အပိုင်း ၅၇
Viewers 13k

Chapter 57



အတိတ်အချိန်က ထိုနေရာသို့ သူတစ်ဦးတည်းဖြစ်စေ၊ သူ့အစ်ကိုသုံးဦးကဖြစ်စေ သွားရောက်လေ့ရှိပြီး အမတ်ချုပ်ယွင်ကမူ တိတ်တဆိတ်သာလျှင် သွားရောက်ခဲ့၏။ အပြင်လောကကိုမူ သူသည် ထိုနေရာသို့ တစ်ခါမှ မသွားဟုသာ သိထားစေပေသည်။

စည်းမျဉ်းအချို့ကို လိုက်နာလို၍လား သို့မဟုတ် ယွင်ချင်းစီ သိသွားခဲ့ပါလျှင် သူ့ကို ရက်စက်သည့် စကားများ ပြောလာမည်ကို စိုးရိမ်၍လားဟူသည်ကိုတော့ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

နောက်တစ်ခုက ပို၍ ဖြစ်နိုင်ချေ များသည့်ဟန်ပင်။

အတိတ်ဘဝက ယွင်ချင်းစီသည် သူ့မိခင်၏ အုတ်ဂူသို့ အမတ်ချုပ်ယွင် သွားရောက်သည်ဟု ကြားမိလေတိုင်း အိမ်တော်သို့ အပြေးပြန်လာကာ အမတ်ချူပ်ယွင်ကို နစ်နစ်နာနာ ပြောဆိုလေ့ရှိသည်။ သူ့စကားများကို ပြန်လည်ချေပလာပါလျှင် ထိုချေပသူကိုပါ လှောင်ရယ်ကာ အခြားသူများအဖို့ မည်သို့မှ နာကျင်နိုင်ဖွယ်ရာ မရှိသော စကားများဖြင့် စောင်းမြောင်းပြောလေ့ရှိသည်။

အားလုံး၏ အမြင်တွင် ယွင်ချင်းစီသည် မဖြစ်စလောက် ကိစ္စလေးကို ဇာချဲ့နေခြင်း ဖြစ်သော်ငြား သူကမူ စိတ်ဆုံးဖြတ်ပြီးသည့် ကိစ္စများအပေါ် မည်သို့မှ ပြောင်းလဲခြင်း မပြုတော့၊ တစ်ခြားတစ်နည်း ပြောင်းလဲစဉ်းစားခြင်းလည်း မပြုတော့ပေ။

လူတစ်ယောက်ကို မုန်းတီးသည့်အခါ ထိုသူက မည်သို့သော လုပ်ရပ်မျိုးကို ပြုလုပ်သည်ဖြစ်စေ သူ့လုပ်ရပ်အားလုံးကို ဖုံးကွယ်ထားသော အကြံအစည်အဖြစ်သာ ထင်မြင်ပေတော့သည်။

ယခုမူ ယွင်ချင်းစီက ထိုအကြောင်းနှင့် စပ်လျဉ်း၍ များစွာ တွေးမနေတော့ရာ မိခင်ဖြစ်သူထံ တိတ်တဆိတ် သွားရောက်ရသည့် သူ့အဖေအကြောင်း တွေးလိုက်မိသည့်အခါ နွေးထွေးမှု အနည်းငယ်ကိုပင် ခံစားလိုက်ရတော့သည်။
အမတ်ချုပ်ယွင်က သူကိုယ်တိုင်သာမက သားသုံးဦးလုံးကိုပါ အတူလိုက်လာရန် အမိန့်ပေးလိုက်သည်။

လမ်းမတစ်လျှောက် မောင်းနှင်နေသည့် လှည်းထဲရှိ အမတ်ချုပ်ယွင်၏ အမူအယာမှာ တစ်ခါတစ်ရံတွင် စိတ်နှလုံးလေးလံနေသည့်ဟန်၊ ရံဖန်ရံခါ စိုးရိမ်ပူပန်နေဟန်ဖြင့် မျက်လုံးတစ်ခုလုံး စိုစွတ်လာတော့သည်။ ယွင်ချင်းစီက သူ့ကို လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ကာ သူ၏ ဒုတိယအစ်ကိုကလည်း သူ့ကို လက်ကိုင်ပဝါတစ်ထည် ထုတ်ပေးလိုက်သည်။

"ပျော်လား မပျော်ဘူးလား ..."

သူက မေးလိုက်သည်။

"မင်းအမေ .. အဖေ အလည်လာတာသာ သိရင် သူမ စိတ်ဆိုးလောက်လား ..."

"မသိဘူး ..."

ယွင်ချင်းစီက တစ်ခဏမျှ ရပ်တန့်သွားပြီးကာမှ တွေးဆဆ ပြောလိုက်သည်။

"ဒါပေမယ့် အရင်က ကျွန်တော် ဖြစ်ခဲ့တဲ့ ပုံစံကိုတော့ တွေ့ချင်မှာ မဟုတ်တာ သေချာတယ် ..."

ယောကျာ်းတစ်ယောက်အတွက်နဲ့ အားလုံး အဆုံးရှုံးခံပြီး အသက်ကိုပါ စွန့်လွှတ်လိုက်ရတာကိုလေ ...

အမှန်တကယ်တွင် ယွင်ချင်းစီလည်း သူ၏ အတိတ်ဘဝက စိတ်နေစိတ်ထားကို မိခင်ဖြစ်သူက မည်သို့ တုန့်ပြန်မည်ဖြစ်ကြောင်း တွေးမကြည့်ခဲ့ဖူးပေ။ လီယင်းက သူ့ကို ကောင်းစွာ ဆက်ဆံပေးခဲ့သည့်အတွက် အားလုံးကို မေ့လျော့နေမိတော့၏။

လီယင်းက အလွန်အကျူး ဖြစ်လွန်းလှသည့် သူ့ကို မကြိုက်သကဲ့သို့ သူကလည်း လီယင်း၏ အရေးမစိုက်တတ်သည့် အကျင့်ကို သဘောမကျပေ။ လီယင်းက သူ၏ ကြင်နာနူးညံ့မှုကို သဘောကျကာ ယွင်ချင်းစီက သူ၏ တွေးတောပေးတတ်မှုကို သဘောကျနှစ်သက်ခဲ့သည်။

အတိတ်ဘဝက လီယင်းကို ချစ်လည်းချစ် မုန်းလည်းမုန်းခဲ့ကာ သူသာ လီယင်းကို ပိုချစ်ပေးခဲ့ပါလျှင် လီယင်းကလည်း သူ့ကို ပို၍ မုန်းကောင်းမုန်းနေပေလိမ့်မည်။

ချင်ဖေးလောသည် သေဆုံးသည်အထိ အမတ်ချုပ်ယွင်၏ ဇနီး ဖြစ်နေဆဲပင်။ သီးခြားစီ နေထိုင်ရုံမှအပ တရားဝင် ကွာရှင်းခြင်း မပြုခဲ့သည့်အတွက် သူမတွင်လည်း ဂူဗိမ္မာန်တစ်ခု ရှိနေ၏။ ယွင်ချင်းစီ၏ အိပ်မက်ထဲရှိ မြေအောက်ဂူသင်္ချိုင်းကဲ့သို့ များစွာ မကြီးမားလှသည့်တိုင် အရွယ်အစားနှင့် ဈာပနပစ္စည်းတို့ကို အထင်သေး၍ မရချေ။

ကလေးများက ရှေ့တစ်လှမ်းတိုးကာ အမွှေးတိုင် ထွန်းပေးလိုက်ကြပြီးနောက် အမတ်ချုပ်ယွင်ကို တစ်ယောက်တည်း ချန်ထားခဲ့လိုက်ကြတော့သည်။

ပြန်ထွက်လာသည့် အမတ်ချုပ်ယွင်၏ မျက်လုံးတို့မှာ ဖူး‌ယောင်နီရဲနေသော်လည်း အမူအယာမှာမူ ယခင်ကထက် များစွာ တည်ငြိမ်နေပေသည်။ သူက ချောင်းဟန့်ကာ ပြောလိုက်သည်။

"ဒါကို မိသားစု ပြန်လည်ဆုံစည်းပွဲလို့တောင် ပြောလို့ရတယ် ..."

"ဒါပေမယ့် ..."

ယွင်ချင်းစီက ပြောနေရင်းတန်းလန်းမှာပင် လီယင်းက ချီရမ်ဝေ့မှာ ထိပ်တန်းလျှို့ဝှက်ချက်ဟု ပြောခဲ့သည်ကို သတိရသွား၍ ချက်ခြင်း ရပ်တန့်လိုက်သည်။ သူ့အစ်ကိုများ၏ ပဟေဠိဖြစ်နေသော အကြည့်ကို ရှောင်ရှားရင်း ဒုတိယအစ်ကို၏ ကျောပေါ်သို့ ခုန်တက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"ကျွန်တော့်ကို သယ်သွားပေး မောနေပြီ သွက်သွက်လေး အရသာရှိတာတွေ စားရအောင် ကျင်းယာလို့ကို ခေါ်သွားပေး ..."

ယွင်ချင်းရှောင်က သရော်လိုက်သည်။

"ဒီလောက် လေးနေတာကို သူတို့ကို သယ်ခိုင်းပါ့လား ..."

"အာ့ကောက ကျွန်တော် ငယ်ငယ်လေးကတည်းက တစ်ခါမှ မသယ်ပေးခဲ့ဘူး ..."

"အဖေလည်း မသယ်ပေးခဲ့ဖူးပါဘူး ..."

"သူက အိုနေပြီ ..."

"ဟုတ်ပြီ ဟုတ်ပြီ အာ့ကောက မသန်မာဘူး ဒီကောကောကပဲ သယ်ပေးမယ် ..."

ယွင်ချင်းစုက သူ့နောက်ကျောကို ပုတ်ကာ ပြောလိုက်သည်။ ထို့နောက် တစ်စက္ကန့်ပင် မကြာလိုက်၊ ယွင်ချင်းရှောင်က စကားတစ်ခွန်းမှ မဆိုဘဲ ယွင်ချင်းစီကို ကျောပိုးလျက် ဂူဗိမ္မာန်ထဲမှ ထွက်သွားတော့သည်။

မြေကြီးပေါ် ငုတ်တုတ်ထိုင်နေတဲ့ ယွင်ချင်းစု "?"

ယွင်ချင်းကျွင့်က သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

"ဘယ်လိုစိတ်ကူးနဲ့များ အစ်ကိုနှစ်က မသယ်နိုင်ဘူးလို့ ပြောလိုက်တာလဲ ..."

"မဟုတ်ပါဘူး ..."

သူက ချက်ခြင်း မတ်တပ်ထရပ်ကာ ပြန်ပြောလိုက်သည်။

"အစ်ကိုနှစ် ကျွန်တော်က အစ်ကို့ကို မသယ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ဒီတိုင်း ရှောင်စီက အရမ်းလေးတယ်လို့ ပြော ..."

ယွင်ချင်းစီက လှောင်ရယ်လိုက်၏။ ယွင်ချင်းစုက ပါးစပ်ကိုသာ ပိတ်ထားလိုက်ရတော့သည်။

"အစ်ကို့ကို ကူညီချင်လို့ပါ ..."

ယွင်ချင်းရှောင်က အေးစက်စွာ ပြောလိုက်သည်။

"မလိုဘူး ..."

"ကောင်းပြီ ကောင်းပြီ ..."

ယွင်ချင်းကျွင့်က ဝင်ရောက်ဖြန်ဖြေလိုက်၏။

"တစ်လှည့်စီ သယ်ကြလေ အစ်ကိုနှစ်ကလည်း ပင်ပန်းရင် ပြော ကြိတ်မှိတ်ပြီး သည်းခံမနေနဲ့ ..."

တစ်‌ယောက်နှင့်တစ်ယောက် အပြန်အလှန် ငြင်းခုန်နေကြသော်ငြား မည်သူကမှ ယွင်ချင်းစီကို ဘာကြောင့် လမ်းမလျှောက်နိုင်၊ သယ်သွားပေးရန် လိုအပ်နေကြောင်း မမေးခဲ့ပေ။

ယွင်ချင်းစီကလည်း သူတို့နှင့်ပြိုင်ကာ မငြင်းခုန်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ လွန်စွာ အားနည်းကာ လမ်းများများ လျှောက်မိသည်နှင့် တစ်ပြိုင်နက် မောဟိုက်လာပေသည်။

ဒုတိယအစ်ကို၏ကျောပေါ် မှီလျက် နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ တစ်ဖြည်းဖြည်းချင်း လျှောက်လာသည့် အမတ်ချုပ်ယွင်ကို တွေ့လိုက်ရသည်။

လှည်းအနား ရောက်သည့်အခါ ဒုတိယအစ်ကိုက သူ့ကို အောက်ချပေးပြီး ခါးကြောဆန့်ရင်း သုန်မှုန်စွာ ပြောလိုက်သည်။

"နောက်တစ်ခါ ငါ့ကို သယ်စေချင်ရင် အလေးချိန် နည်းနည်းလောက် လျော့အောင်လုပ်ဦး ..."

"ရပါတယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အရင်ကဆို အရှင့်ကို အဖော်ပြုပြီး ဧကရာဇ်ဟောင်းကို ခဏခဏ သွားတွေ့ရတယ်လေ တော်ဝင်သင်္ချိုင်းဂူ အကြီးကြီးထဲမှာ ကျွန်တော့်ကို ကျောပိုးပြီး ဘယ်ပြန်ညာပြန် လျှောက်ရတာတောင် လေးတယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူး ..."

ယွင်ချင်းကျွင့်က သူ့ခေါင်းကို တွန်းကာ ပြောလိုက်သည်။

"ကွာရှင်းချင်တာ ဟုတ်ရောဟုတ်ရဲ့လား ..."

ယွင်ချင်းစီက အလေးအနက် ပြောလိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောနေတာ ... အာ့ကောရဲ့ ခွန်အားက အရှင်လောက် မကောင်းဘူးထင်တယ် ..."

ယွင်ချင်းရှောင်က သူ့ကို အလိုမကျစွာဖြင့် စိုက်ကြည့်လိုက်၏။ ယွင်ချင်းစီမှာမူ မည်သည်ကိုမှ မသိလေသည့်ဟန် လွန်စွာ အပြစ်ကင်းစင်သည့် မျက်နှာကို ချိတ်ဆွဲထားသည်။ ထို့နောက် ယွင်ချင်းရှောင်က သူ့ကို လက်တစ်ဖက်ဖြင့် သယ်မရင်း နောက်ကြောင်းပြန်သွားတော့၏။

ခေါင်းဇောက်ထိုးအတိုင်း ပါသွားသော ယွင်ချင်းစီ "?"

"အာ့ .. အာ့ကော ..."

သူ့လေသံမှာ အနည်းငယ် မရေမရာ ဖြစ်နေဟန်။ ယွင်ချင်းစုက ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

"မကြောက်ပါနဲ့ အာ့ကောက မင်းဘာသာမင်း လမ်းလျှောက်ပြီး ပြန်လာလို့ရအောင် ပို့ပေးမလို့ နည်းနည်းလေးပဲဟာ လျှောက်နိုင်ပါတယ် ..."

ယွင်ချင်းစီမှာလည်း သူ့အစ်ကိုကြီးမှာ ဤသိူ့သော လူစားမျိုး ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

"အာ့ .. အာ့ကော ကျွန်တော် မှားသွားပါတယ် အဝေးကြီးအထိ မသွားပါနဲ့ ... အဖေရေ ..."

သူ့အသံ အဆုံးတွင် အမတ်ချုပ်ယွင်က ဒုတိယသား၏ အမှုမထားဟန် မျက်နှာကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"သူက မင်းကို ရန်စမိလို့လား ... စမိတယ်ဆိုလည်း ဒီတစ်ခေါက်က ပထမဆုံးအကြိမ်ဆိုတော့ ခွင့်လွှတ်လိုက်ပါ ..."

မောဟိုက်နေပြီဖြစ်သော ယွင်ချင်းစီက ဝင်ပြောလိုက်သည်။

"နာတယ် ဒဏ်ရာက ပြန်ထလာတယ်ထင်တယ် နာလို့ အသက်ကို မရှူနိုင်တော့ဘူး ..."

ထိုအခါမှ ယွင်ချင်းရှောင်က သူ့ကို အောက်ပြန်ချပေးလိုက်တော့သည်။ ရင်ဘက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ အမတ်ချုပ်ယွင်ကို မှီထားပြီး အတော်ကြာကာမှ သနားဖွယ်ရာ မျက်နှာပေးဖြင့် မတ်တပ်ရပ်လိုက်သည်။

"ဘာလို့ အစ်ကိုနှစ်က ဒီလောက်အထိ ခက်ထန်ရတာလဲ ..."

ယွင်ချင်းစုက အင်္ကျီလက်တို့ကို ပင့်တင်လိုက်သော်လည်း တစ်ဖက်လှည့်ကာ လှည်းရှိရာဆီသို့ လျှောက်သွားချိန်တွင်မူ မျက်ဝန်းထဲတွင် ပြုံးရိပ်တို့ဖြင့် ပြည့်လျှံနေတော့သည်။

ကျင်းယာလို့တွင် အကောင်းဆုံးအခန်းတစ်ခုကို မှာယူလိုက်ကာ စားပွဲထိုးက ဟင်းလျာများ မှာယူသည်ကို စောင့်ဆိုင်းပေးနေ၏။ ယွင်ချင်းစီက သူ၏ ပြေပြစ်လှသော စကားပြောစွမ်းရည်ကို လွန်စွာ သဘောကျသည့်အတွက် ချီးကျူးလိုက်မိတော့သည်။

စားပွဲထိုးမှာ ဟင်းလျာစာရင်းကို ပြောအပြီးမှာပင် သူ့ထံသို့ ဦးတည်လာသော ငွေစတစ်စကို လက်ခံလိုက်ရသည်။

ယွင်ချင်းကျွင့်က ပြောလိုက်သည်။

"မင်းက ငါတို့မိသားစုကို ကျေနပ်စေလို့ ဆုချတာ ..."

"ဆုအတွက် တတိယသခင်လေးကို ကျေးဇူးတင်ပါတယ် ..."

ထို့နောက် သူက ယွင်ချင်းစီဘက်လှည့်ကာ ပြောလိုက်သည်။

"နောက်တစ်ခေါက် ဒီသခင်လေး ကြွရောက်တဲ့အခါ ကျွန်တော်က ဟင်းလျာစာရင်းတွေကို နောက်တစ်နည်းနဲ့ တင်ပြပေးပါ့မယ် ..."

"ကောင်းပြီ ..."

ယွင်ချင်းစုက စိတ်မရှည်တော့။

"အမှာစာရင်းကို ယူပြီး ထွက်သွားတော့ ..."

သူသည် ဤနေရာသို့ မကြာခဏ လာရောက်ကာ စားပွဲထိုးများနှင့်လည်း ရင်းနှီးသူ ဖြစ်သည့်အတွက် ထိုသူများကလည်း သူ အရွှန်းဖောက်သည်ကို စိတ်မဆိုး။ အကြိမ်အနည်းငယ်ခန့် ရယ်မောကာ သူ့ကို ချီးကျူးမြှောက်ပင့်ပြီးမှသာ ထွက်သွားတော့သည်။

"စတုတ္ထသခင်လေးက ဒီနေ့ အတော်လေးကို ထက်ရှနေတာပဲ ပိုပြီးတောင် စကားပြောသွက်ပြီး ရည်မွန်လာသေးတယ် ..."

အမတ်ချုပ်ယွင်က မုတ်ဆိတ်မွှေးကို ပွတ်သပ်လျက် ရယ်မောလိုက်စ။ သီးသန့်ခန်းထဲတွင် စိတ်လှုပ်ရှားပျော်ရွှင်မှုတို့ ပြည့်နှက်လာတော့သည်။

စကားအများအပြား ပြောကြပြီးနောက် ယွင်ချင်းစီသည် သူ၏ တတိယအစ်ကိုမှာ လွန်စွာ တက်ကြွကာ အထိအခိုက်မခံသည့် စိတ်ထားကို ပိုင်ဆိုင်ထားသည့်တိုင် စိတ်ဆိုးလွယ်စိတ်ပြေလွယ်သူဖြစ်ကြောင်း သိသွားတော့သည်။ စတုတ္ထအစ်ကိုမှာ စကားပြော မကောင်းလှ၊ အထိန်းအကွပ်မဲ့သည်ဟု ဆို၍ရနိုင်သော်ငြား တင်းတိမ်ရောင့်ရဲကာ ပျော်ပျော်နေတတ်သူလည်းဖြစ်သည်။ ဒုတိယအစ်ကိုမှာမူ အေးစက်ကာ မည်သည်ကိုမှ အလေးမထားဟု ထင်ရနိုင်သော်ငြား ကိစ္စတိုင်းကို အမြန်ဆုံး လေးနက်စွာ ကိုင်တွယ်နိုင်သူဖြစ်သည်။

ဒုတိယအစ်ကိုကို အပြစ်ပြု၍ မရ၊ စတုတ္ထအစ်ကိုမှာ အနိုင်ကျင့်ခံရသူဖြစ်ကာ တတိယအစ်ကိုမှာမူ ဉာဏ်နီဉာဏ်နက် များလှသူဖြစ်သည်။ ယွင်ချင်းစီက ခေါင်းတဆတ်ဆတ် ငြိမ့်လျက် သစ်သီးဝိုင်ကို မော့သောက်လိုက်သည်။

အိမ်တွင် မဟုတ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာတို့ ဖြစ်မလာစေရန် အနည်းငယ်မျှသာ သောက်လိုက်ကြသည်။ ယွင်ချင်းစီက များစွာ မသောက်နိုင်ရာ ခွက်ကို ပြန်ချပြီး လက်ဖမိုးပေါ် ‌မေးတင်လျက် အခြားသူတို့ စကားပြောနေသည်ကိုသာ နားထောင်နေလိုက်တော့သည်။

အောက်ထပ်ရှိ ပုံပြင်ပြောသူ၏ စကားသံကို နားဆင်နေစဉ်  ရုတ်ချည်း မြင့်တက်သွားသည့် ခံစားချက်ကို ခံစားလိုက်ရတော့သည်။

အောက်ထပ်သို့ တတိယအစ်ကိုက သယ်လာ၏။

သူ့ဦးနှောက်မှာ ကြည်လင်နေဆဲ ဖြစ်သော်ငြား တစ်ကိုယ်လုံး ကျေနပ်မှုအဟုန်တွင် နစ်မြောနေပေသည်။ "ကော ..."

"အမ် ..."

"ကျွန်တော်က အမြဲတမ်း.. ကျွန်တော့်ရဲ့ အစ်ကိုတွေကို သဘောကျခဲ့တာ ..."

ယွင်ချင်းကျွင့်က ခုနစ်နှစ်အရွယ်တွင် အိမ်တော်သို့ ပြန်ရောက်လာသော ကောင်လေးကို ပြန်လည်ကာ သတိရသွားတော့သည်။ အဖေကသာ သူ့ကို များစွာ သဘောမကျခဲ့ပါလျှင် ၊ ဧကရာဇ်နှင့်အတူ သွားရသည့် ခရီးစဉ်သို့သာ ခေါ်မသွားခဲ့ပါလျှင် အားလုံးမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

သူ့နှုတ်ခမ်းတို့ ထိန်းချုပ်၍ မရစွာ တုန်ရီကာ လေသံမှာလည်း များစွာ နူးညံ့လာသည်။

"သိတယ် ..."

ယွင်ချင်းစီ၏ ပါးနှစ်ဖက်မှာ ရဲရဲနီနေ၏။ စားသောက်ဆိုင် အပြင်ဘက်သို့ သယ်သွားခံရစဉ် စကားသံတစ်ခုကို ကြားလိုက်ရသည်။

"အရှင်က မောင်းမဆောင်ကို ဖျက်သိမ်းပြီး ကြင်ယာတော်တွေ အကုန်လုံးကို ကြိမ်ဒဏ် ပေးလိုက်တယ်ဆို အခု အဲဒီ့မိသားစုတွေ အကုန်လုံး ကြောက်တာမှ သေလုအောင်ကိုပဲတဲ့ ..."

"ဧကရီယွင်ကြောင့်ပဲ နေမှာပေါ့ ..."

"ဧကရီယွင်က အရှင်နဲ့ ကွာရှင်းဖို့ လုပ်နေတဲ့ဟာ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စတွေအတွက် အချိန်ရှိမှာလဲ ..."

"ဘယ်လိုတွေ ဖြစ်တာလဲ အရင်က သူပဲ အရှင့်နောက်ကို တကောက်ကောက်လိုက်နေတာ မဟုတ်လား ..."

"မင်းမသိသေးဘူးလား ဟိုးတလောက မြို့စားအိုကြီးက သူ့သားအရင်း၊ အရှင့်ရဲ့ ဦးရီးတော်ကို သူကိုယ်တိုင် သတ်ခဲ့ရတာလေ အရှင်က ဟိုးအရင်ကနဲ့ လုံးဝ မတူတော့ဘူးဆိုတော့ ... ဧကရီလည်း ကြောက်သွား‌လို့ နေမှာပေါ့ ..."

ထိုအသံတို့က တစ်ဖြည်းဖြည်း ဝေးကွာသွားတော့သည်။ မျက်နှာပေါ်သို့ နွေးထွေးစွာ ဖြာကျနေသည့် နေရောင်ခြည်အောက်တွင် သမ်းဝေရင်း ပြောလိုက်သည်။

"အိပ်ချင်ပြီ ..."

"တစ်နေကုန် ဘာတွေများ လုပ်‌နေရလို့ အိပ်ချင်ရတာလဲ ..."

"ဗိုက်ပြည့်လို့ အိပ်ချင်လာတာ ..."

ယွင်ချင်းစီက မပီမသ ရေရွတ်လိုက်သည်။

လှည်းထဲရောက်သည့်အခါ ဒုတိယအစ်ကိုနှင့် ဖခင်ဖြစ်သူက အတူတူ ထိုင်နေကြပြီး သူက ထိုသူတို့၏ ပေါင်ပေါ် လဲလျောင်းကာ လှည်းအမိုးကို ငေးကြည့်နေလိုက်သည်။ အမတ်ချုပ်အိမ်တော်သို့ ပြန်ရောက်သည့်အခါ နာခံမှုအပြည့်ဖြင့် မတ်တပ်ရပ်၍ အနည်းငယ် ယိုင်ထိုးစွာဖြင့် လမ်းလျှောက်လာလိုက်၏။

တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းတင်းက အမတ်ချုပ်ယွင်၏ နားရွက်နားကပ်ကာ တီးတိုးပြောလိုက်သည်။ ယွင်ချင်းစီမှာ သူ၏ ခြံဝင်းငယ် ရှိရာအထိ ကူတွဲသွားခံရကာ ဝိုင်၏ သက်ရောက်မှုကြောင့် အိပ်မောကျသွားတော့သည်။

သူက ညအထိ တောက်လျှောက် အိပ်ပျော်သွားသည့်တိုင် အိပ်မက်မမက်။  မနက်နိုးလာသည့် အခါတွင်မူ ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရတော့သည်။

ရင်ရှိက သူ့မျက်နှာကို လက်ကိုင်ပဝါဖြင့် သုတ်ပေးရင်း တီးတိုးပြောလိုက်၏။

"အပြင်ဘက်မှာ သခင်ကြီး ရောက်နေပါတယ် ..."

ယွင်ချင်းစီက လှုပ်ရှားလိုခြင်း အလျဉ်းမရှိ။

"အပြင်မှာ ဘာလုပ်နေတာလဲ အခန်းထဲမှာ နွေးနေတာကို သူ့ကို အထဲဝင်ခိုင်းလိုက် ..."

ရင်ရှီက အပြင်သို့ထွက်ကာ ဖိတ်ခေါ်လိုက်သည်။ အမတ်ချူပ်ယွင်က အထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ပြောလိုက်၏။

"နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာကို တွေ့တော့ မနှိုးချင်လို့ ..."

"ဘာကိစ္စရှိလို့လဲ ..."

"အခုပဲ အတွင်းဝင်ဟန်က အဖေ့ဆီ ရောက်လာပြီး ကြိမ်ဒဏ်ပေးပြီး ပြန်ပို့ခံလိုက်ရတဲ့ ကိုယ်လုပ်တော်တွေအကြောင်း မေးနေတယ် အဖေ ကြားမိတာ‌တော့ သူတို့အတွက် ကရုဏာလက်ဆောင် ပြင်ဆင်ပေးထားတယ်ဆို ..."

"..သူ့မိန်းမတွေကို ရိုက်တာ လီယင်းရဲ့ ကိစ္စလေ ဘာဆိုင်လို့ ကျွန်တော်က လိုက်ပါနှုတ်ဆက်ပေးရမှာလဲ ..."

အမတ်ချုပ်ယွင်က သက်ပြင်းချကာ ‌ပြောလိုက်သည်။

"ကြည့်ရတာ လုပ်တာတော့ အရှင် ဆိုပေမယ့် မင်းကို နာမည်ကောင်း ရစေချင်လို့ ထင်တယ် ..."

ယွင်ချင်းစီက မျက်လုံးတို့ကို လှိမ့်ပြလိုက်၏။

"သူက ဘာဖြစ်နေတာလဲ သူ့ကို တွယ်ကပ်နေတုန်းကကျ လျစ်လျူရှုခဲ့ပြီး အခု သူ့ကို လျစ်လျူရှုတော့မယ် ဆိုကာမှ ကျွန်တော့် ဂုဏ်သတင်းအတွက် ပြန်လုပ်ပေးနေတယ် ..."

"အခု မြို့တော်ထဲမှာ အရှင့်ရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းသွားပြီး မင်းကို အထိတ်တလန့် ဖြစ်စေခဲ့တယ်ဆိုတဲ့ ကောလဟာလ ပျံ့နေတယ် ... အဲဒါ အရမ်းကောင်းတယ် ဟိုးအရင်က မင်းကို လွှမ်းမိုးချင်စိတ်များတယ်လို့ ပြောခဲ့တဲ့သူတွေပါ စကားကို ပြောင်းပြောကုန်ကြပြီ တစ်ယောက်ယောက်က မင်းကို အပုပ်ချချင်လို့ တမင် ကောလဟာ‌လတွေ လွှင့်တာနေမှာတဲ့ ..."

ယွင်ချင်းစီက အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။

"အရင်က အဲဒီ့လောက်အထိ မဆိုးခဲ့ပါဘူး ..."

"အဖေက သေချာပေါက်ကို ယုံကြည်တာပေါ့ ..."

အမတ်ချုပ်ယွင်က ပြောလိုက်သည်။

"ဒါကို ပြောရတယ် ဆိုတာကလည်း မင်းရဲ့ အတွေးကို မေးချင်လို့ အခုဆို အရှင်က ရက်စက်ရမ်းကားပြီး ဂုဏ်သတင်းကိုလည်း နည်းနည်းလေးတောင် ထည့်မစဉ်းစားတော့တာ ဘယ်လိုဖြစ်ပြီး မင်းကို အေးအေးချမ်းချမ်း ကွာရှင်းခွင့် ပေးတော့မှာလဲ ..."

ယွင်ချင်းစီက တစ်ခဏမျှတွေးကာ ပြောလိုက်သည်။

"အောက်ခြေက လူတွေ ဒီလို ပြောနေကြတာ ဖမ်းဆီးပြီး ကြိမ်ဒဏ်ပေး မခံရဘူးလား ..."

"ဒီသတင်းတွေ လွှင့်တာရဲ့ နောက်ကွယ်မှာ သေချာပေါက် တစ်ယောက်ယောက် ရှိနေတယ် အရှင်ကလည်း ကိုင်တွယ်လိုက်လို့ ရရဲ့သားနဲ့ နည်းနည်းလေးမှ စိတ်အနှောင့်အယှက် ဖြစ်တဲ့ပုံ မပေါ်ဘူး ..."

"ယခင်ဧကရာဇ်ဟောင်းကိုပဲ အပြစ်တင်ချင်ပါရဲ့ ဘာလို့များ လွတ်လပ်စွာ ပြောဆိုခွင့်ကို အဆိုပြုခဲ့သလဲ မသိဘူး အခုဆို အဲဒီ့လူတွေက ကျွန်တော့်အကြောင်း ပြောရတာကို အားမရလို့ ဧကရာဇ်ကိုပါ အလွတ်မပေးချင်ကြတော့ဘူး ..."

အမတ်ချုပ်ယွင်က ပြုံးကာ ပြောလိုက်သည်။