အပိုင်း ၅၉
Viewers 13k

Chapter 59




ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီက ဖြူရော်နေသော လီယင်း၏ မျက်နှာကို မော့ကြည့်ကာ ပြောလိုက်သည်။

"ငါ့ကို ပြော .. မင်း ပြန်လည်မွေးဖွားလာဖို့ ထူးခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးခဲ့သေးလား ..."

လီယင်းက အသံတိတ်သွားသည်။

"တန်ကြေးတစ်ခုခု ပေးဆပ်ခဲ့ရတာလား ငါနဲ့အတူ ရှိနေမှ ရမယ်ဆိုတာ အဲဒါကြောင့်လား ..."

"ကွာခြားချက် ရှိလို့လား ..."

လီယင်းက ပြောလိုက်သည်။

"အရေးအကြီးဆုံးက မင်းရဲ့ သဘောထားပဲလေ မင်းသာ ကိုယ့်ကို လုံးဝ ဂရုမစိုက်ရင် ကိုယ် မင်းကို တွယ်ကပ်နေတာ အဲဒီ့ ပေးဆပ်ခဲ့ရတဲ့ တန်ကြေးကြောင့်လို့ပဲ ထင်မှာလေ ..."

"မင်းက ကိုယ် မင်းကို ချစ်ပါတယ်ဆိုတာကို မယုံဘူး ကိုယ့်နှလုံးသားထဲမှာ မင်းရှိနေတယ် ဆိုတာကို မယုံဘူး ..."

သူ့အသက်ရှူသံတို့က တစ်ဖြည်းဖြည်း ဟန်ချက်ပျက်ယွင်းလာ၏။

"ကိုယ် ဘယ်တော့မှ အမှားထပ်လုပ်တော့မှာ မဟုတ်ဘူး ..."

ယွင်ချင်းစီမှာ သူ့အတွေးတို့ကို ထွင်းဖောက်ကာ အမြင်ခံလိုက်ရသည့်အတွက် ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။

"မင်းက အကုန် သိနေပြီဆိုမှတော့ အခုကနေစပြီး မင်းကို မောင်းထုတ်တော့မယ် မင်းနဲ့ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူး ..."

"ဒါပေမယ့် ကိုယ် မင်းအတွက် တိုက်ခိုက်ပေးချင်နေတုန်းပဲ ..."

လီယင်းက ပြောလိုက်သည်။

"ကိုယ့်ကိုရော မင်းကိုယ်မင်းကိုပါ အချိန်နည်းနည်းလောက် ပေးလိုက်ပါ ဒီအကြောင်း စဉ်းစားကြတာပေါ့ ဟုတ်ပြီလား ..."

"ဒါပေမယ့် ငါ မင်းကို မကြိုက်တော့ဘူး နောက်ထပ် လုံးဝ ထပ်မကြိုက်တော့ဘူး ..."

ယွင်ချင်းစီက သူ့ကို ပြောလိုက်သည်။

"လီယင်းကို ချစ်ခဲ့တဲ့ ယွင်ချင်းစီဆိုတာ သေသွားပြီ လီယင်း မင်း ဒါကို ကောင်းကောင်း မသိသေးဘူးလား မင်း ဘာပဲလုပ်လုပ် မင်းကို နားလည်ပေးမယ့် ယွင်ချင်းစီက မင်းကြောင့်နဲ့ပဲ သေသွားခဲ့ပြီ ..."

လီယင်းမှာ ရုတ်ချည်း မူးဝေလာတော့သည်။

သူ့ခန္ဓာကိုယ်က နာကျင်မှုကို တစ်ဖြည်းဖြည်း ခံနိုင်ရည် ရှိလာပြီ ဖြစ်သော်ငြား ယွင်ချင်းစီ၏ စကားတို့က သူ့ကို အဆမတန် နာကျင်စေမြဲပင်။ အိပ်ယာဘေးတွင် လက်တစ်ဖက်ထောက်ကာ ဟန်ချက် ထိန်းလိုက်ပြီးနောက် ပြင်းထန်လေးလံသည့် အသက်ရှူသံတို့ဖြင့် ခက်ခက်ခဲခဲ ထိုင်ချလိုက်သည်။ နဖူးကို အိပ်ယာအစွန်းဖြင့် ထိကပ်ထားပြီး လက်ချောင်းတို့က အခင်းစကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားသည်။

ယွင်ချင်းစီက နှုတ်ခမ်းကို ကိုက်ကာ သူ့ကို ကူညီရန် လက်ကို ဆန့်ထုတ်လျက် ပြောလိုက်သည်။

"နေလို့ မကောင်းရင် နန်းတော်ကို ပြန်ပြီး သမားတော်နဲ့ပြလေ ..."

"မလုပ် .. အားစီ ကိုယ့်ကို အလောတကြီး မငြင်းဆန်လိုက်ပါနဲ့ ဟုတ်ပြီလား ..."

စိုစွတ်နက်ရှိုင်းလှသော မျက်ဝန်းတို့ဖြင့် မော့ကြည့်ကာ တိုးလျှိုးတောင်းပန်လိုက်သည်။

"ကိုယ့်ကို စွန့်ပစ်ဖို့ကို အလောတကြီး မလုပ်လိုက်ပါနဲ့ ..."

ယွင်ချင်းစီက သူ့လက်တို့ကို ပြန်ဆွဲထုတ်လိုက်သည်။

အိပ်ယာခေါင်းရင်းရှိ ညလင်းပုလဲကို ထိတွေ့ကာ ပြောလိုက်၏။

"ပြောစမ်းပါ မင်းက ဒီကို လာနိုင်ဖို့အရေး ဂါထာမန္တာန်တွေများ သုံးခဲ့ရလား ..."

".. လူတစ်ယောက်က ကိုယ့်ကို မီးအိမ်တစ်လုံး ပေးခဲ့တယ် ..."

လီယင်းက စိုစွတ်နေသည့် မျက်တောင်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။

"သူက ပြောတယ် အဲဒီ့ဖယောင်းတိုင် အနီရောင် ပြောင်းသွားရင် ကိုယ် အတိတ်ကို ပြန်သွားလို့ ရပြီတဲ့ ..."

"‌ဖယောင်းတိုင်ကို အနီရောင်ပြောင်းအောင် ဘယ်လိုလုပ်ခဲ့တာလဲ ..."

"သွေးကို ဖယောင်းအဖြစ် သုံးခဲ့တာ ..."

လီယင်းက မျက်လွှာကို ချကာ ပြောလိုက်သည်။

"သူက ပြောတယ် လူတစ်ယောက်ရဲ့ စိတ်ရင်းကသာ စစ်မှန်ရင် မီးရောင်က ချက်ခြင်း အနီရောင် ပြောင်းသွားမယ်တဲ့ ..."

ကိုယ့်အသားကိုယ် လှီးပြီး မြွေကို ကျွေးတာကရော ...

ယွင်ချင်းစီက လက်ချောင်းတို့ကို တင်းတင်းဆုပ်ကာ ထိုအကြောင်း ဆက်မမေးတော့။

"မီး အနီရောင် ပြောင်းသွားတာကို တွေ့ခဲ့လား ..."

"မတွေ့ခဲ့ဘူး ..."

ယွင်ချင်းစီမှာ နားမလည်နိုင်တော့။

ဒါဆို သူက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲ ...

တစ်ခဏမျှ တုန့်ဆိုင်းနေပြီးကာမှ မေးလိုက်သည်။

"လီယင်း ငါ ပြန်မွေးဖွားလာမယ် ဆိုတာကိုရော သိနေခဲ့တာလား ...."

"ကိုယ် မသိဘူး ..."

လီယင်းက သူ့ကို မလိမ်။

"ကိုယ် အတိတ်ကို ပြင်ဆင်နိုင်မယ့် အချိန်ကို ပြန်သွားနိုင်ဖို့ ဆုတောင်းခဲ့တယ် ဆိုတာကိုပဲ သတိရခဲ့တာ ဘာလို့ မင်းလည်း ပြန်လည်မွေးဖွားလာလဲ ဆိုတာကိုတော့ ကိုယ် မသိဘူး .. မင်းရဲ့ ပြန်လည်မွေးဖွားမှုက ကိုယ်နဲ့ မဆိုင်ဘူးထင်တယ် ဒါကြောင့်နဲ့ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေဖို့ မလိုအပ်ပါဘူး ..."

ယွင်ချင်းစီ၏ အမူအယာမှာ မျိုးစုံ ပြောင်းလဲနေကာ နောက်ဆုံးတွင် အကြည့်တို့ တစ်ဖန် ခက်ထန်လာပြန်တော့၏။

"မစိုးရိမ်ပါနဲ့ တကယ်လို့ မင်းက ငါ့အတွက် တစ်ခုခု လုပ်ပေးခဲ့ရင်တောင် ကျေးဇူးတင်မိမှာ မဟုတ်ဘူး ဒါက မင်းလုပ်သင့်တာ‌ပဲလေ မင်းကြောင့်သာ မဟုတ်ရင် ငါက ဘဝကို ကောင်းကောင်းကြီး ဖြတ်သန်းနေရမှာ ..."

သူက တစ်ဖက်သို့ လှည့်ကာ မျက်လုံးတို့ကို ပိတ်၍ ဒေါသတကြီး လှဲချလိုက်တော့သည်။

"အားစီ ကိုယ်တောင်းပန်ပါတယ် ..."

"ထွက်သွား ..."

အကြိမ်အနည်းငယ်ခန့် အသက်ရှူပြီးနောက် ဖြူရော်နေသည့် လက်ချောင်းတို့ဖြင့် ကုတင်ကို အားပြုကာ တည်ငြိမ်စွာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"အခုတလော ချင်နယ်မြေက ဘာသတင်းပို့သေးလဲ ..."

"ပြန်လည်မွေးဖွားလာပြီးသားသူက ချင်နယ်မြေကို လိုအပ်သေးလို့လား ..."

"ချင်နယ်မြေက အမြဲတမ်း အရေးပါခဲ့တာပါ ..."

"ငါသိတယ် ..."

ယွင်ချင်းစီက တစ်ခဏမျှ ရပ်တန့်ပြီးကာမှ ဆက်ပြောလိုက်သည်။

"သတင်းထူးရှိရင် မင်းဆီ လူလွှတ်ပြီး အကြောင်းကြားခိုင်းလိုက်မယ် ..."

မည်သည့်လှုပ်ရှားသံကိုမှ မကြားရတော့။ သူက တစ်ဖက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။

"ဘာလဲ ငါ ဖုံးကွယ်ထားမှာကို ကြောက်နေတာလား ..."

သူ့နောက်တွင် မည်သူမှ ရှိမနေ။ စကားသံမှာလည်း ခြင်သံသဖွယ် တိုးဝင်သွားတော့သည်။

ထွက်သွားတာကလည်း မြန်လိုက်တာ ...

အိပ်၍ မပျော်တော့။

လီယင်း ပြောခဲ့သည်များမှာ အမှန်များသာ ဖြစ်ကြောင်း ယုံကြည်ပေသည်။ အချို့ ကြောက်မက်ဖွယ်များကို ဖုံးကွယ်ထားသည့်တိုင် အိပ်မက်ထဲရှိ အကြောင်းအရာများမှာ လီယင်း အမှန်တကယ် တွေ့ကြုံခဲ့ရသည်များဖြစ်ရာ ယွင်ချင်းစီမှာ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားမိလာတော့သည်။

သူ ပြန်လည်မွေးဖွားလာဖို့ ဆုတောင်းခဲ့တာက လီယင်း မဟုတ်ရင် ဘယ်လိုဖြစ်ပြီး ပြန်လည်မွေးဖွားလာရတာလဲ ...

မဟုတ်မှလွဲရော လီယင်း ပင့်ဖိတ်ထားတဲ့ တန်ခိုးရှင်က အရမ်းကို စိတ်ကောင်း‌ဝင်နေလို့ "တစ်ခုဝယ် တစ်ခုအလကား" အစီအစဉ်နဲ့ လုပ်ပေးသွားတာလား ...

ဒါပေမယ့် ဖြစ်နိုင်ပါ့မလား ... လီယင်းရဲ့ ဆန္ဒက သူတို့ရဲ့ အတိတ်က ဆက်ဆံရေးကို ပြန်ပြုပြင်ဖို့ဆို သူ့ကိုပါ အတိတ်ကို ပြန်ပို့လိုက်ရင် နှစ်ယောက် အဆင်မပြေနိုင်လောက်ဘူးဆိုတာ အသိသာကြီးကို ...

ဘယ်သူကများ သူ့ကိုပါ ပြန်လည်မွေးဖွားလာစေရတာလဲ ...

ယွင်ချင်းစီမှာ များစွာ ပဟေဠိဖြစ်လာတော့သည်။

သိူ့သော် ထိုကိစ္စကြောင့် ကြာမြင့်စွာ ခေါင်းရှုပ်မခံ။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ့အစ်ကိုများနောက် လိုက်ကာ အပေါင်းအသင်းများထံ သွားရောက်လည်ပတ်နေလိုက်တော့သည်။

အတိတ်က ယွင်ချင်းစီတွင် အပေါင်းအသင်းမိတ်ဆွေဟူ၍ မရှိခဲ့။ လူတိုင်းက သူ့ကို မနှစ်မျို့သည့် အကြည့်ဖြင့် ကြည့်နေကြသည်ဟုသာ ထင်ခဲ့ပေသည်။ ယခုမူ သူ့စိတ်နှလုံးမှာ လွန်စွာ အေးချမ်းနေသည့်အတွက် ဤကမ္ဘာတွင် ပေါင်းသင်းဆက်ဆံရ လွယ်ကူသူများ အများအပြား ရှိနေကြောင်း ရှာဖွေတွေ့ရှိသွားတော့သည်။

ရာသီဥတုမှာ အေးစက်နေဆဲပင်။ ကန်ရေပြင်မှာ အေးခဲနေကာ ရေခဲပေါ်တွင် ကစားနေသည့် ပြည်သူများ အန္တရာယ် မဖြစ်ပွားစေရန် အလို့ငှာ မြို့စောင်တပ်သားများက နေရာအနှံ့ ကင်းလှည့်စောင့်ကြည့်ပေးနေကြသည်။

ယွင်ချင်းစီက တုတ်ထိုးသကြားလုံးကို တစ်ကိုက်ကိုက်ရင်း သူ့အစ်ကိုများနောက်မှ လိုက်လာ၏။ နေ့တိုင်း လမ်းကြိုလမ်းကြားမကျန် လှည့်ပတ်သွားလာကာ သရေစာတို့ စိတ်ကြိုက် စားသောက်ရသည့် ဘဝကို လွန်စွာ ပျော်မွေ့နေပေသည်။

လီယင်းနှင့် ရှိခဲ့စဉ်က တစ်ခါမှ မတွေးခဲ့ဖူးသည့် ပျော်ရွှင်ဖွယ် နေ့ရက်များပင်။

သူသာ စောစောစီးစီး သိခဲ့ပါလျှင် နန်းတော်ထဲသို့ပင် ဝင်ခဲ့မည် မဟုတ်။ အမတ်ချုပ်စံအိမ်တွင် ငါးဆားနူတစ်ဦးအဖြစ် နေထိုင်ရခြင်းကပင် ပို၍ ပျော်စရာကောင်းနေသေးသည်။

"အချဉ်တွေ လျော့စား ..."

သူ့ကို အနီရောင်ပဲဖက်ထုတ်နှင့် စွပ်ပြုတ်ချိုချို ထည့်ထားသော ဝါးခွက်တစ်ခွက်ကို ကမ်းပေးကာ ပြောလိုက်သည်။ လင်းဟွိုက်ကျင်းသည် သူ အိမ်တော်သို့ ပြန်ရောက်သည့်နေ့မှစကာ နေ့စဉ်မပြတ် လာရောက် အဖော်ပြုပေးပြီး ဒုတိယအစ်ကိုနှင့်လည်း များစွာ အဆင်ပြေလှပေသည်။

ယွင်ချင်းစီက စားမပြီးသေးသည့် တုတ်ထိုးသကြားလုံးကို စတုတ္ထအစ်ကို၏ လက်ထဲသို့ ပစ်ထည့်ကာ ခွက်ကိုယူ၍ စွပ်ပြုတ်ချိုချိုကို တစ်ငုံခန့်သောက်ကာ ပြောလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ် မြို့စားလေး ..."

"မနက်ဖြန်ဆို မီးထွန်းပွဲတော် ရောက်ပြီနော် မြစ်ထဲမှာလည်း မီးပုံးတွေ အများကြီး မျှောကြမှာ အတူတူ သွားကြည့်ကြမလား ..."

ယွင်ချင်းစီက ချက်ခြင်း ခေါင်းငြိမ့်ပြလိုက်ကာ ဒုတိယအစ်ကိုကလည်း ပြောလိုက်သည်။

"အိမ်မှာ ဘာမှ လုပ်စရာ မရှိဘူး ..."

"ကောတို့အားလုံး အားလပ်နေလေ ကျွန်တော်က အလုပ်များလေပဲ ..."

ယွင်ချင်းကျွင့်က ပြောလိုက်သည်။

"ပွဲတော်ကြီးလေလေ တပ်သားတွေက လုံခြုံရေးကို ပိုပြီး တင်းကြပ်ရလေပဲ စစ်တန်းလျားကို သွားရလိမ့်ဦးမယ် ..."

"တတိယအစ်ကိုက တကယ်ကို အလုပ်ကြိုးစားတာပဲ ..."

ယွင်ချင်းစီက ပြောလိုက်သည်။ ယွင်ချင်းကျွင့်က သူ့ခေါင်းကို ပွတ်သပ်ပေးကာ ပြန်ပြောလိုက်၏။

"အစ်ကိုနှစ်နဲ့ အစ်ကိုလေးက မင်းကို အဖော်ပြုပေးလိမ့်မယ် ..."

"ဟုတ် ..."

ယွင်ချင်းစီက မျက်လုံးတို့ ကွေးညွတ်ကာ ပြောလိုက်သည်။

သူ့နောက် အတော်ဝေးဝေး တစ်နေရာတွင် အနက်ရောင်ဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ကာ တိုင်တစ်လုံးသဖွယ် ဖြောင့်တန်းလှသည့် ကျောပြင်ပိုင်ရှင် အမျိုးသားတစ်ဦး ရှိနေ၏။ နက်မှောင်လှသည့် ဆံနွယ်တို့ကြောင့် သူ့မျက်နှာမှာ ပို၍ပင် ဖြူဖျော့လာတော့သည်။ ပုခုံးပေါ်တွင် ခဲရောင် မြေခွေးမွှေးဝတ်ရုံကို တင်ထားကာ ယွင်ချင်းစီကိုသာ တစိုက်မတ်မတ် ငေးကြည့်နေ၏။

သူ့အနားသို့ လူတစ်ဦး တိတ်တဆိတ် ချဉ်းကပ်လာသည်။

"အရှင် ပြန်လည်ကြွချီဖို့ သင့်နေပါပြီ ..."

လီယင်းက တစ်ဖက်သို့ လှည့်ကာ နောက်ပြန်လှည့်မကြည့်တော့ဘဲ လူအုပ်အကြားမှ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ထိုစဉ် လင်းဟွိုက်ကျင်းက ယွင်ချင်းစီကို နူးညံ့စွာ ပြောလိုက်၏။

"မနက်ဖြန် မီးထွန်းပွဲတော်မှာ အရှင်က မင်းကို လာရှာလောက်လား ..."

"မဖြစ်နိုင်ဘူး ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"အခုတလော သူ အရမ်း အလုပ်များနေတာ ..."

ယွင်ချင်းစီပင်လျှင် သူ့ကို မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည်။ ထိုနေ့က ပြောခဲ့သည့် စကားများကြောင့် မလာတော့ခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။

ဘယ်လိုလူလဲ ...

ထိုစဉ်က သူသည် လီယင်းနောက်သို့ အချိန်အတော်ကြာ တကောက်ကောက်လိုက်ခဲ့ကာ လိုက်လေလေ ပို၍ စိတ်ပျက်မိလာခဲ့တော့သည်။

လီယင်းက သူ့ကို ကပ်တွယ်မနေတော့သည်မှာလည်း ကောင်းသည့်ကိစ္စတစ်ခုပင်။ နှစ်ဦးလုံး စိတ်အေးလက်အေး ရှိချိန်မှ အေးချမ်းစွာ ကွာရှင်းရန် ထပ်ပြောပါလျှင် လီယင်းလည်း ကျိန်းသေ သဘောတူမည်ဖြစ်သည်။

နောက်တစ်နေ့ည ...

ယွင်ချင်းစီအဖို့ မီးထွန်းပွဲတော်ကို လည်ပတ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်ငြား လီယင်း မပါဘဲ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။ မည်မျှပင် ညဉ့်နက်နေပါစေ မီး‌ထွန်းပွဲတော် ကျင်းပချိန်တိုင်း လီယင်းက သာမန်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ကာ သူ့ကို အဖော်ပြုပြီး လမ်းလျှောက်ထွက်လေ့ရှိသည်။ နှစ်တိုင်း မီးပုံများ အတူတူမျောကာ စကားထာများကိုလည်း ဖြေဆိုခဲ့ကြသည်။ မီးပုံးများ ကိုင်ဆောင်ကာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာသော လီယင်းက သူစားသောက်နေသည်ကိုသာ မျက်‌တောင်မခတ်စတမ်း စိုက်ကြည့်ကာ ရံဖန်ရံခါတွင်မှ တစ်လုပ်နှစ်လုပ်ခန့် မြည်းစမ်းကြည့်လေ့ရှိသည်။ ထိုအချိန်တိုင်း သူ၏ နက်မှောင်လှသည့် အကြည့်တို့တွင် နူးညံ့လှသည့် ကျေနပ်အားရစိတ်တို့ ပြည့်လျှံလာတော့သည်။

နှစ်တိုင်း ဤအတိုင်းပင်။

စကားများ ရန်ဖြစ်ခဲ့သည့်တိုင် မီးထွန်းပွဲတော် ရှိနေသရွေ့ လီယင်းဘက်မှစ၍ သူ့ကို ဖိတ်ခေါ်ကာ ဤသို့ ပြောလေ့ရှိတတ်သည်။

"ပွဲတော်ပြီးရင် ဆက်ပြီး စိတ်ဆိုးလို့ရတယ် ..."

ဤသည်မှာ ယွင်ချင်းစီကို ကတိပေးခဲ့ခြင်းပင်။

အစောပိုင်း နှစ်များ၌ မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် ယွင်ချင်းစီသည် နှစ်သစ်ကို သူ့ခြံဝင်းထဲတွင်သာ တစ်ဦးတည်း ဖြတ်ကျော်ခဲ့သည်။ လီယင်းကလည်း နန်းတော်ထဲတွင် ရှိနေရမည်ဖြစ်ရာ တူညီသော ကောင်းကင်ရှိ မီးရှူးမီးပန်းများကို မတူညီသော နေရာများမှ ကြည့်ရှုရင်းသာ ကုန်ဆုံးခဲ့ရသည်။

သူ ကိုးနှစ်အရွယ် နှစ်ကူးပြီး တတိယမြောက်နေ့တွင် လီယင်းက သူ့ထံ ရောက်လာကာ ပြောလိုက်၏။

"မင်းနဲ့ နှစ်ကူးမှာ အဖော်ပြုမပေးနိုင်ပေမယ့် မီးထွန်းပွဲတော်မှာတော့ အဖော်ပြုပေးမယ် ..."

"မီးထွန်းပွဲတော် ..."

"သာမန်သူတွေအကြားမှာ မီးထွန်းပွဲတော်က အရမ်းစည်ကားတာတဲ့ နှစ်တိုင်း မင်းကို မီးထွန်းပွဲတော်မှာ အဖော်ပြုပေးမယ်လို့ ကတိပေးတယ် ..."

ယွင်ချင်းစီက သူ့စကားကို များစွာ မယုံကြည်ခဲ့။

"တကယ်လား ..."

လီယင်းက သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးကာမှ နူးညံ့စွာဖြင့် ပြောလိုက်သည်။

နောက်ထပ် နှစ်၂၀ အတွင်း လီယင်းက တစ်ကြိမ်တစ်ခါမှ ကတိမပျက်ခဲ့။ မတိုင်ခင် တစ်ညအလိုတွင် မည်မျှပင် ကြီးကြီးမားမား ပြဿနာဖြစ်ထားပါစေ လီယင်းက သူ့ကို မီးထွန်းပွဲတော်သို့ အဖော်ပြုကာ လိုက်ပို့ပေးခဲ့မြဲပင်။ ရှန့်ယန်၏ လမ်းကြိုလမ်းကြားမကျန် လှည့်ပတ်သွားကာ နန်းတော်သို့ ပြန်သည့်အခါ အဆာပြေစားရန် သစ်သီးနှင့် ကိတ်မုန့်များကို အမျအပြား ဝယ်သွားခဲ့သည်။

တစ်နှစ်က သူ့ကို ဤသို့ မေးခဲ့ဖူးသည်။ ။
"မီးထွန်းပွဲတော်နေ့က မင်းအတွက် အရမ်း အရေးကြီးတာလား ..."

အတိတ်ဘဝတွင် ပွဲတော်ကျင်းပသည့်နေ့မှာ နှစ်တိုင်း အတူတူပင်။ ယွင်ချင်းစီက နန်းတော်ပြန်ရန် လိုအပ်သည်များကို စီစဉ်ပြီးနောက် မြစ်ကမ်းဘေးတွင် ရပ်နေစဉ် လီယင်းက မြစ်ထဲရှိ မီးပုံးများထံ အကြည့်ပို့ထားလိုက်သည်။

အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ ယွင်ချင်းစီ၏ ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကိုယ့်ကိုယုံ အားလုံးကို အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားမယ် ..."

ယွင်ချင်းစီမှာ အတွေးတို့ဖြင့် ပြည့်နှက်နေ၏။ သူ့ပုံစံမှာ တစ်ခုခု ပြောလိုသည့်ဟန် ဖြစ်နေသော်ငြား စိတ်ကိုထိန်းကာ ပြုံးပြလျက် သူ့ဆီ ပြေးသွားလိုက်၏။ လီယင်း၏ မျက်နှာအနှံ့ ပြင်းရှစွာ နမ်းရှိုက်ခဲ့မိကြောင်းလည်း သတိရ‌မိသေးသည်။

"အားယင်းမှာ လုပ်စရာ‌တွေ အများကြီး ရှိနေမှန်း ငါသိတာပေါ့ အရမ်းကို စိတ်ကျေနပ်နှင့်နေပါပြီ ..."

လီယင်းက လက်ထဲရှိ မီးပုံးကို လွှတ်ချကာ သူ့ကို ထိန်းချုပ်ထားရဟန်ဖြင့် တစ်ဖြည်းဖြည်း ပွေ့ဖက်လိုက်သည်။

ယွင်ချင်းစီက သူ့ကို ပြောခဲ့သည်။

"အားယင်း ကျေးဇူးတင်ပါတယ် ..."

လီယင်း၏ နှုတ်ခမ်းပါးတို့က သူ့နားရွက်ကို ပွတ်တိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ..."

ယွင်ချင်းစီက ကြားခဲ့သော်ငြား မကြားသည့်နှယ် ဟန်ဆောင်နေလိုက်သည်။

ရှန့်ယန်၏ ညရှုခင်းမှာ လွန်စွာ လှပကာ မီးထွန်းပွဲတော်မှာ ပို၍ပင် ရှုမောဖွယ် ကောင်းလှသည်။ ယွင်ချင်းစီက မီးပုံးများကို ရေထဲသို့ မျောရခြင်းအား မနှစ်သက်။ ငယ်စဉ်အခါက အလေးအမြတ်ထားကာ ပြုလုပ်ခဲ့သေးသော်ငြား ကြီးပြင်းလာသည့်အခါ ထိုမီးပုံးတို့မှာ အသုံးမဝင်။ သွားချင်သူက သွားမည်ဖြစ်ကာ မနေနိုင်သူကို မည်သည့်နည်းနှင့်မှ ဆွဲထား၍ရမည် မဟုတ်ကြောင်း သိလာပေတော့သည်။

သူ့အစ်ကိုများကလည်း သူ့နည်းတူပင် မနှစ်သက်ကြသည့်အတွက် သူတို့နှင့်အတူ လမ်းမတစ်လျှောက် စားသောက်ရင်းသာ လှည့်ပတ်ကြည့်နေလိုက်သည်။

ထိုင်ရန် အကင်ဆိုင်တစ်ဆိုင်ကို တွေ့ပြီးသည့် အချိန်တွင် ယွင်ချင်းစီမှာ မောဟိုက်စပြုလာပြီဖြစ်သည်။ လင်းဟွိုက်ကျင်းက သူ့နောက်ကျောကို ပုတ်ပေးကာ ပြောလိုက်၏။

"ဒီနေ့ အကြာကြီး လည်ပတ်ကစားနေခဲ့တာ မသက်သာရင် အစောကြီးကတည်းက ပြောရမယ်လေ ..."

"မသက်သာတာ မရှိပါဘူး ..."

ထိုသို့ ပြောနေသည့်တိုင် သူ့အသက်ရှူသံမှာ မူမမှန်၊ ချွဲသံများဖြင့် ရောထွေးထွက်ပေါ်နေတော့သည်။

ယွင်ချင်းရှောင်က စိုးရိမ်နေသည့် မျက်နှာဖြင့် ထလာကာ သူ့ရင်ဘက်ကို ဖိပေးရင်း ပြောလိုက်သည်။

"မစားနဲ့တော့ သမားတော်ကို သွားပြရအောင် ..."

"မဟုတ်တာ ခဏလောက် နားလိုက်ရင် ရပါတယ် ..."

" သွက်သွက်လေးထ ..."

ယွင်ချင်းစီမှာ အစ်ကိုဖြစ်သူတို့၏ စိုးရိမ်စိတ်ကို ရုတ်တရက် ခံစားလိုက်ရသည့်အပြင် ရှက်ရွံ့မှုကိုပါ တစ်ပါတည်း ရရှိလိုက်သည့်အတွက် နှာခေါင်းထိပ်ဖျားတို့ ချဉ်စူးလာတော့သည်။ လူတိုင်း၏ ပျော်ရွှင်နေသော စိတ်အခြေအနေကို ဖျက်ဆီးမိပြီဟု ခံစားလာ‌ရတော့၏။ သူ၏ မူရင်းရည်ရွယ်ချက် မဟုတ်သည့်တိုင် အနည်းငယ် စိတ်ပျက်အားငယ်သွားရတော့သည်။

ယွင်ချင်းရှောင်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို ပွေ့ချီလိုက်သည်။

"မင်းတို့က ဒီမှာနေခဲ့ ငါပဲ ခေါ်သွားပေးလိုက်မယ် ..."

ယနေ့တွင် အားလုံးနည်းတူ သူလည်း ပျော်ရွှင်နေသည်။ လူစည်ကားကာ ဆူညံသံတို့က သူ့နားစည်ထဲအထိ မြည်ဟီးလာတော့၏။ လင်းဟွိုက်ကျင်းနှင့် သူ့အစ်ကိုတို့တွင် အတူတူ အချိန်ဖြုန်းနိုင်သည့် အချိန်ဟူ၍ များစွာ မရှိခဲ့ရာ သူ့အခြေအနေကို သတိမပြုမိခြင်းမှာ သဘာဝကျပေသည်။

ယွင်ချင်းစီက များစွာ နောင်တရလာရတော့၏။

"အစ်ကို(၂) တောင်းပန်ပါတယ် ..."

"ဘာတွေ ပြောနေတာလဲ ..."

ယွင်ချင်းရှောင်က သူ့ကို ဆူပူလိုက်၏။

ယွင်ချင်းစီက မျက်လွှာချထားလိုက်သည်။

ဆွေမျိုးများထံမှ ဤကဲ့သို့ ဆက်ဆံခံရသည့်အပေါ် အသားမကျသေး။

ထိုအချိန်တွင် သူနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် လီယင်းကို ကောက်ကာငင်ကာ သတိရသွားတော့သည်။

လီယင်းအဖို့ သူသည် လီယင်း၏ ဂုဏ်သိက္ခာကို ထည့်တွက်ခြင်း မပြုဘဲ ရန်စရဲသူ၊ပြဿနာမျိုးစုံ ရှာထားသည့်တိုင် ထိုအတွက် အနေရခက်ခြင်း လုံးဝ မရှိသူ ဖြစ်ပေသည်။ ထို့အပြင် သူသည် လီယင်းကို အနိုင်ကျင့်နိုင်၊ အရှက်ရစေနိုင်သူဖြစ်သည်။

လီယင်း၏ ‌အရှေ့တွင် သူ၏ ဆိုးဝါးသည့် အပြုအမူများအား ထုတ်ပြရန် တုန့်ဆိုင်းခြင်း မရှိခဲ့သော်ငြား သူ့အစ်ကိုများ၏ ‌အရှေ့တွင်မူ အနည်းငယ်မျှကို ပြသရန်ပင် ရှက်ရွံ့မိသည်။

လီယင်းက သူ့ကို အနည်းငယ် ဆိုးဝါးစွာ ဆက်ဆံပါလျှင် မိုးကောင်းကင်တစ်ခုလုံး ပြိုကျတော့မတတ် ခံစားခဲ့ရ၏။ ယနေ့ သူ့အခြေအနေကို သတိမပြုမိသူမှာ လီယင်းသာ ဖြစ်ပါလျှင် သေချာပေါက် စကားများ ရန်ဖြစ်ကြဦးမည်ဖြစ်သည်။

သို့သော် သူ့အစ်ကိုများနှင့်အတူ ရှိနေချိန်တွင်မူ ထိုသတိမထားမိခြင်းက ဖြစ်သင့်သည့်အလားပင်။

လီယင်းက အမှန်တကယ်ပင် ဆိုးရွားခဲ့သူ ဖြစ်ကာ ယွင်ချင်းစီက သူ့ကို လွန်စွာ မုန်းတီးမိသည်မှာလည်း မှန်သော်ငြား တစ်ခါတစ်ရံတွင်မူ အမှန်တကယ် ကောင်းမွန်လှသူဖြစ်သည်။

ဥပမာအားဖြင့် သူသည် ယွင်ချင်းစီ၏ ရောဂါအကြောင်း တစ်ကြိမ်မှပင် မမေ့လျော့ခဲ့။

ယွင်ချင်းစီနှင့်အတူ ရှ်ိနေစဉ်တိုင်း ဤကဲ့သို့ မကြာခဏ မေးလေ့ရှိပေသည်။

"ခဏလောက် နားချင်လား ..."

ယခုမူ လီယင်းနှင့် ပတ်သက်သမျှ အားလုံးကို လွှတ်ချလိုက်ရပေတော့မည်။

ဝေးလံသည့် နေရာအထိ ...

သူ့မျက်စိဖြင့် မမြင်နိုင်၊ သူ့အနေဖြင့် လုံးဝ လိုက်မရှာနိုင်တော့သည့် နေရာအထိ လွှင့်ပစ်လိုက်တော့မည်။