အပိုင်း ၅၀
Viewers 13k

Chapter 50



ယွင်ချင်းစီ လိုက်ပါလာသည့် လှည်းက နန်းတော်ဆီသို့ ဦးတည်မောင်းနှင်လာ၏။ ၎င်းမှာ ကျယ်ဝန်းတည်ငြိမ်ကာ လမ်းခရီးတစ်လျှောက် လေအလျင်နှယ် သွားလာနိုင်ပေသည်။

နန်းတော်ဂိတ်တံခါးဝသို့ ရောက်သည့်အခါ မျက်နှာကို ပြလိုက်သည်နှင့် တစ်ပြိုင်နက် တပ်သားများက သူ့ကို ချက်ခြင်း ဝင်ခွင့်ပြုလိုက်သည်။

အမတ်ချုပ်ယွင်မှာ ခြေတစ်လှမ်း နောက်ကျသွားကာ တံခါးဝတွင် ဟန့်တားခံလိုက်ရတော့သည်။

လှည်းအပြင်သို့ ခေါင်းထုတ်ကာ ပြောလိုက်၏။ ။

"ဧကရီနဲ့အတူတူ လိုက်လာတာ သူက ဝင်သွားနှင့်ပြီ ..."

အစောင့်များက တုန့်ဆိုင်းသွားတော့သည်။  နန်းတော်ထဲသို့ ဝင်လိုသည့်အခါတိုင်း အမတ်ချုပ်ယွင်ကဲ့သို့သော အမတ်များကအစ ခွင့်ပြုမိန့် တောင်းခံရပေသည်။ ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း နန်းတော်ထဲသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ရသူဟူ၍ ယွင်ချင်းစီ တစ်ဦးတည်းသာ ရှိခဲ့ကာ ထိုစဉ်က လီယင်းနှင့် ထိမ်းမြားခြင်းပင် မပြုရသေးချေ။

ဤသည်မှာ ထီးနန်းဆက်ခံပြီးလျှင်ပြီးချင်း လီယင်း ချမှတ်ခဲ့သည့် စည်းကမ်းဖြစ်သည်။

ယွင်ချင်းစီသည်သာ တစ်ဦးတည်းသောသူဖြစ်သည်။

အမတ်ချုပ်ယွင်ကလည်း အစောင့်များကို အခက်မတွေ့စေလိုသည့်အတွက် ခွင့်ပြုမိန့် တောင်းခံကာ အပြင်ဘက်တွင်သာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေလိုက်တော့သည်။

နန်းတော်ထဲတွင် လှည်းများကို အရှိန်ဖြင့် မောင်းနှင်ခွင့် မပြုသည့်အတွက် အထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အရှိန်လျော့ချလိုက်ရတော့သည်။

ယွင်ချင်းစီက အော်ဟစ်သံများကို ဆူညံစွာ ကြားလိုက်ရသည့်အတွက် တံခါးကိုလှပ်ကာ အကဲခတ်လိုက်၏။ မိန်းမစိုးများက ကိုယ်လုပ်တော်များစွာကို ဆွဲထုတ်လာသည်အား မြင်လိုက်ရတော့သည်။ ယွင်ချင်းစီအနေဖြင့် လူတိုင်းကို မမှတ်မိ၊ ကိုယ်လုပ်တော်အများစုကို တစ်ကြိမ်သာလျှင် တွေ့ခဲ့ဖူးပေသည်။

"ဘာလို့ ငါတို့က ထွက်သွားရမှာလဲ ယွင်ချင်းစီကကျ ဘာလို့ မထွက်သွားတာလဲ ..."

ကိုယ်လုပ်တော်တစ်ဦးက အော်ဟစ်နေလိုက်သည်။

"အရှင်က လူတိုင်းကို မောင်းထုတ်ပြီး သူတစ်ယောက်တည်းပဲ ချန်ထားခဲ့တာ သူက လီမိသားစုအတွက် ကလေးမွေးပေးနိုင်လို့လား ..."

ဒီကိုယ်လုပ်တော်တွေက သူ့ရှေ့မှာဆို အရမ်း ကြောက်တတ်ကြတော့ ကွယ်ရာမှာ ဒီလောက်အထိ ဒေါသကြီးလိမ့်မယ်လို့ကို ထင်မထားဘူး တော်တော်လေးကို ရှားပါးတဲ့ ကိစ္စပဲ အတိတ်ဘဝက ရှစ်နှစ်လုံးလုံး ဒီလိုမျိုးလူတွေ ရှိနေမှန်း ဘာလို့များ မသိခဲ့ပါလိမ့်နော် ..."

ယွင်ချင်းစီက နားမလည်နိုင်တော့။ ထိုကိုယ်လုပ်တော်များ နန်းတော်သို့ ရောက်သည်မှာ အလွန်ဆုံးမှ နှစ်နှစ်သာ ရှိပေဦးမည်။ အနည်းငယ်မှအပ မည်သူ့ကိုမှ အလွယ်တကူ ရန်မစနိုင်သည့်အတွက် ငြိမ်သက်လျက်သာ အခွင့်အရေးကို စောင့်ဆိုင်းနေကြရသည်။

သူတို့က ယွင်ချင်းစီကို များစွာ ကြောက်ရွံ့ကြ၏။ ဧကရာဇ်က သတိပေးထားသည့်အတွက် သူနှင့် ထိပ်တိုက်မတွေ့ရဲ။ စိတ်မမှန်သည့် နဉ်ရိုသာလျှင် ထိုသတိပေးစကားကို အလေးမထားခြင်းဖြစ်သည်။

ဧကရာဇ်က ယွင်ချင်းစီအတွက် သူတို့ကိုပင် သတိပေးခဲ့ရာ သူသည် ယွင်ချင်းစီကို အမှန်တကယ် ဂရုစိုက်သည့်သဘောပင်ဖြစ်သည်။ ယွင်ချင်းစီက မည်မျှပင် ပြဿနာရှာပါစေ ဤသည်မှာ သူတို့နှစ်ဦးကြားက ပြဿနာသာဖြစ်ပြီး သူတို့က ယွင်ချင်းစီကို အနိုင်ကျင့်ပါလျှင်မူ အကျိုးဆက်မှာ သတိပေးခံရရုံမျှဖြင့် ပြီးသွားတော့မည် မဟုတ်ချေ။

ထို့ကြောင့် သူ့ကို ရန်မစဝံ့ကြ။

သို့သော် မလုပ်ရဲခြင်းမှာ မလုပ်လို၍ဟုတော့ မဆိုလိုပေ။ အားလုံးက အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ နဉ်ရိုက မိုက်မဲကောင်း မိုက်မဲနိုင်သော်ငြား လူမိုက်တို့တွင် ကောင်းချီးများ ပိုင်ဆိုင်ထားစမြဲပင်။ သူမသာ ဧကရီကို ဖြုတ်ချပြီး သရဖူကို အရယူနိုင်ပါလျှင် အောက်ခြေတွင် ရှိသူများ၌လည်း အခွင့်အရေးတစ်ခု ရှိနေသေးသည့်သဘောပင်။

သိူ့သော် ယခုမူ စိတ်ကူးယဉ်အတွေးစအားလုံး ပျက်စီးသွားရတော့၏။ အရှင်က သူတို့အားလုံးကို စွန့်လွှတ်ချေတော့မည်။ နှစ်သစ်ကူးအပြီးမှာပင် စွန့်ပစ်ခံလိုက်ရခြင်းမှာ အမှန်တကယ် အံ့အားသင့်ဖွယ် သတင်းပင်ဖြစ်သည်။

အိမ်ကို စိတ်လက်သက်သာစွာဖြင့် ပြန်မည့်သူများ ရှိကြသည့်တိုင် နန်းတော်ထဲရှိ ရာထူးအဆောင်အယောင်ကို တွယ်တာနေကြသူများလည်း မနည်းလှ။ ထိုသူများက တိတ်တဆိတ် ထွက်ခွါရန် အသည်းအသန် ငြင်းဆန်ကြတော့သည်။

နဉ်ရိုသည်လည်း ထိုအုပ်စုထဲမှ တစ်ဦးအပါအဝင်ပင်။ စည်းလုံးခြင်းသည် ခွန်အားဟူသည့် စကားအရ သူမသည် အခြားညီအစ်မများနှင့်အတူ ခက်ခဲမှုကို ဝေမျှခံစားပေတော့မည်။

အားလုံးက ယွင်ချင်းစီကို မြင်သွားကြတော့၏။

"ဧကရီပဲ ဧကရီက ဒီမှာဟေ့ ..."

အားလုံး အသံတိတ်သွားကာ တရွေ့ရွေ့ သွားနေသော လှည်းကို ပြိုင်တူ စိုက်ကြည့်လိုက်ကြ၏။ ယွင်ချင်းစီက တံခါးကိုမှီကာ လှပသည့် မျက်နှာများကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှည်းထဲသို့ ပြန်ဝင်သွားလိုက်သည်။

ထိုသူများကို ဂရုစိုက်ရန်ပင် ပျင်းရိလွန်းလှ၏။ ယနေ့ နန်းတွင်းသို့ ဝင်ခဲ့ခြင်းမှာ သူနှင့် လီယင်းအကြား ကွာရှင်းပြတ်စဲရေးကိစ္စကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရန်သာ ဖြစ်ပေသည်။ သူသည်လည်း နန်းတော်မှ ထွက်ခွါရတော့မည့်သူ ဖြစ်သည့်အတွက် ထိုကိုယ်လုပ်တော်တို့၏ အရေးကိစ္စမှာ သူနှင့် မသက်ဆိုင်တော့ပေ။

ထိုစဉ် ကိုယ်လုပ်တော်တစ်ဦးက အံ့ဩတကြီး ငေးကြည့်နေသည့် နဉ်ရို၏ လက်ကိုဆွဲကာ တီးတိုးပြောလိုက်သည်။

"ငါတို့က ထွက်သွားရမယ်ဆိုတောင် ကိစ္စမရှိဘူး ဒါပေမယ့် နင်က ဒီထဲမှာ ကြည့်အကောင်းဆုံးလေ အရှင်က ယောကျာ်းတစ်ယောက်ကိုကျ အနွံတာခံပြီး ဘာလို့ နင့်ကို သည်းမခံတာလဲ ..."

နဉ်ရိုက ကြောက်အားတကြီးဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်သည်။ သူမက ယွင်ချင်းစီကို လွန်စွာ ကြောက်ရွံ့လှ၏။

"နင့်အမေက နင့်အတွက် အဆောင်လက်ဖွဲ့တောင် တောင်းပေးထားတာ မဟုတ်လား နင်သာ တကယ်ကြီး နှင်ထုတ်ခံလိုက်ရရင် ဒီရက်ပိုင်းထဲ သောက်ခဲ့ရတဲ့ ဆေးတွေရော၊ အဲဒီ့အဆောင်ရော အကုန် အလကား ဖြစ်ကုန်မှာပေါ့ ..  နှမြောစရာပဲ ..."

"သူ့ကို သွားခွင့်ပြုလို့ မရဘူး သူက တမင်လုပ်တာနေမှာ ငါတို့ ထွက်သွားလိုက်တာနဲ့ အနောက်ဆောင်က သူ့ပိုင်နက် ညီလာခံကလည်း သူတို့ ယွင်မိသားစုရဲ့ အပိုင် ဖြစ်သွားတော့မှာ ..."

ကိုယ်လုပ်တော်အားလုံး ရှေ့သို့ ဇွတ်တိုးဝင်လာကြတော့၏။ အားလုံး လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည့်အခါ အခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်မိသည့် နဉ်ရိုက ယွင်ချင်းစီ၏ လှည်းရှိရာဆီသို့ ဇွတ်အတင်း ပြေးဝင်ပြီး အခြားသူများထက် ကြမ်းတမ်းစွာ ပြောလိုက်သည်။

"ယွင်ချင်းစီ အခုချက်ခြင်း ဆင်းခဲ့စမ်း ..."

လှည်းက ရပ်တန့်သွား၏။ ယွင်ချင်းစီက သူမကို စိုက်ကြည့်နေလိုက်သည်။

သူမက ဒေါသတကြီး ပြောလိုက်၏။

"နင် ဘာလို့ ဒီလောက် လောဘကြီးရတာလဲ အရှင့်ရဲ့ နှလုံးသားကို အပိုင်သိမ်းထားရုံနဲ့တင် မလုံလောက်လို့ ခန္ဓာကိုယ်ကိုရော၊ အနောက်ဆောင်နဲ့ အာဏာကိုပါ အပိုင်သိမ်းထားတဲ့အပြင် အခု ညီလာခံကိုပါသိမ်းပိုက်ဖို့ ကြံနေပြီလား ယွင်ချင်းစီ နင်က ဘာလို့ ဒီလောက်အထိ သည်းမခံနိုင်လောက်စရာ ဖြစ်နေရတာလဲ ..."

ကိုယ်လုပ်တော်များက တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြ၏။ တစ်ယောက်တစ်ခွန်း သံပြိုင်ပြောနေကြသည်မှာ ဘဲထောင်ပေါင်းများစွာ သံပြိုင်အော်လိုက်သည့်နှယ်ပင်။ ယွင်ချင်းစီက တံခါးကို ဆွဲပိတ်လိုက်၏။ လုံးလုံးပိတ်သွားတော့မည့် အချိန်မှာပင် နဉ်ရိုက အနားသို့ ရောက်လာကာ တံခါးကို ဆွဲထားလိုက်သည်။

"အနောက်ဆောင်ကို ဖျက်သိမ်းမယ် ဟုတ်လား ယွင်ချင်းစီ နင်နဲ့ တန်သလား နင်က အရှင့်ကို မချစ်ဘူး မဟုတ်လား ငါ မသိဘူးလို့ ထင်မနေနဲ့ အခုတလော အရှင်နဲ့ အိပ်ဆောင်ဝင်ဖို့ကို ပတ်ပြေးနေပြီး စကားပြောရင်လည်း အေးတိအေးစက်နဲ့ နင့်လိုမျိုး မောက်မာထောင်လွှားတဲ့လူမျိုးက ဧကရီဖြစ်ဖို့ မတန်ဘူး ..."

ယွင်ချင်းစီက တံခါးကို မြဲမြံစွာ ကိုင်ထားရင်း သူမ၏ စကားများကို နားထောင်လိုက်သည်။

"ယွင်ချင်းစီ နင် အသားစားရင် ငါတို့ကို စွပ်ပြုတ်တစ်လုပ်လောက်တော့ ပေးရမယ်လေ မဟုတ်ဘူးလား နင်က ငါတို့ကို ရက်စက်တဲ့ အခြေအနေအထိ တွန်းပို့ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ..."

"နင်တို့ကို ဖိအားပေးတာ ငါမဟုတ်ဘူး အကုန်လုံးကို အရှင်ကိုယ်တိုင် လုပ်နေတာ ..."

"နင်သာ အရှင့်ကို တွန်းအားမပေးရင် အရှင်ကရော ငါတို့ကို ပြန်ပြီး ဖိအားပေးပါ့မလား ..."

"ငါက သူနဲ့ ကွာရှင်းပြီးသွားပြီ မင်းတို့ ဘာပဲဖြစ်ဖြစ် အဲဒါ ငါနဲ့ မဆိုင်တော့ဘူး ..."

"ကွာရှင်းတယ် ..."

ကိုယ်လုပ်တော်အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကာ အချို့မှာ မယုံကြည်နိုင်ကြသေး။

"ကွာရှင်းပြီးသားဆို ဘာလို့ နန်းတော်ထဲမှာ ‌ဆက်နေနေတာလဲ ..."

"ယုံတာမယုံတာ မင်းတို့အပိုင်း ..."

"..."

တစ်ခဏမျှ အသံတိတ်သွားပြီးနောက် ကိုယ်လုပ်တော်များအကြား ဆွေးနွေးမှုမှာ ပိုမို ကျယ်လောင်လာတော့သည်။ ယွင်ချင်းစီက လှောင်ရယ်ကာ နဉ်ရို၏ ပုခုံးကို ကန်၍ တံခါးကို ပိတ်လိုက်သည်။

"သွားတော့ ..."

သူက ပြောလိုက်သည်။

ကိုယ်လုပ်တော်များက မသွားနိုင်။ 

သူ့‌မြင်းရှေ့တွင် ရပ်ကာ ဖြေရှင်းချက်ပေးရန် တောင်းဆိုလိုက်ကြတော့သည်။

သူ ဘာပြောနိုင်မှာလဲ ...

ယွင်ချင်းစီ၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားလာကာ လီယင်း၏ အသံကို ကြားလိုက်ရသည့်အခါ ဒေါသစိတ်မှာ မိုင်ကုန်အောင် မြင့်တက်လာတော့သည်။

"သူတို့ကို ဆွဲထုတ်သွားလိုက် ..."

လှည်းအပြင်ဘက်ရှိ အသံမှာ လွန်စွာ အေးစက်လှ၏။

"ကြိမ်ဒဏ် အချက်ငါးဆယ်စီပေးပြီး အိမ်ပြန်ပို့လိုက် ..."

ငိုယို‌တောင်းပန်သံများ ထွက်ပေါ်လာသေးသော်ငြား များမကြာမီမှာပင် ပြန်လည်တိတ်ဆိတ်သွားတော့သည်။

ချောင်းဆိုးသံ ခပ်တိုးတိုးနှင့်အတူ ခေါ်သံတစ်ခုက တံခါးဝကိုဖြတ်ကာ ထွက်ပေါ်လာသည်။

"အားစီ ..."

ယွင်ချင်းစီက လက်ချောင်းတို့ကို တင်းကြပ်စွာ ဖျစ်ညှစ်ထားလိုက်၏။

သူ့ဘက်မှ စကားပြန် မရသည့်တိုင် ယနေ့ဖြစ်ရပ်မှာ ယွင်ချင်းစီကို လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း လီယင်းလည်း သိနေပေသည်။ မူလက သူသည် ထိုကိုယ်လုပ်တော်များက ပြဿနာ ရှာလိမ့်မည်၊ ယွင်ချင်းစီနှင့် ထိပ်တိုက်တွေ့ကြလိမ့်မည်ဟု ထင်မထားခဲ့။ လှည်းကိုတစ်လှည့် လျှိုကျီရူကိုတစ်လှည့် စိုက်ကြည့်လိုက်၏။

တစ်ဖက်သူကလည်း တဆတ်ဆတ် တုန်ရီသွားတော့သည်။

‌မကောင်းတော့ဘူး ... သူက ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့ပေမယ့် အဆင်မပြေဘူးထင်တယ် ...

လီယင်းက ရှေ့သို့ တိုးလာပြန်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။

"အားစီ ..."

ယွင်ချင်းစီ၏ လှည်းတံခါးကို ဖွင့်ရန် လက်လှမ်းလိုက်စဉ် အတွင်းထဲမှလည်း တံခါးကို တွန်းဖွင့်လာသည့်အတွက် သူ့ခေါင်းနှင့် တစ်ဖန် တိုက်မိသွားပြန်တော့သည်။

လီယင်းလည်း တစ်ခဏခန့် မူးဝေသွားတော့၏။

လျှိုကျီရူကလည်း ချက်ခြင်း အနားသို့ ရောက်လာကာ ကူတွဲပေးထားလိုက်သည်။

ဝင်ခွင့် ရသွားပြီဖြစ်သည့် အမတ်ချုပ်ယွင်ကလည်း အလောတကြီး ရောက်လာ၏။

"ဒီငယ်သားက အရှင့်ကို နှုတ်ခွန်းဆက်သပါတယ် ..."

ညလင်းပုလဲကြောင့် ရရှိထားသည့် လီယင်း၏ ဒဏ်ရာသည်ပင် ကောင်းစွာ မပျောက်ကင်းသေးရာ တံခါးဖြင့် တိုက်မိပြန်သည့်အခါ နှာခေါင်းသွေးပင် အနည်းငယ် ယိုစီးစ ပြုလာတော့၏။

ဤသည်ကို မြင်လိုက်သည့် အမတ်ချုပ်ယွင်မှာလည်း အံ့ဩကြောက်လန့်သွားတော့သည်။ လျှိုကျီရူက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ကာ လီယင်း၏ နှာခေါင်းပေါ်သို့ ဖိထားပေးပြီးနောက် မော့ကြည့်လိုက်သည့်အခါ အနည်းငယ် ပျာယာခတ်သွားသည့် ယွင်ချင်းစီ၏ အမူအယာကို တွေ့လိုက်ရတော့သည်။

သူကလည်း လီယင်းကို ထိခိုက်သွားစေရန် မရည်ရွယ်ထား။

ဖခင်ဖြစ်သူကို ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် ယွင်ချင်းစီက ဤသို့ ကြည့်လိုက်သည်။

သွားပြီ ငါတော့ အဆူခံရတော့မှာပဲ ...

အမတ်ချုပ်ယွင်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်စဉ် လီယင်းက လက်မောင်းကို လှမ်းဆွဲလိုက်၏။

"ကိစ္စမရှိပါဘူး ချင်းစီကလည်း တမင်ရည်ရွယ်တာမှ မဟုတ်တာ ..."

ကောင်းကင်ဘုံသားတော်က ပြောလိုက်၏။

ယွင်ချင်းစီမှာ ပို၍ပင် ဒေါသထွက်လာတော့သည်။

သူက လီယင်း၏ ရည်မွန်မှုကို နည်းနည်းမျှပင် အသိအမှတ် မပြုနိုင်။

ဒီလူက တကယ်ကို အကွက်ချ ကြံစည်တဲ့နေရာမှာ ဆရာကြီးပဲ ခွင့်ပြုချက် မရဘဲ အိမ်ပြန်သွားလို့ဆိုပြီး သူ့အဖေကို လာဆူခိုင်းတယ် ဒါတောင်မှ အရှေ့မှာကျ လူကောင်း‌ယောင်ဆောင်လိုက်သေးတယ် လီယင်းရဲ့ ကြံစည်တတ်တဲ့ အရည်အချင်းနဲ့သာဆို သူ တံခါးကို ကြမ်းကြမ်းတမ်းတမ်းကြီး တွန်းဖွင့်မှာမှန်း မသိစရာအကြောင်းကို မရှိဘူး တမင်တကာကို ခေါင်းနဲ့ ဝင်တိုက်တာနေမှာ ...

သူက သည်းမခံနိုင်တော့။

"ဘာတွေ လာဟန်ဆောင်နေတာလဲ ..."

ယွင်ချင်းစီက လှည်းထဲမှ ခုန်ဆင်းကာ ဒေါသတကြီး ပြောလိုက်သည်။

"လီယင်း ကွာရှင်းပြတ်စဲဖို့ ငါ့ဘက်က စပြောတာကို မင်း မကျေနပ်ရင်လည်း မကျေနပ်ကြောင်းပြောလေ နှစ်ယောက်တည်းပဲ ဖြေရှင်းလို့ရတဲ့ ကိစ္စကို ဘာလို့ ငါ့အဖေကိုပါ ဆွဲထည့်ရတာလဲ တစ်ခြားသူတွေကိုပါ ငါတို့ အရှုပ်ထုပ်တွေထဲ ဝင်ပါခိုင်းစရာ လိုလို့လား ..."

လျှိုကျီရူက အထိတ်ထိတ်အပျာပျာ ဖြစ်သွားတော့၏။

လီယင်းက ပြောလိုက်သည်။

"... ကွာရှင်းတယ် ဘာကို ဆိုလိုတာလဲ ..."

"နားမလည်သေးဘူးလား ..."

ယွင်ချင်းစီက အမတ်ချုပ်ယွင်၏ အင်္ကျီလက်ထဲရှိ စာရွက်ကို ထုတ်ယူကာ လီယင်းထံ ပစ်ပေါက်လိုက်သည်။

"မင်း မဖတ်ရသေးဘူးဆိုတဲ့စကား လာမပြောနဲ့ နှစ်ဦးနှစ်ဖက်ကြားက နောက်ဆုံးသော သိက္ခာလေးကို ထောက်ထားတဲ့ အနေနဲ့ အေးအေးချမ်းချမ်း လမ်းခွဲရအောင် ပြောနေတာကို မင်းရဲ့ မာနတွေက ထောင်လွှားလာပြန်ပြီလား ဒါကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး မင်းကပဲ ငါ့ကို စွန့်ပစ်လို့ ရမယ် ငါကတော့ မင်းကို စွန့်ပစ်လို့ မရဘူး ဒီသဘောလား ..."

စာရွက်က လီယင်း၏ ရင်ဘက်ကို ဝင်တိုက်လျက် မြေ‌ပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျသွားတော့သည်။

အမတ်ချုပ်ယွင်က သူ့လက်ကို လှမ်းဆွဲလိုက်သော်ငြား ယွင်ချင်းစီက သူ့လက်ကို ပုတ်ထုတ်လိုက်၏။

"သူ့အတွက် ကူပြောပေးမနေနဲ့တော့ သူ့ဘက်က ခက်ခဲရင် ကျွန်တော့်မှာရော မခက်ခဲလို့လား သူ မျက်နှာလိုချင်သလို ကျွန်တော်ရော မလိုချင်လို့လား သူ့အတွက် မလွယ်ကူခဲ့ဘူးဆို ကျွန်တော်ကရော လွယ်ကူခဲ့လား သူက ဧကရာဇ် လူတိုင်းက သူ့ကို အလိုလိုက် အကြိုက်ဆောင်ကြရတယ်ဆို ကျွန်တော်ကရော ... ကျွန်တော်က သူ့ရဲ့ ခြေနင်းပြားပဲ ဖြစ်ရမှာလား ဒါနဲ့ပဲ ထိုက်တန်တာလား ..."

ဘာမှ ပြန်မရဘဲ ဘဝတစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာမျိုးလေ ...

ပိုပြီး ရယ်စရာအကောင်းဆုံးက ဘာလဲ သိလား လီယင်းရဲ့ စွန့်ပစ်ခံလိုက်ရပြီဖြစ်တဲ့ ကိုယ်လုပ်တော်တွေက အခုထိ သူ့ကို အနိုင်ကျင့်နေကြတုန်းလေ ...

အတိတ်ဘဝတုန်းက လီယင်းအတွက် ဘာကိုမဆို လိုလိုလားလား သည်းခံပေးခဲ့ပေမယ့် အခုတော့ သည်းလည်းမခံချင်တော့ဘူး ပတ်လည်းမပတ်သက်ချင်တော့ဘူး ...

ပြီးတော့ သူ့အတွက်နဲ့ အဲဒီ့ မောက်မာတဲ့ ကိုယ်လုပ်တော်တွေကို ရင်မဆိုင်ချင်တော့ဘူး ...

လီယင်းက သူ့အကြည့်တို့ကို ကွာရှင်းပြတ်စဲစာထံမှ ခက်ခက်ခဲခဲ ဖယ်ခွာလိုက်ရသည်။ လျှိုကျီရူက ဒူးထောက်ချလျက် ပြောလိုက်၏။

"ဧကရီ .. အရှင်က တကယ်ကို မသိခဲ့တာပါ မနေ့က လေအေးမိတဲ့အပြင် သွေးတွေလည်း အန်ခဲ့လို့ သမားတော်က စိတ်အတက်အကျ ဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှောင်ကြဉ်ဖို့ မှာကြားခဲ့ပါတယ် ဒါကြောင့် ဒီငယ်သားက အတင့်ရဲစွာနဲ့ အမတ်ချုပ်ယွင်ကို အသိပေးလိုက်မိတာပါ အရှင် နေပြန်ကောင်းလာမှ ဒီအကြောင်းကို ဆက်ဆွေးနွေးလို့ ရတယ်ဆိုပြီး ..."

အမတ်ချုပ်ယွင်ကလည်း ချက်ခြင်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ် ဒါ အဖေ့ရဲ့ အမှားတွေပါ မင်းကို ပြောဖို့ မေ့သွားခဲ့လို့ အရှင်က ဒီအကြောင်းတွေ တစ်ခုမှ မသိဘူး ... တိုင်းပြည်အရေးအတွက် သားကပဲ ..."

"အဲဒါ ကျွန်တော်နဲ့ ဘာဆိုင်လဲ ..."

ယွင်ချင်းစီက စိတ်မဝင်စားလေဟန်ဖြင့် ပြောလိုက်သည်။

"အားလုံးက သူ့ကို ဟိုလိုရော ဒီလိုရော အကြိုက်ဆောင်ပေးနေကြတာပဲကို ကျွန်တော်ကတော့ ထပ်ပြီး လုပ်မပေးချင်တော့ဘူး သူသာ တကယ်ပဲ အရည်အချင်းရှိတဲ့ ဧကရာဇ်တစ်ပါးဆို အားလုံးကို ကြိုတင်ပြင်ဆင်ထားသင့်တာလေ ကျန်းမာရေး မကောင်းရင်လည်း ..."

သူက လီယင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းသားတစ်ပါးလောက် အမြန်ဆုံး မွေးလိုက်တာက အသင့်လျော်ဆုံး ဖြစ်မှာပါ ..."

လီယင်းက ထိုစကားကို မကြားလိုသည့်နှယ်။

"ဘာလို့ ထွက်သွားချင်ရတာလဲ ..."

သူက ဇွတ်အတင်း မေးလိုက်သည်။

"မင်းကို မကြိုက်တော့ဘူး ချစ်လည်း မချစ်တော့ မင်းနဲ့လည်း ထပ်ပြီး အတူတူ မအိပ်ချင်တော့ဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မရဘူးလား ..."

လီယင်း၏ လည်ဇလုတ်တို့ အထက်အောက် ရွေ့လျားကာ ခေါင်းငိုက်စိုက်ချလိုက်၏။ မျက်ခုံးတို့ကို အတင်းတွန့်ကျုံ့ထားသည်မှာ ပြင်းထန်လှသည့် နာကျင်မှုကို အံတုနေရသည့်နှယ်။

လျှိုကျီရူက စိုးရိမ်တကြီး ပြောလိုက်သည်။

"အရှင် ... အရှင် ..."

ဖြူလျော်နေသည့် မျက်နှာကို မြင်လိုက်ရသော အမတ်ချုပ်ယွင်ကလည်း ကမန်းကတမ်း လက်ဆန့်တန်း၍ သူ့ကို ကူတွဲပေးထားလိုက်၏။

တစ်ကိုယ်လုံးရှိ ကြွက်သားတို့ တင်းတောင့်ကာ လက်မောင်းတို့မှာလည်း သံချောင်းသဖွယ် မာခဲနေ၏။

အဝေးတစ်နေရာမှ အသံတစ်ခုက သူ့နားစည်သို့ လာရောက်ရိုက်ခတ်လာသည်။

"အားလုံးက ချောချောမွေ့မွေ့ပဲ ဖြစ်နေရင်တော့ ကိစ္စမရှိပေမယ့် အချိန်မီ ပြန်သွားပြီး အရှင့်ရဲ့ ဥပါဒါန်က ပြောင်းပြန်ဖြစ်သွားခဲ့ရင် တုန့်ပြန်မှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိပါတယ် အရှင့်အနေနဲ့ ဒါအတွက် အဆင်သင့် ဖြစ်ပါပြီလား ..."

"ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမယ် ..."

လီယင်းက သူ့ဆံပင်တို့ကို ထိုးဖွ၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

တကယ်လို့ မန္တာန်မှာ သက်ရောက်မှုတွေ ရှိနေရင် ဥပါဒါန် ကြီးလေလေ သက်ရောက်မှုက ပိုလေးလံလေပဲ ...

လည်ချောင်းတစ်လျောက် ဆန်တက်လာကာ အဖြူရောင် နှင်းပေါ်သို့ သွေးများ ဖြန်းပက်လိုက်မိတော့သည်။

ယွင်ချင်းစီက နောက်တစ်လှမ်းဆုတ်လိုက်သည်။ ဆွတ်ဆွတ်ဖြူနေသည့် ဝတ်ရုံပေါ်တွင် သွေးစက်တို့ စွန်းထင်းသွားတော့၏။