အပိုင်း ၆၀
Viewers 13k

Chapter 60




ယွင်ချင်းစီကို ကျောပိုးကာ ဆိုင်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ယွင်ချင်းရှောင်ကို လူတစ်ယောက်က လှမ်းတားလိုက်သည်။

"ဧကရီ ..."

ယွင်ချင်းစီကလည်း ထိုသူမှာ တော်ဝင်ဆေးကုသဆောင်မှဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူပင် မမေးရသေးခင် ထိုသူက စပြောလိုက်၏။

"အရှင်က ဒီငယ်သားကို စေလွှတ်လိုက်တာပါ ဧကရီက အစ်ကိုတော်နှစ်ဦးနဲ့ လည်ပတ်နေတာဖြစ်လို့ ဒဏ်ရာကို မေ့လျော့သွားမှာ စိုးရိမ်တဲ့အတွက် တစ်ခုခု ဖြစ်လာခဲ့ရင် အချိန်မီ ကုသနိုင်အောင် ကျွန်တော်မျိုးကို မှာကြားခဲ့ပါတယ် ..."

ယွင်ညီအစ်ကိုနှစ်ဦးမှာ စိတ်ပျက်အံ့အားသင့်သွားကာ ယွင်ချင်ရှောင်က သူ့ကို‌ ဘေးတွင် ရပ်ထားသည့် ရထားလုံးထဲ ထည့်ပေးရင်း ပြောလိုက်သည်။

"ဒုက္ခပေးမိသလို ဖြစ်သွားပြီ လူကြီးမင်းကို ကျေးဇူးတင်ပါတယ် ..."

"သခင်လေးယွင်အနေနဲ့ အားနာနေဖို့ မလိုအပ်ပါဘူး ..."

အသက်ကြီးကြီး မိန်းမစိုး သမားတော်က ယွင်ချင်းစီ၏ သွေးခုန်နှုန်းကို စမ်းသပ်ကာ ညင်သာစွာ ပြောလိုက်သည်။

"ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်လို့ တော်သေးတာပေါ့ ဒီငယ်သားက ဆေးညွှန်းရေးပေးပါ့မယ် ဧကရီအနေနဲ့ ပါဝင်ပစ္စည်းတွေကို မီးအေးအေးလေးနဲ့ ကျိုချက်ပြီး သုံးဆောင်လို့ ရပါတယ် ..."

သူက မမေ့မလျော့ သတိပေးလိုက်သည်။

"ရာသီဥတုက အေးစက်နေဆဲဆိုတော့ အရှင့်အနေနဲ့ ဒဏ်ရာကြောင့် အအေးမိလို့ မရပါဘူး ဒီရက်ပိုင်းအတွင်း အိမ်ထဲမှာပဲ အေးအေးဆေးဆေး အားပြန်ဖြည့်သင့်ပါတယ် တကယ်လို့ အပြင်ထွက်မယ် ဆိုရင်လည်း ဒီထက်ပိုပြီး ဂရုစိုက်ပေးပါ ..."

ဆေးညွှန်းကို ယွင်ချင်းရှောင်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ထို့နောက် သမားတော်က သူတို့ စားသောက်ရန် ဆုံးဖြတ်ခဲ့သည့် အကင်ဆိုင်ကို တစ်ချက်ခန့် အကဲခတ်ကာ ပြောလိုက်သည်။

"ဒီနေရာက ပူလည်းပူ မီးခိုးလည်း မွှန်တဲ့အပြင် ဧကရီအနေနဲ့လည်း ဒီရက်ပိုင်းအတွင်းမှာ အဆီများတဲ့ အစားအစာတွေကို ရှောင်ကြဉ်နိုင်ရင် ပိုကောင်းပါတယ် ..."

ယွင်ချင်းစီမှာ ခြောက်ကပ်စွာဖြင့်သာ ခေါင်းငြိမ့်ပြလိုက်ရတော့သည်။

ယွင်ချင်းရှောင်က သမားတော်ကို လိုက်လံပို့ဆောင်‌ပေးလိုက်၏။ ထိုအချိန်မှသာ ယွင်ချင်းစီလည်း သူ့ဒဏ်ရာမှာ အနည်းငယ် ပြန်လည်နာကျင်နေကြောင်း သတိပြုမိ‌သွားတော့သည်။ လက်ကိုမြှောက်ကာ ဖိကြည့်လိုက်သော်ငြား ဒုတိယအစ်ကို ပြန်လာသည်ကို မြင်လိုက်ရသည့်အတွက် လက်ကို အမြန် ပြန်ရုတ်သိမ်းလိုက်တော့သည်။

"သူတို့ကို နှုတ်ဆက်လိုက်ဦးမယ် ပြီးရင် အိမ်ပြန်ကြတာပေါ့ ..."

"ကိုယ့်ဘာသာကိုယ်ပဲ ပြန်လိုက်ပါ့မယ် ..."

"နေဦး ..."

ယွင်ချင်းရှောင်က တစ်ဖက်သို့ လှည့်ကြည့်လိုက်လျှင် မြင့်တက်လာသော လိုက်ကာစကို တွေ့လိုက်ရသည်။ လင်းဟွိုက်ကျင်းက အပြင်ဘက်သို့ ထွက်လာကာ မေးလိုက်၏။

"အပေါ်ထပ်ကနေ သမားတော်စွန်းကို တွေ့လိုက်လို့ ဘယ်လိုနေလဲ အရမ်း ပြင်းထန်လား ..."

"ဘာပြဿနာမှ မရှိပါဘူး ဒီတိုင်း ဒီနေရာက မီးခိုးငွေ့တွေ အရမ်းများပြီး ရောဂါဟောင်း ပြထလာတဲ့အချိန်ဆိုတော့ စားလို့ မရတော့လို့ သူ့ကို အိမ်ပြန်ခေါ်သွားပေးလိုက်တော့မယ် ..."

"ငါ သွားပို့ပေးရ ..."

‌ယွင်ချင်းရှောင်၏ အကဲခတ်နေဟန် အကြည့်တို့ကို တွေ့လိုက်ရသည့်အတွက် ကျန်စကားလုံးအားလုံးကို မျိုချလိုက်ရတော့သည်။

ယွင်ချင်းစီက လှည်းထဲမှ ခေါင်းပြူကြည့်လိုက်၏။ ကျောက်စိမ်းသဖွယ် နူးညံ့ဖြူဖွေးလှသည့် မျက်နှာမှာ ယခင်ကလောက် မခက်ထန်၊ ပို၍ပင် နူးညံ့ကာ မျက်စိပသာဒဖြစ်ဖွယ်ကောင်းလာတော့သည်။ လင်းဟွိုက်ကျင်းက သူ့ကို နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သည်အထိ ပြုံးပြကာ ပြောလိုက်သည်။

"ဒီနားမှာပဲ ထိုင်စောင့်နေရင်ရော ကိုယ်တို့တွေ မင်းအတွက် စားဖို့ ယူလာပေးမယ်လေ ..."

"ဒဏ်ရာရနေတဲ့ အချိန်မှာ အစားကို လျော့စားလိုက်လို့လည်း ကိစ္စမရှိဘူး ပြန်သက်သာလာမှ အတိုးချပြီး စားလည်း ရတယ် ..."

ယွင်ချင်းရှောင်က ယွင်ချင်းစီကို စိုက်ကြည့်ကာ ပြောလိုက်သည်။

တစ်ဖက်သူမှာလည်း ခေါင်းငြိမ့်ကာသာ သဘောတူလိုက်ရတော့၏။

ယွင်ချင်းစီက အားလုံးကို နှုတ်ဆက်ကာ အိမ်သို့သာ ပြန်လာလိုက်ရတော့သည်။ အမတ်ချုပ်ယွင်က သူ့အတွက် ဖက်ထုပ်စွပ်ပြုတ်တစ်ပန်းကန် စီစဉ်ပေးရန် စားဖိုဆောင်ကို ညွှန်ကြားလိုက်သည်။ ယွင်ချင်းစီက ၎င်းကို အနည်းငယ် စားကာ ဆေးသောက်ပြီးနောက် စောစောစီးစီး အိပ်ယာဝင်လိုက်တော့သည်။

မြေအောက်နန်းတော်ကို အိပ်မက်မက်နေဆဲ ဖြစ်သော်ငြား အတိတ်ဘဝက လီယင်းကို မတွေ့တော့။ အမှန်တကယ်ပင် အချိန်အတော်ကြာ ခရီးထွက်သွားရခြင်းသာ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

ယွင်ချင်းစီက ငေးမောလဲလျောင်းနေရင်း ယနေ့ လီယင်း ရောက်လာလိမ့်မည်ဟု မသိမသာ မျှော်လင့်မိနေ၏။

သူက သမားတော်စွန်းကိုတောင် လွှတ်လိုက်တာဆိုတော့ ဒဏ်ရာဟောင်း ပြန်ထလာတဲ့အကြောင်းလည်း သေချာပေါက် သိမှာပဲလေ လုံးဝကို မပျက်မကွက် ရောက်လာမှာ သေချာတယ် ...

ထိုသို့ တွေးမိသည့်အတွက် ယွင်ချင်းစီမှာ ကြိမ်ဖန်များစွာ နိုးလာခဲ့သော်လည်း အခန်းတစ်ခုလုံး တိတ်ဆိတ်နေမြဲပင်။ အပြင်လူ ဝင်လာသည့် အသံလည်း မကြားရ၊ လီယင်းကိုယ်တွင် စွဲကပ်နေသည့် သစ်မွှေးနံ့သာ၏ အမွှေးနံ့ကိုလည်း မရရှိပေ။

ထိုညသာမက နောက်ရက်အနည်းငယ် ကြာသည်အထိ လီယင်းက ပေါ်မလာ။

ဒဏ်ရာဟောင်းမှာ နာကျင်ခြင်း မရှိတော့သည့်အတွက် ယွင်ချင်းစီက မနက်စောစောထကာ ခြံဝင်းထဲတွင် လမ်းလျှောက်နေလိုက်၏။ ထိုစဉ် လက်သီးသိုင်း လေ့ကျင့်နေသော ဖခင်ဖြစ်သူကို အမှတ်မထင် တွေ့လိုက်ရရာ နေ့ရက်များကို တွက်ဆရင်း မေးလိုက်သည်။

"အဖေ ဒီနေ့ ဘာလို့ ညီလာခံကို မသွားတာလဲ ..."

အမတ်ချုပ်ယွင်က လက်သီးဆုပ်ကို ဖြည်ကာ သူ့ဘက်လှည့်၍ ပြောလိုက်သည်။

"ဒီရက်ပိုင်းထဲ အရှင့်ရဲ့ ကျန်းမာရေးက တော်တော်လေး ဆိုးရွားလာလို့ ညီလာခံကို တစ်လ ရပ်နားထားတာလေ ဘာလို့လဲ ‌ချင်းရှောင်နဲ့ နေ့တိုင်း တွေ့နေတာကို သူက ဒီအကြောင်း မပြောဘူးလား ..."

"ဟင့်အင်း ..."

ယွင်ချင်းစီက ချက်ခြင်း မေးမိသွားတော့သည်။

"လီယင်းက ဖျားတာလား ဘယ်လိုမျိုး နေမကောင်းတာလဲ ..."

"လျှိုလူကြီးမင်းရဲ့ စကားအရတော့ အရမ်း ကြီးကြီးမားမား မဟုတ်ဘူး ထင်တာပဲ ..."

အမတ်ချုပ်ယွင်က သူ့ကို တစ်ချက်မျှ စောင်းငဲ့ကြည့်ကာ ပြောလိုက်သည်။

"စိတ်ပူရင် နန်းတော်ထဲကို သွားကြည့်ပါလား ..."

"ဘာကို စိတ်ပူရမှာလဲ ..."

ယွင်ချင်းစီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"သူသာ နေမကောင်းဖြစ်ပြီး သေသွားရင် မကွာရှင်းလိုက်ရမှာ ကြောက်လို့ ..."

အမတ်ချုပ်ယွင်က လက်ဖက်ရည်တစ်ငုံခန့် သောက်ကာ အတွေးအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ယွင်ချင်းစီမှာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်၏။

"သူက နေမကောင်းဖြစ်နေတာဆို အဖေက ဘာလို့ နည်းနည်းလေးမှ စိတ်မပူရတာလဲ ..."

မင်းတိုင်ပင်ခံအမတ်တစ်ဦးဖြစ်သည့် သူ့အဖေသည် လီယင်း၏ ကျန်းမာရေးကို လွန်စွာ တန်ဖိုးထားသူ ဖြစ်သော်လည်း ယခုမူ များစွာ တည်ငြိမ်နေရာ ... ယွင်ချင်းစီက မျက်ခုံးတို့ကို ပင့်ပြလျက် ပြောလိုက်သည်။

"သူ ဘာတွေ လျှောက်လုပ်နေတာလဲ ..."

အမတ်ချုပ်ယွင်က သဘောတကျ ရယ်မောကာ လက်ယမ်းပြပြီး သူ့ကို ကျောက်သားစားပွဲတွင် ဝင်ထိုင်ရန် အချက်ပြလိုက်သည်။

"အရှင်က နာမကျန်းဖြစ်လို့ ညီလာခံ တစ်လနားမယ်ဆိုပြီး ပြောခဲ့ပေမယ့် တကယ်တမ်းတော့ သူကိုယ်တိုင် အရေးတကြီး လုပ်စရာရှိလို့ဆိုပြီး ရှန့်ယန်ကနေ ထွက်သွားတာ ဒါပေမယ့် ဘာလုပ်စရာရှိတယ် ဆိုတာကိုတော့ ပြောမသွားဘူး ငါနဲ့ မင်းရဲ့ တတိယအစ်ကိုကိုပဲ ကျန်းမိသားစုရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး သတိထားဖို့ ပြောသွားတာ ..."

ယွင်ချင်းစီက ထိုအကြောင်းနှင့် ပတ်သက်၍ နည်းနည်းလေးမှ စိတ်မပူ။ ယခု သူနှင့် ယွင်မိသားစုမှာ စည်းလုံးနေပြီဖြစ်ရာ လီယင်းဘက်မှ စတင်တိုက်ခိုက်ခြင်း မပြုသရွေ့ ဘေးကင်းနေမည်ဖြစ်သည်။ သူသာ တစ်ခုခု လှုပ်ရှားလိုပါလျှင် သူ့ဖခင်ကလည်း သတိမပြုမိစရာအကြောင်း မရှိပေ။

အရိပ်ခိုရတဲ့ အရသာက တကယ်ကို ကောင်းတာပဲ ...

ဤတစ်ကြိမ်တွင် ယွင်ချင်းစီသည် သူ့အဖေနှင့် အစ်ကိုများ ရှိနေသရွေ့ သက်တောင့်သက်သာ နေထိုင်နိုင်မည်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

သူက ပြောလိုက်သည်။

"ရာသီဥတုက တစ်ဖြည်းဖြည်း နွေးလာပြီဆိုတော့ မနက်ဖြန်ကျ တစ်ခြားခြံဝင်းမှာ သွားနေတော့မယ် ..."

"ဥယျာဉ်ထဲမှာ မင်းအမေ စိုက်ခဲ့တဲ့ ချယ်ရီပင်တွေက ပန်းပွင့်တော့မှာ မဟုတ်လား ..."

"ဟုတ်တယ် နှစ်တိုင်း အဲဒီမှာပဲ နေခဲ့တာလေ ဒါနဲ့ ခြံဝင်းထဲမှာ ပြင်ဆင်ဖို့ လိုအပ်သေးလား ဆိုတာကို ကျွန်တော်ကိုယ်တိုင်ပဲ ကြီးကြပ်ပြီး လုပ်လိုက်မယ် အရင်ပုံစံအတိုင်းပဲ ထိန်းသိမ်းထားချင်လို့ ..."

နောက်တစ်နေ့တွင် ယွင်ချင်းစီက အခြားခြံဝင်းတစ်ခုသို့ ရွှေ့ပြောင်းလိုက်သည်။ နှစ်တိုင်း ဤကဲ့သို့ ပြုလုပ်တတ်သည့်အတွက် ခြံဝင်းထဲတွင် စောင့်ကြပ်နေသည့် အစောင့်များလည်း အဆင်သင့် ရှိနေပေသည်။

ထိုနှစ်၂၀ အတွင်း လီယင်းသည် သူ့ဘဝ၏ အချိုးအကွေးတိုင်း နီးပါး၌ ပါဝင်ပတ်သက်ခဲ့သည့် အချက်ကိုမူ ဝန်မခံလို၍လည်း မရပေ။ ဤခြံဝင်းထဲ၌ပင် လီယင်း၏ အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။

ယွင်ချင်းစီက လီယင်း သူ့အသားကိုလှီးကာ မြွေစာကျွေးသည့် မြင်ကွင်းအား မကြာခဏ တွေးမိနေဆဲပင်။ လီယင်းက နောင်တရ၍ အတိတ်ကို ပြန်သွားလိုခြင်းသာ ဖြစ်ကာ သူ ပေးဆပ်ရသည့် တန်ရာတန်ကြေးမှာလည်း သူ(ယွင်ချင်းစီ) နှင့် သက်ဆိုင်ခြင်း မရှိဟု သူ့ကိုယ်သူ ပြန်လည်နားချခဲ့သည့်တိုင် ...

လီယင်း၏ လုပ်ရပ်များမှာ ရူးမိုက်လွန်းရာကျသည်ဟု ခံစားနေရဆဲပင်။

ထိုမြင်ကွင်းက သူ့နှလုံးသားထဲအထိ စွဲထင်ကျန်ရစ်နေ၏။

အသားကို လှီးပြီး မြွေစာကျွေးတာအပြင် လီယင်းက ဘာတွေများ ထပ်ပြီး ဖုံးကွယ်ထားသေးတာလဲ ပြီးတော့ သူ့ရဲ့ လတ်တလော အခြေအနေကလည်း သေချာပေါက်ကို တစ်ခုခု မှားနေတယ် ပြန်လာနိုင်ဖို့အတွက် တစ်ခုခု လိုအပ်တဲ့ အခြေအနေတွေ ရှိနေသေးတာလား ...

ဖေဖော်ဝါရီ လအလယ် ညတစ်ညအတွင် အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်စု ခြံဝင်းအပြင်တွင် ထွက်ပေါ်လာ၏။ တစ်ယောက်က အောက်သို့ဆင်းကာ တံခါးကို ခေါက်လိုက်သည်။ တံခါးဖွင့်ပေးလာသည့် တံခါးစောင့်မှာ သူ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကြောက်လန့်လွန်း၍ တုန်ရီလာတော့၏။

သို့သော် ချက်ခြင်းပင် ရပ်နေသူကို သတိပြုမိလိုက်တော့သည်။

"အရှင် ..."

"တံခါးဖွင့်ပြီး လှည်းကို အထဲသွင်းလိုက် ..."

တံခါးဖွင့်နေစဉ်အတွင်း ဂိတ်စောင့်က အစေခံတစ်ဦးအား ယွင်ချင်းစီထံ အကြောင်းကြားရန် စေလွှတ်မည်ပြုစဉ် လီယင်းက တားမြစ်လိုက်သည်။

"သူ့ကိုပဲ အရင်ဆုံး အနားယူခိုင်းလိုက်ပါ ..."

အစောင့်များက လှည်းထဲမှ သွေးများဖြင့် ရွှဲနစ်နေသူကို ကူတွဲလာကာ သမားတော်တစ်ဦးကို ချက်ခြင်း ပင့်ဆောင်လိုက်ကြသည်။

အပြင်ဘက်ရှိ လှုပ်ရှားသံများကြောင့် ယွင်ချင်းစီမှာ လန့်နိုးလာရတော့သည်။ ဘေးခန်း၏ အခန်းတံခါး ပွင့်သွားသည့် အသံနှင့် တီးတိုးစကားသံများကိုပါ ကြားလိုက်ရ၏။

ကိုယ်နှင့်မကွာ ဆောင်ထားသည့် ညလင်းပုလဲကို နောက်ကျောတွင် ဝှက်ကာ အိပ်ယာမှ ထ၍ တံခါးကိုမှီပြီး နားထောင်လိုက်သည်။

ထိုတစ်ခဏ၌ တစ်ခုခု ညွှန်ကြားနေသော လီယင်း၏ အသံကို ကြားလိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားတော့သည်။ သူက ချက်ခြင်း တံခါးကို ‌ဆွဲဖွင့်ကာ ဒေါသတကြီး ပြောလိုက်သည်။

"ဘာလို့ .. လူတွေအများကြီး ဖြစ်နေရတာလဲ ..."

လီယင်းက တံခါးရှေ့တွင် ရပ်လျက် သူ့ကို စိုက်ကြည့်နေလိုက်၏။ သူ့ပုံစံမှာ ပိန်ပါးသွယ်လျကာ ဖယောင်းတိုင်မီး ခပ်ဖျော့ဖျော့ကို ကျောပေးထားသည့်အတွက် မျက်နှာတစ်ခုလုံး မှောင်ရိပ်လွှမ်းနေသည်။

ယွင်ချင်းစီက တစ်ခဏမျှ ကြောင်အသွားပြီးကာမှ ရှေ့တိုးလာကာ မကျေမနပ် ပြောလိုက်သည်။

"ဘာလို့ ဒီမှာ ရှိနေတာလဲ ..."

"မင်းရဲ့ အစ်ကိုကြီး .. ကိုယ် သူ့ကို ခေါ်လာတယ် ..."

ယွင်ချင်းစီက ကြက်သေသေသွားတော့၏။ ချက်ခြင်း သူ့ကို ကျော်ဖြတ်ကာ ဘေးခန်းထဲသို့ ဝင်သွားသည့်အခါ ကုတင်ပေါ်တွင် သတိလစ်မေ့မြောနေသူတစ်ဦးကို တွေ့လိုက်ရသည်။

လွန်စွာ ပိန်လှီလှသည့်အပြင် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်နေသည်မှာ ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံစားခဲ့ရခြင်း၏ ပြယုဂ်အလားပင်။

ယွင်ချင်းစီက သူ့ကို မသိသော်ငြား လီယင်းက သူ့အစ်ကိုကြီးဟု ပြောလာသည့်အတွက် အမှန်တကယ်ပင် သူ့အစ်ကိုကြီး ဖြစ်ပေလိမ့်မည်။

သူက လမ်းပျောက်နေသည့်ဟန် မတ်တပ်ရပ်လျက် ကြောင်အငေးမောနေပြီးကာမှ ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။

"သူ .. သူ ..."

"မစိုးရိမ်ပါနဲ့ သူက အားပြန်ဖြည့်ဖို့ လိုအပ်နေရုံလေးတင် ..."

"မင်း .. မင်းက ပေချန်းကို သွားခဲ့တာလား ..."

"အလဲအလှယ်အတွက် ..."

လီယင်းက ပြောလိုက်သည်။

"သူ့ကို အလောတကြီး မလုပ်ဖို့ စာပို့ထားခဲ့ပေမယ့် ပေချန်းက မင်းအစ်ကိုကြီးကို အစောကြီးကတည်းက ပစ်မှတ်ထားနေခဲ့လိမ့်မယ်လို့တောင် မထင်ခဲ့မိဘူး တော်သေးတယ် ကိုယ်တို့တွေ ရွမ်လျန်ကို ဖမ်းမိထားတော့ သူ့ကို လူချင်းလဲဖို့ အသုံးချနိုင်လို့ ..."

ရွမ်လျန်၏ သရုပ်မှန်မှာ ထူးခြားလှသည်။ ပေချန်းက သူ့ကို မလိုချင်သည့်တိုင် ကျင်းပြည်ထောင်စုက သတ်မည်ကိုလည်း လက်မခံ။ ထိုအကြောင်း ဖော်ထုတ်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် တော်ဝင်မိသားစု၏ ရက်စက်မှုများကို သိရှိသွားသော လူထုအား ရွှေပြည်အေးတရား ဟောရတော့မည်ဖြစ်သည်။

"ကိုယ်တိုင် သွားခဲ့တာ .. မင်းအကြောင်းသာ သိသွားခဲ့ရင် ..."

"မင်းအစ်ကိုကြီးကို အိမ်အထိ ပြန်ခေါ်လာပေးမယ်လို့ ကတိပေးခဲ့တယ်လေ ..."

လီယင်းက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"မလုပ်နိုင်သရွေ့ ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်ဘူး ..."

ယွင်ချင်းစီက အနည်းငယ် ကြာကာမှ ပြန်ပြောလိုက်သည်။

"ဒါဆို ရုံးတော်က ..."

"မစိုးရိမ်ပါနဲ့ ကိုယ် ကိုင်တွယ်လိုက်မယ် ..."

လီယင်းက သူ့ကို ဆက်လက်စိုက်ကြည့်နေရင်း နူးညံ့စွာဖြင့် ပြောလိုက်သည်။

"မင်းရဲ့ အစ်ကိုကြီးကို ခေါ်လာပေးပြီဆိုတော့ ကိုယ်တို့ .. မကွာရှင်းလို့ ရမလား ..."

ယွင်ချင်းစီက ဤအကြောင်းကို ရုတ်တရက် ကြားရလိမ့်မည်ဟု ထင်မှတ်မထား။ မျက်လုံးတို့ ပြူးကျယ်လျက် ထက်ရှစွာ ပြန်တုန့်ပြန်လိုက်သည်။

"သေချာပေါက်ကို မရ‌ဘူးပေါ့ ငါက ဟာသပြောနေတယ်များ ထင်နေလား ..."

"ကိုယ် သေချာ စဉ်းစားပြီးပြီ အဖြေက မရဘူးဆိုတာပဲ ထွက်လာတယ် ..."

"မင်းက တအားကို လွန်လွန်းတယ် ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"တစ်ကိုယ်ကောင်းဆန်တဲ့ သရဲကောင် ..."

သူ့အစ်ကိုကြီးကို ပြန်လှည့်ကြည့်ရင်း အခန်းအပြင်ထွက်ကာ အမိန့်ပေးလိုက်သည်။

"မီးသွေးတွေအကုန် ဘေးအခန်းထဲ ရွှေ့လာခဲ့ ..."

လီယင်းက သူ့အစ်ကိုကြီးကို ဤအခန်းထဲ ထားလိမ့်မည်ဟု မသိထားခဲ့။ ဘေးအခန်းမှာ လွန်စွာ အေးလှသည်။ ရာသီဥတုက တစ်ဖြည်းဖြည်း ပူနွေးလာသည့်တိုင် ညအချိန်တွင် အပူချိန် ကျဆင်းသည့်အတွက် ယွင်ချင်းကျီ အေးခဲသွားမည်ကို စိုးရိမ်နေမိပေသည်။

သူ့အခန်းထဲသို့ ပြန်မဝင်မီ လီယင်းကို နောက်တစ်ကြိမ် လှမ်းခေါ်လိုက်သည်။

သူက ဗီရိုကို ဆွဲဖွင့်ပြီး လီယင်းကို ပြောလိုက်သည်။

"ခြံဝင်းထဲမှာ လူနည်းနည်းပဲ ရှိတာဆိုတော့ ကျေးဇူးပြုပြီး အရှင်ကပဲ အိပ်ယာခင်းတွေ ကူသယ်ပေးပါ ..."

လီယင်းက စောင်ကို လှမ်းယူလိုက်၏။ ယွင်ချင်းစီက အမွှေးအိုးကိုပိုက်ကာ ဘေးအခန်းသို့ ဝင်လာလိုက်သည်။

တော်ဝင်သမားတော်က ၎င်းကို မြင်သည့်အခါ ပြုံးကာ ပြောလိုက်၏။

"အမွှေးအိုးက မလိုအပ်ပါဘူး အခုထိ သူ့အတွက် မလိုအပ်သေးပါဘူး ..."

"သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီး တွေ့နေရတာ သေချာပေါက်ကို နာမှာပဲ ကောင်းကောင်း အိပ်နိုင်ပါ့မလား ..."

စောင်ကို နေရာချပေးနေသည့် လီယင်းက စိုးရိမ်ပူပန်နေသော ယွင်ချင်းစီကို မော့ကြည့်ကာ တိတ်တဆိတ် ခါးပြန်မတ်လျက် ပြောလိုက်သည်။

"မဟုတ်ဘူး သူ့အမာရွတ်က ဟိုးအရင်ကတည်းက သွေးတွေနဲ့ ကပ်နေလို့ ဒဏ်ရာက ဘာမှ မဟုတ်ဘူး ..."

"နာတဲ့သူက မင်းမှ မဟုတ်တာ မင်းက ဘရိုကိတ်ထည်လေး ဝတ် တစ်နေကုန် အေးအေးချမ်းချမ်း စားသောက်နေရတာလေ နာလွန်းလို့ အိပ်မရဘူးဆိုတဲ့ ခံစားချက်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ  ..."

လီယင်းက ပြန်မဖြေ။

သို့သော် သမားတော်က မလိုအပ်ဟု ပြောထားသည့်အတွက် ယွင်ချင်းစီက ထိုအမွှေးအိုးကို ပြန်ယူသွားလိုက်သည်။ လီယင်းက သူ့နောက် လိုက်လာကာ ပစ္စည်းများအား နေရာတကျ ပြန်ထားနေသူကို ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ ကုတင်ကို အပူမပေးတာလဲ ..."

"နွေဦးရောက်ပြီဆိုတော့ မလိုတော့ဘူးလို့ထင်လို့ မီးသွေးနဲ့တင် လုံလောက်ပါတယ် ..."

ယွင်ချင်းကျီ ရောက်လာသည့်အခါ သူ့အခန်းထဲသို့ မီးသွေးအားလုံးကို ရွှေ့ပေးလိုက်သည့်အတွက် ချက်ခြင်း အေးစက်လာတော့သည်။