အပိုင်း ၅၆
Viewers 13k

Chapter 56



"မင်း လိုချင်ရင် ကိုယ် ပေးမယ်လေ ..."

"မ .. မလိုပါဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"သူတို့ကိူ ကြင်ကြင်နာနာ ဆက်ဆံ ..."

လီယင်းက သူ့ကို စိုက်ကြည့်နေလိုက်၏။

ယွင်ချင်းစီ "..."

".. ငါ ဆိုလိုချင်တာက ဘာပဲ‌ဖြစ်ဖြစ် သူတို့က မင်းပေးတဲ့ တာဝန်ကို လုပ်နေရင်း သေသွားကြရတာလေ သူတို့အပေါ် ကောင်းမပေးသင့်ဘူးလား ..."

လီယင်း၏ အကြည့်တို့ အနည်းငယ် အရောင်ပြောင်းသွားကာ ခေါင်းငြိမ့်ပြလိုက်သည်။

"ကိုယ် သိပါပြီ ..."

"ကောင်းပြီ ဒါဆို ညစာ စားပြီးရင် ပြန်သွားတော့မယ် နွေဦးပေါက်တဲ့အချိန်လေး အမေ့ခြံဝင်းထဲမှာ နေချင်လို့ ..."

သူက နှစ်စဉ်နှစ်တိုင်း ချယ်ရီပန်းတို့ စတင်ဖူးပွင့်ချိန်မှစကာ ကြွေလွင့်ပျောက်ကွယ်သည်အထိ ထိုခြံဝင်း၌ နေထိုင်လေ့ရှိသည်။ ပန်းပွင့်ရန် ရက်အနည်းငယ် လိုသေးသော်ငြား အဓိကအကြောင်းအရင်းမှာ လီယင်းနှင့်အတူ မနေလို၍ဖြစ်သည်။

"ကောင်းပြီ ..."

လီယင်းက သဘောတူလိုက်သည်။ ယွင်ချင်းစီက ထပ်ပြောလိုက်ပြန်၏။

"ငါတို့နှစ်ယောက်ကြားက ကိစ္စတွေ အချိန်ယူပြီး စဉ်းစားလိုက်ဦး ..."

"မလုပ်ဘူး ..."

"စဉ်းစားပြီးရင် ပြော ..."

"..."

လီယင်းက စကားဆက်မပြောတော့။

ထွက်မသွားမီ လီယင်းက မေးလိုက်သည်။

"ရွမ်လျန်ကို တွေ့ဦးမလား ..."

"မတွေ့ဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ဒါပေမယ့် သိချင်တာ တစ်ခုရှိတယ် ဘယ်ကတည်းက သူ့ကို သံသယဝင်ခဲ့တာလဲ ..."

"သူက လင်းကျိုးက လာတာလို့ ပြောတဲ့နေ့ကတည်းက သံသယဝင်နေခဲ့တာ မင်း ဆုံးပါးသွားပြီးနောက်ပိုင်း ကိုယ် ပေချန်းကို ကိုယ်တိုင် စစ်ချီပြီး သိမ်းပိုက်တဲ့အချိန်မှာ မင်းအစ်ကိုကြီးရဲ့ သရုပ်မှန်က လင်းကျိုးကလို့ ယူဆရတဲ့ သူလျှိုတစ်ယောက်ကြောင့် ပေါက်ကြားသွားတာလို့ အကျဉ်းသားတစ်ယောက်ဆီကနေ သိခဲ့တယ်လေ အဲဒီ့သူလျှိုက နန်းတော်ထဲမှာ ဒီလောက် အစောကြီးကတည်းက ရောက်နေလိမ့်မယ်လို့ မထင်ခဲ့မိရုံလေးတင် ...

ယွင်ချင်းစီက တစ်ခဏမျှ ပြန်စဉ်းစားကာ သူ့ကို စိုက်ကြည့်လျက် ပြောလိုက်သည်။

"မင်းရဲ့ ကတိကို တည်မယ် မဟုတ်လား ..."

သူ့အစ်ကိုကြီး သက်ရှိထင်ရှား ပြန်လာစေရမည်ဟူသည့် ကတိကို ဆိုလိုခြင်းဖြစ်သည်။

လီယင်းက နက်မှောင်တည်ကြည်သည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်လာ၏။

"ကိုယ် တည်မှာပါ ..."

ယွင်ချင်းစီ နန်းတော်ထဲမှ ထွက်ခွါသွားသည်နှင့် တစ်ပြိုင်နက် လီယင်းကလည်း မြေအောက်အကျဉ်းထောင် ရှိရာဆီသို့ ထွက်လာလိုက်သည်။ စစ်ဆေးမေးမြန်းမှု တစ်ကြိမ်အပြီးတွင် ရွမ်လျန်၏ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ရှည်လျားလှသည့် ဆံပင်တို့ ပြန့်ကြဲကာ မျက်နှာတွင်လည်း သွေးများဖြင့် ပေကျံနေတော့သည်။

"ဧကရီ ... ဧကရီ ..."

သူက သတိလက်လွတ် မြည်တမ်းနေစဉ် အထဲသို့ လူတစ်ယောက် ရောက်လာကာ ရေတစ်ပုံး လောင်းချခြင်းကို ခံလိုက်ရတော့သည်။

အသိဝင်လာပြီး လီယင်း၏ အကြည့်တို့နှင့် ရင်ဆိုင်လိုက်ရသည့် တစ်ခဏ၌ သူ့အမူအယာတွင် ထေ့ငေါ့လိုရိပ်တို့ ပြည့်နှက်လာတော့သည်။

"အရှင်က တကယ်ကို သဝန်တိုစိတ် ကြီးတာပဲ အာဏာကို သုံးပြီး ဒီရွမ်မျိုးရိုးကို အပုပ်ချခဲ့ရုံတင် မကဘဲ ကိုယ့်အဆင့်ကို နှိမ့်ချ၊ ကိုယ်တိုင် ရောက်လာပြီးပါ အတင်းအကြပ် ဖြောင့်ချက်ပေးခိုင်းနေသေးတယ် ရွံစရာကောင်းလောက်အောင်ကို အရှက်မရှိလိုက်တာများ .. ဧကရီသာ ဒီအကြောင်းတွေ သိသွားခဲ့ရင် ..."

"ကိုယ်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် ဒီလောက်အထိ ခက်ခက်ခဲခဲ ကြိုးစားနေစရာ မလိုပါဘူး ..."

လီယင်းက ကုလားထိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်၏။ သူ့ပုံစံမှာ အနည်းငယ် ပျင်းရိနေဟန်ပင်။

"မင်း ဘာလုပ်ခဲ့လဲ မင်းကိုယ်မင်း အသိဆုံး နေမှာပါ သူ့အစ်ကိုအကြီးဆုံးကို ဒုက္ခပေးဖို့ ကြံနေတာတောင်မှ ဧကရီက လာကယ်ပါမယ်လို့ ထင်နေသေးတာလား အိပ်မက်သာ မက်နေလိုက် ..."

ရွမ်လျန်က အားနည်းစွာ ပြောလိုက်သည်။

"ငါ မလုပ်ခဲ့ ...ဒီတိုင်း .. မေးလိုက်ရုံလေးတင် ..."

"ဖေးယွဲ့ ..."

လီယင်းက ပြောလိုက်သည်။

"ပေးချန်းရဲ့ တတိယမင်းသား .. မင်းအဖေက မင်းအမေကို အများကြီး မနှစ်သက်ခဲ့လို့ မင်းသဘောနဲ့မင်း စစ်လေ့ကျင့်ရေးစခန်းထဲကို ဝင်ခဲ့ရတာ မဟုတ်လား ..."

"အရှင် ဒီ ရွမ်မျိုးရိုးက အရှင် ဘာတွေပြောနေလဲ နားမလည်တော့ပါဘူး ..."

လီယင်းက သူ့လက်ထဲရှိ စာရွက်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။

"ငါက အရေးကြီးသတင်းတွေ အကုန်လုံးကို သိထားပြီးသား မနှစ်က ဇွန်လမှာ ပေချန်းရဲ့ မင်းသား ကွယ်လွန်သွားပြီး ကြီးကြီးကျယ်ကျယ် မြှုပ်နှံခဲ့တယ် သူ သေသွားတာနဲ့ တစ်ပြိုင်နက် မင်းအဖေက မင်းသားအသစ်တစ်ပါးကို ရွေးချယ်ရတော့မှာ ပေချန်းရဲ့ တော်ဝင်မိသားစုတစ်ခုလုံး ကသောင်းကနင်းနဲ့ မင်းအစ်ကိုတွေ အကုန်လုံးကလည်း မင်းသားလောင်း ဖြစ်ချင်ကြတာ မင်းအမေက အစောကြီး သေသွားရတဲ့ အစေခံမျိုးရိုးဆိုတော့ မင်းဘက်မှာ ဘယ်မိသားစုဝင်မှ မရှိဘူး လူတွေ အာရုံစိုက်တာကို ရှောင်ရှားဖို့အတွက် သတင်းအချက်အလက် စုဆောင်းတဲ့ အန္တရာယ်တောထဲကို တည့်တည့်ကြီး တိုးဝင်ခဲ့ပေမယ့် လုံးလုံးလျားလျားတော့ မရှောင်ကြဉ်နိုင်ခဲ့ဘူးလေ ..."

"မင်းက မင်းသာ ကျင်းကို ပေချန်းမှာ မြှုပ်နှံခဲ့တဲ့ လျှို့ဝှက်သတင်းပေးတွေကို ရှာတွေ့ခဲ့ရင် ရာထူးဟောင်းကို ပြန်ရနိုင်မယ်ဆိုတာကို ကောင်းကောင်းကြီး သိနေတယ်လေ ဒါကမှ မင်းကို အဆင့်နိမ့်အစေခံတစ်ဦးရဲ့သားဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ပယ်ဖျက်နိုင်မှာ မဟုတ်လား ..."

လီယင်းက ပြောလိုက်သည်။

"ပြီးတော့ မင်းအဖေက ‌သူရဲကောင်းတွေက မူလဇစ်မြစ်အကြောင်း အမေးမခံရဘူးဆိုတဲ့ စကားကို ပြောရတာ အရမ်း သဘောကျတယ်လေ ..."

ရွမ်လျန်က ခေါင်းကို တစ်ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။

အကြည့်တို့က နက်မှောင်သုန်မှုန်လာကာ ယခင်က လပြည့်ဝန်းသဖွယ် ကြည်လင်လှသည့် မျက်နှာမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ပျက်ယွင်းလာတော့၏။

လီယင်းက သူ့ကို နှုတ်ခမ်းတစ်ဖက် တွန့်ကွေးလျက် စိုက်ကြည့်ကာ ချက်ခြင်း ထရပ်ပြီး အလေးမထားသလို ပြောလိုက်သည်။

"ထပ်ပြီး စစ်မေးနေဖို့ မလိုတော့ဘူး သူ့ကို စားစရာသောက်စရာ တစ်ခုခု ပေးလိုက် ..."

"ဘယ်လိုလုပ် သိတာလဲ ဘယ်လိုလုပ် .. မဖြစ်နိုင်လိုက်တာ .. ဘယ်လိုဖြစ်ပြီး ..."

လီယင်းက မြေအောက်ခန်းထဲမှ ထွက်လာကာ လက်ထဲတွင် ကိုင်ထားသည့် စာရွက်ကို လျှိုကျီရူထံ ပစ်ပေးလိုက်၏။ ထိုအထဲတွင် စာတစ်လုံးမှ ရေးမထား။ ဗလာအတိုင်းသာ ရှိနေပေသည်။

ထို ဖမ်းမိခဲ့သည့် အကျဉ်းသားဆိုသည်မှာ အတိတ်ဘဝက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပေးချန်းတွင် နန်းလျာကို ပြန်လည်ခန့်အပ်ထားပြီးဖြစ်ကာ ထိုသူမှာ ဖေးယွဲ့ပင်ဖြစ်သည်။ ထိုအကျဉ်းသား ပြောခဲ့သည်မှာ ရှန့်ယန်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေသည့် သူလျှိုမဟုတ်၊ ပေချန်း၏ နန်းလျာမင်းသားသာ ဖြစ်ပေသည်။

ထိုစဉ်က လီယင်းသည် အသေးစိတ် စစ်မေးခဲ့သော်ငြား အဆုံးတွင်မူ သူ့လူကိုယ့်ဘက်သားအဖြစ် ဟန်ဆောင်စဉ်က ဖေးယွဲ့ အသုံးပြုခဲ့သည့် ဇာတိကိုသာလျှင် သိခဲ့ပေသည်။ ထိုသူလျှိုက နန်းတော်ထဲတွင် တိုက်ရိုက် စတည်းချနေသည်ဟုတော့ မပြောခဲ့ပေ။

အတိတ်ဘဝက လီယင်းသည် ထိုဂီတပညာရှင်ကို တစ်ကြိမ်တစ်ခါမှပင် အာရုံမစိုက်မိခဲ့။ ပြန်လည်မွေးဖွားပြီးနောက် လင်းကျိုးရှိ ကျန်းမိသားစုနှင့် ဆက်စပ်သူများကို စုံစမ်းခဲ့သော်လည်း ထိုသူလျှိုသည် နန်းတော်ထဲသို့ ဝင်ရောက်ရဲသည်အထိ သတ္တိကောင်းလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။

ယွင်ချင်းစီက သူ့ကို မျက်စိကျခဲ့၍သာ မဟုတ်ပါလျှင် လီယင်းလည်း လုံးဝ သတိပြုခဲ့မိမည် မဟုတ်ချေ။

အတိတ်ဘဝက ဖေးယွဲ့၏ "လမင်းသဖွယ် တောက်ပကာ လေညှင်းသဖွယ် သန့်စင်သည့် ရုပ်သွင်အကြောင်းနှင့် ပေချန်းရှိ အမျိုးသမီးတို့က သူ့အား တပ်မက်စွဲလမ်းကြသည်ဟု ကြားခဲ့ဖူးသော်ငြား တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။

ထိုသူမှာ ရက်စက်ယုတ်မာတတ်မည့်သဘော ရှိနေသည်ဟုသာ ခံစားခဲ့မိသည်။

ယွင်ချင်းစီ ထွက်သွားပြီးနောက် သူ၏ အတိတ်ဘဝက မှတ်ဉာဏ်များကို စုစည်းကာ ဂရုတစိုက် ပြန်သုံးသပ်လိုက်သည်။ ဖေးယွဲ့နှင့် စကားပြောခဲ့စဉ်က ထိုသူသည် လွန်စွာ သတိကပ်ကာ သံသယများပြီး သူ့သရုပ်မှန်ကိုလည်း ဖုံးကွယ်ထားခဲ့သည်။

ဖေးယွဲ့က သူသည် အစေခံတစ်ဦးမှ မွေးဖွားလာခြင်းဖြစ်သည် ဟူသည့်အချက်ကို လွန်စွာ ဂရုစိုက်ကာ ထိုအချက်ကြောင့်ပင်လျှင် မြောက်ပိုင်းသားတို့အကြား အထူးသဖြင့် ကြမ်းတမ်းလှသည့် သူ့အစ်ကိုများနှင့်မတူ ပေါ်လွင်ထင်ရှားနေစေရန် အလို့ငှာ ကိုယ်နှုတ်အမူအယာတို့ကို အကောင်းဆုံး ထိန်းသိမ်းထားခဲ့သည်။

ယွင်ချင်းစီက သူ၏ ကိုယ်နှုတ်အမူအယာကို ချီးကျူးကတည်းက လီယင်း၏ စိတ်တွင် ထူးဆန်းနေခဲ့ခြင်းဖြစ်သည်။

သူက ဒီတိုင်း ဂီတပညာရှင်လေး တစ်ယောက်ပဲလေ ဒီလို တော်ဝင်ဓလေ့ထုံးတမ်းတွေကို ဘယ်သူက သင်ပေးထားတာလဲ ...

သူသည် ယွင်ချင်းစီအား ဖေးယွဲ့၏ အမှောင်ဖုံးနေသော ဘက်ခြမ်းကို မြင်တွေ့စေလိုပေသည်။ ရေခဲသဖွယ် သန့်စင်ကာ ကျောက်စိမ်းသဖွယ် ကြည်လင်လှသူ၏ အစစ်အမှန် မျက်နှာဖုံးမှာ မည်သို့ဖြစ်ကြောင်း မြင်တွေ့စေလို၏။


ယွင်ချင်းစီက သူ့ကို အနည်းမျှပင် ဂရုမစိုက်သည်မှာ နှမြောဖွယ်ရာပင်။

ယွင်ချင်းစီက .. သူ့ကို ဂရုမစိုက်ဘူး ...

နာကျင်မှုက အဆုံးမရှိသော်ငြား လီယင်း၏ အကြည့်တို့မှာမူ ရုတ်ချည်း နူးညံ့သွားတော့သည်။

အမတ်ချုပ်စံအိမ်သို့ ပြန်ရောက်လာသည့် ပထမဆုံးညမှာပင် ယွင်ချင်းစီက ထိုထူးဆန်းသည့် အိပ်မက်ကို နောက်တစ်ကြိမ် ပြန်မက်လာပြန်တော့သည်။

ဤတစ်ကြိမ်တွင်မူ စိတ်ကို အခိုင်အမာ ပြင်ဆင်လာခဲ့ပြီးဖြစ်၍ စင်မြင့်ပေါ်သို့ မတုန့်မဆိုင်း တက်ရောက်ကာ သေတ္တာအစွန်းကို ဆွဲကိုင်လျက် အထဲသို့ ဂရုတစိုက် စိုက်ကြည့်လိုက်သည်။

အထဲတွင် လူတစ်ဦး .. ယွင်ချင်းစီ လွန်စွာ ရင်းနှီးလှသူတစ်ဦး လဲလျောင်းနေ၏။ သူတို့နှစ်ဦးသာ တစ်ချိန်တည်း ‌ဆုံတွေ့မိပါလျှင် သေချာပေါက် ကြောက်ရွံ့တုန်လှုပ်သွားရမည်ဖြစ်သည်။

ထိုသူက သူ့အနေဖြင့် မရင်းနှီးလှသည့် ချည်မျှင်တစ်မျိုးဖြင့် ရက်လုပ်ထားသော ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ မျက်နှာကြက်ပေါ်ရှိ ပုလဲတို့၏ ရောင်ပြန်ဟပ်မှုကြောင့် ထူးထူးကဲကဲ ဝင်းလက်နေကာ အင်္ကျီတွင်လည်း မရေမတွက်နိုင်လောက်အောင် များပြားသည့် ပုလဲလုံး၊ ရွှေချည်မျှင်တို့ တန်ဆာဆင်ထားသည်။ ကျက်သရေရှိကာ တင့်တယ်သကဲ့သို့ တောက်ပကာ မင်သက်ဖွယ် အလှတရားကိုပါ တစ်ပြိုင်တည်း ပေးစွမ်းနေသည်။

ယွင်ချင်းစီက လက်ကို ဆန့်ထုတ်ကာ ထိုသူ၏ မျက်နှာကို ထိတွေ့လိုက်သည်။

ဤသည်မှာ သူ့မျက်နှာပင်။

ဦးခေါင်းထက်ရှိ မျက်နှာကြက်ကို မော့ကြည့်ပြီးနောက် ဤသည်မှာ သူ၏ ဂူဗိမ္မာန်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ကျောက်ခေါင်းတလားမှာ လွန်စွာ ကြီးမားကာ လူနှစ်ဦးစာအတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ သူက တစ်ခြမ်းကိုသာ နေရာယူထားပြီး ကျန်တစ်ဖက်က လစ်လပ်နေ၏။ သူ့ရုပ်အလောင်းမှာ ပြာမှုန်အဖြစ် လွင့်ပျံသွားရမည့်အစား တစ်ယောက်ယောက်က အချိန်ပြည့် လာရောက်သန့်စင်ပေးထားသည့်နှယ် လွန်စွာ သန့်ရှင်းနေပေသည်။

ငါ့အလောင်းက ဘာလို့ ပုပ်မသွားတာလဲ ...

ယွင်ချင်းစီက အထဲသို့ဝင်ကာ သူ့အလောင်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ မည်သည့်အနံ့အသက်ကိုမှ မရ။ မည်သည့်အချိန်ကတည်းက သေဆုံးခဲ့သည်ဖြစ်ကြောင်း ခန့်မှန်းရခက်သည့်တိုင် လောလောဆယ်တွင်မှ သေဆုံးထားသကဲ့သို့ပင်။

တစ်ခဏမျှ လှဲနေပြီးကာမှ မြေအောက်နန်းတော်ကို အကဲခတ်ရန် ထွက်လာလိုက်သည်။ လွန်စွာ ကြီးမားကာ မြောက်များစွာသော ကျောက်သားအခန်းများ ရှိနေသော်လည်း ကျောက်တံခါးကို တင်းကြပ်စွာ ပိတ်ဆို့ထားသည့်အတွက် အပြင်သို့ ထွက်သွား၍ မရပေ။

ထိုစဉ် အသံတစ်ခု ကြားလိုက်ရ၍ အပြေးသွားကြည့်လိုက်သည့်အခါ ခပ်ဖျော့ဖျော့မီးအိမ်တစ်လုံးကို သယ်ဆောင်လျက် ရောက်လာသူတစ်ဦးကို တွေ့လိုက်ရသည်။

"လီယင်း ..."

ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားတော့၏။

ထိုသူမှာ လီယင်း ဖြစ်သော်ငြား လီယင်းနှင့် မတူလှ။ ဆံပင်အားလုံး ဖွေးဖွေးဖြူနေကာ သူ့မျက်နှာကြောင့်သာ မဟုတ်ပါလျှင် ယွင်ချင်းစီက သူ့ကို အသက်ကြီးနေပြီဟုပင် ထင်မိမည်ဖြစ်သည်။

လီယင်းက မီးအိမ်ကို ခေါင်းတလားအရှေ့သို့ချကာ အထဲသို့ ဝင်ပြီး လဲလျောင်းလိုက်သည်။

ယွင်ချင်းစီကလည်း သူ့နောက်မှ လိုက်လာကာ ခေါင်းတလားကို ဆွဲထားရင်း ပြောလိုက်၏။

"ငါ့ကို ထိခွင့်မပြုဘူး ကြားလား ..."

"ဘာတွေ ဟန်ဆောင်နေတာလဲ သေသွားကာမှ ဘာတွေ ဟန်ဆောင်ပြနေတာလဲ ငါ အသက်ရှိတုန်းကကျ မင်း တန်ဖိုးထားခဲ့လို့လား ..."

လီယင်းက တစ်ခွန်းမှ မကြားနိုင်ကြောင်း သိသည့်တိုင် အညှာအတာမဲ့စွာဖြင့် ကျိန်ဆဲနေမြဲပင်။ လီယင်း၏ လက်က သူ့မျက်နှာထံ နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းစွာ ပုတ်ထုတ်လိုက်သော်ငြား အရာမဝင်။

လွန်စွာ ဒေါသထွက်နေစဉ်မှာပင် တစ်ဖက်သူက  အမှန်တကယ် ထိတွေ့နေခြင်း မဟုတ်ဘဲ သူ့ပါးနှစ်ဖက်ကိုသာ ခပ်ဖွဖွ ပွတ်သပ်ပေးခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။

ယွင်ချင်းစီမှာ ပို၍ပင် ဒေါသပုန်ထလာ၏။

"ငါ့ကို မကြိုက်ဘဲ နေရဲ‌တယ်ပေါ့ ..."

လီယင်းက စိတ်ကို ထိန်းချုပ်ကာ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"မင်းသာ ဒီမှာ ရှိနေရင် ကိုယ့်ကို ထိစေချင်မှာ မဟုတ်ဘူး‌ မဟုတ်လား ..."

"ဟုတ်တယ် ..."

ယွင်ချင်းစီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူ့ဘေးတွင် ဝင်လှဲကာ အသက်ရှူသံတို့ တစ်ဖြည်းဖြည်း နှေးကွေးလာသည့် လီယင်းကို သတိပြုမိပြီးနောက် တစ်ဖန် အံ့ဩမိသွားရပြန်တော့သည်။

"ငါက အပုပ်နံ့ ထွက်နေလား ..."

"ငါနဲ့ မအိပ်နဲ့ ..."

သူ နိုးလာချိန်တွင် ရင်ရှီက ကန့်လန်ကာစကို ဆွဲဖွင့်နှင့်နေပြီးဖြစ်သည်။ သူက ဗလာသပ်သပ် စိုက်ကြည့်ကာ ပြောလိုက်၏။

"ဧကရီအရှင် စောစောက ဘာပြောလိုက်ပါတာလဲ ..."

".. ငါ တစ်ခုခု ပြောလိုက်မိတယ်လား ..."

ယွင်ချင်းစီက အိပ်ယာပေါ်မှ ထကာ ပါးစပ်ကို ထိကိုင်ရင်း ပြောလိုက်သည်။

"ဘာမှ မပြောခဲ့ပါဘူး ..."

အိပ်ယာမှထကာ ပင်မခန်းမဆောင်ရှိရာသို့ ထွက်လာလိုက်သည်။ ခြံဝင်းထဲတွင် လက်ဖက်ရည်သောက်နေသည့် ဖခင်ဖြစ်သူကို တွေ့လိုက်ရသည့်အခါ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် အနားသို့ တိုးလာပြီး ခေါ်လိုက်သည်။

"အဖေ ..."

"နိုးပြီလား ..."

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"ဘာလို့ နောက်ကျရတာလဲ ဒီကလေးကတော့ .. မင်းအစ်ကိုတွေ အကုန်လုံး အစောကြီးကတည်းက ထွက်သွားကုန်ကြပြီ ..."

"ကျွန်တော် အကျင့်ဖြစ်နေလို့ ..."

သူက တစ်ခဏမျှတွေးကာ ပြောလိုက်သည်။ ထိုင်ခုံကို ရွှေ့ကာ သူ့အဖေဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်၏။

"အဖေ့ကို တစ်ခုလောက် မေးရဦးမယ် ..."

"အမ် ..."

အမတ်ချုပ်ယွင်က လေးတွဲ့စွာဖြင့် ပြောလိုက်သည်။

"ဘာကိစ္စလဲ ..."

"အမေ့ဆီကို တကယ်ကို တစ်ခါမှ မသွားခဲ့ဖူးတာလား ..."

သူ့ဖခင်ကို ငေးကြည့်နေပြီးနောက် အမတ်ချုပ်ယွင်၏ မျက်နှာတွင် အပြစ်ရှိသည့် အရိပ်အယောင်တစ်ချို့ ရှိနေကြောင်းကို သတိပြုမိလိုက်သည်။ သူက ခါးကို ပြန်မတ်လျက် ပြောလိုက်စ။

"မင်းက အဖေ့ကို သွားခွင့်မှ မပြုတာ ပြီးတော့ သူမကလည်း လာစေချင်မှာ မဟုတ်ဘူးလေ .. အဖေ .. တစ်ခါမှ အဲဒီ့ကို မရောက်ဖူးဘူး ..."

လူလိမ် ...

ယွင်ချင်းစီက ပြုံးကာ ဤသို့ တွေးလိုက်၏။

အမေ့ကိူ တကယ်သာ အရမ်းချစ်တယ်ဆိုရင် ဘယ်လိုဖြစ်ပြီး သူမဆီ တစ်ခါမှ သွားမတွေ့ဘဲ နေနိုင်ရတာလဲ ...

အမတ်ချုပ်ယွင်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဘာတွေ ရယ်နေတာလဲ ..."

"ဘာမှ မဟုတ်ပါဘူး ..."

ယွင်ချင်းစီက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ပြောလိုက်သည်။

"အဲဒီ့နေ့ ဘိုးဘေးခန်းမနားမှာ ကျွန်တော်လည်း ရှိခဲ့တယ်ဆိုတာကို အဖေ သိနေခဲ့တာလား ..."

"..."

အမတ်ချုပ်ယွင်က တစ်ခဏမျှ အသံတိတ်သွားတော့၏။

ယွင်ချင်းစီမှာ နန်းတော်ထဲမှ ထွက်လာခဲ့သူ ဖြစ်သည့်အတွက် ကိုယ်သင်းနံ့ကအစ ထူးခြားကာ အလွယ်တကူ ပိုင်းခြား၍ ရပေသည်။ အမတ်ချုပ်ယွင်သည် အစောပိုင်းက သတိမပြုမိခဲ့သော်ငြား ဘိုးဘေးခန်းမထဲတွင် အချိန်အတော်ကြာ ရပ်နေပြီးနောက် အနံ့တစ်ခုကို တစ်ဖြည်းဖြည်းချင်း ရလာတော့သည်။

"ကိုယ် သူ့ကို မေးကြည့်ရင် သူက မင်းကို လာတွေ့ခွင့် ပေးလောက်လား " ဟူသည့် စကားမှာ ယွင်ချင်းစီ ရှိနေမှန်း သိလျက်နှင့် တမင်တကာ ပြောခဲ့ခြင်းဖြစ်သည်။

"ဟို ..."

ယွင်ချင်းစီက သူ့ကိုယ်တွင် ချိတ်ထားသည့် အမွှေးအိတ်ကို ထိကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"အမေ့ကို သွားတွေ့ချင်လို့ အဖေရော အတူတူ လိုက်ခဲ့ချင်လား ..."

သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်မိသွားသည့် အမတ်ချုပ်ယွင်က ချက်ခြင်း မတ်တပ်ထရပ်ကာ နီရဲနေသော မျက်ဝန်းတစ်စုံဖြင့် အထဲသို့ ပြေးဝင်ရင်း  ပြောလိုက်သည်။

"ခဏစောင့် အဝတ်အစား လဲလိုက်ဦးမယ် ..."

ယွင်ချင်းစီက ပြုံးပြရင်း စားပွဲတွင် ထိုင်လျက်ဖြင့်ပင် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့ကာ သောက်နေလိုက်သည်။