အပိုင်း ၅၄
Viewers 13k

Chapter 54


လွန်စွာ တည်ငြိမ်နေသူကြောင့် ယွင်ချင်းစီလည်း စိတ်မသက်မသာ ဖြစ်လာရတော့သည်။ သူက လီယင်းကို စောင်အောက်မှ လှမ်းကန်ကာ ပြောလိုက်သည်။

"ဆက်ပြော ..."

"ဆရာနဲ့ ဆွေးနွေးပြီးကတည်းက ကိုယ် စပြီး စုံစမ်းခဲ့တာ ဒါပေမယ့် အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီးသားဆိုတော့ ရှာတွေ့ဖို့ကလည်း မလွယ်တော့ဘူးလေ ဆေးမှတ်တမ်းတွေမှာလည်း ဘာမှ ထူးခြားတာ မရှိဘူး ..."

သူက ပြောလိုက်သည်။

"ကျန်းမိသားစုကို ကိုင်တွယ်မှ ရမယ်ဆိုပေမယ့် အချိန်ကောင်း မဟုတ်သေးဘူး နယ်စပ်မှာ စစ်ဖြစ်နေတဲ့အပြင် အတွင်းအပြင် ပြဿနာတွေလည်း အများကြီးပဲဆိုတော့ ကိုယ်က ဒါတွေကိုပဲ အရင် ကိုင်တွယ်ခဲ့ရတာ အဲဒီ့အချိန်က မင်းမှတ်မိသေးလား ကိုယ် နေ့တိုင်း ညီလာခံအစည်းအဝေး လုပ်နေခဲ့ရတာလေ ထမင်းစားဖို့တောင် အချိန်မရှိခဲ့ဘူးဆိုတာကို .. မင်းရဲ့ တတိယအစ်ကိုက စစ်မြေပြင်ကို သွားမယ်လို့ သူ့ဆန္ဒအလျောက် အဆိုပြုလာပြီး ကျန်းစစ်ယုံကလည်း သူနဲ့ လိုက်သွားခဲ့တယ် ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြလိုက်သည်။

လီယင်းက ဆက်ပြောလိုက်၏။

"မင်း ကိုယ့်ကို ကြွေထည် လာပြတဲ့နေ့က ကိုယ် အဲဒီ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တာ ဗျူဟာတွေ ရေးဆွဲဖို့ ကျွမ်းကျင်သူတွေကို ကိုယ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာ .. ကိုယ် အရမ်း အလုပ်များနေတယ်လို့ မပြောချင်လို့ မင်းကို လျစ်လျူရှုခဲ့ပေမယ့် .. အဲဒီ့အချိန်က ကိုယ် တကယ်ကို မရည်ရွယ်ခဲ့ပါဘူး ..."

ယွင်ချင်းစီက သူ့ကို တစ်ခဏမျှ စိုက်ကြည့်ပြီးကာမှ ခေါင်းကို တစ်ဖြည်းဖြည်း ညိတ်ပြလျက် ပြောလိုက်သည်။

"ဘာလို့ မင်းအမေနဲ့ မင်းက သွေးသားမတော်စပ်ဘူးဆိုတာကို မပြောခဲ့ရတာလဲ ..."

"ပထမတစ်ခုက သက်သေမရှိလို့ .. ပြီးတော့ .. ကိုယ် မင်းကို တစ်ခါ ပြောခဲ့ဖူးပေမယ့် မင်းက အာရုံမစိုက်ခဲ့ဘူးလေ ကိုယ့်ကိစ္စတွေကို တစ်ယောက်တည်းလည်း ကိုင်တွယ်နိုင်ပါတယ် မင်းကို စိတ်ပူခိုင်းနေဖို့ မလိုအပ်ဘူးလို့ တွေးခဲ့မိတာ အဲဒီ့အချိန်တုန်းက မင်းကလည်း သင်ကြားရေးပိုင်းနဲ့ အလုပ်ရှုပ်နေခဲ့တာလေ ဒီလိုမျိုး စိတ်တည်ငြိမ်နေတာက အရမ်း ရှားတော့ မင်းကို အနှောင့်အယှက် မပေးချင်ခဲ့လို့ ..."

ယွင်ချင်းစီက စကားပြောမည် ပြုစဉ်မှာပင် လီယင်းက ဆက်ပြောလိုက်ပြန်သည်။

"ဒါပေမယ့် အဲဒါကလည်း ကိုယ့်အမှားပါ ကိုယ့်ကြောင့် မင်းက ဘာမှ မသိခဲ့ဘဲ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတာ ... အားလုံး ကိုယ့်အမှားတွေပါ ..."

ယွင်ချင်းစီ "..."

လီယင်းက သူပြောမည့် စကားအားလုံးကို ကြိုပြောလာသည့်အတွက် သူ့စကားလုံးတို့အား မျိုချထားရန်သာ ရှိတော့သည်။

လီယင်းက သူ့ကိူ တစ်ခဏမျှ အကဲခတ်ပြီးကာမှ ဆက်ပြောလိုက်၏။ 

"နောက်ပိုင်း မင်း နန်းတော်ကို ပြန်ရောက်လာပြီးတော့ ကိုယ်တို့တွေ အဆင်မပြေကြတော့ဘူးလေ နဉ်ရိုကလွဲပြီး ကိုယ် မင်းစိတ်ကြိုက် ဘာမဆို အလျော့ပေးခဲ့တယ် မင်းကိုလည်း နဉ်ရို့အကြောင်း ပြောဖို့ ကြိုးစားခဲ့ပေမယ့် မင်းက အမြဲ ဒေါသထွက်နေခဲ့တာ ဒါမှမဟုတ် ကိုယ့်မှာ အပြစ်ရှိခဲ့တာပါ ..."

ယွင်ချင်းစီမှာ အချက်အလက်များစွာကို တစ်ပြိုင်တည်း လက်ခံလိုက်ရသည့်အတွက် မစဉ်းစားနိုင်တော့။

"နဉ်ရို ... ဘာကြီးလဲ ..."

"မင်းကို ထိန်းချုပ်ဖို့ သူမကို တော်ဝင်ကြင်ယာတော်ဘွဲ့ ပေးခဲ့တာလို့ မင်း အမြဲတမ်း ပြောခဲ့တယ်လေ အဲဒါက ကိုယ့်အကြံ မဟုတ်ဘူး ..."

လီယင်းက သူ့ကို တစ်ခါမှ ဤမျှအထိ မပြောခဲ့ဖူး။ လက်ဖက်ရည် ယူလာပေးရန် အမိန့်ပေးကာ တစ်ငုံသောက်ပြီးမှ ဆက်ပြောလိုက်သည်။

"နဉ်ရိုက မောင်းမဆောင်တစ်ခုလုံးမှာ အကောင်းဆုံးပဲ မင်းအမြဲတမ်း ပြောခဲ့တယ်လေ တစ်ခြား ကိုယ်လုပ်တော်တွေက တိတ်တိတ်လေး နေပြီး မင်းကိုလည်း ကြောက်ကြတယ်‌လို့ ဒါပေမယ့် သူတို့က နဉ်ရိုလောက် မကောင်းကြဘူး သူတို့က ကိုယ် မင်းကို ကိုင်တွယ်ဖို့ နဉ်ရိုကို အသုံးချတယ်လို့ တွေးပြီး ကွင်းအပြင်ကနေ စောင့်ကြည့်နေကြတာ ..."

"လူတိုင်းက နဉ်ရို မင်းခေါင်းပေါ်နင်းပြီး မင်းအသားထဲကို ဆူးနစ်နေမယ့် ဆူးတစ်ချောင်း ဖြစ်လာမယ့်အချိန်ကို မျှော်နေကြတာ မင်းတို့နှစ်ယောက် တိုက်ခိုက်ပြီး ခြေကုန်လက်ပန်းကျကာမှ သူတို့က အသာလေး အခွင့်ကောင်းယူမယ် ‌ဆိုပြီးတော့လေ မင်းတို့နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်တာတောင် သူတို့က အရေးတယူ လုပ်လို့လား ဒီနေ့ သူတို့ပုံစံကိုတွေ့ပြီးလောက်ရောပေါ့ နန်းတော်ထဲကနေ ထွက်သွားရမယ်လည်းဆိုရော စရိုက်အစစ်အမှန်တွေ ထွက်လာကြတော့တာပဲ ..."

"အဲဒါကြောင့် နဉ်ရိုကို ရာထူးတိုးပေးခဲ့တာ မင်းကိုလည်း ခဏခဏ ပြောခဲ့ဖူးတယ် သူမက ရုပ်သေးရုပ်သာသာပဲ မင်းရဲ့ပြိုင်ဘက် ဖြစ်မလာနိုင်ဘူး ဆိုပြီးတော့လေ..."

သူက ယွင်ချင်းစီ၏ အမူအယာကို အကဲခတ်နေကာ မျက်ခုံးတွန့်လိုက်သည်ကို တွေ့မိသည်နှင့် တစ်ပြိုင်နက် သူ့အမှားကိုပါ ဝန်ခံလိုက်၏။

"ဒါပေမယ့် ကိုယ့်အမှားတွေလည်း ပါပါတယ် မင်း ကိုယ့်ကို မယုံကြည်ခဲ့ဘူး ဆိုတာကလည်း ကိုယ့်ဘက်က မင်းကို ခဏခဏ နာကျင်အောင် လုပ်ခဲ့မိလို့ပဲလေ အားစီ .. ဒါက ကိုယ့်ရဲ့ အတွေး အစစ်အမှန်တွေပါ ..."

သူက လီယင်းကို ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ လီယင်းမှာ လိမ်နေခြင်း မဟုတ်ကြောင်း သူလည်း သဘောပေါက်ပေသည်။ လီယင်းအဖို့ ထပ်လိမ်ရန်လည်း အကြောင်းမရှိပေ။ သူက ပြောလိုက်သည်။

"ငါလည်း ရေဆာလို့ ..."

လီယင်းက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ရေတစ်ဖန်ခွက် ငှဲ့ကာ သူ့လက်ထဲ ထည့်ပေးလိုက်၏။ ယွင်ချင်းစီက မယူ။ လီယင်းက ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကိုယ်တိုင် တိုက်ပေးလိုက်တော့သည်။

ရေသောက်ပြီးကာမှ ယွင်ချင်းစီက အနည်းငယ် ကျေနပ်သွားလေဟန်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီ ဘာပဲဖြစ်ဖြစ် မင်းမှာလည်း မင်းအကြောင်းပြချက်နဲ့မင်း ရှိမှာပဲ ပြိုင်မငြင်းတော့ဘူး ..."

ငြင်း၍လည်း အကျိုးမရှိလှပေ။ အတိတ်က ဖြစ်ခဲ့သည်များမှာ လွန်စွာ ရှုပ်ထွေးလှရာ မည်သူမှန်သည် မည်သူမှားသည် ငြင်းခုန်လိုပါလျှင် စကားလုံး အမြောက်အများကို ဖြုန်းတီးရမည်ဖြစ်သည်။

လီယင်းဘက်မှ သူ့ကို လိုလိုလားလား ပြောပြလာရာ သူကလည်း စိတ်ကျေနပ်သရွေ့ နားထောင်ပေးနေမည်ဖြစ်သည်။ အကယ်၍ သူ မကျေနပ်တော့ပါလျှင် တစ်ခွန်းနှစ်ခွန်းခန့် ပြန်ပြောမိချေမည်။

"ဘာပဲဖြစ်ဖြစ် မင်းကို ခွင့်မလွှတ်ဘူး ..."

သူက ပြောလိုက်သည်။

"ပြောစရာ ရှိသေးလား ..."

လီယင်းကလည်း အလွယ်တကူ ခွင့်လွှတ်ခံရလိမ့်မည်ဟု မျှော်လင့်မထား။

ခေါင်းကိုငုံ့ကာ နူးညံ့စွာ ပြောလိုက်သည်။

"နှစ်နည်းနည်းလောက် တိုက်ခိုက်မှုအပြီး အပြင်မှာ ကမောက်ကမတွေ ဖြစ်ခဲ့တယ် ကိုယ့်ဘက်ကလည်း စစ်ပွဲမှာ အောင်ပွဲရတဲ့ မင်းရဲ့ တတိယအစ်ကို တပ်သားတွေနဲ့အတူ ပြန်မလာခင်အချိန်အထိ ကျန်းမိသားစုကို မဖော်ထုတ်နိုင်ခဲ့ဘူး အဲဒီ့နောက်ပိုင်းမှ ကျန်းမိသားစုရဲ့ ပြစ်မှုမှတ်တမ်းတွေကို စတင်စုဆောင်းခဲ့တာ ..."

"ကျန်းမိသားစုက ပေချန်းနဲ့ ပူးပေါင်းပြီး ထီးနန်းကို သိမ်းပိုက်ချင်နေတယ်ဆိုတာကို ရှာတွေ့ခဲ့တယ် ..."

"ကိုယ် အရမ်း တုန်လှုပ်သွားရလို့ အောက်ခြေအထိ ဆက်စုံစမ်းခဲ့တယ် အဲဒီ့အချိန်ကျမှ ပေချန်းက ကျန်းမိသားစုကနေတစ်ဆင့် ရှန်းယန်ထဲကို စိမ့်ဝင်နေတာ တော်တော်လေး ကြာနေပြီ ဆိုတာကို သိခဲ့တာ သူတို့ရဲ့ သားရဲတွင်းတွေ အကုန်လုံးကို ရှာတွေ့နိုင်ဖို့ အချိန်ရော အင်အားပါ အများကြီး စိုက်ထုတ်ခဲ့ရတယ် ..."

အရူးလုပ်နိုင်ရန် အလို့ငှာ စိတ်ရှည်ရှည်ထားပြီး ...

လီယင်းက မျက်လွှာချလျက် ပြောလိုက်သည်။

"နောက်တော့ ဆရာနဲ့ကိုယ်နဲ့ ပူးပေါင်းပြီး မြွေကို တွင်းထဲက ထွက်လာအောင် ပြဇာတ်တစ်ခု ကပြဖို့ ဆုံးဖြတ်လိုက်တယ် ..."

"အဲဒါကြောင့် ငါ့ကို ဘာမှ မပြောခဲ့တာလား ..."

"ဘာလို့ဆို ဒီကိစ္စက အရမ်းရှုပ်ထွေးလို့ သိတဲ့သူ ပိုများလာလေ အန္တရာယ်ရှိလေပဲ ... ပြီးတော့ ကိုယ်က တစ်ကိုယ်ကောင်းလည်း ဆန်ခဲ့မိတယ် ..."

လီယင်း၏ စကားသံမှာ ပိုမိုလေးလံလာတော့သည်။

"ဒီလိုပြဇာတ်မျိုးက ပိုပြီး သဘာဝကျသင့်တယ်လို့ ထင်ခဲ့တာ ကိုယ်ရော ဆရာရောပဲ ..."

"အဲဒါကြောင့် ငါ့ကို အအေးနန်းဆောင်ထဲ ပို့ခဲ့တာပေါ့ ..."

ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်မြှောက်လျက် စိတ်ဝင်စားမှု အပြည့်ဖြင့် ပြောလိုက်သည်။

"စားစရာ၊ ဝတ်စရာ ဘာတစ်ခုမှ ပြတ်လပ်မနေဘူးလေ အဲဒါလည်း တစ်ဖက်က မင်းပြဇာတ်ကို မယုံကြည်မှာကြောက်လို့ပဲလား မယ်တော်ကြီးက ငါတို့နှစ်ယောက်ကြားက ခံစားချက်ကို ရှင်းရှင်းလင်းလင်းကြီး သိနေပြီးသားလေ ..."

"အဲဒါကလည်း တစ်ချက်ပေါ့ နောက်တစ်ချက်က မင်းက ငယ်ငယ်လေးကတည်းက အစားအသောက်၊ အဝတ်အစား မရှားပါးခဲ့ဘူးလေ အဲဒါကြောင့် ဒီလို အခြေအနေမှာတောင် မင်းကို ဒုက္ခမခံစေချင်ခဲ့ဘူး ..."

လီယင်း၏ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီသွားတော့၏။

"ကိုယ် မင်းကို ကာကွယ်နိုင်မယ့် လူတစ်ယောက် တိတ်တိတ်လေး ထားပေးခဲ့တယ် ပြီးတော့ မင်းအဆင်ပြေလား အတည်ပြုဖို့လည်း ကိုယ် တိတ်တိတ်လေး လာချောင်းကြည့်ခဲ့တယ် ကျန်းမိသားစု နန်းတော်ထဲမှာ လှုပ်ရှားလာအောင်လို့ ကိုယ့်အဖေကို အိပ်မက်မက်တယ်လို့ အကြောင်းပြပြီး ဂူဗိမ္မာန်ကို သွားခဲ့တယ် ဒါပေမယ့် ကိုယ် ပြန်လာတဲ့ အချိန်မှာ .. ကိုယ် နန်းမြို့တော်ကနေ ထွက်သွားကတည်းက မင်းကို ကာကွယ်ပေးဖို့ ထားခဲ့တဲ့သူတွေ အကုန်လုံး အသတ်ခံလိုက်ရမှန်း မသိခဲ့ဘူး ပြီးတော့ နောက်ထပ် ရက်နည်းနည်းလောက် အကြာမှာ မင်း ..."

မျက်လုံးတို့ကို ဖိပိတ်လိုက်တော့၏။ နားထင်သွေးကြောတို့မှာ သိသိသာသာပင် တဒုတ်ဒုတ် ခုန်လာတော့သည်။

"သူတို့ကို ဘယ်သူ သတ်ခဲ့မှန်း မသိခဲ့ဘူး အဲဒီ့နှစ်ယောက်က ကိုယ့်ရဲ့ ကိုယ်ပိုင်သက်တော်စောင့်တွေ သူတို့ရဲ့ အရည်အချင်းကလည်း မညံ့လှဘူး ဘယ်လိုလူတွေနဲ့ တွေ့လို့များ ပြန်တောင် မတိုက်ခိုက်နိုင်ခဲ့ရသလဲဆိုတာ .. ကိုယ် တကယ်ကို မသိတော့ဘူး ..."

ယွင်ချင်းစီ၏ အကြည့်တို့ အနည်းငယ် ပြူးကျယ်သွားတော့သည်။

သူ့အမူအယာမှာလည်း ရုတ်ချည်း ထူးဆန်းသွားတော့၏။

"ငါ့ကို ကာကွယ်ဖို့ လူလွှတ်ပေးခဲ့သေးတယ်လား ..."

"ဟုတ်တယ် လျှို့ဝှက်သက်တော်စောင့်နှစ်ယောက် လွှတ်ခဲ့တာ ..."

လီယင်းမှာ အနည်းငယ် နာကျင်နေသည့်ဟန်။ ထိုအဖြစ်အပျက်မှာ သူ ပြန်လည်ကာ မတွေးလိုသည့်ဖြစ်ရပ် ဖြစ်သည့်အတွက် ထိုအကြောင်း စကားစလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရပြန်တော့သည်။

"ကိုယ် ထင်ခဲ့တာ .. ဒီကိစ္စတွေသာ ပြီးသွားရင် အချိန်ယူပြီး မင်းကို အားလုံးပြောပြမယ်ပေါ့ ..."

သို့သော် သတင်းဆိုးကိုသာလျှင် လက်ခံလိုက်ရတော့သည်။

ခေါင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ စူးရှနာကျင်လှသည့် ဝေဒနာကြောင့် ယွင်ချင်းစီ၏ အမူအယာကိုပင် အကဲမခတ်နိုင်တော့ပေ။

........

လမင်းက ချိတ်ကောက်သဖွယ် ခပ်ကွေးကွေး ထွက်ပေါ်လာ၏။

တစ်ဖက်တွင် အဝေးတစ်နေရာ၌ အရိုးပေါ် အရေတင် ပိန်လှီနေသူတစ်ဦးက ကြေးနီရောင် မီးအိမ်တစ်လုံးကို ကိုင်ဆွဲလျက် မြေအောက်နန်းတော်ထဲသို့ ဝင်လာသည်။

လခြမ်းကွေး၏ အလင်းရောင်အောက်၊ ကျန်းရှန်းနန်းဆောင်ထဲရှိ နှစ်ဦးက ဖယောင်းတိုင်မီးရောင်ဘေးတွင် စကားလက်ဆုံကျနေကြ၏။

လီယင်းမှာ လုံလုံလောက်လောက် စိတ်အားထက်သန်နေပေသည်။

ယွင်ချင်းစီက တစ်ခဏမျှ တွေးကာ ပြောလိုက်သည်။

"မင်းရဲ့ လျှို့ဝှက်ချက်တွေ အကုန်ပြောပြ အဲဒါမှ ယုံကြည်ပေးနိုင်မယ် ..."

လီယင်းက အနည်းငယ် မောဟိုက်စွာဖြင့် ခေါင်းအုံးကို မှီလိုက်သည်။ သူ့ဆံပင်တို့မှာ ချွေးစေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။

"..ကိုယ်က မင်းကို ပြဿနာရှာလွန်းတယ်လို့ ထင်ခဲ့တယ် သည်းမခံနိုင်လောက်အောင် မမှန်းဆနိုင်လောက်အောင်ကို အလွန်အမင်း ခေါင်းမာလွန်းတယ်ပေါ့ တကယ်လည်း ကိုယ့်မှာ မင်းနဲ့ ပြဿနာတွေ ရှိခဲ့တယ်လေ ..."

"ဒါပေမယ့် မင်းကို ဘယ်‌တုန်းကမှ ..."

သူက တစ်ဖက်သို့လှည့်ကာ မျက်လုံးတို့ကို တင်းတင်းပိတ်လျက် ပြောလိုက်သည်။

"ဘယ်တုန်းကမှ မသေစေချင်ခဲ့ဘူး ..."

ယွင်ချင်းစီကလည်း ယုံကြည်ခဲ့သည်။

လီယင်းက သူ့ကို မသတ်လိုခဲ့သည်မှာ အမှန်တရား ဖြစ်သကဲ့သို့ သူ့ကို ပြဿနာ များလွန်းသည်ဟုထင်ခဲ့၊ သူ့ကို လျစ်လျူရှုကာ အဝေးသို့ တွန်းပို့ခဲ့သည်မှာလည်း အမှန်ပင်၊ သူ့ကို ချစ်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ယွင်ချင်းစီက ဘေးသို့ လှဲချကာ လီယင်း၏ စကားများကို အလေးအနက် ပြန်စဉ်းစားလိုက်သည်။ ထိုဖြစ်ရပ်များ အားလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်များ ဖြစ်သည်။ ထိုစဉ်က သူက အရှုပ်ထုပ်များ လုပ်ခဲ့၍သာ လီယင်းနှင့် သူ့ဖခင်သည် ရှင်ဘုရင်နှင့် မှူးမတ်အကြား ဆက်ဆံရေးကို ကျော်ဖြတ်ခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် သူ့အစ်ကိုကြီး၏  အနစ်နာခံရခြင်းနှင့် သူ့သရုပ်မှန်ကို လီယင်းထံ ဖွင့်ပြောရခြင်းတို့အထိ ဆင့်ကဲဖြစ်ပွားလာတော့သည်။

ထိုအကြောင်းကြောင့်လည်း ရှန့်ယန်တွင် သူလျှိုများစွာ ခြေကုပ်ယူထားကြကြောင်း ရှာဖွေတွေ့ရှိသွားကာ ထိုမှတစ်ဆင့် ကျန်းမိသားစု အရေးတော်ပုံကို စုံစမ်းမိသွားခြင်းဖြစ်သည်။ သူ့အဖေက လီယင်းကို သူ၏ မသင်္ကာမှုများအား ပြောပြခဲ့ကာ တစ်ချိန်တည်းတွင်ပင် လီယင်းကလည်း မယ်တော်ကြီးမှာ သူ၏ မိခင်အရင်း မဟုတ်နိုင်ကြောင်း နားလည်သွားတော့သည်။ ယွင်ချင်းစီကမူ လီယင်း၏ အကောင်အထည် မပြနိုင်သေးသော သံသယများကို မယုံကြည်ခဲ့ပေ။

နယ်စပ်တွင် စစ်ပွဲဖြစ်နေစဉ်အတွင်း လီယင်းသည် အမှန်တကယ်ပင် အလုပ်များနေခဲ့ကာ ယွင်ချင်းစီက သူ့ကို ထမင်းလာပို့မှသာ မစားသောက်ရသေးကြောင်း သတိရတော့သည်။

ထို့ကြောင့် ကျန်းမိသားစု၏ အရေးကိစ္စ၊ မောင်းမဆောင်၏ အရှုပ်ထုပ်များကိုသာမက သူ့မူလဇစ်မြစ်အား စုံစမ်းရေးတို့ကိုပင်လျှင် ဆိုင်းငံ့ထားလိုက်ရတော့သည်။ သူက ထိုကိုယ်လုပ်တော်များအား ယွင်ချင်းစီ၏ လမ်းမှ ဖယ်ရှားရန် ကြိုးစားခဲ့သည်ဟု ပြောခဲ့သော်ငြား အမှန်တကယ်တွင်မူ သူ့စိတ်ထဲ၌ ယွင်ချင်းစီ သူ့ကို လာ‌မနှောင့်ယှက်စေရန် မျှော်လင့်မိနေခြင်းဖြစ်သည်။

အနောက်ဆောင်ထဲမှာ သူတို့ဘာသာ သူတို့ အလုပ်ရှုပ်နေပါစေ ...

ယွင်ချင်းစီမှာ ရယ်ချင်စိတ်ကို ထိန်းချုပ်၍ မရတော့။ သွယ်လျဖြူဖွေးသော လက်ချောင်းတို့ဖြင့် နှုတ်ခမ်းကို အုပ်ကာလိုက်သည်။

ယွင်ချင်းစီမှာ ကိုင်တွယ်ရန် ကောင်းမွန်လှသူ မဟုတ်။ သူ့ကိုယ်သူ ပစ်မှတ်ထားခံရသည်ဟု ခံစားနေရသည့်တိုင် တစ်ခုခု အမှားလုပ်မိကြောင်း သိပါလျှင် အားလုံးကို လွှတ်ထားလိုက်မည်ဖြစ်သည် သို့သော် သူ့ကိုယ်သူ မှားယွင်းသည်ဟု မထင်ပါလျှင်မူ နည်းမျိုးစုံဖြင့် ပြန်လည်ကာ လက်တုန့်ပြန်မည်ဖြစ်သည်။

ထို့ကြောင့် အားလပ်ချိန်တွင် သူ့နန်းဆောင်သို့ လီယင်း ရောက်လာလေတိုင်း ဆက်တိုက် ရန်စခဲ့ပေသည်။

သူက လီယင်းကို ဖျတ်ခနဲ လှမ်းကြည့်ကာ သူ့လက်ကို ဆွဲကိုင်လိုက်၏။

ယွင်ချင်းစီ၏ အသားနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် နာကျင်မှုတို့ လျော့နည်းလာတော့သည်။

လီယင်းက တစ်ခဏမျှ ကြောင်အသွားပြီးနောက် သူ့ကို လှည့်ကြည့်လိုက်သည်။

"ချင်နယ်မြေကိစ္စကရော ဘယ်လို ရှင်းပြမှာလဲ ..."

"ပထမတစ်ချက်အနေနဲ့ အဲဒီမှာ လူအင်အား အလုံအလောက် မရှိဘူး  ..."

လီယင်း၏ ပုံစံမှာ သနားစဖွယ်ပင် ကောင်းလှသေးသည်။

"ပြီးတော့ ကျန်းရှစ်ရွှယ်က မင်းလက်ထဲမှာ ချင်နယ်မြေ ရှိနေတာကို တိတိကျကျ သိထားတယ် အဲဒ့ါအပြင် ကိုယ့်ကို အဲဒါ ပြန်ယူစေချင်ခဲ့တယ် ..."

ယွင်ချင်းစီက နောက်ထပ် ထပ်မမေးတော့။

အစမှ အဆုံးအထိ အစီအစဉ်အားလုံးတွင် ဖယ်ထုတ်ခံခဲ့ရသည်။

ထို့နောက် တစ်ဖြည်းဖြည်း အတွေးပေါက်စ ပြုလာတော့၏။

"ပြီးခဲ့တဲ့ဘဝမှာ ငါက တကယ်ပဲ တော်တော်ဆိုးတဲ့သူ ဖြစ်ခဲ့တာလား ..."

လီယင်းကို ကိုင်ထားသည့် လက်အား ပြန်ဆွဲယူလိုက်သည်နှင့် တစ်ပြိုင်နက် လီယင်း၏ လက်ချောင်းတို့မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် ကျုံ့ဝင်လာကာ တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲသွားတော့သည်။

မရေမတွက်နိုင်လောက်အောင်ပင် များပြားလှသည့် အဆိပ်ရှိ ပိုးမွှားတို့က သူ့ဦးနှောက်ကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ဝါးမျိုကိုက်ခဲနေကြသည့် အတိုင်းပင်။