အပိုင်း ၆၁
Viewers 13k

Chapter 61



လီယင်းက ရင်ရှီကို လှမ်းခေါ်ကာ ပြောလိုက်သည်။

"ဘေးခန်းကိုသွား မီးသွေးနည်းနည်းလောက်ယူပြီး မီးပြန်မွှေးလိုက် ..."

ထို့နောက် သူ့ အပေါ်ဝတ်ရုံကိုချွတ်ကာ ယွင်ချင်းစီအား ခြုံပေးလိုက်သည်။ ယွင်ချင်းစီက သူ့ကို တွန်းလွှတ်ကာ ပြောလိုက်၏။

"မလိုဘူး ..."

ထို့နောက် ကန့်လန့်ကာနောက်သို့ ဝင်သွားလိုက်သည်။ သူ့အိပ်ယာဘေးတွင် မီးသွေးမီးဖို ခပ်သေးသေးတစ်ခု ရှိနေရာ လက်ကို မီးဖိုအနား ဆန့်ထုတ်လျက် အနွေးဓာတ်ပေးလိုက်သည်။ အနားသို့ ကပ်လာပြန်သည့် လီယင်းကို တွေ့လိုက်ရသည့်အခါ မကျေမနပ်ဖြင့် ပြောလိုက်၏။

"ငါ့အစ်ကိုကို ပို့ပြီးပြီဆိုတော့ ပြန်လိုက်တော့ ညီလာခံ မတက်တာ တစ်လတောင် ရှိပြီဆိုတော့ ဘယ်သူမှ သံသယမဝင်ဘူးဆိုရင်တောင် ထူးဆန်းနေဦးမယ် ..."

လီယင်းက မီးဖိုငယ်ရှေ့တွင် ရပ်ကာ လက်ကို ဒူးပေါ်တင်၍ ခပ်ဖြည်းဖြည်း ငုတ်တုတ်ထိုင်ချရင်း မီးဖိုကို သူ့ဘေးသို့ လှမ်းဆွဲလိုက်သည်။

ယွင်ချင်းစီက လီယင်း၏ လှုပ်ရှားမှုများမှာ တစ်ခုခုကို ထိန်းချုပ်နေသည်ဟု ခံစားမိလာ၏။ ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မဟုတ်ဘဲ မဖော်ပြတတ်လောက်အောင် နှေးကွေးကာ ထူးဆန်းနေပေသည်။

သူက လီယင်း၏ ဘယ်ဘက်လက်မောင်းကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဘာလဲ လက်ဖျံက ဒဏ်ရာက အခုထိ မသက်သာသေးဘူးလား ..."

"အရင်ကထက် သက်သာလာပါပြီ ..."

လီယင်းက ကြမ်းပေါ်တွင် ထိုင်နေကာ လှုပ်ရှားမည့်ဟန် မမြင်။ မျက်လုံးအောက်တွင် အမည်းရောင် အရိပ်တို့ ထွက်ပေါ်နေကာ ဖြူရော်သော မျက်နှာတွင် နွမ်းနယ်မှုတို့ကို အတိုင်းသား မြင်နေရ၏။ သူက ပြောလိုက်သည်။

"အကြာကြီး ခရီးသွားထားရတော့ နည်းနည်း ပင်ပန်းနေလို့ ..."

"ငါ့ရှေ့လာပြီး သနားစရာကောင်းအောင် ဟန်ဆောင်ပြမနေနဲ့ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"ငါ့အစ်ကိုကြီးက မင်းတို့ လီတိုင်းပြည်ကြောင့် ဒုက္ခခံခဲ့ရတာ သူက သတိလစ်နေပြီး အသက်တောင် ဆုံးရှုံးရတော့မလို့ .. မင်းလို ခရီးလေးပဲ သွားခဲ့တဲ့သူက ဘယ်မျက်နှာနဲ့ အမှတ်ဝင်ယူချင်နေတာလဲ ..."

သူက ကောက်ကာငင်ကာ‌ ထေ့ငေါ့ပြောလိုက်သော်ငြား လီယင်းက သူနှင့် ပြန်လှန်ကာ ငြင်းမနေ။

"လူကို မင်းလက်ထဲ ထည့်ပြီးမှတော့ ကိုယ့်အနေနဲ့လည်း သူ ဘေးကင်းလား သေချာအောင် လုပ်ရမယ်လေ သူ နိုးလာတာနဲ့ ချက်ခြင်း ပြန်ပါ့မယ် ..."

အခန်းထဲ၌ အသံတိတ်သွားတော့သည်။

ရင်ရှီက မီးသွေးကို မီးညှိကာ မီးဖိုထဲ ထည့်ပေးလိုက်၏။ ထိုမီးသွေးမှာ အခိုးမထွက်။ တောက်လောင်နေသည့်အသံ ခပ်တိုးတိုးကိုသာလျှင် ရံဖန်ရံခါ ကြားနေရသည်။

လီယင်းက တိတ်ဆိတ်နေသည့် အခြေအနေကို ချိုးဖျက်လိုက်သည်။

"အိပ်တော့ ကိုယ် စောင့်နေမယ် သူ နိုးလာရင် မင်းကို ခေါ်လိုက်မယ် ..."

"သူက ငါ့အစ်ကိုလေ ဘယ်လိုလုပ် အိပ်နေနိုင်မှာလဲ ..."

ယွင်ချင်းစီက လီယင်း၏ ညိုမည်းနေသော မျက်ကွင်းတို့ကို စိုက်ကြည့်ရင်း စိတ်မထိန်းနိုင်တော့သည့်ဟန်။

"နန်းတော်ထဲ ပြန်လိုက်ပါ့လား ဒီလိုပုံစံမျိုးနဲ့ဆို လူကြီးမင်းလျှိုသာ တွေ့ရင် စိတ်ညစ်သွားတောါမှာပဲ ..."

လီယင်း၏ မျက်တောင်တို့ မသိမသာ တုန်ရီကာ သူ့ကို မော့ကြည့်လိုက်သည်။

ယွင်ချင်းစီ၏ အကြည့်တို့က အေးစက်နေ၏။ ထို့အပြင် သူသည် သူ့ကျန်းမာရေးကို စိုးရိမ်ခြင်းမရှိ၊ ညီလာခံအတွက်သာ စိုးရိမ်နေပေသည်။

လီယင်းက ဒူးပေါ် လက်တင်ကာ သူ့အနားသို့ လျှောက်လာပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။

အသက်ရှူသံတို့က မတည်မငြိမ်။

"ဒီတစ်ည မင်းနဲ့အတူ အိပ်လို့ ရမလား ..."

ယွင်ချင်းစီက တစ်ခဏမျှ ရပ်တန့်သွားကာ သူ့ကို မနှစ်မြို့သည့် အကြည့်တစ်ချက် ပေးလိုက်ပြီးကာမှ ပြောလိုက်သည်။

"ကောင်းပြီ လှဲလေ ..."

ခွင့်ပြုချက် ရသွားကာမှ လီယင်းလည်း အနည်းငယ် စိတ်အေးသွားရတော့သည်။ ဖိနပ်ကို ချွတ်ကာ အဝတ်အစားလဲပြီး ယွင်ချင်းစီ၏ အိပ်ယာပေါ်တွင် တိတ်တိတ်လေး လဲလျောင်းနေလိုက်၏။ ထို့နောက် လက်ကို ဆန့်ထုတ်ကာ ယွင်ချင်းစီ၏ အင်္ကျီအနားစကို ဂရုတစိုက် လှမ်းကိုင်လိုက်သည်။ အင်္ကျီကို လှမ်းဆွဲရာ၌ လက်တစ်ဖက်လုံးကိုပင် မသုံးရဲ။ လက်ညှိုးကိုသာ ခပ်ဖွဖွ သုံးလိုက်၏။ အိပ်ယာဘေးတွင် ထိုင်ရသည်မှာ အေးလွန်းသောကြောင့် ယွင်ချင်းစီက သူ့ခြေထောက်ကို ဆွဲကာ စောင်ဖြင့် လွှမ်းခြုံလိုက်သည်။

လီယင်းကလည်း လက်ကိုလွှတ်ကာ အတင်း မျက်လုံးမှိတ်ထားလိုက်တော့သည်။

သူ အိပ်ပျော်သွားသည့်တိုင် ယွင်ချင်းစီက အိပ်မပျော်နိုင်။ ကျင်းဟွမ်ကို ဘေးခန်းတွင် တစ်ခုခု ဖြစ်သည်နှင့် တစ်ပြိုင်နက် လာခေါ်ရန်နှင့် စောင်တစ်ထည် ထပ်ယူလာရန်ကိုပါ ပြောလိုက်သည်။ လီယင်းကို စောင်ခြုံပေးမည်ပြုစဉ်မှာပင် နားထင်တစ်ခုလုံး‌ ချွေးများဖြင့် စိုရွှဲနေကြောင်း တွေ့လိုက်ရသည်။

ဒီလိုညမျိုးမှာတောင် ချွေးထွက်ဖို့ဆို သူ့ခန္ဓာကိုယ်က အတော်လေးကို ကောင်းရမယ် ...

ယွင်ချင်းစီက ခြေဖဝါးကို သူ့အပေါ် တင်ကြည့်လိုက်သည့်အခါ တစ်ဖက်သူက မသိစိတ်အရ လက်ကိုဆန့်ထုတ်ကာ သူ့ခြေဖဝါးကို လှမ်းဆွဲလိုက်၏။

သူ့လက်ဖဝါးမှာ ထင်ထားသကဲ့သို့ ပူမနေ။ ထိုအစား အနည်းငယ်ပင် အေးနေသေးသည်။

ဒါ ဘယ်လို ခန္ဓာကိုယ်မျိုးလဲဆိုတာ ဘယ်သူသိလဲ ..

သူ့လက်ဖဝါးကို ယွင်ချင်းစီ၏ ခြေထောက်ပေါ်သို့ တင်ထားလိုက်၏။ နီးကပ်လှသည့် အထိအတွေ့က သူ့ကိုယ်တွင်းမှ နာကျင်မှုကို ထိရောက်စွာ သက်သာစေရာ ချက်ခြင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။

အသက်ရှူသံတို့ တည်ငြိမ်သွားသည့်အခါ ယွင်ချင်းစီက သူ့ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်၏။ သိူ့သော်  သူ ပြန်ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် လီယင်း၏ အသက်ရှူသံတို့ ကမောက်ကမ ဖြစ်လာကာ မျက်ခုံးတို့လည်း ချက်ခြင်း တွန့်ကွေးလာတော့သည်။

ယွင်ချင်းစီ "..."

ဒီလူ တမင် လုပ်နေတာလား ...

ခြေထောက်ကို လုံးဝဥဿုံ ပြန်ဆွဲထုတ်ပြီးနောက် မတ်တပ်ထကာ သူ့အစ်ကိုကို သွားကြည့်လိုက်သည်။ ထိုသူ ယခုထိ နိုးမလာသေး။ သမားတော်က သူ့ဒဏ်ရာများကို ကုသပေးနေရာ ယွင်ချင်းစီလည်း ကိုယ့်အခန်းကိုယ်သာ ပြန်လာလိုက်ရတော့သည်။

ကုတင်ပေါ်ရှိ လီယင်းမှာမူ တစ်ဖက်သို့ လှည့်ကာ ကျောပေးထားနှင့်ပြီဖြစ်သည်။ ရှည်လျားလှသည့် ခန္ဓာကိုယ်ကိုလည်း အနည်းငယ် ကွေးညွတ်ထား၏။

ယွင်ချင်းစီက တစ်ခဏမျှ ရပ်နေပြီးကာမှ သူ့ကို ချီတုံချီချဖြင့် လှမ်းကန်လိုက်သည်။

"လီယင်း ..."

လီယင်းကလည်း နိုးသွားသည့်ဟန်။

"ဟမ် ..."

"နေလို့ မသက်သာရင် သမားတော်ကို ပင့်လိုက် ..."

"မလိုပါဘူး ..."

"ဒါဆိုလည်း သွားအိပ်တော့ ..."

လီယင်းက ပြန်မဖြေ။

ယွင်ချင်းစီမှာ အိပ်မပျော်တော့သည့်အတွက် အိပ်ယာခေါင်းရင်းတွင် ထိုင်ကာသာ စာအုပ်ဖတ်နေလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် လီယင်းက သူ့အနားသို့ လူးလှိမ့်ကာ ခြေထောက်ပေါ်ကို လက်တင်လိုက်ပြန်၏။

ထို့နောက် အိပ်မောကျသွားပြန်တော့သည်။

ယွင်ချင်းစီက သူ့ကို အကြိမ်အနည်းငယ် ခေါ်လိုက်သော်ငြား လှုပ်ရှားမလာ။ ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အိပ်မောကျသွားဟန်ပင်။

ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ချင်သော်ငြား မျက်ကွင်းများ ညိုမည်းနေသော လီယင်း၏ ပုံစံကို သတိရသွားသည့်အတွက် ထိုအတွေးကို စွန့်လွှတ်လိုက်သည်။

ထားပါ ... သူ့အစ်ကိုကြီးကို ပြန်ခေါ်လာပေးတဲ့အတွက်လို့ပဲ သဘောထားလိုက်တာပေါ့ ...

လီယင်းက မိုးစင်စင်လင်းသည်အထိ အိပ်မောကျသွားကာ သူနိုးလာသည့်အခါ ဘေးတွင် လဲလျောင်းနေသည့် ယွင်ချင်းစီကို တွေ့လိုက်ရသည်။ အသက်ရှူသံ မှန်မှန်ဖြင့် အိပ်စက်နေသည့် နူးညံ့ကာ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးမှာ သူ့မှတ်ဉာဏ်ထဲကနှင့် တစ်ထပ်တည်း တူညီနေဆဲပင်။

လီယင်းက လက်ကိုမြှောက်ကာ ယွင်ချင်းစီ၏ မျက်နှာတစ်လျှောက် လက်ဖျားထိပ်ဖြင့် ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။

ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် စိတ်သက်သာအေးချမ်းမှုနှင့်အတူ လီယင်းသည် လက်ကို လွှတ်ချပြီး ဧကရီ၏ ခေါင်းပေါ် မေးတင်ကာ မျက်လုံးတို့ကို ပြန်ပိတ်ထားလိုက်သည်။

ယွင်ချင်းစီက သူ့လှုပ်ရှားမှုကြောင့် နိုးမလာ။ နှလုံးသားက အကြိမ်ပေါင်း‌ ထောင်သောင်းမက ငြင်းဆန်နေသည့်တိုင် ခန္ဓာကိုယ်မှာမူ လီယင်း၏ နီးကပ်မှုတို့ဖြင့် အသားကျနေပြီးဖြစ်သည်။

လီယင်းကလည်း အချိန်အကြာကြီး မနေ။ ယွင်ချင်းစီ နိုးလာပါလျှင် သူ့ကို ရင့်ရင့်သီးသီး ပြောလိမ့်ဦးမည်ဖြစ်ကြောင်း သိနေသည့်အတွက် သူ့ကိုလွှတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်သည်။

ယွင်ချင်းစီ နိုးလာသည့် အချိန်တွင်မူ လီယင်းက ထွက်ခွါသွားနှင့်နေပြီဖြစ်သည်။

အဝတ်အစားလဲကာ အပြင်သို့ ထွက်လာလိုက်၏။ မက်မွန်ပင်အောက်တွင် ပိန်လှီသော အမျိုးသားတစ်ဦးက သစ်သားဘီးတပ်ကုလားထိုင်တွင် မျက်စိမှိတ်လျက် ထိုင်နေသည်။ သူ့ပုံစံမှာ နူးညံ့လှသည့် နွေဦးလေပြည်ကြောင့် ရီဝေယစ်မူးနေသည့်နှယ်။

ယွင်ချင်းစီက ဝင်းလက်သည့် အကြည့်တို့ဖြင့် သူ့အနီးသို့ လျှောက်လာလိုက်၏။

"အစ်ကိုကြီး ..."

ယွင်ချင်းကျီက သူ့ကို လှည့်ကြည့်လိုက်သည်။ တစ်ခဏမျှ ‌ကြောင်အနေပြီးကာမှ ပြုံးကာ ပြောလိုက်သည်။

"ဒါက .. အားစီလား ..."

သူတို့နှစ်ဦးမှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသည့်အပြင် အသက်အရွယ်အားဖြင့်လည်း ဆယ်နှစ်ခန့် ကွာခြားသည့်အတွက် အနည်းငယ် စိမ်းသက်မှုကို ခံစားနေရသည်။ ယွင်ချင်းစီက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ပြောလိုက်သည်

"စားပြီးပြီလား ..."

"ပြီးပြီ .. အရှင်က တော်ဝင်စားဖိုဆောင်ကနေ အားဖြည့်စွပ်ပြုတ် စီစဉ်ပေးခဲ့တယ် ..."

ယွင်ချင်းစီက ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။

"အဖေ့ကို လာတွေ့ဖို့ ခေါ်လိုက်ရမလား ..."

"အချိန်ကျလာတဲ့အခါ အရှင်က အဖေနဲ့တွေ့ဖို့ စီစဉ်ပေးပါလိမ့်မယ် ..."

ယွင်ချင်းစီက ခေါင်းကိုစောင်းကာ ပြောလိုက်သည်။

"ခရီးက အတော်လေး ကြမ်းတမ်းလား ..."

"အမ်း ..."

ယွင်ချင်းကျီက သက်ပြင်းချကာ ပြောလိုက်သည်။

"ကျင်းကို ပြန်လာဖို့ အရှင်ကိုယ်တိုင် လာခေါ်ပေးလိမ့်မယ်လို့ တကယ် မမျှော်လင့်ခဲ့မိဘူး သရုပ်မှန် ပေါ်သွားမှာကို စိုးရိမ်စိတ်နဲ့ အားလုံး အလောကြီးနေ‌ခဲ့ကြတာလေ တစ်ဖက်ကလည်း တစ်ခုခု သိသွားတယ်ထင်တယ် လုပ်ကြံသူတွေပါ လွှတ်ခဲ့သေးတယ် အရှင်က ကောအတွက် မြားတောင် ဝင်ခံပေးလိုက်သေးတယ်လေ ..."

".. ကောက သူ့အတွက် အများကြီး လုပ်ပေးထားတာပဲဟာ ကောကို ကာကွယ်ပေးတာ ဖြစ်သင့်ပါတယ် ..."

ယွင်ချင်းကျီက အနည်းငယ် အံ့အားသင့်သွားသည့်ဟန်။ ယွင်ချင်းစီက သူ့ကို မော့ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

"သူ့အတွက် ကောက အသက်တောင် ဆုံးရှုံးရတော့မလို့လေ သူက ကောကို သေချာပေါက် ဂရုစိုက်ပေးသင့်တာပေါ့ ..."

"ဘာတွေ လျှောက်ပြောနေတာလဲ ..."

ယွင်ချင်းကျီက ရယ်ကာပြောလိုက်သည်။

"အရှင့်အတွက် မဟုတ်ဘဲ ကျင့်နိုင်ငံတော်အတွက်လေ ဒါက အရှင့်အတွက်လည်း အတူတူပဲ ညီလာခံတက်၊ အစီရင်ခံစာတွေ ဖတ်ပြီး လူတွေကို ကွပ်မျက်တာအထိ အကုန် သူတစ်ယောက်တည်းရဲ့ အကျိုးအတွက် မဟုတ်ဘဲ တိုင်းပြည်အတွက်လေ ..."

ချီရမ်ဝေ့က သူ့ကို ငယ်စဉ်ကတည်းက တိုင်းပြည်အပေါ် အထူးသဖြင့် ဧကရာဇ်အပေါ် သစ္စာရှိရန် သင်ကြားထားကာ စကားလုံးတိုင်းက သူ၏ တိုင်းပြည်အပေါ် သစ္စာရှိစိတ်နှင့် သူ့မိသားစု၏ ဖြောင့်မတ်သည့် သဘောထားကို သယ်ဆောင်ထားသည်။ ယွင်ချင်းစီက သူ့ကို နားမလည်သည်တော့ မဟုတ်။ သို့သော် အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

"တိုင်းပြည်ကလည်း လီမိသားစု အပိုင်ပဲလေ ..."

"အမည်အားဖြင့်တော့ လီမိသားစုအပိုင် ဆိုပေမယ့် တကယ်တမ်း ပြည်သူတွေကပဲ ပိုင်တာပါ ..."

ယွင်ချင်းကျီက ပြောလိုက်သည်။

"အရှင်က ကောကို အရဲစွန့်ပြီး ကယ်ခဲ့တာ မင်းကြောင့်ပဲ ထင်တယ် ဒါမျိုး လုပ်စရာ မလိုဘူးလေ ဒါက ကိုယ်ရေးကိုယ်တာအရ မျက်နှာသာပေးတာ‌ပဲ ကော လုပ်ခဲ့တာတွေအတွက်လောက်နဲ့ သူက မြားကို အစားဝင်ခံပေးဖို့ မလိုအပ်ဘူးလို့ ထင်တာပဲ .. တော်သေးတာပေါ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရမသွားလို့ မဟုတ်ရင် တစ်သက်လုံး အပြစ်ရှိတဲ့စိတ်ကြီးကို ခံစားနေရတော့မှာ ..."

ယွင်ချင်းစီက တစ်ခဏမျှ ထိုင်နေပြီးကာမှ တုန့်ဆိုင်းစွာဖြင့် မေးလိုက်သည်။

"ဒါဆို မြားမှန်တာအပြင် တစ်ခြား ဘာတွေ ဖြစ်သေးလဲ .. အဆိပ်မိတာလိုမျိုးလေ ..."

"တစ်ခါမှ မကြားဖူးဘူး ဒါပေမယ့် အရှင့်ရဲ့ ပုံစံက တော်တော်လေး နာမကျန်းဖြစ်နေသလိုပဲ လမ်းမှာလည်း ကောင်းကောင်း မအိပ်ဘူး ခဏခဏလည်း ခေါင်းကိုက်သေးတယ် ပုန်းအောင်းနေတဲ့ ဝေဒနာတွေများ ရှိနေသလားတော့ မပြောတတ်ဘူး ..."

ယွင်ချင်းကျီက ရေနွေးသောက်ကာ ပြောလိုက်သည်။

"မင်းက ဧကရီပဲဟာ အရှင်နဲ့ ပတ်သက်ပြီး မူမမှန်တာ တစ်ခုခုကို သတိမပြုမိဘူးလား ..."

"ဘယ်လိုလုပ်သိမှာလဲ ..."

ယွင်ချင်းစီ၏ အသံက တစ်ဖြည်းဖြည်း တိုးဝင်လာတော့သည်။

လီယင်းက သူတို့၏ ဆက်ဆံရေးအကြောင်း ယွင်ချင်းကျီကို မပြောပြခဲ့ပေ။ သွေးချင်း ဆက်နွယ်နေရုံမှအပ သူနှင့် ယွင်ချင်းကျီသည် သူစိမ်းမျှသာ ဖြစ်နေသေးပေသည်။

များစွာ ပြောပြရန် ခဲယဉ်းလှ၏။

လီယင်း၏ စီစဉ်မှုများအား ယွင်ချင်းကျီက လက်ခံနိုင်ခြင်းအပေါ် ယွင်ချင်းစီအနေဖြင့် မယုံကြည်နိုင်။ သို့သော် သူ့အစ်ကိုကြီးသည် များစွာ ကြုံတွေ့ခဲ့ကာ တိုင်းပြည်အပေါ် ကိုယ်ရောစိတ်ပါ မြှုပ်နှံထားကြောင်းလည်း သိနေပေသည်။ သူ့အနေဖြင့်လည်း ယွင်ချင်းကျီကို လွန်စွာ လေးစားလှ၏။

ထို့အပြင် အတိတ်ဘဝက လီယင်းသည် သူတစ်ဦးတည်းအတွက်၊ လီမိသားစု တစ်ခုတည်းအတွက်သာ အလုပ်များနေခြင်း မဟုတ်ကြောင်း၊ ရုံးတော် ပြိုကွဲသည်နှင့် တစ်ပြိုင်နက် နိုင်ငံတစ်ခုလုံး ပျက်စီးသွားနိုင်ကြောင်းကိုလည်း သိထားပေသည်။

လီယင်းကို နားလည်သော်ငြား နားလည်ခြင်းက လက်ခံနိုင်သည်ဟု မဆိုလို။ အတိတ်ဘဝက လီယင်း၏ သမာသမတ်ကျမှုကို လွန်စွာ သဘောကျနှစ်ခြိုက်ခဲ့သော်ငြား ယခုမူ သူ့နေထိုင်ပုံကို ပြောင်းလဲရန်သာ မျှော်လင့်မိတော့သည်။

ထိုထက်ပိူ၍ အခြားမရှိ။

နေ့လည်ပိုင်းတွင် ခြံဝင်းထဲသို့ ရောက်လာသော အဖေနှင့် အစ်ကိုသုံးဦးကို ကြိုဆိုလိုက်သည်။

ပေချန်းရှိ ယွင်ချင်းကျီ၏ သရုပ်မှန်မှာ ဖော်ထုတ်ခံလိုက်ရပြီးဖြစ်ကာ ကျင့်နိုင်ငံသို့ ပြန်ရောက်လာပြီ ဖြစ်သည့်အတွက် လီယင်းက သူ့ရာထူးကို ပြန်လည်စီစဉ်ပေးရန် လိူအပ်လာတော့သည်။

ယွင်ချင်းစီက ဘေးတွင် ရပ်ကာ သူ့အဖေနှင့် အစ်ကိုများ အချင်းချင်း သွေးသားရင်းအဖြစ် အသိအမှတ်ပြုကာ ကျယ်လောင်စွာ စကားပြောနေကြသည်ကိုသာ ငေးကြည့်နေလိုက်၏။ တစ်ခါတစ်ရံ သူ့ဘေးရှိ မက်မွန်ပင်ကိုလည်း မော့ကြည့်မိပြန်သည်။

အမေနဲ့ အကြီးဆုံး အစ်မကြီးပဲ ကျန်တော့တယ် ...

လက်ဖက်ရည်ခွက်ကို ကိုင်လိုက်စဉ်မှာပင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူကို ဖျတ်ခနဲ တွေ့လိုက်ရသည်။ လီယင်း မည်သည့်အချိန်ကတည်းက ရောက်နေကြောင်းကို သတိမပြုမိခဲ့။ သူက အရှေ့တံခါးတွင် ရပ်ကာ နံရံကို မှီလျက် တိတ်တဆိတ် စိုက်ကြည့်နေသည်။

သူ့ပုံစံမှာ လွန်စွာ အထီးကျန်ဆန်နေဟန်။ ယွင်ချင်းစီနှင့် အကြည့်ချင်း ဆုံမိသည့် တစ်ခဏ၌ အကြည့်တို့ကို အဝေးသို့ မပို့တော့။

ယွင်ချင်းစီက ခေါင်းကို လှည့်လိုက်လျှင် သူ့နောက်တွင် အဖေနှင့် ညီအစ်ကိုများ ရှိနေပါသော်လည်း လီယင်း၏ နောက်တွင်မူ ဆုံးပါးသွားသော မိဘနှစ်ပါးနှင့် မည်းနက်သည့် စိတ်နှလုံးပိုင်ရှင် မယ်တော်ကြီးကျန်းသာ ရှိပေသည်။

သူ့အကြည့်တို့က ယွင်ချင်းစီကို အသိအမှတ်ပြုပါကြောင်း ပြောနေ၏။

ယွင်ချင်းစီက အကြည့်လွှဲကာ ခေါင်းကိုမော့လျက် လက်ဖက်ရည်ကို သောက်လိုက်သည်။