Chapter 58
"ဧကရာဇ်ဟောင်းက အတော်လေးကို စိတ်ထားသဘောထား ကျယ်ပြန့်တယ် သူ့အကြောင်း ဘယ်သူမှ မပြောကြတာတော့ မဟုတ်ဘူး ဒါပေမယ့် သူ့ရဲ့ နိုင်ငံ့အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာတွေက အရမ်းကို သိသာထင်ရှားလွန်းတော့ တစ်ဖြည်းဖြည်းနဲ့ လူတွေရဲ့ ဝေဖန်တဲ့အသံက ရပ်သွားတော့တာပဲ ..."
"လီယင်းလည်း အလားတူ အောင်မြင်မှုတွေကို ရထားတာပဲဟာ ဒီလိုမျိုး အပြောခံရတာကို ကြောက်မနေသင့်ဘူး မဟုတ်လား ..."
"သူက မကြောက်ပါဘူး အဖေက မင်းအတွက် စိုးရိမ်တာ မင်း လက်ထပ်ပြီးကာစက နန်းပြင်ဘက်ထွက်ပြီး မကြာခဏ ဆန်ပြုတ်ဝေလေ့ရှိတာကို မှတ်မိနေသေးတဲ့လူတွေ ရှိသေးတယ်လေ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒါမျိုး မလုပ်ခဲ့တော့ဘူး မဟုတ်လား ..."
"မလုပ်ခဲ့ဘူး ဒါပေမယ့် အရင်က လုပ်ပြီးပြီလေ ..."
"သူသာ မင်းကို ဟိုးအမြင့်ကြီးအထိ တင်ပေးလိုက်ရင် ပြန်မဆင်းနိုင်တော့ဘဲ နေလိမ့်မယ် ..."
ယွင်ချင်းစီက ခေါင်းငိုက်စိုက်ချကာ တစ်ခဏမျှ စိတ်ဓာတ်ကျပြီးကာမှ ပြောလိုက်သည်။
"တကယ်တမ်းတော့ ဧကရီဖြစ်ရတာလည်း ကောင်းတော့ ကောင်းပါတယ် ဒီအခွင့်အရေးကို သုံးပြီး အစ်ကိုတွေကို ရာထူးကြီးကြီးရအောင် လုပ်ပေးလို့ရ ... အိုး ..."
အမတ်ချုပ်ယွင်က သူ့ခေါင်းကို ခေါက်လိုက်သည်။
"ပေါက်ကရတွေ စိတ်ကိုမကူးနဲ့ ကိုယ်ကျင့်တရား ပျက်ယွင်းရင် မိုးကောင်းကင်က အနှေးနဲ့အမြန် ပြစ်ဒဏ်ပေးလိမ့်မယ် ..."
"ဘာဖြစ်လို့ ဒီလောက်အထိ ရှေးရိုးစွဲနေရတာလဲ ကျွန်တော့်အစ်ကိုတွေက မစွမ်းဆောင်နိုင်တဲ့ သူတွေလည်း မဟုတ်ဘူး စတုတ္ထအစ်ကိုဆို နေ့တိုင်း မြို့တော်ကို စောင့်ကြပ်ရတယ် သာမန်ပြည်သူတွေအတွက် ခွေးတွေကြက်တွေ လိုက်ဖမ်းပေးရတဲ့ အလုပ်က အဓိပ္ပါယ်ရှိတယ်လို့များ ထင်နေတာလား ..."
"သူက အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်လေ ပြီးတော့ သူ့ကို သဘောကျတဲ့ မိန်းကလေးတွေမှ အများကြီး သူ ရောက်လာပြီဆိုတာနဲ့ အပြေးအလွှား ရောက်လာပြီး စားကောင်းတဲ့မုန့်တွေ အလုအယက် ပြေးကြတာ တပ်ဖွဲ့ခေါင်းဆောင်လေးပဲ ဆိုပေမယ့် ကျန်းမိသားစုထက်တောင် ပိုပြီး နာမည်ကြီးသေးတယ်..."
"အစ်ကို (၄) ကို ဘာလို့ အဲဒီ့ ဆန်ကုန်မြေလေးကောင်တွေနဲ့ နှိုင်းယှဉ်ရတာလဲ ..."
"အဖေ ဆိုလိုချင်တာက ကျန်းမိသားစုရဲ့ အင်အားကိုပဲကြည့်လိုက် အရှင်သာ သူတို့ကို သတ်ဖို့ ဆုံးဖြတ်လိုက်ရင် သေချာပေါက် အသတ်ခံရတာပဲ ရုံးတော်မှာ ဘယ်လိုတာဝန် ယူထားတယ်ဆိုတဲ့ အချက်က အရေးမပါဘူး အသုံးဝင်တဲ့ အရာကို လုပ်ပြီး လူသားဆန်တဲ့စိတ်ကို ထိန်းသိမ်းထားနိုင်ရဲ့လား ဆိုတာကပဲ အရေးကြီးတာ ရှင်းလင်းပြတ်သားတဲ့ အသိစိတ် ရှိဖို့ကတော့ အရေးအကြီးဆုံးပေါ့ ..."
ဒီလိုနဲ့ပဲ တရားဟောတဲ့အချိန် ရောက်လာပြန်ပြီ ...
ယွင်ချင်းစီက စိတ်ဝင်တစား နားထောင်ကာ တစ်ချက်တစ်ချက် ဝင်ဆွေးနွေးလိုက်သည်။
"ဒါဆို သူက ကွာရှင်းဖို့ ငြင်းဆန်မယ်ဆို အဖေအနေနဲ့ရော ကျွန်တော် ဘာလုပ်သင့်တယ်လို့ ထင်လဲ ..."
"အဖေကတော့ မင်း သည်းခံနိုင်ဖို့ပဲ မျှော်လင့်တာပေါ့ မင်းအပေါ် သူ့ရဲ့ ခံစားချက်တွေက တကယ်သာ စစ်မှန်ရင် သွားခွင့်ပြုလိမ့်မယ် ..."
ယွင်ချင်းစီက ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
သို့သော် သူ့ကိုယ်သူ ဓားနှင့် ထိုးစဉ်က လီယင်း သုံးခဲ့သည့် ခွန်အားကို တွေးမိသည့်အခါ အနည်းငယ် အခက်ကြုံလာရတော့သည်။
နောက်ထပ် ရက်အနည်းငယ် ကြာသည်အထိ လီယင်းကို မတွေ့ရ။ သို့သော် တစ်ခါတစ်ရံ ညသန်းခေါင်တွင် နိုးလာသည့်အခါ ရင်းနှီးနေသော အနံ့တစ်ခုကို ရမိနေတတ်သည်။
အိပ်မက်နှင့်အတူ မြေအောက်နန်းတော်သို့ တစ်ဖန် ပြန်ရောက်လာပြန်၏။ လီယင်းက ခေါင်းတလားထဲ လဲလျောင်းနေသည့် သူ့ကို စကားပြောနေခဲ့ကြောင်း မကြာခဏ ကြားဖူးထားသည့်အတွက် အိပ်မက်မှတစ်ဆင့် အတိတ်ဘဝသို့ ပြန်သွားနိုင်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။
သူ့အစ်ကိုကြီး၏ အရေးကိစ္စ၊ အမတ်ချုပ်စံအိမ်နှင့် ပူးပေါင်းကာ သရုပ်ဆောင်ခဲ့သည့် ပြကွက်နှင့် ကိုယ်လုပ်တော်အားလုံးကို သတ်ဖြတ်ခြင်း အစရှိသည့် ကိစ္စအားလုံးကို ပြန်လည်မွေးဖွားလာပြီးနောက် လီယင်းက မခြွင်းမချန် ပြန်ပြောပြခဲ့သည်။
သိူ့သော် သူမပြောဘဲ ချန်ရစ်ထားသည့် ကိစ္စများလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် ယွင်ချင်းစီ သေဆုံးပြီးနောက် လီဟန့်ကို သားအဖြစ် မွေးစားကာ ကိုယ်လုပ်တော် ရွေးချယ်ရန် အမတ်အချို့၏ တိုက်တွန်းချက်အား ငြင်းပယ်ခဲ့သည်။
သူက ခေါင်းတလားထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းရင်း ယွင်ချင်းစီကို ပြောလိုက်သည်။
"အစောကြီးကတည်းကသာ ကိုယ် ကိုယ်လုပ်တော် မယူဘူးလို့ တင်းခံနေခဲ့ရင် ကိုယ်တို့တွေ ဒီအခြေအနေအထိ ရောက်မလာလောက်ဘူးနော် ..."
ထို့နောက် မျက်လုံးကို လက်ဖြင့် ဖုံးအုပ်လိုက်သည့်အခါ မျက်ရည်ပေါက်တို့က မျက်လုံးထောင့်စွန်းမှတစ်ဆင့် တလိမ့်လိမ့် စီးကျလာတော့သည်။ ရှည်လျားလှသည့် ငွေရောင်ဆံပင်တို့ကို ထိုးဖွရင်း ပြောလိုက်၏။
"အားစီ ကိုယ် တောင်းပန်ပါတယ် မင်းကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့ဘူး ..."
ယွင်ချင်းစီက လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းလှသည်ဟု ခံစားမိလာတော့၏။ လီယင်းကို နောက်တစ်ကြိမ် အိပ်မက်ထပ်မမက်လိုတော့။ လီယင်း ရောက်လာသည့် အခေါက်တိုင်း ပုန်းအောင်းနေလိုက်သော်ငြား နောက်ဆုံးတွင်မူ သူ့စိတ်ကို မထိန်းချုပ်နိုင်၊ မသဲမကွဲ ရေရွတ်နေသည့် စကားတို့အား နားထောင်မိလျက်သား ဖြစ်သွားတော့သည်။
နောက်တစ်ကြိမ်တွင် မီးအိမ်ကိုင်ထားသော လီယင်းက သဲထဲတွင် အစုလိုက်အပြုံလိုက် ဖြစ်နေသော မြွေများအား တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။
လက်မအရွယ် အထူရှိပြီး ဖောက်ထွင်း၍ပင် မြင်နေရသည့် အကြည်ရောင် မြွေတစ်ကောင်က နီရဲနေသော လျှာကို ထုတ်ထားကာ လီယင်း၏ ရှေ့သို့ တိုးလာသည်။
ယွင်ချင်းစီက အမောတကော ပြေးသွားကာ သူ့ကို သတိပေးလိုက်မိတော့သည်။
"လီယင်း အဲဒီ့နားမှာ မြွေတွေ..."
လီယင်းက သူ့စကားတို့ကို မကြားရသည့်တိုင် ကျန်မြွေများနှင့် အရွယ်အစားမတူ၊ ထူးထူးခြားခြား ကြီးမားလှသည့် မြွေတစ်ကောင်ကို မြင်နေရဟန်ပင်။
ထုံးစံအတိုင်း မီးအိမ်ကို ခေါင်းတလားရှေ့ ချကာ အင်္ကျီလက်ကို ပင့်မလိုက်သည်။
ယွင်ချင်းစီက သူ့လက်မောင်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ခြင်းဖြစ်သည်။
အရေပြားတစ်ခုလုံး သိသာထင်ရှားလှသည့် အမာရွတ်ကြီးများဖြင့် ပြည့်နှက်နေကာ လက်ဖျံမှာလည်း ယခင်ကထက် များစွာ ပိန်လှီသွားတော့၏။ အခွံခွါခံထားရသည့် မုန်လာဥသဖွယ် အသားစအချို့မှာ သိသိသာသာ ပျောက်ဆုံးနေပေသည်။
လီယင်းက ထိုမြွေ၏ အရှေ့တွင် ငုတ်တုတ်ထိုင်ချကာ ဓားတစ်လက်ကိုထုတ်၍ အသားစတစ်ပိုင်းကို ဖြတ်တောက်လိုက်သည်။
သူ့အမူအယာမှာ လွန်စွာ တည်ငြိမ်အေးဆေးလှသည့်အတွက် ယွင်ချင်းစီမှာ များစွာ တုန်လှုပ်သွားရတော့သည်။
မြွေကို ကျွမ်းကျင်စွာဖြင့် အစာကျွေးကာ လက်ကို ပတ်တီး ပြန်စည်းပြီး ခေါင်းတလားထဲသို့ တိတ်တဆိတ် ဝင်သွားသူကို ကြည့်နေရင်း ကြောင်အသွားရတောဘ၏။
မြွေကို ကြည့်လိုက်မိသည့် တစ်ခဏ၌ သူ့မျက်ဝန်းတို့မှာ နက်မှောင်ကာ ကြောက်မက်ဖွယ် ကောင်းသွားတော့သည်။
ဒါက ဘာလဲ လီယင်းက ဘာတွေ လုပ်နေတာလဲ ...
မြွေရှိရာ အနားသို့ တစ်ဖြည်းဖြည်း တိုးသွားလိုက်၏။ ၎င်းက ဝဝလင်လင် စားသောက်ပြီးစီးသည့်အခါ စင်မြင့်၏ အောက်ခြေသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ယွင်ချင်းစီက ခေါင်းတလားအနီးသို့ တစ်ဖန် ပြန်သွားကာ မျက်လုံးတို့ကို တင်းတင်းစေ့လျက် မှေးစက်နေသူကို စိုက်ကြည့်လိုက်သည်။
"လီယင်း ဘာတွေလုပ်နေတာလဲ ..."
"ထပ်ပြီး ဟန်ဆောင်မနေနဲ့တော့ ငါက သေသွားပြီ သေပြီးသားလူက ဘာမှ မတုန့်ပြန်နိုင်တော့ဘူး ..."
"မြန်မြန်ပြန်ပြီး မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ်ပဲ နေ ဒီလို မိစ္ဆာနည်းလမ်းတွေနဲ့ မပတ်သက်နဲ့ ..."
သူက လီယင်း ယူလာသည့် မီးအိမ်ကို တိုက်ချမည် ပြုလိုက်သော်လည်း သူ့လက်မောင်းကသာ ၎င်းကို ဖြတ်သန်းသွားတော့သည်။
"ကိုယ် ပေချန်းကို သိမ်းပိုက်ဖို့ စစ်ချီမလို့ ..."
ခေါင်းတလားထဲတွင် လှဲနေသော လီယင်းက ပြောလိုက်သည်။
"ဒီမီးအိမ်က ဘယ်အချိန်မှ အနီရောင်ပြောင်းမယ် မသိပေမယ့် အားဟန်က ငယ်လည်းငယ် အတွေ့အကြုံလည်း မရင့်ကျက်သေး၊ ပြီးတော့ ပေချန်းကလည်း သူ့ကို မျက်စိကျနေတာ အဲဒီ့နေ့သာ ရောက်လာရင် သူ မစီမံနိုင်မှာကို ကိုယ် ကြောက်မိပါရဲ့ ..."
"သူက ငယ်သေးတော့ရော ဘာဖြစ်လဲ ..."
ယွင်ချင်းစီက ချက်ခြင်း ပြန်ပြောလိုက်သည်။
"မင်းဆို ၁၃ နှစ်ကတည်းက ထီးနန်းကို အုပ်စိုးလာတာ အခု သူက ၁၇ ၁၈ လောက်တောင် ရှိနေပြီ မဟုတ်လား ..."
"ကိုယ် ထွက်မသွားခင် ခေါင်းတလားကို အဖုံးအုပ်ပေးခဲ့မယ် အေးအေးချမ်းချမ်း အနားယူပါ ကိုယ် မကြာခင် ပြန်လာခဲ့မယ် ..."
"လုပ်ရဲသလား .. မင်းကို ပိတ်ခွင့်မပေးထားဘူးကွ ညလင်းပုလဲကို ကြည့်ချင်တယ်လို့ ပိတ်လိုက်ရင် မမြင်ရတော့ဘူး ..."
"..."
လီယင်းက သူ့စကားသံများကို မကြားသည်မှာ ဝမ်းနည်းဖွယ်ရာပင်။ မောင်းတံတစ်ခုကို ဆွဲလိုက်သည့်အခါ လေးလံလှသည့် ခေါင်းတလားအဖုံးက တစ်ဖြည်းဖြည်း ရွေ့လျားလာပြီး သူ့မျက်နှာကို အပြည့်အဝ ဖုံးအုပ်သွားတော့သည်။
အချိန်ကြာမြင့်မည် ဖြစ်သည့်အတွက် လီယင်းက သူထွက်မသွားမီ နောက်လက်မောင်းတစ်ဖက်မှ အသားစကိုပါ လှီးထုတ်လိုက်ပြန်၏။ ယွင်ချင်းစီက သူ လက်မောင်း ပင့်တင်လိုက်သည်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း နောက်ကျောပေးပြီး တိုင်နောက်သို့ ပြေးပုန်းလိုက်တော့၏။
လီယင်း၏ လုပ်ရပ်နှင့် ထိုသို့ လုပ်ရသည့် အကြောင်းရင်းအပြင် မီးအိမ်အနီရောင် ပြောင်းပါလျှင် မည်သည့်အရာများ ဖြစ်ပွားလာမည်ကိုလည်း မသိရ။
လီယင်းက ဒီ အကြည်ရောင်မြွေနဲ့ ဘယ်လို အပေးအယူတွေ လုပ်ခဲ့တာလဲ ...
လီယင်းက မီးအိမ်ဆွဲကာ ထွက်သွားကာမှ ယွင်ချင်းစီလည်း တိုင်နောက်တွင် ဒူးကိုပိုက်လျက် ငုတ်တုတ်ထိုင်ချလိုက်တော့သည်။
"မင်းက အော့နှလုံးနာစရာပဲ ..."
သူက ပြောလိုက်သည်။
"မင်း ဘာတွေပဲလုပ်လုပ် ငါကတော့ မင်းကို ထပ်ပြီး မကြိုက်တော့ဘူး ..."
သူက စားသောက်နေဆဲဖြစ်သော မြွေကိုတစ်လှည့်၊ ထိုမြွေ၏ အရှေ့ရှိ အနီရောင်အသားတုံးကိုတစ်လှည့် ငေးကြည့်ကာ ပျို့အန်ချင်စိတ်တို့ ဖြစ်ပေါ်လာတော့သည်။
ထို့နောက် အိပ်ယာမှ လန့်နိုးလာကာ ချက်ခြင်း ကုတင်ပေါ်မှ လူးလှိမ့်ထပြီး ထွေးခံထဲသို့ အန်ချလိုက်မိတော့သည်။
ညသန်းခေါင်တွင် အန်ချလိုက်ပြီးနောက် ယွင်ချင်းစီ၏ မျက်လုံးတစ်ခုလုံး မျက်ရည်တို့ဖြင့် ပြည့်လျှံလာတော့သည်။ လှုပ်ရှားသံ ခပ်တိုးတိုးကို ကြားလိုက်ရပြီးသည့်နောက် သူ့ရှေ့တွင် ရေတစ်ဖန်ခွက် ရောက်လာသည်။ ၎င်းကို ယူကာ ဆေးကြောပြီး၍ စိတ်တည်ငြိမ်သွားကာမှ တစ်ခုခုကို သဘောပေါက်သွားသည့်ဟန် ရုတ်ချည်း လှည့်ကြည့်လိုက်မိတော့သည်။
အလင်းရောင်မှာ မှိန်ဖျော့လှ၏။ အနက်ရောင် ဝတ်စုံ ဝတ်ထားသော လီယင်းက သူ့ရှေ့တွင် ရပ်နေကာ အနည်းငယ် အက်ကွဲနေသော အသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ယွင်ချင်းစီ၏ မျက်လုံးတို့မှာ နီရဲနေ၏။ အိပ်မက်ကြောင့်လား ကိုယ်လက်မသက်မသာဖြစ်၍လားဟူသည်ကိုတော့ သူကိုယ်တိုင်သာ သိပေမည်။ မျက်နှာမှာ တစ်ဖြည်းဖြည်း ခက်ထန်လာကာ ..
"ဒီမှာ ဘာလုပ်နေတာလဲ ..."
"ညပိုင်းတွေဆို အိပ်လို့ မရလို့ ..."
"မင်းရဲ့ ဦးနှောက်မှာ ရောဂါရှိနေတာလား ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရောက်လာတာလည်း မင်းပဲ ဖြစ်ရမယ် ငါ့လက်ကိုတောင် တိတ်တိတ်လေး ကိုင်လိုက်သေးတယ် မဟုတ်လား ..."
"မဟုတ် ..."
လီယင်းက ပြောလိုက်သည်။
"လက်ကို ဘေးချထားလို့ ကိုယ် .. စောင်ထဲပဲ ထည့်ပေးခဲ့တာပါ ..."
"ငါက ပူလို့ မရဘူးလား ဘာလို့ စောင်ထဲ ထည့်တာလဲ ..."
ယွင်ချင်းစီက ခွက်ကို ချကာ လက်ဖက်ရည်အိုးထဲမှ ရေတစ်ခွက် လောင်းထည့်ရန် မီးဖိုအနားသို့ လျှောက်လာလိုက်သည်။ ထိုလှုပ်ရှားမှု အပြီးတွင် ကျင်းဟွမ်က အခန်းထဲသို့ ရောက်လာကာ မီးအိမ်ကို အမြန် ထွန်းညှိလိုက်၏။
"ဧကရီ .. အရှင် ..."
ဧကရာဇ်ကို မြင်သည်နှင့် တစ်ပြိုင်နက် အလေးပြုမည်ပြင်စဉ် လီယင်းက လက်မြှောက်ပြကာ ဟန့်တားလိုက်သည်။
သူက အဝတ်အစားတို့ ထပ်ဝတ်ကာ ယွင်ချင်းစီအတွက် ရေငှဲ့ပေးနေရင်း ပြောလိုက်သည်။
"ပူနေတာပဲ ဧကရီ ကောင်းကောင်း အိပ်မပျော်ဘူးလား စိတ်ကို အေးငြိမ်းစေတဲ့ အမွှေးတိုင်က ကုန်သွားပြီထင်တယ် ကျွန်တော် ထပ်ထွန်းလိုက်ပါ့မယ် ..."
"မလိုဘူး သွားအနားယူတော့ ..."
ယွင်ချင်းစီက ရေသုံးခွက် ဆက်တိုက်သောက်ကာ လက်ကို ဗိုက်ပေါ်ဖိလျက် မျက်လွှာချထားလိုက်သည်။
ထိုအိပ်မက်များမှာ အမှန်ဖြစ်ခဲ့ကြောင်း သူကိုယ်တိုင်လည်း သိသည့်တိုင် ထင်ယောင်ထင်မှားဟုသာ ယုံကြည်လိုနေဆဲပင်။
သူ သေဆုံးအပြီးတွင် လီယင်းသည် မည်သို့မည်ပုံ အရူးအမူး ချစ်တတ်သူတစ်ဦးအဖြစ် ပြောင်းလဲသွားကြောင်း မစုံစမ်းလို။ သူသည် သေဆုံးသွားနှင့်ပြီး ဖြစ်သည့်အလျောက် လီယင်းမှာလည်း ခွင့်လွှတ်မှု ရရှိမည့် အခွင့်အရေးကို ဆုံးရှုံးနှင့်နေပြီးဖြစ်သည်။
လီယင်းက ဘေးတွင် ရပ်နေရာမှ သူ့အနားသို့ တစ်ဖြည်းဖြည်း လျှောက်လာကာ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
"အိပ်မက်ဆိုး မက်ခဲ့တာလား ..."
သူက နူးညံ့ညင်သာစွာဖြင့် ပြောလိုက်၏။
"မင်းကို အိပ်မက်မက်ခဲ့တာ ..."
ယွင်ချင်းစီက ပြောလိုက်သည်။
"ရွံရှာတဲ့စိတ်နဲ့ နိုးလာတယ်လေ ..."
စားပွဲပေါ် တင်ထားသည့် လီယင်း၏ လက်တို့ တုန်ရီသွားကာ တစ်ခဏအကြာတွင် အသံတိတ် ပြန်ထွက်သွားတော့သည်။
ယွင်ချင်းစီက မတ်တပ်ရပ်ကာ ပြောလိုက်၏။
"အနာဂတ်မှာ မင်းကို လာခွင့်မပြုဘူး မင်းနဲ့ ခွဲနေချင်တယ် အဲဒါကြောင့် မင်းကို လာခွင့်မပြုဘူး ..."
"ကိုယ် သဘောမတူဘူး ..."
ယွင်ချင်းစီက အသက်ကို ပြင်းပြင်းရှူကာ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ကောက်ယူပြီး ရှေ့သို့ အနည်းငယ်တိုးကာ လီယင်းကို စူးစိုက်ကြည့်လိုက်သည်။
"ပြန်ပြော ..."
"သဘောမတူဘူး ..."
ယွင်ချင်းစီက အိုးအဖုံးကို လှပ်ကာ လီယင်း၏ မျက်နှာကို အညှာအတာမဲ့စွာဖြင့် ပက်လိုက်၏။
လက်ဖက်ရည်အိုးက ကြမ်းပေါ် ပြုတ်ကျကာ အစိတ်စိတ်အမြွာမြွာ ကွဲသွားတော့သည်။
၎င်းမှာ သောက်ရန်အတွက် သင့်လျော်သည့် အနေအထားတွင် ရှိနေသော ရေနွေးသာ ဖြစ်ကာ မျက်နှာကို ပက်ရန်မူ မသင့်တော်လှပေ။
လက်ဖက်ရည်တစ်အိုးဖြင့် အပက်ခံလိုက်ရသည့်တိုင် လီယင်းက မျက်လုံးတို့ကို မှိတ်မထား။ ဆံပင်၊ မျက်ခုံး၊ ပါး၊ နှာခေါင်း၊ နှုတ်ခမ်းနှင့် လည်ပင်းတို့ပါမကျန် အားလုံး စိုရွှဲသွားတော့သည်။
ယွင်ချင်းစီ၏ အမူအယာမှာ ပို၍ပင် ခက်ထန်လာ၏။
"ငါ့ကို နောက်တစ်ခါ လာမကြည့်နဲ့ ..."
"ကိုယ် ပြောပြီးပြီ ..."
လီယင်းက သူ့ကို စိုက်ကြည့်ကာ တစ်ခွန်းချင်း ပြောလိုက်သည်။
"သဘောမတူဘူး ..."
ယွင်ချင်းစီက သူ့ကို ကန်လိုက်၏။
လီယင်းက သူ့ကို စိုက်ကြည့်နေလိုက်သည်။
ယွင်ချင်းစီက နောက်တစ်ကြိမ် ကန်လိုက်ပြန်၏။
လီယင်းက စိုက်ကြည့်နေဆဲပင်။
ထို့နောက် အနည်းငယ်မျှ အကြာတွင် ယွင်ချင်းစီက မြေကြီးပေါ်ရှိ လက်ဖက်ရည်အိုး၏ အကွဲစတစ်ခုကို ကောက်မည်ပြုစဉ် တစ်ဖက်သူက သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
စိတ်သက်သာရာရမှုတို့က သူ့ခန္ဓာကိုယ်အနှံ့ တလိမ့်လိမ့် ထွက်ပေါ်လာသော်ငြား အပေါ်ယံတွင်မူ အကြင်နာမဲ့စွာ ပြောလိုက်ဆဲပင်။
"ဘာလဲ မင်းကို သတ်မှာ ကြောက်လို့လား ..."
"မင်းရဲ့လက် နာသွားမှာ ကြောက်လို့ ..."
လီယင်းက သက်ပြင်းချကာ အင်္ကျီလက်ထဲရှိ ဓားမြှောင်ကို ထုတ်ပေးပြီး နူးညံ့စွာ ပြောလိုက်သည်။
"ဒါကို သုံးလိုက်နော် ..."
ဓားမြှောင်ကိုတစ်လှည့် လီယင်းကိုတစ်လှည့် အပြန်အလှန် စိုက်ကြည့်ရင်း ယွင်ချင်းစီ၏ စိတ်တို့ ဗလာဖြစ်သွားတော့သည်။
"မင်း ငါ့ကို တမင် ဒေါသထွက်အောင် လုပ်နေတာ မဟုတ်လား ..."
လီယင်းက သူ့ကို တမင် ဒေါသထွက်အောင် ပြောခြင်းမဟုတ်။ အလေးအနက်ထားကာ ပြောခဲ့ခြင်းဖြစ်သည်။ ယွင်ချင်းစီ၏ ခက်ထန်လှသော စိတ်သဘောထားအရ ထိုအကွဲစကိုသာ ကောက်လိုက်ပါလျှင် မတော်တဆ ထိခိုက်မိမည်ဖြစ်ရာ ဓားမြှောင်ကသာလျှင် ဘေးအကင်းဆုံး ဖြစ်ပေသည်။
"မင်း ကိုယ့်ကို ကိုယ်တို့ရဲ့ ဆက်ဆံရေးအကြောင်း ခေါင်းအေးအေးထားပြီး တွေးကြည့်ဖို့ ပြောခဲ့တယ်လေ ကိုယ်တွေးကြည့်ပြီးပြီ ..."
လီယင်းက ပြောလိုက်သည်။
"အားစီ ကိုယ် ယုံကြည်တယ် ဒီကမ္ဘာပေါ်မှာ မင်းအကြောင်း ကိုယ့်ထက်ပိုပြီး သိတဲ့သူ ဘယ်သူမှ မရှိဘူး ဘယ်သူကမှလည်း မင်းလိုချင်တာကို ကိုယ့်ထက်ပိုပြီး မသိနိုင်ဘူး ..."
ယွင်ချင်းစီက သူ့ကို တွန်းထုတ်ကာ ကုတင်ပေါ်သို့ ပြန်သွားလိုက်သည်။
လီယင်းက တစ်ခဏမျှ ရပ်နေပြီးကာမှ သူ့နောက်သို့ တစ်ဖြည်းဖြည်း လိုက်လာလိုက်၏။ သူက ဘေးတွင် ဓားမြှောင်ကို ချထားပေးကာ ပြောလိုက်သည်။
"ကိုယ် မင်းကို အချိန်ပေးမယ် အေးအေးဆေးဆေး စဉ်းစားပါ ဒီကိစ္စကို အလောတကြီး လုပ်နေဖို့ မလိုအပ်ပါဘူး ..."
ယွင်ချင်းစီမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏။
"တကယ်လို့ ကိုယ်က မကောင်းဘူးလို့ ထင်ရင်လည်း တစ်ခြားတစ်ယောက်ကို စမ်းကြည့်လို့ရတယ် ... ကိုယ် မင်းကို စောင့်နေပါ့မယ် ..."