အပိုင်း ၅၅
Viewers 13k

Chapter 55



("ဒီမီးအိမ် အနီရောင် ပြောင်းသွားရင် အရှင့်ရဲ့ စစ်မှန်မှု အဆင့်က လုံလောက်ပြီး တစ်ခြားအရှင် ပြန်ရောက်လာနှင့်ပြီဆိုတဲ့ သဘောပါ အဲဒီ့အချိန်ကျ အစောပိုင်းမှာ သဘောတူထားတဲ့ အတိုင်းပဲ အရှင်က ဒီမီးအိမ်ကိုယူပြီး ပိုးကောင်တစ်သန်းအတွက် ယဇ်ကောင်အဖြစ် ဆောင်ရွက်ပေးရပါမယ် ဒါပြီးရင်တော့ အေးချမ်းသွားပါပြီ ..."

"ဒါပေမယ့် တစ်ခု မှတ်ထားရမှာက ယဇ်ကောင်အဖြစ် ဆောင်ရွက်ရတာက အပြီးသတ် တန်ကြေး မဟုတ်သေးပါဘူး တစ်ခြားအရှင်ကလည်း အရှင့်ရဲ့ သေလောက်အောင် နာကျင်မှုကို ခံစားနေရမှာ ဒါကမှ တကယ့် တန်ကြေးအစစ်အမှန်ပါ တစ်နည်းပြောရရင် တစ်ခြားအရှင်ကလည်း အသက်ဝိဉာဉ် ချုပ်ငြိမ်းသွားတဲ့အထိ ပိုးကောင်တစ်သန်း ကိုက်ဖြတ်စားသောက်တဲ့ဒဏ်ကို အံ့ကြိတ်ခံရမယ်လို့ ဆိုလိုတာပါ ဒါပေမယ့် ဥပါဒါန်ကို စွန့်လွှတ်လိုက်ရင် ဒါမှမဟုတ် မန္တာန်ရဲ့ အကျိုးဆက်က အရှင့်ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရင်တော့ လွတ်မြောက်ရာ ရသွားပါလိမ့်မယ် ..." )


......


ယွင်ချင်းစီ၏ လက်ချောင်းတို့ကို လိုက်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"မဟုတ်ဘူး မင်းက တစ်ခါတစ်လေမှာ ခံစားချက်တွေ အထိန်းအကွပ် မဲ့သွားခဲ့ရုံလေးတင် ..."

အသက်တစ်ခါ ရှူလေတိုင်း ချွန်ထက်သည့် ဓားတို့ဖြင့် လှီးဖြတ်ခံနေရသည့်နှယ် နာကျင်လှသည့်တိုင် လီယင်းက ရုတ်တရက် ပြုံးလိုက်မိပြန်သည်။

သူ ရောက်လာကာစ ပထမဆုံးနေ့က အိပ်မက်ဟုသာ ထင်ခဲ့မိသော်လည်း ယခုမူ စိတ်အေးသွားရချေပြီ။ အခြားတစ်ဖက်ရှိ သူသည်လည်း ယဇ်ပူဇော်မှု လုပ်ငန်းစဉ်ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် သဘောတူခဲ့ပြီးဖြစ်သည်။

သူက ယွင်ချင်းစီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကိုယ်ကပဲ မင်းကို ဒီလိုမျိုးဖြစ်အောင် လုပ်ခဲ့မိတာလေ မင်းက ဘယ်တုန်းကမှ ဆိုးဝါးတဲ့သူ မဟုတ်ခဲ့မှန်း ကိုယ် ကောင်းကောင်းသိတာပေါ့ ..."

မည်သည့်အကြောင်းပြချက်ကြောင့်ရယ် မသိ၊ ယွင်ချင်းစီသည် သူ့ကို အလွန်အမင်း လေးနက်စွာဖြင့် တစိုက်မတ်မတ် ငေးကြည့်နေသော လီယင်း၏ အကြည့်တို့မှာ သူ့ကို တစ်နေရာရာမှ ချောင်းကြည့်တတ်သည့် ကြောင်တစ်ကောင်ကို သတိရမိသွားစေတော့သည်။

"ငါ့ကို ပြောဖို့ မလိုပါဘူး ..."

ယွင်ချင်းစီက သူနှင့်ဆက်ပြီး မပြောလိုတော့သည့်အတွက် စောင်ကို ဆွဲခြုံကာ လှဲချလိုက်သည်။ သူ့ခြေထောက်က လီယင်း၏ ခန္ဓာကိုယ်ကို မတော်တဆ ကန်မိသွားတော့၏။

ထိုတစ်ခဏ၌ နာကျင်မှုတို့ လျော့နည်းသွားသော်ငြား‌ ခြေထောက် ပြန်ရုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြန်လည် နာကျင်လာရတော့သည်။

ယွင်ချင်းစီ၏ ဘေးတွင် ဝင်လှဲရင်း သူ့အား နောက်တစ်ကြိမ် ထိတွေ့လာမည်ကို မျှော်လင့်မိနေသော်ငြား အချိန်ကြာမြင့်သည်အထိ ယွင်ချင်းစီက ထိမလာတော့။

ယွင်ချင်းစီက သူ့ကို ကျောပေးထားသည့်တိုင် အိပ်၍ မပျော်သေးပေ။

ထိုသက်တော်စောင့်နှစ်ဦးကို သတ်ခဲ့သူမှာ သူဖြစ်ကြောင်း လီယင်းကို ပြောမပြနိုင်။

ထိုစဉ်က အရိပ်သက်တော်စောင့်တစ်ဦး၏ လိုက်လံချောင်းမြောင်းခြင်းကို ခံရသည်ဟု ခံစားရသည့်အပြင် ထိုသူတို့၏ လက်ရာခြေရာများမှ သဲလွန်စများ ရှာတွေ့ခဲ့သည့်အတွက် လီယင်း၏ သက်တော်စောင့်များ ဖြစ်ရမည်ဟု ခန့်မှန်းမိသည့်တိုင် သူ့ကို ကာကွယ်ရန် စေလွှတ်ထားသည်ဟုတော့ မတွေးမိ၊ သူ့ကို စောင့်ကြပ်ရန်အတွက်ဟုသာ ထင်ခဲ့ပေသည်။

အအေးနန်းဆောင်သို့ အပို့ခံလိုက်ရချိန်မှစကာ သူ့တစ်ကိုယ်လုံး မကျေနပ်ချက်တို့ ပြည့်နှက်လာတော့သည်။ ထိုသူနှစ်ဦးကို အကွက်ချကာ သတ်ဖြတ်ခဲ့ခြင်းမှာလည်း ရုတ်တရက် စိတ်ကူးပေါ်သည့်အတိုင်း လုပ်ဆောင်ခဲ့ခြင်း မဟုတ်။ အချိန်အတော်ကြာ စဉ်းစားခဲ့ခြင်းဖြစ်ကာ ထိုသူတို့ကို သူ့ကိုယ်ပိုင် အရည်အချင်းဖြင့် မသတ်နိုင်ကြောင်းလည်း ကောင်းကောင်းသိပေသည်။

လီယင်းကတာဝန်ပေးသည့် ကိစ္စတစ်ခုကြောင့် အချိန်အတော်ကြာ ပြန်လာနိုင်မည် မဟုတ်ဟု ပြောလာသော ကန်လီကို အကူအညီတစ်ခု တောင်းခဲ့လိုက်သည်။

ထိုအရိပ်သက်တောင်စောင့်နှစ်ဦးကို သတ်ပေးရန် ဖြစ်သည်။

မထွက်ခွါမီ ကန်လီက သူ့ကို ကာကွယ်ရန် လူအချို့ တိတ်တဆိတ် စေလွှတ်ပေးရမည်လားဟု မေးမြန်းခဲ့သေးသော်လည်း ယွင်ချင်းစီက ငြင်းဆန်လိုက်သည်။

ထိုသက်တောင်စောင့်နှစ်ဦး သေသွားကြောင်း သိသည်နှင့်တစ်ပြိုင်နက် လီယင်းက သူ့ကို အမြန်ဆုံး လာရှာလိမ့်မည်ဟု တွေးခဲ့မိ၏။ သိူ့သော် လီယင်းမှာ နောက်တစ်နေ့တွင်ပင် ဂူဗိမ္မာန်သို့ ထွက်သွားသည့်အတွက် ထိုသူနှစ်ဦး အသတ်ခံရကြောင်းပင် မသိခဲ့ချေ။

လီယင်း ဂူဗိမ္မာန်ရှိရာသို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အခါကောင်း စောင့်ဆိုင်းနေသည့် မယ်တော်ကြီးနှင့် အခြားသူများက စတင်လှုပ်ရှားလာကြတော့သည်။

လွဲချော်မှားယွင်းမှုနှင့် တိုက်ဆိုင်မှုများ အားလုံး စုပုံကာ ဖြစ်ပွားလာသည့်အခါ အအေးနန်းဆောင်ရှိ ယွင်ချင်းစီမှာ ကံဆိုးမိုးမှောင်ကျသည့် နောက်ဆုံးသော နေ့ရက်များကို ပိုင်ဆိုင်လိုက်ရတော့သည်။

ယွင်ချင်းစီအဖို့ ထိုခံစားချက်မှာ ဖော်ပြနိုင်ရန်ပင် ခဲယဉ်းလှသည်။

သူ၏ သေဆုံးမှုမှာ ဝဋ်ကြွေးကြောင့်ဟု ထင်ခဲ့မိသည်။ သူ့ဘဝတွင် အပြစ်မဲ့သူများကို ပထမဆုံးအကြိမ် သတ်ခဲ့ပြီးကတည်းက အရာအားလုံးကို ဆုံးရှုံးခဲ့ရပေသည်။

အစာ‌ငတ်မွတ်ပြီး အေးခဲသည့်ဒဏ်ကို ခါးစည်းခံ‌ရသည့်အပြင် သူနှင့် ရင်းနှီးသူအားလုံး သေဆုံးသွားရုံသာမက သူကိုယ်တိုင်မှာလည်း သေကြောင်းကြံမည့် နေရာတစ်ခု ရွေးချယ်ရန် အတင်းဖိအားပေးခြင်းကို ခံခဲ့ရသည်။

ဤသည်မှာ ဝဋ်လည်ခြင်းမှအပ မဖြစ်နိုင်ပေ။

ဒါဆို လီယင်းရဲ့ ဝဋ်လည်တာကရော သူကမှ တကယ့်တရားခံအစစ် မဟုတ်ဘူးလား သူ့ရဲ့ သေဆုံးခြင်းကများ လီယင်းအတွက် ဝဋ်လည်တာ ဖြစ်နေတာလား ...

တကယ်ကို ရယ်စရာပဲ ...

"ကျင်းဟွမ်ကို ဘယ်သူသတ်တာလဲ ..."

သူက ပြောလိုက်သည်။

"မသေမချင်း နှိပ်စက်ပြီး သေတ္တာအသေးလေးထဲမှာ ထိုးသိပ်ထည့်ခံထားရတာ.. တရားခံကို ရှာတွေ့ခဲ့လား ..."

"နဉ်ရို သတ်ခဲ့တာ .. ဒါပေမယ့် နောက်ကွယ်မှာ တစ်ခြား ကိုယ်လုပ်တော်တွေလည်း ကြံရာပါပဲ ..."

"သူတို့ကို ဘာလုပ်ခဲ့လဲ ..."

"သတ်လိုက်တယ် ..."

ယွင်ချင်းစီက တစ်ခဏမျှ အသံတိတ်သွားတော့သည်။

ယွင်ချင်းစီ သေဆုံးမှုအပြီး အားလုံးက လီယင်းကို ရူးသွပ်သွားပြီဟု ခံစားလိုက်ကြရတော့၏။ အတင်းစကားဆိုသည့် အစေခံတိုင်းကို ကြိမ်ဒဏ်ပေးကာ ကိုယ်လုပ်တော်များကို ကြိုးပေးလိုက်၏။ သူ့ကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပါသည့် မယ်တော်ကြီးကိုပင်လျှင် အရှင်လတ်လတ် အရေခွံခွါခဲ့တော့သည်။

ထီးနန်းဆက်ခံပြီးနောက် နှစ်ပေါင်းများစွာ ကြာသည်အထိ လူတိုင်း၏ စိတ်နှလုံးတွင် စွဲမြဲနေသော ကြင်နာသနားတတ်မှုအားလုံး အစရှာ၍ မရလောက်အောင်ပင် ပျောက်ကွယ်သွားတော့သည်။

သူ့စိတ်တိုင်းကျ ပြောဆိုလုပ်ကိုင်သည့် အာဏာရှင်တစ်ဦးအဖြစ် ပြောင်းလဲလာကာ မည်သူကမှ စောဒကမတက်ရဲကြတော့ပေ။

ယွင်ချင်းစီ အသက်ရှိစဉ်က လီယင်းကို သူ့ကို များစွာ အလျော့ပေးနောက်ဆုတ်ခဲ့သော်ငြား ထိုအလျော့ပေးမှုကပင်လျှင် ယွင်ချင်းစီ၏ အသက်ရှူပေါက်ကို ကျဉ်းမြောင်းစေကာ သေဆုံးခြင်းဇာတ်သိမ်းသို့ တစ်ဖြည်းဖြည်း တွန်းပို့မိခဲ့သည်။

ထို့နောက် ယွင်ချင်းစီ သေဆုံးသွားခဲ့၏။

တိုင်းပြည်၊ အမတ်၊ ပြည်သူ၊ မိသားစု ဒါတွေက ဘာအရေးလဲ တိုင်းပြည် ပြိုလဲသွားတော့ရော ထီးနန်းကို ဆုံးရှုံးလိုက်ရတော့ရော ဘာဖြစ်လဲ ယွင်ချင်းစီက ရွှေငွေကျောက်မျက်ရတနာတွေ ဘာတစ်ခုကိုမှ နောက်တစ်ကြိမ် ထပ်မမြင်နိုင်တော့ဘူးလေ ပိုးဖဲကတ္တီပါတွေ ရွှေချည်ငွေချည်ထိုး ဝတ်ရုံတွေလည်း ထပ်ပြီး မဝတ်နိုင်တော့ဘူး ပြီးတော့ တိုင်းပြည်ကြီး သာယာဝပြောလာတော့ရော .. သူနဲ့ အဖော်ပြု စံစားပေးမယ့် ယွင်ချင်းစီမှ မရှိတော့တာ ...

ယွင်ချင်းစီက လီယင်းသည် သူ့ကိုယ်သူထက်ပင် အရေးကြီးပါသည်ဟု တစ်ဖွဖွ ပြောခဲ့ဖူးသည်။

လီယင်းကမူ သူ့အဖို့ ယွင်ချင်းစီကသာ ပို၍ အရေးကြီးပါသည်ဟု တစ်ခါမှ ထုတ်မပြောခဲ့မိ။

ထီးနန်းကို ဆက်ခံရစဉ်ကတည်းက ယွင်ချင်းစီကသာလျှင် သူ့ကို အဖော်ပြုနှစ်သိမ့်‌အားပေးခဲ့သည်။ ကျောက်ဂူထဲတွင် ပုန်းနေခဲ့စဉ်ကလည်း ယွင်ချင်းစီကသာ မိုးတိတ်သည်အထိ အဖော်ပြုပြီး ကျန်းရှန်းနန်းဆောင်ဆီသို့ အတူတူ ပြန်လာပေးခဲ့သည်။

ညပိုင်းတွင် အစီရင်ခံစာများ ဖတ်ရှုရလေတိုင်း ယွင်ချင်းစြီ သူ ကောင်းကင်ဘုံသားတော်တစ်ဦး၏ တာဝန်ကို စိတ်လက်အေးချမ်းစွာဖြင့် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် ဘေးနားတွင်သာ အဖော်ပြုလျက် အိပ်စက်ခဲ့သည်။

ယွင်ချင်းစီက သူ့အမေ ကွယ်လွန်သွားပြီးနောက်ပိုင်း လီယင်းတစ်ဦးတည်းကသာ သူ့ကို ကောင်းကောင်းဆက်ဆံပေးသည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင်မူ သူတစ်ဦးတည်းကသာ ဖခင်ကွယ်လွန်သွားသည့် လီယင်းကို ကောင်းစွာ ဆက်ဆံပေးခဲ့သူ ဖြစ်ပေသည်။

နှစ်ဦးလုံးကို ပြောင်းလဲသွားစေခဲ့သည့် ကိစ္စအများအပြား ဖြစ်ပွားခဲ့ရုံသာ ဖြစ်သည်။

ယွင်ချင်းစီက သူ့ကို ကြောင်သူတော်ဟု ခံစားလာရသကဲ့သို့ပင် သူကလည်း ယွင်ချင်းစီကို အထိန်းအကွပ် မဲ့လွန်းသည်ဟု ထင်မြင်မိလာ၏။

"ကျန်းရှစ်ရွှယ်ကရော ..."

ယွင်ချင်းစီက မေးလိုက်သည်။

"သူမကို ဘယ်လို စီရင်လိုက်လဲ ..."

"အရေခွံခွါပြီး အကြောတွေကို ဆွဲထုတ်ခဲ့တယ် နည်းနည်းလေးမှတောင် မညှာတာခဲ့ဘူး ..."

"မင်းအမေ ဘာဖြစ်ခဲ့လဲဆိုတာ သိခဲ့လား ဒီလောက် နှစ်တွေ ကြာတာတောင် ဘာလို့ ဘယ်သူမှ သူမသေတဲ့ ကိစ္စကို မစုံစမ်းကြတာလဲ ..."

"..."

လီယင်းက သက်ပြင်းချကာ ပြောလိုက်သည်။

"ကိုယ် သိခဲ့တယ် ..."

ကျန်းရှစ်ရွှယ်က ဘယ်လိုနည်းလမ်းတွေ သုံးခဲ့လို့ ဘယ်သူမှ မသိဘဲ ကလေးချင်း လဲနိုင်ခဲ့တာလဲ ...

"ဒီကိစ္စက အတော်လေးကို လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်ခဲ့တာ ကျန်းရှစ်ရွှယ်က ကိုယ်ဝန်ပျက်ကျခဲ့ပေမယ့် ကိုယ်ဝန်အတုနဲ့ ဆက်ပြီး ဟန်ဆောင်နေခဲ့တယ်လေ သူမက ကိုယ့်နေရာမှာ အစားထိုးဖို့ ကလေးအသေတစ်ယောက်တောင် ရှာထားတာ ခမည်းတော် ကြွလာတဲ့ အချိန်မှာ ကိုယ့်အမေက ဆုံးနှင့်နေပြီ အဲဒီ့ကလေးအသေက ချက်ကြိုး မဖြတ်ရသေးတဲ့အပြင် သူမရဲ့ ခြေထောက်ကြားမှာပဲ ရှိနေတုန်းဆိုတော့ ခမည်းတော်လည်း ကိုယ့်အမေက မမွေးနိုင်တော့လို့ ဆုံးသွားတာလို့ပဲ ယုံကြည်ခဲ့တာ ..."

"ချက်ကြိုး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အဲဒါကရော ..."

"တကယ့်ချက်ကြိုးအစစ်က ဖျက်ပြီးသား သူမရဲ့ သားအိမ်မှာ ကျန်နေတဲ့ အချင်းနဲ့ ကလေးအသေကို ပြန်ချည်ပြီး အထုံးကို နောက်ကျောထဲမှာ ဖွက်ထားခဲ့တာ ချက်ကြိုးတန်းလန်းနဲ့ ကလေးက အတုပါလို့ ဘယ်သူမှ မတွေးမိကြဘူးလေ ..."

ယွင်ချင်းစီက ချက်ခြင်း တစ်ဖက်သို့ လှည့်လိုက်သည်။

သူက လီယင်းကို မယုံကြည်နိုင်ဟန်ဖြင့် ငေးကြည့်နေလိုက်၏။

ဒါ တကယ်ရော ဖြစ်နိုင်လို့လား ...

ယွင်ချင်းစီသည် လွှမ်းမိုးလိုစိတ် ကြီးမားသည့်တိုင် အခြားသူများနှင့် တိုက်ခိုက်ရာ၌ အတွေ့အကြုံ မရှိလှ။ နဉ်ရိုမှာလည်း ရူးမိုက်လှသူဖြစ်ကာ တစ်ခါတစ်ရံတွင် လှောင်ရယ်ဖွယ်ရာပင် ကောင်းလှသေးသည်။

နန်းတော်ထဲတွင် ဤကဲ့သို့သော လျှို့ဝှက်ကြံစည်မှုများ ရှိနေလိမ့်မည်ဟု လုံးဝ တွေးမထားမိခဲ့ချေ။

"ပြီးတော့ သူမက မင်းကို ကလေးချင်း လဲလိုက်တာလား ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါမှတ်မိသေးတယ် မင်းက သူမကို အရမ်း ကြောက်တာလေ သူမက မင်းကို အရမ်း ဆိုးဆိုးဝါးဝါးကြီး ဆက်ဆံခဲ့တာလား ..."

"ကိုယ့်ရဲ့ အမေအရင်းက ခမည်းတော်ရဲ့ နှစ်သက်တာကို ခံရတဲ့နေရာမှာရော၊ အချုပ်အလုပ်ပိုင်းမှာရော  သူမထက် အများကြီးသာတော့ ကိုယ့်အမေအရင်းကို မကျေလည်ဘူးလေ ..."

လီယင်းက သူ့ကို တစ်ခဏမျှ ငေးကြည့်ကာ ပြောလိုက်သည်။

"ကိုယ်တို့ ဒီအကြောင်း မပြောလို့ ရမလား ..."

"မရဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ့ကို အကုန်လုံး ပြောပြထားတာ ဒါ မင်း အတတ်နိုင်ဆုံး ပြင်ဆင်ဖို့ ကြိုးစားရမယ့် အခွင့်အရေးပဲ မဟုတ်လား ငါ့ကို ပျော်ရွှင်အောင် ထားနိုင်ရင် မင်းကို မစွန့်ပစ်တော့တာလည်း ဖြစ်နိုင်တယ်လေ ..."

"ဘာလို့ ကြည့်နေတာလဲ မင်းစိတ်ထဲမှာ ငါက မောက်မာထောင်လွှားပြီး ညှာတာမှုကင်းတဲ့သူ မဟုတ်လား ဒီလိုပုံစံမျိုးကို မကြိုက်ဘူးလား ..."

လီယင်းက စောင်အောက်ရှိ သူ့လက်ကို ဆွဲယူကာ ပြောလိုက်သည်။

"ကိုယ်တို့ လက်ချင်းတွဲထားလို့ ရမလား ..."

ယွင်ချင်းစီက သူ့လက်ကို ကိုင်လိုက်ပြီးကာမှ ချက်ခြင်း ပြန်လွှတ်ချလိုက်၏။ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာလို့ ချွေးတွေ တအားထွက်နေရတာလဲ ..."

လီယင်း၏ ရင်ဘက်ကို ကြည့်လိုက်သည့်အခါ အတွင်းဝတ်ရုံမှာလည်း ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရ၍ ချီတုံချီချဖြစ်စွာဖြင့် မေးလိုက်သည်။

"ခေါင်းက နာနေသေးလို့လား သမားတော်ကို ခေါ်ပေးရမလား ..."

"မနာပါဘူး ..."

လီယင်းက ပြောလိုက်သည်။

"အိပ်ယာက အရမ်းနွေးနေလို့ထင်တယ် ကိုယ် အဝတ်လဲလိုက်မယ် ..."

သူက စောင်ကိုလှပ်ကာ ဘာမှ မဖြစ်ထားသည့်နှယ် မတ်တပ်ရပ်လိုက်သည်။

ယွင်ချင်းစီက သူ လှဲခဲ့သည့် နေရာကို ထိကြည့်လိုက်၏။ အိပ်ယာခင်းမှာလည်း စိုထိုင်းနေပေသည်။

ထူးဆန်းလိုက်တာ လီယင်းက ဘာလို့ ဒီလောက်အထိ ချွေးထွက်ရတာလဲ ..  ပူလို့များလား ...

အိပ်ယာပေါ် လူးလှိမ့်ရင်း သူ့နဖူးကို ပြန်ထိကြည့်လိုက်၏။ လီယင်း၏ ကိုယ်တွင်းအပူချိန်မှာ လွန်စွာ မြင့်မားလှ၍ဟုသာ အဖြေထွက်လာတော့သည်။

ကိုယ်ခံပညာ လေ့ကျင့်တဲ့သူတွေက အမြဲ သူ့ထက်ပိုပြီး အပူဓာတ် များတတ်ကြတာပဲ ...


လီယင်း အဝတ်အစားလဲပြီး၍ ပြန်ရောက်လာသည့်အခါတွင် ယွင်ချင်းစီမှာ အိပ်ပျော်နေပြီဖြစ်သည်။

သူ့အဖို့ ယွင်ချင်းစီက ဤနန်းဆောင်တွင် နေထိုင်ရန် သဘောတူခြင်းကပင်လျှင် အံ့အားသင့်ဖွယ် ကောင်းလှပြီဖြစ်ရာ တစ်ဖက်သူကို ထပ်မံ၍ အနှောင့်အယှက် မပေးလိုတော့။

ထိုညက ယွင်ချင်းစီသည် အိပ်မက်မမက်ခဲ့။

မနက်ခင်းတွင် ညီလာခံအစည်းအဝေး မရှိသည့်အတွက် ယွင်ချင်းစီက အိပ်ယာထဲတွင်သာ လဲလျောင်းနေသော်ငြား ဓားရေးလေ့ကျင့်သံကို မကြားရသည့်အတွက် အိပ်ယာမှ ထလာလိုက်လျှင် လက်ရေးလှ‌ လေ့ကျင့်နေသော လီယင်းကို တွေ့လိုက်ရသည်။ သူ့လက်ချောင်းတို့မှာ သေးသွယ်လှသည့်တိုင် အားမာန်ပြည့်ဝကာ စုတ်တံကို ကိုင်ထားသည့် ရုပ်သွင်လွှာမှာ လွန်စွာ စိတ်အေးတည်ငြိမ်လှပေသည်။

သို့သော် ယနေ့တွင်မူ တစ်ခုခုကို ထိန်းချုပ်ထားရသည့်ဟန်။

ယွင်ချင်းစီက အနားသို့ လျှောက်လာကာ မေးလိုက်သည်။

"အထဲမှာ အရမ်း ပူနေလို့လား ..."

စက္ကူပေါ် ဖြတ်ပြေးနေသည့် စုတ်တံထိပ်ဖျားကို ကြမ်းတမ်းလှသော ကျောက်တုံးမျက်နှာပြင်ကို ဖြတ်တောက်နေသည့် ဓားတစ်ချောင်းသဖွယ် အားမာန်အပြည့်ဖြင့် လှုပ်ရှားမိကာ မျက်နှာပြင်တွင် ကြီးမားသည့် အစင်းကြောင်းတစ်ခု ထွက်ပေါ်လာတော့သည်။

လီယင်းက ကုလားထိုင်နောက်မှီပေါ်သို့ ကျောရိုးမရှိသူ တစ်ဦးနှယ် မှီချလိုက်၏။

ဤသည်ကို မြင်လိုက်သည့် ယွင်ချင်းစီကလည်း သဘောတကျ ရယ်မောမိသွားတော့သည်။

"ဘာလဲ မင်းကို ခြောက်လှန့်မိသွားတာလား ဒါက လက်ရေးလှကျင့်တာလေးပဲလေ ပြီးခဲ့တဲ့ ဘဝမှာ လုံလုံလောက်လောက် မလေ့ကျင့်ခဲ့ရလို့ ဒီလောက်အထိ အာရုံစိုက်နေတာလား ..."

သူ့ပုံစံမှာ စိတ်အခြေအနေကောင်းနေပုံပင်။ တစ်ဖက်သူ၏ တုန့်ပြန်သံကို မစောင့်တော့ဘဲ ကိုယ်လက်ဆေးကြောရန်အတွက် ရေတစ်ဇလုံ ယူလာရန် မှာကြားလိုက်သည်။

ထို့နောက် စားသောက်ရန်အတွက် လီယင်းကိုပင် မစောင့်တော့ဘဲ စားပွဲတွင် ဝင်ထိုင်လိုက်၏။ တစ်ဖက်သူ ရောက်လာသည်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ပြောလိုက်သည်။

"ဘာလို့ ဒီလောက်အထိ နှေးကွေးနေရတာလဲ မင်းက အိုနေပြီလား ဟမ် ..."

လီယင်းက ခြေလှမ်းတို့ကို အရှိန်တင်လျက် ပြောလိုက်သည်။

"သွားချင်တဲ့နေရာ ရှိရင် ဒီ‌‌နေ့ ကိုယ် မင်းကို အဖော်ပြုပေးလို့ရတယ် ..."

"ငါ့ကို အဖော်ပြုပေးမယ် ဟုတ်လား ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ့ခံစားချက်တွေကို ဖျက်ဆီးချင်လို့လား ..."

လီယင်းက ခေါင်းငြိမ့်ပြရုံမှအပ မည်သို့မှ ပြန်ဖြေမလာတော့။

"အခု ထွက်မသွားဘူးဆိုတာက ဘယ်တော့မှ ထွက်မသွားဘူးလို့ ဆိုလိုတာ မဟုတ်မှန်း အရှင်မင်းကြီးလည်း နားလည်မယ်လို့ မျှော်လင့်ပါတယ် ဒီမှာ ဆက်နေဖို့ ကတိပေးလိုက်တာက မင်းကို ခွင့်လွှတ်ပါတယ်ဆိုတဲ့သဘော မဟုတ်ဘူး မင်းရဲ့ ရှင်းပြချက်တွေ အကုန်လုံးကို လက်ခံတယ် အားလုံးက ကျိုးကြောင်းဆီလျော်တာ မှန်ပေမယ့် ငါတို့နှစ်ယောက်ကြားက ကိစ္စကိုတော့ စဉ်းစားချင်နေ‌တုန်းပဲ ..."

သူက တစ်ခဏမျှ ရပ်ပြီးကာမှ သာမန်အတိုင်း ဆက်ပြောလိုက်သည်။

"ချင်နယ်မြေ... မင်း လိုအပ်သေးလား ..."

မနေ့က လီယင်း ပြောခဲ့သည့် စကားများကြောင့် ချင်နယ်မြေသည် ထိုလူထူးဆန်းများကို ဖုံးကွယ်ရန် အကာအကွယ်တစ်ခုမျှသာ ဖြစ်သည်ဟု ခံစားမိလာတော့သည်။

"ချီရမ်ဝေ့က ချင်နယ်မြေ လုပ်တာကို မလုပ်ခဲ့ဘူး ..."

လီယင်းက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

"အစောပိုင်းက မင်း နန်းတော်ထဲမှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်လို့ မင်းအဖေနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေတော့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေ ရှိသင့်တယ်ဆိုပြီး မင်းကို ချင်ပြည်ထောင်စုကို ထူထောင်ဖို့ အားပေးခဲ့တာ သတင်းပေးတွေကို စုစည်းပြီး ပြင်ပလောကအကြောင်း ပိုသိလာနိုင်ဖို့ပေါ့ ..."

"သဘောပေါက်ပြီ မင်းက ငါ့ကို ကစားဖို့ ချော့ပြောခဲ့တာပဲ ..."

ယွင်ချင်းစီက ပြုံးကာ ပြောလိုက်သည်။

"မဟုတ်ဘူး နောက်ပိုင်းမှာ ချင်နယ်မြေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါလာတယ် ..."

"အင်း မဟုတ်ရင် မင်းလည်း ငါ့ဆီကနေ လုယူသွားမှာ မဟုတ်ဘူးလေ ..."

".. ကိုယ် မင်းဆီကနေ လုယူခဲ့တာ မဟုတ်ပါဘူး ..."

ကြိုက်သလိုသာပြော ...

ယွင်ချင်းစီက သူ့စကားများကို လုံးဝ ဂရုမထား။ ဝဥဆန်ပြုတ်ကို တစ်ဇွန်းခန့် ခပ်သောက်ရင်း ပြောလိုက်သည်။

"အိမ်မှာ နေချင်နေတုန်းပဲ ..."

ထို ထူးဆန်းသည့် အိပ်မက်မှာ အိမ်တွင် ရှိနေမှသာ ဆက်မက်နိုင်သလား သိလိုပေသည်။

မဟုတ်ရင် ကျန်းရှန်းနန်းဆောင်မှာ ဘာအိပ်မက်မှ မမက်ဘဲ ဘာလို့ အကြာကြီး အိပ်မောကျသွားရတာလဲ ...

ထိုသေတ္တာကြီးထဲတွင် အရေးကြီးသည့်အရာ တစ်ခုခု ရှိနေသည်ဟု ခံစားမိနေ၏။

နောက်တစ်ကြိမ် ထပ်ပြီး အိပ်မက်မက်ပါလျှင် အထဲတွင် ရှိနေသည့်အရာကို သေချာပေါက် ကြည့်ခဲ့ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

"ကွာရှင်းတာ မလုပ်သရွေ့ မင်းကို လိုက်လျောပေးမယ် ..."

"တကယ်လား အမတ်ချုပ်အိမ်တော်မှာ တကယ် နေလို့ရတာလား ..."

"..."

လီယင်းက စကားတစ်ခွန်းမှမဆို။ ထိုအစား ခပ်တင်းတင်း‌ စေ့ထားသည့် နှုတ်ခမ်းတို့ကိုသာ ဝမ်းနည်းစွာ ကွေးပြလိုက်သည်။

ယွင်ချင်းစီ၏ ခံစားချက်က ရုတ်ချည်း ကောင်းမွန်လာ၏။

"ဒါနဲ့ မင်းပြောဖူးတဲ့ ဟိုအရိပ်သက်တော်စောင့်နှစ်ယောက်လေ ... အခုထိ ရှိနေသေးတယ်လား ..."

"အင်း ..."

လီယင်းက ပြောလိုက်သည်။