အပိုင်း ၆၄
Viewers 13k

Chapter 64



ဒုတိယနေ့ မနက်ခင်းတွင် ဆင့်ခေါ်ခြင်း မခံရသေးသည့် လျှိုကျီရူက အခန်းတံခါးကို သတိကြီးကြီးထား၍ တွန်းဖွင့်ကာ ဝင်လာသည်။ ကန့်လန့်ကာစ၏ အစွန်း၌ သွေးစက်တို့ကို မြင်လိုက်ရသည့်အခါ သူ့အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

အထဲသို့ အမြန်ဝင်လာကာ လီယင်း ပွေ့ပိုက်ထားသည့် မီးအိမ်ထံ အကြည့်ရောက်သွားသည့် တစ်ခဏ၌ နီရဲနေသော မျက်ဝန်းတို့ဖြင့် ဒူးထောက်လိုက်သည်။

"အရှင် ..."

လီယင်းက သူ့ကို ကြည့်လိုက်သည်။

"ယုံကြည်ရင် ရှိမယ် မယုံရင် မရှိဘူး .. ကြည့်ပါဦး ဆရာ ကျွန်တော် ပြန်လာပြီ ..."

သူက သတိကြီးကြီးထားကာ မီးအိမ်ကို ထုတ်ပြလိုက်သည့် တစ်ခဏ၌ လျှိုကျီရူလည်း မျက်ရည်လည်ရွှဲ ငိုပွဲဆင်လိုက်တော့သည်။ သူ့ရှေ့တွင် ရှိနေသည့် ကလေးကို ထိကြည့်ရန် ပြင်လိုက်ပြီးကာမှ တုန်ရီနေသော လက်တို့ကို အောက်ပြန်ချလိုက်သည်။

"အဂ္ဂိရက်ဆရာရဲ့ စကားတွေက အစောပိုင်းကတည်းက မယုံကြည်ရပါဘူး အဲဒီ့ကမ္ဘာက တကယ် ရှိနေလား ဆိုတာကိုတောင် ကျွန်တော်တို့တွေ မသိကြဘူးလေ... အရှင် အရှင် ကျေးဇူးပြုပြီး လက်လျော့လိုက်ပါတော့ နောက်ပြန်လှည့်ဖို့ နောက်မကျခင် လက်လျော့လိုက်ပါ ..."

"ဟင့်အင်း ..."

လီယင်းက ခေါင်းယမ်းပြလိုက်သည်။

"သူက မလိမ်ခဲ့ဘူး သူပြောတယ် ဒီကမ္ဘာရဲ့ အဆုံးသတ်ကို ပြောင်းလဲလို့ မရပေမယ့် မီး အနီရောင် ပြောင်းသွားရင် ပြန်သွားလို့ ရမယ်တဲ့ အခု မီးအနီရောင် ပြောင်းသွားရင် ကျွန်တော်လည်း ပြန်သွားပြီးနေလောက်ပြီ ..."

လီယင်း၏ ကြီးမားလှသော စွဲလမ်းမှုမှာ မည်သည့်နေရာက ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းကို လျှိုကျီရူပင်လျှင် မသိနိုင်တော့။ သူက ပြောလိုက်သည်။

"အရှင် ထပ်ပြီးတော့ အစွဲမထားပါနဲ့တော့ မီးရောင်က အနီပြောင်းသွားပေမယ့် အရှင်က ဒီမှာပဲ ရှိနေသေးတာ ..."

ကြောက်မက်ဖွယ် ကောင်းလောက်အောင် မီးဟုန်းဟုန်းတောက်နေသည့် လီယင်း၏ အကြည့်တို့နှင့် ဆုံလိုက်ရသည့် တစ်ခဏ၌ လျှိုကျီရူသည် လီယင်း၏ မျှော်လင့်ချက်တို့ ပျက်ပြားစေမည့် စကားမျိုးကို တစ်ခွန်းမှပင် ဆက်မပြောရဲတော့ချေ။

"ငါတို့ထဲက တစ်ယောက်က သေချာပေါက် နေခဲ့ရမှာ ..."

လီယင်းက ပြောလိုက်သည်။

"ဒါပေမယ့် ကိုယ်တော်က သေချာပေါက် ပြန်ရောက်သွားပြီ ပြန်ရောက်သွားပြီလို့ ယုံကြည်တယ် ..."


လျှိုကျီရူက လက်ချောင်းတို့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

နောက်ဆုံးတွင်တော့ ယွင်ချင်းစီလည်း ‌သူ့ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။

ယုံကြည်ရင် ရှိမယ် မယုံရင် မရှိဘူး လီယင်းက သူ့ရဲ့ စွဲလမ်းမှု ဥပါဒါန်တွေက နောက်ထပ်ကမ္ဘာတစ်ခုရဲ့ တံခါးကို ဖွင့်နိုင်ခဲ့တယ် ပြီးတော့ အဲဒီမှာ နောက်ထပ် လီယင်းတစ်ယောက်က အတိတ်ကို ပြန်ရောက်နိုင်သွားပြီလို့ ယုံကြည်ခဲ့တယ် မီးအိမ်အနီရောင် ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် လက်ရှိ လီယင်းက နှစ်ကိုယ်ခွဲသွားပြီး တစ်ယောက်က အချိန် နောက်ပြန်သွားတယ် နောက်ထပ်တစ်ယောက်က ပစ္စုပ္ပန်မှာပဲ ကျန်နေခဲ့တယ်လို့ ဆိုလိုတာပဲ ...

ဒါဆို လီယင်းနှစ်ယောက်လုံးက အတူတူပဲပေါ့ ...

ထို့နောက် လီယင်းသည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်ကြောင်း သိသည့်တိုင် ခါးကို ဆန့်တန်းလျက် မတ်မတ်ရပ်နေဆဲပင်။ လီဟန့်ကို ကူညီကာ အရာအားလုံးကို ဂရုစိုက်ပေးပြီးနောက် ထီးနန်းလွှဲအပ်အပြီးတွင် မီးအိမ်ကိုပိုက်ကာ တော်ဝင်ဂူသင်္ချိုင်းရှိရာသို့ ထွက်လာခဲ့သည်။

သူ့ဘေးတွင် လျှိုကျီရူတစ်ယောက်သာ လိုက်ပါလာ၏။

လီယင်းက သင်္ချိုင်းဂူကို စောင့်ကြပ်သည့် အစောင့်တို့ နေထိုင်ရာ အခန်းထဲသို့ ဝင်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် မိုးကောင်းကင်ကို ကြည့်နေလိုက်သည်။

ပြီးခဲ့သည့် လများအတွင်း ဆန်ပြုတ်နှင့် အရန်ဟင်းလျာအချို့မှအပ သူ ဆန္ဒမရှိသည့် အရာများကို နည်းနည်းမှပင် မစားခဲ့သည့်အတွက် အလွန်အမင်း ပိန်လှီကာ အသက်ရှင်ရသည်ကိုပင် ပင်ပန်းနေသူတစ်ဦးအဖြစ် ထင်မှတ်ရစေတော့သည်။

လျှိုကျီရူက သူ့ဘေးသို့ ရောက်လာကာ ကျောက်စိမ်းခွက်တစ်လုံးကို ဆက်သလိုက်သည်။ ဇရာထောင်းနေသည့် သူ့အသံတွင် နောင်တတို့ ရောစွက်နေ၏။

"အရှင် ရေနည်းနည်းလောက် သုံးဆောင်လိုက်ပါ ..."

လီယင်းက တစ်ငုံခန့်သောက်ကာ ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။

ထိုအတိုင်း ကြာမြင့်စွာ ထိုင်နေပြီး မှောင်ရိပ်သန်းလာသည်နှင့် တစ်ပြိုင်နက် လျှိုကျီရူ၏ အကူအညီဖြင့် ဈာပနဝတ်စုံကို လဲလှယ်ကာ သရဖူကို ဝတ်ဆင်လိုက်သည်။ လီယင်း ဝတ်ဆင်နေသည့် ဝတ်စုံကို တွေ့လိုက်ရသည့် တစ်ခဏ၌ ယွင်ချင်းစီသည် ခေါင်းတလားထဲ လဲလျောင်းနေသည့် သူ့ရုပ်သွင်ကို ပြန်လည်ကာ မြင်ယောင်လာတော့သည်။

ဖြူရော်နေသည့် လီယင်း၏ မျက်နှာတွင် အချစ်ဦးနှင့် ဆုံတွေ့ရမည့် ဆယ်ကျော်သက်လေးနှယ် ရင်ခုန်စိတ်လှုပ်ရှားကာ မျှော်လင့်စောင့်စားနေသည့် အရိပ်အယောင်တို့ကို ဝိုးတဝါး တွေ့လိုက်ရသည်။

သူ့အသက်အရွယ်မှာ မငယ်ရွယ်တော့သည့်တိုင် ခေါင်းတလားထဲတွင် သူ့ကို ၁၂ နှစ်ကြာ စောင့်ဆိုင်းနေသည့် ချစ်ရသူ ရှိနေပေသည်။

စန္ဒာလမင်းက လေးကိုင်းသဖွယ် ကွေးညွတ်ကာ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံသားတော်က မီးအိမ်အနီကို မြှောက်ကိုင်လျက် လျှောက်လာကာ လျှိုကျီရူကလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည်။ အိုမင်းနေသည့် မျက်ဝန်းတို့တွင် မျက်ရည်တို့ဖြင့် ပြည့်နှက်နေသည့်တိုင် လီယင်း တွေ့ရှိသွားမည်ကို စိုးရိမ်သည့်အတွက် မျက်လွှာချလျက် မျက်ခွံတို့ကို မကြာခဏ ဖိပွတ်နေလိုက်သည်။

ယွင်ချင်းစီကလည်း သူ့နောက်မှ လိုက်လာကာ သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်လျက် ပြောလိုက်သည်။

"ငါ့ဆီ လာတာလား အားယင်း တကယ်တော့ မင်း ... မင်းရောက်လာတာ ကောင်းလိုက်တာ ..."

သေတယ်ဆိုရင်တောင် မင်း အသက်ရှင်နေရတဲ့ ပုံစံကြီးထက်တော့ ပိုကောင်းတယ် မဟုတ်လား ...

သူက တွေးလိုက်သည်။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကောင်းကင်ဘုံသားတော်က မြေအောက်နန်းတော် တံခါးဝတွင် ရပ်လိုက်ရာ လျှိုကျီရူကလည်း ရပ်တန့်လျက် သူ့စကားတို့ကို နားစွင့်နေလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ .. ဒီမှာပဲ ခွဲခွါကြတာပေါ့ ..."

လျှိုကျီရူက ဒူးထောက်ချလိုက်သည်။

"အရှင်... အရှင် ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ပြန်စဉ်းစားပေးပါ ဧကရီသာ သိသွားခဲ့ရင် .. သူလည်း သူလည်း အရှင့်အတွက် စိတ်မကောင်းဖြစ်မိမှာပဲ ..."

"မီးအနီရောင် ပြောင်းသွားပြီး ၄၉ ရက်အတွင်းမှာပဲ သဘောတူညီချက်ကို အကောင်အထည် ဖော်ရမယ် မဟုတ်ရင် ကြိုးစားထားသမျှ အလဟဿ ဖြစ်သွားလိမ့်မယ် ..."

လျှိုကျီရူက လီယင်း မည်သည့်အရာကို သဘောတူထားကြောင်း ရေရေရာရာ မသိသည့်တိုင် လီယင်းသာ ဝင်သွားခဲ့ပါလျှင် နောက်တစ်ကြိမ် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ဟု ခံစားမိနေပေသည်။

လီယင်းကလည်း သူသာ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ပါလျှင် သူ ပြန်သွားခဲ့သည့် ကမ္ဘာကို ကယ်တင်ကာ အသက်ရှင်နေဆဲဖြစ်သည့် ယွင်ချင်းစီကိုပါ ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော် လျှိုကျီရူအဖို့ ထို ‌အခြားကမ္ဘာဆိုသည်မှာ စိတ်ကူးယဉ်တစ်ခုမျှထက် မပို။ ဒီကမ္ဘာတွင် ကောင်းကင်ဘုံသားတော် ကောင်းစွာ အသက်ရှင်နိုင်ရန် နှစ်သိမ့်ခြင်းမျှသာ ဖြစ်သည်ဟု ခံယူထားပေသည်။ ထိုကမ္ဘာမှာ မည်သည့်နေရာတွင် တည်ရှိနေကြောင်း မည်သူမှလည်း မသိ။ လီယင်းကလည်း အဂ္ဂိရက်ဆရာ၏ စကားများကိုသာ မှတ်မိနေတော့သည်။

"ယုံကြည်ရင် ရှိတယ် မယုံရင် မရှိဘူး"

သူက နောက်ထပ်လီယင်းတစ်ယောက် အတိတ်တွင် ပြန်လည်မွေးဖွားကာ အသက်ရှင်နိုင်ရန် အလို့ငှာ ဧကရီကို ထားရှိခဲ့သည့် မြေအောက်နန်းတော်ထဲသို့ ဝင်လာရတော့မည်။

ယနေ့ညတွင် သူ သေဆုံးလေမည်လား ဆိုသည်ကို မည်သူမှ မသိ။ အသက် ၁၃ နှစ် အရွယ်ကတည်းက ထီးနန်းဆက်ခံခဲ့သည့် ကောင်းကင်ဘုံသားတော်သည် ဤကမ္ဘာမှ အပြီးတိုင် ထွက်ခွါသွားတော့မည် ဆိုသည်ကိုလည်း မည်သူမှ မသိကြပေ။

လျှိုကျီရူက ခေါင်းကို ယမ်းပြလိုက်သည်။

"အရှင် ‌ကျေးဇူးပြုပြီး နောက်တစ်ကြိမ် စဉ်းစားပေးတော်မူပါ ..."

"ဆရာ .. ဂရုစိုက်ပါ ..."

ဝတ်ရုံအနားစတို့ ဘယ်ညာယမ်းလျက် နဂါးဖိနပ်တစ်စုံက ရှေ့သို့ တန်းတန်းမတ်မတ် ဆက်လျှောက်သွားကာ ဦးခေါင်းထက်ရှိ သရဖူကိုသာလျှင် တစွန်းတစ တွေ့မြင်နေရတော့သည်။

မြေအောက်နန်းတော်အတွင်း ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျောက်သားတံခါးများက တစ်ဖြည်းဖြည်း ပိတ်သွားတော့သည်။

ယွင်ချင်းစီက လှည့်ကြည့်လိုက်သည့်အခါ ကြမ်းပေါ် ဝပ်တွားလျက် အရိုအသေပေးနေသော လျှိုကျီရူကို တွေ့လိုက်ရသည်။

လျှိုကျီရူတစ်ဉီးတည်းကသာလျှင် သူ့ကို လိုက်ပါပို့ဆောင်ပေးခြင်းဖြစ်၏။

ယွင်ချင်းစီက လီယင်းရှိရာ မြေအောက်နန်းတော်၏ ဗဟိုသို့ အမြန် လိုက်သွားလိုက်၏။ သန့်စင်သော သဲတို့ဖြင့် ပြည့်နှက်နေသည့် ဝန်းဝိုင်းသော စာလုံးရှစ်လုံးပါ အခင်းအကျင်းပေါ်တွင် ပုံဆောင်ခဲသဖွယ် ကြည်လင်သည့် အရောင်အသွေးရှိသော မြွေများက တစ်ကောင်ပြီးတစ်ကောင် ပါးပျဉ်းထောင်လျက် ထွက်ပေါ်လာတော့သည်။

ရုပ်အလောင်း ထားရှိရာ စင်မြင့်၏ အောက်ခြေရှိ တစ်နှစ်ပတ်လုံး လီယင်း အစာကျွေးလာသည့် မြွေမများကလည်း လှပစွာ ပါးပျဉ်းထောင်လျက် ထွက်ပေါ်လာကြသည်။

ယွင်ချင်းစီက ပြုံးကာ ပြောလိုက်သည်။

"မင်းလာတဲ့ အချိန်တိုင်း မသိချင်ယောင်ဆောင်နေတဲ့ အကောင်တွေက အခုတော့ မင်းကို ကြိုဆိုနေကြ ..."

သူ့အပြုံးတို့ ရုတ်ချည်း ပျောက်ကွယ်သွားတော့၏။

လီယင်း သဲထဲသို့ ဆက်လျှောက်လာသည်နှင့် တစ်ပြိုင်နက် ထိုမြွေများက ဘယ်ညာယိမ်းထိုးကာ နဂါးဖိနပ်မှတစ်ဆင့် သူ့ကိုယ်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် အလုအယက် တက်လာကြသည်။

ယွင်ချင်းစီ၏ မျက်တောင်တို့ မသိမသာ တုန်ရီသွားတော့သည်။

ထိုအရာတို့ တစ်ကိုယ်လုံး တွယ်တက်ထားလျက်နှင့်ပင် သူ့ရုပ်အလောင်း ရှိရာဆီသို့ မျက်နှာတစ်ချက် မပျက်ဘဲ လျှောက်လာသည့် လီယင်းကို တွေ့လိုက်ရသည်။ လက်ကို ဆန့်ထုတ်ကာ အလောင်းရှေ့ရှိ မြောင်းထဲသို့ မီးအိမ်ကို တည်ငြိမ်စွာဖြင့် တင်လိုက်သည်။

အသွေးအသားတို့ကို တစ်စစီ ကိုက်ဝါးနေသည့် အသံတို့က သူ့နားစည်အထိ ရိုက်ခတ်လာ၏။

ယွင်ချင်းစီမှာ ကျောက်ရုပ်သဖွယ် ရပ်တန့်နေမိတော့သည်။

တစ်ခဏမျှ ကြောင်အသွားတော့၏။

တစ်ခဏမျှသာ ..

အသက်ရှူချိန် အနည်းငယ်မျှ တစ်ဒါဇင်မျှသာ ကြာမြင့်ခဲ့သည်။

သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များကို ငေးကြည့်နေရာမှ အသိပြန်ဝင်လာချိန်တွင် လီယင်း၏ ခေါင်းပေါ်ရှိ သရဖူမှာ မြေပေါ်သို့ ပြုတ်ကျနှင့်နေပြီဖြစ်သည်။

မြေကြီးပေါ်သို့ ချွမ်ခနဲ ပြုတ်ကျသွား၏။

ယွင်ချင်းစီက သဲထဲသို့ အပြေးသွားကာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဧကရာဇ် မြေပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်ကို ကြည့်နေလိုက်ရသည်။

ကြီးမားလှသည့် နဂါးဝတ်ရုံ၏ အောက်ရှိ အသွေးအသားတို့ ပျောက်ကွယ်ကာ အရိုးစုအဖြစ်သို့ တစ်မဟုတ်ချင်း‌ ပြောင်းလဲသွားတော့သည်။

အရောင်အဆင်း ကင်းမဲ့သည့် မြွေများက သူ့အသွေးအသားကို စားသောက်ပြီးသည်နှင့် တစ်ပြိုင်နက် တစ်ကောင်ပြီးတစ်ကောင် အနီရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ယွင်ချင်းစီက သဲထဲတွင် ဒူးထောက်ကာ ထိုင်လိုက်၏။ ထိုမြွေနီများမှာ ကြောက်မက်ဖွယ် တစ်ခုခုနှင့် တွေ့လိုက်ရသည့်နှယ် အလန့်တကြား ပျောက်ကွယ်သွားကြတော့သည်။

သူက လက်ကို ဆန့်ထုတ်ကာ လီယင်း၏ ခန္ဓာကိုယ်ကို ဖမ်းယူထားလိုက်သည်။

အသွေးအသားတို့ ပျောက်ဆုံးကာ အရိုးစုအသွင်သာ ရှိတော့သည့် သူ့ခန္ဓာကိုယ်မှာ လွန်စွာ ပေါ့ပါးနေ၏။

ယွင်ချင်းစီက အရိုးစုကို ဂရုတစိုက် ကိုင်ထားလိုက်သည်။ သူ ငေးကြောင်နေမိသည့် တစ်ခဏ၌ပင် ထိုမြွေများက လျင်မြန်စွာ ကိုက်စားသွားကြကာ စိုစွတ်နေသည့် အရိုးတို့မှအပ အသားတစ်မျှင်ပင် မကျန်ရှိတော့ချေ။

သူ့ရှေ့တွင် ရှိနေသည့် အရိုးစုကို ငုံ့ကြည့်လိုက်သည်။ အခေါင်းပေါက်ဖြစ်နေသည့် မျက်ဝန်းတို့မှတစ်ဆင့် သူ့ရင်ခွင်ထဲ ရှိနေသူ၏ ခေါင်းကို မြင်နေရသည်။

"လီယင်း ..."

သူက ထပ်ပြောလိုက်သည်။

"ငါ ငါပဲ စိတ်ကယောက်ချောက်ခြား ဖြစ်နေတာလား ..."

မျက်လုံးတို့ကို တင်းတင်းကြပ်ကြပ် မှိတ်ထားလျက် နွေးထွေးနေဆဲဖြစ်သည့် အရိုးစုပေါ်သို့ မေးတင်ထားလိုက်သည်။

မျက်လုံး ပြန်ဖွင့်လိုက်သည့်အခါ သူ့အမူအယာတို့မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပြောင်းလဲသွားတော့သည်။ ငိုသည်ထက်ပင် ပိုရုပ်ဆိုးသည့် အပြုံးတစ်ပွင့်သို့ ပြောင်းလဲသွား၏။

"ငါ .. ငါ မင်းကို တွေ့နိုင် ..."

"ငါ မင်းကို တွေ့နိုင်တယ်လေ အားယင်းရဲ့ ကြည့်ပါဦး ..."

"လီယင်း လီယင်း? လီယင်း ..."

"မင်းကို တွေ့နိုင်တယ်လို့ ..  အားးးးး ..."

တစ်ဖက်သူကို ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ထားရင်း စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးလိုက်၏။

နန်းတော်အပြင်ဘက်ရှိ လျှိုကျီရူက အသံကြားလိုက်ရသည့်အခါ အထဲသို့ ပြေးဝင်သွားမည်ပြုစဉ် တစ်ယောက်ယောက်က သူ့ကို လှမ်းဆွဲထားလိုက်၏။

အဂ္ဂိရက်ဆရာက သူ့ကို တိတ်တိတ်လေးနေရန် အချက်ပြလိုက်သည်။

လျှိုကျီရူကို ဆွဲခေါ်သွားလိုက်၏။

မြေအောက်နန်းဆောင်ထဲတွင် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင်တော့ ယွင်ချင်းစီက ရင်ခွင်ထဲရှိ အရိုးစုထံမှ အကြည့်တို့ကို ဖယ်ခွါကာ သဲထဲတွင် မလှုပ်မယှက် ပုန်းအောင်းနေသော မြွေများထံ ကျရောက်သွားတော့သည်။

မျက်ရည်စက်များက နှာခေါင်းထိပ်ဖျားမှတစ်ဆင့် လီယင်း၏ အရိုးစုပေါ် ကျဆင်းသွားသည်။ သူက လီယင်းကို အသာမကာ သူ့ရုပ်အလောင်း လဲလျောင်းနေသည့် ခေါင်းတလားထဲသို့ ထည့်ပေးလိုက်၏။

ထို့နောက် သရဖူပေါ်မှ သဲမှုန်တို့ကို ခါပေးကာ လီယင်း၏ ခေါင်းပေါ်သို့ တင်လိုက်သည်။

သူ့လက်အရိုးများကို ဂရုတစိုက် မ၍ ရင်ဘက်ပေါ်သို့ တင်ပေးထားလိုက်၏။

ထို့နောက် အခေါင်းထဲမှ ထွက်ကာ သဲထဲဆင်း၍ ကျောက်သားမီးအိမ်တစ်ခုကို ဆွဲမလိုက်သည်။

"လီယင်းက သေသွားပြီ .. မင်းတို့တွေလည်း ငရဲကို သွားလိုက်ကြတော့ ..."

ဖရိုဖရဲဖြစ်နေသော ဆံပင်၊ နောင်တတရားတို့ လျှံထွက်နေသည့် မျက်ဝန်းနှင့်အတူ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်မှာ နတ်ဆိုးတစ်ကောင်နှယ်ပင်။ သဲပြင်တစ်ခုလုံးကိူ မွှေနောက်ကာ ပုန်းအောင်းနေသည့် မြွေများအား အပိုင်းပိုင်းဖြစ်အောင် ထုရိုက်လိုက်သည်။

ထိုမြွေများကလည်း သူ့ကို လွန်စွာ ကြောက်ရွံ့သည့်နှယ် နေရာအနှံ့သို့ အလန့်တကြား ပြေးလွှားကုန်ကြစ။ ကျောက်သားမီးအိမ်ကို ကိုင်ဆောင်ထားသည့် ယွင်ချင်းစီက သူတို့ကို အရူးတစ်ယောက်နှယ် လိုက်လံ ထုရိုက်သတ်ဖြတ်နေတော့သည်။

နန်းတော်တစ်ခုလုံး သွေးစက်များဖြင့် စွန်းထင်းသွားတော့သည်။

ယွင်ချင်းစီက လွန်စွာ ဇွဲကောင်းလှသည်။‌ ကျောက်ခေါင်းတလားထဲတွင် နာရီပေါင်းများစွာ လဲလျောင်းရင်း ထိုမြွေတို့ ထွက်လာမည့်အချိန်ကို မလှုပ်မယှက် စောင့်ဆိုင်းနေလိုက်၏။

ခေါင်းပြူလာသည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်းအပြီး ဇီဝိန်ချုပ်ပေးလိုက်သည်။

ထိုအရာတို့နှင့် မည်မျှကြာသည်အထိ တိုက်ခိုက်နေခဲ့သည်မသိ၊ တစ်ကောင်တစ်မြီးမှ မတွေ့ရကာမှသာ ကျောက်ခေါင်းတလား ရှိရာဆီသို့ တစ်ဖြည်းဖြည်း လျှောက်လှမ်းလာလိုက်တော့သည်။

သူ့တစ်ကိုယ်လုံး လီယင်းထံမှလား ထိုမြွေတို့ထံမှလား မသဲကွဲသည့် သွေးတို့ဖြင့် စိုရွှဲနေ၏။


ခေါင်းတလားထဲ ဝင်ကာ အရိုးစုဖြစ်နေသော လီယင်းကို တစ်လှည့် အကောင်းပကတိအတိုင်း ရှိနေသည့် သူ့အလောင်းကိုတစ်လှည့် ကြည့်လိုက်သည်။

မြောင်းထဲတွင် လီယင်း ထားခဲ့သည့် မီးအိမ်ကို မ,ယူကာ ခေါင်းတလားနံရံကို ပစ်ပေါက်လိုက်သည်။

အနီရောင်မီးစာက ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသူအပေါ်သို့ ပြုတ်ကျကာ ချက်ခြင်း လောင်မြိုက်သွားတော့သည်။

ထို့နောက် ခေါင်းတလား အဖုံးပေါ်ရှိ ယန္တရားကို ဆွဲလိုက်သည့်အခါ မြည်သံကျယ်တစ်ခုနှင့်အတူ တစ်ဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။

ယွင်ချင်းစီက ကျောက်သားစင်မြင့်ပေါ်သို့ တက်လိုက်သည်။ သွေးစွန်းနေသည့် အဝတ်အစားတို့ လွင့်ပျံကာ သူ့ပုံရိပ်မှာလည်း ခေါင်းတလားထဲသို့ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။

မီးတောက်က ခေါင်းတလားထဲတွင် ပြင်းထန်စွာ လောင်မြှိုက်နေဆဲပင်။

ခေါင်းတလားအဖုံး ရွေ့လျားနေသည့်အသံ ပျောက်ကွယ်ကာ တင်းတင်းကြပ်ကြပ် ပိတ်လိုက်သည်။

"အခုကနေစပြီး မင်း ဘယ်သွားသွား ငါ မင်းနောက်ကနေ လိုက်ခဲ့မယ် ..."