အပိုင်း ၆၃
Viewers 13k

Chapter 63




ယွင်ချင်းစီမှာ ဤလီယင်းကို မမှတ်မိတော့။ အတိတ်က လီယင်းသည် ဤသို့မဟုတ်။ သူသည် အုပ်စိုးသူတစ်ပါး ဖြစ်သော်လည်း ညီလာခံတွင် ဤကဲ့သို့ စိတ်ကူးပေါက်သလို ဆုံးဖြတ်ချက်ချခြင်းမျိုး မပြုလုပ်။ ယခုမူ အမှုမထားသည့် အရိပ်အယောင်တို့က အသွေးအသားထဲမှပင် ထွက်ပေါ်နေပေသည်။

ညီလာခံ အရေးကိစ္စမှာ သူ့အဖို့ ထမင်းစားရေသောက်နေရသည့်အလားပင်။ ယခုမူ ညီလာခံက သူ၏ သက်ညှာခြင်းကို တောင်းခံနေရသည့် နေရာဖြစ်ကာ ယခင်ကဲ့သို့ ညီလာခံ ထောင်ချောက်အကြား ရှိနေတတ်သည့် ဘုရင်ပေါက်စလေး မဟုတ်တော့ချေ။

ပြည်ထဲရေးနှင့် စစ်မက်ရေးရာ အမတ်တို့၏ တုန့်ပြန်ချက်အရ သူသည် မည်သည့်အကွက်ကိုမှပင် ထပ်မံ၍ ရွှေ့နေရန်မလို။ သူ့ကို ကြောက်ရွံ့သည့် စိတ်များမှာ သူတို့၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နှင့်နေပြီးဖြစ်သည်။

ကျန်းမိသားစုကို ဖြုတ်ချပြီး ကြင်ယာတော်တွေကို သတ်တာအပြင် တစ်ခြား ဘာတွေ လုပ်ခဲ့သေးတာလဲ ဘာလို့ အားလုံးက သူ့ကို ဒီလောက်အထိ ကြောက်နေရတာလဲ ...

ညီလာခံ ပြီးဆုံးသည်အထိ သူက စကားမပြော။

ဝေါယာဉ်က ချောင်ယန်နန်းဆောင်ဆီသို့ ပြန်လည်ကာ ထွက်ခွါသွား၏။ ယွင်ချင်းစီက အနောက်မှ ကပ်လိုက်လာစဉ် တစ်နေရာတွင် ရပ်တန့်ကာ မော့ကြည့်နေကြောင်း တွေ့လိုက်ရသည်။

သူ့အကြည့်တို့၏ လားရာအတိုင်း လိုက်ကြည့်‌လိုက်သည့်အခါ ခမ်းနားလှပသော ချီဖန်းနန်းဆောင်ကို တွေ့လိုက်ရသည်။ လီယင်းက မတော်တဆ ကြည့်လိုက်မိသည့်နှယ် ချက်ခြင်း မျက်လွှာချ၍ နန်းဆောင်ထဲသို့ အမြန် ဝင်သွားလိုက်တော့သည်။

ယွင်ချင်းစီက သူ ဘာမှ မစားရသေးသည့်အကြောင်း တွေးနေဆဲပင်။

"မြန်မြန် တစ်ခုခု ထစားလေ ဒီလိုသာဆို မင်းခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်ရည်ရှိတော့မှာလဲ ..."

အချိန်ကိုက်ပင် တော်ဝင်စားဖိုဆောင်က အသားနှင့် အသီးအရွက်တို့ ပါဝင်သည့် ဟင်းလျာကို တာဝန်ကျေပွန်စွာ ချက်ပြုတ်၍ ဆက်သလာသည်။

ယွင်ချင်းစီက လွန်စွာ ဝမ်းသာသွားတော့သည်။

"များများစားပြီး အားပြန်ဖြည့်လိုက် ..."

လီယင်းက သာမန်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်ကာ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ လျှိူကျီရူက သူ မကြာခဏ စားတတ်သည့် စွပ်ပြုတ်တစ်ပန်းကန်ကို ဦးစွာ ယူလာပေးလိုက်သည်။

ယွင်ချင်းစီက ထပ်ပြောလိုက်ပြန်၏။

"အသီးအရွက်တွေပဲ မစားနဲ့ အသားလည်းစား အသားလည်းစားလို့ ..."

စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်ချက်တစ်ခု ရှိနေသည့်အလား လီယင်းက ဝက်သားကင်တစ်ခုကို ကောက်ကိုင်လိုက်သည်။ ထိုအခါ လျှိုကျီရူက သူ့ကို စိုးရိမ်စိတ်တို့ မသိမသာ ရောစွက်နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။

လီယင်းက ထိုအသားဖတ်ကို သူ့ပါးစပ်ထဲ ထည့်လိုက်၏။

ယွင်ချင်းစီ၏ မျှော်တလင့်လင့် စောင့်စားနေသော အကြည့်အောက်တွင်ပင် သူ့မျက်နှာသည် ချက်ခြင်း ရှုံ့မဲ့လာတော့သည်။

လျှိုကျီရူ အမြန် ယူလာပေးသည့် ရေကိုပင် လီယင်းမှာ ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ သူ့မျက်နှာတစ်ခုလုံး ရွံရှာသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေ၏။

ဖြူရော်နေသည့် မျက်နှာနှင့်ပင် လက်ဖက်ရည်တစ်ငုံခန့် သောက်ပြီးနောက် အသားအချို့ကို ဆက်စားလိုက်၏။

အနည်းငယ်ခန့် စားသောက်ပြီးနောက် မျက်လုံးတို့ကို တင်းကြပ်စွာ မှိတ်ချလိုက်တော့သည်။

လျှိုကျီရူက ကျွမ်းကျင်စွာဖြင့် ထွေးခံတစ်လုံး အမြန် ယူလာပေးလိုက်သည်။

လီယင်းမှာ လုံးဝ ထိန်းမထားနိုင်၊ အကုန် အန်ချလိုက်ရတော့သည်။

ယွင်ချင်းစီ၏ မျက်တောင်တို့ တဆတ်ဆတ် တုန်ရီလာတော့၏။

"အရှင် ..."

လျှိုကျီရူက ညင်သာစွာ ပြောလိုက်သည်။

"မစားနိုင်ရင် မစားပါနဲ့ ..."

လီယင်းက ပလုတ်ကျင်းပြီးနောက် စကားတစ်ခွန်းမှမဆို။ အသားဖတ်အချို့ကိုသာ ကောက်ယူကာ ပါးစပ်ထဲသို့ နောက်တစ်ကြိမ် ထည့်လိုက်ပြန်သည်။

ထိုအခါမှ ယွင်ချင်းစီလည်း သူ့ကို မည်သူမှ အသားစားရန် မတိုက်တွန်းရခြင်း၏ အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။ ကိုယ့်အသားကို ကိုယ်တိုင် လှီးဖြတ်ကာ မြွေစာကျွေးခဲ့ရသူတစ်ဦး အနေဖြင့် အသားကို မည်သို့မျှ တည်ငြိမ်စွာ စားနိုင်တော့မည် မဟုတ်ချေ။ သိူ့သော် လီယင်းကမူ မြွေကို အစာကျွေးနိုင်ရန် အလို့ငှာ သူ့ခန္ဓာကိုယ်၏ စွမ်းအင်ကို ထိန်းသိမ်းထားလို၍ ဆက်လက်စားသောက်နေလိုက်သည်။

ပြန်လည်မွေးဖွားလာတဲ့ လီယင်းကလည်း ဒီအတိုင်းပဲ .. စားသောက်‌တဲ့နေရာမှာ အခက်တွေ့နေတာလား ...

ယွင်ချင်းစီက သူ့ကို အာရုံမစိုက်မိသည့်အတွက် မသိ။

ဤမျှအထိ ခက်ခက်ခဲခဲ စားသောက်နေရသူကိုလည်း တစ်ခါမှ မတွေ့ဖူးပေ။

စားသောက်ပြီးနောက် လီယင်းက ဖြူရော်နေသော မျက်နှာနှင့်အတူ စားပွဲသို့ ရွှေ့ကာ နဖူးကို အုပ်ကိုင်ထားလိုက်၏။ အချိန်အတော်ကြာသည်အထိ လှုပ်ရှားမလာတော့။

ယွင်ချင်းစီက သူ့ခြေထောက်ပေါ် ထိုင်ချကာ သူ့ကို မော့ကြည့်နေလိုက်သည်။

အတိတ်ဘဝက လီယင်းသည် မည်ကဲ့သို့ ဖြတ်သန်းခဲ့ရကြောင်း သဘောပေါက်သွားတော့သည်။

သူ့တွင် မနာကျင်ရသည့် အချိန်ဟူ၍ တစ်ခုမျှပင် မရှိ။

တစ်ခဏအကြာ လျှိုကျီရူ ယူလာပေးသည့် လက်ဖက်ရည်ကိုသောက်ကာ မှတ်စုရေးခြင်း၊ လက်ရေးလှ လေ့ကျင့်ခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကိုသာ ဆက်လက်လုပ်ဆောင်နေလိုက်သည်။

သူ့ကိုယ်သူ နည်းနည်းမျှပင် အနားမပေး။ တစ်ခါတစ်ရံ လောင်ကျွမ်းနေဆဲဖြစ်သည့် မီးအိမ်ကို မော့ကြည့်တတ်ကာ တစ်ခဏမျှ ငေးမှိုင်သွားတတ်သည်။

တစ်ခါတစ်ရံတွင်မူ ထိုငေးမှိုင်မှုက နာရီဝက်အထိ ကြာမြင့်သွား၏။

ထို့နောက် အားလုံးကို မောင်းထုတ်ကာ နံရံကပ် စာအုပ်စင် ရှိရာဆီသိူ့ လျှောက်လာလိုက်သည်။

ခလုတ်တစ်ခုကို နှိပ်လိုက်ပြီးနောက် ယွင်ချင်းစီသည် ချောင်ယန်နန်းဆောင်ထဲရှိ လျှို့ဝှက်အခန်းကို ပထမဆုံးအကြိမ် တွေ့ရှိသွားတော့သည်။

လီယင်းက ထိုထဲတွင် ပိတ်နေလိုက်၏။

အခန်းတစ်ခုလုံးတွင် သူတို့နှစ်ဦး၏ အမှတ်တရများဖြင့် ပြည့်နှက်နေကာ အားလုံးကို လီယင်းကိုယ်တိုင် ပန်းချီဆွဲထားခြင်း ဖြစ်သည်။ ကလေးဘဝ ခြံဝင်းထဲရှိ မက်မွန်ပင်အောက်တွင် မျက်နှာချင်းဆိုင် ထိုင်နေသည်မှအစ နန်းတော်ထဲတွင် တစ်ယောက်နောက်တစ်ယောက် ပြေးလိုက်ကာ တိုက်ခိုက်ကြသည်များ အပါအဝင် မင်္ဂလာပွဲ၊ ချီဖန့်နန်းဆောင်နှင့် လှေကားထစ်ပေါ် တက်နေရာမှ သူ့ကို ပြန်လှည့်ကြည့်လာသည့် ယွင်ချင်းစီ၏ ရုပ်ပုံလွှာများအထိ ...

မြင်ကွင်းအားလုံးမှာ အကျွမ်းတဝင် ရှိနေခဲ့သည်များ ဖြစ်သည်။

နောက်ဆုံးတွင်တော့ လီယင်း၏ မျက်ဝန်းတို့၌ မျက်ရည်စများ ရစ်သိုင်းလာတော့၏။

အမှတ်တရတို့ ပြည့်နှက်နေသည့် လျှို့ဝှက်ခန်းအလယ် အနက်ရောင်စားပွဲထက်တွင် လဲလျောင်းကာ အချင်းချင်း ဖိထပ်ထားသည့် လက်မောင်းထက်တွင် နဖူးအပ်လျက် မျက်ရည်ပေါက်ကြီးငယ်တို့ တသွင်သွင် စီးကျလာတော့သည်။

ယွင်ချင်းစီက သူ့အနား လျှောက်လာကာ ဘေးတွင် ထိုင်ချလိုက်သည်။

လီယင်းကို မုန်းရန် အကြောင်းအရင်း ရှိသည်ဟု အမြဲလိုလို ခံစားခဲ့ရသော်လည်း ယခုမူ ကူကယ်ရာမဲ့မှုတို့ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။

လီယင်း ပြန်လည်မွေးဖွားလာကာစက ခက်ထန်သည့် ပုံစံမျိုး ဆင်ယင်ထားခြင်းမှာ သူ့ကို အလေးအနက် မထား၍ဟု ထင်ခဲ့သော်ငြား ယခုမူ သူသည် ယွင်ချင်းစီကို သူ၏ ပျော့ညံ့သည့် ပုံစံအား မမြင်တွေ့စေလို၍ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ကြီးမားသည့် တန်ဖိုးတစ်ခု ပေးချေပြီးကာမှ အတိတ်သို့ ပြန်ရောက်လာခဲ့ရသည်။ သူက ယွင်ချင်းစီသည် ကြင်နာနူးညံ့ကာ ဂုဏ်ယူဝံ့ကြွားတတ်သည့် ဘုရင်ငယ်လေးကိုသာ ချစ်သည်ဟု အခိုင်အမာ ယုံကြည်ထား၏။

သူက အမှန်တကယ်ပင် အတိတ်သို့ ပြန်သွားလိုခဲ့သည်။

သိူ့သော် ကံမကောင်းစွာဖြင့် ယွင်ချင်းစီကလည်း ပြန်လည်မွေးဖွားလာ၏။

အမှန်တရား၏ ရိုက်နှက်ချက်က ပြင်းထန်လှပေသည်။

လီယင်းက သူ့စိတ်ကို စုစည်းကာ မီးအိမ်ကို ကိုင်ဆွဲလျက် လျှို့ဝှက်ခန်းထဲမှ ထွက်လာ၏။

ယွင်ချင်းစီကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာပြန်သည်။ ချောင်ယန်နန်းဆောင်ကို သန့်ရှင်းရေးလုပ်ကာ ရေချိုးပြီးနောက် အိပ်ယာဝင်သည်အထိ စောင့်ကြည့်နေလိုက်၏။

ဤသည်မှာ လီယင်း၏ တစ်နေ့တာပင်။

သူ့နောက်သို့ ရက်ပေါင်းများစွာ လိုက်လံစောင့်ကြည့်ခဲ့ကာမှ နေ့စဉ်ဓူဝ လုပ်ငန်းစဉ်မှာ ဤအတိုင်းသာဖြစ်ကြောင်း သိရှိသွားတော့သည်။ သို့သော် လျှို့ဝှက်ခန်းထဲကိုတော့ နေ့တိုင်းမသွား၊ သူ့ခံစားချက်တို့ကို ထိန်းမထားနိုင်တော့မှသာလျှင် သွားတတ်ကြောင်းလည်း သိရှိသွားတော့၏။

လီယင်းမှာ အမြဲ တစ်ကိုယ်တည်း ဖြစ်နေကာ စကားသံလည်း တစ်သံမှပင် မကြားရ ၊စိတ်ဆိုးသည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ နှုတ်ဆိတ်၍သာ နေနေသည်။

မီးအိမ် ဆက်လက်တောက်လောင်နေစေရန် သွေးတို့ကို ဖယောင်းအဖြစ် အသုံးပြုကာ၊ မြွေကို အစာကျွေးရန် အသားတို့ကို လှီးဖြတ်ပြီး ဒဏ်ရာကို ကိုယ်တိုင် ကုသရင်းသာ နေ့ရက်တို့ကို ပုံမှန် ကုန်ဆုံးနေ၏။

လက်ဟောင်းဒဏ်ရာများ မသက်သာသေးခင်မှာပင် အသစ်အသစ်သော ဒဏ်ရာတို့က ထွက်ပေါ်လာပြန်၏။ ဒဏ်ရာပေါ် ဒဏ်ရာထပ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး မြင်ရက်စရာပင် မရှိတော့။

မြေအောက်နန်းတော်သို့လည်း မကြာမကြာ သွားရောက်ကာ ရုပ်အလောင်းကို ဂရုတစိုက် ထိန်းသိမ်းပေးတတ်သေးသည်။ မစားမသောက်ဘဲ ယွင်ချင်းစီ၏ အလောင်းဘေးတွင် နှစ်ရက်နှစ်ညတိုင်တိုင် အိပ်စက်ကာ ပြန်ထွက်လာသည့်အခါတွင်လည်း စားသမျှ၏ တစ်ဝက်ခန့်မှာ ပြန်အန်ထွက်ခြင်းကြောင့် အလကားဖြစ်သွားရတော့သည်။

သူ့အဖို့ ဤကဲ့သို့ အသက်ရှင်နေခြင်းထက် သေသွားသည်ကပင် ပို၍ ကောင်းနေသေးသည်။

ညီလာခံ ကျင်းပလေတိုင်း လီဟန့်ကိုပါ ခေါ်ဆောင်သွားသည်။ လီဟန့်မှာ လွန်စွာ နာခံတတ်သော်ငြား ယွင်ချင်းစီကမူ သူ့ကို ဂရုမစိုက်မိ။

လီယင်းမှာ ပို၍ပင် ရင့်ရော်လာသည့်ဟန်။ လီဟန့်အပေါ်တွင်တော့ များစွာ ညင်သာလှ၏။ သူကိုယ်တိုင်လည်း လွန်စွာ ငယ်ရွယ်သည့် အချိန်ကတည်းက ထီးနန်းကို ဆက်ခံခဲ့ရသူ ဖြစ်သည့်အလျောက် လီဟန့်ကို တမင်တကာ ဖိအားမပေး၊ သို့သော် တင်းမာခက်ထန်ရမည့် အချိန်တွင်လည်း လုံးဝ အလျော့မပေးပေ။

ယွင်ချင်းစီက သူသာ နိုးထလာပါလျှင် လီဟန့်ကို နန်းတော်ထဲသို့ ခေါ်ယူကာ သူ့ကို ပြုစုစောင့်ရှောက်ပေးပြီး ကြီးပြင်းလာသည်ကို လီယင်းနှင့်အတူ စောင့်ကြည့်မည်ဟု တွေးခဲ့မိသည်။

သို့သော် သူက ထာဝရ နိုးထမလာတော့။

အကြောင်းမှာ သူသည် ဤလီယင်းကို လွန်စွာ လွမ်းဆွတ်မိနေ၍ဖြစ်ကြောင်း သဘောပေါက်သွားသည်။ မြေအောက်နန်းတော်မှ ထွက်လာပြီးနောက် သူသည် နေ့ရောညပါမကျန် လီယင်းနှင့်အတူ ရှိနေ၍ မနိုးထနိုင်။

ဤသို့ဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကုန်လွန်သွားတော့သည်။ 

တစ်ညတွင် လီယင်းက အိပ်မက်ဆိုးဖြင့် လန့်နိုးလာကာ ယွင်ချင်းစီပါ တစ်ပါတည်း နိုးလာ၏။ မျက်လုံး ဖွင့်ကြည့်မိလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲတွင် အနီရောင် မီးရောင်ကို တွေ့လိုက်ရသည်။

လီယင်းက မတ်တပ်ထရပ်လိုက်၏။ ယွင်ချင်းစီလည်း အတူတူ ထကြည့်လိုက်သည့်အခါ အိပ်ယာခေါင်းရင်းရှိ ခပ်ဖျော့ဖျော့မီးရောင်မှာ အနီရောင်အဖြစ်သို့ ပြောင်းလဲကာ ပတ္တမြားသွေးရောင်ထက်ပင် ပိုမိုနီမြန်းနေကြောင်း တွေ့လိုက်ရသည်။

သူ့အကြည့်တို့ ဝင်းလက်သွား၏။

"အားယင်း အားယင်း ကြည့်လိုက်ပါဦး မီးရောင်က အနီရောင်ဖြစ်သွားပြီ အခု ငါတို့တွေ တွေ့လို့ရပြီ ..."

လီယင်းက မလှုပ်မယှက် ငေးမောနေဆဲပင်။

ထို့နောက် တစ်ဖြည်းဖြည်း ထရပ်ကာ တံခါးဝသို့ သွား၍ အပြင်ဘက်သို့ ထွက်ကြည့်လိုက်သည်။

ခပ်ဝေးဝေး တစ်နေရာရှိ ချီဖန့်နန်းဆောင်၏ တံစက်မြိတ်တို့က တောက်ပနေသော လရောင်နှင့်အပြိုင် ဝင်းလက်နေသည်။ ညရှူခင်းမှာ တုနှိုင်းမဲ့လောက်အောင်ပင် ရင်သပ်ဖွယ်ကောင်းစွာ လှပလှ၏

လီယင်းက နောက်ပြန်ဆုတ်ကာ တံခါးကို ပိတ်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေ၏။

ပြန်လည်မွေးဖွားခြင်းနှင့် အသက်အရွယ် ကြီးရင့်ခြင်းကို တစ်ခဏအတွင်း ကြုံတွေ့ခံစားလိုက်ရသည့်နှယ် တစ်ဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။  တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်တို့ကြောင့် ကန့်လန့်ကာအစွန်းတွင် နီပျစ်ပျစ်သွေးများ စွန်းထင်းလာတော့၏။

နဖူးပေါ်တွင်လည်း သွေးကြောပြာများ ထွက်ပေါ်လာကာ အားအင်ဆုတ်ယုတ်စွာဖြင့် ထိုင်ချလိုက်၏။

ယွင်ချင်းစီက အနားသို့ အမြန်ရောက်လာကာ သူ့ကို ကူတွဲပေးလိုက်သည်

"အားယင်း .. အားယင်း ဘာဖြစ်လို့လဲ ပြန်သွားလို့ ရပြီလေ ဘာလို့ မပျော်တာလဲ ..."

မီးအိမ်ကို လှည့်ကြည့်ပြီးနောက် တစ်ခုခုကို ရုတ်ချည်း သဘောပေါက်သွားတော့သည်။

လီယင်းက ရှည်လျားလှသည့် ဆံပင်တို့ကို ဆွဲဖွလိုက်သည်။ သူ့အမူအယာမှာ တစ်ဖြည်းဖြည်း အကျည်းတန်လာကာ မျက်ဆံဖြူဖြူများက သိသိသာသာပင် တုန်ရီလာတော့၏။

သူ့အသံမှာ သားရဲတစ်ကောင် အော်ဟစ်နေသည့်နှယ် အက်ကွဲလာသည်။

"ပြန်မသွားနိုင်ဘူး .. ပြန်သွားရမယ့်သူက ငါ မဟုတ်ဘူး ..."

အားစီ .. ငါ မင်းကို နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူး ...

ယွင်ချင်းစီ၏ နှုတ်ခမ်းတို့လည်း ပြင်းထန်စွာ တုန်ရီလာတော့သည်။

ပြန်လာခဲ့တဲ့သူက လီယင်း မဟုတ်ရင် ဘယ်သူလဲ ...

လီယင်းက သူ့ခေါင်းကို ပိုက်ထားလိုက်၏။

နာကျင်မှုက သူ့ကို ပင့်ကူအိမ်သဖွယ် တင်းတင်းကြပ်ကြပ် ရစ်ပတ်ချည်နှောင်ကာ တလိမ့်လိမ့် တက်လာသည့် နောင်တတရားတို့က သူ့ကို တစ်စစီ ဆွဲဖြဲပစ်လိုက်၏။ ပင့်သက်ရှိုက်လိုက်ပြီးနောက် စေးကပ်ကပ် သွေးတို့က နှုတ်ခမ်းထောင့်စွန်းမှတစ်ဆင့် အဖြူရောင် အတွင်းဝတ်ရုံဆီသို့ စီးကျသွားတော့သည်။

ပြန်သွားပြီးနောက် အားစီကို မည်သို့မည်ပုံ မျက်နှာချင်းဆိုင်မည်ဟု အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် တွေးခဲ့ဖူးသည်။ ဤလောက၏ အဆုံးသတ်ကို မပြောင်းလဲနိုင်ဟု သူ့ကိုယ်သူ ထပ်ကာထပ်ကာ သတိပေးနေခဲ့သည့်တိုင် ရလဒ်ကို လက်ခံနိုင်လိမ့်မည်ဟု ထင်ခဲ့မိ၏။

သူ့ကိုယ်သူ လုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ၎င်းကို မုန်းတီးခဲ့၏။

ဘာဖြစ်လို့ သူ မဖြစ်ရတာလဲ ...

ဘာဖြစ်လို့ ပြန်သွားရမယ့်သူက သူ မဖြစ်ရတာလဲ ...

ဘာဖြစ်လို့ နောက်ထပ်(သူ) ဖြစ်နေရတာလဲ ...

ဤတစ်ခဏ၌ တုံ့ဆိုင်းသည့် စိတ်တို့ကို ထိန်းချုပ်၍ပင် မရတော့။


ဘာလို့လဲ နှစ်ယောက်လုံးက လီယင်းတွေပဲကို ဘာလို့ သူက ပြန်သွားလို့ မရတာလဲ ...

"အရှင် ..."

ထိုစဉ် အပြင်ဘက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ လီယင်းက လက်ကို ယမ်းပြလိုက်သည့်အခါ ကြမ်းတမ်းလှသည့် လေပွေရိုင်းက ချောင်ယန်နန်းဆောင်တံခါးကို ဖြတ်၍ ဝင်လာ၏။ နီရဲနေသော မျက်ဝန်းများနှင့်အတူ ကျယ်လောင်စွာ ပြောလိုက်သည်။

"ရှုံးသွားပြီ ..."

သူက မီးအိမ်ကို မော့ကာကြည့်လိုက်၏။ မျက်လုံးတို့မှာလည်း အတွင်းသို့ ချိုင့်ဝင်နေသည်။

သူက အများကြီး ဒုက္ခခံ၊ အကောင်းဆုံး ကြိုးစားခဲ့ပြီးကာမှ အခွင့်အရေး ရလာရတာကို .. ဘာလို့ ဘာလို့ တစ်ခြားသူတွေလက်ထဲ ထည့်ပေးရမှာလဲ ...

ဘာလို့လဲ ...

လီယင်းက ပိန်လှီလှသည့် လက်ချောင်းကို သွေးကန်ရှိရာဆီသို့ ကြမ်းတမ်းစွာ လွှဲရိုက်လိုက်သည်။

ကြမ်းတမ်းလွန်း၍ အရိုးများပင်လျှင် တဖျောက်ဖျောက် မြည်သံထွက်လာတော့၏။

ကွေးညွတ်ထားသည့် ခန္ဓာကိုယ်နှင့် ဒေါသမီးတို့ တောက်လောင်နေသော သူ့ပုံစံမှာ ငရဲမှ ထွက်လာသည့် ကြောက်စရာ တစ္ဆေတစ်ကောင်နှယ်။ တစ်ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

ယွင်ချင်းစီကလည်း သူ့ရည်ရွယ်ချက်ကို သဘောပေါက်စ ပြုလာသည်။

သူက မီးအိမ်ကို ဖျက်ဆီးလိုနေခြင်းပင်။

ယွင်ချင်းစီက သူ့ကို မတား။ မတားနိုင်၍ မဟုတ်ဘဲ မီးအိမ် ပျက်စီးသွားပါလျှင် ဖြစ်လာမည့် အကျိုးဆက်ကို ဂရုမထား၍ ဖြစ်သည်။  မီးအိမ်ပျက်စီးသွားပါလျှင် သူ ပျောက်ကွယ်သွားလေမလား သို့မဟုတ် အခြားကမ္ဘာရှိ အရာတိုင်း ပျောက်ကွယ်သွားလေမလား မသိသော်ငြား တစ်ခုကိုမှ ဂရုမစိုက်။

အားလုံးကို အမြစ်ဖြတ်နိုင်ပါလျှင် အကောင်းဆုံးဖြစ်သည်။

လီယင်းသာ ပျော်ရွှင်မည် ဆိုပါလျှင် နောင်ဘဝဟူ၍ ရှိသည့်တိုင် ဂရုစိုက်မည်မဟုတ်။

လီယင်းက သူ့ကို သူ ချစ်ပေးသည်ထက်ပင် ပို၍ ရူးသွပ်စွာ ချစ်ခဲ့ကြောင်း သိခဲ့ရပြီဖြစ်ရာ သူ့အဖို့ လုံလောက်သွားချေပြီ။

လီယင်းက မီးအိမ်ကို ကိုင်ထားလိုက်သည်။

သူ့လက်ထဲရှိ ပစ္စည်းကို ကြောက်မက်ဖွယ် ကောင်းလှသည့် အမုန်းတရား၊ မနာလိုမှုများဖြင့် စိုက်ကြည့်နေလိုက်သည်။

ယွင်ချင်းစီက သူ့နောက် လိုက်လာကာ ပြောလိုက်သည်။

"ခွဲပစ်လိုက် အားယင်း ..."

"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး ..."

အဲဒီ့ကမ္ဘာက လူက လီယင်း မဟုတ်မှတော့ သူနဲ့ ဘာသက်ဆိုင်တော့မှာလဲ ...

ယွင်ချင်းစီက သူ့လက်ကို အုပ်ကိုင်ကာ ပြောလိုက်သည်။

"အားယင်း တကယ်လို့ မင်းအနေနဲ့ အသက်ရှင်ချင်ရင် ကောင်းကောင်း အသက်ရှင်သွား အသက်မရှင်ချင်တော့ရင်လည်း ငါ့ကို လာရှာ ..."

"မင်းကို ဒီလိုပုံစံမျိုးနဲ့ ထပ်ပြီး မမြင်ချင်တော့ဘူး ..."

အတိတ်က ထက်သန်တက်ကြွခဲ့သော်ငြား ယခုမူ အတိတ်နှင့်မတူ နှေးကွေးထိုင်းမှိုင်းနေသည့် ကောင်းကင်ဘုံသားတော်ကို ငေးကြည့်ရင်း သူ့နှလုံးသားတစ်ခုလုံး ကိုက်ခဲနာကျင်လာတော့သည်။

လုံလောက်ပြီ ဒါဆိုရင် လုံလောက်ပါပြီ ...

လီယင်းကို နောက်တစ်ကြိမ် ပြန်တွေ့ရတယ် ပြီးတော့ သူ သေပြီးတဲ့နောက်ပိုင်း လီယင်းကလည်း ကောင်းကောင်း မနေနိုင်တော့ဘူးဆိုတာကို သိရရုံနဲ့တင် လုံလောက်နေပါပြီ ...

လီယင်းက မီးအိမ်ကို ကောက်ကိုင်ကာ အနီရောင် မီးစာတိုင်ကို တစ်ခဏမျှ ငေးကြည့်နေပြီးနောက် ၎င်းကို ရင်ခွင်ထဲ ပိုက်လျက် စားပွဲခြေထောက်ကို မှီထိုင်လိုက်သည်။

ယွင်ချင်းစီက သူ လုပ်လိုသည့်အရာကို မခန့်မှန်း‌တတ်တော့။

"အားယင်း ဖျက်ဆီးလိုက်လေ ဒါက အသုံးမှ မဝင်တာ ..."

"ယုံကြည်ရင် ရှိမယ် မယုံကြည်ရင် ဘာမှ မရှိဘူး ယုံကြည်ရင် ရှိမယ် မယုံကြည်ရင် မရှိဘူး ယုံကြည်ရင် ... ယုံကြည်ရင် ..."

မနာလိုမှုနှင့် အမျက်ဒေါသအားလုံးကို မောင်းထုတ်နိုင်ခဲ့ပြီးသည့်နောက် နောင်တတရားနှင့် ကူကယ်ရာမဲ့မှုတို့က သူ့ကို ဒီရေလှိုင်းများသဖွယ် ဖုံးအုပ်လွှမ်းမိုးလာတော့သည်။

သူက မီးအိမ်ကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။ ‌ပင်ပန်းနွမ်းနယ်စွာဖြင့် ခေါင်းငိုက်စိုက်ချထားရာ ပြန့်ကြဲကျနေသော ဆံပင်တို့က သူ၏ ‌တစ္ဆေတစ်ကောင်သဖွယ် ဖြူဖွေးနေသော မျက်နှာကို ပိတ်ဆို့ပေးထားသည်။

မိုးလင်းသည်အထိ ထိုအတိုင်းသာ ထိုင်နေ၏။