အပိုင်း ၅၂
Viewers 13k

Chapter 52



အားစီ ဒီနေ့ ကိုယ်လုပ်တော်တွေက မင်းကို ပြဿနာရှာတယ် ဆိုတာကလည်း မနေ့ညက မင်း အမတ်ချုပ်စံအိမ်ကို ပြန်သွားပြီး ဒီနေ့မနက် အရှေ့တံခါးကနေ ပြန်လာလိမ့်မယ်ဆိုတာကို ကိုယ် မသိခဲ့လိုက်လို့ပါ ..."

ယွင်ချင်းစီ ပြန်မပြောနိုင်သေးခင်မှာပင် သူက ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် သူတို့ မင်းကို နှောက်ယှက်ခွင့် ရသွားတာကိုက ကိုယ့်ရဲ့ အမှားပါ သူတို့ကို ကိုယ်ပဲ နန်းတော်ထဲ ခေါ်သွင်းခဲ့မိတာလေ ပြီးတော့ ကိုယ်သာ မင်းကို ပိုပြီး အာရုံစိုက်ခဲ့မယ်ဆိုရင် မနေ့က မင်း အမတ်ချုပ်စံအိမ်ကို ပြန်သွားတယ် ဆိုတာကိုရော၊ လျှိုကျီရူက စာကို ဖွက်ထားခဲ့တယ် ဆိုတာကိုပါ သိခဲ့ရမှာလေ အားလုံးက ကိုယ့်ရဲ့ ညံ့ဖျင်းမှု၊ အရေးမစိုက်မှုတွေကြောင့် ဖြစ်လာရတာတွေပါ ..."

ယွင်ချင်းစီ "..."

လီယင်းက သူ ပြောချင်တာတွေ အကုန်လုံးကို ပြောပေးလိုက်တာပဲ ...

"ဒီကိစ္စရဲ့ အဓိက တရားခံက ကိုယ်ပါ ..."

"ဒါပေမယ့် အခုကနေစပြီး ..."

လီယင်းက ဖြူရော်ခြောက်ကပ်နေသော နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်သည်။ ချွေးစက်တို့ကလည်း နဖူးပေါ်မှတစ်ဆင့် တရစပ် စီးကျလာ၏။

"မင်းက ကိုယ့်နှလုံးသားထဲမှာ တန်ဖိုးအရှိဆုံးပဲ ..."

"ကိုယ် ကျိန်ဆိုတယ် အနာဂတ်မှာ တစ်ယောက်ယောက်က မင်းကို စကားတစ်ခွန်းလောက်ပဲ ပြန်ပြောရဲတယ်ဆိုရင်တောင် သူ့ကို ချက်ခြင်း သေဒဏ်ပေးပစ်မယ် ..."

"အားစီ ... ကိုယ် မင်းကို ကြွယ်ဝမှုရော ဂုဏ်သရေရော ပေးနိုင်တယ် ပြီးတော့ မင်းကို ဥပဒေရဲ့ အထက်မှာ ရှိနေအောင်လည်း လုပ်ပေးနိုင်တယ် ဒီလောကမှာ ကိုယ့်ထက်ပိုပြီး မင်းကို ချစ်ပေးနိုင်မယ့်သူ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး..."

ယွင်ချင်းစီက သူ့စကားထဲမှ ဟာကွက်ကို ဖမ်းမိသွားပြန်၏။

"ဒါဆို အတိတ်ဘဝက မင်း ငါ့ကို မချစ်ခဲ့ဘူးပေါ့ ..."

လီယင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

"မင်းပြောတာ အမှန်ပဲ အတိတ်ဘဝမှာ ကိုယ်က သတ္တိကြောင်တဲ့ အမှိုက်ကောင် ဖြစ်ခဲ့တာ မင်းအချစ်နဲ့ နည်းနည်းလေးမှ မထိုက်တန်ဘူး ..."

"ဒါပေမယ့် အခု ကိုယ် ကြိုးစားကြည့်ချင်တယ် ..."

"မင်းသာ ဆန္ဒရှိရင် ကိုယ် မင်းကို ဧကရာဇ်တစ်ပါးရဲ့ အနှစ်သာရကို သင်ကြားပေးမယ် မှူးမတ်တွေကို ဘယ်လို အုပ်ချုပ်ရမလဲ၊ ပုလ္လင်ပေါ်မှာ ဘယ်လိုမျိုး မြဲမြဲမြံမြံ ထိုင်ရမလဲဆိုတာကို သင်ပေးမယ် မင်းသာ ဆန္ဒရှိရင် ကိုယ့်အသက်ကိုပါ အချိန်မရွေး ယူလိုက်လို့ရတယ် ..."

နက်မှောင်လှသည့် မျက်တောင်တို့က စိုစွတ်နေကာသူ့ပုံစံမှာလည်း အချိန်မရွေး မူးလဲတော့မည့်ဟန်။ သို့သော် စိတ်ကို တင်းထားနေဆဲပင်။

"အဲဒါကြောင့် ကျေးဇူးပြုပြီး .. ကိုယ့်ကို မစွန့်ပစ်လို့ ရမလား ..."


"တော်ဝင်ဆေးကုသဆောင်ကို သွားရမယ်ထင်တယ် ..."

ယွင်ချင်းစီက သူ့ဒဏ်ရာကိုကြည့်ရင်း ပြောလိုက်သည်။

လီယင်း၏ လက်မောင်းမှာ ဖြူဖွေးကာ ကျစ်လျစ်ပြီး အားကောင်းလှသည့် ကြွက်သားတို့ဖြင့် ဖုံးအုပ်ထားပေသည်။ သို့သော် ယခုမူ အသားများ အတိုင်းသား ထွက်နေသည်မှာ ထိတ်လန့်ဖွယ်ပင် ကောင်းလှသေး၏။

လီယင်းက ထို လှီးဖြတ်ချက်တို့အား သူ့ကို ပြန်ပေးဆပ်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ်တွင် ယွင်ချင်းစီသည် ထိခိုက်ဒဏ်ရာများကို မနှစ်သက်။ သူကိုယ်တိုင်လည်း ဒဏ်ရာ မရလိုသကဲ့သို့ အခြားသူများ ဒဏ်ရာရသည်ကိုလည်း သဘောမကျပေ။

ထိုသည့်တိုင် ပျော်ရွှင်မှုကို အနည်းငယ် ခံစားမိနေသည်။

အကြောင်းမှာ စွန့်ပစ်ခံရစဉ်က သူ မည်ကဲ့သို့ ခံစားခဲ့ရကြောင်းကို လီယင်းလည်း သဘောပေါက်သွား၍ ဖြစ်သည်။ ယွင်ချင်းစီက ထိုဒဏ်ရာများနှင့် စပ်လျဉ်း၍ အနှေးနှင့်အမြန် လီယင်းကို ပြန်ပေးဆပ်ခိုင်းရန်ပင် တွေးခဲ့သေးသည်။

သူက အရူးအမူး ချစ်စိတ်မွှန်နေသည့်တိုင် အမှန်တကယ် ရူးသွပ်နေခြင်းတော့ မဟုတ်ပေ။ သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ခဲ့စဉ်က စိတ်ရှုပ်ထွေးရမည့်အစား အတွေးတို့ ကြည်လင်ကာ သူ့လုပ်ရပ်ကို ကောင်းကောင်း သိနေခဲ့သည်။ သူ၏ အမှန်တကယ် ရည်ရွယ်ချက်မှာ လီယင်း၏ နှလုံးသား ပျော့ပျောင်းကာ သူ့ကို တစ်ချက်မျှ စောင်းငဲ့ကြည့်လာရန် တွန်းအားပေးလိုခြင်းဖြစ်သည်။ လီယင်းကို တွန်းအားပေး၍ မရသည့်အခါ သူ့ဖခင်ကို တွန်းအားပေးရန် ကြိုးစားလာတော့၏။ သူ အလိုရှိသည်ကို ရနိုင်သရွေ့ မည်သည်ကမှ အရေးမပါပေ။

နောက်ပိုင်းတွင် လီယင်းက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာသည့်အတွက် ယွင်ချင်းစီက ထိုဒဏ်ရာများမှာ ထိုက်တန်သည်ဟု ခံစားမိလာတော့သည်။ သို့သော် လီယင်းက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံသည်နှင့် တစ်ပြိုင်နက် ထိုဒဏ်ရာအတွက် ပြန်လည်ရယူမည်ဖြစ်သည်။


ယခုမူ ထို နစ်နာချက်အတွက် ပြန်လည်ရရှိလာတော့၏။ 

သူ့အနေဖြင့် မပျော်ပါဟု ပြောရန် မဖြစ်နိုင်ပေ။

သို့သော် ပျော်ရွှင်သည့်စိတ်တွင် အခြားသော ခံစားချက်တို့လည်း ရောနှောပါဝင်လာတော့၏။

ကို့ရို့ကားယားနိုင်လှသည့် ရန်ငြှိုးတို့အလယ်တွင် သူသည် လီယင်းကို ကတိမပေးမိစေရန် တမင် ချုပ်တည်းထားလိုက်တော့သည်။ ယခင်က လီယင်းသည် သူ့ကို လုံလောက်သည့် စိတ်လုံခြုံမှု မပေးခဲ့သကဲ့သို့ပင်။

သူက ဤသို့လည်း တွေးလိုက်၏။

မင်းဘာသာမင်း ဓားနဲ့ထိုးတော့ရော ဘာထူးလဲ သတ္တိရှိရင် ငါ့ကို ထိုးခိုင်းလေ ...

လီယင်းကလည်း သူ့အတွေးတို့ကို ခန့်မှန်းမိသည့်နှယ် သူ့လက်ထဲ ဓားထည့်ပေးကာ ပြောလိုက်သည်။

"တကယ်လို့ မင်းအနေနဲ့ မ‌ကျေနပ်သေးရင် ကိုယ့်ကို ထပ်ပြီး ထိုးလိုက် ဒါမှမဟုတ် သေတဲ့အထိ သတ်လိုက် ..."

ယွင်ချင်းစီ "..."

ငါ့ကို ထိုးခိုင်းတော့ရော ဘာထူးမှာလဲ မင်းကိုယ်မင်း ထိုးရဲတဲ့သတ္တိ ရှိသလား စောင့်ကြည့်ရသေးတာပေါ့ .. ထားပါ သူ့ဘာသာသူ ထိုးလိုက်ပြီးပြီ ဆိုမှတော့ ...

သူက ရှေ့သို့တိုးကာ လီယင်းကို တွဲပေးလျက် ပြောလိုက်သည်။

"အခု ငါ ထွက်မသွားတော့ဘူး အားယင်း မင်းရဲ့ ဒဏ်ရာကိုပဲ အရင်ဆုံး ဆေးကုလိုက်ပါ ..."

ယွင်ချင်းစီ၏ စိတ်သဘောထား ပျော့ပြောင်းသွားလေသောကြောင့်လား သို့မဟုတ် "အခု ထွက်မသွားတော့ဘူး" ဟူသည့် စကားကြောင့်လေလားတော့ မသိ၊ လီယင်းက သူ့ကို ပြောလိုက်သည်။

"ကိုယ့်မှာ မင်းကို ပြောစရာတွေ အများကြီး ရှိသေးတယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ နားထောင်ပေးပါ့မယ် ..."

မြေပေါ်သို့ ပြုတ်ကျသွားသည့် ဓားမြှောင်နှင့်အတူ လီယင်းလည်း သတိလစ်မေ့မြောသွားတော့သည်။

ယွင်ချင်းစီက သူ့ကို လှမ်းဖမ်းကာ မျက်လွှာချလျက် လျှိုကျီရူကို လှမ်းခေါ်လိုက်သည်။ တစ်ဖက်သူက လီယင်း၏ လက်မောင်းကို ကြည့်ကာ အထိတ်တလန့် ရေရွတ်မိသွားတော့၏။ ယွင်ချင်းစီက နူးညံ့စွာ ပြောလိုက်သည်။

"ကျွန်တော်လုပ်တာ မဟုတ်ဘူးနော် သူ့ဘာသာသူ လုပ်တာ ..."

အမတ်ချုပ်ယွင်ကမူ စကားတစ်ခွန်းမှပင် မပြောနိုင်တော့ချေ။

ဒီကလေးနှစ်ယောက်ကတော့လေ တစ်ယောက်ထက်ကို နောက်တစ်ယောက်က ပိုပြီး အရူးထနေကြတာပဲ ...

ယွင်ချင်းစီ၏ အမူမထားလေဟန် အမူအယာကို တွေ့လိုက်ရသည့်အခါ သူ့စိတ်နှလုံးတစ်ခုလုံး လှိုင်းထန်သွားတော့၏။

လီယင်းက သတိလစ်နေသည့်တိုင် ယွင်ချင်းစီ၏ အင်္ကျီအနားစကို တင်းကြပ်နေအောင် ‌ဆွဲထားဆဲပင်။ သမားတော်ကို အနှောင့်အယှက် မဖြစ်စေရန် အလို့ငှာ ယွင်ချင်းစီမှာ ထိုအင်္ကျီအနားစကို ဓားဖြင့် ဖြတ်၍ ကုတင်ဘေးမှ ထသွားလိုက်ရတော့သည်။

အမတ်ချုပ်ယွင်က သူ့ကို ခေါ်ထုတ်လိုက်၏။

သူ့နောက်သို့ နာနာခံခံဖြင့် လိုက်သွားကာ ပြောလိုက်သည်။

"အဖေ ..."

"ရှောင်စီ ..."

အမတ်ချုပ်ယွင်က တစ်ခဏမျှ အသံတိတ်သွားပြီးကာမှ ပြောလိုက်၏။

"မင်း .. မကွာရှင်းချင်တော့ဘူးလား ..."

ယွင်ချင်းစီက ဟုတ်သည်ဟုလည်း ဝန်မခံ၊ ငြင်းလည်း မငြင်းဆန်၊ ထိုအစား "သူ ဒဏ်ရာရထားတယ်" ဟုသာ ပြန်ဖြေလိုက်သည်။

"အဖေ ပြောတာကို နားထောင် ..."

အမတ်ချုပ်ယွင်က ခပ်တိုးတိုး ပြောလိုက်သည်။

"အရင်က အဖေ မင်းရဲ့ လက်ထပ်ပွဲကို ကန့်ကွက်ခဲ့တယ်ဆိုတာ သားက မင်းအမေလိုပဲ စော်ကားမော်ကား ပြောတာတွေကို သည်းမခံနိုင်တဲ့သူ ဖြစ်နေလို့ အရှင်မင်းကြီးက ဘုရင်တစ်ပါး ဖြစ်တဲ့အတွက် မောင်းမဆောင်ဆိုတာ သေချာပေါက် ရှိလာမှာလေ အဲဒီ့အခါ မင်းက အလွန်အကျွံတွေ ပြုမူဆောင်ရွက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း နာကျင်အောင်လုပ် ပြီးတော့ မိသားစုကိုပါ ထိခိုက်လာစေမှာကို စိုးရိမ်မိခဲ့လို့ ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်၏။ အမတ်ချုပ်ယွင် ဆိုလိုသည်များကို သူ့အနေဖြင့်လည်း ကောင်းစွာ သဘောပေါက်ပေသည်။

"အခုက အဖေ ဘာကို ဆိုလိုချင်တာလဲ ..."

"ဒါပေမယ့် အခု အရှင်က ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီ .. ဒီနေ့ဆို သားကို ဆွဲထားနိုင်ဖို့အတွက် သူ့ကိုယ်သူတောင် ဒဏ်ရာရအောင် လုပ်ခဲ့တာ အနာဂတ်မှာ မင်းကိုပါ ထိခိုက်မလာနိုင်ဘူးလား ..."

အမတ်ချုပ်ယွင်က လေးနက်စွာ ပြောလိုက်သည်။

"အေးအေးချမ်းချမ်း လမ်းခွဲနိုင်ဖို့အရေး သေချာပေါက် စိတ်ရှည်ရှည်ထားပြီး ကြိုးစားရမယ် ..."

ယွင်ချင်းစီက သူပင် သတိမပြုမ်ိပါဘဲ လက်ကို ကျောဘက်သို့ ပို့လိုက်မိတော့သည်။

လီယင်းက သူ သွားရမယ့် လမ်းကြောင်းကို တကယ်ကြီး အစပျိုးလိုက်တော့တာပဲ ...

လီယင်းအတွက် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ခဲ့ပြီးနောက် နန်းတော်သို့ ပြန်ရောက်လာသည့် ပထမဆုံးညက လျှိုကျီရူ၏ တီးတိုးစကားသံကို ကြားခဲ့ရသည်။

"ဒီငယ်သားက အရှင်လည်း ဧကရီအပေါ်မှာ ခံစားချက်တွေ ရှိနေမှန်း သိပေမယ့် ဧကရီက သူ့ကိုယ်သူတောင် ဒီလိုမျိုး ထိခိုက်အောင် လုပ်နိုင်တာ တကယ်လို့ ..."

"သူ လုပ်မှာ မဟုတ်ဘူး ..."

လီယင်းက သူ့ဘက်လှည့်ကာ ပြောလိုက်သည်။

"အနာဂတ်မှာ သူ့ကို ဒီ့ထက်ပိုပြီး‌ ကောင်းကောင်းကြီး အလိုလိုက်ပေးမှာ ..."

ထိုညက လီယင်းသည် သူ့ကို တောင်းပန်ကာ စိတ်ရှည်လက်ရှည်ဖြင့် သူ့နဖူးပေါ်က ဒဏ်ရာကို ကိုယ်တိုင်ကိုယ်ကျ ဆေးလိမ်းပေးခဲ့သည်။ မကျေနပ်ချက်တို့ ပြည့်နှက်နေသည့် ယွင်ချင်းစီ၏ ဝမ်းနည်းစိတ်တို့လည်း ချက်ခြင်းပင် ဆည်ကျိုးသည့်နှယ် တစ်ဟုန်ထိုး ထွက်ပေါ်လာတော့သည်။

လီယင်းက သူ့ကို ကြည့်ကာ သဘောတကျ ရယ်မောလိုက်၏။

"မင်းဘာသာမင်း ဓားနဲ့ထိုးတုန်းကတောင် ငိုတဲ့အရိပ်အယောင် မတွေ့ခဲ့ရဘဲနဲ့ ဒီမျက်ရည်တွေက အခု ဘယ်ကနေ ရောက်လာရတာလဲ ..."

ယွင်ချင်းစီက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့ကို စိုက်ကြည့်လိုက်၏။ သူ့ပုံစံမှာ လွန်စွာ ကရုဏာသက်စဖွယ် ကောင်းလှ၍ကြောင့်လားတော့ မသိ၊ လီယင်းက စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ဖိနပ်ကို ချွတ်ကာ သူ့ဘေးသို့ ဝင်ထိုင်လျက် သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။

ထိုညက လီယင်းသည် မကျေနပ်ချက်တို့ ပြည့်နှက်နေသော ယွင်ချင်းစီကို ပွေ့ဖက်ထားလျက်နှင့်ပင် အချိန်ကြာမြင့်စွာ ချော့မော့နှစ်သိမ့်ပေးခဲ့သည်။

ယွင်ချင်းစီကလည်း  လီယင်းကို ထိခိုက်စေမည် မဟုတ်ပေ။ သူသည် လီယင်းကို အရာအားလုံးထက် ပိုမိုကာ ချစ်ခဲ့သူဖြစ်ကာ ထိုလုပ်ရပ်မှာလည်း လီယင်း၏ ကရုဏာကို ရရှိရန်အတွက် လုပ်ခဲ့ခြင်းသာ ဖြစ်ပေသည်။ ယခုလက်ရှိ လီယင်းကဲ့သို့ပင် သူ၏ အတိတ်ဘဝ ပုံစံမှာလည်း လွန်စွာ အရူးအမူး ချစ်ခဲ့၏။ သို့သော် လီယင်းက သူ့အသားများကို မည်မျှပင် လှီးဖြတ်ပါစေ ထိုလုပ်ရပ်မှာ ယွင်ချင်းစီ၏ စာနာသနားမှုကို ရရှိရန် တွက်ချက်ထားသည့် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်းကို ယွင်ချင်းစီလည်း ကောင်းကောင်း သဘောပေါက်ထားပေသည်။

သူ့ပုံစံမှာ အခြားသူတို့၏ အမြင်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ရူးသွပ်နေဟန် ရှိသော်ငြား အမှန်တကယ်တွင်မူ အခြားသူများထက်ပင် ပိုမို၍ ကြည်လင်သည့် အတွေးကို ပိုင်ဆိုင်ထားပေသေးသည်။

အမတ်ချုပ်ယွင်နှင့် လျှိုကျီရူတို့ ဖြူရော်သွားကာ အခြားသူများက လီယင်းအနားသို့ မကပ်ရဲကြတော့သည့်တိုင် ယွင်ချင်းစီကမူ သူ့ကို ကြောက်ရွံ့သည်ဟု လုံးဝ မခံစားရချေ။

ရင်းနှီးနေသလိုပင် ခံစားနေရသေး၏။

ဤသည်မှာ အချစ်ဟူသည့် အရာပင်။ အချစ်ဟူသည်မှာ အတိတ်ဘဝက သူဖြစ်ခဲ့သကဲ့သို့၊ လက်ရှိဘဝတွင် လီယင်း ဖြစ်နေသကဲ့သို့သော ပုံစံမျိုးသာ ဖြစ်သင့်ပေသည်။

သူက လီယင်းကို ချစ်ခဲ့သည်ဖြစ်စေ မချစ်ခဲ့သည်ဖြစ်စေ ယခုအချိန်တွင် သူ့ကို စွန့်လွှတ်ဦးမည် မဟုတ်ပေ။

"ရှောင်စီ ..."

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"အရှင်က အရင်ကနဲ့ မတူတော့ဘူး သူ့ရဲ့ လက်ရှိပုံစံကို ကြည့်ရတာ _ အတိတ်ရဲ့ အရိပ်တွေ လွှမ်းမိုးခံနေရတာလားပဲ အဖေကြားတာတော့ သူက ကိုယ်လုပ်တော်တွေကို နန်းတော်ထဲကနေ နှင်ထုတ်ခဲ့ရုံတင် မကဘဲ ကြိမ်ဒဏ်ငါးဆယ်စီတောင် ပေးလိုက်သေးတယ်ဆို .. သူ့ကို သတိကြီးကြီးထားပြီး အားလုံးကို ချင့်ချိန်နှိုင်းဆပြီးမှ လုပ်ပါလို့ အကြံပေးထားရဲ့နဲ့ .. ဘယ်လို ကောင်းကျိုးတွေ ရမှာမိုလို့ ဒီလောက် မိသားစုတွေ အများကြီးကို တစ်ပြိုင်တည်း အာခံလိုက်တာလဲ ..."

"... အဖေပြောတာကို နားထောင်နေရဲ့လား ..."

ယွင်ချင်းစီက ခေါင်းကို စောင်းလျက် တစ်ခွန်းချင်း ပြောလိုက်သည်။

"ကျွန်တော် ကြားပြီးပါပြီ ..."

"ဒါဆို ဘယ်လိုထင်လဲ ..."

အမတ်ချုပ်ယွင်က သူ့အဖြေကို စိုးတထိတ်ထိတ် စောင့်ဆိုင်းနေလိုက်သည်။

"လူတွေရဲ့ ပင်ကိုယ်စရိုက်က အကျိုးကို စုဆောင်းပြီး ဆုံးရှုံးမှုကို ရှောင်ရှားတတ်တယ် ..."

သူက ပြောလိုက်သည်။

"လီယင်းလို လူမျိုးက ဒါကို တစ်ခြားသူတွေထက်တောင် ပိုပြီး နားလည်သေးတယ် ကျွန်တော့်ကို ဆွဲထားနိုင်ဖို့အရေး သူ့ကိုယ်သူတောင် နာကျင်အောင် လုပ်နိုင်တယ်ဆိုတာ သူ့နှလုံးသားထဲမှာ ကျွန်တော်က ပိုပြီး အရေးကြီးတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား ..."

အမတ်ချုပ်ယွင်က သူ့စကားများကို နားမလည်နိုင်။

"ဆိုလိုချင်တာက ..."

"သူက ကျွန်တော့်ကို နာကျင်စေမှာ မဟုတ်ဘူး ..."

ယွင်ချင်းစီက အလေးအနက် ပြောလိုက်သည်။

"ကျွန်တော် သိနေတယ် သူ မလုပ်ဘူးဆိုတာကို ..."

ထိုစဉ်က လီယင်းသည် ယွင်ချင်းစီကဲ့သို့သော လူမျိုးနှင့် တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးသည့်တိုင် ယွင်ချင်းစီက သူ့ကို ထိခိုက်စေမည် မဟုတ်ကြောင်း မဆိုင်းမတွ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ယွင်ချင်းစီအနေဖြင့်လည်း သူ့ကို မယုံကြည်နိုင်ရန်အကြောင်း မရှိပေ။

လီယင်းမှာ လွန်စွာ ဆိုးလွန်းလှ၏။ ယွင်ချင်းစီအနေဖြင့် သူ့ကို မုန်းတီးသည့်တိုင် ထိုအမုန်းတရားကို အကြောင်းပြ၍ သူ့ကို ဆန့်ကျင်သူများနှင့် မပူးပေါင်းနိုင်။ သူ့အပေါ် လီယင်း၏ အမြင်မှာ အခြားသူများနှင့် မတူညီကြောင်းကို သိထားသောကြောင့်ဖြစ်သည်။

လီယင်း သိထားသကဲ့သို့ပင်။

လီယင်းက အလျင်အမြန်ပင် သတိပြန်ရလာကာ သူ နိုးလာချိန်တွင် လက်မောင်းကို ပက်တီးစည်းပြီး၍ သမားတော်က ဆေးညွှန်းရေးပေးနေစဉ်သာ ရှိသေးသည်။

လက်ထဲရှိ အင်္ကျီစမှာ သပ်သပ်ရပ်ရပ် ဆုတ်ဖြဲခြင်း ခံထားရ၏။ ထိုအင်္ကျီစတစ်စလုံးကို လက်ထဲ ဆုပ်မိသည်အထိ လက်ချောင်းတို့ကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်လိုက်မိတော့သည်။

မျက်လုံးကို ဖျတ်ခနဲ ဖွင့်လျက် ထထိုင်လိုက်၏။

"အရှင် ..."

ရှေ့တိုးလာသည့် လျှိုကျီရူကို တွန်းထုတ်ကာ ခြေဗလာဖြင့် ကန့်လန့်ကာနောက်မှ ပြေးထွက်လာလိုက်သည်။

ယွင်ချင်းစီ၏ ထူးခြားဆန်းပြား သီအိုရီတွင် နစ်မြောနေဆဲဖြစ်သော အမတ်ချုပ်ယွင်မှာ ထိတ်လန့်သွားရပြန်တော့၏။

ယွင်ချင်းစီက လက်အနွေးအိတ်တစ်လုံးကို ကိုင်လျက် သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။ သူ့ပုံစံမှာ ဂရုမထားဟန်တို့ အနည်းငယ် ရောစွက်နေ၏။

ထိုအခါမှ လီယင်း၏ နှလုံးသားလည်း နေရာတကျ ပြန်ဖြစ်သွားတော့သည်။

သူ့ကို မြင်လိုက်သည့် ယွင်ချင်းစီက ခြေဗလာဖြစ်နေသော ခြေထောက်တို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်သည်။ လီယင်းမှာ သတိလစ်ရာမှ နိုးထလာကာစ ဖြစ်သည့်တိုင် ယွင်ချင်းစီ ထွက်သွားမည်ကို စိုးရိမ်စိတ်ကြောင့် သူ့ကိုယ်သူ အတင်း တွန်းအားပေးကာ အိပ်ယာမှ ထလာ၏။ သူ့အခြေအနေမှာမူ လွန်စွာ ဆိုးရွားနေဆဲပင်။

"ဘာလို့ ငါ့ကို ကြည့်နေတာလဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဘာလဲ .. မင်းက ငါ့ကို ပြုစုစေချင်နေတာလား ..."

"မဟုတ်ပါဘူး ..."

လီယင်းက တစ်ခဏမျှ ရပ်တန့်ပြီးကာမှ ဆက်ပြောလိုက်သည်။

"ကိုယ့်မှာ တကယ်ကို ပြောစရာ ရှိတာပါ ဟုတ်တယ် ကိုယ့်မှာ ပြောစရာတွေ အများကြီး ရှိတယ် ..."

"မစိုးရိမ်ပါနဲ့ ..."

ယွင်ချင်းစီက သူ့ကို လောဆော်လိုက်သည်။

"ပြန်သွားပြီး အနားယူလိုက် ..."

အမတ်ချုပ်ယွင်က ယွင်ချင်းစီကို ဆက်ပြီး နားမချတော့။

ထိုနေ့က ယွင်ချင်းစီသည် ကျန်းရှန်းနန်းဆောင်တွင် နေထိုင်ခဲ့၏။ လီယင်း၏ လက်မောင်းတစ်ဖက်ကို ပတ်တီးဖြင့် တင်းကြပ်စွာ စည်းနှောင်ထားကာ သမားတော်၏ စကားအရ ထိုဒဏ်ရာများမှာ သက်သာပျောက်ကင်းသွားသည့်တိုင် အမာရွတ် ကျန်ရစ်နေဦးမည်ဖြစ်သည်။

အကြောင်းမှာ ဓားကို လွန်စွာ နက်ရှိုင်းသည်အထိ စိုက်သွင်းခဲ့၍ ဖြစ်သည်။

လီယင်းက အချိန်အတော်ကြာ အိပ်မောကျခဲ့သော်လည်း ကြားထဲတွင် ကြိမ်ဖန်များစွာ နိုးလာခဲ့သေး၏။ ယွင်ချင်းစီ အနားတွင် ရှိနေသေးမှန်း သိရကာမှသာ တစ်ဖန် စိတ်အေးလက်အေး အိပ်မောကျသွားပြန်တော့သည်။

ညနေခင်း ရောက်သည့်အခါ ယွင်ချင်းစီက စားဖိုဆောင်မှ စားစရာများ မှာယူကာ ဖြည်းညှင်းစွာ စားလိုက်သည်။

အားလုံး ဖြစ်ပျက်အပြီးတွင် လျှိုကျီရူသည် နောက်ထပ် ထပ်မပြောရဲတော့။ သူ့ရည်ရွယ်ချက်မှာ ကောင်းမွန်သည့်တိုင် လီယင်း သတိပြန်ရလာပါလျှင် သူ့ကို ခွင့်လွှတ်ပါ့မလားဟု တွေးစပြုလာတော့သည်။

အပြင်ဘက်တွင် ရှိနေသူက ကောင်းစွာ စားသောက်ကာ အတွင်းဘက်တွင် ရှိနေသူက ကောင်းစွာ အိပ်စက်နေကြောင်း အတည်ပြုပြီးကာမှသာ ... အထဲမှ တစ်ယောက်က နိုးထလာ၏။

သူက အနားသို့ အလောတကြီး တိုးသွားကာ ဧကရာဇ်၏ ဖိနပ်တို့ကို ယူလာပေးလိုက်သည်။

သူ့ထံသို့ ကျရောက်လာသည့် လီယင်း၏ အကြည့်တို့ကြောင့် လျှိုကျီရူ၏ နားထင်တစ်ခုလုံး ချွေးများ စိုရွှဲလာတော့၏။ သို့သော် တစ်ဖက်သူက သူ့ကို စကားတစ်ခွန်းမှမဆို၊ ပုခုံးကိုသာ ပုတ်ပေးပြီး နဂါးဖိနပ်ကို ဝတ်ဆင်လျက် ထွက်သွားတော့၏။

လျှိုကျီရူမှာ ကြမ်းပေါ် ထိုင်ချလိုက်မိတော့သည်။