါဘူးနော် .. ဟုတ်တယ်မဟုတ်လား ...
သူက သတိကြီးကြီးထားကာ ပြောလိုက်သည်။
"အဖေ ပြောချင်တာက မင်းနဲ့ အရှင်က ပြောစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လေ စာကို ဒီလိုကြီး ပို့လိုက်ရင် ဘယ် နည်းလမ်းကျတော့မလဲ ပြီးတော့ ဧကရာဇ်နဲ့ ဧကရီ အေးအေးချမ်းချမ်း လမ်းခွဲတယ်ဆိုတာ ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ .. ဟေး ဘယ်သွားမလို့လဲ ..."
ယွင်ချင်းစီက ဒါန်းပေါ်မှ ခုန်ချကာ အော်ပြောလိုက်သည်။
"လှည်းပြင်ခိုင်းပြီး နန်းတော်ထဲ သွားမလို့ ..."
"မင်း .. စိတ်လိုက်မာန်ပါတွေ မလုပ်စမ်းနဲ့ ..."
အမတ်ချုပ်ယွင်က သူ့နောက်မှ အူယားဖားယား ပြေးလိုက်လာသည်။
"အတူတူ လိုက်ခဲ့မယ် ..."
"မလိုဘူး ..."
ယွင်ချင်းစီက နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။
"သူ့ကို မျက်နှာသာ ပေးရမှာပေ့ါ သူက ဒါကို အကျယ်ချဲ့ချင်နေမှတော့ ပွင့်ပွင့်လင်းလင်း သွားပြီး ဆွေးနွေးပေးမယ် နှစ်ယောက်တည်း ပြောချင်ရင်လည်း နှစ်ယောက်တည်း ပြောပေးလိုက်မယ် ..."
သူက လှည်းထဲသို့ ဝင်ကာ အော်ပြောလိုက်သည်။
"သွား ..."
"သူက နေမကောင်းဖြစ်နေတုန်း ..."
အမတ်ချုပ်ယွင်ကလည်း နောက်ထပ် လှည်းတစ်စီးကို အလောတကြီး ပြင်ခိုင်းလိုက်၏။
"မြန်မြန်လေး သူ့နောက်ကိုလိုက် ..."