Chapter 51
ယွင်ချင်းစီပင်လျှင် ကြက်သေသေသွားတော့၏။
လီယင်းမှာ ဤမျှအထိ ပြင်းစွာ ခံစားနေရမည်ဟု လုံးဝ ထင်မထားခဲ့ချေ။
အမတ်ချုပ်ယွင်လည်း တုန်လှုပ်သွားမိတော့သည်။
သမားတော် ခေါ်ပေးရန် အော်ပြောနေသည့် လျှိုကျီရူ၏ အသံကို ကြားလိုက်ရသည့်အခါ လီယင်းက နှုတ်ခမ်းကို ကိုက်လျက် လက်ယမ်းပြလိုက်၏။
ခပ်မတ်မတ် ရပ်ကာ နှုတ်ခမ်းကို သုတ်လိုက်သည်။ ပိုးထည်လက်ကိုင်ပုဝါကို ဘေးသို့ ပစ်လိုက်သည်အထိ နှုတ်ခမ်းထောင့်စွန်းတွင် အနီရောင်တို့ စွန်းထင်းနေဆဲပင်။
"အဆင်ပြေပါတယ် ..."
သူ့လေသံမှာ အနည်းငယ် လုံးထွေးနေရုံမှအပ ပုံမှန်အတိုင်းပင်။ ယွင်ချင်းစီကို စိုက်ကြည့်နေသည့် အကြည့်တို့မှာမူ လွန်စွာ နက်ရှိုင်းနေ၏။
"ဒါပေမယ့် အကြောင်းပြချက်က ဘာလဲ ..."
သူက ယွင်ချင်းစီကို အပြစ်တင်နေခြင်း မဟုတ်မှန်း သိလိုက်မှသာ အမတ်ချုပ်ယွင်လည်း စိတ်သက်သာရာ ရသွားတော့သည်။ သူက ခေါင်းမာစွာဖြင့် ဆက်ပြောနေသည့် ယွင်ချင်းစီအား လှည့်ကြည့်လိုက်၏။
"အကြောင်းရင်း .. အကြောင်းရင်းက .. ငါ တစ်ယောက်ကိုတစ်ယောက် ဆက်ပြီး ဒုက္ခပေးမနေချင်တော့လို့ ..."
ဤသည်မှာ ထိုစဉ်က လီယင်း သူ့ကို ပြောခဲ့သည်များနှင့် တစ်ထပ်တည်းပင်။
အမတ်ချုပ်ယွင်က နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။
"အခု အကြောင်းအရင်းကိုလည်း သိရပြီဆိုတော့ အရှင့်ဘက်ကရော ဘယ်လို တွေးပါသလဲ ..."
သူသည် ယွင်ချင်းစီ ကွာရှင်းမည်ကို အမြဲ လိုလားခဲ့သူဖြစ်သည်။ ယွင်ချင်းစီ ကွာရှင်းပြတ်စဲစာ ပို့ခဲ့သည်က သင့်လျော်သည့်အချိန် မဟုတ်ခဲ့ရုံသာ ဖြစ်ပေသည်။ သူ၏ မူလရည်ရွယ်ချက်က လျှိုကျီရူနှင့် အတူတူပင်၊ လီယင်း၏ ကျန်းမာရေး တိုးတက်ကာ စိတ်အတက်အကျကြောင့် စိုးရိမ်ဖွယ်ရာ မရှိတော့ကာမှ အေးအေးချမ်းချမ်း လမ်းခွဲစေလိုခြင်းဖြစ်သည်။
ထို့အပြင် ယွင်ချင်းစီ၏ အမည်မှာ လီမိသားစု၏ မျိုးနွယ်စုစာရင်းတွင် ရေးသားထားပြီးဖြစ်ရာ လီယင်းဘက်မှ ပယ်ဖျက်ပေးရန် သဘောမတူသရွေ့ ဧကရီအဖြစ်သာ ဆက်ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် ယွင်ချင်းစီ၏ ကွာရှင်းပြတ်စဲစာမှာ အရာမဝင်။
ယွင်ချင်းစီကလည်း သူ့အဖေသည် သူ့အတွက် ကူပြောပေးရန် ဆန္ဒရှိနေလိမ့်ဦးမည်ဟု မျှော်လင့်မထား။ ဆက်မပြောတော့ဘဲ မျက်လွှာချလျက်သာ ငြိမ်ငြိမ်လေး ရပ်နေလိုက်တော့သည်။
မြေပေါ်တွင် ရှိနေသည့် သွေးစက်တို့ထံ အကြည့်ရောက်သွားသည့်အခါ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သို့သော် ထိုခံစားချက်ကို အမည်တပ်ရန်လည်း လွန်စွာ ခက်ခဲလှသည်။ သူ့အဖို့ လီယင်းသည် ထာဝစဉ် သန်မာကြံ့ခိုင်သူ ဖြစ်ခဲ့ကာ ခေါင်းကိုက်သည်မှအပ မည်သည့်အချိန်တွင်မှ နာမကျန်း မဖြစ်ခဲ့ချေ။
ယခုလည်း နာမကျန်းဖြစ်နေသည်ဟုတော့ မထင်ရ။ နောက်ကျောပြင်မှာ ဖြောင့်တန်းကာ မျက်ဝန်းတို့မှာလည်း အဓိပ္ပါယ်ဖော်ရ ခက်နေဆဲပင်။ သွေးအန်သည်ကို သူ ကိုယ်တိုင် မြင်လိုက်၍သာ မဟုတ်ပါလျှင် လီယင်းမှာ ဖျက်ဆီး၍ မရနိုင်လောက်အောင် သန်မာသည်ဟုသာ ဆက်လက်ယုံကြည်ထားမိနေဦးမည်ဖြစ်သည်။
"အားစီ ..."
သူက ပြောလိုက်သည်။
"ကိုယ့်ကို အချိန်နည်းနည်းလောက် ပေးလို့ ရမလား ..."
ယွင်ချင်းစီက အမတ်ချုပ်ယွင်ကိုသာ ဖျတ်ခနဲ လှမ်းကြည့်လိုက်မိတော့သည်။ အမတ်ချုပ်ယွင်က အရဲစွန့်ကာ ပြောလိုက်၏။
"အရှင် ဒီအရှုပ်အထွေးကို အမြန်ဆုံး ဖြတ်တောက်ကြရ ..."
လီယင်းမှာ သွေးအန်ပြီးသည့်တိုင် သက်သာနေဆဲ ဖြစ်သည့်အတွက် သူ၏ စိတ်ဖိစီးမှုကို ခံနိုင်ရည်မှာ အားနည်းသည်ဟု မဆိုနိုင်။ ဧကရာဇ်တစ်ပါးအနေဖြင့် ကလေးဆန်သည့် ကိစ္စရပ်များကို တွယ်ကပ်မနေသင့်။ ဤသည်မှာ အမတ်ချုပ်ယွင်က သူ့ကိူ အမြဲ ဆုံးမခဲ့သည့် စကားများပင် ဖြစ်ပေသည်။
ဤသည်မှာ ယွင်ချင်းစီကို လီယင်းနှင့် လက်မထပ်စေလိုခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။
အကြောင်းမှာ အမတ်ချုပ်ယွင်၏ အမြင်တွင် သူသည် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်သော်ငြား ယွင်ချင်းစီ လိုချင်ပါသည့် ချစ်သူမျိုးတော့ မဖြစ်နိုင်။
ဧကရီဝေ့ကို လွန်စွာ နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးပါသည့် ယခင်ဧကရာဇ်ပင်လျှင် နန်းဆောင်သုံးခုနှင့် ရုံးတော်ခြောက်ခု ရှိခဲ့ရပေသည်။
အတိတ်အချိန်က ယွင်ချင်းစီသည် သူ့စကားများကို နားမထောင်ခဲ့သော်ငြား ယခုမူ သူ့ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောစ ပြုလာပြီ ဖြစ်သည့်အတွက် ရွှံ့အိုင်ထဲမှ ဆွဲထုတ်ရန်ကသာလျှင် အရေးကြီးကိစ္စရပ် ဖြစ်လာပေတော့သည်။
မည်သို့ပင်ဖြစ်စေ ယွင်ချင်းစီက အချို့လူများကို အမျက်ထွက်စေပြီးနှင့်ပြီ ဖြစ်သည့်အတွက် ကိစ္စများက ဒီ့ထက်ပိုကာ ဆိုးမလာနိုင်တော့။
"မဖြတ်တောက်နိုင်ဘူး ..."
လီယင်းက ယွင်ချင်းစီကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အားစီ စကားပြောကြရအောင် ..."
ယွင်ချင်းစီက သူ့အဖေကိုသာ ကြည့်နေသည့်အတွက် နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။
"ကိုယ်တို့နှစ်ယောက်နဲ့ပဲ ဆိုင်တဲ့ ကိစ္စမှာ ဆရာ့ကို အနှောင့်အယှက် မပေးပါနဲ့ ..."
သူက အတိတ်ဘဝကို ဆိုလိုခြင်းဖြစ်သည်။
ယွင်ချင်းစီက နှုတ်ခမ်းတို့ကို ဖိကိုက်ကာ သဘောတူတော့မည့်ဆဲဆဲတွင် အမတ်ချုပ်ယွင်က ရုတ်တရက် ဒူးထောက်ချလိုက်၏။
"အရှင် ဒီအမတ်အိုကြီးကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပြီး ဒီနေ့တော့ ဖခင်တစ်ဦးအဖြစ်ပဲ သဘောထားပေးတော်မူပါ ပြီးခဲ့တဲ့အခေါက် ချင်းစီ ဒဏ်ရာရလာကတည်းက ဒီငယ်သားက အေးအေးချမ်းချမ်း လမ်းခွဲလိုက်ရင် ပိုကောင်းမယ်လို့ တွေးခဲ့မိပေမယ့် ..."
"ဒါပေမယ့် ချင်းစီက ဆန္ဒမရှိခဲ့ဘူး ..."
လီယင်းက မျက်လွှာချလျက် သူ့ကို ငုံ့ကြည့်လိုက်သည်။ အမတ်ချုပ်ယွင်၏ စကားများမှာ အတိတ်ဘဝနှင့် ထပ်တူညီလုနီးပါးပင်။ အတိတ်ဘဝက ယွင်ချင်းစီကို မစွန့်ပစ်ရန် တောင်းပန်ပြီး ယခုဘဝတွင် လက်လွှတ်ပေးရန် တောင်းဆိုခြင်းသာ ကွဲပြားသွားတော့သည်။
"ချင်းစီသာ ဆန္ဒမရှိရင် ပြန်ပေါင်းထုပ်ပေးဖို့ ကိုယ်တော့်ကို နားချမယ် ချင်းစီ ဆန္ဒရှိရင်တော့ လမ်းခွဲပေးဖို့ ဖျောင်းဖျမယ် ကိုယ်တော်ရဲ့ အတွေးက ဘယ်လိုဆိုတာ အရေးမပါဘူး ဟုတ်တယ်မဟုတ်လား ..."
အမတ်ချုပ်ယွင်တွင် အတိတ်ဘဝ၏ မှတ်ဉာဏ်များ ပါရှိမလာသည့်အတွက် ထိုစကားများ ကြားလိုက်ရသည့် တစ်ခဏ၌ တုန်လှုပ်မှုနှင့် ပဟေဠိစိတ်ကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။ လီယင်းက သူ့ကို စိတ်ဆိုးတကြီးဖြင့် စောဒကတက်နေသည်ဟု ခံစားလိုက်ရတော့သည်။
ချွေးစေးတို့ စိမ့်ထွက်လာလျက် ပြောလိုက်သည်။
"ဒီငယ်သားက တကယ်လို့ အရှင်တို့ နှစ်ယောက်သာ တစ်နေရာတည်းမှာ ရှိနေကြရင် နာကျင်မှုတွေ ပိုများလာနိုင်တယ်လို့ ပြောချင်တာပါ ..."
"ကိုယ်တော်ကတော့ ဘာ နာကျင်မှုကိုမှ မခံစားရဘူး ..."
သူက ယွင်ချင်းစီကို စိုက်ကြည့်ကာ ပြောလိုက်သည် အမတ်ချုပ်ယွင်တွင် အတိတ်ဘဝ၏ မှတ်ဉာဏ်များ ရှိမနေကြောင်း သူကိုယ်တိုင်လည်း သိထားရာ ထိုစကားများမှာ ယွင်ချင်းစီကို ဦးတည်၍ ပြောခဲ့ခြင်း ဖြစ်ပေသည်။
ယွင်ချင်းစီကလည်း သူ့ဆိုလိုရင်းကို သဘောပေါက်လိုက်ရာ ဖျတ်ခနဲ ပြန်လှည့်ကြည့်ပြီးနောက် သူ့အဖေကို တွဲထူလျက် ပြောလိုက်သည်။
"ပြောကြရအောင်..."
နန်းတော်ထဲသို့ ရောက်လာခဲ့စဉ်က လီယင်းက သူနှင့် မပြတ်စဲလို၍ သူ့ကို ဖိအားပေးရန် သူ့အဖေကို တမင်တကာ အသုံးချခဲ့သည်ဟု ထင်ခဲ့မိသည်။ သို့သော် သူ့အဖေက အစမှ အဆုံးအထိ သူနှင့် လီယင်းကို ပြတ်စဲခွင့် မပြုဟု မပြောခဲ့ပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လီယင်း၏ ကျန်းမာရေးမှာ လွန်စွာ ညံ့ဖျင်းနေ၍ သူ့ဆန္ဒကို အနည်းငယ် နောက်ဆုတ်ပေးရန်သာ တောင်းဆိုခဲ့ပေသည်။
နှစ်ဦးသား ဘေးဘက်သို့ ရွှေ့လိုက်ကြသည်။ ယွင်ချင်းစီက ထောင့်စွန်းတစ်နေရာတွင် ရပ်ကာ ခပ်ဖြည်းဖြည်းချင်း လှမ်းလာသည့် လီယင်းကို စောင့်နေလိုက်၏။
"ဘာပြောချင်တာလဲ..."
"အတိတ်ဘဝမှာ ကိုယ်က ပြတ်စဲချင်ပေမယ့် မင်းက ဆန္ဒမရှိခဲ့ဘူး အခုဘဝမှာ ကိုယ် မပြတ်စဲချင်တော့ဘူး မင်းလည်း ကိုယ့်ကို အလျော့ပေးလို့ ရမလား ..."
"အတိတ်ဘဝက ငါက အရူးတစ်ယောက်လို ငါ့ကိုယ်ငါ ထိခိုက်အောင်လည်းလုပ်၊ ဂုဏ်သတင်း ပျက်ပြားအောင်လည်း လုပ်ခဲ့တယ် လူတိုင်းက ငါ့ကို ထောင်လွှားမောက်မာပြီး ရက်စက်တယ်ပဲ ပြောကြတာ မိသားစုတစ်ခုလုံးကလည်း ငါ့ကို စွန့်ပစ်ခဲ့ပြီး မင်းအတွက် ငါ့ရဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ရတယ် .. ငါ့ရဲ့ အသက်ကိုတောင်မှ ..."
"မင်းက တရားမျှတမှုကို တောင်းဆိုချင်တာ မဟုတ်လား ..."
လီယင်းက ညာဘက်အင်္ကျီလက်အဝထဲမ ဓားမြှောင်အတိုတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ယွင်ချင်းစီက ချက်ခြင်း နောက်ပြန်ဆုတ်လိုက်မိတော့၏။
"ဟေး ဘာတွေလုပ်နေတာလဲ..."
လီယင်းက သူ့ကိုသာလျှင် တစိုက်မတ်မတ် ငေးကြည့်ကာ ညာဘက်လက်ကို မြှောက်လိုက်သည်။ အဝကျယ်သည့် အင်္ကျီလက် လျောကျသွားပြီး ချောမွတ်ဖြူဖွေးသော လက်ဖျံကို မြင်လိုက်ရ၏။ လက်လေးလုံးခန့် အရွယ်သာ ရှိကာ ပါးလျချွန်ထက်လှသည့် ဓားသွားတစ်ခုလုံး လီယင်း၏ အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ယွင်ချင်းစီ၏ သူငယ်အိမ်တို့ ကျဉ်းမြောင်းသွားတော့၏။ အသားထဲသို့ တစ်ဖြည်းဖြည်း နစ်ဝင်နေသော ဓားသွားကို စိုက်ကြည့်ရင်း လီယင်းက နူးညံ့စွာ ပြောလိုက်သည်။
"ဒါဆို ကိုယ့်ကိုလည်း မင်းအတွက် ရူးသွပ်ခွင့်၊ မင်းအတွက် ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် လုပ်ခွင့်၊ ဂုဏ်သတင်း ပျက်ယွင်းပြီး .. အသက်ပါ ဆုံးရှုံးခွင့် ပေးပါ ..."
အသားကို ပြင်းထန်စွာ ထိုးခွဲနေသည့် ဓားသွားအား ဆွဲထုတ်ကာ နောက်တစ်ကြိမ် ရက်ရက်စက်စက် ထိုးသွင်းလိုက်လျှင် လက်ဖျံမှတစ်ဆင့် တံတောင်ဆစ်အထိ သွေးများ စိုရွှဲသွားတော့၏။ လီယင်းက သူ့ကို ကြည့်ကာ မေးလိုက်သည်။
"ပေးနိုင်မလား ..."
ထို့နောက်တစ်ဖန် ဓားကို ပြန်ဆွဲနှုတ်ကာ တတိယအကြိမ် ထိုးစိုက်လျက် မေးလိုက်ပြန်၏။
"ပေးနိုင်မလား ..."
သုံးကြိမ်တိုင်တိုင် ထိုးစိုက်မှုကြောင့် အသားများ တစစီ ဖြစ်သွားတော့မည့်ဟန် သွေးများလည်း တရစပ် စီးကျလာတော့သည်။ လီယင်းက ဓားကို နောက်တစ်ကြိမ် ပင့်မြှောက်လိုက်၏။ အသွေးအသားနှင့် အရိုးတို့ တစ်ကွဲတစ်ပြားစီ ဖြစ်သွားသည့်တိုင် ယွင်ချင်းစီမှ သူ့ကို မဟန့်တားသရွေ့ အဆက်မပြတ် ဖြတ်တောက်နေဦးမည့်ဟန်ပင်။
ယွင်ချင်းစီက သူ့လက်ကို လှမ်းဆွဲလိုက်သည်။
အနည်းငယ် စိုးထိတ်စိတ်ကြောင့် မူးဝေမှုကို ခံစားလာရတော့သည်။
လီယင်း၏ လက်မောင်းတစ်ခုလုံး သွေးချင်းချင်းနီကာ အင်္ကျီလက်မောင်းတစ်ခုလုံး စေးကပ်ကပ် သွေးစတို့ စိုရွှဲလျက် တံတောင်ဆစ်မှတစ်ဆင့် မြေပေါ်သို့ တပေါက်ပေါက် စီးကျလာတော့သည်။
လီယင်း၏ လုပ်ရပ်မှာ ယခင်က ယွင်ချင်းစီ လုပ်ခဲ့သည်များနှင့် တစ်ထပ်တည်းပင်။ ယွင်ချင်းစီကလည်း သူ့အသားကို ဓားဖြင့် ထိုးသွင်းခဲ့စဉ်က မည်သို့ခံစားခဲ့ရကြောင်း ယခုအချိန်အထိ ပြတ်ပြတ်သားသား မှတ်မိနေသေးသည်။ နာကျင်မှုကို ခံစားရသော်ငြား လီယင်း၏ နှလုံးသား သူ့ကြောင့် နာကျင်လေမလားဟူသည့် မျှော်လင့်စိတ်ဖြင့် နာကျင်မှုကို အံတုကာ ဆက်လက်လုပ်ဆောင်ခဲ့သည်။
အခြားသူများက သူ့ကို အလွန်အကြူး ကြောက်မက်ဖွယ် ကောင်းလှသည်ဟု ပြောကြသော်ငြား စွန့်ပစ်ခံရမည်ကို မည်မျှအထိ ကြောက်ရွံ့တတ်ကြောင်း သူကိုယ်တိုင်သာလျှင် သိပေသည်။
ယခု လီယင်း၏ လုပ်ရပ်မှာ သူ့ထက်ပင် ပိုမိုပြတ်သားနေသေးသည်။ ဓားကို သုံးသည့် အားမှာ သူ့ထက်ပင် ပိုမိုပြင်းထန်သည့်အတွက် အချက်ရေ အနည်းငယ်ဖြင့်ပင် အသားစအချို့ ပြတ်တောက်လာတော့သည်။
ယွင်ချင်းစီ၏ မျက်ဝန်းတို့ ရဲရဲနီသွားတော့၏။
"လီယင်း ..."
သူက ပြောလိုက်သည်။
"ငါ မင်းကို ထပ်ပြီး ချစ်လို့ မရတော့ဘူး ငါ့ကို ဒီလိုနည်းလမ်းမျိုး သုံးပြီး ဆွဲထားမယ် ဆိုရင်တောင် မင်းကို သနားပြီး ငါ့ကိုယ်ငါအတွက် စိတ်မကောင်းဖြစ်ရုံပဲ ရှိမှာ မင်းက ဒါကို ဂရုမစိုက်ဘူးလား ..."
"အတိတ်ဘဝနဲ့ အခုလက်ရှိဘဝကို ပေါင်းလိုက်ရင် ကိုယ်တို့တွေ အချင်းချင်း သိလာတာ ၃၁ နှစ်ရှိပြီ ..."
လီယင်းက ပြောလိုက်သည်။
"အိမ်ထောင်သက်တမ်းက ၁၆ နှစ် ..."
"ကိုယ် ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး ..."
သူက ပြောလိုက်သည်။
"ကိုယ့်အတွက် ဖျန်ဖြေပေးမယ့် အဖေလည်း မရှိတော့ ကိုယ်ကိုယ်တိုင်ပဲ တောင်းပန်နိုင်မှာ .. ယွင်ချင်းစီ ..."
"နေပါ ..."
"ကိုယ် မင်းကို ချစ်ဖို့အတွက် ဒီကို ရောက်လာတာ ..."
လီယင်းက ပြောလိုက်သည်။
"မင်းပြောတာ မှန်ပါတယ် အတိတ်က ကိုယ်က အရမ်း လောဘကြီးပြီး အားလုံးကို အကောင်းဆုံး ဖြစ်ချင်တယ် ဒါပေမယ့် တစ်ခုမှ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး .. ကိုယ်က ညံ့ဖျင်းပြီး အသုံးမကျတဲ့သူ ဖြစ်ခဲ့တယ် ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မင်းကို ကာကွယ်ပေးနိုင်ဖို့ အားလုံးကို လုပ်ပေးသွားမှာပါ ..."
"အားစီ ကိုယ့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါ
..."
ယွင်ချင်းစီ၏ အကြည့်တို့ ဖျတ်ခနဲ ဝင်းလက်သွားတော့သည်။
"ကိုယ့်ကို မမုန်းဘူး မဟုတ်လား .. ဟင် ..."
လီယင်းက ပြောလိုက်သည်။
"မင်း တစ်ဘဝလုံး ရင်းပြီး ချစ်ခဲ့ရတဲ့သူက အခု မင်းရဲ့ နွားတစ်ကောင်၊ မြင်းတစ်ကောင်လို နေပေးဖို့ ပြန်ရောက်လာပြီလေ .. အားစီ မင်းက မမျှတတာကို အမုန်းဆုံး မဟုတ်လား ..."
"ကိုယ့်ကြောင့် မင်း စိတ်ဆိုးရတိုင်း ကိုယ့်ကို ပြန်ပြီး စိတ်ဆိုးအောင်လုပ်တယ် မင်း အနိုင်ကျင့်ခံရတိုင်းလည်း အဲဒီ့ နစ်နာချက်တွေကို သေချာပေါက် ပြန်ပြီး လက်စားချေတယ် မင်းကို ဘယ်သူပဲ အနိုင်ကျင့်ကျင့် အဲဒီ့သူကို အနိုင်ကျင့်တယ် မင်းက အရမ်းကို လွှမ်းမိုးချင်စိတ် များပြီး ဘေးဒုက္ခ မခံချင်တဲ့ လူစားမျိုး မဟုတ်လား .. ဒါကိုတောင် ဒီလိုမျိုး လိုလိုလားလား အလျော့ပေးလိုက်တော့မလိူ့လား ..."
"ကိုယ့်ကို လက်လွှတ်လိုက်ရင် မင်းအတွက် ဘာ ကောင်းကျိုး ရမှာလဲ ..."
ယွင်ချင်းစီ၏ ပါးနှစ်ဖက် ဖောင်းထွက်လာတော့သည်။
လီယင်းက သူ့ကို ရန်စနေခြင်းဖြစ်ကြောင်း သိသည့်တိုင် သူ့အနေဖြင့် မတတ်နိုင်။
သူအနေဖြင့် စိတ်ကျေနပ်မှု မရှိသေးသည်မှာလည်း အမှန်ပင်။ များစွာ ပေးဆပ်ပြီးနောက် သူ အလိုရှိသည်ကို ပြန်လည်ရရှိလာတော့သည်။ သူ့ရှေ့တွင် ရပ်နေသူက သူ ဖြစ်ခဲ့သကဲ့သို့ပင် အရူးအမူး ဖြစ်နေကာ သူ့ထက် ပိုမိုရူးသွပ်နေသည်ဟုပင် ဆိုနိုင်ပေသည်။
သူက အသက်ကိုတောင် ဆုံးရှူံခဲ့ရပေမယ့် .. အဆုံးသတ်မှာတော့ . သူ့ရဲ့ ဝါးခြင်းတောင်းက ဗလာဖြစ်နေမှာလား ...
လီယင်းကို ကျိန်းသေ ဖိနှိပ်ပြီး အတိတ်ဘဝက သူ ဆုံးရှုံးခဲ့ရသမျှကို သေချာပေါက် ပြန်ယူရမှာပေါ့ ...
လီယင်းက ရှေ့သို့ တိုးလာကာ ပြောလိုက်၏။ သူလည်ပင်းတစ်လျောက် ချွေးစေးတို့ဖြင့် စိုရွှဲနေသည်။
"အားစီ စဉ်းစားကြည့်ပါ ..."
"မင်းက ကိုယ့်ကို မချစ်တတ်တဲ့သူလို့ ပြောခဲ့ပေမယ့် ကိုယ်က မင်းကို နာကျင်စေခဲ့ရင်းကနေပဲ ဘယ်လို ချစ်ရမလဲဆိုတာကို သင်ယူမိခဲ့တယ် မင်းဆီကနေ ကိုယ် သင်ယူခဲ့တဲ့ အချစ်တွေကို တစ်ခြားသူအတွက် သုံးစေချင်လို့လား ကိုယ့်မှာ မင်းအတွက်ပဲ ခံစားချက်တွေ ရှိတယ်ဆိုတာ အရမ်း သိသာပါတယ် မင်းသာ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ့်ကို အနိုင်ကျင့်၊ ကျွန်ပြုရုံမကလို့ ဘဝတစ်လျှောက်လုံး ကိုယ့်ခေါင်းပေါ် တက်နင်းတဲ့ လုပ်ရပ်မျိုး မလုပ်တော့ဘူးဆိုရင် မင်း ရင်းနှီးခဲ့ရတာတွေက အလကား ဖြစ်မသွားဘူးလား ..."
သူက ယွင်ချင်းစီအကြောင်းကို ကောင်းကောင်းကြီးကို သိနေတာပဲ ...
သူက ယွင်ချင်းစီ ကြိုက်တတ်တဲ့ ဟင်းပွဲတိုင်း၊ ယွင်ချင်းစီရဲ့ အကျင့်တိုင်းကိုသာမက ယွင်ချင်းစီသည် ချစ်စိတ်မုန်းစိတ် ပြင်းထန်ပြီး ခေါင်းမာတတ် ကြောင်းကိုလည်း ကောင်းကောင်းကြီးကို သိထားပေသည်။ သူ့ဘက်က လိုလိုလားလား ဖွင့်ဟလာသည့်တိုင် သူ ပေးဆပ်ခဲ့သည်များအပေါ် နောင်တရနေဦးမည်ဖြစ်သည်။
သူ့အနေဖြင့် ထိုနောင်တစိတ်ကို တုနှိုင်းမဲ့ ပုံကြီးချဲ့ရန်သာ လိုအပ်ပေ၏။ ယွင်ချင်းစီကို မည်မျှအထိ ချစ်မြတ်နိုးပါကြောင်း ပြောနေရန် မလို၊ သူနှင့် အကြည့်ချင်းဆုံကာ "ကိုယ် မင်းကို နာကျင်အောင် လုပ်ခဲ့မိတာ မင်းကရော ကိုယ့်ကို ပြန်ပြီး နာကျင်အောင် မလုပ်ချင်ဘူးလား" ဟု ပြောလိုက်လျှင်ပင် ယွင်ချင်းစီက သူ့ထံသို့ ကမူးရှူးထိုး ပြေးဝင်လာမည်ဖြစ်သည်။
"ငါ .. ငါ မင်းကို မယုံဘူး ..."
လီယင်း၏ စကားလုံးတိုင်းက သူ့နှလုံးသားကို လာရောက် ထိုးနှက်နေသည့်အတွက် ယွင်ချင်းစီမှာလည်း လွန်စွာ ဒေါသထွက်လာရတော့သည်။ ထိုအကြောင်း တွေးလေလေ ပိုပြီး ဒေါသထွက်လာလေဖြစ်ကာ သူ၏ လက်ကျန် ဆင်ခြင်တုံတရား လီယင်းကို ထွက်သွားခိုင်းရန် ပြောနေသည့်တိုင် အတွင်းစိတ်ထဲတွင်မူ လီယင်းကို ရိုက်ပုတ်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာတော့သည်။ လီယင်း ပြောသမျှတိုင်းမှာ သူ့ကို ဆွဲထားလို၍ ပြောခြင်းသာ ဖြစ်ပြီး ဆန့်ကျင်ဘက် လုပ်နေသရွေ့ ခံစားရမည့်သူမှာ သူမဟုတ်ပေ။
... ဒါပေမယ့် ထိန်းမရနိုင်လောက်အောင်ကို စိတ်တိုနေတာလို့ ..
လီယင်းက ရှေ့သို့ တိုးလာပြန်၏။ သွေးစက်တို့က တွဲလွဲချထားသည့် လက်မောင်းတစ်လျှောက် ဖြူရော်နေသော လက်ချောင်းတို့အထိ တစ်ဖြည်းဖြည်း စီးကျနေသည်။ သွေးအလွန်အကျွံ ဆုံးရှုံးမှုကြောင့် မူးဝေလာသည့်တိုင် ယွင်ချင်းစီကို ရှာဖွေကာ သူနှင့်အတူ ရှိခွင့်ရရန် အစွမ်းကုန် ကြိုးစားလိုနေဆဲပင်။
မည်သည့်အရာကမှ သူ့ကို မဟန့်တားနိုင်။
"