Chapter 53
"နိုးလာပြီလား ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ပါးလုတ်ကျင်းပြီး တစ်ခုခု စားလေ ..."
လီယင်းက သူ့ဘေးတွင် ဝင်ထိုင်ကာ တူကို ကောက်ယူ၍ သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။
ယွင်ချင်းစီက မျက်တောင်ခတ်လျက် ပြောလိုက်သည်။
"စားလေ ဘာလဲ မင်းကို ခွံ့ကျွေးစေချင်လို့လား ..."
လီယင်းက အကြည့်တို့ကို ပြန်ရုတ်သိမ်းကာ ဒဏ်ရာမရှိသည့် ညာဘက်လက်ဖြင့် ဂေါ်ဖီစိမ်းတစ်ဖတ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။
"အခု ဘာလို့ တအားကို ကျန်းမာရေး ဆိုးရွားသွားရတာလဲ ..."
ယွင်ချင်းစီက မေးလိုက်သည်။
"ဒီလိုပုံစံမျိုးနဲ့ဆို ငါ မင်းကို နည်းနည်းလေးပဲ ဒေါသထွက်ရင်တောင် ကိုင်တွယ်နိုင်ပါ့မလား ..."
"ကိုယ့်ကို ဒေါသထွက်ရုံလေးပဲလား ..."
လီယင်းက စကားကို တမင်တကာ အထအနကောက်လိုက်သည့်အတွက် ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်တော့သည်။
"ကိုယ့်ကို ဒေါသထွက်ရတာ မင်းအတွက် တန်လို့လား ..."
သူက အမှန်တကယ်ပင် ငြိမ်းချမ်းရေး ကမ်းလှမ်းလိုခြင်း ဖြစ်သည်။
လီယင်းက ခေါင်းငုံ့ထားလျက် တူထိပ်ဖျားဖြင့် ပန်းကန်လုံးအောက်ခြေကို ထိနေလိုက်၏။ သူ့ကျန်းမာရေးက ဆိုးရွားနေခြင်း မဟုတ်၊ မန္တာန်၏ သက်ရောက်မှုကို မျှော်မှန်းမထားမိခြင်းသာ ဖြစ်ပေသည်။
သူ့ကိုယ်တွင်းအင်္ဂါအားလုံး ဖျစ်ညှစ်ခြေမွခံထားရသည့်နှယ်ပင်။
အမှန်တကယ်တွင် ထိုသက်ရောက်မှုမှာ ကုသ၍ မရနိုင်သည်တော့ မဟုတ်ပေ။ သူ၏ စွဲလမ်းမှုကို စွန့်လွှတ်လျှင် သို့မဟုတ် ပြောင်းလဲလိုက်ပါလျှင် ပိုပြီး သက်သာလာမည်ဖြစ်သည်။
သို့သော် သူက ယွင်ချင်းစီကို မစွန့်လွှတ်နိုင်။
ယွင်ချင်းစီက သူ့ခြေထောက်ကို ကန်ကာ ကောက်ကာငင်ကာ ပြောလိုက်သည်။
"ဘာလို့ မပြောတာလဲ ငါ့ကို ပြောစရာတွေ အများကြီး ရှိနေတာ မဟုတ်ဘူးလား မင်းရဲ့ ခန္ဓာကိုယ်က ဘာဖြစ်တာလဲ ..."
"ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ပါပဲ ..."
လီယင်းက တီးတိုးပြောလိုက်သည်။
"မင်းက ကောက်ကာငင်ကာကြီး ထပြောလိုက်တော့ အဲဒါကို မတုန့်ပြန်နိုင်ခဲ့ရုံလေးတင်ပါ ..."
"အိုး ..."
ယွင်ချင်းစီက သူ့ကို ထပ်မေးမလာတော့။ သူက တစ်ယောက်ယောက်အား စွပ်ပြုတ်ထည့်ခိုင်းလိုက်ကာ ဇွန်းဖြင့် အနည်းငယ် ခပ်သောက်လိုက်၏။ အခြားသူကို မျက်နှာပျက်စေကာ အခြားသူများက သူ့အား မျက်နှာပျက်စေမည်ကို ခွင့်မပြုခြင်းမှာ ဂုဏ်သိက္ခာနှင့်သာ သက်ဆိုင်သည့် အရေးကိစ္စ မဟုတ်ပေ။
ဒီပန်းကန်လုံးလေးကိုတောင် မမနိုင်တာ ဘယ်လို ဘုရင်မျိုးလဲ ...
လီယင်း၏ ဖြူရော်နေသော မျက်နှာကို ဖျတ်ခနဲ ငေးကြည့်ပြီးနောက် ပြန်လည်မွေးဖွားပြီးကတည်းက ကျန်းမာသန်စွမ်းသည့် လီယင်းကို တစ်ကြိမ်မျှပင် မတွေ့ရသေးကြောင်း သတိပြုမိသွားတော့သည်။
လက်ထဲရှိ ပန်းကန်လုံးကို မြှောက်ပြလျက် ပြောလိုက်၏။
"ဒီစွပ်ပြုတ်က အရသာရှိတယ် ..."
လီယင်းက သူ ဆိုလိုသည်ကို သဘောပေါက်သွားကာ မျက်ဝန်းထဲ၌ ပြုံးရိပ်တို့ လျှံကျလျက် ပန်းကန်လုံးကို ကိုယ်တိုင်ကိုယ်ကျ ဖြည့်ပေးလိုက်သည်။
ဤသည်မှာ အားဖြည့်စွပ်ပြုတ်ဖြစ်သည်။
ယွင်ချင်းစီ၏ စကားများထဲမှ သိုဝှက်ထားသော အဓိပ္ပါယ်မှာ ဤသို့ဖြစ်သည်။
ဒီစွပ်ပြုတ်က အရသာရှိတယ် အဲဒါကြောင့် မင်းလည်း နည်းနည်းလောက် သောက်ကြည့် ...
လီယင်း၏ နှလုံးသားတစ်ခုလုံး နွေးထွေးလာတော့သည်။ ယခင်က ဤထက်ပိုမိုကာ ရရှိပိုင်ဆိုင်ခဲ့သည့်တိုင် ယခုမူ အနည်းငယ်မျှသော ကြင်နာမှုလေးကပင်လျှင် သူ့ကို စိတ်သက်သာရာ ရစေတော့သည်။
စားသောက်ပြီးနောက် ယွင်ချင်းစီက သူ့ကို ပြောလိုက်၏။
"ချောင်ယန်နန်းဆောင်ကို ပြန်တော့မယ် ..."
လီယင်း၏ နှလုံးသားထဲရှိ အနွေးဓာတ် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
"ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ် ..."
"မင်း ... အရမ်းကြီး အားစိုက်မနေတာ ပိုကောင်းလိမ့်မယ် ..."
"ကိုယ့်မှာ မင်းကို ပြောစရာရှိတယ် ..."
"ဘာလဲ ..."
"အားလုံး .. မင်းကို ဖုံးကွယ်ထားသမျှ အားလုံး .. မင်းကို ရှင်းပြချင်လို့ ..."
ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီးကာမှ ပြောလိုက်သည်။
ကောင်းပြီ အိပ်ယာပေါ်သွားပြီး ပြောကြရအောင် ..."
နာရီဝက်ခန့် ကြာပြီးနောက် ယွင်ချင်းစီက အဝတ်အစားလဲကာ နဂါးကုတင်ပေါ်သို့ ဦးဆောင်၍ တက်လိုက်၏။ နောက်ထပ် ဆယ့်ငါးမိနစ်ခန့် ကြာကာမှ လီယင်းက ဆံပင်တို့ကို ဖြည်ချလျက် လိုက်လာသည်။
သူ အိပ်ယာထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ အကြည့်တို့က သူ့နှာတံပေါ် ကျရောက်လာသည်။ ထို့နောက်တွင်မှ အကြည့်တို့ကို ပြန်ရုတ်သိမ်းလျက် ပြောလိုက်သည်။
"ပြောလေ ..."
လီယင်းရဲ့ နှာတံက ဘာလို့ ဒီလောက်အထိ လှနေရတာလဲ ...
နှစ်ဦးသား ကုတင်ခေါင်းရင်းကို မှီထိုင်လိုက်ကြသည်။ မသိမသာ ခေါင်းမော့ထားသည့် လီယင်းကြောင့် ယွင်ချင်းစီ၏ ရှူထောင့်ဘက်မှ ကြည့်ပါလျှင် ဖြောင့်တန်းသည့် နှာတံနှင့် ရှည်လျားသည့် မျက်တောင်တို့မှာ ပို၍ပင် သိသာထင်ရှားနေပေသည်။ သူ့အကြည့်တို့ကို နောက်တစ်ကြိမ် ပြန်ရုတ်သိမ်းလိုက်ရတော့၏။
လီယင်းမှာမူ လွန်စွာ စိတ်ရှည်လက်ရှည် ပြင်ဆင်နေသည့်ဟန်ပင်။
အချိန်အတော်ကြာကာမှ စကားစလာ၏။
"ကိုယ် မင်းကို ပထမဆုံး ဝန်ခံချင်တဲ့ အချက်က .. မယ်တော်ကြီးကျန်းက ကိုယ့်အမေအရင်း မဟုတ်ဘူး ..."
"ဒုတိယတစ်ချက်က .. မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးက အသက်ရှင်နေခဲ့တယ် ပြီးတော့ သူမှာ နောက်ထပ် နာမည်တစ်ခု ရှိနေတယ် .. အဲဒီ့အကြောင်းကို အရင်ဘဝက ကိုယ် ဒီလိုအချိန်အထိ မသိခဲ့သေးဘူး ..."
"တတိယတစ်ခု .. မင်းကို အအေးနန်းဆောင်ထဲ ပို့တာက ... ရှေ့နှစ်ခုကိုပဲ အရင်ပြောကြရအောင်ပါ ..."
သူက သက်ပြင်းချကာ ယွင်ချင်းစီကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ဘယ်တစ်ခုကို အရင် နားထောင်ချင်လဲ ..."
လီယင်း၏ နှာတံထိပ်ဖျားတို့က သူနှင့် တစ်တန်းတည်း ဖြစ်သွားသည်။
ယွင်ချင်းစီက သူ ပြောလိုက်သည့် ပထမဆုံးတစ်ချက်ကို မအံ့ဩမိ။ ထိုနေ့ မယ်တော်ကြီးကို လက်စဖျောက်ရန် လီယင်းကို ခေါ်လာစဉ်ကတည်းက သူမသည် လီယင်း၏ မိခင်ရင်း မဟုတ်နိုင်ကြောင်း သတိပြုမိပြီးဖြစ်သည်။
မိမိရင်သွေးအား ဤကဲ့သို့ ကြံစည်ခဲ့သော မိခင်မျိုးကို တစ်ကြိမ်တစ်ခါမှပင် မတွေ့ဖူးခဲ့ချေ။
သို့သော် ဒုတိယစကားကိုမူ များစွာ အံ့ဩမိသွား၏။ သူ့စိတ်တစ်ခုလုံး အတွေးမျိုးစုံဖြင့် ပြည့်နှက်သွားသော်ငြား ရုတ်ချည်းပင် ဗလာပြန်ဖြစ်သွားတော့သည်။ သူရထားသည့် အချက်အလက်များမှာ လွန်စွာ နည်းပါးလှသည့်အတွက် ထိုစကားမှတစ်ဆင့် လီယင်း၏ ဆိုလိုရင်းကို အဓိပ္ပါယ်ကောက်နိုင်ရန်အကြောင်း မရှိသေးပေ။
"ငါ့အစ်ကို အကြီးဆုံးအကြောင်းပဲ အရင် ပြောကြရအောင် ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ မင်းတောင် ဘာမှ မသိခဲ့ဘူးလား ..."
သူက လွန်စွာ စိတ်ရှုပ်ထွေးသွားရသည်။ လီယင်းက သက်ပြင်းဖွဖွချလျက် ပြောလိုက်၏။
"ဘာလို့ဆို မင်းရဲ့ အစ်ကိုအကြီးဆုံး ဆုံးသွားတုန်းကကိုယ်တောင် မမွေးသေးဘူး ..."
လီယင်းက ထီးနန်းဆက်ခံပြီးသည့်နောက် ဧကရာဇ်၏ ညွှန်ကြားမှုကို တိုက်ရိုက် လက်ခံရသည့် ချီရမ်ဝေ့အမည်ရ အဖွဲ့အစည်းတစ်ခုကို တိတ်တဆိတ် လွှဲပြောင်းရရှိခဲ့သည်။ အိမ်ရှေ့စံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့သည့်တိုင် ထီးနန်း မဆက်ခံရခင်အထိ သူ့ဖခင်၏ လက်အောက်တွင် ဤကဲ့သို့သော အဖွဲ့မျိုး ရှိနေကြောင်း လုံးဝ မသိခဲ့ပေ။
ချီရမ်ဝေ့တွင် သတင်းအချက်အလက်ဌာနနှင့် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရေးဌာနဟူ၍ ရှိကာ အဖွဲ့သား ရွေးချယ်ရာတွင်လည်း လွန်စွာ တင်းကြပ်လှပေသည်။ ချီရမ်ဝေ့၏ အဖွဲ့ဝင်များကို လူထူးလူဆန်းများဟူ၍ပင် သတ်မှတ်နိုင်ကာ အချို့မှာ အသက်အရွယ် လွန်စွာ ကြီးရင့်ပြီး ချီရမ်ဝေ့အတွက် မည်သည့်တာဝန် ထမ်းရွက်နေသည်ဟုလည်း မသိရ၊ ယုံကြည်ရကြောင်း သက်သေပြသပြီးမှသာလျှင် ထုတ်ပြောကြသည်။
ယွင်ချင်းစီ၏ အစ်ကိုကြီးကဲ့သို့ မိသားစုများ၏ ခြွင်းချက်မရှိ သစ္စာခံမှုကြောင့် ရောက်ရှိလာသူအချို့မှာမူ ငယ်ရွယ်စဉ်ကတည်းကပင် လျှို့ဝှက်တာဝန်များဖြင့် စေလွှတ်ခြင်း ခံကြရသည်။
ယွင်ချင်းစီက အင်္ကျီအနားစကို ဆုပ်ကိုင်ထားလျက် မေးလိုက်သည်။
"ဘာတာဝန်လဲ ..."
"သူက ပေချန်းမှာ ..."
ပေချန်းတွင် အဆင်သင့် စောင့်ဆိုင်းနေသည်ဆိုသည့် အချက်ကပင်လျှင် သူ မည်သည့်တာဝန်ကို ထမ်းဆောင်နေရကြောင်း သက်သေပြနှင့်ပြီးဖြစ်သည်။
လီယင်းက ပြောလိုက်သည်။
"ကိုယ် သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး ဒါပေမယ့် သူ့သရုပ်မှန် ဖော်ထုတ်ခံရပြီး အဖမ်းခံလိုက်ရတဲ့အချိန် မတိုင်ခင်အထိတော့ သူနဲ့ စာတွေအများကြီး ဖလှယ်ခဲ့တယ် ..."
နောက်ပိုင်းဖြစ်ရပ်များမှာ ညှင်းပန်းနှိပ်စက်မှုနှင့် စတေးမှုတို့ ဖြစ်သည်။
ထိုသူမှာ ဤကမ္ဘာတွင် တစ်ကြိမ်တစ်ခါမျှပင် မတည်ရှိဖူးသည့်နှယ် သူ မည်သို့သော လူမျိုးမှန်း ဝိုးတဝါး သိရှိနိုင်သည့် စာအချို့မှအပ မည်သည့်ခြေရာလက်ရာမှ မကျန်ခဲ့တော့ပေ။
ဈာပနလည်း မရှိ၊ အလောင်းလည်း မရှိ၊ လီယင်းက ပေချန်းသို့ လူလွှတ်ကာ သူ့ရုပ်အလောင်းကို ပြန်ယူခိုင်းခဲ့သော်ငြား မအောင်မြင်ခဲ့ပေ။
"နောက်ပိုင်းကျမှ မင်းအဖေက အဲဒါ မင်းရဲ့ အစ်ကိုမကြီးဆုံးလို့ ပြောခဲ့တာ သူက ဒါကို လျှိူ့ဝှက်ချက်တစ်ခုအဖြစ် ထားချင်တော့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်မှာကို နာမည်တုတစ်ခုကို သုံးခဲ့တယ် ..."
လီယင်းက ပြောလိုက်သည်။
"မင်းအဖေက ပြောခဲ့တယ် ကိုယ့်အနေနဲ့ အဲဒီ့သူက ဘယ်သူ ပြီးတော့ ဘယ်နေရာမှာ မွေးဖွားခဲ့တယ်ဆိုတာ သိဖို့ မလိုဘူး သူ တိုင်းပြည်အတွက် လုပ်ပေးခဲ့တာတွေကို သိရင်ပဲ လုံလောက်ပါပြီတဲ့ ..."
ယွင်ချင်းစီက စိုစွတ်နေသည့် မျက်တောင်တို့ကို တဖျတ်ဖျတ်ခတ်ကာ မေးလိုက်သည်။
"ဒါဆို ဘာလို့ သူက မင်းကို ပြောခဲ့တာလဲ ..."
"နောက်ထပ် ကိစ္စတစ်ခု ဖြစ်လာလို့ ..."
လီယင်းက ပြန်စဉ်းစားကာ ပြောလိုက်သည်။
"ကိုယ် မင်းကို နှင်ထုတ်ခဲ့တုန်းက မင်းက ကိုယ့်ကို လာတောင်းပန်ပေးဖို့ ဆရာ့ကို တွန်းအားပေးခဲ့တယ်လေ တကယ်တော့ အဲဒီ့ညက ကိုယ်တို့တွေ တစ်ညလုံး စကားပြောနေခဲ့ကြတာ ..."
ယွင်ချင်းစီက ကြက်သေသေသွားတော့သည်။
"ဒါဆို မင်းတို့တွေ အဲဒီ့အချိန်ကတည်းက ..."
"ငြိမ်းချမ်းရေး ရနေပြီးသား ..."
လီယင်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
"ဒါကြောင့်လည်း အဲဒီ့လူက မင်းအစ်ကိုဆိုတာကို ဆရာက လိုလိုလားလား ထုတ်ပြောခဲ့တာပေါ့ ..."
ယွင်ချင်းစီက အနည်းငယ် ကသိကအောက်ဖြစ်စွာဖြင့် မေးလိုက်သည်။
"ဒါဆို အခု ငါ့အစ်ကိုကြီးက ဘယ်လိုနေလဲ ..."
"ကိုယ် သူ့ကို အလောတကြီး မဆောင်ရွက်ဖို့ လူလွှတ်ပြီး စာပို့ခိုင်းထားတယ် နန်းတော်ထဲမှာလည်း ပေချန်းက သူလျှိုတွေ ရောနေတယ်လေ ..."
ယွင်ချင်းစီက ချက်ခြင်းပင် ရွမ်လျန် သူ့ကို မေးခဲ့ခြင်း၏ အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။
"ဒါ .. ဒါဆို ရွမ်လျန်က ..."
"ကိုယ် သူ့ကို ထိန်းချုပ်ထားပြီးပြီ ဒါပေမယ့် ပြီးခဲ့တဲ့ဘဝမှာ မင်းအစ်ကိုကြီး အဖမ်းခံခဲ့ရတာ .. သူ ပစ်မှတ်ထားခံနေရတာ တစ်နေ့တည်း တစ်ညတည်း မဟုတ်တာ သေချာတယ် သူ့သရုပ်မှန်က သေချာပေါက်ကို ပေါက်ကြားလုနီးပါး ဖြစ်နေပြီ သူ ဘာမှ မလုပ်ရင်တောင် ပေချန်းမှာ နေဖို့က မလုံခြုံတော့ဘူး ..."
"သူ့ကို ကယ်ပေးမယ် မဟုတ်လား ..."
ယွင်ချင်းစီက သူ့ကို အတင်း စိုက်ကြည့်နေလိုက်သည်။
"လီယင်း .. သူ အဆင်ပြေနေရဲ့လား ..."
"ပြေမှာပါ ..."
လီယင်းက သူ့လက်ကို ဆုပ်ကိုင်လျက် ပြန်ဖြေလိုက်သည်။
ယွင်ချင်းစီက မျက်လွှာချလျက် တစ်ခဏမျှ ကြာကာမှ ဆက်မေးလိုက်သည်။
"အဲဒီ့ညက ငါ့အဖေနဲ့ ဘာတွေ ပြောခဲ့တာလဲ ဘာလို့ သူရော မင်းရော ငါ့ကို ဘာမှ မပြောခဲ့ကြတာလဲ သူက ငါ့ကြောင့် မင်းကို ဒေါသထွက်စေခဲ့မိတယ်လို့ပဲ ထင်နေခဲ့တာ .. ဒါကြောင့် မင်းက သူ့ကို ဖမ်းလိုက်တယ်လို့လေ ..."
"မင်းအနေနဲ့ သူ အပတ်တကုတ် ကြိုးစားခဲ့တာတွေကို နားလည်လိမ့်မယ်လို့ မျှော်လင့်ခဲ့တာထင်တယ် အဲဒီ့အချိန်မှာ မင်းက သူနဲ့ အဆက်အသွယ်လုပ်ဖို့ ငြင်းဆန်နေခဲ့တာလေ အဲဒါကြောင့် ဒီကိစ္စကို အသုံးချပြီး မင်းရဲ့ မိသားစုက မင်းအတွက်ဆို ကိုယ့်ကို အာခံဖို့လည်း မတုန့်ဆိုင်းဘူး၊ မင်းကို အရမ်းချစ်တယ် ဆိုတာကို သိစေချင်ခဲ့လို့နေမှာ ပြီးတော့ သူက အမြဲတမ်း မင်းနဲ့ကိုယ်နဲ့ကို လမ်းခွဲစေချင်ခဲ့တာလေ တကယ်လို့ ဒီကိစ္စတွေသာ ပိုပြီး ပြင်းထန်လာရင် မင်းက ကိုယ်နဲ့အတူ ဆက်ပြီး မရှ်ိချင်တော့တာလည်း ဖြစ်နိုင်တာပဲကို ..."
"မင်းကရော ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"မင်းကရော ဘာလို့ မပြောခဲ့တာလဲ ..."
"အဲဒီ့အချိန်က မင်းနဲ့ ယွင်မိသားစုက မီးနဲ့ရေလိုပဲလေ တကယ်လို့ .. မင်းသာ ကိုယ်နဲ့ မင်းအဖေ ညလုံးပေါက် စကားပြောခဲ့တယ်ဆိုတာ သိသွားခဲ့ရင် ဘာလုပ်မလဲ ..."
သူ ဘာတွေ လုပ်ခဲ့မိမလဲ ...
လီယင်း၏ စိတ်ထဲတွင် သူ့အဖေက သူ့ထက်ပိုကာ အရေးပါသည်ဟု တွေးမိပေလိမ့်မည်။ လီယင်းက ယွင်မိသားစုကို ကြောက်ရွံ့ပါသည်ဆိုသည့် အချက်ကို လက်ခံနိုင်သော်ငြား လီယင်းက သူမုန်းတီးသူများနှင့် ရင်းနှီးသည်ဆိုသည့် အချက်ကိုမူ လုံးဝ လက်မခံနိုင်ပေ။
ပြင်းထန်လှသည့် ရိုက်ချက်ကြောင့် စိတ်ပျက်အားလျော့သွားရတော့၏။ သူ့ကို မောင်းထုတ်ခဲ့သူမှာ လီယင်းဖြစ်ကာ လီယင်းသည် သူ့အမေကို သွယ်ဝိုက်သောနည်းဖြင့် သေစေခဲ့သူကို သူ့ထက်ပိုကာ အလေးထားခဲ့သည်။
ထိုအကြောင်းကြောင့် သူ့အဖေအပေါ် ပိုမိုခက်ထန်ကာ လီယင်းနှင့်လည်း နောက်တစ်ကြိမ် စကားများကြရမည်ဖြစ်သည်။
"ဒါပေမယ့် ဒါက ကိုယ့်အမှားပါ ..."
လီယင်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
"ကိုယ် မင်းကို ပွင့်ပွင့်လင်းလင်း ပြောခဲ့သင့်တာ မင်း စိတ်ဆိုးသွားမှာကို ကြောက်တာနဲ့ပဲ အမှန်တရားကို မပြောဘဲ မနေခဲ့သင့်ဘူးလေ ကိုယ်က မင်းကို အရေးမစိုက်ခဲ့မိလို့ ဖြစ်လာခဲ့တာပဲ ကိုယ်သာ မင်းနဲ့ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောခဲ့မိရင် .. အဲဒီ့အခြေအနေအထိ ရောက်လာမှာ မဟုတ်ဘူး ..."
ယွင်ချင်းစီက သူ့ကို စိုက်ကြည့်လိုက်သည်။ အနည်းငယ် နီရဲနေသည့် မျက်ဝန်းတို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ လီယင်း၏ နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲသွားတော့သည်။
"အားစီ မင်း ကိုယ့်ကို ဓားနဲ့ ထိုးချင်လည်း ကိစ္စမရှိပါဘူး ဒါပေမယ့် .. မငို .. မငိုလိုက်ပါနဲ့ ..."
ယွင်ချင်းစီက အကြည့်တို့ကို လွှဲဖယ်လိုက်သည်။ မျက်ရည်ကြည်တို့က မျက်ဝန်းအိမ်တစ်ခုလုံးအနှံ့ ပြည့်နှက်လာတော့သည်။
"မယ်တော်ကြီးကျန်းကရော .. သူမအကြောင်း ဘယ်အချိန်ကတည်းက သိခဲ့တာလဲ ..."
"မင်းအစ်ကိုကြီးရဲ့ ကိစ္စတွေ ပြီးသွားတော့ ကိုယ်တို့နဲ့ ပေချန်းရဲ့အကြားက ဆက်ဆံရေး တင်းမာသွားတယ်လေ ပေချန်းက ရှန်းယန်မှာ သူလျှိုတွေ ထည့်ထားမှန်း သေချာသွားတာ အဲဒါနဲ့ ကိုယ် စပြီး စုံစမ်းလိုက်တဲ့ အချိန်မှာပဲ ကျန်းမိသားစုနဲ့ ဆက်စပ်နေတာကို တွေ့သွားခဲ့တယ် ..."
"ဆရာ့ကို ဒီအကြောင်း ပြောပြတော့ သူကလည်း တစ်ခု ရှာတွေ့ထားတယ်တဲ့ .. အဲဒါက ကိုယ့်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်နေတာ ပြောရရင် မင်းအဖေက ကိုယ်နဲ့မင်း လက်ထပ်လိုက်ပြီဆိုကတည်းက သံသယဝင်နေခဲ့တာပဲ အစောပိုင်းတုန်းက အားလုံး နားမလည်နိုင်ကြဘူးလေ မယ်တော်ကြီးက အမတ်ချုပ်အိမ်တော်နဲ့ အင်အားချင်း ချိန်ညှိဖို့ စီစဉ်ခဲ့တာလို့ပဲ အားလုံးက ထင်ခဲ့ကြတာ တကယ်တမ်းတော့ ကိုယ့်ကို ဇနီးမရှိအောင် လုပ်မယ့် အကြံကို ဖုံးကွယ်ထားကြတာလေ ..."
ယွင်ချင်းစီ၏ အမူအယာကို အကဲခတ်ရင်း နူးညံ့စွာဖြင့် ထပ်ပြောလိုက်သည်။
"ဒါက ကိုယ်ပြောနေတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တစ်ခုပဲနော် .. ဇနီးတစ်ယောက်နဲ့ လက်ထပ်တဲ့အကြောင်း မဟုတ်ဘူး ..."
အခုတော့ သူလည်း အရိပ်အကဲ ကြည့်ရမယ်မှန်း သိနေပြီပေါ့ ...
ယွင်ချင်းစီက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ငါက ကလေးမှ မဟုတ်တာ မင်း ဘာပြောနေတာလဲ နားလည်ပါတယ် ..."
လီယင်း၏ အကြည့်တို့က သူ့မျက်နှာထံ ကပ်ငြိနေကာ တစ်ခဏမျှ ကြာကာမှ ဆက်ပြောလိုက်၏။
"ပြီးခဲ့တဲ့လေးနှစ်အတွင်း မင်းက ပိုပိုပြီးကို လွှမ်းမိုးချင်စိတ်တွေ များလာတယ် ဒါပေမယ့် မယ်တော်ကြီးကတော့ မင်းကို နည်းနည်းလေးတောင် ဟန့်တားမယ့် ရည်ရွယ်ချက် မရှိဘူးလေ သူမက မင်းနဲ့ အရမ်း ရင်းနှီးတဲ့သူ မဟုတ်လား မင်းအဖေကလည်းတစ်ခုခု မှားနေမှန်း သတိပြုမိနေခဲ့တာ သူမက မင်းနဲ့ကိုယ့်ကြားက ဆက်ဆံရေးကို ပျက်စီးစေချင်ရုံတင် မကဘူး မင်းကို အသုံးချပြီး ကိုယ့်မှာ မျိုးဆက် ရှိမလာအောင်ပါ ဟန့်တားချင်ခဲ့တာ ..."
"သူမက မသိခဲ့ဘူးလား မင်း ..."
လီယင်းက ခေါင်းယမ်းပြလိုက်သည်။
"အရင်က ကိုယ်တစ်ယောက်ပဲ သိခဲ့တာ အခုတော့ မင်းနဲ့ကိုယ် နှစ်ယောက်ပေါ့ ..."
လျှို့ဝှက်ချက်ကို ဘဝနှစ်ခုလုံးစာ နှလုံးသားထဲတွင် မြှုပ်နှံထားသော ယွင်ချင်းစီက တမင်တကာ ပြောလိုက်သည်။
"မင်း ပြောလိုက်ကတည်းက လျှို့ဝှက်ချက် မဟုတ်တော့ဘူး အနာဂတ်မှာ လူတိုင်း သိသွားအောင် လျှောက်ပြောပစ်မှာ ..."
လီယင်းက နှုတ်ခမ်းတို့ကို အသာ ကော့ညွတ်လိုက်သည်။
"မင်းစိတ်ကြိုက်ပါ ..."