အပိုင်း ၆၂
Viewers 12k

Chapter 62



ထိုည၌ ယွင်ချင်းစီက တစ်ဖန် အိပ်မက်ပြန်မက်လာပြန်၏။

အိပ်မက်ထဲရှိ အချိန်ကာလက ရှေ့တိုးသွားကာ လက်တွေ့နှင့် ကိုက်ညီခြင်းမရှိ။ ထိုနေရာသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီသည် ခေါင်းတလားမှာ အဖုံးပွင့်နေကြောင်း တွေ့လိုက်ရတော့သည်။ ချက်ခြင်း အပြေးအလွှားသွားကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာတော့သည်။

"လီယင်း မင်းပြန်လာပြီ ..."

လီယင်းက ခေါင်းတလားထဲတွင် လဲလျောင်းလျက် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ လွန်စွာ ပင်ပန်းနေသောကြောင့် ကြာမြင့်စွာ အိပ်မောကျသွားကာ သူ ပြန်နိုးလာချိန်တွင် မျက်နှာတစ်ဖက်ခြမ်း၌ အစင်းကြောင်းများ ထင်နေတော့သည်။

မျက်လုံးကိုဖွင့်ကာ ဘေးနားရှိ ချစ်ရသူ၏ ရုပ်အလောင်းကို လှမ်းကြည့်ပြီး သူ့လက်ကို ကိုင်ထားလိုက်သည်။

"ငါ့လက်ကို မထိနဲ့ ..."

ယွင်ချင်းစီက မကျေမနပ် ရေရွတ်လိုက်သည်။ ထို့နောက် ဘေးနားရှ်ိ မီးအိမ်ကို လှမ်းကြည့်လိုက်၏။ ၎င်းမှာ နီမလာသေး။ လီယင်း ပြန်လည်မွေးဖွားရန် မည်မျှ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိလိုလာတော့သည်။

ဤတစ်ကြိမ်တွင်မူ လီယင်းက ခေါင်းတလားထဲရှိ သူ့ကို စကားမပြောတော့။ အိပ်မက်ထဲသို့ သူဝင်မလာစဉ်ကတည်းက ပြောနှင့်ပြီး၍လည်း ‌ဖြစ်နိုင်ပေသည်။

မီးအိမ်ကို ကောက်ကိုင်ကာ ဂူဗိမ္မာန်မှ ထွက်ခွါသွားတော့သည်။

ယွင်ချင်းစီက ချက်ခြင်း အတွေးပေါက်ကာ သူ့နောက်မှ ကပ်လိုက်သွား၏။

"မြေအောက်နန်းတော်ထဲကနေ ထွက်ပြီး မင်း အခု ဘာတွေ လုပ်နေလဲ လိုက်ကြည့်ရမယ် ပြီးတော့ အခုလက်ရှိ ကျင့်နိုင်ငံက ဘယ်လိုဆိုတာကိုပါ တွေ့နိုင်တာပဲ ..."

လီယင်းက သူ့စကားကို မကြားရ၊ ထို့ကြောင့် သူ့ကို မဟန့်တားနိုင်ပေ။

ဂူသင်္ချိုင်းထဲမှ ထွက်လာပြီးနောက် အိပ်မက်ထဲတွင် ပထမဆုံးအကြိမ် နေရောင်ခြည်နှင့် ထိတွေ့လိုက်ရတော့သည်။ အလင်းရောင်က သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်ကာ လက်ချောင်းတို့ကို အကြည်ရောင်အဖြစ် ပြောင်းလဲသွားစေသည်။

တစ်ချိန်တည်းမှာပင် ခြံဝင်းထဲ၌ ညသန်းခေါင် ရောက်ကာမှ လီယင်းက သူ့အိပ်ယာထဲသို့ ရောက်လာသည်။

အိပ်ယာဘေးတွင် ဝင်ထိုင်ကာ သူ့လက်ကို ဆွဲကိုင်လိုက်၏။ ယွင်ချင်းစီမှာ နှစ်ခြိုက်စွာ အိပ်မောကျနေကာ တစ်ခုကိုမှ မခံစားရ။

မိုးလင်းသည့်အခါ လီယင်းက ခြံဝင်းထဲမှ ထွက်သွား၏။

ယွင်ချင်းစီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပင်။

ကိုးနာရီထိုးခန့်တွင် ကျင်းဟွမ်နှင့် ရင်ရှီတို့ အိပ်ယာအနီး ရောက်လာကာ တီးတိုးပြောလိုက်ကြသည်။

"ဧကရီက ဘာလို့ ဒီနေ့မှ တအား အိပ်နေရတာလဲ ..."

"ပုံမှန်ဆို နိုးနေရတော့မှာပါ ..."

"နေ့လည်စာစားချိန်တောင်ရောက်ပြီ ..."

ကျင်းဟွမ်က တုန့်ဆိုင်းစွာဖြင့်‌ ပြောလိုက်သည်။

"သူ့ကို နှိုးကြမလား ..."

နှစ်ဦးသား ရှေ့သိူ့ ပြိုင်တူတိုးကာ လိုက်ကာစကို အသာ လှပ်လိုက်ကြသည်။

"ဧကရီ .. ဧကရီ ..."

ယွင်ချင်းစီက မလှုပ်ရှားလာသေး။

ရင်ရှီ၏မျက်နှာ ပျက်ယွင်းသွားကာ ကျင်းဟွမ်နှင့် အကြည့်ချင်း ဆုံမိသွားကြတော့သည်။ လက်ကို ဆန့်ထုတ်ကာ ယွင်ချင်းစီ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည့်တိုင် တစ်ဖက်စောင်းနေသည့် အနေအထားမှ ပက်လက်အနေအထားသို့ ပြောင်းလဲသွားရုံမှအပ လုံးဝ လှုပ်ရှားမလာတော့ချေ။

ရင်ရှီ၏ မျက်နှာမှာ အတိုင်းအဆမဲ့စွာ ဖြူဖွေးလာတော့၏။

ကျင်းဟွမ်က စိတ်ကို အေးအေးထားကာ ယွင်ချင်းစီ၏ အသက်ရှူသံကို တစ်ဖြည်းဖြည်းချင်း စမ်းသပ်လိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် အိပ်မောကျနေတာပဲ ဖြစ်မှာပါ ..."

ရင်ရှီ၏ မျက်လုံးတို့ နီရဲလာတော့သည်။

"ဒါဆို နည်းနည်းလောက် ထပ်စောင့်ကြမလား ..."

အပြင်ဘက်မှ ညင်သာသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ ယွင်ချင်းကျီပင်ဖြစ်သည်။

"အားစီက ဘာလို့ မထသေးတာလဲ ..."

ကျင်းဟွမ်က ရှေ့သို့ ပြေးထွက်သွားကာ ပြောလိုက်သည်။

"ဧကရီက မနေ့ညက အတော်လေး ပင်ပန်းသွားတယ် ထင်ပါတယ် အခုထိ အိပ်ပျော်နေပါတယ် ..."

ယွင်ချင်းကျီ၏ မျက်ခုံးတို့ တွန့်ကျုံ့သွားကာ ကျင်းဟွမ်၏ ဟန်ပျက်နေသော အမူအယာကို သတိပြုမိသွားတော့သည်။

"ဘာဖြစ်နေတာလဲ ..."

ကျင်းဟွမ်က ချက်ခြင်း ဒူးထောက်ချလိုက်သည်။

နောက်မှ လိုက်ပါလာသည့် အစောင့်က သူ၏ ဘီးတပ်ကုလားထိုင်ကို အခန်းထဲအထိ သယ်မ ပေးလိုက်သည်။ ယွင်ချင်းကျီက အိပ်ယာအနီးသို့ အမြန်သွားကာ ယွင်ချင်းစီ၏ နှာခေါင်းကို ထိကြည့်လိုက်သည်။

အားလုံး ပုံမှန်အတိုင်းပင်။ သိူ့သော် သူက နိုးမလာ။

"ဘယ်သူ့မှ မပြောနဲ့ နည်းနည်းလောက် စောင့်ကြည့်လိုက် ..."

သူက ညွှန်ကြားလိုက်သည်။

"ပင်ပန်းသွားလို့နေမှာ ညအထိမှ နိုးမလာရင် အရှင်နဲ့ အမတ်ချူပ်အိမ်တော်ကို အကြောင်းကြားလိုက်မယ် ..."

ယွင်ချင်းစီ ကြုံတွေ့နေရသည်များမှာ ဝတ္ထုအလားပင်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင်  အိပ်မက်ထဲသို့ အချိန်မှန် ပြန်ရောက်လာကာ သူ့အလောင်းကိုသာမက တော်ဝင်ဂူသင်္ချိုင်း၏ အပြင်ဘက်ရှိ ရှုခင်းကိုပါ တွေ့ခွင့် ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားဖူးချေ။

လီယင်းနှင့်အတူ လှည်းထဲသို့ လိုက်ဝင်ကာ သူ့ဘေးတွင် တိုးဝှေ့ကာ ထိုင်လိုက်၏။ တစ်ဖန် ဘယ်ပြန်ညာပြန် ကြိမ်ဖန်များစွာ ပြောင်းထိုင်ရုံသာမက သူ့နားထဲကိုပါ လေမှုတ်ထုတ်လိုက်သည်။

လီယင်းက မလှုပ်ရှား။

လှည်းထဲမှ ထွက်ကာ ပုံမှန်အတိုင်းပင် နန်းဆောင်ထဲသို့ ပြန်သွားလိုက်သည်။ သို့သော် ကျန်းရှန်းနန်းဆောင်မဟုတ်၊ ချောင်ယန်နန်းဆောင် ဖြစ်နေသည်။

သူမှတ်မိနေသည်ထက်ပင် ပိုမိုကာ ရင့်ရော်နေသည့် လျှိုကျီရူက လီယင်းကို ဝမ်းသာအားရ ခရီးဦးကြိုပြုကာ ညီလာခံမှ ကိစ္စရပ်များကို အစီရင်ခံ တင်ပြလိုက်သည်။

လီယင်းက ခေါင်းငြိမ့်ပြကာ မီးအိမ်ကို စားပွဲပေါ်ချ၍ ပြောလိုက်သည်။

"အိမ်ရှေ့စံကို ဆင့်ခေါ်လိုက် ..."

အိမ်ရှေ့စံ လီဟန့် ...

ယွင်ချင်းစီက စားပွဲပေါ် ထိုင်ကာ အရွယ်ရောက်ကာစ ကလေးနှင့် ၃၇/၃၈ နှစ်အရွယ် လီယင်းကို အကဲခတ်နေလိုက်သည်။ ထိုကလေးမှာ လီယင်းကို များစွာ ကြောက်ရွံ့နေသည့်နှယ်၊ သတိကြီးကြီးထားလျက် ပြန်လည်ဖြေဆိုနေသည်။

ယွင်ချင်းစီက တစ်ခဏမျှ ထိုင်နေပြီးနောက် သူနေထိုင်ခဲ့ရာ နန်းဆောင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ချောင်ယန်နန်းဆောင်၏ ပရိဘောဂများမှာ သူရှိစဉ်ကအတိုင်းပင်။ ရှေးဟောင်းကျောက်စိမ်း၏ တည်နေရာသည်ပင် မပြောင်းလဲ။ ထို့အပြင် ကျောက်စိမ်းကို နေ့စဉ်နှင့်အမျှ သန့်ရှင်းရေး လုပ်ပေးထားကြောင်းကိုပါ အံ့ဩဖွယ် တွေ့လိုက်ရ၏။ အတိတ်ဘဝက ယွင်ချင်းစီသည် ထိုအပြင်အဆင်များကို များစွာ သဘောမကျ။ ဂရုစိုက်ခြင်းလည်း မပြုခဲ့ရာ နန်းတော်အစေခံကလည်း သာမန်ကာလျှံကာသာ သုတ်သင်ဆေးကြောသွားသည့်အတွက် အချို့ ပန်းပုလက်ရာများတွင် အပြာရောင်၊ခဲရောင် ဖုန်မှုန့်များ ကပ်ငြိနေတတ်ပေသည်။

လီယင်းကို ခစားတဲ့ သူတွေက သေချာပေါက်ကို သူ့နန်းဆောင်က လူတွေထက်ပိုပြီး ဂရုတစိုက် ရှိမှာပေါ့ ...

သို့သော် ညအချိန်သို့ ရောက်လာသည့်အခါ လီယင်းက အဝတ်အစား လဲလှယ်ပြီး စားပွဲ၊ကုလားထိုင်မှအစ ချောင်ယန်နန်းဆောင်ရှိ ပစ္စည်းတိုင်းကို ကိုယ်တိုင် ဖုန်သုတ်နေကြောင်း တွေ့လိုက်ရသည်။ လျှိုကျီရူက ဘေးနားတွင် ရပ်ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်သည်။

"အရှင် စောစောစီးစီး အနားယူတော်မူပါ ..."

"ထားခဲ့ ..."

လျှိုကျီရူက ဆက်မပြောရဲတော့။ အရိုအသေပေးကာသာ တံခါးကို ဂရုတစိုက် ပိတ်ပေးလျက် ထွက်သွားလိုက်တော့သည်။

ယွင်ချင်းစီက ထိုင်ခုံပေါ် ငုတ်တုတ်ထိုင်ကာ ‌မမောနိုင်မပန်းနိုင် သန့်ရှင်းရေး လုပ်နေသူကို ကြည့်နေလိုက်သည်။

သန့်ရှင်းရေးလုပ်ရန်မှာ များစွာ မကြာမြင့်လှသော်ငြား လီယင်းကမူ မည်သည်ကို တွေးနေသည်မသိ၊ မတ်တပ်ရပ်လျက် ခဏခဏ ငေးမောသွားတတ်သည်။

"ကောင်းပြီ ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"သွားအိပ်တော့ မကြာခင် အရုဏ်ဦး စည်သံ ထွက်လာတော့မှာ ..."

သူပြောပြီး မကြာမီ လီယင်းက အဝတ်စကို ပစ်ချကာ ကန့်လန့်ကာအနောက်သို့ ဝင်သွားလိုက်သည်။

မအိပ်သေးဘဲ ရေပူတစ်ဇလုံ ယူလာပေးရန် အမိန့်ပေးလိုက်သည်။ အဝတ်အစားချွတ်ကာ ရေဇလုံထဲ စိမ်လိုက်သည့်အခါမှ ယွင်ချင်းစီသည် လီယင်း၏ လက်မောင်းသာမက ခြေထောက်တို့တွင်လည်း အသားစများ လှီးထုတ်ထားသည့် အမာရွတ်တို့ ရှိနေကြောင်း သတိပြုမိသွားတော့သည်။

သူ ထိုမြွေကို အစာကျွေးသည်မှာ တစ်ကြိမ်မကကြောင်း များစွာ သိသာလှ၏။ 

ယွင်ချင်းစီက ရေကန်ထဲ ဝင်ထိုင်လိုက်သည့်အခါ ကိုယ်အလေးချိန် ကျဆင်းမှုကြောင့် လီယင်း၏ မျက်လုံးတို့မှာ ယခင်ထက်ပင် ပြူးကျယ်နေကြောင်း သတိပြုမိလိုက်သည်။ အိပ်မက်နှင့် လက်တွေ့တွင် ဖြစ်ခဲ့သမျှကို ပြန်လည်ကာ စဉ်းစားရင်း စိတ်မသက်မသာ ဖြစ်လာရတော့၏။

လီယင်းက ရေကန်ထဲ ထိုင်နေရင်း မီးအိမ်ကို စိတ်ပျက်အားငယ်ကာ ကူကယ်ရာမဲ့မှုတို့ အပြည့်ဖြင့် စိုက်ကြည့်နေသည်။

မျက်ဝန်းတို့ တစ်ဖြည်းဖြည်း စိုစွတ်လာပြီး သွယ်လျသည့် လက်ချောင်းဖြင့် ရေကို မျက်နှာ

ပေါ်သို့ ကြမ်းတမ်းစွာ ပက်ဖြန်းလိုက်သည်။

မျက်လုံးကိူ မှိတ်လျက် ရေကန်နံရံကို မှီကာ ထိုင်နေလိုက်၏။

သက်ပြင်းချမှုတို့ ရောစွက်နေသည့် ခေါ်သံတစ်ခု တီးတိုးထွက်ပေါ်လာသည်။

"အားစီ ..."

သူက မမြင်ရသော်ငြား ယွင်ချင်းစီကမူ သူ့နောက်တွင် မျက်လုံးကို လက်ဖြင့်အုပ်လျက် မတ်တပ်ရပ်နေသည်။

"ငါ ဒီမှာ ..."


လီယင်းက မည်သူ့ကိုမှ အလုပ်အကျွေး မပြုစေဘဲ သူကိုယ်တိုင်သာ ရေချိုးသန့်စင်လိုက်သည်။

အမှန်တကယ်တွင် သူသည် ယွင်ချင်းစီကို ကန်ထုတ်ကာ တစ်ဖန် နန်းတော်သို့ ပြန်ခေါ်လာချိန်မှစ၍ မည်သူ့ကိုမှ သူ့ကို ခစားရန် ခွင့်မပြုတော့ခြင်းဖြစ်သည်။

ရေနွေးယူလာပေးသည့် အစေခံ ထွက်သွားပြီးနောက် သူတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ချောင်ယန်နန်းဆောင်တစ်ခုလုံး အစေခံ၊ မိန်းမစိုးတစ်ဦးတစ်ယောက်မျှပင်လျှင် မရှိကြ။

ကြီးမားလှသည့် နန်းဆောင်ကြီးထဲတွင် သူ တစ်ယောက်သာ ကျန်ရှိနေသည်။

နန်းဆောင်တစ်ခုလုံး အသံတိတ်နေ၏။

သစ်သားရေချိုးကန်ဘောင်ပေါ် တင်ထားသည့် လက်မောင်းတို့တွင် ကြောက်မက်ဖွယ် အမာရွတ်တို့ဖြင့် ပြည့်နှက်နေ၏။ ယွင်ချင်းစီမှာလည်း ဤသည်မှာ လီယင်း၏ ခန္ဓာကိုယ်ဟုပင် မယုံကြည်နိုင်တော့ချေ။

"ဘာဖြစ်လို့ .. သေပြီးသား ပြန်မလာနိုင်မယ့်သူတွေအတွက် .. စိတ်အနှောင့်အယှက် အဖြစ်ခံနေတာလဲ ..."

သူက ထပ်ပြောလိုက်ပြန်သည်။ မသက်မသာ ဖြစ်နေသည့် ခံစားချက်က ပို၍ပင် လေးပင်လာတော့၏။

လီယင်းက သူ့ကို ချစ်ခဲ့ကြောင်း သူကိုယ်တိုင်လည်း ကောင်းကောင်းသိပေသည်။ လီယင်းကို အရှက်မရှိ၊ ရွံစရာကောင်းသူဟု အမျိုးမျိုး နာမည်တပ်ခဲ့သည့်တိုင်၊ သူ့အချစ်တို့ကို ငြင်းဆန်ခဲ့သည့်တိုင် သူ့ကို ချစ်ခဲ့သည့် အချက်ကိုမူ မဖျက်ဆီးနိုင်ပေ။

လီယင်းက သူချစ်ပေးသလောက် ပြန်မချစ်ဟု အမြဲတွေးကာ နောင်တရစိတ်တို့ဖြင့် တစ်ဖြည်းဖြည်း မုန်းတီးလာမိခဲ့သည်။

သူသာ ကြိုသိခဲ့ပါလျှင် လီယင်းကို ချစ်ခဲ့မည် မဟုတ်။

ယွင်ချင်းစီသည် သူပေးသမျှ အရာတိုင်းအတွက် အလားတူ ဆုလာဘ်ကို ပြန်လည်ရယူလိုသည့် လူစားမျိုး ဖြစ်ပေသည်။ မရလျှင် စိတ်ညစ်ကာ ရလျှင် ပျော်ရွှင်သော်လည်း သူသာ ဂရုမစိုက်ဘဲ ရလဒ်က သူ ပေးဆပ်ခဲ့သည်ထက် ပိုများပြားနေပါလျှင်လည်း ကြောက်လန့်ကာ မသက်မသာဖြစ်မှုကို ခံစားရမည်ဖြစ်သည်။

သူ့ကိုယ်သူ ပြန်မေးကြည့်ပြီးနောက် လီယင်းသာ မရှိတော့ပါလျှင် သူသည် ဤမျှအထိ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း အဖြေရခဲ့သည်။

သေဆုံးပြီးသူ တစ်ဦးက မည်သည့်အရာကိုမှ သိတော့မည် မဟုတ်။ သူ့အတွက် လုပ်ပေးသမျှကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။ ယွင်ချင်းစီသည် သူ့မာန ထိခိုက်မည်ကို အကြောက်ရွံ့ဆုံးသူ ဖြစ်ကာ သူ လီယင်းအတွက် တစ်ခုခု လုပ်ပေးခဲ့ပါလျှင် လူတိုင်း မဖြစ်မနေ သိရမည်၊ အထူးသဖြင့် လီယင်းက သိရမည်ဖြစ်သည်။

လီယင်းသာ မသိနိုင်တော့ပါလျှင် သူလည်း ဆက်လုပ်ပေးတော့မည် မဟုတ်ချေ။

လီယင်း၏ နှလုံးသား နာကျင်ရန် သူ့လက်ကောက်ဝတ်ကို လှီးဖြတ်ခဲ့ခြင်းနှင့် လီယင်း သူ့ကို သဘောကျလာစေရန် ကလေးဆန်ကာ နူးညံ့သည့် အပြုအမူများ လုပ်ပြခဲ့ခြင်းတို့ ကဲ့သို့ပင်။

လီယင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ လင်းချီဟူ၍ပင် အမည်တပ်၍ ရလုနီးပါးပင်။

သူ့ကိုယ်သူ အကြိမ်ရာထောင်သောင်းမက လှီးဖြတ်ကာ ဖြစ်မလာနိုင်သည့် မီးအနီရောင်ကို စောင့်ဆိုင်းခြင်း ... ယွင်ချင်းစီအနေဖြင့် ဤကဲ့သိူ့သော နာကျင်မှုမျိုးကို အံကြိတ်ခံရန် စိတ်ပင် မကူးနိုင်ချေ။

ထို့အပြင် လီယင်း၏ နောက်ကျော၌ ပြီးခဲ့သည့် နှစ်အနည်းငယ်က ပေချန်းတွင် ရခဲ့ဟန်တူသော ဓားဒဏ်ရာနှင့် မြားပစ်ခံထားရသည့် အမာရွတ်များလည်း ရှိနေသေးသည်။

ယွင်ချင်းစီက မျက်လုံးကို လက်ဖြင့် ပွတ်သပ်ကာ ရေအပူချိန်ကို စမ်းကြည့်လိုက်ကာမှ သူသည် အာရုံခံစားနိုင်ခြင်း မရှိကြောင်း သဘောပေါက်သွားတော့သည်။

"ရေက အေးသွားတော့မှာ မြန်မြန်ထွက်ခဲ့ ..."

၁၅ မိနစ်ခန့်အကြာတွင် လီယင်းက ရေကန်ထဲမှ ထလာ၏။ အမာရွတ်တို့ ပြည့်နှက်နေသော ခန္ဓာကိုယ်တစ်လျှောက် တစ်စက်စက် ကျဆင်းနေသော ရေပေါက်များကို မည်သို့မှ မဖြစ်ပွားခဲ့သည့်နှယ် သုတ်လိုက်ကာ ပါးလျသည့် အဝတ်အစားကို ကိုယ်တိုင် ဝတ်ဆင်လိုက်သည်။

ယွင်ချင်းစီက သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာဒဏ်ချက်တို့ကို မကြည့်ရဲတော့။

ကြိမ်ဖန်များစွာ မျက်တောင်ခတ်လိုက်ပြီးနောက် လီယင်းက သူတန်ဖိုးထားရသည့် မီးအိမ်ကို ကိုင်ကာ အိပ်ယာဆီသို့ လျှောက်သွားကြောင်း တွေ့လိုက်ရသည်။

"နောက်ဆုံးတော့ အိပ်တော့မယ်ပေါ့ ဘယ်အချိန် ရှိနေပြီလဲဆိုတာရော သိလား မင်း တကယ် မ ..."

"မင်းတကယ် မသေချင်သေးဘူး မဟုတ်လား " ဟု ပြောလိုခြင်းဖြစ်သည်။ လီယင်း အိပ်ယာပေါ်သို့ တက်မည်ပြုသည့်အခါ သူက ဦးအောင် ဝင်လှဲကာ မျက်နှာချင်းဆိုင် အနေအထားဖြင့် ငေးကြည့်နေလိုက်သည်။ ထိုအခါ ခေါင်းအုံးအောက်သို့ မွှေနှောက်ရှာကာ နီလာရောင်ဆံထိုးကို ထုတ်လာပြီး ၎င်း၏ ထိပ်ဖျားကို သူ့ရင်ဘက်နှင့် ကပ်ထားသည့် လီယင်းကို တွေ့လိုက်ရသည်။

မျက်လုံးတို့ကို တင်းကြပ်စွာ ဖိပိတ်ထားလိုက်၏။

ထိုဆံထိုးမှာ သူ သတ်သေသည့်နေ့က ဝတ်ဆင်ထားသော ဆံထိုးဖြစ်ကြောင်း သတိရသွားတော့သည်။

လီယင်း အိပ်ပျော်သွားသည်ကို ကြည့်ကာ သူ့နှလုံးသားကို တစ်ဖြည်းဖြည်း လွှတ်ပေးလိုက်သည်။

ဆက်၍ မအိပ်နိုင်တော့သည့်အတွက် လီယင်းကိုသာ ငေးကြည့်နေလိုက်၏။ ကိုယ်အလေးချိန် များစွာ ကျဆင်းသွားသော်ငြား သူမှတ်မိနေသည့် လီယင်းအဖြစ် ရှိနေဆဲပင်။ ငွေရောင်ဆံနွယ်တို့က သူ့ကို လေဒဏ်မိုးဒဏ် ရိုက်ခတ်ခံရသူတစ်ဦးနှယ် ထင်ရစေသည်။  သူက အနားသို့ တိုးကပ်ကာ တီးတိုးပြောလိုက်သည်။

"လီယင်း ..."

"လီယင်း .. ဘဝကို ကောင်းကောင်းနေ ငါသိတယ် မင်း မရည်ရွယ်ဘူးဆိုတာ ငါသိတယ် မင်းကို ဒီလိုပုံစံမျိုးနဲ့ ထပ်မတွေ့ချင်တော့ဘူး ..."

မင်းအတွက် စိတ်မကောင်းဖြစ်ရမယ့်အစား မုန်းပဲ မုန်းလိုက်ချင်တယ်ဆိုတာကို သိရဲ့လား ...

ညသန်းခေါင်တွင် လီယင်းက အိပ်မက်ဆိုးကြောင့် လန့်နိုးလာ၏။ နက်မှောင်သည့် မျက်ဝန်းတို့ကို တစ်ဖြည်းဖြည်း ဖွင့်ကာ ဖြူရော်နေသည့် မျက်နှာမှာလည်း အပြာရောင်ဘက်သို့ သမ်းလာသည်။

ဆံထိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တစ်ဖက်လှည့်ပြီး မျက်လုံးကို လက်မောင်းတို့ဖြင့် ကာထားလိုက်သည်။

တစ်ဖန် ခေါင်းကို လက်မောင်းနှစ်ဖက်အကြား ထည့်ထားရင်းပင် ဘယ်ညာ လူးလှိမ့်လိုက်ပြန်သည်။

ထို့နောက် အပ်ကျသံပင် ကြားရလုမတတ် တိတ်ဆိတ်သွား၏။

နောက်ဆုံးတွင် ချွေးစေးတို့ စိုရွှဲလျက် အိပ်မောကျသွားတော့သည်။

ယွင်ချင်းစီက လီယင်း အနည်းငယ် ပိုမိုကာ အိပ်စက်နိုင်ရန် ညီလာခံ မရှိလျှင် ကောင်းမည်ဟု တွေးလိုက်မိ၏။ သူသည် လီယင်းနှင့်အတူ ပိုမိုကာ အချိန်ဖြုန်းနိုင်ရန် ညီလာခံ မရှိသည့်နေ့ကို မျှော်လင့်စောင့်စားခဲ့သူ ဖြစ်ခဲ့ဖူးသည်။

ယခုမူ လီယင်း အိပ်ရေးဝဝ အိပ်စက်နိုင်ရန်သာ မျှော်လင့်မိတော့၏။

ကံကြမ္မာက သူ့ကို မကြင်နာ။ မိုးမလင်းမီမှာပင် အပြင်ဘက်မှ လှုပ်ရှားသံတို့ ထွက်ပေါ်လာတော့သည်။

"အရှင် .. ညီလာခံ ကျင်းပချိန် ရောက်ပါပြီ ..."

လီယင်းက ချက်ခြင်း နိုးထလာသည်။

အစေခံတို့ အပြည့်ဖြစ်နေသော်ငြား လီယင်းကမူ မျက်နှာသစ်ဆေးကြော၍ ဆံပင်ဖြီးသင်ပြီး နဂါးဝတ်ရုံ ဝတ်ဆင်သည်အထိ အားလုံးကို သူကိုယ်တိုင်သာ ဆောင်ရွက်သွားသည်။ လျှိုကျီရူက သူ့ကို အနီးကပ် ပြင်ဆင်ပေးရန် အနားသို့ တိုးလာကာ ကျန်အ‌စေခံတစ်ဦးက ဒူးထောက်လျက် ဝတ်ရုံအနားစကို ‌ပြန်တည့်ပေးလိုက်သည်။ အားလုံး အစီအစဉ်တကျ ဖြစ်သည့်အခါ လည်ရှည်နဂါးဖိနပ်တစ်စုံက ချောင်ယန်နန်းဆောင်ထဲမှ ထွက်ခွါလာသည်။

ယွင်ချင်းစီက သူနှင့်အတူ ဝေါယာဉ်ပေါ် လိုက်ပါကာ သတိပေးလိုက်သည်။

"ဘာမှ မစားရသေးဘူးလေ ..."

သူက လျှိုကျီရူကို လှမ်းခေါ်လိုက်သည်။

"ဘာလို့ သူ့ကို စားဖို့ သတိမပေးရတာလဲ ..."

မည်သူမှ သူ့ကို ဂရုမစိုက်။

ဝေါယာဉ်ထဲတွင်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။

ထိုစဉ် သူ၏ ဒုတိယအစ်ကိုကို တွေ့လိုက်ရသည်။ သူ၏ ရာထူးဝတ်ရုံ ပြောင်းလဲကာ အမူအယာမှာလည်း ယခင်ကထက် တင်းမာခက်ထန်လာသော်ငြား သူ့အဖေကိုမူ မတွေ့ရပေ။ စစ်သူကြီးချုပ်ချိုးကိုလည်း မတွေ့ရရာ သူ့အဖေသည် အရွယ်ရလာ၍ ရာထူးကို စွန့်လွှတ်လိုက်သည်ဟုသာ တွေးလိုက်တော့သည်။

တစ်‌ယောက်က တင်ပြလိုက်သည်။

"ဒေသခံ အမတ်တွေက ဒီရေကြီးမှုမှာ တာဝန်ပျက်ကွက်ခဲ့ပါတယ် ဒါပေမယ့် ..."


သူ့စကားတို့ကို ရပ်တန့်ခံလိုက်ရတော့၏။

"တာဝန်ကို မျက်ကွယ်ပြုရင် သေချာပေါက် အပြစ်ပေးခံရမှာပဲ ရေကြီးတာက သဘာဝဘေး ဆိုပေမယ့် ဒါကို အချိန်မီ ကိုင်တွယ်ဖို့ ပျက်ကွက်တာက လူတွေလုပ်လို့ ဖြစ်လာတဲ့ ဘေးဒုက္ခပဲ သူတို့ကို အကျဉ်းချထားလိုက် ..."

အတိတ်တွင် ဤကဲ့သို့ ဖြစ်ရပ်မျိုး ကြုံတွေ့ပါလျှင် လီယင်းက ဖိနှိပ်လိုသည့် အမူအယာဖြင့် ပြောမည်ဖြစ်သော်လည်း ယခုမူ ခန့်မှန်း၍ မရနိုင်လောက်သည့် အမူအယာဖြင့် နောက်သို့ ပျင်းရိစွာ မှီထိုင်ကာ ပြောလိုက်သည်။

"အမတ်တွေအနေနဲ့ရော ဘာများ ငြင်းချင်တာရှိလဲ ..."

အမတ်အားလုံး လက်မြှောက်အရိုအသေပေးကာ တစ်ညီတစ်ညာတည်း ပြောလိုက်ကြသည်။

"ဒီအမတ်တွေမှာ ဘာမှ ငြင်းဆိုစရာ မရှိပါဘူး ..."